Wednesday, May 10, 2023

နှင်းဆီရိုင်း တို့ ကခုန်ခြင်း


 

❝  နှင်းဆီရိုင်း တို့ ကခုန်ခြင်း ❞ 

“ လမြတ်ဝါဆို ပန်းတွေစုံညီ မိုးထဲဖူးပွင့်ချိန် xxxx
ပြန်လာခဲ့မယ်ပြောတဲ့ သူကြီးရေ xxxx
မိုးလောက် မင်းက သစ္စာမရှိဘူးလေ xxxx  ”

ရေပေါ်ဖောင် အိမ်အောက်ထပ် တစ်နေရာ မှ ပျံ့လွင့် လာသော သီချင်းသံ ကြောင့် စောဆိုင်မွန် သည် စက်ခန်း မှ ထ ကာ အပြင်ဘက် ပြတင်း တံခါး ၌ ရပ်မိလေသည် ။

“ မိုးလောက် မင်းက သစ္စာမရှိဘူးလေ ” သီချင်းစာသားလေး ကို အကျော့ကျော့ငင် ဆိုလေ့ ရှိသည့် မော်ဇင် ။

လရောင်သည် ဟိုအဝေး တောင်တန်းများ ပါ မက ပင်လယ်ရေပြင် ပေါ်မှာပါ ရွှန်းရွှန်းမြမြကလေး ထိုးကျ နေသည် ။ သစ် ၊ ပိုက်ကွက် ၊ ဖော့တုံးများ ဖြင့် တည်ဆောက် ထားသည့် ဖောင်ကန် လေးရာကျော် သည် လည်း လရိဖိတ်ဖိတ် အောက်တွင် ပြိုးပြက်နေသည် ။ အဆီးအတားမဲ့ ပင်လယ်လေ က တော့ သဘောကောင်းစွာ နော့ သည် ဆိုရုံကလေး နော့ နေ သဖြင့် ဖောင်လုပ်သားတွေ သီချင်း ဆိုမည် ဆိုလျှင် အကောင်းဆုံး အနေအထား ။ သို့ပေမဲ့ ဘယ်သူ တစ်ဦး တစ်ယောက် မှ ကာရာအိုကေခန်းမ ထဲ မဝင်ဘဲ မော်ဇင့် အကြိုက် ဗညားဟန် ရဲ့ သီချင်း ကို ဘာကြောင့် အကြိမ်ကြိမ် ဖွင့် နားထောင် နေကြတာလဲ ။

စောဆိုင်မွန် ရင်ထဲ တင်းတင်းကြပ်ကြပ် ဖြစ်နေ သလို လုပ်ဖော်ကိုင်ဖက်တွေ က လည်း နှမြောတသခြင်း ၊ တွေတွေ ခိုသီးနေသော လွမ်းမောမှု အစိုင်အခဲတွေ နင့်သီး နေပေ လိမ့်မည် ။ မိဝေး ဖဝေး ကြင်သူဝေး သူ တွေ စုဝေး နေသည့် ကျောက်ငါး မွေးမြူရေးစခန်း မှာ တော့ ထူထဲသော ပေါင်းသင်းဆက်ဆံရေး က ရှိ နေသည်မှာ အမှန် ။ အချင်းချင်း မဆိုထား နှင့် ၊ အဆင့် မတူသော စောဆိုင်မွန် ပင် လျှင် မော်ဇင် ကို ခင်မင် ခဲ့ရသည့် နှစ်တွေ မနည်းတော့ ။

“ အဖေ ပေါ့ဗျာ ၊ အဖေ ပေါ့ ။ ကျွန်တော့် အဖေ က နိုင်ငံရေးသမားဟောင်း ကျွန်တော့် ကို လည်း အတော် အားထားဟန် တူတယ် ။ နာမည် မှည့် ထားတာကိုက မော် က မော်စီတုန်း ၊ ဇင် က သခင်ဇင် တဲ့ ”

စကားလက်ဆုံ ကျသည့် အခါ မော်ဇင့် ဆီ က ထွက်ကျ လာသော စကား တစ်စွန်း တစ်စ “ မော်ဇင် က သူ့ အကြောင်း ကို မေး ပေမယ့် ပြောချင် မှ ပြောလေ့ ရှိသူ ။ မမေးဘဲ လည်း ပွင့်ထွက် ချင် ပွင့်ထွက် လာ တတ်သူ” သူ့အဖို့

သူ့ အတိတ်ကြောင်း ချင်းရာ ကိုယ်ရေး အတ္ထုပတ္တိ ဆိုတာ လက်ရှိ အနေအထား အတွက် မလိုအပ်ဘူး လို့ တွက်ဆ ထားဟန် တူသည် ။ သူ က တမင် ဖုံးကွယ်တာ မဟုတ် သော်လည်း သိုသိုသိပ်သိပ်ကလေး တော့ နေချင်ဟန်တူသည် ။

တစ်ခါတစ်ရံ ပေါ့ပေါ့ဆဆ ထွက်ကျ လာသော အကြောင်း ကို ဆက်စပ် လျှင်တော့ မော်ဇင့် မိဘ တွေ မြိတ် မှာ ရှိသည် ။ အတန်အသင့် စားနိုင် သောက်နိုင် ကုန်သည်မျိုးရိုးထဲ မှ ဟု သိရသည် ။ ကုန်သည်မျိုးရိုး က ကုန်သည် မလုပ်ဘဲ ဘာကြောင့် ငါးလောက ၊ လှေလောက ထဲ ရောက်နေတာပါလိမ့် ။ စောဆိုင်မွန် သိချင်စိတ်တွေ မွတ်သိပ် လာသော်လည်း ဖွင့် မမေးမိ ။ လူ တစ်ယောက် ဟာ အရင် က ဘာပဲ လုပ်ခဲ့ လုပ်ခဲ့ လက်ရှိ အနေအထား မှာ တော်ဖြောင့် ကောင်းမွန် နေမယ် ဆိုရင် သူ လူတော် ပဲ မဟုတ်လား ။

မော်ဇင် သည် လှိုင်းရိပ်ပြာ ကျောက်ငါးမွေးမြူရေးစခန်း မှာ စခန်း တာဝန်ခံတွေ အားကိုး လောက်တဲ့ လုပ်ရည်ကိုင်ရည် ရှိသူ တစ်ယောက် ပါ ။ ပိုင်ရှင် အနေနဲ့ က လည်း ငွေရင်းငွေနှီး များ တာမို့ လုပ်ငန်း နဲ့ ပတ်သက်ရင် အတိမ်းအစောင်း မခံချင်ကြ ။ ရေပေါ် ၉ ပေ ပတ်လည် ကန် တစ်ကွက်ကို ငွေရင်း ၂ သိန်း မှ ၃ သိန်း ရင်း ထား ရတာ ဟုတ်လား ။ ဒီလို ကန်မျိုး ကန် လေးရာကျော် ရဲ့ ကုန်ကျငွေ ၊ အစာ သိုလှောင်မှု ၊ ဝန်ထမ်းစရိတ် ၊ ဆက်သွယ်ရေး ၊ စက်ခန်းစရိတ် ... အတော မသတ်နိုင်သော စရိတ် တို့ ၏ နင့်နဲ လေးပင်မှု ။

လှိုင်းရိပ်ပြာစခန်း ရှေ့ ရေပြင် သည် ကျွန်းရိပ်တောင်စွယ် တို့ ၏ အရိပ်မိုး ထိုးကျမှု ကြောင့် ငါး မြူးပျော်သည့် နေရာ ဖြစ်သည် ။ သည်နေရာ မှာ ကျောက်ငါးမွေးမြူရေးစခန်း ကို တည်ထောင်သော သူဌေး ၏ စိတ်ကူး ကို စောဆိုင်မွန် ချီးမွမ်း သြချ လိုလှ၏ ။ နိုင်ငံခြားငါးဝယ် လှေ ဆိုက်ကပ် နိုင်သည့် ရေကြောင်း ရှိခြင်း က လည်း လုပ်ငန်း အောင်မြင်ဖို့ တွန်းအား တစ်ခု ဖြစ်ခဲ့သည် ။ ဟောင်ကောင် ၊ မလေးရှား မှ လာ မလား ။ စင်ကာပူ ၊ ဂျပန်နိုင်ငံ တွေ က လာ မလား ... ငါး လှောင်ကန် နံဘေး မှာ သင်္ဘော ဆိုက်ကပ် လိုက် ရုံ ပါပဲ ။ နိုင်ငံခြားငွေ ကို ရှာပေး နေသည့် အတွက် ကုမ္ပဏီ ၏ အမည်သတင်း သည် တစ်ဟုန်ထိုး ကျော်ကြား လာသည် ။

“ ရခိုင် က တော့ ငါးတောက်တူ လို့ ခေါ်တယ် ဦးစော ရဲ့ ။ ကျွန်တော်တို့ မွေး တဲ့ ကျောက်ငါး က ကမ္ဘာ့ဈေးကွက် မှာ မျက်နှာပန်း လှတဲ့ ငါးဝက်မမျိုး ဝင် ကျောက်ငါး ပေါ့ ။ အရသာ ကောင်းမွန် ထူးခြားတယ် ။ အရေခွံ ထူ သလို သူ့ အကြေးခွံ ရောင်စုံကွက်တွေ က မြင်ရသူ ကို ပသာဒ ဖြစ်စေတယ် ။ ကျွန်တော် သိ သလောက် ဒီ ငါး ကို တရုတ်လူမျိုးတွေ က ပိုမို နှစ်ခြိုက်ကြတယ် ။ ပြည်ပ ဟိုတယ်ကြီးတွေ မှာ ကျောက်ငါးချိုချဉ်ကြော် ၊ ငါးခေါင်းဟင်းချို ၊ စွပ်ပြုတ် ၊ အစိမ်းသုတ် ဆိုတဲ့ ဟင်းလျာတွေ ဟာ ပထမတန်း ရောင်းစွံ တဲ့ ဟင်းလျာတွေ ပေါ့ ”

မော်ဇင် အလုပ် မှာ ဝင်စားသလား ၊ မဝင်စားဘူးလား ဆိုတာ သူ့ အပြော အဆို နားထောင် ကြည့်လျှင် သိသည် ။ သူ က စာလည်း ဖတ်သည် ။ အခြား ဖောင်ကန် လုပ်သားတွေ လို အား နေလျှင် ကမ်းစောင့်ရွာ ပေါ် တက်ကာ အကွက် အကွင်း ရှာလေ့ ရှိသူ မဟုတ် ။ ဖောင်အိမ် ပေါ် မှာ တစ်လ တစ်ကြိမ် မြို့ မှ ပို့ ပေးသော မဂ္ဂဇင်း ၊ ဂျာနယ်များ ရှိသည် ။ အခြားသူတွေ ခဏတဖြုတ် အရုပ် ကြည့်ပေမဲ့ မော်ဇင် က တော့ စေ့စေ့စပ်စပ် ဖတ်သည် ။ အထူးသဖြင့် သူ့ လုပ်ငန်း နှင့် ပတ်သက်သမျှ လေ့လာသည် ။

ဖောင်အိမ် မှာ က အများနှင့် မို့ ရွာ ထဲ သွားလျှင် အချိန် နှင့် သွားရတာ ၊ ဂျူတီ အလွှဲအပြောင်း ၊ ပစ္စည်း အအပ် အနှံ ကိစ္စ ၊ စပိဘုတ် သုံးလျှင်ပင် နောက်ဆုံး ဘယ်အချိန် ပြန် ဝင်ရမည် အထိ စည်းကမ်းချက်တွေ ထုတ် ထားသည် ။

ထို စည်းကမ်းချက်များ ကို ဖောက်ဖျက်သူတွေ ထဲ မှာ မော်ဇင် ဘယ်တော့မှ မပါ ။ မော်ဇင် သည် မျိုးစေ့ ကောင်းကောင်း နှင့် စိုက်ပျိုး ရှင်သန်ခဲ့ သူ ဖြစ်နိုင်သည် ။

သည်သို့ ဆိုလျှင် မော်ဇင် ဘာဖြစ်လို့များ လှေလှော်ရင်း တက်ကျိုး ရပါသလဲ ။ အသက် အစိတ် မပြည့်တပြည့် အရွယ် အားကောင်း မောင်းသန် အရွယ်ကောင်း ၊ အလုပ်တွေ အများဆုံး လုပ်နိုင်နေချိန် မှ ငှက်ပျောပင် ထက်ပိုင်း ပြတ်သလို အပိုင်းပိုင်း ပြိုလဲ သွားရသည့် အဖြစ် ။

ရွှန်းမြမြ လရောင် သည် တိမ်စိုင်ခဲ အချို့ ဖုံးအုပ် သွားသည့်အတွက် ဝန်းကျင် တစ်ခုလုံး မှိန်ပြေပြေ အမှောင် ကဲသည့် အနေအထား သို့ ရောက်သည့်တိုင် စောဆိုင်မွန် သည် ပြတင်းတံခါး မှ ရပ် နေ မိဆဲ ။ အောက်ထပ် က အသံတို့ သည် ပင် တိတ်ဆိတ် ငြိမ်သက် သွားပြီ ။ အကျော့ကျော့ ငင် နေသော “ မိုးလောက် မင်း က သစ္စာ မရှိဘူးလေ ...” သီချင်း သံ လည်း တိုးတိတ် သွားပြီ ။

မလှမ်းမကမ်း မှ ရေဆီရေမှော်များ ကပ်ငြိ နေသည့် ပိုက်တွေ ကို ဆေးကြောသန့်စင်ရာ သန့်စင်ဖောင်ကလေးကတော့ လရောင်မှိန်မှိန် အောက်တွင် အထီးကျန် ဆန်ဆန် ငေါင်စင်းစင်း နှင့် ... အလို ... ဘုရားသခင် ။

စောဆိုင်မွန် သည် သူ့ အမြင်အာရုံ ကို သံသယ ရှိစွာ မျက်စိ ကို ပွတ်သပ် ကြည့်လိုက်သည် ။ သန့်စင် ဖောင် ပေါ်မှာ ဘယ်သူမှ မရှိ ဟု ထင်ထားတာ ... လူ တစ်ယောက် ပိုက်ဆေး နေပါလား ၊ ညကြီး မင်းကြီး ဘယ်သူ ဝီရိယ ထကောင်း နေပါလိမ့် ။ အားလုံး တိတ်ဆိတ်ငြိမ်သက် နေပြီမို့ အိပ်နေကြပြီ ထင်တာ ။ ဟင် ... မော် ... မော်ဇင် ... မော်ဇင် ဝတ်နေကျ ဘောင်းဘီနီညို ဒူးဖုံး နှင့် စပို့ရှပ် အပြာစင်း ... ဒါဟာ .. ဒါဟာ မော်ဇင် လား ။

မင်း ပြန်လာတာလား မော်ဇင် ။ မင်း ရဲ့ အာရုံ တည်မှီ ကျက်စားရာ အလုပ်ခွင် ဆီ မင်း ပြန်လာတာလား ။ သနားပါဘိ ကောင်လေး ရယ် ။ ဦးစော ဘယ်လို ဖြေရမှာလဲ ။ မင်း ရဲ့ ဘဝ အေးချမ်းဖို့ ဘုရားသခင် ထံ ဆုတောင်းပေးတာ က လွဲပြီး ဦးစော ဘာ လုပ်ပေးနိုင်မှာ မို့ လို့လဲ ။

စောဆိုင်မွန် သည် လှုပ်ရှားနေသော ရင်ဖြင့် ပြတင်းတံခါး ကို ကျောခိုင်း လိုက်သည် ။ တံခါးဘောင် ကို မှီရင်း မျက်စိ ကို စုံမှိတ် လျက် ရင်အုပ်ကျယ်ကျယ် အသားလတ်လတ် ၊ ဖြောင့်စင်းသောဆံပင် တို့ ခပ်ရိုင်းရိုင်း ကျ နေလေ့ရှိသည့် လူငယ် ဆန်သော မျက်နှာ တစ်ခု ၊ သန့်စင်ဖောင် ဆီ မှ ပိုက်တွေ ကို ရေဆေးနေသံ သဲ့သဲ့ ။ နား နှင့် ဆတ်ဆတ် ကြားနေဆဲ ။

   •••••   •••••   •••••

ကျောက်ငါးမွေးမြူရေးစခန်း သို့ ငါး လာ ပို့သည့် လှေ နှင့် ပါ လာသော လူငယ်လေး မော်ဇင် သည် ထိုအချိန် က ကြွက်သား အဖုထစ် ၊ ကျစ်လစ်သန်မာသူ ဆိုတာ ငြင်းပယ်စရာမရှိပါ ။ များသောအားဖြင့် တော့ ကျောက်ငါး ကို မြိတ်ကျွန်းစုပင်လယ် က တန်ကျွန်းဝန်းကျင် နှင့် ဒုံးကျွန်း ၊ မလိကျွန်းတန်း တို့ မှာ ၃ လံ ၊ ၅ လံ လှေငယ်ကလေးများဖြင့် လိုက်လံ ဖမ်းဆီးသည် ဟု စောဆိုင်မွန် သိ ထားသည် ။ လှေ ပေါ် ပါ လူ တွေ စီတန်း ထိုင်လျက် လက် ကိုင်မျှားတံ ( Hand Line ) ကို သုံး၍ မျှား ယူသည်ကို မြိတ် အနောက်ဘက် ပင်လယ်ပြင် ၌ ပင် သူ မြင်ဖူး၏ ။ ရလာ သော ကျောက်ငါးများ ကို လှေ ပေါ် ပါ ပလတ်စတစ် ကန်ကြီးများ ထဲ တွင် ရေငန် ဖြင့် ဆက် စိမ် ထား ရသည် ။ မျှားချိတ်စူးဒ ဏ်ရာ ရ သည့် ငါးများ သည် ကျောက်ငါးမွေးမြူရေးစခန်း အရောက် ငါးရက် တစ်ပတ် အကြာ ပျောက်ကင်း သွားမြဲ ဖြစ်၏ ။ လက်ငင်း ငွေပေးချေ စနစ်ဖြင့် နေ့စဉ် ဝယ်ယူ နေသည် ။

တစ်နေ့ တစ်နေ့ ငါးဖမ်းလှေတွေ ပင်လယ် ထဲ ပြန့်ကြဲ နေသလို ငါးသွင်းလှေ တို့သည် ဖောင်အိမ်ကလေး ဆီ မှာ ခြေချင်း လိမ်နေသည် ။ ငါးကောင်ရေ စစ်ယူ ၊ ငါးတွေ ကို နေရာချ ၊ ဝန်ထမ်း အားလုံး သူ့ နေရာ နှင့် သူ အံဝင်ခွင်ကျ ။ ဆက်သွယ်ရေး ကိုင်သည့် စောဆိုင်မွန် သာ အချိန် အားထဲ မှာ ဟိုသည် ငေး မော ၊ သည်အချိန် မှာ ဖောင်ကန်များ အနီး သို့ ဥက္ကာပျံ အမည် ပေးထားသည့် လှေ တစ်စင်း ဆိုက် လာခဲ့သည် ။ လှေ က အတန်အသင့် ကြီးသော စက်လှေ ။ လက်ကိုင်များ တန်းချ လှေငယ်ကလေး မဟုတ် ။ လှေ အဟန့် ကြီး သလို လုပ်သား လည်း များ ၊ လုပ်ငန်း လည်း တွင်ကျယ်ဟန် ထင်ရ၏ ။

ဥက္ကာပျံ ဆိုက်လာတော့ ဖောင်အိမ် ပေါ် မှာ ခါတိုင်း ထက် လှုပ်လှုပ်ခတ်ခတ် ဆူဆူညံညံ ။ ငါးတွေ ချကြ ၊ ဈေးစကား ပြောကြနှင့် ။ စောဆိုင်မွန် လှေ ထဲ ချောင်း ကြည့်တော့ အလိုလေး .. ကြီး လှသည့် မြုံခြင်း တွေ ပါလား ။ ထိုနေ့ က တစ်နေကုန် ငါး ချပြီး ဥက္ကာပျံ ပြန် ထွက်တော့ လူ တစ်ယောက် ကျန် ရစ်သည် ။

နီညိုရောင်ဘောင်းဘီ ဒူးဖုံး နှင့် စပို့ရှပ်အပြာစင်း ကို ဝတ်ဆင် ထားသော လူငယ် တစ်ယောက် ။ ကျောက်ငါးတွေ နှင့် လက်ပွန်းတတီး နေခဲ့ဖူးသူ ၊ အတွေ့အကြုံ ရှိသူ တစ်ယောက် အနေဖြင့် ကျောက်ငါးကုမ္ပဏီ မှ ဖိတ်ခေါ်ကမ်းလှမ်းချက် ကို လက်ခံ လိုက်သူ မော်ဇင် ။

တကယ်တော့ ဝန်ထမ်း ရွေးချယ်ခန့်ထားရေး သည် စောဆိုင်မွန် နှင့် မဆိုင် ။ အလုပ်ရှင်သူဌေး ( သို့မဟုတ် ) စခန်းတာဝန်ခံ မျက်နှာလွှဲ နှင့် သာ သက်ဆိုင်သည် ။ ဖောင်ကန်လုပ်သားတွေ မှာ မြိတ်သား ၊ ထားဝယ်သား များ ပါသလို အထက်မြို့ မြစ်ဝကျွန်းပေါ် ၊ မွန်ပြည်နယ် မှ လူတွေ လည်း ပါသည် ။ ရေကြည်ရာ မြက်နုရာ စုန်ဆင်းရင်း ဘဝဝမ်းစာ ရှာဖွေမှု အတွက် ကျောက်ငါးစခန်း မှာ လာရောက် သောင်တင် နေသူတွေ ၊ အချို့လည်း ဇနီးမယား မိသားစု ခေါ်ကာ ကမ်းစောင့်ရွာ မှာ အိမ်ငှား ထား ၊ အချို့လည်း ကမ်းစောင့်ရွာသူတွေ နှင့်ပင် အိမ်ထောင် ကျ ၊ မော်ဇင် က တော့ လူပျို ဆိုပဲ ၊ ကောင်းပါလေ့ ။

ထို ဒူးဖုံးဘောင်းဘီကြိုက် ကောင်လေး နှင့် စောဆိုင်မွန် တို့ တစ်ပတ် အတွင်း မိတ်ဆွေ ဖြစ်သွားကြသည် မှာ မြန်ဆန်သည် ဟု ပင် ဆိုရမည် ။ ကျောက်ငါး က အသားစားသတ္တဝါ မို့ ကန်ထဲ ထည့်တော့မည် ဆိုလျှင် တူရာ အကောင် ချင်း ရွေး ထည့်ရသည် ။ အရွယ်စုံ ထည့်ထားလျှင် အကြီးတွေ က အငယ်တွေ ကို စားပစ် လိုက်တတ်သည် ။ ကန်အောက်ခြေ ဖော့တုံးများ ၊ ယိုယွင်းပျက်စီးမှု ၊ ပိုက်များ ပေါက်ပြဲ ၍ ငါးလွတ်ပြေးမှု မျိုး မဖြစ်အောင် မပြတ်စောင့်ကြည့် ရ တတ်သည် ။ တစ်ချီ တစ်ချီ နိုင်ငံခြား ငါးဝယ် လှေ ထဲ ငါး ချပြီး လျှင်တော့ ရေညှိရေဆီ တက်နေသော ပိုက်များ ကို ဖောင်ကန်များ မှ ဖြုတ်၍ သန့်စင်ဖောင် မှာ လျှော်ဖွပ် သန့်စင် ရသည် ။

ညနေဘက် မော်ဇင်သည် ပိုက်များ ကို သန့်စင်ဆေးကြော ပြီး ပြီ ဆိုလျှင် ပင်လယ်ထဲ ဝုန်းကနဲ ခုန်ချကာ ရေ ကို ဖြုန်းဖြုန်း ညံအောင် ကူး တော့သည် ။ ပြီးလျှင် ဘာ တံဆိပ်မှန်း မသိသော ကိုယ်လိမ်းပေါင်ဒါ ကို လိမ်းကျံလျက် စောဆိုင်မွန် စက်ခန်း ရှေ့ လာ ရပ်လေ့ ရှိသည် ။

“ ရေကူး ကျွမ်းလှချည်လား ကိုယ့်လူ ။ ဘယ်တုန်းက သင်ထားတာလဲ ”

စောဆိုင်မွန် သည်သို့ မေးလျှင် မော်ဇင် ဖြေ ချင် မှ ဖြေသည် ။ နောက်ပိုင်း သူ့ စရိုက် ကို သိသွားပြီး နောက် စောဆိုင်မွန် အပြောအဆို အမေးအမြန်း ဆင်ခြင် ရသည် ။ ဆောင်းနှောင်းရာသီ ညနေခင်းများ ၌ ရာသီဥတု ကြည်လင်သာယာ နေသည် ကို အကြောင်း ပြု၍ နှစ်ယောက်သား စကားလက်ဆုံ ကျလေ့ ရှိသည် ။ တိမ်ငါးကြင်းကွက် တို့သည် ဧရာမ ငါးကြီး တစ်ကောင် ခုန်ပျံနေပုံ မျိုး ဖြင့် ကောင်းကင် မှာ ငြိမ်သက် နေသည် ။

“ ဘဝ ဆိုတာ တိမ် နဲ့ တူတယ်လို့ တင်စား ရင် ဦးစော ဘယ်လို ပြောမလဲ ”

“အလဲ့ .. တယ် ဆိုတဲ့ စာပါလား ။ ပြောစမ်းပါဦး ၊ ဘယ်လို တိမ် နဲ့ တူတာလဲ ”

“ ကောင်းကင် က တိမ်တွေ ကို ကြည့်လေ ။ တစ်ခါတလေ တိမ်တောင် တိမ်လိပ် ၊ တစ်ခါတလေ တိမ်ရိပ်ရိပ်ပြေး ၊ တစ်ခါတလေ တိမ်စာငွေပါး ၊ ဟော ဒီနေ့ တော့ တိမ်ငါးကြင်းကွက် ။ ဒီလိုပဲ ကျွန်တော် တို့ နေ့စဉ်မိုးသောက် ဘဝတွေ လည်း တစ်နေ့ နဲ့ တစ်နေ့ မတူ ပြောင်းလဲနေတာပေါ့ဗျာ ”

သူ့ စကားက နည်းနည်း ဆန်း နေလို့ တစ်ခုခု ပွင့်ထွက်တော့မယ် လို့ ထင် ရသည် ။

“ ကျွန်တော့် ကို ပဲ ကြည့်လေ ... လွန်ခဲ့တဲ့ လေးငါးခြောက်လ က ကျောက်ငါးလှေ လှေ ပေါ် မှာ ။ အခု ဒီမှာ ။ နောက် ဘယ်ကို ရောက်ဦးမယ် မသိ ။ ဘဝ ဆိုတာ တစ်သမတ်တည်း မနေဘူး လို့ ပြော တာပါ ”

“ ဒါကတော့ လူတိုင်း ဟာ ဘုရားသခင် အလိုတော်ကျ ပဲ ကိုယ့်လူ ။ တစ်လှမ်းချင်း လှမ်း သော ခြေလှမ်းတိုင်း ၌ ခြောက်သွေ့သော ကန္တာရမြေပြင် ဖြစ်စေ ၊ ကြမ်းတမ်းသော မြစ်ရေ စီးဆင်းသည် ဖြစ်စေ ဘုရားရှင် ၏ ကျေးဇူးတော်တံတားများ က အခြား တစ်ဖက် သို့ လုံခြုံစွာ ဖြတ်သန်း သွားနိုင်အောင် ကူညီနေမည် တဲ့ ကိုယ်တို့ ဘာသာတရား အရတော့ ဘုရားရှင် ရဲ့ ကျေးဇူးတော်တံတားများ အပေါ် ယုံကြည်မှု ရှိဖို့ပဲ လိုတာပါ ”

စောဆိုင်မွန် ပြောတာ ကို ထောက်ခံ တာလည်း မဟုတ် ။ ကန့်ကွက် သည် လည်း မဟုတ် ၊ နှုတ်ဆိတ်စွာ အဝေး က တောင်တန်းတွေဆီ ငေးကြည့် နေပုံက တစ်စုံတစ်ရာ ကို ဖုံးကွယ် ထား သလိုပင် ။ သည် အခြေအနေမျိုး ကို စောဆိုင်မွန် မနှစ်သက်ပါ ။ စကား လမ်းကြောင်း ပြောင်းလိုသည်နှင့် ။

“ မင်း ကျောက်ငါးလှေ လိုက်တုန်းက မျှားတန်းနဲ့ မဟုတ်ဘဲ မြုံခြင်းတွေ တွေ့လိုက် သလားလို့ ။ ငါ့ စိတ်ထဲ ထူးဆန်းနေတယ် ။ လုပ်စမ်းပါဦး ကွ ”

“ များသောအားဖြင့် တော့ ဒီ ဝန်းကျင်မှာ မျှားတန်း ချပြီး ဖမ်းလေ့ ရှိတာပါ ။ ဥက္ကာပျံလှေ တစ်စင်းတည်း သာ မြုံခြင်းနဲ့ ဖမ်းတာပါ ။ ကျောက်ငါး ဆိုတဲ့ကောင်တွေ က ကျောက်ဆောင်ကျွန်းစုငယ် နဲ့ သန္တာကျောက်တန်းတွေကြား မှာ အစာ ရှာဖွေ ခိုအောင်း နေထိုင်ကြတာ ဆိုတော့ တချို့လည်း ဝါးကထောင်း ချပြီး မျှား ကြတယ် ။ ဥက္ကာပျံ စက်လှေပိုင်ရှင် ကိုဥက္ကာ က တော့ သူတကာ ထက် စိတ်ကူး ကောင်းတယ် ထင်ပါရဲ့ ။ ၇ တောင် ၈ တောင် ရှည်လျားတဲ့ မြှုံးကြီးတွေ ကို ဝါးကျွန်းဘက် အော်ဒါ မှာလိုက်တယ် ။ မြုံခြင်း တွေ လေးငါးရာလောက် အထိ လှေကြီး ပေါ် တင်ပြီး ရေအောက်ကြမ်းပြင် ဆီ ခွမ်းစက် နဲ့ ချ ပေးတယ် ။ မြှုံး ဆိုတာ ဦးစော လည်း မြင်မှာပေါ့ ။ ကြိမ်ကြီးတွေ ကို သံဇကာ နဲ့ ထိန်းကွပ်ထားတဲ့ ခြင်းကြီးပေါ့ ။ ထူးခြားတာ က သင်ပေါင်းသား ကို ထည့်သုံးထား တဲ့ကိစ္စပဲ ။ သင်ပေါင်းသား ဆီ က ထွက်လာတဲ့ အနံ့ က ငါးတွေ ကို ဆွဲဆောင်တယ် ။ ငါးတွေ ဟာ ဒီ အနံ့ နောက်ကို လိုက်ရင်း မြှုံးဝ ကို ဝင်မိပြီး သား ဖြစ်ရော ။ အဝင် ကို အပြင်လွှာ ၊ အတွင်း လွှာ သံဇကာ နဲ့ လုပ်ထားတော့ ငါး ဟာ ဝင် ပြီးရင် ပြန် မထွက်နိုင်တော့ဘူး ။ အားသာချက် က အရှင် အတိုင်း ဒဏ်ရာ မရှိ ဖမ်းမိတော့ စခန်း မှာ ပြန်သွင်းတဲ့ နေရာမှာ ဈေးကောင်း ရတာပေါ့ ”

မော်ဇင် သည် ဒီလိုတော့ ရှည်ရှည်ဝေးဝေး ရှင်းပြ နေတာ စိတ်ပါ လက်ပါ,ပါပဲ ။ စောဆိုင်မွန် က တော့ ပင်လယ်ထဲ က လိုချင်တာတွေ ကို နည်းမျိုးစုံ သုံးပြီး ရယူလေ့ ရှိသော လူတို့ ၏ နည်းပရိယာယ် နှင့် လောဘ အကြောင်း ကို တွေး နေမိသည် ။

“ မျှားတန်း နဲ့ ချချ ၊ မြှုံးခြင်း နဲ့ မြူဆွယ် မြူဆွယ် ငါး ရဖို့က အဓိက မဟုတ်လား ”

သူ့ စကား က တစ်နေရာ သို့ ဦးတည် နေပြန်သည် ။

“ဒါတော့  ... ဒါပေါ့ မောင်ရာ ... ”

“ ဘာထူးလဲ ဦးစော ရယ် ၊ ကျွန်တော်တို့ လည်း မြှုံးထဲက ငါးတွေပါပဲ ။ နောက်ဆုံးတော့ ကံကြမ္မာ ရဲ့ ညှို့ချက်မှာ အမိ ခံလိုက်ရတာပဲ မဟုတ်လား ။ ကံတရား ရဲ့ စီရင်ပိုင်ခွင့် ကို ဘယ်သူ တစ်ဦးတစ်ယောက် က များ ငြင်းပယ် ပိုင်ခွင့် ရှိ လို့လဲ ။ တကယ်တော့ ကျွန်တော် ဟာ အိမ်ပြေး တစ်ယောက် ပါ ”

“ ဪ .. ”

မော်ဇင် သည် စကား မဆက်သေးဘဲ တိမ်ငါးကြင်းကွက်များ ကို မော့ ကြည့်၏ ။ တိမ်ငါးကြင်းကွက်များ သည် စောစောက လို ငါး ပုံသဏ္ဌာန် ဟုတ်တော့ ၊ ငှက်တစ်ကောင် တောင်ပံ ဖြန့်ကားနေပုံနှင့် ဆင်ဆင် တူ နေပြန်သည် ။

“ ကျွန်တော် အိမ်ပြေး ဖြစ်ရခြင်းဟာ အဖေ အမေတို့ ရဲ့ အိမ်ထောင်ရေး နဲ့ ဆိုင်မယ် ထင်တယ် ။ အမေ က မွန်ပြည်နယ် ဘက်က  ဒုတိယတန်း ဇာတ် မင်းသမီး တစ်ယောက်ပါ ။ မြိတ် မှာ ဇာတ် လာ ကရင်း အဖေ နဲ့ ငြိမိ ရာ က အိမ်ထောင် ကျတယ် လို့ ဆိုတယ် ။ ကျွန်တော့် အဖေ က အစ်မတွေ ၊ နှမတွေ ကြားမှာ ကြီးပြင်းရသူ ဆိုတော့ ဘယ်တုန်း က မှ အလုပ် ရယ် လို့ လုပ်တာ မဟုတ်ဘူး ။ စာ ဖတ်တယ် ၊ မြိတ်မဂ္ဂဇင်း မှာ နည်းနည်းပါးပါး ဝင် ရေးတယ် ။ ရေဒီယို နားထောင်တယ် ။ လက်ဖက်ရည်ဆိုင် မှာ အာပေါင်အာရင်းသန်သန် နိုင်ငံရေး စကားတွေ ပြောတယ် ။ အမေ နဲ့ အိမ်ထောက် ကျ တော့ ကျွန်တော်တို့ မိသားစု ကို ကြီးတော်တွေ က ပဲ ဆက်လက် ရှာဖွေကျွေးမွေး ရတယ် ။ ကြီးတော် နှစ်ယောက် က တိုက်ဈေး ထဲ မှာ ကုန်စုံဆိုင် က တစ်ဆိုင် ၊ အထည်ဆိုင် က တစ်ဆိုင် ရှိတယ် ။ အမေ့ ကို လည်း သူတို့ နဲ့ ဒိုးတူပေါင်ဖက် လုပ်စားစေ ချင်တယ် ။ အမေ့ စရိုက် ကတော့ ဇာတ် ပဲ က ချင်တယ် ။ ဈေး မရောင်းချင်ဘူး ပေါ့ ။ အရွယ် နဲ့ အလှ ရှိသေးတဲ့ အမေ ဟာ ကျွန်တော် ရှစ်တန်းနှစ် မှာ အိမ် က ထွက်သွား ပါရော ။ သူ့ ဇာတိ ကို ပြန် သွားလေသလား ။ ဇာတ် နောက် လိုက်လေ သလား မသိနိုင်ဘူး ။ အဖေ ကလည်း လိုက် မရှာဘူး ။ သူ့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် ထိုင်ဆဲ ။ သူ ထင်မြင်ယုံကြည်ရာတွေ ပြောဆဲ ၊ ကျွန်တော် လည်း အမေ လွမ်းနာကျ နေရာ က နေ အိမ် က ပြေး ပါရော ။

ပြေးတယ် ဆိုပေမဲ့ ဝေးဝေး မပြေးတတ်သေးတဲ့ အရွယ်မို့ ကော့သောင်း က အဒေါ် အငယ်ဆုံး ဆီ ပြေး ရတာ ။ ဒီအဒေါ်က အမေ့ ကို မကြည်ပေမယ့် ကျွန်တော့် ကျ တော့ ချစ်တယ် ။ အဒေါ့ စားသောက်ဆိုင် မှာ ဝိုင်းကူ ပေးရင်း ကျွန်တော် လူလား မြောက် ရတာပေါ့ ။ ကော့သောင်း ဆိုတာ ရနောင်း နဲ့ ရေပြင်ပဲ ခြားတာလေ ။ မနက် ဆို ဖန်ဖလား မှာ ဈေးဝယ် သွားရင်း ရနောင်း လည်း ရောက်တာ အခေါက်ခေါက် ပါ ။ နောက်တော့ ကျွန်တော် ဟိုဘက် ဒီဘက် ပစ္စည်းကယ်ရီ သယ်တဲ့ အလုပ် ကို လုပ်တယ် ။ အောင်မြင်တယ် လို့ ပြောရ မလား ၊ ရရ စားစား ဖြစ် လာတာပေါ့ဗျာ ။ မြောက်ကြွ ၊ မြောက်ကြွ နဲ့ ဘဝင် လေဟပ် လာ တာပေါ့ ။ ရနောင်း ဘက် က ကစားဝိုင်းတွေ ၊ ရက်စတောရင့်တွေ ဆိုတာ ကျွန်တော် ခြေချင်း ထပ် ခဲ့တဲ့ နေရာတွေ ပေါ့ ။ နောက်ဆုံးတော့ အဒေါ် ထုတ်ပေး လို က်တဲ့ အရင်း လည်း ကုန် ၊ အဒေါ့ အိမ် ကို လည်း ပြန် မတက်နိုင် နဲ့  ဥက္ကာပျံ ထဲ ရောက်ရတော့တာပဲ ။ ငွေရင်း မရှိတော့ လူ ကို ရင်းရတော့မှာ လေ ”

အဲဒီ ညနေ ဟာ မော်ဇင် ရဲ့ ညနေ ပါပဲ ။ နေလုံးကြီး က တောင်တန်းတွေ နောက် မျက်နှာ လွှဲပြီး ဝင်သွားတဲ့ အချိန် ၊ ပင်လယ်ပြင် မှာ အလင်းမှိန် ဖျော့ လာချိန် အထိ သူ့ အကြောင်းတွေ မမေး ရ ဘဲ တတွတ်တွတ် ပြော နေသော မော်ဇင် ကို စောဆိုင်မွန် သည် ကရုဏာမျက်ဝန်းများ ဖြင့် ကြည့် နေ ခဲ့သည် ။

“ အေးပေါ့ကွာ ... မနေ့ က ဆိုတာ ပြီးဆုံး သွားပြီ ။ တို့တတွေ မနက်ဖြန်တွေ ဆီ တိုးဝင် နေတာ မဟုတ်လား ။ ဖြစ်ပြီး သမျှ သင်ခန်းစာ ယူပြီး အကောင်းဆုံး နေသွားဖို့ လို တာပါ ”

“ ကျွန်တော့် ပြစ်မှု ကို ကျွန်တော် ဒီမှာ အလုပ် နဲ့ လာ ဆေးကြော နေတာပါ ။ အပျော်အပါး ဆိုလို့ ဦးစော မြင်တဲ့အတိုင်း အနီးဆုံး ကမ်းစောင့်ရွာ ပေါ် တောင် ကျွန်တော် တက်တာ မှ မဟုတ်တာ ။ ကာရာအိုကေ ဆို ချင်ရင် ဒီမှာရှိတယ် ။ စာအုပ် ဖတ်မလား ၊ စကားစမြည် ပြော မလား ၊ တစ်ခါတလေ ရီဝေချင် ရင် တောင် ဒီမှာ ရ သေးတာ ၊ ကျွန်တော့် အဖို့ အခြား သွားစရာ မလိုတော့ပါဘူး ။ တစ်ခုပဲ ကျွန်တော် ငွေ စုမိချင်တယ် ။ ဒီတစ်ခါ စုမိ ဆောင်းမိရင် အိမ် ပြန်ပြီး အဖေ့ ကို ပေး ချင်တယ် ။ အခုဆို အဖေ အတော် အရွယ် ကျ နေပြီ ။ ညီမလေး လည်း အရွယ်ရောက်ပြီ ပေါ့ ။ ကျွန်တော့် လုပ်အားငွေ နဲ့ အဖေ တို့ကို တစ်ခုခု လုပ်ပေး ချင် နေတယ် ။ လူ မစိုက်ရဘဲ ဆိုင်ကယ် ကယ်ရီ ထောင် စားတာမျိုးပေါ့ ။ နေ့စဉ် ဝင်ငွေ ရ အောင်လေ ။ အမေ့ ကိုတော့ ရှာဖို့ စိတ် မကူးတော့ပါဘူး ”

အမေ့ ကို တော့ ရှာဖို့ စိတ်မကူးတော့ပါဘူး ဆိုသည့် အဖျားဆွတ် တိုးတိမ် သွားချိန်သည် ကန့်လန့်ကာ ဆွဲချ လိုက် သလို ပတ်ဝန်းကျင် တစ်ခွင်ဆီ အမှောင် ရုတ်ခြည်း ကျရောက် လာချိန် ဖြစ်သည် ။ ဖောင်အိမ် ပေါ် မှာ မီးရောင် တွေ ပွင့်လင်းလာပြီ ။ မနက်ဖြန် နိုင်ငံခြား ငါးဝယ်လှေ ဝင်မည် ဆိုတော့ စောဆိုင်မွန် တို့ ဆက်သွယ်ရေးတွေ အလုပ် များဦးမည် ။

   •••••   •••••   •••••

အပြောင်းအလဲ မရှိသော နေ့စဉ် ဖြတ်သန်းမှုတွေ ကို အရောင်တူ အဆင်မကွဲ နေ့တွေ ဟု ပြောလျှင် ထူးခြားမှု ဖြစ်အင် တို့ ဖြင့် ပြည့်လျှမ်းနေသော နေ့ ကို ဘယ်လို အမည် ပေးကြမလဲ ။ အရောင် မတူ အဆင်ကွဲ နေ့တွေ ဟု များ ပြောကြလေမလား ဟု စောဆိုင်မွန် တွေး နေသည် ။

ထိုနေ့ က အရောင် ကတော့ နှင်းဆီသွေးရင့်ရောင် ၊ အဆင် က လည်း တုန်လှုပ်ခြောက်ခြားဖွယ် တို့ ဖြင့် ကုပ်ခြစ် ထားသော အရိုင်းဆင် ။ စေတန်နတ်ဆိုး ၏ လက်ညှိုး သည် ကျောက်ငါးစခန်း ဆီ ဘာကြောင့် ရက်ရက်စက်စက် ထိုး လေသနည်း ။

စင်ကာပူ မှ ငါးဝယ်လှေ ရောက်လာ သဖြင့် ထို နံနက်ခင်းသည် စခန်း တစ်ခုလုံး လှုပ်ခတ် ဆူညံ နေသည့် နေ့ ဖြစ်သည် ။ သင်္ဘော ထဲ ငါးတွေ တင်တော့ စောဆိုင်မွန် ပင် ကိုယ့် အလုပ် မဟုတ်ဘဲ သွား ကြည့် မိသေး၏ ။

ကျောက်ငါးပေါက်ကလေးများ ကို ကန် ထဲ မှ ဆယ်ယူ ချိန်တွယ် လျှက် ပင်လယ်ရေ အဝင် အထွက် လုပ် ထားသော သင်္ဘောကြီး အောက်ခန်းထဲ ချသော အလုပ် သည် စိတ်ဝင်စားဖွယ် ကောင်းလှ၏ ။ မြန်မာ့ရေမြေ
ကျောက်ငါးပေါက်ကလေးတွေ တိုင်းခြား မှာ ကြီးရင့်ရ တော့မည် ။ ရှင်းရှင်း ပြောရရင်တော့ သည်မှာ မျိုးလာ ယူခြင်း ဖြစ်သည် ။ ငါးပေါက်ကလေးတွေ သူတို့ ကို နှစ်သက်ပါစေ ဟု သာ ဆုတောင်းရ တော့မည် ။ 

ပင်လယ်ရေပြင် ပေါ် ဖော့တုံး နှင့် သစ်ဘောင် ခံထားသော ကျောက်ငါးကန် ဘောင်ပေါ်မှာ မော်ဇင် တို့ ခြေလှမ်းတွေ ခေါက်တုံ့ ခေါက်ပြန် ။ လျှောက်ကျင့်မ ရှိလျှင် ရေ ပေါ်မှာ လှုပ်ခါ မြှောက်ကြွ နေသည့် အနေအထား ။ နံနက်ခင်း နေခြည်ရင့်ရင့် အောက်တွင် အလုပ်သမားတွေ ချွေးသံ တရွှဲရွှဲ ၊ စခန်းတာဝန်ခံ ရဲ့ အမိန့်ပေးသံ ကျယ်ကျယ်လောင်လောင် ။ အလေးချိန် တိုင်မင် အော်သံတွေ စီစီညံညံ ။ သမားရိုးကျ နံနက်ခင်း တစ်ခု ပါပဲ ။

စင်ကာပူ သင်္ဘောကြီး ထွက် သွားတော့ ကျောက်ငါး သွင်းသူတွေ ရောက်လာ ပြန်သည် ။ အလုပ်သမားတွေ မနားနိုင်ကြ ။ မော်ဇင် နှင့် အလုပ်သမား သုံးလေးယောက် သန့်စင်ဖောင် ဘက် လက်လုပ်လှေကလေး နှင့် ကူး သွားတာ တွေ့ရသည် ။

ကျောက်ငါး ထွက်သွား ပြီးသော ကန်မှာ ငါးအသစ်မထည့်ခင် ပိုက် ပေါက်ပြဲမှု ရှိ မရှိ စစ်ဆေးရန် နှင့် ရေဆီရေမှော်များ တိုက်ချွတ် ဆေးကြောရန် ဖြစ်သည် ။ အချိန် အတန်ကြာတော့ အခြား သူတွေ ဖောင်အိမ် ဆီ ပြန်ကူးလာ သော်လည်း မော်ဇင် က တော့ သန့်စင်ဖောင် မှာ တစ်ယောက်တည်း ဇွဲကောင်း နေဆဲ ။

စောဆိုင်မွန် သည် အာရုံ ပြောင်း လာ သဖြင့် စက်ခန်း ရှေ့မှ ထွက် ကာ ထမင်းစားဆောင် ဝင် ဖို့ ခြေ လှမ်းလိုက်သည် ။ နံနက်စာ စား ဖို့ အချိန် လွန် နေပြီပါလား ။ ထိုအချိန်တွင် ပင် နှင်းဆီရောင်အဆင်အသွေး သည် ညာသံမပေးဘဲ ဗြုန်းစားကြီး ရောက်ချ လာလေသည် ။

ကျယ်လောင် မြည်ဟိန်းသော အသံကြီး တစ်ခု က ဝန်းကျင် တစ်ခွင်လုံး ကို အထိတ်တလန့် ဖြစ်စေရန် ပုတ်နှိုး လိုက်ခြင်း ဖြစ်သည် ။ ဘာသံလဲ ဘာဖြစ်တာလဲ ။ မြည်ဟိန်းသံ နှင့် မရှေးမနှောင်း စပိဘုတ် ကို မိုင်ကုန် တင်ကာ မောင်းထွက် သွားသော အသံ က အံ့သြ မင်သက် ထိတ်လန့်ငေးရီ ... ။

“ ထိသွားပြီ ... ထိသွားပြီ .. ကိုမော်ဇင် .. ကိုမော်ဇင် ”

အလုပ်သမားကောင်လေးတွေ တစ်ယောက် တစ်ပေါက်နှင့် သန့်စင်ဖောင် ဆီ ကူးသွားကြ ။ ဖောင်အိမ် ပြတင်းပေါက် အပေါ်စီး မြင်ကွင်း ကတော့ မည်သို့မျှ မလှနိုင်ပါ ။ ဆေးလက်စ ပိုက်တွေ ကြားမှာ သွေးထွက် ဒဏ်ရာ နှင့် လဲကျနေသော မော်ဇင် ။

“ဟေ့ ... အရမ်း မလုပ်နဲ့ ။ ဒါဟာ သာမန် မဟုတ်ဘူး ။ ကမ်းစောင့် ကို အကြောင်းကြား ၊ ကတန် ကို အကြောင်းကြား ၊ မြိတ် ကို အကြောင်းကြား ”

စခန်းတာဝန်ခံ ရဲ့ ခြောက်ခြား နေသော အမိန့်ပေးသံ ။ စောဆိုင်မွန် လှုပ်ရှားနေသော ရင် ဖြင့် စက်ခန်း ထဲ ပြန်ဝင် အခြေအနေ ကို လှမ်းပို့ ဖို့ လုပ်ရတော့၏ ။

ဘယ်လို ဖြစ်တာလဲ ။ ဘာတွေ ဖြစ်သွားတာလဲ ။ ဘုရားသခင် ... ကောင်လေး မော်ဇင် ကို ကယ်တင်ဆယ်မတော်မူပါ ။ တစ်နာရီ အတွင်း စခန်း မှာ လူတွေ ခြေချင်း လိမ် သွားတော့၏ ။ သေနတ်ဒဏ်ရာ တစ်ချက် ၊ တစ်ချက်တည်း နှင့် ချက်ကောင်း ကို ထိ သွားရ ၊ ချောင်းမြောင်း ကြံစည်သူသည် သေနတ်ပစ် လက်ဖြောင့် သူ ဖြစ်မည် ။ တစ်ချက်တည်း နှင့် အသက်ယူ ပြီး စပိဘုတ် နှင့် မောင်းပြေး သွားသူ ပင်လယ် တစ်ခွင်တပြင် ဘယ်နေရာ မှာ ရှာဖွေမည်နည်း ။ သင်္ဘောကြီး ထဲ ငါးချချိန် နှင့် ငါးသွင်းလှေကလေး တွေ ဝင် လာချိန် ၊ လူတွေ အာရုံများ နေချိန် အခွင့်ကောင်းယူ သွား သူ ။

မော်ဇင့် သေမှုသေခင်း သည် ကျောက်ငါးစခန်း တစ်ခုလုံး ကို တုန်လှုပ် ခြောက်ခြားစေသည် ။ သည်နယ် တစ်ခွင်တစ်ပြင်မှာ သည်လို အဖြစ်မျိုး မဖြစ်စဖူး ။ ဓားပြ လည်း မဟုတ် ၊ သူပုန် လည်း မဟုတ် ၊ ရန်ကြွင်း ရန်စ ၊ လူကို လက်စား ချေလိုဟန် အညှိုးတကြီး ရက်စက်မှု ... ။

စောဆိုင်မွန် သည် မော်ဇင် နှင့် စကား ပြောနေကျ နေရာကလေး မှာ ဝမ်းနည်းပူဆွေးခြင်း တို့  ပြည့်အိုင် နေသော ရင် ဖြင့် တောင့်တောင့်ကြီး ရပ် နေမိသည် ။

“ ရနောင်းဘက် က ကစားဝိုင်းတွေ ၊ ရက်စတောရင့်တွေ ဆိုတာ ကျွန်တော် ခြေချင်း ထပ်တဲ့ နေရာတွေပေါ့ ”

မော်ဇင့် အသံ က ပင်လယ်လေ နှင့် အတူ ဝဲလှည့် ပျံသန်း နေသည် ။ ဘယ်လိုရ န်ကြွင်းရန်စတွေ က ဒီနေရာ အထိ လိုက်ခဲ့ပါလိမ့် ။ ကစားဝိုင်း က ငွေရေးကြေးရေး အရှုပ်အရှင်းတွေ လား ။ ရက်စတောရင့် က နတ်မိမယ်လေးတွေ ကိစ္စလား ။ ဘယ်နေရာ မှာ များ မလိမ့်တပတ် လူပေါ်လူဇော် လုပ်ခဲ့ပါလိမ့် ။ စခန်း ကို ရောက်သည့် နှစ်နှစ်တာ ကာလ ပတ်လုံး စည်းကမ်းတကျ နေထိုင် အလုပ် ကြိုးစားသူ အဖြစ် အများ က လေးစားခြင်း ခံရသည့် လူငယ် တစ်ယောက် ၏ မလှပသော ဇာတ်သိမ်း ။

“ ကျွန်တော် ငွေ စုမိချင်တယ် ။ ဒီ တစ်ခါ စုမိဆောင်း မိရင် အိမ် ပြန်ပြီး အဖေ့ ကို ပေးချင်တယ် ” အိမ်ပြေး သားမိုက် မော်ဇင် ရဲ့ ဆန္ဒတွေ ပင်လယ် ထဲ ပလုံစီ နစ်မြုပ်သွားပါပကောလား ။ ကံကြမ္မာ က မော်ဇင့် အပေါ် တစ်ကြိမ်တစ်ခါ မျှ အခွင့်အရေး မပေးမှု အပေါ် စောဆိုင်မွန် နာကျင် ခံခက် လှသည် ။

အရိုင်း နှင့် အယဉ်တို့ လွန်းထိုး ယှက်ငင် နေသော လူငယ်လေး ၏ ရင်တွင်း မှာ ယဉ်ကျေးသိမ်မွေ့မှု အလင်းတရား တို့ လင်းပလာချိန် ၊ အမှောင့်ပယောဂ အမိုက်မှောင် သည် ပိန်းပိတ်အောင် ကာဆီးလိုက် ချေပြီ ။

စခန်းတစ်ခုလုံး ခြောက်ခြားမှု ဖြင့် တိတ်ဆိတ် နေလိုက်သည် မှာ ကန်ထဲ က ငါးတွေ ပင် ငြိမ်သက်လို့ ။ ကောင်းကင် မှာတော့ တစ်ခါတုန်းက လို တိမ်ငါးကြင်းကွက်တွေ ပင် မရှိ ။ ပြောင်စင် ဟင်းလင်း ပြာလွင် လို့ နေသည် ။

ဘဝ ဆိုတာ တိမ် နဲ့ တူတယ် ... လို့ တင်စားခဲ့သည့် မော်ဇင် ။ မော်ဇင့် ဘဝ က ဘယ်လို တိမ်မျိုး ဖြစ်မည်လဲ ။ အုံ့အုံ့ဆိုင်းဆိုင်း ၊ မှိုင်းမှိုင်းတွဲ့တွဲ့ ၊ တိမ်ခိုးငွေမင် တို့ ဖြစ်လေမလား ။ ဘဝ ၏ ပြောင်းလဲမှု ဖြစ်စဉ်တွေ စကားနိမိတ် ပြ သွားသည့် ညနေကလေး က တော့ စောဆိုင်မွန် နှလုံးအိမ် ထဲ မှာ အချိန်တွေ အကြာကြီး တွဲလွဲခို နေပေဦးတော့မည် ။

   •••••   •••••   •••••

မော်ဇင် ဆုံးပြီး တလ တိတိ ကြာသည့်အခါ ကျောက်ငါးစခန်း သည် ပုံမှန် အတိုင်း ပြန်လည် လည်ပတ် နေပြီဖြစ်သည် ။ အမှု နှင့် ပတ်သက်သည့် စစ်ဆေးမှုများ ၊ လုပ်ဖော်ကိုင်ဖက်များ ၏ သတိတရ ရှိမှုများသည် လည်း ကောင်းစွာ အနယ် ထိုင် သွားပြီ ဖြစ်သည် ။

မော်ဇင် မရှိလည်း ကျောက်ငါးတွေ ဝင်လာ မစဲ တသဲသဲ ။ နိုင်ငံခြား ငါးဝယ်လှေတွေ က ကန်ရိပ်စွန်း မှာ တစ်စင်း ဝင် တစ်စင်း ထွက် ၊ ရာသီရထား ကတော့ မတံ့မနား ခုတ်မောင်း နေသည် ။ ပင်လယ်ရေ သည် တသွင်သွင် စီးဆင်း နေဆဲ ။

မော်ဇင့် အပေါ် သနားကြင်နာခြင်း စွဲလန်းစိတ် တို့ အထိုက်အလျောက် ပြေလျော့ပြီ ဟု ယူဆ ရသော အချိန် တွင် မှ ညကြီး အချိန်မတော် သန့်စင်ဖောင် ပေါ် လူရိပ် မြင်သည့်ကိစ္စ က စောဆိုင်မွန်အတွက် အဟောင်းတွေ အသစ်ဖြစ် စေသည် ။ မြင်သည့် လူရိပ် မှာ မော်ဇင် ဝတ် နေကျ နီညိုရောင်ဒူးဖုံး ဘောင်းဘီ နှင့် စပို့ရှပ်အပြာစင်း က စောဆိုင်မွန် ကို နှလုံးသွေး ဒိတ်ဒိတ် တိုး စေသည် ။

“ ခရစ်တော် ၏ ထမြောက်အောင်မြင်ခြင်း အရှိန်တန်ခိုး သည် ကျွန်ုပ်တို့ ၏ နှလုံးသား ၌ မသက်ရောက် သရွေ့ သေခြင်းတရားသ ည် ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်း နှင့် မျှော်လင့်ခြင်း တို့ ကို ခိုးယူ နေသော ကျွန်ုပ်တို့ ၏ အပြင်းစား ရန်သူ ဖြစ်သည် ”

အပြင်းစားရန်သူ ကတော့ လတ်လတ်လောလော အချိန်မှာ စောဆိုင်မွန် ကို ဆက်လက် တိုက်ခိုက် နေဦးမည် ဖြစ်သည် ။ ဆိုးရွားပြင်းထန်သော ဘဝ အပိုင်းအခြား ကို ဖြတ်ကျော် နေရချိန် တွင် ယုံကြည်ကိုးစားမှု ကို ဖက်တွယ် ထားရန် လိုအပ်သည် ဟု စောဆိုင်မွန် ယူဆ၏ ။

ရေ နက်ရာ၌ နစ်မြုပ်သူ ၊ လှိုင်းများ လွှမ်းမိုးခြင်း ခံရသူ ၊ ဒုက္ခမီးလျှံ ၌ ကျသူ ၊ သွေးသွန်း နာကျင်ရသော ၊ သောကပူဆွေးရသူ မည်သူ့ ကို မဆို နေ့နေ့ညည ကျူးဧဖို့ရာ သီချင်း ကို ပေးတော်မူပါ ... ကိုယ်တော်  ... ။

တစ်လှမ်းချင်း လှမ်းသော ခြေလှမ်းတိုင်း ၌ ခြောက်သွေ့သော ကန္တာရမြေပြင် ဖြစ်စေ ၊ ကြမ်းတမ်းသော မြစ်ရေစီးဆင်းသည် ဖြစ်စေ ၊ အိမ်ပြေးကလေး မော်ဇင် ကို ဖြစ်စေ ဘုရားသခင် ၏ ကျေးဇူးတော်တံတားများ က အခြားတစ်ဖက် သို့ လုံခြုံစွာ ဖြတ်သန်း သွားနိုင်အောင် ကူညီပါ ... အာမင် ။

◾မိချမ်းဝေ

📖 ဗြူတီမဂ္ဂဇင်း
     ၂၀၀၉ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment