Saturday, May 20, 2023

ဓာတ်ပုံ ရုပ်သေးဆရာကြီး


 

❝ ဓာတ်ပုံ ရုပ်သေးဆရာကြီး ❞

[ ဓာတ်ပုံပညာရှင် ဦးဌေးဝင်း ( ဘဏ် ) ရိုက်ကူးထားတဲ့ မင်းသမီး ၊ မင်းသား တွေ ရဲ့ ပုံ က ဆွဲဆောင်မှု အား အလွန် ကောင်းတယ် ။ ကြော်ငြာပိုစတာ ၊ ပြက္ခဒိန် တွေ ထဲ မှာ သူ့ လက်ရာ က တစ်မူ ကွဲပြီး အောင်မြင် ထင်ရှားတယ် ။ မင်းသမီး ၊ မင်းသား အနုပညာ နယ်ပယ်သားတွေ နဲ့ ပတ်သက် ဆက်စပ် နေသူ တွေ ရဲ့ ဝတ်ဆင် နေထိုင်ပုံ က တစ်မျိုးတစ်ဘာသာ ဖြစ်လေ့ ရှိတယ် ။ အများစု က ခေတ် ဆန်တယ် ။ ဦးဌေးဝင်း ( ယခု အသက် ၅၈ နှစ် ) က တော့ အသားညိုညို ၊ လူပုံ က ဝဖိုင့်ဖိုင့် ၊ အဖြူ ၊ အနက် ရောယှက် ရှုပ်ထွေး နေတဲ့ ဆံပင်ရှည် ကို ခေါင်းထိပ် မှာ စုစည်း ထုံးနှောင် ပြီး နေလေ့ ရှိတယ် ။ လူတွေ ရဲ့ ဆွဲဆောင်မှု ကောင်းလှတဲ့ အသွင် ကို အမိအရ ဓာတ်ပုံ ရိုက် ယူနိုင်တဲ့ ပညာရှင် နဲ့ မတူဘဲ ရှေးဗမာ ရုပ်သေးဆရာကြီး တစ်ယောက် နဲ့ ဦးဌေးဝင်း က အသွင် တူပါတယ် ။

သူ့ ကင်မရာ ရှေ့ကို ရောက် လာတဲ့ လူ ၊ သရုပ်ဆောင် တွေ ကို အကောင်းဆုံး ရုပ်ပုံတွေ ထွက် လာ အောင် သူ ဖန်တီးတယ် ။ သူ ညွှန်ပြတဲ့ အနေအထား ၊ သူ ဖန်တီးတဲ့ အလင်းအမှောင်တွေ ထဲ မှာ ပုံကောင်းတွေ ဖြစ်လာတယ် ။

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ထက်ထက်မိုးဦး ၊ နန္ဒာလှိုင် မှ သည် ဝိုင်းစုခိုင်သိန်း ၊ နန်းဆုရတီစိုး အထိ ဦးဌေးဝင်း ( ဘဏ် ) ရိုက်ကူးပေးတဲ့ ရုပ်ပုံလွှာ တွေ ဟာ သိန်းသန်း ချီပြီး လူတွေ ကြား မှာ နှစ်သက် ပြန့်နှံ့ နေပြီး နှစ်သက် မြတ်နိုးစွာ သိမ်းဆည်း ခံ နေကြရတယ် ။ သူ့ အနုပညာ သက်တမ်း ကြာပြီ ဖြစ်ပေမယ့် သူ က အင်တာဗျူး ခံလေ့ မရှိဘူး ။ ကျွန်တော် က ခွင့် တောင်းတဲ့ အတွက် သူ့ ဘဝ သူ့ အကြောင်း ကို ယခု လို ပြောပြ ပါတယ် ။ ]

•••••   •••••   •••••   •••••

ကျွန်တော့် ကို ညောင်တုန်း မှာ မွေး တယ် ။ အဖေ က စက်ချုပ်တယ် ။ နောက် စတိုးဆိုင် ပါ တွဲ ဖွင့်တယ် ။ ကျွန်တော်တို့ ငယ်ငယ် က ညောင်တုန်း မှာ ဂနီစတိုး ဆို တာ ရှိတယ် ။ ပိုင်ရှင် က ဂနီ တဲ့ ၊ ကု,လား ။ ယခုတော့ အိန္ဒိယ ပြန် သွားပြီ ။ သူ့ ဆိုင် ကို ဈေး လာ ဝယ်ချင် အောင် ဆိုင် အလယ် တည့်တည့် မှာ စွန်ပလွန်ယိုပုံး ကို ဖွင့်ချ ထားတယ် ။ ဈေး လာ ဝယ်တဲ့ လူတွေ စွန်ပလွန်ယို နှိုက်စား လို့ ရတယ် ။ ကျွန်တော်တို့ လို ကလေးတွေ ဈေးဝယ် နဲ့ ပါ လာရင် ဝတ်လာတဲ့ ပုဆိုး ကို ခါးပုံစ လုပ်ကြစမ်း ဆိုပြီး ပဲကြီးလှော် ကို လက် နဲ့ ဆုပ် ပြီး ထည့် ပေးတယ် ၊ စား ပြန်ကြ ။

ကျွန်တော်တို့ မှာ မောင်နှမ ခြောက်ယောက် ရှိတယ် ။ အမေ က ကျွန်တော် ခုနစ်နှစ် သား မှာ ဆုံးတယ် ။ အမေ ဆုံး တော့ ကျွန်တော်တို့ မိသားစု အဆင် ပြေ အောင် စတိုးဆိုင် ဖွင့် ဖို့ ကု,လားကြီး ဂနီ က တိုက်တွန်းတယ် ။ အိမ် မှာ စက်ချုပ်ဆိုင်လေး တစ်ဘက် စတိုးဆိုင်လေး တစ်ဘက် ပေါ့ ။ စတိုးဆိုင် ကတော့ ကု,လားစတိုးဆိုင် ရဲ့ လက်ဝေ ခံ ပေါ့ ။ ကျွန်တော် ငယ်ငယ် က စတိုးဆိုင် မှာ ပစ္စည်း ထည့် တဲ့ မှန်ပုံး ပေါ် တက် ထိုင်ပြီး ဈေးရောင်း ရရင် သိပ် ပျော်တယ် ။ ဆိုင် မှာ အလှကုန်တွေ ပိတ်စတွေ ရောင်း တယ် ။

တောဘက် က ကရင်တွေ ညောင်တုန်း တက် လာပြီး ဈေးဝယ် တာ နဲ့ ပြော ရင်း ကျွန်တော့် မျက်စိ အောက် မှာ တင် အဖေ ကရင် စကား တတ် သွားတယ် ။ အဖေ က ထက်မြက်တယ် ။ ကု,လားစကား လည်း သုံးမျိုး လောက် တတ်တယ် ။

အမေ ဆုံး တဲ့ ကျွန်တော့် အသက် ခုနစ်နှစ် အထိ ကျွန်တော် ကျောင်း မနေရ သေးဘူး ။ ကျွန်တော်တို့ ကျောင်း က ညောင်တုန်း အရှေ့ပိုင်း မူလတန်းကြီးကျောင်း တဲ့ ။ လေးတန်း ရောက် တော့ စာတော် လို့ စကောလားရှစ် ဖြေ ရတယ် ။ ကျောင်း နေတာ နောက်ကျ ပြီး အသက် က ကြီး နေ တော့ ဆရာ အတန်း ထဲ က အခြား ကျောင်းသား တစ်ယောက် ရဲ့ မွေးသက္ကရာဇ် ကို ပေးပြီး ဖြေ ခိုင်းတယ် ။

ဒါ့ကြောင့် အောင်လက်မှတ်တွေ ထဲ မှာ အသက် မှန် ထက် ကျွန်တော် သုံးနှစ် ငယ် နေတယ် ။

ကျွန်တော်တို့ ကျောင်း က အသင်အပြ စနစ် ကျတယ် ။ ကျောင်းသား တွေ လက်ရေး လက်သား လှတယ် ။ ဘဏ် မှာ အလုပ် လျှောက်တော့ လူ ရုပ် နဲ့ လက် ရေး က ကွာ နေတော့ ကျွန်တော့် ကို နှစ်ခါ ခေါ်ပြီး လက်ရေး ရေး ခိုင်း ပြီး မှ ခန့်တာ ။ ကျွန်တော် ကလည်း တက္ကသိုလ် တက် လက်စ ရန်ကုန်ဆိပ်ကမ်း မှာ ၃ ကျပ် ၈၅ ပြား နဲ့ ကုန်ထမ်း လက်စ နဲ့ ဘဏ် မှာ အင်တာဗျူး ဝင် ဖြေတာ ။ ၁၉၆၉ ခု မှာ အလုပ် ဝင်ပြီး ၁၉၈၇ မှာ အငြိမ်းစား ယူခဲ့တယ် ။

ကျွန်တော့် ကို ဓာတ်ပုံပညာ စသင် ပေးတာ က ဘုန်းတော်ကြီး ။ ညောင်တုန်း မှာ ကျွန်တော် တို့  အိမ် နဲ့ မျက်နှာချင်းဆိုင် မှာ ဘုန်တော်ကြီးကျောင်း တစ်ကျောင်း ရှိတယ် ။ ကျွန်တော်တို့ မြို့ မှာ အချို့ ဦးဇင်း တွေ က ဓာတ်ပုံပညာ တတ်တယ် ။ သူတို့ ရည်ရွယ်ချက် က ဆွမ်းခံအိမ် ဆွမ်းရှင်တွေ က နေ့စဉ် ဆွမ်းလောင်း နေ တာမို့ တုန့်ပြန်မှု ပေး ချင်တယ် ။ အဲသည် အိမ်တွေ ရဲ့ လိုအပ်ချက် က ဘာလဲ ၊ နာရီ ရေဒီယို ပြင်တတ် ရင် ပြင် ပေးတယ် ၊ ဓာတ်ပုံ ရိုက် တတ်ရင် ရိုက် ပေးတယ် ။

ဦးဇင်း က သူ့ ကျောင်း ထဲ မှာ ပဲ Dark room ( အမှောင်ခန်း ) လုပ်ထားတယ် ။ ရိုလီကော့ ဝမ်းတွမ်တီး ကင်မရာ နဲ့ ရိုက်ပြီး ဖလင် ဆေး ရာ မှာ ကျွန်တော် တို့ ပါ ရတယ် ။ ဦးဇင်း တွေ ဆို တော့ ဒါ လုပ်စမ်း ဒါ လုပ်စမ်း ခိုင်း တာပေါ့ ။ ကိုယ် က လုပ်ရတာ ပျော် နေတာ ။

ဓာတ်ပုံပညာ တတ် ပေမယ့် ကင်မရာ ဝယ် နိုင်တာ က အလုပ် ထဲ ရောက် မှ ။ ၁၉၇၄ ခု မှာ ဘိုင်ကလင်ဒါ ဂျာမဏီ ကင်မရာ စ ဝယ်တယ် ။ နောက် ရာရီကာ သာတီဖိုက် ဝယ် ကိုင်တယ် ။ စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက် တွေ မှာ မင်္ဂလာဆောင်လေး ၊ အလှူလေး တွေ လိုက် ရိုက်တယ် ။ ဝန်ထမ်း ဆိုတော့ အပေါင်းအသင်း များပြီး ရိုက် ရတယ် ။ စ ရိုက်တုန်း က တော့ ပိုက်ဆံ ရကောင်းစေ လုပ်ခဲ့တာ မဟုတ်ဘူး ။ ဓာတ်ပုံဝါသနာ ပါ လို့ လုပ်ရင်း နဲ့ ဖြစ်လာတာ ။ ကာလာကူး တာ ပေါ်လာတဲ့ အချိန် မှာ စက်တွေ မှာပြီး လုပ်တယ် ။ ခေတ်ဦး စ လုပ်ကြတဲ့ အထဲ မှာ ကျွန်တော် ပါ ခဲ့တယ် ။

ကိုယ် ရိုက်တဲ့ ပုံ ကို ကိုယ်တိုင်ကူး - ဆေး တော့ သဘာဝ တွေ ပို သိလာတယ် ။ မူရင်း ကောင်း မှ မိတ္တူ ကောင်းတယ် ဆိုတဲ့ စကား လိုပဲ ၊ ကိုယ် ဓာတ်ပုံ ရိုက်တဲ့ အခါ ဘာတွေ လိုအပ်တယ် ဆိုတာ ကိုယ်တိုင် မြင် လာတယ် ။

ကင်မရာ ရော ၊ ဖလင် ရော ၊ ကူးတဲ့ ဆေးရော အားလုံး နိုင်ငံခြား က လာတာ ။ ကျွန်တော်တို့ က ဘာ လုပ်နိုင် သလဲ ဆိုတော့ exposure ( အလင်း အမှောင် ချိန်ဆ ဓာတ်ပုံရိုက်ခြင်း ) မှန်အောင် ရိုက်နိုင် ရမယ် ၊ ပင်ကိုယ် အရည် အသွေး နဲ့ ပေါင်းစပ်ပြီး ရိုက်လာတဲ့ ဖလင် ကို မှန်ကန်တဲ့ ဆေး နဲ့ ဆေးနိုင် ရမယ် ၊ ကိုယ်တိုင် ကြိုးစား လုပ် မှ ပုံကောင်း ထွက်တာ ။

ကြော်ငြာပိုစတာ ရိုက်တဲ့ အခါ မှာ Location ( တည်နေရာ ) က အဓိက ။ Exposure က ဒုတိယ ၊ modeling ( ဟန်ပြသရုပ်ဆောင်ခြင်း ) က တတိယ လို့ ကျွန်တော် ယူဆတယ် ။ အဲသည်လို ကျွန်တော် ပြောရင် သရုပ်ဆောင် တွေ က သူတို့ ကို နောက်ဆုံး မှာ ထားတယ် ဆိုပြီး ကျေနပ်ချင် မှ ကျေနပ်မယ် ။

Location ဆိုတာ ဘက်ဂရောင်း ( back ground - နောက်ခံ ) ပေါ့ ။ ပုံ ထဲ မှာ လက် လေးလုံး ပဲ ပါပါ ၊ တစ်ပေ နှစ်ပေ ပါပါ အရေး ကြီးတယ် ။ ဒီ တစ်ယောက် ကို ဒီ နေရာ မှာ ရိုက် ပြီး ရင် နောက် တစ်ယောက် ကို အဲသည် နေရာမှာ ထပ် ရိုက်ဖို့ ကျွန်တော် စိတ် မကူးဘူး ။ Location ပြောင်း သမျှ ပြောင်း သမျှ အရေး ကြီးတယ် ။ ပြီးရင် exposure  ။ အလင်းပေးမှု မှန် ရမယ် ၊ အပါချာ ( aperture - အလင်းဝင်ပေါက် ) မှန် ရမယ် ။ Modeling ကို Location နဲ့ ပေါင်းရာ မှာ ပေါင်းတတ် ဖို့ လိုတယ် ။ ဥပမာ သူ က အနီ ဝတ် ထားတယ် ၊ ကျွန်တော် က Location အနီ နဲ့ ပေါင်းစပ် ပေးလို့ မရဘူး ။ ခက်တယ် ။ သူ ဝတ်ထားတဲ့ အဝတ် နဲ့  Location နဲ့ ကိုက်ညီပြီး အလင်းပေးမှု နဲ့ ပေါင်းစပ် မှ မှန်ကန်တဲ့ ပုံကောင်း တစ်ခု ကို ရမယ် ။

ကျွန်တော် အလုပ် လုပ် ရတာ တစ်နှစ် ထက် တစ်နှစ် ထမ်း ရတဲ့ ဝန် က ပို ပို လာတယ်လို့ ခံစား ရတယ် ။

ဥပမာ ဆိုပါတော့ မန္တလေး က ဝိန့်စိန်ရွှေဆိုင် ကြော်ငြာ ပိုစတာ ကို လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် ကတည်း က နှစ်စဉ် ကျွန်တော် ရိုက်တယ် ။ လွန်ခဲ့တဲ့ ဆယ်နှစ် က ထက်ထက်မိုးဦး နဲ့ ရိုက်တယ် ။ အခု နှစ် ဝိုင်းစုခိုင်သိန်း ၊ နန်းဆုရတီစိုး နဲ့ ရိုက်တယ် ။ ထက်ထက်မိုးဦး နဲ့ ရိုက်ခဲ့တဲ့ ပိုစတာ ကို သူ့ အချိန် သူ့ အခါ မှာ လူကြိုက် များ သလို ဒီနေ့ တက်သစ်စ မျက်နှာသစ် ဝိုင်းစုခိုင်သိန်း ကို အခု ခေတ် ၊ အခု လူ ၊ အခု ပိုင်ရှင် က ကြိုက်နှစ်သက် လက်ခံအောင် ကျွန်တော် ကြိုးစား ရတယ် ။ ကွဲလွဲချက်တွေ က အချိ န်နဲ့ အမျှ ရှိတယ် ။ ပိုင်ရှင် ဖြစ်တဲ့ ကိုခင်မောင်အေး က လွန်ခဲ့တဲ့ ဆယ်နှစ် ထက်ထက်မိုးဦး ကို ရိုက်တဲ့ ပိုင်ရှင် နဲ့ ဒီနေ့ ဝိုင်းစုခိုင်သိန်း ကို ရိုက် ပိုင်ရှင် တစ်ယောက် တည်း ပဲ ။ ဒါပေမယ့် သူ့ အမြင် သူ့ အကြိုက်တွေ က ပြောင်း နေပြီ ။

ဝိုင်းစုခိုင်သိန်း က လည်း ထက်ထက်မိုးဦး အိုင်တင် မျက်နှာ အတိုင်း လိုက် လုပ်ဖို့ မဟုတ်ဘူး ။ သူ့ ကိုယ်ပိုင် ဟန် နဲ့ သူ ပဲ ။ လူ ပြောင်း ရင် ကာရိုက်တာ ပြောင်း ရမယ် ။

သည် မင်းသမီး ကို ဟို ဓာတ်ပုံဆရာ လည်း ရိုက်တယ် ၊ သည် ဓာတ်ပုံဆရာ လည်း ရိုက်တယ် ၊ ကျွန်တော် က အခြား သူတွေ နဲ့ ပြိုင် ရတာ မဟုတ်ဘဲ ကျွန်တော့် ကိုယ် ကျွန်တော် ပဲ ပြိုင် နေရတယ် ။ သူများ ကြော်ငြာတွေ နဲ့ ပြိုင်ဖို့ မဟုတ်ဘူး ၊ ကိုယ် ဟာ ကိုယ် တစ်ကြိမ် ထက် နောက် တစ်ကြိမ် ပို ကောင်းအောင် ကျွန်တော် ကြိုးစား နေ ရတယ် ။ ကိုယ် ရှေ့ က ကိုယ် ရိုက်ခဲ့တဲ့ ပုံ ကို အခု ရိုက်မယ့် ပုံ က သာ အောင် ပြိုင် နေရတယ် ။ ပင်ပန်းတာပေါ့ ။ ပင်ပန်းလို့ ဆက် မတက်ချင် လို့ လည်း မရဘူး ၊ လှေကားထစ်တွေ က တက်ဖို့ ရှိနေဆဲ ပဲ ။

ကြိုးစားရမှာပဲ ။ မျက်နှာသစ် ကို လူ ကြည့် ချင်အောင် ပြနိုင်ရမယ် ၊ လှည့် ကြည့် မိအောင် ပြနိုင် မှ ။ ပုံ တစ်ပုံ ပေး လိုက်ရင် နောက် တစ်ပုံ ထပ် တောင်းတဲ့ အဆင့်မျိုး ဆိုရင် ဒီ ပုံ အောင်မြင်တယ် ။ ပုံ တစ်ပုံ ပေးလို့ လိပ်ပြီး အိတ် ထဲ ထိုးထည့် လိုက် ရင်တော့ ကိုယ့် ပုံ က အရည်အသွေး ကျပြီ ဆိုတဲ့ သဘောပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment