❝ နားထိုင်း ပုံပြင် ❞
နားထိုင်း တဲ့ လူများ ဟာ အတော် သနားစရာ ကောင်းတယ် ။ ပြောတာ က တစ်မျိုး သူတို့ ကြားတာ က တစ်မျိုး မို့ ရယ်စရာ လည်း ကောင်းတယ် ။ သူတို့ ကို ထမင်း စားပြီးပလား လို့ မေးတာ ကို သူတို့ က နှစ်တုံး ကုန်တယ်ဗျ လို့ ဖြေ တတ်တယ် ။ ဘယ်နှစ်တုံးလဲဗျ လို့ အကျယ်ကြီး မေးတော့ မှ ထင်း ခွဲတာလေ လို့ ဖြေတတ်ကြတယ် ။
အဲဒီလိုပဲ ရှေးရှေးတုန်း က အင်မတန် နားထိုင်းတဲ့ လူ တစ်စု ရှိတယ် ။
တစ်ခါတော့ နားထိုင်း နေတဲ့ ကလေးမလေး တစ်ယောက် ဆီမှာ နားထိုင်း နေတဲ့ လူကြီး တစ်ယောက် က ပုန်းရည် လာ ဝယ် သတဲ့ ။ ဈေးဝယ် တဲ့ လူ က “ ကလေးမလေး ရယ် ပုန်းရည်ကြီး တစ်မတ်ဖိုး ပေးပါ ” လို့ ပြောတာ ကို ကလေးမလေး က “ နင့် အဖေ နဲ့ အမေ ဘယ်သွားနေလဲ ” လို့ မေးတယ် ထင်ပြီး “ အဖေ နဲ့ အမေ တို့ လား ဟိုဘက် ကို သွားကြတယ် ” လို့ ဖြေ လိုက်တယ် ။
ဒါကို .. လူကြီး က စားလောက် အောင် ယူသွားပါ ပိုက်ဆံ ပေးမနေပါနဲ့ လို့ ကြားပြီး ပုန်းရည်ကြီးတွေ အများကြီး ခပ်ပြီး ပိုက်ဆံ မပေးဘဲ ထွက်သွား သတဲ့ ။ ကလေးမလေး က တော့ “ အဖေ နဲ့ အမေ မရှိမှန်း သိလို့ ငါ့ ကို အနိုင် ကျင့် သွားတာပဲ ” ဆိုပြီး စိတ်ဆိုး ကျန်ရစ်ခဲ့ ရှာတယ် ။ အတော်ကြာ လို့ နားထိုင်း နေတဲ့ သူ့ အမေ လည်း ပြန် လာရော အဖြစ်အပျက် ကို ပြောပြ တာပေါ့ ။
ဒီတွင် သူ့ အမေ က “ ဟဲ့ .. နင် ဘယ်အရွယ် ရှိသေးလို့ ဒီလို စကားမျိုး ပြောရတာတုန်း ။ နင် လင် လိုချင် နေ ပြီပေါ့ လေ ။ ကြည့်စမ်း ... အခုမှ ၁၄ - နှစ် ရှိ သေးတယ် ။လင် စကား ပြောနေပြီ ” လို့ ဆူ သတဲ့ ။ နောက် သူ့ အဖေ ပြန်လာတော့ လည်း “ ရှင့် သမီး လင် လိုချင် နေပြီ ဆုံးမပါဦး ” လို့ ပြော ပြန်ပါရော တဲ့ ။ သူ့ အဖေ က လည်း နားထိုင်း ဆိုတော့ ကြားချင် ရာ ကြားပြီး “ ဘာကွ မင်း က ... ငါ ဒီလောက် ပြုစုထား တာတောင် မပျော်လို့ ကွာချင် တာလား ။ ကွာပါကွာ ” လို့ ပြော သတဲ့ ။ မယား က တော့ သူ့ လင် ဟာ သမီး ကို ဆူ နေတယ် ထင်ပြီး ငြိမ် နေတုန်း ... သူ့ လင် က လည်း “ ဒါလောက်တောင် ကွာချင် ရင် သူကြီး အိမ် သွားမယ် ” ဆိုပြီး ဆွဲခေါ်ပြန် သတဲ့ ။
သူကြီး က လည်း နားထိုင်း ဆို တော့ လင် လုပ်တဲ့ လူ က မယား နဲ့ ကွာပေးပါ ပြောတာ ကို တစ်မျိုး ကြား ပြီး “ ဟေ့ ... မင်းတို့ က ကျေနပ်ပါတယ် ဆိုပြီး တင်မြှောက် လို့ သူကြီး လုပ်ခဲ့တာ ကို အခုမှ ဘာ လာပြီး စကား များရတာလဲ ။ ဘယ်သူ က ခြေထိုး လိုက် သလဲ ။ ငါ့ ပစ္စည်း နဲ့ ငါ စားနိုင် သကွ ။ ငါ ဆောက်ထားတဲ့ ကျောင်း က ဘုန်းကြီး ဆီ သွားပြီး ကပ္ပိယ လုပ်ရင်း တရား အားထုတ် နေရတာပဲ ကောင်းပါတယ်ကွာ ။ တော်ပြီ ... သူကြီး လည်း မလုပ် တော့ဘူး ။ ဘုန်းကြီးကျောင်း ပဲ သွားမယ် ” ဆိုပြီး ထွက်သွား သတဲ့ ။
ကွာရှင်းဖို့ လာတဲ့ လင် ခမျာ မှာ လည်း သူကြီး နဲ့ သူ့ မယား နဲ့ တူဝရီး ဆိုတော့ “ အင်း .. သူ့ တူမ က ကွာချင်တာ တော့ မသိဘူး ။ ကွာပေးပါ ပြောတော့ စိတ်ဆိုးတယ် ” ဆိုပြီး ပြန်လာ ရ တော့တယ် ။
သူကြီး က ဘုန်းကြီးကျောင်း ကျ တော့ ဘုန်းကြီး ကို ရွာသားတွေ အသုံး မကျ တာ တွေ လျှောက် သတဲ့ ။ ဒီတင် ဘုန်းကြီး က လည်း နားထိုင်း ဆိုတော့ ” ဟေ့ ... ငါ့ ဘာသာ အထက်အညာ ပြန်ပါရစေ ပြောတာ ကို မင်း ပဲ တား ခဲ့တယ် မဟုတ်လား ။ ကျောင်း အပ်ခဲ့တယ် မဟုတ်လား ... အခုမှ ဟို ဦးပဉ္စင်းလေး ကို အပ်ချင်တာ နဲ့ ငါ့ ကို လာ ပြောနေတာ မဟုတ်လား ။ ငါ သိပါတယ်ကွ ” လို့ ဒေါကြီးမောကြီး နဲ့ ပြောတော့ ကျောင်းသားလေးတွေ က အနား က ထိုင်ပြီး ဘုန်းကြီး ဘာ ပြောသလဲ ဆိုတာ ကို နားစွင့် နေကြတယ် ။
ဘုန်းကြီး က “ ဟေ့ ... ကျောင်းသားတွေ အထုပ် ပြင်ကြ အညာ ပြန်မယ် ။ ဒင်းတို့ ရွာ လည်း ကျောင်း မထိုင်တော့ဘူး ” လို့ ကျောင်းသားလေးတွေ ကို လက်ညှိုး နဲ့ ထိုးပြီး အော်တာ ကို ကျောင်းသားလေးတွေ က လည်း နားထိုင်း နေတာ မို့ ကျောင်း မီးရှို့ ခိုင်းတယ် ထင်ပြီး ကျောင်းကြီး ကို မီး နဲ့ ရှို့ လိုက်တာ ကျောင်းကြီး မီးလောင် သွားပါရော တဲ့ ။ ဒါနဲ့ ပြီးရော ...
◾မောင်သန်းထွန်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment