Wednesday, May 24, 2023

ဝက် ပက်လက် - ကြက်


 ❝ ဝက် ပက်လက် - ကြက် ❞


ဘိုဘို လို သူငယ်ချင်းမျိုး ကို ဉာတကာနဉ္စ သင်္ဂဟော ထဲ တွင် ထည့်သွင်း ထားရမည် လား ။ အသေဝနာစ ဗာလာနံ ခေါင်းစဉ် အောက် တွင် စာရင်း သွင်း မှတ်တမ်း တင် ထား ရမည် လား ခွဲခြားပိုင်ပိုင် မသိတတ် နိုင်ပါချေ ။


သို့သော် ပဏ္ဍိတာနဉ္စ သေဝနံ ထဲ တွင် မပါကြောင်း ကို မူ အိမ် မှ ပိုက်ဆံ ခိုးနည်း ကို သင်ပေး ခဲ့သော ကန့်ကူ လက်လှည့် ငယ်ဆရာ မှာ ဘိုဘို ။


လေးတန်း အရောက် တွင် ကျောင်း လစ် ၍ ရည်စားစာ ရေး ပေး ပြီး တစ်အိမ်ကျော် က ခင်အုန်းရီ ကို စာ ပေး စကား ပြော ရန် အခါ ပေး လှုံ့ဆော် ခဲ့ သူ မှာ လည်း ဘိုဘို ။


ရှစ်တန်း ပထမပတ် အစမ်း စာမေးပွဲ တွင် စာ ခိုးချ သော နည်း ကို သင်ပေး ခဲ့သော ဘိုဘို ။


စိတ် ညစ် လျှင် တစ်မျိုး  ၊ စိတ် ပျော် လျှင် တစ်သွယ် ၊ သူရာ နယ်ပယ် အတွင်း သို့ ခေါ်ဆောင် သွားပြီး ကိုကြီးကျော် နှင့် မိတ်ဆက် ပေး သူ မှာ လည်း ဘိုဘို ။


တစ်ခုသော အိပ်ခန်း ထဲ ၌ အပေါစား ပေါင်ဒါနံ့လေးများ နှင့် စံပယ်ပန်းခြောက်ကလေး များ အကြား ဝယ် သိန်းဟန် ကို ရီဝေ ရင်ခုန် စေ ခဲ့သော ကာမသျှတ္တ ဆရာကြီး ဘိုဘို ။


ဂေါ်လီ ရိုက် သည် မှ အစ ကိုးမီး နှင့် ပိုကာ အလယ် ၊ ဘူကြီး နှင့် တစ်ချပ် မှောက် အဆုံး လောင်းကစား အဘိဓာန် တစ်ခုလုံး ကို တစ်ရွက် စီ လှန် ၍ သင်ပေး ခဲ့ လေ သော ဘိုဘို ။


ထို ဘိုဘို ၊ ဤ ဘိုဘို ၊ အနှီ ဘိုဘို အကြောင်း ကို ပြန်ပြောင်း စဉ်းစားမိသည် ဆို လျှင် ပင် သိန်းဟန် တစ်ယောက် ...


အိမ် မှ ပိုက်ဆံ ခိုး မိ၍ နေပူ ထဲ တွင် ၃ နာရီ ကြာ မတ်တပ် ရပ် ဒဏ်ပေး ခံ ခဲ့ရသည် ကို လည်းကောင်း ....


အင်းလျား တွင် ရေနစ် ခဲ့ စဉ်က အစိမ်း ၊ အနီ ၊ အပြာ ရောင်စုံ ဖြာသော ကြယ်တာရာကလေးများ နှင့် တဒင်္ဂ ဆုံစည်းခဲ့ရသော အိပ်မက်ဆိုး ကို လည်းကောင်း ..


ငယ်ငယ်ရွယ်ရွယ် နှင့် နန့် ရ ကောင်းလား ဟူသော မှတ်ချက် နှင့် အတူ ခေါင်း ထက် သို့ ဒေါက်ကနဲ ကျ လာ သော ဆရာကြီး ဦးမှတ်ကျော် ၏ ကြိမ်စကြာ ကို လည်းကောင်း ...


သူရာနယ် တွင် ကိုကြီးကျော် အပူး လွန် သဖြင့် အမူး ကျွံ ဒူးပြဲ ခဲ့ ရသော အရှက်တကွဲ အကျိုး နည်းကလေးများ ကို လည်းကောင်း ...


သူယောင် တောဝယ် အမဲ လိုက် ကောင်း လွန်း သော ကြောင့် တိတ်တိတ်ကလေး ကြိတ်မှိတ် ဆွေး ခဲ့ရသော တက်ခေတ်နတ်ဆိုး ဝေဒနာ ကလေးများ ကို လည်းကောင်း ...


ဘူကြီး ကြောင့် ချွတ်ပေး ခဲ့ရသော လက်ပတ်နာရီ နှင့် တစ်ချပ်မှောက် ကြောင့် ပြုတ်ထွက် ခဲ့ရသော ရွှေဆွဲကြိုး လေးများ ကို လည်းကောင်း ..


ကြာတောင့် ကြာပြီ ပင် ဖြစ် သော်လည်း ၊ မနေ့တုန်း ခဏ မှ အဖြစ် လို ပင် မေ့ဦး ၍ ရမည် မထင်ပါပေ ။


   •••••   •••••   •••••


ယခု လည်း ငယ်ဆရာ ၊ ငယ်သူငယ်ချင်း ၏ ဖိတ်ခေါ်ချက် ၊ ( သို့မဟုတ် ) ချိန်းဆို ညွှန်ကြားချက် ကြောင့် ရန်ကုန် အနောက်ပိုင်း တစ်နေရာ ရှိ တစ်ခု သော လက်ဖက်ရည်ဆိုင် အတွင်း ဝယ် သိန်းဟန် တစ်ယောက် စောင့်စားလျက် ရှိပြီ ။


ကော်ဖီ နှင့် အီကြာကွေး ကို စားသောက် ရင်း ဘိုဘို မနေ့ က ပြော ခဲ့သော စကားသံ တို့ ကို ပြန်လည် ကြားယောင် နေ မိသည် ။


“ ဒီမှာ သိန်းဟန် ၊ လူ့ စိတ် လူ အကြောင်း ကို ဖဲပိုင်း မှာ သိနိုင်တယ် လို့ သိုးဆောင်း စကားပုံ တစ်ခု က ဆိုသကွ ။ အဲဒီ စကားပုံ သာ မှန်ရင် တော့ ငါ ထင်တယ်လေ ၊ ဂျင်ဝိုင်း မှာ ဖဲဝိုင်း ထက် နှစ် ဆ ပို သိလိမ့်မကွ ။ ပြီးတော့ ကနေ့ ရန်ကုန် က လူ့ မလိုင်တွေ ၊ အထည်ကြီး ပျက်တွေ ၊ လူတန်းစား ပျက်တွေ ၊ အိုကွာ - လူ့ အလွှာပေါင်းစုံ ရဲ့ အရှုပ်အထွေး နဲ့ အပုပ်အဆွေး တွေ ကိုပါ တစ်ထိုင် တည်း မြင်ချင်တယ် ဆို ရင် မင်း ဂျင်ဝိုင်း ကို သွား ရ လိမ့်မယ် ။ သိန်းဟန် ၊ ဒါတင် က သေး ရိုးလား မောင် ရာ ၊ မင်း ဓာတ်စာ ကျ တဲ့ ရင်တုန်စရာကလေးတွေ ၊ ရင်ခုန်စရာကလေးတွေ ကိုပါ တွေ့ရလိမ့်မဗျ ”


ထိုရွေ့ ထိုမျှ လေရှည်ရှည် တရားဟော နေရန် မလိုပါ ။ နောက်ဆုံး စကား တစ်ခွန်း ဖြင့် သိန်းဟန် တစ်ယောက် ဂျင်ဝိုင်း သို့ သွား ရန် ဆုံးဖြတ် ပြီးသား ဖြစ် နေပါပြီ ။


သိုဖြင့် ယနေ့ နံနက် ၉ နာရီ ၌ ဤ လက်ဖက်ရည်ဆိုင် တွင် ဆုံကြ ရန် ဆရာ ဘိုဘို က ချိန်း ခဲ့သည် ။


အတွေး တို့ မဆုံးခင် မှာ ပင် ဘိုဘို ကို မြင်လျှင် ဆိုင် အတွင်း ရှိ လူဦးရေ ၏ သုံးပုံ နှစ်ပုံ က ရင်နှီးစွာ နှုတ်ဆက် ကြသည် ။


ဪ - ဘိုဘို ၊ ပါလေတိုင်း ပျို့ မောင်ရယ် ။


   •••••   •••••   •••••


“ အခု သွားကြ မှာ လား ဘိုဘို ”


“ လူ စုရဦးမှာ ကွ ၊ နာရီဝက် လောက် စောင့်ရဦးမယ် ၊ မသိရင် ငြိမ်ငြိမ် စောင့်ကြည့် နေစမ်း သိန်းဟန် ”


ငယ်နိုင် သူငယ်ချင်း ၏ အဟိန်းအဟောက် ကြောင့် သိန်းဟန် ပါစပ် ပိတ် သွား ရသည် ။


မကြာမီမှာ ပင် လူဝဝ တစ်ဦး ဆိုင် ထဲ သို့ ဝင် လာ ပြီး ဘိုဘို ကို မေးသည် ။


“ ပထမ တစ်သုတ် ပို့မယ် ။ မင်းတို့ ဘယ်နှစ်ယောက် လဲ ဘိုဘို ”


“ ကျွန်တော် ရယ် ၊ ဟောဒီ ကျွန်တော့် သူငယ်ချင်း ရယ် ၊ ဖထီး ရယ် ၊ ဦးမောင်မောင်ရှိန် ရယ် ၊ ပြီးတော့ ဘုရားလမ်း ထိပ် မှာ လဲ့လဲ့ဝင်း စောင့်နေ လိမ့် မယ် ၊ စုစုပေါင်း ငါးယောက် ပေါ့ ကိုဌေးကြိုင် ”


“ အားလုံး မင်း တာဝန် ယူတယ်နော် ”


“ ဪ ဗျာ - ဟောဒီ ကျွန်တော့် သူငယ်ချင်း သိန်းဟန် က လွဲလို့ အားလုံး ခင်ဗျား သိပြီးလား လူဟောင်းတွေ ချည်းပဲ ဟာ ”


“ အေးလေ - ဒါဖြင့် လည်း ပြီးတာပဲ ၊ သွားကြစို့  ”


ဘုရားလမ်း ထောင့် တွင် လဲ့လဲဝင်း ဆိုသော မိန်းမလှလေး တစ်ဦး တက် လာ ပြီး နောက် ကိုဌေးကြိုင် သည် ကား ကို အပြင်း မောင်း တော့၏ ။ ထို့ပြင် နောက်ကြောင်း မလုံသလို လှည့်ကြည့် - လှည့်ကြည့် ဖြင့် ။ ဤတွင် ဘိုဘို က စိတ် မရှည်သံ ဖြင့် ဟောက် တော့၏ ။


“ နောက်က ဘယ် ရဲကား မှ လိုက် မလာပါဘူးဗျာ ။ စ ထွက် ကတည်း က ကျွန်တော် ချက်ကင် လုပ်ပြီးသား ပါ ။ ခင်ဗျား နောက် ကို လှည့်ကြည့် လှည့်ကြည့် လုပ် နေတာ နဲ့ ရှေ့ မှာ ဝင် တိုက် နေဦးမယ် ”


“ ဟုတ်တယ် ဌေးကြိုင် ရေ ၊ ဂတ် ထဲ ရောက်သေး မှာ ကြောက်တာ နဲ့ ရေခဲတိုက် ရောက် နေဦးမယ် ”


“ မှန်တာပေါ့ ရှင် ၊ လဲ့ တို့ ငယ်ပါသေးတယ် နော် ၊ မသေချင်သေးပါဘူး ”


“  ဟဲ ... ဟဲ ... ဟဲ .... ဟဲ ...”


နွားပြာကြီး အောက် သွား မရှိ သလို တဟဲဟဲ ရယ် လိုက်ရင်း ကိုဌေးကြိုင် က စကား တုံ့ပြန် သည် ။


“ ကျွန်တော် လည်း မသေချင်သေးပါဘူး လဲ့လဲ့ ရယ် ”


ထို အခိုက်ဝယ် ဘာ ကို အဓိပ္ပာယ် ပေါက် ၍ ဘာ ကို သဘော ကျ သည် မသိ ။ သိန်းဟန်း မှ အပ တစ်ကားလုံး မပြုံး ဘဲ ဝါးလုံး ကွဲ ရယ် လိုက် ကြသည် ။


သို့ဖြင့် ပင် ခရီး ဆုံးပြီ ထင့် ။ ကား သည် ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက် တစ်ခု ၏ ခြံ ထဲ သို့ ချိုး ကွေ့ ဝင် လိုက်သည် ။


ကား ရပ် လိုက်လျှင် ပင် တိုက်ရှေ့ ရှိ ခြံ ကွက်လပ် တွင် ဆောက် ထား သော တဲကြီး တစ်လုံး အတွင်း မှ ဆိုင်းသံ ဗုံသံ လင်းကွင်းသံ များ ဆူညံစွာ ထွက် လာ၏  ။


“ နိုင်ငံကျော် ဇာတ်ဆရာ စိန်သော်တာ ရဲ့ တိုက် လေ ၊ ဇာတ် တိုက် နေကြတာပေါ့ ”


“ အံ့ရောကွာ“ 


“ မအံ့ နဲ့ လေ ၊ ဒါက အထာ ပဲ ။ ရှေ့ပိုင်း က ဇာတ်တိုက် နေ တော့ နောက်ပိုင်း က ဂျင်းဝိုင်း ကို လူ သတိ မပြု မိ တော့ဘူး ပေါ့ ။ နောက်ပြီး ဇာတ်သူ ဇာတ်သား တွေ ဝင် ထွက် နေကြတာ နဲ့ ရောပြီး ဂျင် သမားတွေ ဝင်တာ ထွက်တာ မသိသာတော့ဘူး ပေါ့ ”


“ ပိုင်ပါ့ ကွာ ”


“ အေး ၊ သေနင်္ဂဗျူဟာ စစ်ပညာ သဘော အရ ပြော ရရင် ကျည်ကွယ် မျက်ကွယ် ယူ ထားပြီးသားပေါ့ ကွာ ”


“ ကမ္ဘာ့စပိုင် သီအိုရီအရ ပြောရ ရင်တော့ မြင်လောက်သော နေရာ တွင် ရောနှော ထား လိုက်ခြင်းပေါ့ ကွာ ”


စကား တပြောပြော ဖြင့် ဘိုဘို ဦးဆောင်ရာ နောက် သို့ လိုက်ရင်း တိုက် အတွင်း သို့ ဝင်ခဲ့ ကြသည် ။ နောက်ဆုံး တွင် အိမ်ရှင် ဇာတ်မင်းသား အထူး ကိုးကွယ်ဟန် တူသော တိုက် အပေါ်ထပ် ဘုရားခန်း အတွင်း သို့ ရောက်သည် ။


ဘုရား မှာ ဒက္ခိဏသာခါ မဟာဗောဓိပုံ ရုပ်ပွားတော် မြတ်၏  ။


“ ဘုရားခန်း ထဲ မှာ ကစား မှာ လား ကွ ”


သိန်းဟန်သ ည် မေတ္တာပြုံး ဖြင့် ပြုံးနေတော် မူသော ရုပ်ပွားတော်မြတ် ၏ မျက်နှာတော် ကို လိပ်ပြာ မလုံသလို တစ်ချက် ကြည့် လိုက်ရင်း သံသယ ဖြင့် မေး လိုက်မိ၏ ။


“ မဟုတ်ပါဘူးကွာ ၊ ငါ ဒီ အိမ် မှာ ကစားနေကျ ပါ ”


စကား အဆုံး တွင် ဘုရားစင် ဘေး ရှိ ဝါဆို ဖယောင်းတိုင်ကြီး ကို ဘိုဘို က မ လိုက်သည် ။


“ ကျွီ ... ကျွီ ... ကျွီ ” ဟူသော မြည် သံ ခပ်အုပ်အုပ် နှင့် အတူ ဘုရားစင် ဘေး တွင် လူ တစ်ယောက် ဝင် စရာ အပေါက် တစ်ပေါက် ပေါ် လာသည် ။


“ ကဲ - လာကြ ”


ပြောပြောဆိုဆို ပင် ထို အပေါက် မှ ဝင် သွားသော ဘိုဘို ၏ နောက် သို့ အားလုံး လိုက် သွား ကြသည် ။ သိန်းဟန် က မူ တစ်ဖက်ခန်း အတွင်း သို့ အဝင် ဘုရားခန်း ကို သမင်လည်ပြန် တစ်ချက် ကြည့် လိုက်ရင်း အံ့သြစွာ မှတ်ချက်ချ၏ ။


“ ဘုရား ... ဘုရား ဂျိမ်းစ်ဘွန်း ဘုရားခန်း ပါ လား ဟ ”


သိန်းဟန် ၏ စကား မဆုံးမီမှာ ပင် တကျွီကျွီ မြည် သံ နှင့် အတူ နောက်ဘက် နံရံ မှ အပေါက် မှာ ပြန်လည် ပိတ်သွား၏ ။


ထို လျှို့ဝှက် အခန်း မှာ အလျား ပေ ၂ဝ နှင့် အနံ ၁၅ ပေ ခန့် ကျယ်ဝန်း ပြီး အသံလုံခန်း ဖြစ်ဟန် တူသည် ။ အခန်း ၏ တစ်နေရာ ဝယ် တဒီဒီ မြည် နေသော လေအေးစက် နှစ်လုံး ကြောင့် ဤ အလုံခန်း တွင်း ၌ ပြင်ဦးလွင်မြို့ ၏ အေပရယ် ခံစားမှု နှင့် ထိတွေ့ နေ ရသည် ။


ထိုအခိုက် သိန်းဟန် ၏ အလန့်တကြား အသံ က ပေါ်လာသည် ။


“ ဟေ့ကောင် - ဘိုဘို လှေကားရင်း မှာ ချွတ်ခဲ့ရတဲ့ တို့ ဖိနပ်တွေ ကို စိတ်ချရပါ့ မလားကွ ”  


“ ဪ ... ငါ့ ကောင် နှယ် တုံးပါ့ကွာ ၊ ခုလောက် ဆိုရင် ဖိနပ် တာဝန်ခံ က သိမ်းပြီး ရော ပေါ့ ”


“ ဘာ ... ဖိနပ်တာဝန်ခံ ဟုတ်လား ”


“ ဒါပေါ့ကွာ ၊ တို့ မြန်မာနိုင်ငံ မှာ အိမ် တစ်အိမ် ဖဲဝိုင်း လုပ်ပြီ ဆိုရင် လှေကားရင်း မှာ ချွတ် ထားတဲ့ ဖိနပ် ကို က အရံ သုံးဆယ် လောက် ပုံလို့ ၊ အဲဒီ ဖိနပ်တွေ က ပဲ သဲလွန်စ ရပြီး ဖဲဝိုင်း အဖမ်း ခံရတာ ချည်းပဲ ။ ဒီမှာ ဒါမျိုး ဘယ် အဖြစ် ခံနိုင်ပါ့မလဲ ၊ ဖိနပ် သိမ်းဆည်းရေး တာဝန်ခံ တစ်ယောက် ထားပြီး အပြတ် လျှိုထားရပေါ့ ” 


“ ဪ ... ဪ ”


သိန်းဟန် က ရှက်ကြောက် စွာ ဖြင့် ဩော် လိုက် ... လိုက် ရင်း ကျန် လူများ ကို မရွံ့မရဲ ကြည့် မိသည် ။ ဖထီး ဆို သူ ကရင် လိုလို မြန်မာ လိုလို အဘိုးကြီး နှင့် ဦးမောင်မောင်ရှိန် ဆိုသူ ခြေတစ်ဖက် ထော့နင်း နေ သူ တုတ်ကောက် ကိုင် လူကြီး တို့ သည် အခန်း ထောင့် ရှိ ဆိုဖာ ထိုင်ခုံကြီးများ ပေါ် တွင် ထိုင်လျက် စကား ပြော နေကြသည် ။


လဲ့လဲ့ဝင်း ကော ။


ချောက်ကနဲ အသံ နှင့် အတူ ဘေး နံရံ တစ်ဖက် ၏ အလယ် မှ တံခါး တစ်ချပ် ပွင့် လာပြီး လဲ့လဲ့ဝင်း ဝင် လာသည် ။ ထို တံခါးထိပ် တွင် အင်္ဂလိပ် လို စာတန်း ထိုး ထားသည် ။ Toilet တဲ့ ။ ဪ ... အိမ်သာ နဲ့ တွဲ ရက် ကိုး ။ အစစ လှပ အဆင်ပြေပါ့ဗျာ ။


   •••••   •••••   •••••


အတွေး ကိုယ်စီ ၊ ဇိမ်ခံ ကု,လားထိုင် ကိုယ်စီ ဖြင့် ထိုင် နေကြ ဆဲ ၊ တကျွီကျွီ မြည်သံ နှင့် အတူ ဘုရားခန်း နှင့် ဆက် ထားသော တံခါး ဝှက် ပွင့် လာပြီး ခေါင်း တစ်လုံး ပြူ လာသည် ။


“ ကိုဘိုဘို ... ဒိုင် က စမ်းချောင်း မှာ မနက်ပိုင်း ချိန်း ဝိုင်း ရှိလို့ တဲ့ ၊ ၁၂ နာရီ မှ ရောက်မယ် တဲ့ ။ အဲဒါ ဒိုင် မလာခင် အပျင်းပြေ ကစားချင် ရင် ရော့ ”


ထို သူ့ ထံ မှ လွင့်ပျံ လာသော အရာ တစ်ခု ကို ဘိုဘို က ကျင်လည်စွာ ဖမ်းယူ လိုက်သည် ။

ဖဲထုပ်ကလေး တစ်ထုပ် ။


“ ကဲ ... အလကားနေ အလကား ၊ လာကြဗျာ ”


“ ဟုတ်တယ် ဟေ့ ၊ တို့ လက် က အအား နေ တတ်တာ မဟုတ်ဘူး ၊ ဖဲ ဖြစ် ဖြစ် ပွတ် နေရမှ ”


ဦးမောင်မောင်ရှိန် က ဘိုဘို ကို ထောက်ခံချက် ပေးသည် ။


“ ဘာလဲဗျ ကိုးမီး လား ၊ ဘူကြီး လား ”


ထိုသို့ နောက်ဆုံး ထွက် လာသော သိန်းဟန် ၏ စကား အဆုံး ဝယ် အားလုံး ဝိုင်း ရယ် ကြ၏  ။ ဘိုဘို ကတော့ သိန်းဟန် ကို ဆူရင်း ဆဲရင်း ပညာ ပေး၏ ။


“ ဟေ့ကောင် မှတ်ထား ၊ တို့ ဂျင်သမားတွေ လို ရင့် နေတဲ့ လောင်းကစားသမား သူရဲကောင်းတွေ ဟာ ဘယ်တော့ မှ အသုဘအိမ် မှာ လုပ်လေ့ လုပ်ထ ရှိတဲ့ ကိုးမီး တို့  ၊ ဘူကြီးတို့ ၊ အဲ - မင်းကတော် အဘွားကြီးတွေ အပျင်းပြေ အတင်း ပြောရင်း ကစားကြတဲ့ ပိုကာဝိုင်း တို့ လို ဟာမျိုး ကို စိတ်ကူး ထဲ တောင် မထည့်ဘူးကွ ။ တစ်ချပ် မှောက်တောင် ပညာ သိပ် ပါတယ် ထင်တာ မဟုတ်ဘူး ”


“ ဒါဖြင့် ဘာ ဖဲ ကစား လဲ ”


“ ရပ်ရှင်ပိုကာ ပဲ ကိုင်တယ် မှတ်ထား ”


ယခု မှ ပင် ကြားဖူးပါသည် ။ ဘယ်လို ကစားတာလဲဗျာ ဟု ထပ် မေးမိ လျှင် တစ်ရှက် က နှစ်ရှက် ကွဲရဦးမည် ။ သူတို့ လှုပ်ရှားမှု ကို သာ စောင့်ကြည့် မှ ။


ရပ်ရှင်ပိုကာ ဆိုသည် မှာ လေးအိမ် အတိအကျ ကစား ရသည် ။ အပိုအလို မရှိစေရ ။ လေးအိမ် တွင် တစ်အိမ် က ဒိုင် ။ ကျန် သုံးယောက် က ထိုးသား ။ အလျော်အစား က တော့ တစ်ဆ ၊ သို့မဟုတ် သုံးဆ ။ ကစားနည်း စည်းကမ်း က တော့ တစ်ချပ် မှောက် အတိုင်း ပင် ။ ဖဲချပ် ပါဝါ အနည်းအများ ကို လိုက်၍ အရှုံးအနိုင် ဆုံးဖြတ်သည် ။ သို့သော် ရုပ်ရှင်ပိုကာ က ပို ကြမ်းသည် ။ ဤ နေရာ တွင် ထို ဖဲ ဆယ့်သုံးချပ် ကို သုံးပုံ ခွဲသည် ကို ကား သိန်ဟန် နား မလည်နိုင်သေး ။


ထို့ကြောင် ဘိုဘို ၏ နောက် မှ ကပ် ၍ တတွတ်တွတ် မေး ရင်း တဖြည်းဖြည်း ပညာ ယူသည် ။ ဤတွင် ဖထီး က မှတ်ချက် ချသည် ။


“ အင်း - ဘိုဘို က တော့ သူငယ်ချင်းကောင်း တစ်ယောက် ကို ဖျက်ဆီး ပြန်ပြီ ထင်တယ် ”


“ စွဲစွဲလမ်းလမ်း လည်း မရှိသေးတဲ့ ၊ ဂျင် နဲ့  မငြိသေး တဲ့ လူ ဆို ရင် လည်း နောက် ကို ခေါ်မလာပါနဲ့ ဘိုဘို ရယ် ”


သို့နှယ်ပင် ဦးမောင်မောင်ရှိန် က လည်း ဝင်ရောက် တားမြစ် သည် ။


“ လူရိုး ဆိုတာ ကြံတော မှာ တောင် မီးရှို့ ပစ် လို့ မရှိတော့ပါဘူး ရှင် ရယ် ၊ ခစ် - ခစ် - ခစ် ”


လဲ့လဲ့ဝင်း ၏ ရယ်သံ အဆုံး ဝယ် ဘိုဘို က နှုတ်ခမ်းကလေး တွန့် ရင်း ပြုံး သည် ။


“ ကျွန်တော် ငယ်သူချင်း ပါ ။ အားလုံး ကို မိတ်ဆက် ပေးရဦးမယ် ။ သိန်းဟန် တဲ့ ။ အင်ဂျင်နီယာ ပေါက်စ တစ်ယောက် ပေါ့ ။ ကြုံတုန်း မှာ ဗဟုသုတ ရအောင် ခေါ်လာတာပါ ”


“ ကောင်းတဲ့ ဗဟုသုတ မဟုတ်ပါဘူး ကွာ ။ နောက်သာ ဂျင်ဝိုင်း ဆိုရင်း ရှောင်ပါ ငါ့ တူ ရယ် ”


“ ဘာတဲ့ ၊ ဖထီး ရဲ့ လက်သုံး စကား အတိုင်း ဆိုရင် ဂျင်ကမ္ဘာ မှာ ရင်နာစရာ ချည်းပဲ ၊ ဟုတ်လား ”


“ ဟုတ်တယ် ဘိုဘို ၊ ငါ့ ဘဝ ဆိုရင် မင်းတို့ သိကြတဲ့ အတိုင်းပဲလေ ၊ ဟောဒီ ဂျင် ဆိုတဲ့ မဖြစ်စလောက် လေးထောင့်တုံးလေး ကြောင့် ”


ကရင်မြန်မာ ကပြား ဖြစ်သော ကြောင့် အများ က ဖထီး ဟု ချစ်စနိုး ခေါ်ကြ သော်လည်း စင်စစ် သူ့ အမည် ရင်း မှာ ဦးကျော်ထူး ။


အသက် နှစ်ဆယ် ကတည်း က လောင်းကစားမှု တွင် ငြိတွယ် ခဲ့ မိသည် ။ မှတ်မှတ်ရရ လွန်ခဲ့သော အနှစ် အစိတ် ခန့် က ကျိုက္ကဆံ မြင်းပြိုင်ကွင်း ဝယ် ဝင်း ရောက် ပလေးပါ ပေါက်ပြီး ငွေ တစ်ရာ ကျော် မျှ ဖြင့် ငါးထောင် ခန့် ပွ ခဲ့သည် ။


ထိုနေ့ မှ စ၍ ကုမ္ပဏီ စာရေးလေး တစ်ဦး အဖို့ သူဌေး ဖြစ် ရန် ဖြတ်လမ်း မှာ မြင်းပွဲ မှ တစ်ပါး အခြား မရှိဟု အခိုင်အမာ ယုံကြည် ခဲ့သည် ။


သည်လို နှင့် ပင် ကုမ္ပဏီ ၏ လယ်ဂျာစာရင်း ထက် မြင်း ခဲစာရင်း ကို တွက်ချက် ရန် ပို၍ စိတ်ဝင်စား လာပြီ ဖြစ်သော မောင်ကျော်ထူး သည် အနိုင် ကို သာ မက အရှုံး ကို ပါ ရံခါ တွေ့ လာ ရ တော့သည် ။


တစ်ခါ တစ်ရံ တွင် မူ အရှုံး ထဲ မှ အနိုင် ။


ယင်းသို့ အရှုံး များ ရှိ သကဲ့သို့ အနိုင်လေး  က လည်း ခါတစ်ရံ ရှိနေ သေး သဖြင့် ဆယ်ခါ အရှုံး ကို တစ်ခါ အနိုင် ဖြင့် ချေဖျက် ကာ ပျော်ပျော် ပင် နေနိုင် ခဲ့ လေ၏ ။


၁၉၆၂ ခုနှစ် တွင် တော်လှန်ရေး ကောင်စီ တက်ရောက် လာပြီး နောက် မြင်းပွဲများ ဖျက်သိမ်းခြင်း နှင့် မရှေးမနှောင်း မှာ ပင် သူတို့ အားထားရာ လောကနိဗ္ဗာန် ကုမ္ပဏီ သည် လည်း ပြည်သူပိုင် အသိမ်း ခံ ရ တော့သည် ။


ယခင် ကုမ္ပဏီ အမှုထမ်းဟောင်းများ ကို အစိုးရအမှုထမ်း အဖြစ် ဆက်လက် ခန့် ထာခြင်း ကြောင့် ပထမ ဆ - စ - တ - က ၊ ထိုမှ တစ်ဆင့် ပ - ပ - က မှ သည် နောက်ဆုံး ကုန်သွယ်ရေး ဝန်းထမ်း တစ်ဦး ဖြစ်လာ ခဲ့ ရသည် ။ မြင်းပွဲ မရှိတော့သော ကြောင့် အယ်လီဇဘက် တို့ ၊ တောက်တောက်ဝင်း တို့ ၊ တိမ်ဦး တို့ စသော ကျေးဇူးရှင် မြင်းကလေးများ နှင့် ကင်းဝေးခဲ့ရပြီ ဖြစ် သော်လည်း လောင်းကစားခြင်း ဖြင့် သာ စီးပွား ရှာ လို သော ဝါသနာ က မူ ဦးကျော်ထူး ၏ ရင် ထဲ မှ ပျောက်ကွယ် မသွား ။


သည်တော့လည်း မြင်းပွဲ နှယ် ပင် ကြီးကျယ်သော လောင်းကစားနည်း ကို ရှာဖွေ ရာ မြင်း အစား သတ္တဝါ လေးကောင် နှင့် ထပ်မံ ဆုံ ရ ပြန်၏ ။


ကြက် ၊ ဝက် ၊ ဖား ၊ ငါးရှဉ့် ။


ယခင် က အယ်လီဇဘက် တို့ ကွင်းပတ် ပြေး နေသည် ကို အဝေး မှ လှမ်းမျှော် ကြည့်ရင်း

ခုန်ပေါက် အားပေး ခဲ့သော ဦးကျော်ထူး သည် ယခုတော့ ကျိုက္ကဆံမြင်းပြိုင်ကွင်း လောက် မကျယ်ဝန်းသော ကြွေပန်းကန်းပြား ထဲ တွင် သတ္တဝါ လေးကောင် မွတ် နေအောင် ပျော်မြုး လှည့်ပတ် နေသည် ကို ရင်ခုန်စွာ ကြည့်တတ်လာ ချေပြီ ။


ဂျင် ကို လှည့် လိုက်ပြီး ဒိုင် က အုပ် ဖြင့် အုပ် လိုက်သည် အထိ ဂျင် က လည် နေဆဲ ။ အလည် ရပ် ၍ အရှိန် သေ သွားသော ဂျင်ကလေး ပန်းကန်ပြား အပေါ် သို့ လဲ ကျ သွား သံ ကို ပင် အသံ တို ရှည် ခွဲ ၍ မှတ် တတ် လာပြီ ။


ဒါက အသံ တို ဖား ၊ အသံ ရှည် ရင် ငါးရှဉ့် ၊ အသံ လေး တယ် ဝက် စသဖြင့် ဂျင်သမား တို့ အခေါ် ဆောင်း ( sound ) မိ အောင် လည်း အကြား အာရုံ ဖြင့် ဖမ်း တတ်ပြီ ။ သို့သော် အသုံး ပြုသော ဂျင်သီး အလိုက် အသံ ကွဲပြား တတ်သည် ကို လည်း သတိ ပြု တတ် ရ သေးသည် ။


နိုင် လေလေ အသံ ဖမ်း ၍ ကောင်း လေလေ ဖြစ် သကဲ့သို့ ၊ ရှုံး လေလေ အသံ ရော လေလေ ဆိုသော ဂျင် ပရိဒေဝ ဖော်မြူလာ တွေ ကို လည်း အနှံ့အစပ် သိခဲ့ရသည် ။


ထို့ပြင် တစ်လှည့် စီ ပေါ်သော အကောင် အလိုက် ဖား ပြီး ငါးရှဉ့် ၊ ငါးရှဉ့် ပြီး ဖား ၊ ဖား ပြီး ငါးရှဉ့် စသော ကပ်ကြွေ ဇယား ကို လည်းကောင်း ..


ကြက် ပေါ် ပြီး လျှင် ဖား သုံးချက် ထပ် ၊ ပြီးတော့ ဝက် ၊ ဝက် ပြီး ပြန် တော့ ကြက် ၊ ထို ကြက် ပြီး တော့ ဖား ၊ ယင်းသို့ ကြွေ တစ်ပက် ပြန် အပြီး ၌ ဖား တစ်ခါ ပေါ် ပြီး ပြီ ဆိုလျှင် စဉ်းစား နေရန်မလို ၊ ဖား ပဲ ထပ် ဦးမည် ဆိုသော ထပ် ကြွေ မျိုး ကို လည်းကောင်း ... 


ဖား ၊ ဝက် ၊ ကြက် ၊ ငါးရှဉ့် စသဖြင့် တစ်ကောင် ချင်း ပတ် ပြေးနေသော ပတ်ကြွေ အထာ မျိုး ကို လည်းကောင်း ..


ကိုကျော်ထူး တစ်ယောက် ကျွမ်း ခဲ့ပြီ ။


ပြီးတော့ သုံးချက် အထောင် ဘယ်ကောင် ၊ ကြက် နှစ်ဆက် ဝက် ၊ ဝက် နှစ်ဆက် ကြက် စသော ရှေး သူဟောင်း ဂျင်ပညာရှိ တို့ ၏ အဆိုအမိန့် တို့ ကို ပါ နှံ့စပ် ရုံ မက ...


ဂျင် လှည့် သူ ၏ ဖြည်းညင်း သာသာ ဖွင့်ပြ လိုက်သော အုပ်ကလေး အဟ တွင် ကြမ်းပြင် ပေါ် ဝယ် လေးဖက် ထောက် လျက် ချောင်း ရင်း စ မြင် ရသော ဂျင် သီး ၏ ဘေးဘက် မျက်နှာပြင် တွင် ...


ဝက် ပြေး နေ သော် ငါးရှဉ့် ၊


ငါးရှဉ့် ရေ သောက် နေ သော် ဖား က အပေါ် မှာ ၊ 


ဝက် ပက်လက် လန် နေ လျှင် မူ အပေါ်  မှ ပေါ် ကောင် မှာ ကြက် ဟူသော ဂျင် သင်ပုန်းကြီး ကို လည်း ကျေ ခဲ့ပြီ ။


နိုင် လျှင် တပြုံး ပြုံး  ။ အပေါင်းအသင်း တရုန်းရုန်း ဖြင့် စားလိုက် ၊ သောက်လိုက် ။ ရှုံး လျှင် ကြံလိုက် ဖန်လိုက် ဖြင့် နှစ် အတန် ကြာ အညစ် သံသရာ လည် နေခဲ့သည် ။


ငွေ ဆို သည် က လည်း ပြင်ပ လောက မှာ သာ ငွေ ။ ဂျင်ဝိုင်း ၏ ဖျာ ပေါ် ဇယား ပေါ် တွင် မူ စတင် ကစားချိန် မှ လက်ရှိ အချိန် အထိ ဘာ ကောင် ပြီးလျှင် ဘာ ကောင် ဟု မှတ် ထားသော ( calendar ) ဟု ဂျင်သမား တို့ ခေါ်ကြသည့် ကြွေအလှည့် ဇယား စက္ကူ သဖွယ် သာ တန်ဖိုး ထား မိသော ဦးကျော်ထူး ၏ နိဂုံး ကား အလုပ် ပြုတ်ခြင်း နှင့် ထောင် ကျ ခြင်းသာ ဖြစ်ခဲ့ ရ ပေသည် ။


ထောင် က လွတ် သော် မယား ဖြစ်သူ က တစ်ပါး ချစ်သူ ထံ အားကိုး ရှာသွား နှင့် ချေပြီ ။


ဂျင် ကို နာကျဉ်းသည့် စိတ် က တစ်ဖက် ၊ လောကကြီး ကို အရွဲ့ တိုက် ချင်သည့် စိတ် က

တစ်ဖက် နှင့် လေလွင့် ရင်း ပင် အသက် ကို ကြံဖန် မွေး ခဲ့သည် ။


အသက်မွေးဝမ်းကျောင်း ပြုရာ ကုန်သွယ်ရေး မှ အလုပ်ကလေး ပြုတ် ပြီ ဆိုတော့ လည်း လောင်းကစားခြင်း မှ အပ အခြား ဘာကို မှ မလုပ်တတ် ၊ မလုပ်ချင်သော ဦးကျော်ထူး သည် ဂျင်ဝိုင်း ဘေး တွင် သာ ငွေ မရှိ လျှင် နိုင်သူ ထံ မှ ထမင်းဖိုး လက်ဖက်ရည်ဖိုး တောင်း လိုက် ဖြင့် ယနေ့ တိုင် သံသရာ လည် နေဆဲ ။


သို့သော် အသက်အရွယ် နှင့် အတွေ့အကြုံ ၏ ဆုံးမမှု ကြောင့် ဂျင် မကောင်း ကြောင်း ကို ကား နှုတ် မှ တဖွဖွ ပြောဆဲ ။ လက် က လည်း ဂျင် ဇယား ကို ရေး နေမြဲ ။


   •••••   •••••   •••••


“ ဖထီး ပြောတာတွေ အမှန်ချည်း ပဲ မောင်သိန်းဟန် ၊ အဲ ငါ က တော့ သူ့ ထက် ဆိုးတယ် ။ ဂျင် ကြောင့် ဟောဒီလို ဒုက္ခိတ ဘဝ ကို ရောက်ခဲ့ရတယ် လေ ” 


ဤ နိဒါန်း နှင့် အတူ ဦးမောင်မောင်ရှိန် ၏ ဂျင်လောကဓံ ကို နာကြားရ ပြန်သည် ။


ဦးမောင်မောင်ရှိန် သည် လည်း ဖထီး နှင့် အတူ ကုန်သွယ်ရေး မှ ဝန်ထမ်း တစ်ဦး ။


ဂျင်ဝိုင်း ၏ အားကျစရာကလေး တွေ  ၊ ရင်ခုန်စရာကလေး တွေ ကို တစ်ကြိမ် ကြုံ ပြီးသည့် နောက်ဝယ် မကစား ရ မနေနိုင် ဖြစ်ခဲ့ ရသည် ။ ရံ လျှင် နှစ်ဆ ၊ ရံအောင် နှစ်ဆ ခွဲ ၊ အော လျှင် သုံးဆ ၊ ရံကြိုး ဆိုလျှင် ရံ အတွက် နှစ်ဆ ၊ ကြိုး တင် သည့် အတွက်က တစ်ဆ ၊ လုပ်စီ ဆိုလျှင် ဘယ်ရွေ့ ၊ ဆံကျစ် ဆို လျှင် ဘယ်မျှ ဆိုသော မစားရ ဝခမန်း အလျော်အစား လေး တွေ ကြောင့် ဦးမောင်မောင်ရှိန် ရုံး လစ် သည် ။ ဂျင်ဝိုင်း သို့ ရောက်သည် ။


ထိုသို့ ဂျင်သံသရာ လည် နေရင်း တစ်နေ့ တွင် ရေတိမ် နစ် ခဲ့ရသည် ။ ကျောက်မြောင်း ရှိ အိမ်အိုကြီး တစ်လုံး ပေါ် တွင် ဂျင် ကစား နေကြစဉ် ရဲ က တက် ဖမ်းသည် ။ အာလုံး ထွက်ပြေး ရာ ကိုမောင်မောင်ရှိန် လည်း အနောက်ဘက် လှေကား မှ ဆင်း ပြေးသည် ။ “ ဝုန်း ” ဟူသော အသံကို သာ နောက်ဆုံး ကြား လိုက်ရပြီး ကျိုး ကျ သွားသော လှေကားအိုကြီး နှင့် တူ အမှောင်ထု အတွင်း သို့ သူ ရောက် သွားသည် ။


သတိ ပြန် လည် လာသော အခါ လူ က ဆေးရုံ ပေါ် မှာ ။ ခုတင် ဘေး မှာ လည်း ရဲသား တစ်ယောက် က စောင့် လျက် ။ ထို့နောက် ထောင် တစ်လ ကျသည် ။ တစ်လ ကျကျ ၊ ထောင် ကျပြီ ဆို ကတည်း က ကုန်သွယ်ရေး မှ အလုပ် ထုတ် ခံ ရသည် ။


ဂျင်ဝိုင်း မှ ထွက် အပြေး ၊ လှေကား ကျိုး ကျ၍ ခြေကျိုး သွား သော သူ့ ကို မည်သည့် ဂျင်ဒိုင် က မှ အလုပ်ခွင် ထိခိုက်ကြေး မပေး ။


ယခင် က ဂျင် နိုင် လျှင် ကိုမောင်မောင်ရှိန် - ကိုမောင်မောင်ရှိန် နှင့် ရှိန် ချင်း မိုး မွှန် နေအောင်

ခေါ်ခဲ့ ဖားခဲ့ ကြသော သကောင့်သား အပေါင်း လည်း ဘယ်ဆီ ရောက် ကုန်ကြမှန်း မသိ ။


ကွယ်ရာ မှာ တော့ ခေါ် ကြသည် ။ တုတ်ကောက်ကြီး ၊ ထော့ကျိုး ကြီး တဲ့ ။ ယခင် ကိုယ် က ပေးခဲ့ ၊ ကမ်းခဲ့ ၊ ငွေချေးခဲ့ ဖူးသော သူတို့ သည် ပင်လျှင် သူ့ ကို မြင်လျှင် ကွေ့ ရှောင် ၍ သုတ်ခြေတင် ပြေးကြမြဲ ။ သူ က လည်း ပြေး လိုက်နိုင်သည့် ဘဝမျိုး မဟုတ် ။


ငွေ ကို အလွယ် လမ်း မှ ရှာ နေကြသော ဤ ဂျင် လောက ဝယ် ကျေးဇူး ၊ တရား ၊ သစ္စာတရား စသော ဝေါဟာရ များ မှာ နိုင်ငံခြား ဘာသာစကား များ နှယ် သာ ဟု သူ က သုံးသပ်သည် ။


   •••••   •••••   •••••


ဖထီး ဦးကျော်ထူး နှင့် ဦးမောင်မောင်ရှိန် တို့ နှစ်ဦး စလုံး ၏ လေးကောင်ဂျင် အနိဋ္ဌာရုံ ကိုယ်တွေ့ တရား ကို ကြားနာ ရပြီး ပြီ ။ ဘိုဘို ကတော့ အတွင်းသိ အစင်းသိ မို့ ပြောစရာ မလို ။ ဒီ ကောင် က ချေး ကျရာ ပျော်တဲ့ လောက် ။


အကြောင်းစုံ မသိရသေးသူ တစ်ယောက် ကား ကျန်ပါသေး   တည်း ။ သူ က တော့ လဲ့လဲ့ဝင်း ။


ဂျင် ထိုးထိုး ၊ ဖဲ ရိုက်ရိုက် ၊ မိန်းမ သား ဆိုသည် ကား ဣန္ဒြေရှင် ၊ လျှို့ဝှက် သိပ်သည်း တတ် သူ တွေ  ။ လူပုံ အလယ် အထုပ် ဖြည် ပြမည့် အပြုံး တစ်မျိုး ကို ပြုံး နေချေသည် တကား ။


မကြာမီ ဒိုင် နှင့် လက်ထောက် ငွေ အလျော်အစား လုပ်မည့် ပိုးတီ နှစ်ယောက် ရောက်လာ ကြသည် ။ ရပ်ရှင်ပိုကာ ဝိုင်း သိမ်းသည် ။ မရှေး မနှောင်း မှာ ပင် နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ဦး ၊ မင်းသမီး တစ်ဦး နှင့် ဒါရိုက်တာ တစ်ဦး တို့ ရောက် လာ ကြသည် ။


လူ စုံ သည် နှင့် ဝိုင်း စ ကြရာ ပထမဦးဆုံး အိတ် ခါ ၍ အိမ် ပြန်ရ သူ မှာ ဖထီး ။


“ ဖထီး ရယ် ၊ စောစောစီးစီး ကုန် ပြီလား ၊ ကျွန်တော် ဖြင့် ကြွေ မမှန်သေး လို့ စောင့် နေတုန်းရှိသေးတယ် ”


ဦးမောင်မောင်ရှိန် က အားမလို အားမရ သံ ဖြင့် ပြောသည် ။


လဲ့လဲ့ဝင်း က မူ -


“ ဟုတ်သားပဲ ၊ ကြွေ မှန်အောင် စောင့်ပါဦးတော့ ၊ ဘယ်လိုလဲ အကြံ အဖန် လုပ်ပြီး ပြန် လာဦး မှာ လား ” 


“ ကြံစရာ ဖန်စရာ လည်း မရှိတော့ပါဘူး မိလဲ့လဲ့ ရယ် ၊ တို့က ညည်းတို့ လို့ မဟုတ်ဘူး ဟဲ့ ၊ ညည်းတို့ ကတော့ ရှိတာ ကုန် လည်း ပေါင်စရာ ဖြစ် ဖြစ် ၊ ရောင်းစရာ ဖြစ် ဖြစ် တစ်ခု ခု တော့ ကျန်သေးတာပဲ မဟုတ်လား ” 


ဖထီး ၏ စကား အဆုံး ဝယ် “ ဝါး ” ကနဲ ရယ်သံကြီး ထွက် လာသည် ။ လဲ့လဲ့ဝင်း က လည်း ကြက်ခေါင်းဆိတ် မခံ ။ နဂါးမာန် မျက်စောင်း တစ်ချက် ထိုး လိုက် ရင်း -


“ ကဲ - ကဲ ကြွ မှာ ဖြင့် မြန်မြန် ကြွ ၊ ဒီမှာ ဖြင့် အသံ ဖမ်းလို့ မရ နိုင် တဲ့ အထဲ မှာ သူ့ ကြောင့် ဖီလင် ပို အောက် ကုန်ပြီ ”


ဦးကျော်ထူး ထွက် သွားပြီး ခဏမျှ ကြာ လျှင်ပင် တုတ်ကောက် ထောက်သံ နှင့် သက်ပြင်း ချသံ တို့ ကို ကြား ရသည် ။


သွားပြီ ၊ ဦးမောင်မောင်ရှိန် လည်း ကွဲ ပြီ ။


နောက်ဆုံး ၌ ဝိုင်း ထဲ တွင် ရုပ်ရှင်သမားများ နှင့် လဲ့လဲ့ဝင်း ၊ သိန်းဟန် ၊ ဘိုဘို တို့ သာ ကျန်ရစ် ခဲ့ ကြသည် ။ သိန်းဟန် က မူ ကိုယ်တိုင် မထိုးတတ် သဖြင့် ဘိုဘို နှင့် အစုစပ် ကာ ဘိုဘို က ထိုးပေး နေ ရ လေသည် ။


ပထမပိုင်း နာရီဝက် ခန့် အတွင်း မှာ ပင် ဘိုဘို နှင့် သိန်းဟန် နှစ်ယောက် ပေါင်း ပါ သမျှ ငွေ ၁၆ဝဝ ပြတ် သွားသည် ။ ဘိုဘို က မေးငေါ့ ပြ လိုက်သည် နှင့် အပွဲပွဲ နွှဲခဲ့ဖူး သည့် သိန်းဟန် က လည်း ချက် ဆို နားခွက် က မီးတောက် ပြီး သား ။ လက် မှ ဆီကိုဖိုက် နာရီ ကို ချွတ် ပေး လိုက် သည် ။ ဒိုင် က နာရီ ကို ယူ ပတ်ပြီး ငွေ ၆ဝဝ ထုတ် ပေးသည် ။ ထို ငွေ ဖြင့် ပင် ဆက် ထိုးကြ ပြန်ရာ ဝက် - ဖား အကပ် တွင် သိန်းဟန် တို့ ရှေ့ တွင် ငွေ ၄ဝဝဝ ခန့် ပုံ လာ သည် ။ 


ဝက် ဖား အကပ် ကို မယုံသူ နှစ် ဦး ၊ ရှိ သမျှ ပြုတ် ထွက် သွားကြသည် ။ ရုပ်ရှင်ဒါရိုက်တာ နှင့် လဲ့လဲ့ဝင်း ။


ထိုအချိန်၌ တစ်ပိုင်းလုံး တွင် ဘိုဘို နှင့် သိန်းဟန် တို့ နှစ်ယောက် ၏ အသံ က အကျယ်ဆုံး ၊ အတက်ကြွ ၊ ရုပ်ရှင်မင်းသား နှင့် မင်းသမီး တို့ ကတော့ အိတ်နှိုက် ၊ ထပ်ထုတ် သံသရာ လည် ဆဲ ။


ထို့အတူ ငွေ ကုန် သွားပြီ ဖြစ်သော် လည်း ဒါရိုက်တာ က မပြန်သေး ။ မင်းသမီး ကို အားပေး နေဆဲ ပင် ရှိသေး၏  ။ ဤသည် ကို အားကျသည် ထင့် ။


လဲ့လဲ့ဝင်း က လည်း ဘိုဘို့ အနား ကို ရွှေ့ လာ ပြန် ပြီး တုတ်ခိုင်ပြည့်ဖြိုး သော သူမ ၏ ပေါင်တံ တို့ ဖြင့် ဘိုဘို ၏ ပေါင် ကို ထိကပ် စေ လျက် ပူးပူးကပ်ကပ် ထိုင် ချ လိုက်၏ ။


ဘိုဘို က မူ မတုန် မလှုပ် ။ ဂျင်အုပ် ကို သာ မမှိတ်မသုန် ကြည့် နေ ဆဲ ။


“ ဘိုဘို တို့ က တော့ ဒီနေ့ စိတ်ကူး သမျှ မှန် နေတာပဲ နော် ”


ထို ညုချွဲသံ ကို လည်း ဘိုဘို ကြား ဟန် မတူ ။ လောဘ အခိုးအငွေ့ တို့ နှင့် တဝင်းတဝင်း တောက်ပ နေသော မျက်လုံး အစုံ ဖြင့် ဇယားကွက် ကို သာ စူးစိုက် ကြည့်ရင်း နှုတ် မှ အသံ ထွက် လာ၏ ။


“ ကဲ - ဒီလောက် တောင် ငါးရှဉ့် ချည်း ပဲ ထပ် နေလှတာ ၊ ဒီ တစ်ခါလဲ ထပ် ချင် ထပ် ရော့ ၊ အမည်းလိုင်း ပဲ ထိုး မယ်ဗျာ ၊ ကဲ ဖား တိုက် ဝက် ကွာ ဖွင့် ” 


မှန်၏ ။ ဝက် ဖား ကပ် နေရာ မှ ကြွေ ပြောင်း ပြီး ငါးရှဉ့် ချည်း သုံးကြိမ် ဆက်တိုက် ပေါ် နေ သဖြင့် သိန်းဟန် တို့ ဆက်တိုက် အစား ခံ နေ ရသည် ။ ဒိုင် က အုပ် ကို လှန် လိုက်သည် ။


“ အို - ငါးရှဉ့် ပါ ပဲ ရှင် ”


ထို “ ဟာ ”  ၊ “ အို ”  စသော အာမေဋိတ်သံ တို့ ဖြင့် ပင် ငါးရှဉ့် ရှစ်ခါ ထပ်ပြီး ဝိုင်းလုံး ကျွတ် ဒိုင် စား သွားလေ သတည်း ။


“ ကဲ - ဒိုင်ကြီး ရေ ၊ ကျွန်တော် တို့ ပြန် တော့မယ် ။ ခရီးစရိတ် ပေးဦးဗျာ ၊ မနက်ဖြန် မှ ပြန် ဆုံမယ် ၊ နာရီ လည်း ရွေး မယ် နော် ၊ ဆက်ဆက် ပြန်ယူခဲ့ဦး ” 


ပွဲသွား ကျော့ကျော့ သူငယ်ချင်း နှစ်ယောက် သည် ပွဲပြန် တွင် ကား မော့မော့ မဟုတ် ကြတော့ပေ ။


အလာတုန်း က မူ လေးဘီး ကားလေး နှင့် ငြိမ့် ခဲ့ ကြ သော် လည်း အပြန် တွင် မူ နံပါတ် ( ၂ ) ကား ၏ နောက် တွင် တသီတစ်တန်းကြီး တွဲ လွဲ ပါလာသော လူ ပဒေသာပင်ကြီး ထဲ ၌ ဘိုဘို နှင့် သိန်းဟန် လည်း အပါအဝင် ။


အပင့်အဖိတ် တွင် ဝေါ နှင့် ထမ်း ၍ ကြို လေ့ ရှိကြ သော်လည်း အရှုံး နှင့် ပြန်သူ ကို မူ လိုက် ပို့ ရန် ဝေး ၊ ဖနောင့် ဖြင့် ပေါက် မထုတ်သည် ပင် ကံကောင်း ။ လောင်းကစား လောက ဟူသည် ဤသို့ ဤနှယ် ချည်း ။


ဘတ်စ်ကား စီးခြင်း ၏ ကာယဒုက္ခ ၊ စိတ္တဒုက္ခ တို့ ကို ခံစား နေရင်း မှ ပင် သိန်းဟန် တစ်ယောက် သံယောဇဉ် က မကုန်နိုင်သေး ။


“ ဟေ့ - ဘိုဘို လဲ့လဲ့ဝင်း တစ်ယောက် ရော ၊ ဘယ် ပျောက် သွား သလဲကွ ၊ တို့ နဲ့ လည်း အတူ ဆင်း မလာပါဘူး ၊ ဝိုင်း လည်း ပြီး ပြီ ပဲ ဟာ ၊ ဘာ လုပ် နေရစ်ခဲ့လဲ ”


“ သူ က တစ်ပိုင်း ပြီးတော့ တစ်ပိုင်း ဆက် ကစားမယ် လေ ကွာ ၊ ခုလောက် ဆို ရင် ဇာတ်ဆရာ စိန်သော်တာ ရဲ့ အခန်း ထဲ ကို ရောက်နေ ရော ပေါ့ ” 


“ ဟ - သူတို့ က ဘာ ကစားကြ မှာ လဲ ၊ ဝိုင်း လည်း သိမ်း လို့ လူတွေ လည်း ပြန် ကုန်ပြီ ၊ နောက်ပြီး လဲ့လဲ့ဝင်း မှာ ငွေခန်း နေပြီပဲ ဟာ ”


“ မင်း ဒါတွေ ညံ့ သေးတာပဲ သိန်းဟန် ၊ လဲ့လဲ့ဝင်း က စောစော က ရှုံး သမျှ ကို စိန်သော်တာ နဲ့ ပြန် ရှာမှာ ကွ ၊ ဒီမှာ သူငယ်ချင်း ဂျင် စကား အတိုင်း ပဲ လေ ဝက် ပက်လက် - ကြက် ကွ မှတ်ထား ၊ ဝက် ပက်လက် လန် ရင် ကြက် ပေါ်တယ် လေ ”


◾ မင်းသစ် 


📖 မြဝတီ မဂ္ဂဇင်း ၊ 

      ၁၉၈၂ ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment