❝ သူအို ကိုယ်နာ ❞
မုခ မဂ္ဂဇင်း အယ်ဒီတာချုပ် ထံ မှ မုခမဂ္ဂဇင်း နှစ်ပါတ်လည် အထူးထုတ် တစ်အုပ် လက်ဆောင် ရသည် ။ အယ်ဒီတာချုပ် ၏ ( အယ်ဒီတာ့ စကား ) ကို ဖတ် ကြည့်သည် ။ တစ်ခါက အလှပိုင်ရှင် ဖက်ရှင် မိခင်ကြီး လို့ တင်စားခြင်း ခံခဲ့ရသည့် အယ်ဒီတာချုပ် မမ သည် သံဝေဂ စာတွေ ကို ရေးထားတာ တွေ့ ရသည် ။
“ ကျွန်မ ၏ ယခင် နုပျိုခြင်း ကို အချိန် က ဝါးမျိုခဲ့ ပါပြီ ”
အချိန် ဆိုတာ အသက် ကြီး လာခြင်း ကို ဆိုလိုတာ ဖြစ်သည် ။ မှန်ပါသည် ။ အချိန် သည် အယ်ဒီတာ မမ ကို သာ မက လူတိုင်း ကို ဝါးမျို နေသည် ။ နုငယ်ရုပ်ဆင်း ပျိုမျစ်ခြင်း ကား အိုမင်း နောက်ဆုံး ရှိ ချေ၏ လို့ ဆိုရိုး ရှိသည် ။ သတ္တဝါ ရယ် လို့ ဖြစ် လာလျှင် ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏ ဆိုတဲ့ မွေး ၊ အို ၊ နာ ၊ သေ ၊ ဖန်တရာတေ ဝဲဂယက် သံသရာ မှာ နိဗ္ဗာန် မရမီ စပ်ကြား ဘဝ များစွာ ကျင်လည် နေကြဦး မှာ ဖြစ်သည် ။
မုခ အယ်ဒီတာချုပ် က အယ်ဒီတာ့ စကား တစ်နေရာ မှာ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား သည် နိမိတ်ကြီး လေးပါး ဖြစ်သော သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း တို့ကို မြင်ပြီးတော ထွက် ၍ တရား ကျင့် ပြီး မှ မြတ်ဗုဒ္ဓ အဖြစ် ကို ရောက်ရှိခဲ့သည် ဟု အဘိဏှသုတ် ကို ကိုးကားပြီး တင်ပြ ထားသည် ။
လေး သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ၊ တစ်ဆယ့်ခြောက် သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီတော်တွေ ဖြည့်ဆည်း လာခဲ့သည့် ဘုရား အလောင်းတော် က တော့ နိမိတ်ကြီး လေးပါး ကို မြင်ကာ မျှ ဖြင့် တရား သံဝေဂ ရပြီး တော ထွက် ခဲ့သည် ။ ပါရမီ နုနယ်နည်းပါး သည့် ကျွန်တော် က တော့ သူ အို နေတာ ကို မြင် ရတော့ ကိုယ် နာ နေတာ ကို တောင် မေ့ သွားပြီး သူ့ အနား က ထွက်ပြေး ခဲ့ ပါသည် ။ သူ့ ကို စတင် မြင်ဖူးသည့် လွန်ခဲ့သည့် နှစ်ပေါင်း ( ၄၀ ) လောက် က ရုပ်ဆင်း ရူပါ နဲ့ အခု မြင်တွေ့ ရသည့် ပုံပန်းသဏ္ဍာန် တို့ က ကြောက်စရာ ကောင်း လောက် အောင် ကွာခြား နေပါရော့ လား ဟု တွေး မိသည် ။ နှစ်ပေါင်း လေးဆယ် ဆိုသည့် အချိန် က သူ့ အလှတွေ ကို ဝါးမျို လေ ပြီ ဟု သိလိုက် ပါသည် ။ သူ ဆိုတာ မုခ အယ်ဒီတာချုပ် မမ ကို ဆိုလို တာ မဟုတ်ပါ ။ ကျွန်တော် ငယ်ငယ် က တစ်ဘက်သတ် စွဲလမ်း ခဲ့သည့် ရုပ်ရှင်မင်းသမီး မမကြီး တစ်ယောက် ကို ဆိုလိုတာ ဖြစ်ပါသည် ။
ကျွန်တော် သည် အကြောတွေ ဆိုင်း လာပြီး အောက်ပိုင်း သေချင် သလို ဖြစ် လာသည် ။ ကျွမ်းကျင်သည့် သမားတော် နှင့် ပြသည် ။ သမားတော် က ကျေနပ်အောင် စမ်းသပ်ပြီး သော အခါ ကိုယ်လက်လှုပ်ရှားမှု နည်း လို့ အညောင်းခံ လွန်း လို့ ဖြစ်တာ ဟု ဆိုသည် ။
တစ်နေ့ ကို အနည်းဆုံး တစ်နာရီ ကိုယ်လက်လှုပ်ရှား လုပ်ရန် သို့မဟုတ် လမ်း လျှောက်ရန် ညွှန်ကြားပါသည် ။ ကျွန်တော် သည် လမ်းလျှောက်ရန် အလွန် ပျင်းသည် ။ လမ်းလျောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ရမည့် အချိန် အလွန် နှမြောသည် ။ အဲဒီ အချိန်တွေ ကို စာဖတ်ခြင်း ၊ စာရေးခြင်း ၊ တခြား လုပ်စရာ ရှိသည့် အလုပ်တွေ ကို လုပ်ခြင်းဖြင့် ကုန်လွန်စေ ချင် သည် ။ အသက် ကြီးလာသည့် အခါ လမ်း လျှောက် ဖို့ လိုတယ် ဆိုတာ ကို သိပါလျက် နဲ့ မလျောက် ဘဲ နေခဲ့ခြင်း ဖြစ်သည် ။
ကျွန်တော် သာ လမ်း မလျှောက် သော် လည်း ကျွန်တော့် အပေါင်းအသင်း တွေ လမ်းလျောက် ကြသည် ။ သုဝဏ္ဏကစားကွင်း ကို သွားကြပြီး ကိုယ်လက် လှုပ်ရှား နည်း မျိုးစုံ လုပ် နေကြသည် ။ သူတို့ ဆီ က သတင်းစကား တစ်ခု ကို ကြားရသည် ။ အသက် ခြောက်ဆယ် ကျော် နေပြီ ဖြစ်သည့် နိုင်ငံကျော် ရုပ်ရှင် မင်းသမီးကြီး တစ်ယောက် သည် သုဝဏ္ဏကစားကွင်း မှာ လာပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်နေသည် ဆိုသည့် သတင်း ဖြစ်သည် ။
ဒီ သတင်းစကား ကို ကြားတော့ ကျွန်တော် စိတ် လှုပ်ရှား သွား သည် ။ ရုပ်ရှင် မင်းသမီးကြီး ကို ကြည့် ချင်သည် ။ လွန်ခဲ့သည့် နှစ် ပေါင်း လေးဆယ် လောက် က သူ့ ကို မြင်လျှင် ကျွန်တော် ရင်ခုန် ခဲ့တာ ကို ပြန်လည် အမှတ် ရ လာသည် ။ အခု မြင်လျင် ရင်ခုန်ပါဦး မလား ဆိုတာ သိချင် လို့ သူ့ ကို ကြည့် ချင်သည် ။ သူ့ ကို စတင် မြင်ဖူးသည့် အချိန် က သူ့ အသက် လည်း နှစ်ဆယ် ကျော် ကိုယ့် အသက် က လဲ နှစ်ဆယ် ကျော် ဖြစ်လို့ သူ့ အလှ သူ့ မုခ ကို ကိုယ် က ကြည့် မဝ ရှု မဝ ဖြစ်ခဲ့တာ ကို သတိ ရ လာသည် ။
သူ သည် ရုပ်ရှင် မင်းသမီး မဖြစ်မှီ က အဆိုတော် ဘဝ မှာ သူ့ ကို စတင် မြင်ဖူးခြင်း ဖြစ်သည် ။ ပျိုမျစ်နုငယ် လှသွေးကြွယ် ၍ အချိုးအဆစ် ပြေပြစ် သော ကိုယ် ခန္ဓာ နှင့် ပြုံးလိုက် ရယ်လိုက် လျင် ရင်ခုံ စေခဲ့ပါသည် ။ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် တွေ မှာ ကျင်းပသည့် ဘားမားစတိတ် ၊ ဂိုးဖလိပ် ၊ ရွှေကျီးနိုင်လွန် ၊ ဟံသာအေးနိုင်လွန်ကုမ္ပဏီတွေ ရဲ့ အဆိုအက စင်မြင့်တွေ ပေါ် မှာ သူ့ အလှ ကို စတင် မြင်ဖူးခြင်း ဖြစ်သည် ။
အဆိုတော် ဘဝ အစ မို့ အခုလို မရင့်ကျက် သေး သည့် ဘဝ မှာ တက်ကြွသည့် သူ့ အသံလေး လွင်လွင်စူးရှ နှင့် သူ့ အလှတို့ ပေါင်းစပ် လိုက်သော အခါ စင် အောက် က နားထောင် ရင်း ငေးမော ကြည့်ရှု နေသည့် ကျွန်တော် အသက် ရှု ဖို့ ပင် မေ့ နေ ခဲ့ပါသည် ။ လှလိုက်တဲ့ မိန်းကလေးရယ် ဘယ် ဘဝ ကဆုတောင်းတွေ ကောင်းခဲ့ လို့ အခုလောက် တောင် လှနေတာလဲ ကွယ် ဟု တီးတိုး ရေရွတ် နေ မိသည် ။
“ ဒီ မိန်းကလေးမျိုး နဲ့ ဘဝ ကြင်ဖေါ် အဖြစ် လက်တွဲခွင့် သာ ရခဲ့မည် ဆိုလျှင် ဘဝ မှာ ကံအကောင်းဆုံး လူသား ဖြစ်နိုင်သည် ။ အရာရာတိုင်း ကို စွန့်လွှတ်ပြီး သူ့ အလှ ရဲ့ ကျေးကျွန် အဖြစ် ဖြင့် အသက် ကို ပင် ပေးအပ်၍ သူ လိုရာ မှာသုံး စေတော့ ငါ ကျေနပ်တော့ မည် ဟု စိတ်ကူး မိသည် ။
သာမန် ရေဒီယို အဆိုတော် ဘဝ မှ လျမ်းလျမ်းတောက် အောင်မြင် ကျော်ကြား သည့် ရုပ်ရှင်မင်းသမီး ဖြစ်လာ သော အခါမှာ လည်း သူ ပါဝင် သရုပ်ဆောင် သည့် ရုပ်ရှင် ဇာတ်ကား တွေ ကို မလွတ်တမ်း ကြည့် ခဲ့သည် ။ သူ့ ရဲ့ အနုပညာ ကို ကြည့် တာ မဟုတ် ၊ သူ့ ရဲ့ အလှ ကို ကြည့် မဝနိုင် လို့ သူ ပါဝင်ထားသည့် ဇာတ်ကား တိုင်း ကို ကြည့် ခဲ့သည် ။
အောင်မြင်ကျော်ကြား နေတဲ့ သူ့ အလှ နဲ့ ဆုတ်ယုတ် ကျဆင်း နေတဲ့ ကိုယ့် ဘဝ တို့ က မိုး နဲ့ မြေ လို အလှမ်း ကွာ ဝေးခဲ့ပြီ ဆိုတာ ကို နားလည် လိုက်သည် ။ သူ့ ဘဝ ကြင်ဖေါ် အဖြစ် ရွေးချယ်ခြင်း ခံ လိုက်ရသည့် ယောက်ျား သည် ကံကောင်းလေစွ မုဒိတာ ပွား မိ ပါသည် ။
သူ့ ကို တကြော့ပြန် မြင်ချင် တွေ့ချင်သည် ။ သူ့ ရဲ့ အလှ ကြည့်ပြီး ငယ် ဝေဒနာ ကို ပြန်လည် ခံစား ကြည့် ချင်သည် ။ နေ့စဉ် သူ လာတဲ့ သုဝဏ္ဏအားကစားကွင်း ကို သွားပြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်မည် ။ လမ်းလျောက်မည် ဟု ဆုံးဖြတ် လိုက်သည် ။ မိမိ ခံစား နေရတဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းအောင် ဆရာဝန် ညွှန်ကြားသည့် အတိုင်း လမ်း လျောက်ရန် အတွက် ချည်း မဟုတ် ၊ မိမိ တစ်ဘက်သတ် စွဲလမ်း ခဲ့ရသည့် ရုပ်ရှင်မင်းသမီးကြီး ကို ကြည့်ချင် လို့ ဖြစ်သည် ။
နံနက်စောစော နှင်းမှုန်တွေ ကြား မှာ သုဝဏ္ဏအားကစာ ကွင်း ကို ပါတ်ပြေး နေသူ ၊ ပါတ်လျောက် နေသူတွေ ကြား မှာ သူ့ ကို ရှာ သည် ။ နှင်းမှုန်တွေ ကွဲ သွား လို့ လင်းအား ကောင်း လာသော အခါ ပရိတ်သတ် တစ်ချို့ ဝိုင်းအုံ နေတဲ့ တစ်နေရာ မှာ သူ့ ကို တွေ့ပါသည် ။ အဆီကျ အသားစစ် အောင်ခါးသေး ရင်ချီ အောင် လေ့ကျင့်ခန်း လုပ် နေသောရုပ်ရှင်မင်းသမီး ၀၀တုတ်တုတ်ကြီး ကို တွေ့ ပါသည် ။ သူ့ ရုပ် ကို ကြည့်ပြီး ကျွန်တော် တုန်လှုပ် သွား ပါသည် ။
သူ့ တစ်ကိုယ်လုံး မှာ အဆီတွေ များ ပြီး အသားတွေ က လည်း တအား ပို နေသည် ။ မျက်နှာကြီး ပြဲ ပြီး မျက်လုံးတွေ ပိတ်လု နီးပါး ဖြစ် နေသည် ။ ဂုတ်ပိုးကြီး တက် နေသည် ။ ပခုံးသားတွေ မောက် နေသည် ။ ပါးတွေ စုဖောင်း နေသည် ။ လက်မောင်းကြီး တွေ နှင့် ခြေသလုံးကြီး တွေ ရွယ်တူ ဖြစ် နေသည် ။ ခါး ၊ တင် ၊ ရင် တို့ သည် တိုင်ကီ လို တဖြောင့် တည်း ဖြစ် နေသည် ။ ကိုယ် အလေးချိန် ပေါင်နှစ်ရာ လောက်တောင် ရှိမည် ဟု ထင် ရသည် ။ မူလ အလှအပ တွေ ထဲ က လက်ကျန် ဆိုလို့ သူ့ ကို ဝိုင်းအုံ ကြည့်နေသူတွေ ကို ပြုံးပြ လိုက်တိုင်း ပေါ်လာ တတ်သည့် ပါးချိုင့်လေး နှစ်ခု သာ ကျန် တော့သည် ။
“ သဗ္ဗေ သင်္ခါရ အနိစ္စ ၊ ယဒါပညာယ ပသတိ လို့ ဘုရား ဟော ရှိတယ် ။ ဘယ်အရာ မှ မမြဲဘူး ဆိုတာ ကို ဉာဏ်မျက်စိ နဲ့ ရှုကြည့် မှ ပဲ မြင်နိုင်တယ် လို့ ဆိုတာပဲ ”
ကျွန်တော့် စိတ် ထဲ က ပြော နေမိသည် ။ အော် အခုတော့ လည်း က သူ့ အလှ ဟာ ငါ့ ကို ရင်ခုန် ယစ်မူးအောင် မဆွဲဆောင်နိုင်တော့ပါလား ဟု တွေးမိပြီး သုဝဏ္ဏကွင်း မှ ပြေးထွက် ခဲ့ ပါတော့သည် ။
◾အဏ္ဏဝါစိုးမိုး
📖 FACES မဂ္ဂဇင်း
အမှတ် -၂၃
၂၀၀၄ - ဖေဖေါ်ဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment