Friday, May 19, 2023

မွေးစားသမီး ( ၁၁ )


 အားလုံး မေမေကြီး ကို ကြည့် လိုက်ကြတော့ မေမေကြီး မျက်နှာ က အေးအေးချမ်းချမ်း ပင် ရှိသည် ။ သူ့ ကို ခါး ထောက်ပြီး ပြော နေသော ဒေါ်ဇင်မာဝင်း ကို ငြိမ်းချမ်းစွာပင် ကြည့်ရင်း ပြောသည် ။


“ ဟုတ်ပါတယ် ၊ ကျွန်မ အဲဒီ စိန်နားကပ် ကို သူတို့ ဆိုဈေး သိန်း၂၀ နဲ့ ပဲ ဝယ်ခဲ့တာပါ ၊ ကျွန်မ ရဲ့သူငယ်ချင်း ဟို မှာ ထိုင် နေတဲ့ စိန်ပွဲစား ဒေါ်မြကြည် က သင့်တော်တယ် ဆိုလို့ ပွဲစား အဖြစ် အဲဒီတုန်း က တာဝန် ယူခဲ့တဲ့ ကျွန်မ သမီး မူယာမောင် ရဲ့သူငယ်ချင်း ငြိမ်းငြိမ်းပို ဆီ က ဝယ်ခဲ့ပါတယ် ။ အဲဒီတုန်း က သူတို့ မပါပါဘူး ”


မေမေကြီး က စကား ကို အေးချမ်းစွာပင် ဆိုသည် ။


“ ကျွန်မတို့ ရောင်းတယ် ဆိုတာ ကို ပိုပို က မပြောဘူးလား ”


“ ပြောပါတယ် .. ကေသီတာ ရဲ့ ချစ်သူ မိုးယံ မမ ရဲ့ ပစ္စည်း ဖြစ်ကြောင်း ပြောပါတယ် ”


မေမေကြီး စကား ဆုံးတော့ ဒေါ်ဇင်မာဝင်း က ဟက်ဟက်ပက်ပက် ရယ်သည် ။ပရိတ်သတ် က ဒေါ်ဇင်မာဝင်း ကို ကြောင်၍ ငေးကြည့် နေကြ၏ ။ မိုးယံစိုး မှာ ငွေကြေး အရ ရော ၊ လူမူရေး အရ ပါ တစ်သက်လုံး မှီခို အားထား ခဲ့ ရသော အစ်မ တစ်ယောက် ဖြစ်နေသည့် အတွက် ရုတ်တရက် ဘာမှ ဝင် မပြောသာ ။ ကြောင်ပြီး ငေးကြည့် နေ မိသည် ။


ကေသီတာ လည်း ထိုနည်းတူ ဖြစ်သည် ။ ဒေါ်ဇင်မာဝင်း သည် အားရပါးရ ရယ်ခြင်း ကို ရပ်ပြီး မာန သံ ဖြင့် ..


“ ဒါဆိုရင် .. ဒေါ်ထက်မေအောင် က သိသိကြီး နဲ့ ကျွန်မတို့ ကို တမင်တကာ ချိုး တာပေါ့ ၊ နှိမ် တာပေါ့ .. ဟုတ်လား ”


“ မမကြီး ၊ မမကြီး .. အဲဒါတွေ .. မဟုတ်ဘူးလို့ ပြောလိုက်လေ  ”


ရီလေး က ဝင်ပြီး ကြုံး အော်သည် ။ ကေသီတာ က ဘာ လုပ်ရမှန်း မသိ ။ မေမေကြီး ကို လှမ်း ကြည့်တော့ မေမေကြီး က ကေသီတာ ကို လက် လှမ်း ပြ ကာ ပြီး ဒေါ်ဇင်မာဝင်း ကို ကြည့်သည် ။ မေမေကြီး မျက်နှာ တွင် အပြုံး မရှိတော့ ။ တည်ငြိမ်ခန့်ငြားခြင်း သာ ရှိတော့သည် ။ ဒီတော့ ရီလေး လည်း ငြိမ် နေ လိုက်ရ၏ ။


“ ဟောဒီက ခင်ရီလွင် ဟာ အိမ်ဖော် တစ်ယောက် ဆိုတာတော့ ဟုတ်ပါတယ် ၊ သူ ဆယ့်တစ်နှစ် သမီးအရွယ် ကတည်း က ကျွန်မ အိမ်ကို ရောက် လာပြီး ဆယ့်နှစ်နှစ် သမီး အရွယ် မှာ သူ့ ရဲ့ တစ်ဦးတည်း သော အားကိုးရာ သူ့ မိခင် ဆုံးပါး သွားတယ် ။ ဆယ့်လေးနှစ် သမီး အရွယ် ထိ ကျွန်မ အိမ် မှာ အလုပ်တွေ ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ် ၊ လေးလေးစားစား လုပ်ခဲ့တယ် ၊ သံယောဇဉ် နဲ့ နေခဲ့တယ် ၊ အဲဒါ့ကြောင့် ကျန်မ က သူ့ ကို ချစ်ခင်ပြီး အဲဒီ အရွယ် မှာ ပဲ ခု ပရိသတ် ထဲ မှာ ရှိ နေတဲ့ ရှေ့နေကြီး ဦးဝေမင်းသန့် နဲ့ တိုင်ပင်ပြီးတော့ အမွေစား အမွေခံ အဖြစ် နဲ့ မွေးစားခဲ့တာပါ ၊ ခင်ရီလွင် ဟာ ကျွန်မ ရဲ့ သမီး တစ်ယောက် ပါ ပဲ  ”


ဒေါ်ဇင်မာဝင်း က ခေါင်း ကို ခါရမ်းပြီး ဒေါ်ဆွေဆွေဦး က ဒေါသသံ ဖြင့် ဆိုသည် ။


“ မွေးစား လည်း အိမ်ဖော် က အိမ်ဖော် ပါ ပဲ ၊ ပြီးတော့ သူ့ ကို အများ က လည်း ဒီ အိမ် ရဲ့ အိမ်ဖော် လို့ ပဲ ထင်ကြတယ် ၊ အခုလို လုပ် လိုက်တာ သိပ် ပညာသား တဲ့ နှိမ် နည်းပါ ၊ ကျွန်မတို့ က လည်း ကျွန်မတို့ ဂုဏ်သိက္ခာ နဲ့ မာန နဲ့ ပါ ၊ အဆင်မချောတာလေး တစ်ခုကြောင့် နားကပ် တစ်ရံ ရောင်း တာ ဟာ ကျွန်မ တို့ စီးပွားရေး ချွတ်ချုံကျ နေတာ မဟုတ်ပါဘူး ၊ နင် တို့ ပစ္စည်း လောက်တော့ ငါတို့ က အိမ်ဖော်ပဲ ပေး ဝတ်တယ် ဆိုတာမျိုး အသံတိတ် နှိမ် တာ ကတော့ ကျွန်မ တို့ မခံနိုင်ဘူး ၊ ကျွန်မ တို့ ကို သိန်း၂၀ ဖိုး နှိမ်လိုက်တာပေါ့လေ ၊ ဒါ လူကြီး လူကောင်း လား  ”


“ မဆွေ .. မဆွေ ရဲ့ စကားတွေ သိပ် ကို လွန်နေပြီနော် ၊ မေမေကြီး ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ ၊ အဲဒီ ကိစ္စတွေ ကို ကျွန်တော် သိလည်း မသိခဲ့ပါဘူး ၊ အခုလို သိ လိုက်ရလို့လည်း ကျွန်တော့် စိတ် ထဲ မှာ ဘယ်လို မှ ကို မနေပါဘူး ၊ မဇင် နဲ့ မဆွေ တို့ ရယ် .. လူကြီးတွေ ရဲ့ မျက်နှာ နဲ့ ကျွန်တော့် မျက်နှာ ကို ထောက်ကြပါဦးဗျာ ၊ ဒါတွေက အရေး မကြီးတဲ့ ကိစ္စတွေ ပါ ”


မိုးယံ စကား ဆုံးသည် နှင့် ရှေ့နေကြီး ဝေမင်းဆန်း က ကြားဝင် ရ တော့သည် ။


“ ဟုတ်ပါတယ် ဗျာ .. ကလေးတွေ အနေ ရ ခက် ကုန်ကြတာပေါ့ ၊ ဒီလို ကိစ္စမျိုး ဆိုတာ နှစ်ဖက် ဆွေရယ် မျိုးရယ် ဖြစ်လာကြပြီ ဆိုရင် အေးဆေးတဲ့ စိတ် နဲ့ ရှင်းလို့ ရတဲ့ ကိစ္စတွေပါ ၊ ကဲ ... ကျွန်တော်တို့ စေ့စပ်ပွဲကလေးကို ဆက်ရအောင်ပါ  ”


“ ဒါ စေ့စပ်ပွဲ မှ မဟုတ်ပဲ ၊ ကျွန်မတို့ ကို ခေါ်ပြီး အရှက် ကွဲအောင် ခွဲ တဲ့ ပွဲပဲ ”


“ မမဇင် ”


မိုးယံ က ကြုံး ၍ အော်သည် ။


“ ကျူပ် ကို ရူးအောင် မလုပ်ကြပါနှင့် ဗျာ ၊ ကြာရင် ကျူပ် ရှက်လို့ ရူး လိမ့်မယ် ”


“ အေး .. အရှက် က နင် တစ်ယောက် ထဲ ရှိတာ မဟုတ်ဘူး ၊ မိုးယံ ၊ ငါတို့ မှာ လည်း ရှိတယ် ၊ ငါတို့ ကရော မရှက်ရဘူးလား ၊ ဒါ တစ်သက်လုံး ရှက်နေရမယ့် အရှက်မျိုး ဟဲ့ .. မိုးယံ ရဲ့ ”


မောင်နှမ နှစ်ယောက် အော်ဟစ် နေကြ သည့် အချိန်တွင် ပွဲတက် ပရိသတ် လည်း ပွစိပွစိ ဖြင့် ပွက်လောရိုက် စ ပြုလာသည် ။ မေမေကြီး သည် အခြေအနေ အားလုံး ကို တစ်ချက် ကြည့် လိုက်ပြီး တစ်ခု ခုတော့ ပြတ်သားရတော့မည် ဆိုတာ ကို နားလည် လာသည် ။


“ ကဲ ... စေ့စပ်ပွဲ ကို လာကြတဲ့ ပရိတ်သတ် ကို ကျွန်မ တစ်ခု ပြောချင်ပါတယ် ၊ ယခု သတို့သားလောင်း ဘက် က စွပ်စွဲတဲ့ သူတို့ ကို နှိမ်တယ် ၊ အရှက်ခွဲတယ် ဆိုတာ မဟုတ်ခဲ့ရိုး မှန်သော်လည်း သူတို့ အနေနဲ့ ကတော့ သူတို့ဘက်က ဒီလို ခံစားရတယ် ဆိုရင် မွေးစားသမီး ပင် ဖြစ်ပေမယ့် လို့ သမီး တစ်ယောက် လို စိတ် ထားခဲ့ မိတဲ့ ကျွန်မ ရဲ့ အပြစ် ကြောင့် လို့ ဝန်ခံပြီး တောင်းပန်ပါတယ် ”


မေမေကြီး ၏ စကား ကြောင့် အောင် ၊ မောင် နှင့် ကေသီတာ တို့ အံ့သြ သွားကြသည် ။ စိတ် ကို ထိန်းထားသော မောင် သည် မေမေကြီး ထံ မှ ထို စကား ကို ကြားရသော အခါ စိတ်ကို  ထိန်း မရနိုင်တော့ပြီ ။ လတ်ဆတ်သော လူငယ် တစ်ယောက် ၏ ဒေါသ သည် နှုတ်ဖျား သို့ ရုတ်ချည်း ခုန်တက် လာ၏ ။


“ ဒီမှာ .. ကျွန်မ တို့ လက်ဝတ်လက်စား ဝတ်တဲ့ အခါ ဘယ်တော့မှ သူတစ်ပါး လာ ရောင်းတဲ့ ပစ္စည်း ကို ဝယ်မဝတ်ခဲ့ဖူးဘူး ၊ ဒါပေမယ့် အဲဒီ နေ့က ပိုပို က ရှင်းပြတော့ မိုးယံ နဲ့ ပတ်သက်နေတယ် ဆိုတာ တစ်ချက် ကို မေမေကြီး က စဉ်းစားပြီးတော့ မှ နောင် ဆွေမျိုး ဖြစ်လာမယ့် သူတွေ ဆို တဲ့ ဆုံးဖြတ်ချက် နဲ့ ဝယ်ခဲ့တာ ၊ အဲဒါကို မေမေကြီး က ဘာမှ တောင်းပန် နေစရာ မလိုဘူး ၊ ကိုယ် ဝယ်ပြီး တဲ့ ပစ္စည်း ပဲ သိမ်း ပဲ ထားထား ၊ လှူ ပဲလှူလှူ ၊ ပေးချင် တဲ့ သူပေး ၊ ခွေး ပဲ ဆွဲ ပေးပေး ရောင်းပြီးတဲ့ သူ နဲ့ ဘာမှ မပတ်သက်ဘူး ၊ မကျေနပ်ရင် လဲသာ သေလိုက်ကြပေတော့ ”


မောင့် စကား ဆုံးတော့ ဒေါ်ဇင်မာဝင်း နှင့် ဒေါ်ဆွေဆွေဦး တို့ ဝုန်းကနဲ ထ ရပ်သည် ။ မောင့် တပ်လှန့်သံ သည် စိန်ခေါ်သံ ဖြစ်သွားလေပြီ ၊ မောင်တို့ က လည်း ထ ရပ်လိုက်ကြသည် ။ မိုးယံ က သူ့ အစ်မတွေ ကို ဆွဲသည် ။ ကေသီတာ က အောင် နှင့် မောင် ကို ဆွဲသည် ။ company က ဝန်ထမ်းတွေ နှင့် ဧည့်ပရိတ်သတ်များ မှာ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်ကြသည် ။


“ မဇင် တော်ကြပါတော့ ဗျာ ၊ ဘာလဲ .. မဇင် တို့ က ကျွန်တော့် ပွဲ ကို ဖျက်နေကြတာလား .. ဖျက်ကြ မလို့လား  ”


“ မိုးယံ နင် ဝင် မရှုပ်နှင့် ၊ နင့် ဟာတွေ က ငါတို့ ကို ပြော နေတာ ကြားရဲ့လား ”


“ မဆွေတို့ က လည်း ပြော နေတာပဲ မဟုတ်လား ”


ကေသီတာ က လည်း အောင် နှင့် မောင် ကို ဆွဲရင်း တောင်းပန်သည် ။


“ အောင် နဲ့ မောင် ရယ် သည်းခံလိုက်ပါ ၊ ဒီကိစ္စတွေက  အရေး မကြီးပါဘူး ၊ မကေ ကို သနား ရင် သည်းခံပေးကြပါနော် ၊ မကေ တောင်းပန်ပါတယ် ”


“ မမကြီး ကို သနား လို့ တစ်လျှောက်လုံး သည်းခံ နေခဲ့တာပေါ့ မမကြီး ရဲ့ ၊ ဒီလောက် စော်ကား လာတာ ကို တော့ မောင် မခံနိုင်တော့ဘူး ၊ ဘယ့်နှယ် ကိုယ် က လည်း ကူညီရသေးတယ် ”


“ အောင် တို့ ငြိမ်ခံ နေရင် ဧည့်သည်တွေ ရှေ့ မှာ သူတို့ ပို ကဲ လာတော့မှာ  ”


ဟိုဘက် ဒီဘက် စကားတွေ ဆုံပြီး စေ့စပ်ပွဲသည် ရန်ပွဲ အသွင်သို့ ရောက်မှန်း မသိ ရောက်လာကြသည် ။ ဒေါ်ထက်မေအောင် က တော့ ဘာမျှ ကို မပြောတော့ ၊ ဒေါ်ဇင်မာဝင်း အသံ က လည်း စာ ၊ ဒေါ်ဆွေဆွေဦး အသံက လည်း စူးနေသည် ။ ပရိတ်သတ် ကလည်း နီးရာ လူ ကို ဖြန်ဖြေကြသည် ။ မရ ။ ထိုအချိန် တွင် အော်သံနက်ကြီး တစ်ခု ထွက် လာသည် ။


“ ကျွန်တော့် ကို စကား ခဏ ပြောခွင့် ပေးပါဗျာ ၊ ကျွန်တော့် ကို ခဏလေး စကား ပြောခွင့် မပေးကြတော့ဘူးလာ ဗျာ ”


မိုးယံ ၏ အော်သံကြီး ကြောင့် ပရိတ်သတ် က ခဏ ငြိမ်ကျ သွားသည် ။


“ အခု ပြောတဲ့ ကိစ္စ ကို ကျွန်တော် မသိရတာ အမှန်ပါ ၊ ကြိုပြီး သိထားခဲ့ရင် လည်း အဲဒီ ကိစ္စက ကျွန်တော် နဲ့ မကေ အတွက် ဘာမှ မထူးခြားတဲ့ ကိစ္စပါ ၊ ထိခိုက်မှု လို့ လည်း ကျွန်တော် မခံစားရပါဘူး ၊ ကျွန်တော်တို့ နှစ်ယောက် ရဲ့ စေ့စပ်ပွဲ ကို စာနာနားလည် ပေးသော အားဖြင့် ဒီ ကိစ္စတွေ ကို ပြီးတော့မှ ပဲ ပြောကြပါလို့ ကျွန်တော် အနူးအညွှတ် တောင်းပန်ပါတယ် ဗျာ .. ”


စကား ပြောရင်း ငိုသံကြီး ပါ လာသော မိုးယံစိုး ၏ အသံ ကြောင့် လူတွေ တော်တော်များများ နားလည်သွားကြသည် ။ ခဏ လည်း ငြိမ်သွား ကြသည် ။ ဒီတော့မှ မေမေကြီး က ဆိုသည် ..


“ မောင်မိုးယံ နဲ့ သမီးကြီး ကို ကျွန်မ နားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မ နောက်ဆုံး စကား ကို ပြော မှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်ပြီး အခု ရှုပ်မှ နောင်ရှင်း ဆိုတဲ့ စကားအတိုင်း ရှေ့နေကြီး လည်း ရှိ တုန်း တစ်ခါတည်း ပြောပါရစေ ”


လူတွေ က ဒေါ်ထက်မေအောင် ရှိရာ ဘက် သို့ တစ်ခါ ပြန် လှည့်ကြည့်ကြ ပြန်သည် ။


“ အခု စေ့စပ်မယ့် ကျွန်မ က သမီးကြီး လို့ ခေါ်တဲ့ ( ထိုအချိန်တွင် ဒေါ်ထက်မေအောင် နှင့် ကေသီတာ တို့ မျက်ဝန်းချင်း ဆုံကြသည် ) ကေသီတာ ဟာ အများ သိ သလို ကျွန်မ ရဲ့ သမီး အရင်း မဟုတ်ပါဘူး ၊ သူ လည်းပဲ မွေးစားသမီး ဆိုတာ ပါ ပဲ ”


ပရိသတ် အားလုံး တိတ် သွားသည် ။ ကေသီတာ သည် မိုးယံ ကို ဆွဲကိုင် ထားသော လက် ကို လွှတ်ချ လိုက်ပြီး မျက်နှာ ကို တစ်ချက် အုပ် ၍ အားရပါးရ ရှိုက်ကာ ပခုံး နှင့် ရင် တို့ တစ်ဆတ်ဆတ် တုန် နေသည် ။ မိုးယံ က ကေသီတာ ၏ ပခုံး ကို ကိုင် လိုက်သည် ။ ပခုံး ကို ကိုင် ထားသော မိုးယံ ၏ လက်များ ပါ တုန် ၍ နေသည် ။


“ ကေ .. မကေ .. သူ .. ပြောတာ ဟုတ်သလား .. ဟုတ်လား .. ”


တစ်သိမ့်သိမ့် တုန် နေသော ပခုံး သည် ဖြည်းညွင်းစွာ ရပ်သွားသည် ။ ကေသည် မျက်နှာ ကို လက်ဖဝါး နှင့် အုပ်ထား တုန်း ပင် ဖြစ်သည် ။ ပြီးတော့မှ လက်များ ကို မျက်နှာ မှ ခွာ သည် ။ ကေ မျက်ရည်တွေ ကျ နေသည် ။ သို့သော် မငိုပါ ။


“ ဟုတ်ပါတယ် ၊ ကျွန်မ လည်း ရီလေး လို ပါပဲ ၊ မေမေကြီး ရဲ့ မွေးစား သမီး တစ်ယောက် ဆိုတာ အမှန်ပါပဲ .. ”


ကေသီတာ့ စကား ဆုံးသောအခါ အော်သံ ဟစ်သံတွေ ဆူညံ ၍ သွားသည် ။ ဘယ်သူတွေက ဘာတွေ ပြောလို့ ဘယ်သူတွေ က ဘာတွေ အော်နေသည် ဆိုတာကိုကေသီတာ မမှတ်မိတော့ ။ ကေသီတာ သည် ရပ် နေရာ မှ နေရာ မရွေ့ ..


မိုးယံစိုး ၏ အော်သံ ကို လည်း ကြားရသည် ။ သူ့ အစ်မတွေ နှင့် အောင် တို့ မောင် တို့ ၏ အော်သံတွေ ကို လည်း ကြား ရသည် ။ မေမေကြီး က ဘာ တစ်ခွန်းမျှ မပြောပဲ အိမ် ပေါ်သို့ တက်သွားသည် ကို လည်း မြင်သည် ။ အသံတွေ ကို ကြားသည် ။ သို့သော် ထို အသံတွေ က  ဘာ အသံတွေ မှန်း ကို မသိတော့ ။ ရက်စက်သော တိုက်ပွဲကြီး အလယ် မှာ ရောက်နေသည့် တပ်သားသစ်လေး တစ်ယောက် လို ကေသီတာ သည် ကြောင် ပြီး ရပ်နေသည် ။ ခြံ ထဲ က ကားတွေ မောင်းထွက် သွား သံများ ကို ကြား ရသည် ။ တိုးတိုးတိတ်တိတ် နှုတ်ဆက် ထွက်ခွာသွားသံများ ကို လည်း ကြား ရသည် ။


ကေသီတာ့ အမြင်တွေ အားလုံး ဝေဝါး နေသည် ။ အသံ တစ်ချို့ ကိုတော့ ဗလုံးဗထွေး နှင့် ကြားရ ပြန်သည် ။ သူ က မွေးစားသမီး တဲ့ ဆိုသော အသံ ကို ဖြစ်သည် ။


အရာ အားလုံး သည် ...


အားလုံး ပြီးဆုံးသွားပြီ ဖြစ်လေသည် ။


မေမေကြီး ကို စမ်းသပ် နေသော ဒေါက်တာ ဦးခင်ထွန်း မှာ ကေသီတာတို့ အိမ် ၏ family Doctor မိသားစု ဆရာဝန် တစ်ဦး ဖြစ်သည့်အတိုင်း မေမေကြီး ၏ ရောဂါ ဇစ်မြစ် နှင့် ဖြစ်ဖူးခဲ့သမျှ ရောဂါ အားလုံး ကို သိပြီး ဖြစ်သည့် အတွက် ကေသီတာ တို့ ညီအစ်မ တစ်တွေ ဘာမျှ ပြောနေစရာ မလိုပဲ လိုအပ်တာလေးတွေ ကို ဆောင်ရွက် ပေးဖို့သာ ရှိသည် ။


ဒေါက်တာ ဦးခင်ထွန်း က မေမေကြီး ကို ဆေးထိုး ပေးသည် ။ ပြီးတော့ သောက်ဆေး ကို ရီလေး ဆီ အသေအချာ ပေးသည် ။ ဆေး တိုက်ချိန် ကို သေသေချာချာ မှာသည် ။


“ ဒေါ်ထက်မေအောင် အရင် အိပ်နေကျ အချိန် ကျ မှ ညဆေး ကို သောက်ပါ ၊ ဒေါ်ထက်မေအောင် အိပ် မပျော်လို့ တွေးတဲ့ အတွေးတွေ အတွက် နှလုံး က ပိုပြီး အလုပ် လုပ်ရလို့ ပို အားနည်း နေတာပါ ၊ ဒီ ည တော့ အိပ်ပျော် မှာပါ ၊ ကျွန်တော် ဆေး လည်း ထိုးပေးခဲ့ ပါတယ် ၊ သူ အိပ် မပျော်ခင် ထိတော့ တစ်ယောက် ယောက် လောက် က သူ့ အနား မှာ နေပေး စေချင်ပါတယ် ”


“ စိတ်ချပါ ဒေါက်တာ ”


ဒေါက်တာ့ ကား ထွက်သွားပြီး နောက် သူတို့ အိမ်ကြီး သည် တိတ်ဆိတ် သွားပြန်သည် ။ သူတို့ ညီအစ်မတွေသည် တိုင်ပင် မထားပါပဲ စကား ကို လို မှ သာ ပြောဖြစ်ကြ တော့သည် ။ ပြောသည့် အခါတွင် လည်း စကားသံ သည် အလိုလို တိုး နေ တတ်သည် ။ ကေသီတာ သည် အိမ်ပေါ် ထပ် ပြတင်းခန်းဆီး အကွယ် မှ နေ ၍ အိမ်ရှေ့ သံတံခါးကို  ကြောက်မက်ဖွယ်ရာ ကောင်းသော နေရာ တစ်ခု လို ကြည့်နေ မိသည် ။ သူ ခြံ အပြင် မထွက်တာ ဘယ်နှစ်ရက် ရှိပြီလဲ ။


“ မမကြီး ကို မေမေကြီး က ခဏ တဲ့ ”


ရီလေး က ခပ်တိုးတိုး လာ ပြောသဖြင့် ကေသီတာ လိုက်လာ ခဲ့သည် ။ မေမေကြီး က သူ့ ခေါင်းရင်း နား မှာ ကပ် ထိုင်ဖို့ လက်ဟန် ဖြင့် ပြသည် ။ ကေ ဝင် ထိုင်လိုက်တော့ မေမေကြီး က ကေ့ လက်ကလေးတွေ ကို ဆွဲယူ ၍ သူ့ လက်များ ဖြင့် အုပ်မိုး ၍ ထားသည် ။ ပြီးတော့ မေမေကြီး သည် မျက်ဝန်းများ ကို မှေးမှိတ် ပစ် လိုက်သည် ။ ရီလေး က မေမေကြီး ခြေဖဝါး ကို နှိပ် ပေး နေသည် ။


“ ငါ့ သမီးကြီး ဟာ မွေးစားသမီး ပါ လို့ မေမေကြီး ပြောခဲ့လိုက်တာ ကို သမီးကြီး စိတ်ဆိုး သလား ”


ကေသီတာ နှုတ်ဖျား က ဖွင့် မပြောပဲ ခေါင်း ကို သာ ခါရမ်း လိုက်သောကြောင့် ခေါင်းခါရမ်းခြင်း ကို မေမေကြီး မမြင်ရ သော် လည်း သူ အုပ်မိုး ထားသော လက်ကလေး နှစ်ဖက် ဘယ်ညာ ရမ်းသွား သဖြင့် မေမေကြီး က ပြုံးသည် ။


“ စေ့စပ်ပွဲ မှာ ဘာမှ မဟုတ်တဲ့ ကိစ္စကလေး ကို တောင်မှ သူတို့ ဒီလောက် အကဲဆတ် နေရင် ငါ့ သမီးကြီး က သူ့ မောင် နဲ့ အိမ်ထောင် ကျပြီး မှ မွေးစားသမီး မှန်း သိရင် ငါ့ သမီးလေး ကို ပြဿနာ ရှာ ကြတော့မယ် ၊ စိန်နားကပ်နေ့ ကတည်း က ပြော ပါလား ၊ မွေးစားသမီး ဆိုတာ ကို တမင် ချန်ထားပြီး ထိုးထည့်တယ် ဆိုတဲ့ သူတို့ ဘက် က ယူဆချက် နဲ့ ငါ့ သမီးကလေး စိတ်ချမ်းသာ ရ မှာ မဟုတ်ဘူး ၊ ဒါ့ကြောင့် သူတို့ ကြည်ဖြူရင် ယူစေ ဆိုပြီး သမီးလေး ရဲ့ အဖြစ်မှန်ကို ဉာဏ် နဲ့ ဆင်ခြင်ပြီး မှ မေမေကြီး ပြောခဲ့တာပါ  ”


“ သမီး ကျေနပ်ပါတယ် မေမေကြီး ၊ တစ်ကယ်လို့ မပြောရင် တောင်သမီး က ဖွင့်ပြောတော့မှာပါ ၊ မေမေကြီး ပြောတော့ သမီး အတွက် ပို ကောင်းသွားတာပေါ့ ”


ဒေါ်ထက်မေအောင် ချောင်းတော်တော်လေး ဆိုး ပြီးတော့ မော နေသည် ။ ရေပုလင်း ကို လက်ညိုး ထိုး သဖြင့် ကေသီတာ ရေ တိုက်ရသည် ။


“ ငါ့ သမီးကြီး မမေမေကြီး အပေါ် မကောင်း မမြင်ဘူး ဆိုတာကို ယုံပါတယ် ၊ ဒါပေမယ့် ငါ့ သမီးကြီး အတွက် မေမေကြီး စိတ်မကောင်း ဖြစ်မိတာလည်း တစ်ကယ် ပါ ပဲ  ”


“ မေမေကြီး .. မကေ ဆိုတဲ့ မေမေကြီး ရဲ့သမီး အကြီး ကို ချစ်ရင် .. မေမေကြီး အိပ်ရေး ဝအောင် အိပ်တော့နော် ၊ ညဘက် ဒီအကြောင်းတွေ ကို တွေး မနေနဲ့တော့ ၊ ဖြစ်ခဲ့တဲ့ ကိစ္စဟာ အကြောင်းရာ တစ်ခု ၊ လူတစ်ယောက်ကြောင့် ဖြစ်ခဲ့ရတာ မှ မဟုတ်ပဲ ၊အကြောင်းရာပေါင်း များစွာ ၊ လူပေါင်း များစွာ ၊ တိုက်ဆိုင်မူပေါင်း များစွာတွေ နဲ့ အချိန်ကိုက် ဖြစ်ခဲ့တာပါ ၊ သမီး ရဲ့ ကံကြမ္မာ က စီစဉ် ထားသလို အတိအကျ ရောက်လာ ခဲ့တာပါ ၊မေမေကြီး ရဲ့ မှန်သော စကား တစ်ခွန်းတည်းကြောင့် မဟုတ်ဘူး ဆိုတာ သမီး အမြဲတမ်း နားလည်ပါတယ် မေမေကြီး ၊ မေမေကြီး .. ယုံပါ ”


“ လိမ္မာလိုက်တဲ့ သမီးကြီး ရယ် ”


ဒေါ်ထက်မေအောင် က ပြုံးရင်း ဖွဖွ ကိုင်ထားသော ကေ့ လက်ကလေးများ ကို ဖိညှစ် ဆုပ်ကိုင်လိုက်သည် ။ ခြေရင်းဘက် တွင် သံပုရာသီး ဖြင့် မေမေကြီး ၏ ခြေဖဝါး ကို လှိမ့် ၍ ပေးနေသော ရီလေး က “ အိ ” ကနဲ ကြိတ် ၍ ငိုသံ ထွက်သံလာသည် ။ ရီလေး က လည်း ထို ကိစ္စ ကို သူ့ ကြောင့် ဟု ထင်ထား သူ ဖြစ်သည် ။


“ ရီလေး .. ဒီအကြောင်း ပြောရင် မငိုရဘူး လို့ မမကြီး ဘယ်နှစ်ခါ ပြောရမှာ လဲ  ”


ရီလေး ဘာမှ ပြန်မပြောပဲ မျက်ရည် ကို သုတ်သည် ။


“ ကဲ .. သမီးတို့ သွားကြတော့ ၊ မေမေကြီး ခဏ မှေးလိုက်ဦးမယ် ၊ အိပ်ပျော် တော့ လည်း အိပ်တာပေါ့ ၊ မေမေကြီး ရင်ထဲမှာ ရှင်းပြီး အေးသွားပါပြီကွယ် ”


“ ဆရာဝန် က မေမေကြီး အနား မှာ နေပေးရမယ် တဲ့ ”


“ မေမေကြီး ကို စိတ်ချပါ ၊ တစ်ယောက်တ ည်း စိတ်လွတ်ကိုယ်လွတ် နားချင်လို့ပါ ”


ဒါနှင့်ပင် ကေ နဲ့ ရီလေးတို့ မေမေကြီး အခန်း နံဘေးက ဝရံတာ သို့ ထွက်လာခဲ့သည် ။


“ သူ့ အစ်မတွေ က ကိုမိုးယံ ကို အတင်း ဆွဲခေါ်သွားတော့ မေမေကြီး က လှမ်းပြီး ပြောပါသေးတယ် ၊ မိုးယံစိုး .. သား တဲ့ ၊ မင်း မေမေကြီး ကို နားလည်ရင် တစ်ယောက် တည်း လာခဲ့ပါတဲ့ ၊ မေမေကြီး တို့ မျှော်နေမယ် တဲ့ ၊ အဲဒီလို ပြော လိုက်တာ မမကြီးရဲ့ ၊ ကိုမိုးယံစိုး ရောက်ချင် ရောက်လာ မှာ ပါ  ”


ရီလေး စကားကြောင့် ကေ မျက်လွှာ ကို ချပြီး ခေါင်း ကို ရမ်းသည် ။ ပြီးတော့ တည်ငြိမ်သော အသံဖြင့် ငြင်သာစွာ ပင် ပြောသည် ။


“ သူ မလာတော့ပါဘူး ရီလေး ၊ သူ .. သူ့ အစ်မတွေ ရဲ့ စကားကို နားထောင် သွားပါပြီ ၊ သူ့ အစ်မတွေ က မကေ ဆီ ကို သူ ပြန် မလာနိုင်တော့အောင် သူတို့ အိမ် ကို ရောင်းပြီး သူ့ ကို နိုင်ငံခြား ပို့ လိုက်ပြီ ၊ သူ ဟာ သူ့ အတွက် ပေးဆပ်ခဲ့တဲ့ သူ့ မိသားစု ကို ပြန်လည် ကူညီနိုင်တဲ့ ယောက်ျားကောင်း တစ်ယောက် ဖြစ်ပါစေလို့ပဲ မကေ ဆုတောင်းရတော့မှာ ပေါ့ ၊ အဲဒါ ပိုပို ဆီ က နောက်ဆုံး ရခဲ့တဲ့ သတင်းပဲ ”


ကေသီတာ့ စကား ဆုံးတော့ ရီလေး တိတ်သွားသည် ။ ဘာမျှ မပြောတော့ ။


ကေသီတာ ပန်းခြံကလေး ထဲ မှာ တိတ်တဆိတ် ပွင့်နေသာ ပန်းကလေးတွေ ကို ငေးကြည့်ရင်း ငယ်စဉ်တုန်း က အဖေ ဖြစ်သူ ကျော ပေါ် မှာ ထိုင်ရင်း ဘုရားပွဲ သွား ခဲ့ရတာ ကို အဆက်စပ် မရှိ သွား သတိ ရသည် ။ အဖေ့ ပုံရိပ်ကို ဖမ်းကြည့်တော့ ဝိုးတဝါး မျှ သာ .. ။ မထင်ရှားတော့ ။ ကေသီတာ သည် သူ့ နှုတ်ခမ်း ကို သူ ကိုက် လိုက်သည် ။


သူ သည် ငယ် ကံ မကောင်းခဲ့သဖြင့် မိရင်း ၊ ဖရင်း ဖြင့် မနေခဲ့ရပါ ။ ဒေါ်ထက်မေအောင် နှင့် တွေ့ ၍ ကံကောင်းပြီး အေးချမ်းစွာ ဖြင့် ငြိမ်ဝပ်ပိပြား ၍ ပညာ တတ်သော မိန်းမငယ်လေး ဘဝ ကို မွေးစားသမီး တစ်ယောက် အနေ နှင့် ရရှိခဲ့သော်လည်း အိမ်ထောင်ရေး ကံ မှာ မူ စေ့စပ်ပွဲ အထိသာ ခံခဲ့သော ကြောင့် ဆိုးဝါးသည် ဟု သာ ဆိုရမည် ။ သို့သော် ... သူ တစ်စုံတစ်ယောက် ကိုတော့ မျှော်လင့် နေချင် သေးသည် ။


မွေးစားသမီး တစ်ယောက် အနေ ဖြင့် သူ ကောင်းမွန်စွာ နေထိုင်ခဲ့သည့် အတွက် သူ့ ကံကြမ္မာ ထဲ မှာ တစ်စုံတစ်ခု သော မျှော်လင့်စရာလေး ရှိမည် ဆိုလျှင် မျှော်လင့် နေချင်ပါသည် ။ မွေးစားသမီး တစ်ယောက် ၏ ဘဝ မှာ ရင် နှင့် ရင်း ၍ ရသော နွေးထွေးသည့်မျှော်လင့်ချက်ကလေးမျိုး မျှ သာ ဖြစ်သည် ။ သူ မျှော်လင့်နေသည် ။ ပန်းခြံကလေး ကို ငေးကြည့်ရင်း ကေသီတာ ပန်းခြံကလေး ထဲ မှာ တစ်ယောက်တည်း သွား ထိုင် နေချင်မိသည် ။


ခုနက မေမေကြီး ပြော သလို တစ်ယောက်တည်း စိတ်လွတ် ကိုယ်လွတ် ကို နားပစ် လိုက်ချင်သည် ။ မေမေကြီး ကို သွား ကြည့်တော့ အိပ်ပျော် နေပြီ ဖြစ်သည် ။ ထို့ကြောင့် ရီလေး ကို ပခုံး အသာ တို့ ပြီး မေမေကြီး အနား မှာ နေဖို့ သတိပေး လိုက်သည် ။ ပြီးတော့ သူ ပန်းခြံ ထဲ သို့ တစ်ယောက် တည်း ဆင်း လာပြီး ပန်းကလေးတွေ ပွင့် နေသော ခုံတန်းကလေး တွင် ထိုင် ကာ အသံမဲ့ အရောင် တစ်ခု တည်း နှင့် သာ ပွင့်နေသောပန်းကလေးတွေ ကို ငေးနေမိသည် ။


ပြီးတော့ သူမ အတွေး ထဲ မှာ စေ့စပ် ရက် ရွေးသည့် နေ့ တုန်း က သူ ချက်သော ဟင်းကို အားရပါးရ စား နေသော ကိုနိုင်ဝင်းထွန်း ၏ မျက်နှာ ကို မြင်ယောင် လာသည် ။ မိုးဖွဲကလေးများ ကျ လာ ၍ ထီး ထုတ် အဆောင်း တွင် သူ့ လက်ဖမိုး ပေါ်သို့ ရုတ်တရက် ကျ လာသော နွေးထွေး စေသည့် လက်အစုံ ကြောင့် ရင်ဖို ၍ မော့ကြည့်သော အခါ သူ့ကို ငုံ့ငေး နေသော မိုးယံစိုး ၏ မျက်နှာ ကို လည်း ပြန်လည် မြင်ယောင်သည် ။


သူမ နံဘေး မှာ ပန်းကလေးတွေ က အရောင် တစ်ခုတည်း နှင့် သာ တည်ငြိမ်စွာ ပွင့် နေ ကြသည် ။ ပန်းကလေးတွေ သည် လောကကြီး ကို သူတို့ ရသော အရောင်တစ်ခု တည်း နှင့် တည်ငြိမ်စွာ ရင်ဆိုင် နေကြပါသည် ။ ကေသီတာ လည်း မွေးစားသမီး ဆိုသော အရောင်ကလေး နှင့် ပန်းကလေး တစ်ပွင့် လို လောကကြီး ကို တည်ငြိမ်စွာ ရင်ဆိုင်ချင် ပါသည် ။


ကေသီတာ့ တွင် ထို မျှော်လင့်ချက်ကလေး သာ ရှိပါသည် ။


◾ နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment