Thursday, May 11, 2023

မွေးစားသမီး ( ၃ )


 “ ကဲ .. ထိုင်ကြပါဦး ၊ ထိုင်ကြ ၊ စကား အေးအေးဆေးဆေး ပြောပြီးမှ ထမင်း စားကြ တာ ပေါ့ ၊ ရီရီ ရေ .. မင်း မမကြီး ရယ် ၊ အောင် နဲ့ မောင် ရယ် ကို ခေါ် လိုက်တော့ ”


ကေသီတာ ၊ ခင်မေအောင် နှင့် မူယာမောင် တို့ ရောက်လာ ကြသည် ။ ကေသီတာ သည် တမင် ပျံလန် နေအောင် ပြင်ဆင် ခြယ်သ မထားပါ ။ အဖြူရောင်ဇာထိုး လက်စက အင်္ကျီလေး နှင့် ပန်းနုရောင် ထမီလေး ကို သာ ဝတ်ဆင် ထားသည် ။


ပြီးတော့ မျက်လွှာ ကို ချ ထားသည် ။ ဒေါ်ထက်မေအောင် နှင့် ဒေါ်မြနွယ် တို့ က တော့ ဆန်ဈေး ၊ ဆီဈေး အကြောင်း ၊ ဆရာတော်ဘုရား နှင့် ယခုဆောက်လုပ် လှူဒါန်း နေသော ဆွမ်းစားဆောင် အကြောင်း တို့ ကို ပြောနေ ကြသည် ။ ပြီးတော့ ( ၁၀ ) ရက် စခန်း အကြောင်း ပြောနေရင်း မှ နေ ဒေါ်ထက်မေအောင် က တိုက်လေယာဉ် တစ်စီး ပုံမှန် ပျံသန်း နေရာကနေ လမ်းကြောင်း ချိုးချ လိုက် သကဲ့သို့ စကား ကို သူ လိုချင်သည့် ဘက် သို့ ချိုးကွေ့ ချလိုက်သည် ။


“ တရား က တော့ စခန်း ကို ဝင် ရ လိမ့်မယ် မြ ရေ .. ဒါလေးပဲ ကိုယ့် အတွက် ပါ မှာ ၊ တစ်ခြား လူတွေ လို ခြောက်ဆယ် နား နီးတဲ့ ထိ စားဝတ်နေရေး ကြောင့် တရားစခန်း မဝင်နိုင်တာ ထားတော့ ၊ ကိုယ် တို့ မှာ တော့ ဖြတ်စရာ သံယောဇဉ် ပဲ ရှိတာ ၊ ကဲ .. အခုပဲ ကြည့်လေ ၊ ဒီနေ့ ပွဲ ဟာ တရားသဘော နှင့် ဆင်ခြင်ကြည့် ရင် သံယောဇဉ် ဖြတ်ပွဲ ပဲ မဟုတ်လား ”


ဒေါ်ထက်မေအောင် ၏ စကား ဆုံးတော့ ကေသီတာ သည် အသက်ရှု ပို မြန်လာ ကာ ခေါင်း ကို ငုံ့ထား သည် ထက် ပို ငုံ့ ပစ် လိုက်၏ ။ နိုင်ဝင်းထွန်း က တော့ ရင်ဘတ် က ကြယ်သီး ကိုပဲ စမ်း သလိုလို ၊ ဆိုဖာလက်တင် ကို ပဲ ပွတ် သလိုလို အူတူတူ လုပ် နေသည် ။


“ အတူတူပဲ ပေါ့ ထက် ရယ် ၊ ကိုယ် က သားလေး တစ်ယောက် ရှိတာ ၊ ဒီ သားလေး ကို ကေသီတာ လို မိန်းကလေးမျိုး နဲ့ ထားခဲ့ရမှာ ဘာမှ စိတ် မချစရာ မရှိဘူး ၊ ကျန်တာတွေ တော့ တဖြည်းဖြည်း ချင်း ဖြတ်ယူ ရမှာပေါ့ ”


“ ဒါပေါ့ မြ ရဲ့ ၊ မြ က သံယောဇဉ် နဲ့ ပတ်သက်တဲ့ ကိစ္စ ပြီးသွားပေမယ့် ကိုယ့် ဘက် ကတော့ မပြီးသေးဘူး ၊ မြ ရေ .. အောင် နဲ့ မောင် နှစ်ကောင် ကျန်သေးတယ်  ”


အောင် နှင့် မောင်သည် တစ်ယောက် နှင့် တစ်ယောက် ကြည့်ပြီး မျက်လုံး ပြူး ကာ အချင်းချင်း လျှာ ထုတ် ပြ လိုက်ကြ၏ ။


“ ပြီးတော့ ရီရီ က လည်း ရှိသေးတာ ပေါ့ ၊ သူတို့ အသီးသီး လူလားမြောက် ပြီး ကိုယ့်အိမ်ထောင် နဲ့ ကိုယ် အခြေ ကျ ပြီ ဆိုရင်တော့ ကိုယ် က ဖားအောက် ကို သွားမယ်လို့ စိတ်ကူး တာပဲ  ”


“ စစ်ကိုင်းချောင် ရော ”


“ ဖားအောက် မှာ က ငယ်ဆရာတော် ရှိတယ် မြ ရဲ့ ၊ အဲဒီ က ပို အဆင်ပြေ မလား လို့ ”


“ ဒါဆိုရင်တော့ ကောင်း ပါတယ် ”


“ အခုတော့ အိမ် ထဲ မှာ နေရင်း သံယောဇဉ် အသေးလေးတွေ ကို စ ဖြတ် နေတယ် ၊ ကိုယ် သိပ် ကြိုက်တဲ့ ဟင်းချက် ရင် မစားဘူး ၊ TV တို့ ဘာတို့ ဆိုရင် လည်း သတင်း က လွဲ လို့ ဘာ ဇာတ်လမ်းတွ မှ မကြည့်တော့ဘူး ၊ အဲဒီလိုကွာ နေ့စဉ် မနက် မိုးလင်း က ထဲ က စိတ်ဆန္ဒ အသေးလေးတွေ ကို ချိုးနှိမ်ပြီး နေတယ် ”


“ တယ် ဟုတ်ပါလား .. ထက် ရဲ့ ၊ ထက် နည်း က မဆိုးဘူး ၊ ကိုယ် လည်း အိမ် မှာ စမ်းကြည့်ဦး မှ ပဲ ”


“ ကဲ ကဲ .. ဒါဆို အခု သမီး ကေသီတာ ချက်ထားတဲ့ ဟင်းတွေ ကို တော့ ကိုယ် မသိဘူး ၊ အဲဒီ ဟင်းတွေ ထဲ က အကောင်းဆုံး ဟင်း ကို မစားပဲ စ ကျင့် စမ်းကွာ ”


ဦးစောမောင် စကား ကြောင့် အားလုံး ပွဲကျ သွား၏ ။


“ ဒါကတော့ ဘယ်ဖြစ်မလဲ ရှင့် ၊ ကျူပ် က အိမ် ကို ရောက် မှ ကျင့်မယ် လို့ ပြောတာ ၊ ကိုယ့် သမီး လက်ရာ တော့ ကိုယ် မြည်း ရဦးမှာပေါ့ ”


“ ကဲ ... ဟုတ်ပါပြီ  ၊ ရီရီ ၊ ကေသီ ၊ အောင် နဲ့ မောင် ထမင်း စားဖို့ ပြင်လိုက် ကြတော့ ”


“ ဟုတ်ကဲ့ မေမေကြီး ”


ကေသီတာ နှင့် အပေါင်းပါတွေ အားလုံး ထ သွား ကြပြီး ထမင်းပွဲ ကို ပြင်သည် ။ ငါးဖယ် ဂျုံကပ်ကြော် ကို ပူ သွားအောင် ပြန် ကြော်ရင်း ပူစပ်စပ် ရှိတော့မှ နွားနို့ ကို ထည့်သည် ။ ပြီးတော့ ပုစွန်ထုပ်ကြီးတွေ ကို အနေတော် လှီးကာ ကြက်သွန် ၊ ပူစီနံ ၊ နံနံပင် ၊ခရမ်းချဉ်သီး တို့နှင့် ရောပြီး နယ်သည် ။ ကေသီတာ နွှေး ပေးသော ဟင်းများကို ရီရီ က ချ ပေးသည် ။ အောင် နှင့် မောင် က ထမင်း ခူးကြသည် ။ စားသောက်ပွဲလေး  စ လေသည် ။


“ ဟေ့ ရီရီ ၊ ဘာဖြစ်လို့ ရပ် နေတာလဲ ၊ ဝင် စားလေ ”


“ သမီး ပြီးတော့ မှ စားပါ့မယ် မေမေကြီး ”


“ မလိုချင်ဘူး ၊ ဒါ ငါ့ တစ်အိမ်သားလုံး အတူ စား ဖို့ စီစဉ်တာ ”


“ ဟုတ်ပါတယ် ၊ မေမေကြီး ၊ ထမင်း ကုန်တာတို့ ၊ ဟင်းချိုကုန်တာ တို့ ဆိုရင် အားလုံး စားနေတော့ အခက် တွေ့မှာ စိုးလို့ပါ ၊ ရီရီ ပြီး မှ စားပါရစေ ”


ဒေါ်ထက်မေအောင် ဘာမျှ မပြောတော့ ။


“ ဟား .. ကောင်းတယ်ဟေ့ ၊ ဒီနွားနို့ နှင့် ဟင်း က ဘာဟင်းလဲ  ”


“ ငါးဖယ် ကို ဂျုံ နဲ့ နှစ်ပြန်ကြော်ပြီး နွားနို့ ဆမ်း ထားတာပါ ”


“ ကောင်းတယ်ကွာ ၊ တစ်ခါမှ မစားဖူးသေးဘူး ၊ ပုစွန်ထုပ်သုတ်ကလဲ တော်တော် လိုက်ဖက်တာပဲ ၊ ငါ တော့ ကြိုက်တယ်ဟေ့ ”


“ ရှင် .. ဟင်းချို ကို လည်း သောက်ကြည့်စမ်းပါဦး ၊ ရှင်သောက် ခဲ့ဖူးတဲ့ ဟင်းချိုတွေ နဲ့ တူရဲ့လားလို့  ”


ဦးစောမောင် ဟင်းချို ကို သောက်သည် ။ ပြီးတော့ “ အား ” ကနဲ အော်သည် ။ ကောင်းလိုက်တဲ့ ဟင်းချို ဆိုသည့် သဘော ပေါ့ ။ ထမင်းဝိုင်း ဝင်ထိုင် တုန်းက ဝတ်ကျေ တန်းကျေသာ စားမည် ဟု စိတ်ကူး ထားခဲ့သော နိုင်ဝင်းထွန်း သည် ပင် လျှင် ခင်ရီလွင် က ထမင်း ထပ် ထည့် ပေးရသည့် အခြေအနေ သို့ ရောက်ရှိ သွားသည် ။ အချီးမွမ်း ခံရသော ဟင်းများ မှာ ကြက်သား အစာသွပ် ၊ အာလူးကက်သလိပ် ၊ ဝက်နံရိုးပေါင်း ၊ မလေးရှားဟင်းချို နှင့် ငါးဖယ်ဂျုံလုံးကပ် နွားနို့ဆမ်း တို့ ဖြစ်သည် ။


“ ဟိုတယ် မှာ သွား စားရ သလိုပါပဲလား မြ ရေ .. ဒီအတိုင်းတော့ နေ့တိုင်း စားရမယ် ဆိုရင်တော့ .. ငါ ကျန်တာတွေ အားလုံးကို လျှော့နိုင်တယ် ဟေ့ ”


“ ဟုတ်ပါ့ ထက်ထက် ရယ် ၊ ကေသီတာ့ လက်ရာ ဒီလောက် ကောင်းလိမ့်မယ် လို့ ထင် မထားမိတာ အမှန်ပဲ ”


နိုင်ဝင်းထွန်း က တော့ ချီးမွမ်းစကား ဘာမျှ မဆို ၊ တတိယ အကြိမ် ရီရီ က ထမင်း ထပ် ထည့် ပေးခြင်း ဖြင့်သာ အသံတိတ် ချီးမွမ်း လိုက်၏ ။ သို့သော် .. ဒေါ်မြနွယ် က ထိုသို့ အသံတိတ် ချီးမွမ်းခြင်း ကို အလိုရှိပုံ မရ ။


“ ဒါ တတိယ မြောက် လား .. ဟင် ၊ အိမ် မှာ ကျတော့ ကြောင်စာ လောက် ထမင်း ကို အကြိမ် ငါးရာ လောက် ကျွေး နေရတဲ့ ကောင် အခုတော့ မှတ်ပြီလား ”


“ ဟာ .. မေမေ က လဲ ”


ဘာ့ကြောင့်မှန်း မသိ ၊ သား ကို ဒေါ်မြနွယ် က ပြန် ရန်တွေ့ခြင်း အား ကေသီတာ နှင့် နိုင်ဝင်းထွန်း တို့ နှစ်ယောက် က လွဲပြီး အားလုံး ရယ် လိုက်ကြသည် ။ အိမ် ရှေ့ရောက် ၊ အချိုပွဲ ကျပြန် တော့ လည်း ဆနွင်းမကင်း ကို ချီးမွမ်းကြ ပြန်သည် ။ ပြီးတော့ မှ ကေသီတာ နှင့် နိုင်ဝင်းထွန်း တို့ ကိစ္စ ကို လက်ဖက် နှင့် ရေနွေးကြမ်း သောက်ရင်း ဆွေးနွေး ကြသည် ။


“ ကျွန်မ က တော့ သုံးလ လောက် ခွာ ပြီးတော့ မှ စေ့စပ်ချင်တယ် ၊ ဘာ့ကြောင့်လဲ ဆိုတာ မြ နဲ့ ကျွန်မ တိုင်ပင် ထားပြီးသားပါ ၊ မိကေသီ က အပြင် ကို အထွက် နည်း တယ် ၊ မစေ့စပ် ရ သေးခင် သုံးလ အတွင်း မိကေသီ ကို ရွှေချည်ထိုး လုပ်ငန်း အကျွမ်းဝင်စေ ချင်တယ် ၊ အဲဒါတော့ မောင်နိုင်ဝင်းထွန်း က ပဲ စီစဉ်ပေးပေါ့ ”


“ ကဲ .. ဘယ်လိုလဲ သား ”


“ ဟုတ်ကဲ့ပါ မေမေ ”


“ လက်ထပ် ပြီး ကြ ရင်လည်း ဒီ လုပ်ငန်း ကို သူ ပဲ ဦးစီးရမှာ ဆိုတော့ ကြို သိထားတာ ပိုကောင်းတာပေါ့ ”


“ ဟုတ်ပါပြီဗျာ ၊ ဟုတ်ပါပြီ ၊ ဘာဖြစ်လို့ သုံးလ ခွာ ပြီး စေ့စပ်ဖို့ ရက် ကို ရွေးတယ် ဆိုတာ ကျွန်တော်မျိုးကြီး နားလည်ပါပြီ ”


ဦးစောမောင် စကား ကြောင့် ကာယကံရှင် နှစ်ဦး မှ တစ်ပါး အားလုံး ရယ်မော လိုက်ကြသည် ။ ဦးစောမောင် သည် တစ်ခါတစ်ရံ အတည်ပေါက် နှင့် ဝင် နောက် တတ်သော လူပျော်ကြီး တစ်ယောက် သာ ဖြစ်သည် ။


“ ကဲ .. အဲဒီတော့ သား က မနက်ဖြန် ကိုးနာရီ လောက် ကို သမီး ဆီ ရောက်အောင် လာရလိမ့်မယ် ၊ ပြီးတော့ company ကို သွားပြီး လိုအပ်တဲ့ သိသင့် သိထိုက် တာ မှန်သမျှ အားလုံး ပြ ပြီးတော့ မှ သမီး ကေသီ အတွက် နေရာ ကို စဉ်းစားပေး ပေါ့ ဟုတ်ပြီလား ”


ဧည့်သည် တွေ ပြန် သွားသော အခါ သိမ်းစရာ ဆေးစရာ တို့ ကို သိမ်းရင်း ဆေးရင်း ဖြင့် ဒေါ်ထက်မေအောင် က ပြောသည် ။


“ အရည်ချင်း ရှိတဲ့ မိန်းကလေး ဆိုတာ တွေ့တယ် မဟုတ်လား ၊ ငါ့ သမီး ကေသီ ကို ငါ တစ်သက်လုံး ပြုစုပျိုးထောင် လာရကျိုး နပ် ပါပြီ ၊ ကျန်တဲ့ သမီးတွေ လည်း မမကြီး ရဲ့လိမ္မာ ပါးနပ်မူ ကို အတုယူ ဖို့ ကြိုးစားကြ  ”


အောင် ၊ မောင် နှင့် ရီရီ တို့သည် တစ်ယောက် နှင့် တစ်ယောက် ကြည့် ပခုံးများ ကို ပြိုင်တူ တွန့် လိုက် ကြလေသည် ။


မိုးအကုန် ဆောင်းအကူး မို့ ရာသီဥတု သည် မှိုင်းပျပျလေး ဖြစ်နေပြီး အိပ်ယာ မှ နိုးလာကာစ လူ တစ်ယောက် ၏ စိတ်ကို တက်ကြွခြင်း မရှိစေပဲ လွမ်းမောတွေဝေ နေ စေသည် ။ ထို့ကြောင့် ကေသီတာ သည် အိပ်ယာ မှ နိုးနိုးချင်း မထသေးပဲ အိပ်ယာ ထဲ ကွေးရင်း တွေးနေ မိသည် ။


အရင်တုန်း က ဆိုလျှင်တော့ ကေသီတာ သည် ခြောက်နာရီ ထိုး သည်နှင့် အိပ်ယာ က ထပြီ ။ ရီရီ ကို နှိုး ပြီး ထမင်းအိုး တည် ၊ ကြက်သွန်ဖြူနီ ခွာ ၊ ငြုပ်သီး ထောင်း ၇ - နာရီ လောက် မှ နိုးမည့် ကျန် အိမ်သားများ အတွက် ပဲပြုတ် နှင့် ထမင်းကြမ်း နယ် လျှင် နယ် ၊ ကြော် လျှင် ကြော် လုပ် နေကြ ဖြစ်သည် ။


အခုတော့ ကေသီတာ သည် အိပ်ယာ ထဲ က မထ ၊ ဘာကို မှ လည်း မလုပ်ချင် ၊ ၆ - နာရီ ထိုးလျှင် ကိုနိုင် က သူ့ ကို လာကြိုပြီး သူတို့ ၏ ရွှေခြည်ထိုး လုပ်ငန်း ရှိရာ ဆိုင် သို့ ခေါ်သွားပြီး သူ့ ကို လုပ်ငန်း သဘာဝတွေ ပြမည် ။ ဒီအချက် ကို သူ ငြင်းခွင့် ရှိလျှင် ငြင်း ချင်သည် ။ သို့သော် .. သူ့ အပေါ် တစ်ဘဝလုံး ကောင်းစားရေး အတွက် မိခင် အရင်း ကဲ့သို့ တာဝန် ယူ ခဲ့သော မေမေကြီး ၏ ဆန္ဒ ကို သူ မငြင်းရဲပါ ။


ဘာကြောင့် သူ့ ကို ဒီ လုပ်ငန်း မှာ ထည့်ရတာလဲ ဆိုတာ ကို လည်း သူ သိပါသည် ။သူ နှင့် ကိုနိုင် ရင်းနှီး သွားအောင် ဖြစ်ပါသည် ။ ကိုနိုင် သည် ရုပ်ရည် အရ ရော ၊ ကိုယ်ကျင့်သိက္ခာ အရ ရော ၊ ငွေကြေးပိုင်ဆိုင်မူ အရ ရော မငြင်းသင့်သည့် ယောက်ျား တစ်ယောက် ဆိုတာ သူမ သိပါသည် ။


သို့သော် .. ကိုနိုင် ကို သူမ ချစ်သလား .. ဟု သူမ ကိုယ် သူမ မေး မိတိုင်း အဖြေ က ထွက် မလာပါ ။ ဒါဖြင့်လျှင် သူမ မှာ အခြား ချစ် နေရသော ချစ်သူ ရှိ နေလို့လား ဆိုတော့ လည်း မဟုတ်ပါ ။ ကိုနိုင် က လည်း သူ့ကို ဆန္ဒ ပြင်းပြင်းပျပျ ဖြင့် လိုချင်သော အမူအယာ ၊ စကား ဘာ တစ်ခုမျှ မရှိပါ ။ ကိုနိုင် က လည်း သူ့ လို ပင် လူကြီးတွေ စကား မလွန်ဆန် နိုင် ၍သာ ဖြစ်လိမ့်မည်ဟု ထင်မိသည် ။


ဒါကို သိသော မေမေကြီး နှင့် ဒေါ်မြနွယ် တို့ က စိမ်း နေကြသော သူတို့ နှစ်ဦး ကို ပိုမို ရင်းနှီး ခင်မင် ပြီး သံယောဇဉ် တွယ် လာသော အဆင့် ထိရောက်အောင် စေ့စပ် ရက်ရွေးမည် အကြောင်း ပြ ကာ ရွှေခြည်ထိုး လုပ်ငန်း ထဲ ရောက်အောင် ပို့သွားခြင်း သာ ဖြစ်ပါသည် ။ ဒီလို ရှင်းရှင်းပြတ်ပြတ် တွေး မိတော့ ကေသီတာ သည် မိမိ ဘာ လုပ်ရမည် ဆိုတာ ကို သိသွား သဖြင့် မနေ့ က လို တွေဝေ ငေးမော မနေတော့ ၊ အနည်းဆုံး ၁၅ ရက် လောက် လက်တွဲ လိုက်လျှင် ကိုနိုင့် အကြောင်း အဆိုးအကောင်း ကို သူမ အကဲခတ် ခွင့် ရပြီ ဖြစ်သည် ။


သူမ လက်မခံ နိုင်သော အပြစ် တစ်ခု ခု တွေ့ ခဲ့လျှင် မေမေကြီး ကို ဖွင့်ပြောပြီး စေ့စပ်ပွဲ မလုပ်ဖြစ်အောင် တား ခွင့်လည်း ရှိနိုင်သည် မဟုတ်ပါလား ။ အပြစ် ပြောစရာ မရှိ လျှင်တော့ ဖို နှင့် မ အတူ သွားလာ နေထိုင်ရင်း သူ့ အကြိုက် ကိုယ့် အလိုက် နှင့် သံယောဇဉ် ၊ ခင်မင်မူ က တစ်ဆင့် အချစ် ဆိုတာ လည်း ဖြစ်ချင် ဖြစ်လာနိုင်သည် မဟုတ်လား ။ ထို့ကြောင့် ကေသီတာ သည် ရွှေခြည်ထိုး လုပ်ငန်းကြီး တွင် သွားရောက် လေ့လာပြီး လုပ်ကိုင်ရမည့် ကိစ္စ ကို အော်ပရေးရှင်းကြီး တစ်ခု လို စိတ် ထဲမှာ မှတ်ထား လိုက်သည် ။


ထို ဆုံးဖြတ်ချက် ကို ချ ပြီးတော့ ရင် ထဲ မှာ ပေါ့ သွားပြီး အိပ်ယာ မှ ထ သည် ။ ရီရီ က ထမင်းအိုး တည် နေပြီ ၊ သူမ မျက်နှာ သစ် ပြီးသည် နှင့် မီးဖိုခန်း သို့ စ ဝင် တော့သည် ။ ခုနှစ်နာရီခွဲ လောက် မှာ မေမေကြီး နိုး လာပြီး မီးဖိုချောင် ထဲ မှာ သူမ ကို တွေ့သော အခါ ..


“ မိကေသီ ၊ ဒီနေ့ က စပြီး မီးဖိုချောင် အလုပ် ကို လုပ်စရာ မလိုတော့ဘူး ၊ ငါ အောင် နဲ့ ရီရီ ကို လွှဲထား လိုက်ပြီ ၊ ညည်း လုပ်ရမှာ က ရှစ်နာရီခွဲ မှာ မောင်နိုင် လာ ခေါ်ရင် အဆင်သင့် ဖြစ် နေအောင် သာ ကြိုးစားထားပါ ”


“ အစောကြီး ရှိပါသေးတယ် မေမေကြီး ရဲ့ မှီပါတယ် ”


“ မိကေသီ ငါ က စကား တစ်ခွန်း ပြောရင် ပြောတဲ့ အတိုင်း တည် မှ ကြိုက်တာနော် ..အခု မီးဖိုချောင် ထဲ က ထွက်ပြီး လုပ်စရာ ရှိတာ ပြင်စရာ ရှိတာ ပြင်တော့ ”


စကား ဆုံးသည် နှင့် မေမေကြီး က လှည့်ထွက် သွားသည် ။ အောင် က မီးဖိုချောင် အခန်း ထဲ ဝင် လာရင်း စကား ဆို သည် ။


“ သြော် .. ကြီးပွားချင် တဲ့ သူများ ကျတော့လည်း နေ့ချင်း ညချင်း ပါ လား ၊ တို့ လည်း ဒီလို ကြီးပွားချင် .. အား .. နာလိုက်တာ ”


ကေသီ က အောင့် ခေါင်း ကို “ ဒေါက် ” ကနဲ နေအောင် ခေါက်ခဲ့ပြီး ဖီးဖိုချောင် မှ ထွက်ခဲ့သည် ။ ဆုံးဖြတ်ချက်ကလေး တစ်ခု ရှိထား သဖြင့် စိတ် ထဲ မှာ လေးပြီး ရှုပ် မနေတော့ သော်လည်း ထို ကိစ္စကြီး ကို မလုပ်ချင်တာကတော့ အမှန်ပင် ဖြစ်သည် ။ ကိုးနာရီ မထိုးခင် ငါးမိနစ် လောက် အလို တွင် ကိုနိုင် ရောက် လာသည် ။


ကား ပေါ်  တက် ကြတော့ သူမ က နောက်ဖက် က တ့ခါး ကို ဖွင့် ကာ တက် ထိုင် လိုက်သည် ။ မေမေကြီး က ကား အောက် မှ တစ်ခု ခု ပြောရန် ဟန်ပြင် နေတုန်း မှာ ပင် ကား က ထွက်သွား သဖြင့် ထို စကား ကို မေမေကြီး ပြောခွင့် မရလိုက်ပါ ။ မေမေကြီး ပြောမည့် စကား သည် ဘာ စကား ဆိုတာ ကေသီတာ သိ ပါသည် ။ သူ့ ကို ရှေ့ခန်း မှာ ကိုနိုင် နှင့် ယှဉ် ထိုင်ဖို့ စကား ပင် ဖြစ်လိမ့်မည် ။


“ ဟဲ့ .. မိကေသီ ရှေ့ခန်း မှာ ထိုင်လေ ” ပေါ့ ။


ကိုနိုင် သည် ကား ကို ပုံမှန် အရှိန် လောက် နှင့် သာ မောင်းနေ ရသည် ။မောင်း သာ မောင်း နေရ သော်လည်း နောက်ကျော မလုံ သလို ခံစား ရ၏ ။ ပြီးတော့ စိတ် ကျဉ်းကျပ် ၍ နေသည် ။ ခံစားချက် က လီဗာ နှင့် ခြေထောက် မထိ သလိုလို ၊ လက် နှင့် စတီယာရင် ပဲ မထိ သလိုလို တစ်မျိုးကြီး ဖြစ် ၍ နေသည် ။


သူ့ ဘက် က စကား စ ပြောဖို့ ကောင်းသည် ဆိုတာ ကို သူ သိပါသည် ။ သို့သော် သူ့ မှာ ကေသီတာ့ ကို ပြောဖို့ စကား ရှာ ၍ မရ ၊ ကား မောင်း ရတာ ကို က ဒုက္ခ တစ်ခု လို ဖြစ် နေပြီး သူ့အတွက် ပင်ပန်း လွန်း နေသည် ။ ပါဂျဲရိုး ကားလေး ကတော့ လမ်း ပေါ် မှာ အေးဆေး ပြေးနေသည် ။


ကေသီတာ က လည်း ကားကြီး ကို စီး ရင်း စိတ် ထဲ မှာ မွန်းကျပ် လာသည် ။ အခု ဖြစ်နေသည့် ပုံက ကျိကျိ တက် အောင် ချမ်းသာ သည့် သူဌေးမလေး တစ်ယောက် ကို ဒရိုင်ဘာ က သွားချင်တဲ့ နေရာ လိုက် ပို့ပေးနေ သလိုမျိုး ဖြစ် နေသည် ။ အမှန် ဆိုလျှင်တော့ ကိုနိုင် က ဘာစကားပဲ ဖြစ်ဖြစ် စ ပြောဖို့ သင့်သည် ဟု သူမ ထင်မိသည် ။ ကိုနိုင် က ဘာ စကား မှ မစ တော့ ကားကြီး ပေါ် တွင် အရသာ ခံပြီး ငြိမ့်ငြိမ့် မစီးရပဲ စိတ်အိုက် မွန်းကြပ် ၍ နေလေသည် ။


မှန် အလုံပိတ် ၊ အဲကွန်း ပေး ထားသော ကားကြီး သည် ဆူညံ ပေါက်ကွဲ နေသော အပြင် လောက ထဲ သို့ လေးလေးမှန်မှန်ကြီး တိုးဝင် လာ နေသည် ။ ကား ထဲ တွင် ရှိသော တိတ်ဆိတ်မူ သည် ကား ထဲ မှ သက်ရှိ လူ နှစ်ယောက် ကို ဖိညှစ် ၍ ထားလေသည် ။


ရုတ်တရက် ကား မောင်းနှုန်း အရှိန် မြင့် သွားကြောင်း ကေသီတာ သိ လိုက်သည် ။“ ကောင်းတာပေါ့ မြန်မြန် ရောက်မှ အေးမှာပဲ  ” ဟု စိတ် ထဲ က ပြောလိုက်မိ၏ ။


“ မြစောနိုင် ” ရွှေချည်ထိုးလုပ်ငန်း ဆိုင်းဘုတ်ကြီး အောက် မှာ ကား ဝင်သွားသော အခါ ကျ မှပင် ကေသီတာ ၏ တင်းကြပ် နေသော စိတ်များ လျော့ကျ သွားသည် ။ သို့သော်လည်း ထို စိတ်ကလေးမှာ ခဏသာ ခံပြီး ရွှေခြည်ထိုး company ထဲ သို့ ဝင်လိုက်သည် နှင့် နိုင်ဝင်းထွန်း နှင့် အတူ တွဲ လျှောက် လာ သော သူမ ကို ဝိုင်းကြည့် လိုက်ကြသည့် မျက်ဝန်းတွေ က ဇာတ်ပွဲတွေ မှာ မင်းသမီး ကို ဝိုင်း ထိုးပေး လိုက်သည့် စလိုက်မီးများ လို စူးရှပြင်းထန်လွန်း သဖြင့် ကေသီတာ ခေါင်း ကို ငုံ့ ၍ ထားရသည် ။


ရုံးခန်း ထဲ အတူ ဝင်သွား ကြတော့ ပိတ် လိုက်သော တံခါး ၏ နောက် မှာ အကြည့်မျှား တွေ ဘယ်လောက် တောင် စိုက်ဝင် နေကြမလဲ ဟု သူမ တွေးနေ မိသည် ။ကေသီတာ ခံစားနေရ သလို နိုင်ဝင်းထွန်း လဲ ခံစား ရပါသည် ။ သူ သည် တစ်ခါ မှ company ထဲ သို့ မိန်းကလေး တစ်ယောက် နှင့် အတူ တွဲပြီး မဝင်ခဲ့ဖူးပါ ။ ယခု ကေသီတာ နှင့် အတူ ဝင်လာခြင်း သည် ပထမဆုံး အကြိမ် ဖြစ်သည် ။ သူ့ ရှေ့တွင် ရှိသော ခလုတ်ကလေး ကို နှိပ်ပြီး မှ နိုင်ဝင်းထွန်း က ထိုင်သည် ။


ကေသီတာ က တော့ ဘာမှ မေး မနေတော့ ပဲ ချ ထားသည့် ခုံသုံးလုံး ထဲ မှ အစွန်ခုံ တွင် ဝင်ထိုင် လိုက်သည် ။ တစ်ယောက် နှင့် တစ်ယောက် မကြည့် ကြ ၊ စကား လည်း မပြော ကြ ၊ ပြောစရာ စကား လည်း မရှိကြ ၊ နှစ်မိနစ် လောက် ကြာတော့ မိန်းကလေး တစ်ယောက် အဖို့ စိတ် ကျဉ်းကျပ်မူ အမြင့်ဆုံး သို့ ရောက်ရှိ လာသည် ။


“ ရွှေခြည်ထိုးတာ က company မှာ ပဲ complete လုပ်ရတာလား  ”


“ ဟာ .. ဒီမှာပဲ ကျွန်တော်တို့ က အပြီး လုပ်ပေးရတာပေါ့ ၊ အင်္ကျီ ချုပ်ပေးရ သလို ပေါ့ဗျာ ၊ သူတို့ လိုချင်တဲ့ ဆိုဒ် နဲ့ သူတို့ လိုချင်တဲ့ ပုံ ကို ကျွန်တော် တို့ က အပြီးစီး လုပ်ပေးရတာပေါ့ ”


“ Marketing ဆင်းတော့ရော ..”


“ အဲဒါက ကျွန်တော်တို့ ဒီမှာ မဆင်းဘူး ၊ ကျွန်တော်တို့ နိုင်ငံ က ဟိုတယ်တွေ က ရွှေခြည်ထိုး ပန်းချီ ကို သိပ် ကပ်လေ့ မရှိဘူး ၊ ကျွန်တော်တို့ ဈေးကွက် က စင်္ကာပူ ရယ် ၊ဂျပန် ရယ် ၊ အင်ဒိုနီးရှား ရယ် ၊ အဲဒီလို ရှိတယ် ”


“ သြော် ”


ထိုသို့ ရှင်းပြနေချိန် တွင် နိုင်ဝင်းထွန်း ရှေ့က ခုံပေါ် တွင် တင်ထားသော ဆောင်းဘောက်စ် အသေးလေး မှ အသံ မြည်လာသည် ။ သူမ က ဘာများပါလိမ့် ဟု စူးစမ်း မိသည် ။ နိုင်ဝင်းထွန်း က ခလုတ် တစ်ခု ကို နှိပ် လိုက်သော အခါ သူတို့ ဝင်လာခဲ့သော အခန်းတံခါး က အလိုလျောက် ပွင့် ၍ သွားသည် ။ ဂျိမ်းစဘွန်း ကားတွေ ထဲ ကလို ပါပဲလား ဟု သူမ တွေးနေမိသည် ။


“ ထိုင် .. နွေးနွေး ”


နွေးနွေး ဆိုသော ကောင်မလေး က သူမ ညာဘက် က ခုံတွင် ဝင်ထိုင် လိုက်သည် ။ တစ်ယောက် နှင့် တစ်ယောက် သုံးစက္ကန့် လောက် မျက်ဝန်းချင်း ဆုံမိ ကြသည် ။ ထိုအချိန် အတွင်း မှာ ပင် နွေးနွေး ဆိုသော မိန်းကလေး သည် နှစ်လိုဖွယ် ကောင်းသော မိန်းကလေး တစ်ယောက် ဖြစ်လိမ့်မည် ဟု ထင်လိုက်မိသည် ။ နိုင်ဝင်းထွန်း က ကေသီတာ နှင့် နွေးနွေး ကို မိတ်ဆက် ပေးသည် ။ ပြီးတော့ မှ ..


“ သူ ဟာ ကျွန်တော်တို့ လုပ်ငန်း ထဲ မှာ ဝန်ထမ်း တစ်ယောက် ဖြစ်လာလိမ့်မယ် နွေးနွေး ၊ ဒီတော့ အခု ကျွန်တော်တို့ လုပ်ငန်း ရဲ့ အောက်ခြေ က နေ စပြီး လုပ်ငန်း ပြီးတဲ့ အထိ ပြပေးပါ ။ မကေသီတာ ဒီလုပ်ငန်း ထဲ မှာ နွေးနွေး ဟာ အတော်ဆုံး.လုပ်ငန်း သဘာဝ ကို နားအလည်ဆုံး အကျွမ်းကျင်ဆုံး မိန်းကလေး ပါ ၊ မကေသီတာ သိချင်တာ ရော ၊ မသိတာ ရော အားလုံး မေးလို့ ရပါတယ် ”


“ ဘယ်နေ့ က စ ရ မှာလဲ ဆရာ .. ”


“ အခုပဲ စ လိုက်ပါ နွေးနွေး ”


ကေသီတာ အိမ် ပြန် ရောက်သည့် အချိန် တွင် မေမေကြီး တရားထိုင် နေ သဖြင့် ကေသီတာ လည်း ရေချိုးပြီး အခန်းထဲ တွင် ခဏလှဲ အနား ယူ နေစဉ် အောင် နှင့် မောင် တို့ နှစ်ယောက် ရောက်လာကြ ပြီး ကေသီတာ့ ကို စပ်ဖြဲဖြဲ အမူအယာ နှင့် ကြည့် လေသည် ။


သူတို့ ကြည့်သော အဓိပ္ပါယ် ကို သူမ သိပါသည် ။ သို့သော် မသိချင်ယောင် ဆောင် ထား လိုက်သည် ။ အောင် နှင့် မောင် တို့ ထင်ထားသည် က ကေသီတာ သည် အိမ်ပြန် ရောက်လျှင် စကား ကို ရေပက် မဝင်အောင်ပြောပြီး သူတို့ ကို ကြွားမည် ။ ပြီးတော့ ကိုနိုင်ဝင်းထွန်း က သူ့ကို ဘယ်လို ဂရုစိုက်တာတွေ ဘာတွေ ပါလာမည် ဟု ကြွားလိမ့်မည် ။ ထို့သို့ ကြွား လျှင် နားမထောင်ပဲ နေခြင်း ဖြင့် ကေသီတာ့ ကို စ ရန် ကြို ညှိ ထားခဲ့ကြသော်လည်း ကေသီတာ က သူတို့ ထင်သလို မဟုတ်သဖြင့် ခံစစ် မှ တိုက်စစ် သို့ ပြောင်းပြီး ကေသီတာ့ အခန်း ထဲ သို့ ဝင်လာခဲ့ခြင်း ဖြစ်သည် ။


“ မကေ .. နေ မကောင်းဘူး လား ၊ မကေကို ကြည့် ရတာ တစ်မျိုးကြီးပဲ ၊ ဘာတွေ အဆင် မပြေ ဖြစ်လာလို့လဲ ဟင် ”


ထို စကား နှင့် အတူ အောင် က ကေသီတာ့ နံဘေး တွင် ဝင် ထိုင် သည် ။


“ မေမေကြီး က မကေ ကို လေးနာရီခွဲ ကတည်း က မျှော် နေတာ ၊ မကေ လူကြီး က အိမ် မှာ ဆက်ဆံ သလိုပဲ ကောင်းကောင်း မှန်မှန် ဆက်ဆံရဲ့လား ”


ထို အမေး နှင့် အတူ မောင် ကလည်း လှဲ နေသော မကေ ၏ ခြေရင်းဘက် တွင် ဝင် ထိုင် သည် ။


“ ဆက်ဆံရေး က အိမ် မှာ ဆက်ဆံ သလိုပါပဲ ၊ အဆင် ပြေပါတယ် ”


“ မမကေ ကို ဒီနေ့ သူတို့ က တော်တော် ခိုင်း လိုက်ကြသလား ”


“ အခိုင်း မခံရပါဘူး ၊ မကေ က အဲဒီ အဆင့် ကို မရောက်သေးဘူး ၊ ဒီနေ့ က မကေ သိချင်တာတွေ ကို လျှောက်မေး လျှောက်ကြည့် လုပ်နေရတာပါ  ”


“ အစ အဆုံး ပြောပြ မကေ ရာ .. ”


“ မေမေကြီး ဘုရား ရှိခိုးပြီး ရင် ထမင်း စားကြ မှာ မဟုတ်လား ၊ ထမင်းဝိုင်း ကျ မှ ဒီနေ့ ကြုံခဲ့ရတာတွေ ကို မေမေကြီး ကို ပြောပြရင်း နှင့် တစ်ခါတည်း ပြောပြမယ်လေ သိလား ၊ ခုတော့ မမ ခဏ လောက် နားပါရစေ အောင် နဲ့ မောင်ရယ် .. နော် ”


ညနေ ထမင်းစားဝိုင်း ကျတော့ ကေသီတာ က ရွှေခြည်ထိုး လုပ်ငန်း ၏ နက်နဲပုံ ၊ အခက်ခဲများ ကို အားလုံး ဝိုင်း စဉ်းစားကြရပုံ ၊ ရွှေခြည်ထိုး ဈေးကွက် ၊ မြန်မာနိုင်ငံ ၏ တရားဝင် ဒေါ်လာ ရှာ နိုင်သည့် လုပ်ငန်း ၊ နိုင်ငံ တော်တော်များများ က သူတို့ တန်ဖိုး ထားကြသော အဆောက်ဦးများ ကို လေးဘက် လေးတန် မှ ဓာတ်ပုံ ရိုက် ၊ ပို့သော ပုံတွေ ကို ရွှေခြည်ထိုး ရတာ ခက်ခဲပုံ ၊ အလင်းအမှောင် အမှိန် အဖျော့ ကို ကြိုး အရောင် နှင့် ရွေးရသည့် အခက်ခဲ စသည်တို့ ကို ပြောပြသည် ။


“ ဒါဆို မောင်နိုင် က သမီး ကို တော်တော်လေး ဂရုတစိုက် ရှင်းပြလိုက်တာပဲ ၊ သမီး ကြိုးစားပြီး လေ့လာပေါ့ ”


“ အဲဒီ အကြောင်းတွေ ကို ကိုနိုင် က သမီး ကို ရှင်းပြတာ မဟုတ်ဘူး မေမေကြီး ၊ company ကို ရောက်လာ ကတည်း က သူ မျက်နှာ လွှဲ ထား ရ လောက်အောင် လုပ်ငန်း ကျွမ်းကျင်တဲ့ နွေးနွေး ဆိုတဲ့ ကောင်မလေး တစ်ယောက် က တစ်နေကုန် ရှင်း ပြတာပါ ။ ကိုနိုင် က လည်း နာရီဝက် လောက် နေ ပြီးတော့ ကား နဲ့ ပြန် ထွက် သွားတာ ၊ သမီး ကို ပြန် ပို့ချိန် ကျမှပဲ ပြန် ရောက်လာတာ မေမေကြီး ရဲ့ ”


အင်း .. ခုတ်ရာ တလွဲ ၊ ရှရာ  တစ်ခြား တော့ ဖြစ်ကုန်ပြီ ထင်ပါ ရဲ့ဟု ဒေါ်ထက်မေအောင် တွေး မိသည် ။


“ သမီး ဟာ သိပ် မကြာခင် သူ နဲ့ လက်ထပ်တော့မယ့် အမျိုးသမီး ဆိုတာ ကို ရော ဝန်ထမ်းတွေ က သိကြသလား  ”


“ အဲလိုကြီးတော့ သိကြပုံ မရသေးဘူး မေမေကြီး ၊ သမီး နဲ့ သူ နဲ့ company ထဲ ကို အတူတူ တွဲဝင် သွားတော့ ဝိုင်း ကြည့်တဲ့ မျက်လုံးတွေ က တော့ ကြောက်စရာ ကောင်းတယ် ၊ နွေးနွေး ပြောပုံအရ ဆိုရင်တော့ ကိုနိုင် က တစ်ခါ မှ မိန်းကလေး တစ်ယောက် နဲ့ အတူ တွဲပြီး company ထဲ ကို မလာဖူးဘူးတဲ့ ”


“ ဒါဆို သမီး က ပထမဦးဆုံး သူ နဲ့ တွဲဝင် တဲ့ မိန်းကလေး ပေါ့ ”


“ နွေးနွေး က တော့ အဲဒီလို ပြောတာပဲ မေမေကြီး ၊ ပြီးတော့ ကိုနိုင် က ဘယ် ဝန်ထမ်း မိန်းကလေး ကို မှ သူ့ အခန်း ထဲမှာ တစ်ယောက် ထဲ ဘယ်တော့မှ ခေါ် မတွေ့ဘူး တဲ့ ၊ အဖော် တစ်ယောက် နဲ့ အတူ လာရတာချည်းပဲ တဲ့ ”


“ ဒါ ယောက်ျား ကောင်းတွေ ရဲ့ ဆင်ခြင်သင့်တဲ့ နေရာမှာ ဆင်ခြင်တဲ့ စရိုက် လက္ခဏာ ပဲ ကောင်းတဲ့ အပြုအမူ တစ်ခု ပဲ သမီး ”


ထမင်း စား ပြီးတော့ မြ ဆီ ဖုန်း လှမ်း ဆက်ကာ ဒီနေ့ ကိစ္စ ပြောရင် ကောင်း မလား တွေး လိုက်သေးသည် ။ သို့သော် ဒီနေ့ မှ စ သော နေ့ ဖြစ် သဖြင့် ကိုယ့် ဘက် က သိပ် လော ရာ ရောက်မည် ။ လောဘ ကြီး ရာ ရောက်မည် စိုး ၍ မပြောတော့ပါ ။ အချိန် တန် လျှင် ထိ ရ အောင် အိုး နှစ်လုံး ထား ပြီးပြီပဲ ၊ ကြိုး နှစ်ချောင်း ထား ပြီးပြီပဲ ၊ ဘာလို့ မထိရ မငြိရမှာလဲ .. ။


နွေး က ရွှေခြည်ထိုး လုပ်ငန်း အတွက် ဆောင်ရွက် ရသော တာဝန်များ ကို ကေသီတာ့ အား အားလုံး ရှင်းပြပြီး ချိန် မှာ ၇ - ရက် တိတိ ကြာမြင့်သည် ။ ကေသီတာ နှင့် အချို့သော ဝန်ထမ်းများ ပင် ရင်းနှီး စ ပြုလာသည် ။ နွေးနွေး ၏ ချစ်စရာ ကောင်း သော စိတ် ထား မှာ ကေသီတာ့ ကို သူတို့ ဆရာနိုင်ဝင်းထွန်း နှင့် ဘာလား ၊ ညာလား ဆိုတာ ကို လုံးဝ မမေးခြင်း ပင် ဖြစ်သည် ။ ပါဂျဲရိုး ကားကြီး ပေါ် မှာ တော့ အသွား အပြန် တိတ်ဆိတ်ခြင်းသည် ယခင် က အတိုင်း ပင် ဖြစ်သည် ။


ဒီနေ့ တော့ ကိုနိုင် က နွေး နှင့် ကေသီတာ ကို သူ့ ရုံးခန်း တွင် ခေါ်ယူ တွေ့ဆုံ သည် ။


“ မကေသီတာ ရွှေခြည်ထိုးလုပ်ငန်း ကို အစ က နေ အဆုံးထိ အဆင့်ဆင့် လုပ်ကိုင် ရတာတွေ အားလုံး ကို အစီစဉ်တကျ သိပြီးပြီ လို့ နွေးနွေး က ကျွန်တော့် ကို တင်ပြထားပါတယ် ”


“ ဟုတ်ကဲ့ ”


“ ဒီတော့ မကေသီတာ ဘယ် subject ကို စိတ် အဝင်စားဆုံးပါလဲ  ”


“ ကျွန်မ စိတ်ကြိုက် ရွေးခွင့် ရမယ် ဆိုရင်တော့ ဒီဇိုင်းတွေ ဖော်တဲ့ ဌာန မှာ လုပ်ချင် ပါတယ် ။ အဲဒီမှာ လုပ်ချင်တာ ကလည်း နှစ်ချက် ရှိတယ် ။ ပထမ တစ်ချက် က ကျွန်မ ကိုယ်တိုင် က ဒီဇိုင်း ကို ဝါသနာ ပါ တာရယ် ၊ ဒုတိယ အချက် က အဲဒီ ဌာန ရဲ့ အကြီးဆုံး တာဝန်ခံ က ကျွန်မ နဲ့ ခင်ပြီး ဖြစ်တဲ့ နွေးနွေး  ဖြစ်နေတာ ကြောင့်ပါ  ”


နွေး က ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ ဆိုသော သဘော နှင့် ကေသီတာ့ ကို သူ့ ပခုံး ဖြင့် အသာ တိုက်ပြီး ရှက်ပြုံး ကို ပြုံးသည် ။ နိုင်ဝင်းထွန်း က တော့ ဘောလ်ပင် ကို မေးဖျားတွင် ထောက် ၍ စဉ်းစားနေသည် ။ သူ ဘာ ကို စဉ်းစားနေသနည်း ။


“ ကောင်းပြီ ၊ နွေးနွေး တို့ ဆက်ရှင် မှာ မကေသီတာ မနက်ဖြန် က စပြီး အလုပ် ဝင်လို့ ရ ပါပြီ ”


အပြန် ပါဂျဲရိုး ကား ပေါ် မှာတော့ ကေသီတာ က ပင် တိတ်ဆိတ်မှု ကို စတင် ဖြိုခွင်းပြီး စကား စ ပြောသည် ။


“ ကေ့ ကို နွေး ရဲ့ ဌာန မှာ လုပ်ခွင့် ပေးတာ ကျေးဇူး အရမ်းတင်ပါတယ် ကိုနိုင်  ”


“ ရပါတယ် ၊ တစ်ကယ် လို့ မကေသီတာ က တစ်ခြား ဆက်ရှင် ကို ပြောရင် တောင် မှ ကျွန်တော် က နွေးနွေး နဲ့ ပဲ တွဲပေး မလို့ပါ ”


“ ကျွန်မ ကိုနိုင့် ကို နောက် တစ်ခု တောင်းဆိုစရာ ရှိသေးတယ် ”


“ ဟုတ်ကဲ့ ပြောပါ  ”


“ ကျွန်မ ကို နေ့တိုင်း ကြို ပို့ နေရတာ ကိုနိုင့် အတွက် တာဝန် ကြီး လွန်း ပါတယ် ၊ ဒီတော့ ကျွန်မ ဘာသာ ပဲ ရုံးတက် ရုံးဆင်း လုပ်ပါရစေလား ရှင်  ”


ကိုနိုင် သည် ကား ကို ဘယ်ဘက် သို့ ချိုးကွေ့ လိုက်သည် ။ထိုသို့ ကားကွေ့ လိုက်ရသည့် အတွက် ရုတ်တရက် စကား ပြန် မပြောနိုင်တာ လား ၊ ဘာ ပြောရမယ် ဆိုတာ ကို စဉ်းစား နေ ၍ စကား ပြန် မပြောနိုင်တာလား ဆိုတာတော့ ကိုနိုင် တစ်ယောက် သာ သိပါမည် ။


“ ကျွန်တော် မကေသီတာ ပြောတာ ကို နားလည် ပါတယ် ၊ ကားကောင်းကြီး စီးပြီး စိတ် မလွတ်လပ်တာ ထက် စာရင် လူကြပ် နေတဲ့ ကား ထဲ မှာ စိတ်ချောင်ချောင် နဲ့ စီး ရတာကို မကေသီတာ ပို နှစ်သက်မယ် ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် ဒီ ကိစ္စ ကို တော့ ကျွန်တော် လိုက်လျော လို့ မရဘူး ၊ ဖေဖေ နဲ့ မေမေ က ကျွန်တော့် ကို အသေအချာ မှာထားတဲ့ ကိစ္စမို့ ပါ ”


“ ဒါဆို ကျွန်မ က အန်တီ့ ကို ဖုန်း ဆက်ပြီး ပြောပြရင် ရော.. ”


“ ခက်တယ် မကေသီတာ ၊ အဲဒီလို ပြော လိုက်ရင် အဲဒီ စကား ရဲ့ နောက် မှာ အဓိပ္ပါယ်တွေ အများကြီး ဖြစ်သွား နိုင်တယ် ၊ မကေသီတာ ရဲ့ မေမေကြီး ကို ပိုင်တယ် ဆိုရင်တော့ ကျွန်တော် ဘာမှ မပြောလိုပါဘူး ၊ ကျွန်တော် ကတော့ ကျွန်တော့် မိဘနှစ်ပါး ကို လုံးဝ မပိုင်ဘူး ”


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment