❝ ဆရာ့ လမ်းညွှန်မှုများ ၌ ❞
“ ဒီကောင် သူ့ ကိုယ် သူ အယ်ဒီတာ လို့ ပြောနေတာ အလကား ဗျ ။ အမှန်က ဒီကောင် အယ်ဒီတာ မဟုတ်ဘူး ကိုဖေသိန်း ရဲ့ ”
“ နို့ ဘာတုံး ”
“ အယ်ဒီတောင်း ဗျ ”
“ ဟင် ဘာဖြစ်လို့လဲ ”
“ ဘယ် စာရေးဆရာ ဆီ က ဘယ်လို စာမူ ရအောင် ချူရမယ် ဆိုတာ တွက်ပြီး မရ ရ အောင် တောင်း တဲ့ ကောင် ၊ မရေး ရင် ရေး အောင် ပြော ၊ မရ ရအောင် ချွဲ ၊ မရ မချင်း အခေါက် ခေါက် လာ ၊ အဲဒီလို တောင်းတဲ့ ကောင် ”
“ ဒါလည်း သူ့ အရည်အချင်း တစ်ခုပဲ ကိုသော်တာ ရဲ့ ”
“ အေးလေ ၊ ဒါကြောင့်လည်း သူ့ ကို အယ်ဒီတာ လို့ မခေါ်ဘဲ အယ်ဒီတောင်း လို့ ပဲ ခေါ် တော့တယ် ”
စာရေးဆရာကြီး ဦးသော်တာဆွေ သည် ကာတွန်းဆရာကြီး ဦးဖေသိန်း နှင့် အိမ်နီးနားချင်း အဖြစ် ဖြင့် လှည်းတန်းရွာတန်းရှည် မှာ နေ စဉ် ကျွန်တော် အခါခါ ရောက်ချိန်များ က တစ်ကြိမ် မှာ ဆရာဦးသော်တာဆွေ က အထက်ပါ အတိုင်း မှတ်ချက် ချ သည် ။
ကျွန်တော် က လည်း လွယ်အိတ်တစ်လုံး လွယ်ကာ နေရာ များစွာ တွင် နေကြ ကုန်သော ဆရာကြီး ၊ ဆရာလေး များစွာ ထံ စာမူ လည် ၍ တောင်း ခဲ့သည် လည်း အမှန်ပင် ဖြစ်သည် ။ ဒါကြောင့်ပင် ဆရာဦးသော်တာဆွေ ပြော တော့ ပြုံးပြုံးကြီး သာ ငြိမ်ကုပ် ခံနေ လိုက်ရသည် ။ ပြီးတော့ လိုချင်သော စာမူ လည်း ရခဲ့သည် သာ ပင် ။
••••• ••••• •••••
နောက်တော့ ဆရာ ဦးသော်တာဆွေ သည် အင်းစိန် သို့ ပြောင်းလာသည် ။ ထိုစဉ်က ကျွန်တော် သည် လည်း အင်းစိန် မှာ ပင် နေ သေးသည် ။
ဆရာ သည် မနက်တိုင်း ဈေး သွားသည် ။ နေ့စဉ် နေ့ဖို့ညစာ ဟင်းချက်စရာ ဝယ်သလို ညနေ အရက် နှင့် မြည်းရန် လည်း တစ်ခါတည်း ဝယ်သည် ။ ကြက်သား ၊ ဝက်သား ၊ ဘဲသား စသော သမားရိုးကျ အသား များထက် ကိုးရိုးကားရား ၊ ပေါက်တတ်ကရ ၊ ကတ်သီးကတ်သတ် အသားမျိုး ကို ဝယ် တတ်သည် ။ ထိုအချိန် မှာ သူ့ တပည့်ကျော် ကိုပိုက် သည် ဆရာ နှင့် အိမ်နားနီးချင်း ဖြစ်၍ နေပါသည် ။ ဆရာ့ ကို ပြုစုဖို့ ရော သောက်ဖော် အဖြစ် ပါ ဆရာ့ အတွက် အားကိုး ရာ ရ နေသည် ။ ပြီးတော့ ကိုပိုက် က လည်း ဆရာ့ လို ပဲ သောက်ရုံ မျှ မက ဘာသား ညာသား ကိုးရိုး ကားရား အသားများ ကို မရ ရအောင် ရှာ တတ်သည် ။ ချက်နည်း အဆန်း တကြယ် ဖြင့် ဖွယ်ဖွယ်ရာရာ ချက် တတ်သည် ။ ကျွေးတတ် သလို စား တတ်သည် ။ အရသာ ရှိလှပါကြောင်း ၊ ကောင်းလှကြောင်း ၊ စား ၍ မြိန်ကြောင်း ၊ ဟင်းချက် တော်ကြောင်း ၊ သောက်ရင်း မြည်းရသည် မှာ လည်း အလွန် လိုက်ဖက်ကြောင်း ပြောကာ အခါခါ လာ၍ စားကြ သောက်ကြသူ တွေ များ လှသည် ။ ကျွန်တော် လည်း ထို အထဲ တွင် စာရင်း ဝင် လေသည် ။
“ အရက် ကို များများ နဲ့ ကြာကြာ သောက် ချင်ရင် အစား ကို ကောင်းကောင်း နဲ့ အာဟာရ ဖြစ်တာ စား ရတယ် ။ ဟို အစား က ဘာဖြစ်လို့ ၊ ဒီ အသား က မတည့်လို့ ၊ ခြေများ လို့ ခြေနည်း လို့ ဆိုပြီး ဈာန် ရွေး မနေနဲ့ ။ ပြီးတော့ များများ စား ။ ဖြစ်နိုင်ရင် အသားချည်း သက်သက် များများ စား ”
“ ကျွန်တော်တို့ က အရက် သောက် တာပဲ ။ အစာ စား ဖို့ မှ မဟုတ်ဘဲ ဆိုပြီး အမြည်း စားဖို့ တို့ကနန်း ဆိတ်ကနန်း လုပ် နေရင် ဆရာ က သူ ချက် ထားသော ဟင်း ဘယ်လောက် တောင် အဆင်ပြေမှု ရှိတယ်ဆိုတာ ပြော တော့သည် ။ သူ့ ဟင်း သည် ဘယ်လို အရသာ ရှိကြောင်း ၊ ဘယ် လောက် အာဟာရ ဖြစ်ကြောင်းများ ပြောလျှင် ကျွန်တော် ဖြင့် လျှာ ပေါ် ကိုပင် မတင်ရဲ တော့ ။ စားဖို့ ဆိုတာ တော့ ဝေလာ ဝေးရော ပေါ့ ။
“ တန်ဖိုး ရှိတာ ကို အဖိုးတန်မှန်း မသိတဲ့ ကောင် ပဲ ။ အကောင်း မစားတတ်တဲ့ ကောင် ပဲ ” ဟူ၍ ဆရာ က အပြစ် တင်သည် ။ ထို အပြစ် တင် တာ ကို နာခံရင်း မစားရဲ ၊ မတို့ရဲ သော ကျွန်တော်တို့ ငတ် ခဲ့ကြရသည် မှာ အကြိမ်ကြိမ် အခါခါပင် ။
••••• ••••• •••••
ကျွန်တော် အင်းစိန် တွင် နေစဉ် တစ်ချိန်သော အခါ က အရက် ကို ရက် မပျက် ၊ သုံးနှစ် လောက် ဆက် သောက်ခဲ့ဖူးသည် ။ ထမင်း မစားဖြစ် သော ရက် သာ ရှိမည် ။ အရက် မသောက် သော ရက် ဟူ၍ မရှိသော အချိန် များက ဖြစ်ပါသည် ။ ထို သုံးလေးနှစ် စလုံး တွင် ကျွန်တော် သည် အရက် ကို စဉ်ဆက်မပြတ် သောက်ဖြစ် ခဲ့သည် ။ တက္ကသိုလ်ကျောင်း မှာ လူစုံ နှင့် ပေါင်းသင်း လာရသော အခါ အရက် သောက်ခြင်းကိစ္စ သည် သမားရိုးကျ ဖြစ် လာသည် ။ ထို သုံးနှစ် စဉ်ဆက်မပြတ် သောက် နေသည် တွင် ပထမ နှစ် ၌ ညနေ တိုင်း သောက် သော်လည်း ဒုတိယနှစ် ၌ နေ့ခင်းပိုင်း အချိန် များ ပါ သောက် ဖြစ်လာ၏ ။ တတိယနှစ် ၌ မူ တစ်နေ ကုန် စွတ်ကယ် စွတ်ကယ် သောက် နေသည် မှာ တစ်ရေး နိုး ချိန်ပါ မလွတ် ၊ မိုး လင်းသည် နှင့် အရက်ခွက် ကို အရင် ကိုင် ဖြစ် တော့သည် ။ အရက် နှင့် မျက်နှာ သစ် သည် ဟူသော ကာလ များ ဖြစ်ပါတော့သည် ။ ဆရာ အမြဲ ပြော ၊ အမြဲ ရေး ၍ ၊ ပညာ ပေး လေ့ ရှိသော စကားများ ကို အဖန်ဖန် အထပ်ထပ် ကြားနေ သိနေ လျက် ကျွန်တော် မဆင်ခြင် နိုင်ခြင်း ဖြစ်၏ ။ ဆရာ့ ပြောလိုရင်း အကျဉ်း ကား အရက် သောက်သုံးသူတွေ ဟာ
“ ပထမ အရက် ကို သောက်တယ် ၊ တစ်နည်းအားဖြင့် ပြောရရင် လူ က အရက် ကို သောက်တယ် ”
ဒုတိယ အရက် က အရက် ကို သောက်တယ် ။ ( လူ ၌ သွေး လည်ပတ် ရာ တွင် အရက် ပြတ်သော အခါ ၌ လူ က မအီမလည် ဖြစ် ၊ ရင်တုန် ပန်းတုန် ဖြစ် ၊ အသက်ရှူ ကျပ် ၊ မော ၊ အတွင်းကျန် အရက် က မစို့မပို့ ကာလ ။ သွေး လည်ပတ်မှု မှန်ရေး အတွက် အဖော် အရက် ကို တောင်း ၊ ထို အချိန်မျိုး အရက် သောက် လိုက် လျှင် ရှိသမျှ ဝေဒနာတွေ ပြေကာ ပျောက်၏ ။ )
တတိယ အရက် က လူ ကို သောက် ပါရော ။ ဤ အချိန် တွင် အရက် သောက်သုံးသူ တို့ အရက် မသောက်ရ လျှင် မနေနိုင်တော့ သော အခြေ အနေ ဖြစ်၏ ။ ခန္ဓာကိုယ် ထဲ မှာ အရက် မရှိ လျှင် စကား ပြောတာက အစ လုပ်သမျှ ကိုင်သမျှ အလွဲလွဲ အမှားမှား ချည်း ဖြစ်တော့သည် ။ အသက် ရှူတာ သည် ပင်လျှင် ပုံမှန် ရှူ နေခြင်းမျိုး မဟုတ်တော့ ။ ခြေ မခိုင် ၊ ယိုင်ရွဲ့ ၊ လက် မငြိမ် ၊ လှုပ်ခါပြီး တစ်စုံ တစ်ယောက် က ကြိုးအထပ်ထပ် ရစ်ပတ် ပြီး ညှစ်သတ် ထား သလို ဖြစ်နေ၏ ။ အသက် ရှူ မဝတော့ ၊ ကျပ်မော မောနေ၏ ။
ထိုမှ နောက်တွင် တော့ မသောက်၍ မဖြစ်တော့ သော ကြောင့် သောက်ရာ က တစ်စ တစ်စ အချိန် ကြာလာသော အခါ အစာ မဝင် ၊ အသက်ရှူ မဝ တော့ဘဲ သေရပါရော ဟူ၏ ။
••••• ••••• •••••
ဒီကောင်တွေ လုပ်တာ နဲ့ အရက်သမား သိက္ခာ ကျတယ် ။ အရက် ပဲ ဗျာ ။ ကြိုက် လို့ သောက်တယ် ၊ သောက်ချင် လို့ သောက်တယ် ၊ စားကောင်း သောက်ကောင်း သောက်တယ် ၊ ကျန်းမာရေး အတွက် သောက်တယ် ။ ဘာဖြစ်လဲ သောက်ပေါ့ ၊ ကိုယ့် စည်းလေး နဲ့ ကိုယ် ပေါ့ ။
ဒီကောင်တွေ က စည်းကမ်း မရှိဘူး ၊ သောက် ရင် လူလို မသောက်ဘူး ။ ခွေး သောက် နွား သောက် သောက်တယ် ။ ပြီးရင် ဆေးရုံ တက် ဖြတ် ပြန်ရော ။ အလကား လူကြား မကောင်းအောင် ဗျာ ။ ဖြတ် တာလည်း တစ်ခါ မဟုတ်ဘူး ။ ခဏခဏ ဖြတ် နေကြတာ ။ ဒီတော့ တက်ရတဲ့ ဆေးရုံ က လည်း ခဏခဏ ပြီး ပြီးတယ် မရှိဘူး တဲ့ ။
ဒီကောင်တွေ ဟု ဆရာ အမြဲ ပြောလေ့ ၊ ရေးလေ့ ရှိသူများ မှာ သူ့ တူ သားတပည့်များ ဖြစ်သော ကျွန်တော် ၊ မောင်ဝဏ္ဏ နှင့် သုမောင် တို့ ကို ပြောခြင်း ဖြစ်၏ ။ ကျွန်တော် တို့ က လည်း ပြောစရာ ဖြစ် လောက်အောင် ပင် သောက်ချင် သလို သောက် ကြသူများ ဖြစ်၏ ။ ဆရာ မနိုင်သော အကောင်များ ဖြစ်ခဲ့၏ ။
••••• ••••• •••••
ကျွန်တော်တို့ သည် ဆရာကြီး ဦးသော်တာဆွေ ၏ စာများ ကို စာရေးဆရာ တို့ အား စွဲလမ်း တတ် စ အရွယ် ကပင် စတင် စွဲလမ်း ခဲ့၏ ။ စာ ရေးဖို့ ကြိုးစားချိန် ကျတော့လည်း ဆရာ့ စာများ ၊ ဆရာ့ စကားပြေများ ကို လေးစား အားကိုး ဖတ်ခဲ့ရ၏ ။ ကိုယ်တိုင် မဂ္ဂဇင်း အလုပ် လုပ် တော့ လည်း လေးစားသော ဆရာ ၏ စာမူ ကို မရ ရအောင် တောင်း ဖြစ်၏ ။
ဆရာ မရှိတော့ မှ ပင် ဆရာ့ စာတွေ သည် အရသာ ပို၍ ထူးကဲ နေ သကဲ့သို့ ခံစား နေမိ၏ ။ လက် တစ်ကမ်း ၌ ရှာ မတွေ့ တော့သော စာအုပ် ဟောင်းများ ကို ပြန် ရှာ ဖတ် နေရ၏ ။
တန်ဖိုး ရှိသော အဖိုးတန် ပစ္စည်းများ သည် နှစ်သက် ရှည်ကြာ ရှိ နေမည်သာတည်း ။
ကျေးဇူးရှင် ဆရာဦးသော်တာဆွေ ခင်ဗျား ...
အစ်ကို ကောလိပ်ဂျင်နေဝင်း ဟာ အရက် ဖြတ် ပြီး အရက် ပြတ်ပြီး အကြာကြီး ကြာ မှ ကွယ်လွန်ခဲ့တယ် လို့ ကျွန်တော် တို့ သိရပါတယ် ။
ဆရာ ဟာ လည်း တစ်သက်လုံး အရက် သောက် ၊ မရ ရအောင် ရှာဖွေ သောက် ၊ အရက် ပြတ်ရင် တောင် ချက် သောက် ... နောက်ဆုံး အချိန်တွေ ကျတော့ ဆရာ အရက် ဖြတ် ခဲ့တယ် ။ ဆရာ မသေခင်ကလေး ကျွန်တော် ဆရာ့ ဆီ ရောက်တော့ ဆရာ အရက် ပြတ်ပြီ ။
အခုတော့ ဆရာ လည်း အစ်ကို ကောလိပ်ဂျင်နေဝင်း လိုပဲ ကွယ်လွန် ရ ပါပြီ ...
ဆရာ ခင်ဗျား -
ကျွန်တော် အခု အရက် ပြတ် နေပါပြီခင်ဗျား ၊
ဒီတော့ ...
◾ အောင်ပြည့်
📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment