❝ ချိုမြသော ဝေဒနာတေးသံ ❞
“ မင်းတို့ ချင်း မေတ္တာ မျှ နေကြတာ ကို ဦး အနေနဲ့ နားလည်ပေးပါတယ် ၊ အပြစ် မပြောလိုပါဘူး ၊ မင်းတို့ မိသားစု အကြောင်း ကို လည်း စုံစမ်းပြီးပါပြီ ၊ ဒါပေမဲ့ မင်း ရဲ့လုပ်ငန်း က လည်း အခုမှ အောင်မြင်ခါစ ဆိုတော့ စီးပွားရေး ကို ဒီထက် အောင်မြင်အောင် ကြိုးစားစေချင်သေးတယ် ၊ အခု မင်း ရဲ့ စည်းစိမ်လောက် နဲ့ တော့ ငါ့ သမီး နဲ့ မပေးစားနိုင်သေးဘူး မောင်ညီညီ ၊ အဲဒီတော့ မင်း ကို အချိန် ( ၂ ) နှစ် ပေးမယ် ၊ ကျော် သွားလည်း ကိစ္စ မရှိပါဘူး ၊ အဲဒီ အချိန် ရောက်မှ ပြန်လာခဲ့ ကွာ ”
လွန်ခဲ့တဲ့ ( ၂ ) နှစ် က ကျွန်တော် နဲ့ မအေး ချိန်းတွေ့ခဲ့ကြ ဖူးတယ် ။ သူ့ အစ်ကို နဲ့ မိ သွားတဲ့ နောက်ပိုင်း ဦးကျော်ခေါင် က သူ့ အိမ် မှာ ခေါ် ပြောလိုက်တဲ့ စကားတွေ ပါ ။ ကြာခဲ့ပေမဲ့ နား ထဲ မှာ ကြားယောင် နေတုန်း ပဲ ။ သကာများ လို အပြော ချို ပေမဲ့ နား ထဲ မှာ တော့ ခါး မိတယ် ။ ဒါဟာ ကျွန်တော့် ကို စိန်ခေါ် လိုက်တာ ။ လူ ကို အိမ် အထိ ခေါ်ပြီး သက်သက် စော် ကားတာ ။ သူ့ လို သင်္ဘောတွေ ၊ စက်လှေတွေ ပွဲရုံတွေ မပိုင်ဆိုင် ပေမဲ့ ကျွန်တော် လည်း သူ့ သမီး ကို တင့်တောင်းတင့်တယ် ထား နိုင်ပါတယ် ။ ဒါကို သူ က အားမရနိုင် သေးဘူး ။
အခုတော့ သူငယ်ချင်း တစ်ယာက် ရဲ့ အလုပ် ထဲ ရှယ်ယာ ထည့် ထားပြီး အလုပ် ရှိ ရာ တောင် ပေါ် ကို ရောက်ရ ပြန်ပြီ ။ အရင် က လည်း ဒီ တောင် ရဲ့ အောက်နား က “ ငပိန် ” ဆိုတဲ့ တောင် ပေါ် မှာ အလုပ်သမား ဘဝ နဲ့ လုပ်ခဲ့ဖူးပါတယ် ။ အဆင်ပြေ ခဲ့လို့ ရွာ မှာ လည်း မြေ ၊ ယာ ၊ ရွှေထည်ပစ္စည်းလေး တွေ နဲ့ ၊ စက်လှေ တစ်စီး ပါ ဝယ်နိုင် ခဲ့တယ် ။ ဒီ တစ်ခါတော့ ငပိန်တောင် ရဲ့ အထက် က “ အာကာသ ” တောင် ပေါ် ကို ရောက် နေပြီ ။
ဒီ တောင် ပေါ် မှာ ရော်ရွက်ဝါတွေ ကြွေ ပြီး ပုရစ်ဖူးတွေ ဝေ ခဲ့တာ နှစ်ခါ ရှိခဲ့ ပေါ့ ။ ဒီနေ့ နွေ ညနေ ရဲ့ နေပူရှိန် က အားကောင်း လိုက်တာ ။ လေ က တဟူးဟူး တိုက် လို့ ။ ဘယ်သူတွေ လှဲ သွားမှန်း မသိတဲ့ လူ နှစ်ဖက် လောက် ကျွန်းငုတ် ပေါ် ထိုင်ပြီး အနောက်ဘက် အရပ် ဆီကို ငေး ကြည့် နေမိတယ် ။ မြေပြန့် မှာ လှမ်း မြင် နေရတဲ့ ဖြူဖြူ အကွက်လေး က “ မာလဲနတ်တောင် ” ရေလှောင်တမံ ။ ပူပြင်းတဲ့ ဒဏ် ကို သူ လည်း ခံနေရ ရှာပြီ ။ သူ့ ကို ကျော်ပြီး ကြည့်မိပြန်တော့ ဧရာဝတီမြစ်ကြီး ဟာ လည်း ချောင်းငယ်လေး လို သေးသေးလေး ။ ဧရာဝတီ ကို ခပ်ပျပျ မြင် ရတော့ ချင်းတွင်းမြစ် ဘေး က ကျွန်တော် ရဲ့ ရွာလေး ကို လှမ်း မမြင်ရပေမဲ့ လွမ်းနေ မိတယ် ။ တစ်ဆက် တည်း မှာ ပဲ သူမ ကို လည်း လွမ်းနေရပါတယ်လေ ။ လွမ်းနေရပါတယ် ။
••••• ••••• ••••• •••••
အသက်အရွယ် အားဖြင့် မအေး က ကျွန်တော့် ထက် ၂ နှစ် ကြီးတယ် ။ ဒါပေမဲ့ “ ကိုကို လို့ ခေါ်တာ ။ တန်ဖိုး ထားလို့ ခေါ်တာပေါ့ ” တဲ့ ။ သူ့ ကို လည်း တန်ဖိုး ထားရမယ် တဲ့ ။
ဟုတ်တာပေါ့ ။ ချစ်သူ ဘဝ ဆိုတာ တစ်ဦး နဲ့တစ်ဦး တန်ဖိုး ထား ရမယ် ။ ယုံကြည် ကြရမယ် ။ ယုံကြည်မှု ကို အလွဲသုံးစား လဲ မလုပ်ကြေး ၊ ဟန် မဆောင်ကြေး ၊ သစ္စာ ရှိကြေး ပေါ့ ။ ရွာ က ဈေးသည် အဒေါ်ကြီး ရဲ့ အကူအညီ နဲ့ မို့ စာလေးတွေ တော့ ဖတ်ရပါတယ် ။ မအေး က စာ အရေးအသား ကောင်းတယ် ။သူ့ စာလေးတွေ ဖတ် ရတာ အနား မှာ လာ ထိုင်ပြီး ပြောနေ သလိုလို ။ စာ ရဲ့ အဆုံးမှာ “ ဝေးတစ်မြေ မှ အေး ” တဲ့ ။ သူ နေ တဲ့ အမြင့်မြို့ နဲ့ ကျွန်တော့် ရွာ “ ခွန်သာရွာ ” ကို ချင်းတွင်းမြစ်ကြီး က ခြား ထားတာ ။ ပင်လယ်ကြီးများ ခြား ထားရင် မအေး ရင်တွေ ကွဲ မလားပဲ ။ ချစ်ရှာ တာ ကိုး ။
“ အဖေ နဲ့ အစ်ကို က လည်း အရမ်း ချုပ်ချယ်ကြတယ် ။ တစ်ဦးတည်း သော သမီးလေးရယ် လို့ အလို မလိုက်ကြဘူး ။ စည်းကမ်းတွေ က တင်းကျပ်တာ မို့ လောင်းရိပ် မိ တဲ့ ပန်းပင်လေး လို ခံစားရတယ် ကိုကို ။ ဒီအကြောင်းတွေ တွေးတိုင်း သူတို့ နဲ့ ဝေးဝေး မှာ နေချင်ပြီး အထီးကျန် ဘဝ ကို ပဲ တပ်မက် မိ နေ သေးတယ် ။ ဒါကြောင့်မို့ လည်း ကိုကို နဲ့ မတွေ့ဖြစ်တာပေါ့ ။ အေး ကို မချစ်ကြဘူး ထင်ပါရဲ့ ကိုကို ရယ် ။ ကိုကို့ ရင်ခွင် ထဲ မှာ သာ နေချင် တော့တယ် ။
ဒီလို စာမျိုး ဖတ်ရရင် လောင်းရိပ်ကြောင့် မလန်းစွင့် နိုင်တဲ့ ပန်းကလေး ကို ပြေး မြင်ကာ ကျွန်တော့် သွေးတွေ က စိတ် မကောင်းခြင်းတွေ နဲ့ ရောထွေးပြီး ဆူပွက် လာ ရတယ် ။ လူကြုံ နဲ့ စာတွေ သာ ပို့ကြပေမဲ့ နှစ်ဦးသား တွေ့ ဖို့ က မလွယ်လှဘူး ။ မအေး အစ်ကို က အတော်ဆိုး ဆိုပဲ ။ နာမည် က သိန်းဟန် တဲ့ ။ လူ ကို တော့ မမြင်ဖူးပါဘူး ။ နှမ ထိ ဓားကြည့် ဆိုပြီး သူ့ မြို့လေး မှာ ကျိန်း နေတာ တဲ့ ။ မအေး စာ ထဲ မှာ လည်း အဲဒီလို ဖတ် ရတော့ ခပ်လန့်လန့် ။ အခုဆို မအေး နဲ့ မတွေ့ရတာ ( ၅ ) လ ရှိ သွားပြီ ။ စာတွေ ဖတ် နေ ရုံနဲ့ မတင်းတိမ် နိုင် ။ လူချင်း တွေ့ချင် လှပြီ ။ “ မအေး က လည်း တွေ့ချင်တာပေါ့ ” တဲ့ ။ သူ့ မြို့လေး ရဲ့ တွေ့ နေကြ နေရာ မှာ ချိန်းထားတာ မို့ သွားရ ဦးမယ် ။
••••• ••••• ••••• •••••
“ လွမ်းလိုက်တာ ကိုကို ရယ် ”
ပြောရင်းနဲ့ မအေး က ကျွန်တော့် ကို ပြေး ဖက်တယ် ။ နှစ်ယောက်သား ကပ် ထားတဲ့ ရင်တွေ က တဒိန်းဒိန်း နဲ့ ခုန် လို့ ။ တစ်ယောက် နဲ့ တစ်ယောက် မခွဲတော့ ဘူး လိုပဲ ။ လက်တွေ က တင်းကျပ် သထက် တင်းကျပ် လာ ကြတယ် ။
မတွေ့ရတာ ကြာ ပြီကိုး ။ ချစ်သူ ကို ပျောက်သွားမဲ့ အလား စိုးရိမ် နေ ကြတယ် ။ လူချင်း ခွာတော့ မအေး ရဲ့ မျက်ဝန်း မှာ မျက်ရည်စတွေ နဲ့ ။ ဝမ်းသာမှု ၊ ဝမ်းနည်းမှု တွေ ရောထွေး နေမှန်း ကျွန်တော် သိ တာပေါ့ ။ စိုနေတဲ့ မျက်ရည်စတွေ ကို လက်ညိုး နဲ့ ဖယ်ရှား ပေး လိုက်တယ် ။ မေးလေး ကို မော့ စေကာ နဖူးလေး ကို နမ်း လိုက်တော့ မအေး က ရှက် သွားပြီး ကျွန်တော့် ရင်ခွင် ထဲ ကို တိုးဝင် ပြန်ရော ။ ဖက်ထားရင်း က ရုတ်တရက် ဆတ်ခနဲ လူချင်း ခွာပြီး အထိတ်တလန့် စကား ဆိုတယ် ။
“ ဟင် ... ကိုကို ၊ ဟိုမှာ အစ်ကို လာ နေပြီ ”
မအေး ညွှန်ပြတဲ့ ဆီ ကို ကြည့် မိတော့ လူရိပ် မြင်ရပေမဲ့ ဘယ်သူမှန်း မသဲကွဲ ဘူး ။ သူ့ အစ်ကို ကို လည်း ကျွန်တော် မမြင်ဖူးဘူးလေ ။
“ ဟုတ်လို့လား မအေး ရယ် ”
“ ဟုတ်တယ် ကိုကို ရဲ့ ”
မအေး က တော့ သူ့ အစ်ကို ရဲ့ ပုံသဏ္ဍာန် ကို သိမှာပဲ ။
“ ဟုတ်လို့လား မအေးရယ် ”
ကျွန်တော် သေချာအောင် ထပ် မေးတယ် ။
“ ဟုတ်တယ် ၊ ဒီကို လာ တာ လားတော့ မသိဘူး ”
“ ပုန်း နေလိုက်ပါ ”
ပြောရင်း နဲ့ မအေး ကို တမာပင် နဲ့ ကွယ်ထား ပေး လိုက်တယ် ။ ကျွန်တော် လည်း အပင် နဲ့ ကွယ် ရင်း ၊ ခေါင်းပြူ ပြီး အကဲခတ် ကြည့်နေတယ် ။ ရင်တော့ အမော သား ။ ကိုသိန်းဟန် ရဲ့ လက် ထဲ က နေရောင် ကြောင့် လက်ခနဲ ဖြစ်သွားတဲ့ အရာ က ဘာပါလိမ့် ။ တွေးရင်း နဲ့ ကျောချမ်းမိသေး ။ တဖြေး တဖြေး နဲ့ နီး လာပြီ ။ ပြေး ဖို့ ရာ လည်း အခြား လမ်း မရှိ ။ တမာပင် ရဲ့ အနောက်ဘက် ဝါး တစ်ရိုက် အကွာ က ကမ်းလုံးပြည့် နေတဲ့ ချင်းတွင်းမြစ် ။ ဘေးဘက် က ချုံ နွယ်ပုတ်တွေ နဲ့ လူ တိုး လို့ မပေါက် ။ အသွား အပြန် လမ်း က ကိုသိန်းဟန် လာ နေတဲ့ ဘက် မှာ ။ တွေးနေရင်း နဲ့ ရှေ့ ကို ရောက် လာပြီ ။ စောစောက လက်ခနဲ မြင်လိုက်တာက လက်ပတ်နာရီ မို့ တော် သေးတယ် ။ ကိုသိန်းဟန် က ကြို သိ နေသလားပဲ ။ သစ်ပင် အကွယ် က မအေး ကို ဆွဲ ခေါ် လိုက်တယ် ။
“ မအေး ကို ဘာမှ မလုပ်ပါနဲ့ဗျာ ” လို့ ကျွန်တော် ပြော ပေမဲ့ ကိုသိန်းဟန် က ဘာမှ ပြန် မပြောဘူး ။ ကျွန်တော့် ကို တစ်ချက် ကြည့်ကာ လှည့် ထွက် သွားတယ် ။ သူ့ မျက်လုံးတွေ ထဲ မှာ ဒေါသ အရိပ်တွေ မတွေ့တာ က အံ့ဩစရာ ။ သူ့ ညီမ ကိုတော့ ဆုံးရှုံး ရ မှာ စိုးရိမ်ကြောင့်ကြ နေ သလိုမျိုး ။ ယက်ကန် ယက်ကန် နဲ့ ပါ သွားတဲ့ မအေး ကို လည်း ကျွန်တော် သနား လာ မိတယ် ။ အိမ် ရောက် ရင် ကိုသိန်းဟန် က ရိုက် နေ မှ ဖြင့် ဒုက္ခ ။ ဘာမှ မလုပ်ပါစေ နဲ့ လို့ သာ ဆုတောင်း နေ မိတယ် ။
••••• ••••• ••••• •••••
နွေဦးရာသီ မို့ လေရူးတွေ လည်း မြူး နေကြတယ် ။ မြင်ရတဲ့ ပတ်ဝန်းကျင် တိုင်း ဟာ သွေ့ခြောက်ခြောက် နဲ့ ။ ရော်ရွက်ဝါတွေ လည်း ကြွေကျ နေ ကြပြီ ။ တစ်ချို့ အပင်တွေ ဆို ပင်လုံးကျွတ် ကြွေပြီး လို့ ပုရစ်ဖူးလေးတွေ ရဲ နေတာလည်း တွေ့ ရတယ် ။ ရာသီတွေ ပြောင်းခဲ့ သလို ကျွန်တော့် လုပ်ငန်း ရှိတဲ့ တောင်ပေါ်ဒေသ က လည်း လုပ်ငန်းတွေ အောင်မြင် လာပြီ ။ လုပ်ငန်း ကို စိတ်ချရတဲ့ လူ နဲ့ ထားခဲ့ပြီး ရွာ ကို ခဏ ပြန်လာ ခဲ့တယ် ။ ကျွန်တော် အိမ် ကို ပြန် ရောက်ပြီး နှစ်ရက် လောက် ကြာ တော့ မန္တလေး မှာ နေတဲ့ ဦးလေး တစ်ယောက် ရွာ ကို အလည် ရောက် လာတယ် ။ ကျွန်တော် တို့ အိမ် ကို ရောက်တော့ မတွေ့ရတာ ကြာပြီမို့ အမေ နဲ့ ဦးလေး က လည်း စကား ကောင်း နေ ကြတယ် ။
“ ဒီမှာ ထမင်း စား သွား ၊ ငါ ဟင်း နွေး ဦးမယ် ၊ ထမင်းပွဲ အဆင်သင့် ဖြစ်ရင် လှမ်း ခေါ် လိုက်မယ် ”
အမေ က ပြောပြီး ထ သွား တယ် ။ အမေ မရှိတော့ မှ ဦးလေး နဲ့ စကား ပြောဖို့ ဟန် ပြင် လိုက်ချိန် မှာ ...
“ ညီညီ ”
ခေါ်သံ ကြား လို့ လှည့် ကြည့်မိတော့ ပိန်ချုံး နေတဲ့ လူ တစ်ယောက် ။ ဘောင်းဘီတိုလေး တစ်ထည် သာ ဝတ် ထားပြီး ကိုယ် ပေါ် မှာအင်္ကျီ မပါဘူး ။ သေချာ ကြည့်မိ မှ ဇော်ဇော် ဖြစ် နေတယ် ။ မတွေ့ရတဲ့ ၂ နှစ် ကျော် အတွင်း မှာ အရမ်း ကို ပိန် သွား တာ ။
“ ဇော်ဇော် ၊ လာ ထိုင် လေကွာ ”
“ မထိုင်တော့ဘူး မင်း ဆီ ပိုက်ဆံ လာ တောင်းတာ ၊ မင်း မရှိတော့ ငါ့ မှာ ပေးမဲ့ သူ မရှိဘူး ၊ သုံးစရာ မရှိဘူး ”
ခါတိုင်းလည်း ပေးနေကျ မို့ ဇော်ဇော် က မုန့်ဖိုး လာ တောင်းတာပါ ။ အိတ်ကပ် ထဲ က ထောင်တန် ငါးရွက် ပေး လိုက်တော ဇော်ဇော် ပြန် သွားတယ် ။ ဦးလေး က ဇော်ဇော် ရဲ့ကျောပြင် ကို စိုက်ကြည့် နေတယ် ။
“ ဦးလေး ရွာ မရောက်တာ ကြာပြီနော် ”
ကျွန်တော် ပြောလိုက်မှ ဦးလေး က ဇော်ဇော့် ဆီ ကနေ အကြည့် ဖယ်ခွာပြီး စကား ဆိုတယ် ။
“ အံမယ် ... ညီညီ ၊ ငါ မနှစ် က လာပါသေးတယ် ကွာ ၊ မင်း မှ မရှိတာ ”
ကျွန်တော် ပြုံးရင်း နဲ့ စကားပြန် မပြောဖြစ် ။ သောက်လက်စ ပန်းကန် ထဲ ကို သာ ရေနွေးကြမ်း ထပ်ဖြည့် ပေး လိုက်တယ် ။
“ လုပ်ငန်းရော အဆင်ပြေလား ညီညီ ”
“ ပြေပါတယ် ဦးလေး ၊ ဒါနဲ့ ဦးလေး က ရွာ ကို ပြန်လာတာ အလည် သက်သက် လား ”
“ အလည် သက်သက်ပါ ပဲ ၊ ဒါနဲ့ နေပါဦးကွ ၊ စောစောက ကောင်လေး က မင်း သူငယ်ချင်း မို့လား ၊ ငါ မမှတ်မိဘူး ဖြစ်နေတယ် ”
”ဟုတ်တယ် ဦးလေး ၊ ရွာ အနောက်ပိုင်း က ဦးတိုး ရဲ့ သား လေ ”
“ အော် .. ကောင်လေး ကြည့် ရတာ စိတ် မှန် ရဲ့လား ကွ ”
ဦးလေး က စိတ်ရောဂါ အထူးကု ဆရာဝန် ပီပီ လူကဲခတ် နေပြီ ။ သူ အကဲခတ် တာ လည်း မမှားပါ ။
“ ဟုတ်တယ် ဦးလေး ရေ ၊ သိပ်ပြီး စိတ် မမှန်ဘူး ၊ ဦးနှောက် ထဲ ငှက်ဖျားပိုး ဝင်ပြီးတဲ့ နောက် အခုလို ဖြစ် နေတာ ”
“ အေးကွာ ဖြစ်ရလေ ၊ ငတိုး ငါ့ ဆီ ဆက်သွယ် သင့်တယ် ”
“ ပိုက်ဆံ မရှိတော့ အားနာလို့ နေမှာပေါ့ ဗျာ ”
“ ဒီလို ဘယ် ဟုတ်မလဲ ၊ ငါ တတ်နိုင်သလောက် ကူညီမှာ ပေါ့ ၊ တော်သေးတာ မျိုးရိုး လိုက်တဲ့ စိတ်ရောဂါ မဟုတ်လို့ ”
“ အဲဒီလို မျိုးရိုး လိုက်တဲ့ စိတ်ရောဂါ ကို ဦးလေးတို့ ဆေးပညာ က ပျောက်ကင်းအောင် ကု မပေးနိုင်ဘူးလား ဗျ ”
ကျွန်တော် က စူးစမ်း သလို ဦးလေး ကို မေးလိုက်တယ် ။
“ ငါ့ တူ နားလည်အောင် တိုတိုပဲ ပြောပြမယ်လေ ၊ ဆေးပညာ နဲ့ စိတ်ပညာ အရတော့ စိတ် ဖောက်ပြန်မှု တွေ က အမျိုးပေါင်း အများကြီး ရှိတယ်ကွ ၊ ရောဂါ ရဲ့ အမျိုးစုတွေ က လည်း အများကြီးပဲလေ ၊ ဦးနှောက် အစ ရှိတဲ့ ခန္ဓာကိုယ် ထဲ က အင်္ဂါရပ်တွေ တစ်ခု ခု ပျက်စီး ချို့ယွင်း လို့ ဖြစ်တဲ့ ရောဂါ ကို အကြောင်းသိ ရောဂါ ပေါ့ ကွာ ၊ နောက် တစ်ခု က ရူးသာ ရူးနေတယ် ၊ ဘာ့ကြောင့် ရူးနေရသလဲ ဆိုတာ တပ်အပ် မပြောနိုင်တဲ့ ရောဂါ ၊ အကြောင်း မသိတဲ့ ရောဂါ ပေါ့ ”
ဦးလေး ပြောတာတွေ ကို သေချာ မသိပေမဲ့ ကျွန်တော် အာရုံ စိုက်ပြီး နားထောင် နေ မိတယ် ။ ဦးလေး က လည်း သူ့ စကား ကို ဆက် ပြောတယ် ။
“ ဒီလို ဒီအကြောင်း တွေ ကြောင့် ဖြစ်နိုင်လောက်တယ် ဆိုပြီး ခန့်မှန်း ထား တဲ့ သီအိုရီတွေ ကတော့ အများကြီး ရှိတာပေါ့ ၊ ဒါပေမဲ့ မပြည့်စုံသေးဘူး ၊ အဲဒီ အကြောင်း မသိတဲ့ ရောဂါ ထဲ က မှ စိတ် ကစဉ့်ကလျား ရောဂါ ၊ ယုံမှားလွန်စိတ် ဝေဒနာ နဲ့ စိတ်ထိပါးမှုဝေဒနာ ” ရယ် လို့ ရှိကြပြန်တယ် ညီညီ ၊ အဲဒီ ရောဂါမျိုးစုတွေ က ကုသလို့ မလွယ်ဘူး ၊ ကုသလို့ ရတောင် မှ ပျောက်ကင်းတယ် လို့ မဆိုနိုင်ဘူး ၊ သက်သာတယ် ဆိုတာ လောက်ပဲ ပြောနိုင်မယ် ၊ အောင်မြင်အောင် ကုသနိုင်တာ က တော့ စိတ်ထိပါးမှု ရောဂါမျိုးစု တစ်ခု ပဲ ရှိသေးတယ် ၊ မျှော်လင့်ချက် အနည်းဆုံး ရောဂါ ကတော့ “ စိတ် ကစဉ့်ကလျား ဖြစ်တဲ့ရောဂါ ” ပဲ ၊ စောစောက ကောင်လေး ရဲ့ ရောဂါ က အသေအချာ ကုရင် ပျောက်ကင်းနိုင်သေးတယ် ”
“ သားရေ ၊ ထမင်း စား ရအောင် ၊ မင်း ဦးလေးရော လာကြ ”
မီးဖို ထဲ ကနေ အမေ က လှမ်း ခေါ် လိုက်တော့ စကား ပြတ် သွားတယ် ။ စိတ် ထဲ မှာ လည်း ဇော်ဇော့် ရောဂါ ကို ပျောက်ဖို့ ကူညီပေးဦး မှ ပါ လို့ တွေး ထားမိတယ် ။ မနက်ဖြန်တော့ ဦးကျော်ခေါင် ရဲ့ အိမ် ကို သွားရလိမ့် ဦးမယ် ။
••••• ••••• ••••• •••••
သော့ လည်း ခတ် မထား ၊ အရင် တစ်ခေါက် က လည်း ရောက်ဖူးပြီး သား မို့ ခြံ ထဲ ကို ရဲရဲဝံ့ဝံ့ ဝင် လိုက်တယ် ။ အိမ်ရှေ့ နား မှာ သံကြိုး နဲ့ ချည် ထားတဲ့ ခွေးကြီး က တဝုတ်ဝုတ် နဲ့ ။ ခွေးဟောင်သံ ကြားလို့ ထင်ရဲ့ ။ အိမ် ထဲ က လူ တစ်ယောက် တံခါး ဖွင့် လိုက် တယ် ။ ကိုသိန်းဟန် ပဲ ။ အထဲ ကို ဝင်ပါ ဆိုတဲ့ သဘော နဲ့ မေးထိုး ပြ လိုက်တာ က ကျွန်တော့် ကို မှတ်မိနေပုံ ရတယ် ။ ကျွန်တော် အိမ် ထဲ ကို ဝင် လိုက်တော့ ကိုသိန်းဟန် က ဒီမှာ ထိုင် ဆိုတဲ့ သဘောနဲ့ ထိုင်ခုံ ကို ညွှန်ပြတယ် ။ သူ က ညွှန်ပြပြီး အခန်း တစ်ခု ဆီ ကို လျှောက်သွား ကာ တံခါးချပ် ကို လက် နဲ့ သုံးချက် ခေါက် လိုက်တယ် ။ ပြီးတော့ အပေါ် ထပ် ကို ဆက် တက် သွားတယ် ။ ခုံ ပေါ် မှာ ကျွန်တော် ထိုင် လိုက် ပြီး ချိန် ကိုသိန်းဟန် ခေါက် လိုက်တဲ့ အခန်း ထဲ က နေ ဦးကျော်ခေါင် ထွက် လာတယ် ။ ကျွန်တော့် ကို စူးစိုက် ကြည့် နေတဲ့ မျက်ဝန်းတွေ က စူးရှ လိုက်တာ ။ တစ်စုံတစ်ခု ကို လည်း စဉ်းစား နေ ပုံ ။ ပြီးမှ သတိရ ဟန် နဲ့
“ မောင်ညီညီ ပါ လား ကွ ၊ မင်း ပြန်လာသေးသားပဲ ၊ လေးစားပါတယ် ကွာ ”
ကျွန်တော် ပြုံးရုံ သာ ပြုံးပြ ပြီး စကား ပြန် မပြောဖြစ်ပါဘူး ။ သူ က သာ စကား ဆက် ပြောတယ် ။
“ အေးလေ ... ရောက်လာ မှ တော့ သမီး နဲ့ ပေး တွေ့ ရမှာပေါ့ ၊ လာကွာ ငါ့ သမီး အခန်း ထဲ ကို သွားရအောင် ”
ခေါင်းညိတ် ပြပြီး ထိုင်ရာမှ ထကာ ဦးကျော်ခေါင် နောက် ကနေ ကပ် လိုက် သွားတယ် ။ ကျွန်တော် ပျော် လိုက်တာ ။ ချစ်သူ နဲ့ တွေ့ရတော့မယ် ။ တွေ့ ရင် ဘာ စကားတွေ ပြောရပါ့ ။ ဦးကျော်ခေါင် က ရှောင်ပေး ကောင်း ပါ ရဲ့ ။ ကျွန်တော် တွေးမိ တွေးရာ တွေး နေတုန်း အခန်း တစ်ခန်း ရှေ့ ကို ရောက် လာတယ် ။ ဦးကျော်ခေါင် က အခန်း ရှေ့ မှာ ရပ် လိုက်ပြီး အင်္ကျီအိတ် ထဲ က သော့ နဲ့ အခန်း ကို ဖွင့် လိုက်တယ် ။
“ ဟိုမှာ ငါ့ သမီး ပဲ ”
ဦးကျော်ခေါင် ညွှန်ပြတဲ့ ဆီ ကို ကြည့် မိတော့ ဆံပင်ဖားလျား ချပြီး ထိုင် နေတဲ့ အမျိုးသမီး တစ်ယောက် ကို တွေ့ တယ် ။ အမျိုးသမီး က အသံ ကြားလို့ နဲ့ တူ ရဲ့ ။ နောက် ကို လှည့် ကြည့်တယ် ။ ဝါကျင်ကျင် သွားတွေ နဲ့ အရမ်း အိုစာ နေတဲ့ မျက်နှာ တစ်ခု ။ ဦးကျော်ခေါင် က မအေး ဆို လို့ သာ ရယ် ။ ကျွန်တော် မယုံချင်ဘူး ။ သေချာ ကြည့်မိ မှ ဟုတ်ပါလား မအေး ပဲ ။ ကျွန်တော့် ချစ်သူ မအေး ။
“ မအေး ... မအေး ”
ကျွန်တော် ခေါ် ပေမဲ့ မအေး က ပြန် မထူးဘူး ။ ကျွန်တော့် ကို စိုက် ကြည့်ပြီး ၊ သူ့ လက် ထဲ က ပေါက်ပန်းပွင့် တွေ ကို သာ တစ်စစီ ခြွေပစ် နေတယ် ။
“ မအေး ”
ဒုတိယအကြိမ် ခေါ်တာ လည်း ပြန် မထူးဘူး ။
“ ကျွန်မ ရဲ့ ဖြစ်ပုံ ၊ ဖြစ်ပုံ အဆန်းစုံ ... ပွဲဈေးတန်း လျှောက်မိတော့ မောင်ကြီး နဲ့ ဆုံသလေ တော့ .... ”
ဒီ သီချင်း ကို သာ ဆိုပြီး တစ်ဖက် ကို လှည့် သွားတယ် ။ ဒီနေရာ ချည်းသာ ထပ်တလဲလဲ ဆို နေတယ် ။ ကျွန်တော့် ကို မှတ်မိပုံ မရ ။ ဘာတွေ ဖြစ်ကုန်တာလဲ ။ ကျွန်တော် နားမလည်တော့ပါ ။ ဦးကျော်ခေါင် က ကျွန်တော့် ပခုံး ကို ပုတ်ကာ ခေါင်းရမ်း ပြပြီး အခန်း တံခါး ကို ပိတ်လိုက်တယ် ။
“ ငါ့ သမီး က စိတ်ရောဂါ ဝေဒနာရှင် ပဲ ညီညီ ”
“ ဗျာ ”
ထင်မှတ် မထားတဲ့ စကား တစ်ခွန်း က နား ထဲ ကို သံရည်ပူတွေ လောင်း လိုက် သလို ။
“ ဟုတ်တယ် မောင်ညီညီ ၊ အဲဒါကြောင့် မင်း ကို နာကျည်း သွားအောင် ၊ စိတ်ပျက် သွားအောင် လွန်ခဲ့တဲ့ ၂ နှစ် ကျော် က ငါ ပြောခဲ့တာပဲ ။ အခု မင်း က ပြန်ရောက် လာပြီ ၊ ဒါပေမဲ့ ငါ သဘော မတူနိုင်ဘူး မောင်ညီညီ ၊ မင်း နဲ့ မှ မဟုတ်ဘူး ၊ ဘယ်သူ နဲ့ မှ ပေးစားလို့ မဖြစ်ဘူး ၊ ဒါတွေကို ငါ ကြို သိလို့ သူ့ ကို ငယ်ငယ်လေး တည်း က စည်းကမ်း တင်းကြပ်ပြီး ၊ အပြင် ကို သိပ် ပြီး ပေး မထွက်ဘူး ဒီဘက် နှစ်ပိုင်း ကျတော့ ရောဂါ က ပို ဆိုး လာတယ် ၊ မင်း မြင်တဲ့ အတိုင်းပဲ ”
ဦးကျော်ခေါင် ရဲ့ စကားတွေ ထဲ မှာ လည်း ဝမ်းနည်းမှု တွေ ပါ နေတယ် ။ သူ့ သမီး အတွက် စိတ် ထိခိုက် နေတာကြောင့် ဖြစ်မယ် ။ ကျွန်တော့် မျက်ဝန်း ထဲ မှာ လည်း မျက်ရည်စတွေ ဝေ့သီ လာပြီ ။
“ ဘယ်လို ဖြစ်တာလဲ ဗျာ ၊ ပြောပြပါဦး ”
ကျွန်တော် သိလို ဇော နဲ့ မေး လိုက်တယ် ။ မေးရမယ်လေ ။ ကျွန်တော့် စိတ် ထဲ မှာ မယုံ တစ်ဝက် ၊ ယုံ တစ်ဝက် နဲ့ ။
“ မင်း ဦးလေး စိတ်ရောဂါအထူးကု ဆရာဝန်ကြီး မင်း ကို ပြောပြီး ရောပေါ့ ညီညီ ၊ ငါ့ သမီး ကို သူ နဲ့ ကု နေတယ် ”
“ ဗျာ ”
“ ဟုတ်တယ် ညီညီ ၊ မင်း ဦးလေး ပြောတဲ့ စိတ်ကစဉ့်ကလျား ဖြစ်တဲ့ ရောဂါ ပဲ ”
ဦးလေး က ကျွန်တော်တို့ အကြောင်းတွေ ကို ကြို သိ နေလို့ ဒီ ရောဂါ အကြောင်း ကို ပြောပြခဲ့တာ များ လား ။ ဒွိဟ စိတ်တွေ နဲ့ လွန်ဆွဲ နေတုန်း ဦးကျော်ခေါင် က ဆက် ပြောတယ် ။
“ သူ့ အမေ လည်း ဒီ ရောဂါ နဲ့ ဆုံးပါး သွားတာလေ ၊ ဒါကြောင့် သမီး ကို အိမ်ထောင် မပြုစေ ချင်တာပေါ့ ၊ သမီးလေး ပဲ နောက်ဆုံး ခံစားပြီး ဒီ ရောဂါ ရဲ့ မျိုးဆက် ကို ငါတို့ အမျိုး ထဲ မှာ ဖြတ်ပစ်လိုက် ချင်လို့ပါ မောင်ညီညီ ”
ခက်ထန် မာကျောလှတယ် လို့ ထင် ခဲ့တဲ့ ဦးကျော်ခေါင် ရဲ့ နှလုံးသား တစ်စုံ ဟာ ဝါဂွမ်း လို နုညံ့ ပျော့ပျောင်း နေတယ် ။ ကျွန်တော် လည်း မအေး အတွက် ယူကြုံးမရ ဖြစ်ရပါပြီ ။ ဒါပေမဲ့ စိတ် ထဲ မှာ မတင်မကျ ဖြစ်နေတာ ကို လည်း မေးရ ဦးမယ် ။
“ ဒါဆို ကိုသိန်းဟန် က ”
“ သိန်းဟန် က ငါ့ တူ ပါကွာ ၊ ငါ့ အစ်မ ရဲ့ သား ၊ သူ ငယ်ငယ်တည်း က သူ့ မိဘ တွေ ကားမှောက်ပြီး ဆုံးသွားလို့ ငါ မွေးစား ထားတာ ၊ သိန်းဟန် က လည်း သမီးလေး ရဲ့ ရောဂါ ကို သိ နေလို့ ဘယ်သူ နဲ့ မှ သဘော မတူနိုင်ဘူး ဆိုပြီး နှမ အတွက် လူမိုက်ကြီး မလုပ်ချင်ဘဲ လုပ် နေ ရတာပေါ့ ကွာ ”
ဦးကျော်ခေါင် က ကျလုလု မျက်ရည်စတွေ ကို မျက်တောင် တဖျပ်ဖျပ် ခတ်ပြီး ဖြေရှင်း လိုက်တာ တွေ့ရတယ် ။
“ မင်း ပြန်နိုင်ပြီ ညီညီ ၊ အခြား တစ်ယောက် နဲ့ သာ မင်း ဘ၀ ကို လက်တွဲ ဖို့ ရှာပါ ၊ ပျော်အောင် နေပါ ၊ ငါ့ သမီး ကို တော့ တစ် သက်စာ အထိ မေ့ လိုက်ပါတော့ ”
တည်တည်ငြိမ်ငြိမ် နဲ့ပြောတဲ့ စကားတွေ ထဲ မှာ ပြတ်သားမှုတွေ အပြည့် နဲ့ ။ မအေး ကို လက်တွဲ ချင် ပေမဲ့ လည်း ဦးကျော်ခေါင် က ဘယ်လိုမှ ခွင့် မပြုနိုင်တော့ပြီ ။ သံမဏိ လို ခိုင်မာတဲ့ သူ့ ရဲ့ ဆုံးဖြတ်ချက် ကို ပြင် မှာ မဟုတ်တော့ပါ ။ ကျွန်တော် အိမ် ပြန် ရတော့မယ် ။ ခြေထောက်တွေ ကို လာခဲ့ရာ လမ်း ဆီ ဦးတည်ပြီး စ ရွေ့လိုက်တယ် ။
“ ကျွန်မ ရဲ့ ဖြစ်ပုံ ဖြစ်ပုံ အဆန်းစုံ ... ပွဲဈေးတန်း လျှောက် မိတော့ မောင်ကြီး နဲ့ ဆုံသလေ တော့ .... ကျွန်မ ရဲ့ ဖြစ်ပုံ .. ”
အခန်း နံရံ ကို ထွင်း ဖောက်ပြီး ထွက်ပေါ် လာ တဲ့ မအေး ရဲ့ တေးဆို သံ က ချိုမြ လိုက်တာ ။ တကယ်တော့ ဝေဒနာတေးသံ ပါ လေ ။ ချိုမြတဲ့ ဝေဒနာ တေးသံ တိုးညင်းညင်း က နား ထဲ ကို ပင်းအပ်တွေ စိုက် ဝင် နေသလို ခံစားနေရပါတယ် မအေး ရယ် ။ နာကျင်လှချည်ရဲ့ ကွယ် ။
◾ကိုစိုး ( လက်လှုပ် )
📖 တစ်ယောက်တစ်ဘဝ ( ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment