Wednesday, May 24, 2023

ကပ္ပိယ ( ၄ )


 ( ၄ )


ကျောင်းရေတွင်း ။


ရေတွင်းကြီး က ရှေး ရေတွင်းကြီး ဆိုတော့ လူ့ ရင်ခေါင်း လောက် ကျောက်ခွေ ထူထူကြီး နဲ့ ရေ အလွန် ချို တဲ့ တွင်းကြီး ၊ ရွာ က ရေချိုတွင်း ‌ခေါ်ကြတယ် ။ ကျောင်းရေတွင်း လို့ လည်း ခေါ်ကြတယ် ။ စက်သီးတန်း က မြင့် တော့ ရေငင် ပုံး တပ် ထား တာ မဟုတ်ရင် စံလှဘော် က သူ့ အရပ်ကြီး နဲ့ ကြိုး လျှို ပေး ရတယ် ။ များသော အားဖြင့် က တော့ ကြိုး တပ်ပြီးသားပါ ။


သည် မနက် စံလှဘော် က ရေ ငင် တယ် ။ ကိုရင်တွေ မောင်ကျောင်းသား တွေ က ရေသယ် ကြတယ် ။ ပုံး တစ်ပုံး ကိုရင် နှစ်ပါး နှုန်း သယ် ကြတာ ဆိုတော့ ကူသယ် ခေါက်သယ် ပေါ့ ။ စံလှဘော် က တော့ ငင်ပြီး ရင်း ငင် နေ ရတယ် ။ သည် အချိန် မှာ ပဲ ကျောင်း ဝ ဆီ က သစ်သားဗျပ်ကြီး တစ်ချပ် ပေါ် လှူဖွယ်တွေ တင် ရွက် လာ တဲ့ မြချစ် ကို စံလှဘော် လှမ်း တွေ့ လိုက်တယ် ။ ဘယ်သူ မှ မပါဘူး ။ မြချစ် တစ်ယောက် တည်း ။ စံလှဘော် လှမ်း ကြည့် တော့ လှူဖွယ်တွေ က များပုံ ရတယ် ။ မြချစ် တောင် တလှုပ်လှုပ် လာ နေရတယ် ။ ဇက်ကလေး တောင် ပုလို့ ။ ငင်လက်စ ရေပုံး ကို လက် လွှတ်ပြီး မြချစ် ဆီ ပြေးတော့ ရေငင်ကြိုး က ရေတွင်း ထဲ လျှောကျ သွား ရော ။ မြချစ် ဆီ ပြေး ရာ က ကြိုး ကျ သွားတာ သိလိုက် လို့ ရေတွင်း ထဲ တစ် ခေါက် လာ ငုံ့ ကြည့် တယ် ။ ကျ စေတော့ ။ မြချစ် ထက် ဘယ်ဟာ က မှ အရေး မကြီး ဘူး ။ ရေငင် ကြိုး တွင်း ထဲ ကျတာ ဘယ်အချိန် ဆယ်ဆယ် ရတာကိုး ။ ဒါနဲ့ မြချစ် ဆီ ပြေး ပြန်ရော ။ စောင်းတန်းကြီး တစ်ဝက်စာ လောက် မှာ မြချစ် နဲ့ တွေ့ပြီး မြချစ် ခေါင်း ပေါ် က လှူဖွယ် ပစ္စည်းတွေ ထည့် လာတဲ့ သစ်သားဗျပ် ကို လှမ်း ယူရင်း စံလှဘော် သူ့ ခေါင်း ပေါ်  ရွက်တယ် ။ မြချစ် က ခေါင်းခု ခု ပေး တော့ စံလှဘော် က ဈေးသည် မိန်းမကြီး ခံတောင်း ရွက် လာတာ နဲ့ တောင် တူသေးတော့ ။ 


“ မြချစ် ရယ် ဦးဘော် ကို မှာ လိုက်ရောပေါ့ ဟာ ။ နင့် နှယ် လေးလိုက်သာ ၊ ဘာတွေတုန်း မြချစ် ရဲ့ ၊ များလှချည့်လား ”


“ ဘဘုန်းဖို့ သစ်သီး နဲ့ ကိတ်မုန့်တွေ ပါ ဦးဘော် ရဲ့ ။ မနေ့တုန်း က မြို့ က ပဲပွဲစားလေး လာ လို့ မုန့်တွေ ပါ လာသာ မနည်းဘူး ။ အမေ က ဦးဦးဖျားဖျား ဖယ်ပြီး လှူခိုင်း လိုက် လို့ ”


“ ပဲပွဲစားကလေး က ဘယ်သူတုန်း ။ မြချစ် နော် မြို့သားတွေ ကို မယုံလေ နဲ့ ဗျား ၊ မြို့မုန့်တွေ က အီတီတီ ၊ မြို့သားတွေ က အီတီတီ တွေ များ သနော် ” 


“ အော် …. ဦးဘော် ရယ် ၊ သတိတရ ဝယ် လာသာ ကျေးဇူး တင်ပါဦး ။ မြို့ မုန့်တွေ အမေ က သိပ် ကြိုက်သာ ။ ပွဲစားလေး ဝယ် လာတော့ ဘဘုန်း လည်း လှူရသယ် ၊ ဦးဘော် လည်း စားရသာပေါ့ ”


“ ဦးဘော် က မြို့ မုန့် ခံတွင်း မတွေ့ဘူး ။ ကိုယ့် တောမုန့်ပဲ ကြိုက်သယ် ။ မုန့်ဆီကြော် တို့ ၊ မုန့်ဖက်ထုပ် တို့ ၊ မုန့်ခဲဖွယ် တို့ ၊ မုန့်ချိုသွင်း တို့ လေ ၊ ကောက်ညှင်း ထန်းလျက် နဲ့ လုပ်တဲ့ မုန့် ထက်များ ကိတ်မုန့် က ကောင်းဦး မှာ လား မြချစ် ရဲ့ ”


ကျောင်း ပေါ် ရောက်လို့ မြချစ် က ဆရာတော် ရှေ့ ဗျပ်ကလေး ချပြီး ကပ် တော့ လည်း စံလှဘော် က အနား ထိုင် ရင်း ဆရာတော်မိန့် မှာ ကို စောင့် နေတယ် ။ ဆရာတော် က မြချစ် အမေ ဒေါ်အေးမယ် နေကောင်းရဲ့လား လို့ မေးတော့ လည်း မြချစ် က မဖြေ ရ သေးဘူး ။ စံလှဘော် က ချည်း ရှေ့ က နေ ဆီး ပြောတယ် ။ ဆရာတော် က ကြာ တော့ ငေါက် က ရော ။ သည်လို ဆိုတော့လည်း စံလှဘော် ငြိမ် သွား လေရဲ့ ။ ဆရာတော် က လှူဖွယ်တွေ သိမ်းခိုင်း လိုက်တော့ စံလှဘော် က ဗျပ်ကြီး မ,လာ ခဲ့တယ် ။ မြချစ် လည်း ကပ်လျက် ချပ်လျက် ပါ လာတာ ဆိုတော့ အူ တမြူး မြူး ပေါ့ ။ လှူဖွယ်တွေ ကို စံလှဘော် က သူ့ နေရာ နဲ့ သူ နေရာ ချ သလို မြချစ် က ဖုန်တွေ တက် နေတဲ့ ကျက်သရေခန်း တွင်း ကို အဝတ်ဟောင်း နဲ့ လိုက် သုတ် တယ် ။ 


“ မနေ့တုန်း က မြချစ် အတွက် ဦးဘော် ထန်းတော ထဲ မှာ ရန် ဖြစ်ရသေးသယ် ”


“ ဟောတော့ ... ၊ ဘယ်သူ နဲ့ ဖြစ်သာတုန်း ၊ ကျုပ် က ဘာလို့ ပါရသာတုံး တော့် ” 


“ ရွာ တောင်ပိုင်း က သူဌေးသား ငအုန်း ပေါ့ ၊ ဦးဘော် ကို ကပ္ပိယ တဲ့ ၊ သူများ ပေးစာ ကမ်းစာ စား နေရတဲ့ ကောင် တဲ့ ၊ ဒါနဲ့ နပန်း ထ လုံးကြသာ ၊ ဦးဘော် ကို ပြောသာ မနာပါဘူး ။ မြချစ် ကို ရိတိတိ လုပ်သာ ကို မခံနိုင်သာ ၊ မြူအိုး နဲ့ ခေါင်း ကို ရိုက်ခွဲ ပစ်လိုက် မလို့ ”


“ အို ၊ မလုပ်ပါနဲ့ ဦးဘော် ရယ် ၊ ကျော်မကောင်း ကြားမကောင်း ၊ ရန် ဖြစ်သာ ဘဘုန်း သိရင် ဦးဘော် ကို ကျောင်း က နှင်ထုတ် လိမ့် မနော် ၊ ကျောင်း မှာ ဦးဘော် မရှိလို့ မဖြစ်ပါဘူး ”


“ ဒါ့ကြောင့် သည်းခံ လိုက်သာပေါ့ မြချစ် ရာ ၊ နို့မို့လား ကပ္ပိယ လက်သီး ဒီကောင် မြည်း ရပြီ ပေါ့ ။ မြချစ် မကြိုက် ရင် ဦးဘော် ရန် မဖြစ်တော့ပါဘူး ” 


မြချစ် က ကြောင်အိမ် ကို ရှင်း ရင်း ပိုးဟပ် တစ်ကောင် တွားတက် လာ လို့ လန့်အော် ရာ က စံလှဘော် ကို ကျုံး ဖက် လိုက်တယ် ။ စံလှဘော် က လည်း ထင် မထားဘူး ကိုး ။ မိန်းကလေး ချောချော တစ်ယောက် က သည်လို ထ ဖက် လိမ့်မယ် လို့ လည်း တွက် မထားတော့ တုန်လှုပ် သွားတယ် ။ မြချစ် လိမ်း ထားတဲ့ သနပ်ခါး နံ့ ၊ ပန် ထားတဲ့ ပန်းနံ့ကလေး တောင် ဝေ့ခနဲ ရ လိုက်သေး ကိုး ။ ကိုယ်လုံးဖူးဖူး ကလေး က သိုင်းဖက် လိုက်တဲ့ အထိအတွေ့ မျိုး တစ်ခါ မှ မရှိခဲ့ဖူး တော့ မြချစ် က သည်လောက် မဟုတ်ဘူး ။ စံလှဘော် က ရင်တွေ ဖိုလှိုက် ဖိုလှိုက် ဖြစ် နေ လိုက်တာ တော်တော် နဲ့ မငြိမ်ဘူး ။


“ ကန်တော့ ... ကန်တော့ ၊ ဦးဘော် ရယ် ၊ ကျုပ် က ပိုးဟပ်များ တော့ ကြောက်သယ် ။ တော်ပြီ ... တော်ပြီ ဦးဘော် ၊ ကိုယ့် ဟာ ကိုယ် သာ ရှင်းတော့ ... သွားတော့မယ် ”


“ ဟဲ့ ... ၊ မြချစ် မြချစ် ။ အော် ... ကလေးမ နှယ် ပိုးဟပ် ကြောက်ရသယ် လို့ ”


မြချစ် က မနေပါဘူး ။ ရှက် လည်း ရှက်သွား တော့ ပစ္စည်းခန်း ၊ ကျက်သရေ ခန်း ထဲ က ထွက်ပြေး တယ် ။ မြချစ် မရှိတော့ မှ စံလှဘော် က သူ့ အဖြစ် ကို သူ ကျေနပ်သွားပုံ နဲ့ ပြုံးဖြဲဖြဲ လုပ်ရင်း သူ့ လက်တွေ နဲ့ သူ့ ဟာ သူ ဖက် လိုက် ၊ လေ ထဲ ကို အနံ့ ရှူ သလို လုပ်လိုက် လုပ်နေလေ ရဲ့ ။ ပိုးဟပ် တောင် ကျေးဇူး တင်ရမလို ကိုး ။ တစ်ယောက် တည်း မျက်စိ မှိတ်ပြီး ရူးတူးတူး ဖြစ်နေတာ ကို အခန်းဝ မှာ ရပ် နေတဲ့ ကိုရင် က မျက်လုံး ပြူး ကြည့် နေတယ် ။ စံလှဘော် က တော့ မျက်စိ မှိတ် ရင်း အော် ... မြချစ် မြချစ် တဲ့ ။ စံလှဘော် မျက်လုံး ဖွင့် ကြည့် လိုက်တော့ သူ့ ကို ပြူး ကြည့် နေတဲ့ ကိုရင် ကို တွေ့ ရော ။ စံလှဘော် တောင် လန့် သွား လေရဲ့ ။ 


“ လန့်လိုက်သာ ကိုရင် ရာ ၊ ဘာလာ လုပ်သာတုန်း ” 


“ ဆရာတော် က အော်သံ ကြားလို့ မေး ခိုင်းလို့ ”


“ ပိုးဟပ် ပိုးဟပ် ၊ မြချစ် နဲ့ ပိုးဟပ် ဖက်ကြလို့ ၊ အဲလေ ... နေဦး ကိုရင် ” 


ကိုရင် ပြန် ထွက် သွားတော့မှ စံလှဘော် လည်း သစ်သားဗျပ် ကို ဆွဲပြီး ပြန် ထွက်လာခဲ့တယ် ။ လက် ထဲ ကိုင် ထားတဲ့ သစ်သားဗျပ် မှာ ပိုးဟပ် တစ်ကောင် ပါ လာတာ ကို စံလှဘော် က မသိဘူး ။ ပိုးဟပ် က သစ်သားဗျပ် ပေါ် က နေ စံလှဘော် လက် ပေါ် တက် လာရော ။ စံလှဘော် က ပထမ တော့ သတိ မထားမိ သေးဘူး ။ နောက် မှ ယား လာ လို့ ငုံ့ ကြည့်တော့ ပိုးဟပ် က သူ့ လက် ပေါ် ရောက် နေပြီ ။ စံလှဘော် က ပိုးဟပ် လည်း မြင် ရော ဗျပ်ကြီး မိုး ပေါ် မြှောက် တင်ပြီး လန့် အော် ရော ။ သစ်သားဗျပ်ကြီး က လေ ထဲ မှာ နှစ်ပတ် လောက် လည် ပြီး မှ ကြမ်းပြင် ပေါ် ဗျန်းခနဲ ကျ လာတယ် ။


“ ဟဲ့ … ငဘော် ၊ ဘာဖြစ်နေသာတုန်း ”


“ ပိုးဟပ် ဘုရား ”


စံလှဘော် က ဆရာတော် အသံ ကြား ရာ ဘက် မှန်း လျှောက် ရင်း ပြေးထွက် လာခဲ့တယ် ။ ပိုးဟပ် တော့ စံလှဘော် က လည်း ကြောက် တာ ကိုး ၊ စောစောက ရင်ခုန် ထား တာလေး တောင် ပျောက် သွားလေ ရဲ့ ။


◾ခင်ခင်ထူး


📖 ကပ်ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment