Thursday, May 18, 2023

မွေးစားသမီး ( ၁၀ )


 ထို နေ့ သည် “ သင်္ကေတ  ” စူပါမားကက်ကြီး ထဲ တွင် ရှိသော ဝန်ထမ်းများ အားလုံး ပျော်ရွှင် နေကြသော နေ့ ဖြစ်သည် ။ နှစ်သစ် သင်္ကြန်တွင်း ပိတ်ရက် မစခင် နောက်ဆုံး နေ့ ကို နေ့ဝက် သာ ဖွင့်ပြီး ကျန်သည့် နေ့ဝက် ကို ဝန်ထမ်း အချင်းချင်း သင်္ကြန် အကြို ရေပက်ကြခြင်း ၊ company က ဘူဖေးလ် ကျွေးခြင်း တို့ အပြင် ဝန်ထမ်းများ အားလုံး ထဲ မှ အလုပ် ဆင်း ရက် ပြည့်ဆု ၊ အရောင်းရဆုံး ထူးချွန်ဆု ၊ အမှားအနည်းဆုံးဆု ၊ နှင့် တာဝန်ကျေ ဝန်ထမ်းဆု တို့ ကို ပေးပြီး နောက် ဝန်ထမ်းများ ထဲ က ရှယ်ယာဝင် သူဌေးများ သဘော ကျ သော ဝန်ထမ်းများ ကို လည်း ရာထူး တိုး ပေးတတ်သည် ။


ရာထူး တိုးသူ တစ်ဦး ကို ကြော်ငြာ လိုက် တိုင်း ခင်မင်သူ ဝန်ထမ်းများ က ထို သူ ကို ဂုဏ်ပြု သင်္ကြန် အကြို ရေ ပြေး လောင်းကြသည် ။ မှတ်တမ်းတင် ( VIDEO ) က လည်း ရိုက်လျှက် ရှိ နေသည် ။ အော်စကာ ဆုပေးပွဲ နှင့် တော်တော်လေး တူ နေပါသည် ။


“ အခု ကြော်ငြာမယ့် ရာထူး က တော့ မန်နေဂျာချုပ် ဦးခန့်မင်း ရဲ့ ကိုယ်ရေး အရာရှိ ( Personal assistant ) ရာထူး ပါ ခင်ဗျာ ”


ဆူညံနေ သူ များ ခေတ္တ တိတ် သွားကြ၏ ။


“ ဟုတ်ကဲ့ .. အဲဒီ ရာထူး ကို တော့ .. ”


ကြော်ငြာသူ က ရာထူး ရ သူ ကို မကြော်ငြာ သေးပဲ ဝန်ထမ်းတွေ ကို လျှောက် ကြည့် နေ သဖြင့် တော်တော်လေး အူယား နေကြသည် ။ ထို ရာထူး ကို ရသူ သည် မန်နေဂျာချုပ် နှင့် နေ့စဉ် အတူ နေ အတူ တွေ့ ခင်မင်ရင်းနှီး နေ သဖြင့် သူ က လူတိုင်း ကို အကူညီ ပေး နိုင်သလို ဒုက္ခ လည်း ပေးနိုင်သော ရာထူး ဖြစ်သဖြင့် လူတိုင်း လိုလို လိုချင် မက်မောသော ရာထူး တစ်ခု လည်း ဖြစ်သည် ။


“ ဟုတ်ကဲ့ .. အဲဒီ ရာထူး ကို တော့ .. ဌာနစိတ် .. လေး က .. မ .. ကေသီတာ က ရ သွားပါတယ် ခင်ဗျား ”


“ ဟေး ... ”


ခင်မင်မင်သူတွေ က ရှေ့ က ပြေး လာကာ ကေ့ ကို ရေ လောင်းကြသည် ။ ငြိမ်းပို က နံဘေး မှာ ရှိနေ သဖြင့် ရှေ့ဆုံး က ဖြစ်သည် ။ ထိုသို့ ရေ လာ လောင်းသူတွေ ထဲ တွင် မိုးယံစိုး မပါ ပါ ။ ဘာ့ကြောင့်လဲ ဆိုတာ တော့ ကေ လဲ မသိ ။ ခင်မင်သူတွေ က နှုတ်ဆက် ဂုဏ်ပြုကြ ၊ အခုမှ ဖားချင်သူ တွေ လည်း နှုတ်ဆက်ကြ ၊ မိတ်ဆက်ကြ ၊ ကေ သည် အကယ်ဒမီ ရသော မင်းသမီး တစ်ယောက် လို ဖြစ် နေသည် ။ အချို့က စပ်ဖြဲဖြဲ နှင့် နှာခေါင်း ရှုံ့ ကြပြီး တစ်ချို့ က လည်း ပြုံးတုံ့တုံ့ ဖြင့် ခေါင်း ကို ညိတ် ကြ လေသည် ။


ထို့နောက် ရာထူးများ ကို ဆက် ကြော်ငြာရင်း Market ကြီး အတွက် အဝယ်တော်များ စာရင်း ကို ကြော်ငြာရာ တွင် ..


“ ဦးမိုးယံ ကို စားသောက်ကုန် ပစ္စည်းများ နှင့် စတေရှင်နယ်ရီ ( စာရေးကြိယာများ ) အဝယ်တော် အဖြစ် ခန့်အပ်ပါတယ် ခင်ဗျား ”


မိုးယံစိုး မှာ ခင်မင်သူ များ သည့် အတွက် တစ်ယောက် တစ်ချက် ပက်သော ရေသန့်ဗူးများ အောက်  မှ ရုန်း မထွက်နိုင်တော့ ။ ထို ရာထူး မှာ လည်း အောက်ဆိုက် အတော် ရှိသော ရာထူး ဖြစ်သည့် အတွက် လူတိုင်း လိုလို လိုချင်ကြသော နေရာ တစ်နေ ရာ ဖြစ်သည် ။ သို့သော် .. အများသူငါ တပ်မက်ကြသော ရာထူး ကို ရသော ချစ်သူ နှစ်ယောက် သည် ပျော်ရွှင် နိုင်သလား ဆိုတော့ မပျော်ရွှင်နိုင်ကြပါ ။ ကေ က ထို နေ့ က ရာထူး အတွက် အသုံး လို သော ဟန်းဖုန်း အသစ် တစ်လုံး နှင့် ခရက်ဒစ်ကဒ် ကို ရရှိသည် ။


“ မိုးယံ ကို အပြင် လွှတ်ပြီး ကေ့ ကို သူ့ အနား ခေါ်တာ လုံးဝ မရိုးသားဘူး .. ”


“ မိုးယံ ပြောတဲ့ စကား က နေရင်း ထိုင်ရင်း ကေ့ သိက္ခာ ကို စော်ကား သလို ဖြစ်နေတယ် မိုးယံ ”


ကိုယ်ကျင့်သိက္ခာ နှင့် ပတ်သက် လျှင် နည်းနည်းလေး မှ အထိပါး မခံသော ကေ က မိုးယံ ကို ခပ်ဆတ်ဆတ် တုန့်ပြန်သည် ။


“ ဒီ လူကြီးတွေ အကြောင်း ကေ့ ထက် မိုးယံ က ပို သိပါတယ် ၊ ဒါ ဟာ ထောင်ချောက် တစ်ခု ပဲ .. မရိုးသားမူ တစ်ခု ပဲ .. မိုးယံ ဒီငနဲကြီးတွေ ကို မယုံဘူးကွာ .. ကေ့ ကို စိတ်မချဘူး .. ”


“ မိုးယံ .. အခု ပြောတဲ့ စကား ကို ပြန် ရုတ်သိမ်းလိုက် ၊ ကေ က ဣန္ဒြေသိက္ခာ ကို တစ်စက် မှ အထိ မခံတဲ့ မိန်းမ ဆိုတာ မိုးယံ အသိဆုံးပါ ၊ သူတို့ ပေးတဲ့ ဖုန်း ဆိုတာ ကေ ဒီနေ့ လိုချင် ဒီနေ့ ဝယ်လို့ ရတဲ့ ပစ္စည်းပါ ၊ စိတ်ချ မိုးယံ သူတို့ မရိုးသားဘူး လို့ ထင်တာ နဲ့ ချက်ချင်း ထွက်ပစ်လိုက်မယ် ၊ ကေ က ဘယ် ရာထူး ကို မှ ဣန္ဒြေ သိက္ခာ နဲ့ မလဲဘူး ”


“ သူတို့ မှာ ထောင်ချောက်တွေ ရှိတတ်တယ် ကေ .. ”


“ အလုပ်တောင် မလုပ်ရ သေးဘူး ၊ ကေ့ ဣန္ဒြေ နဲ့ သိက္ခာ ကို မယုံကြည်တဲ့ ချစ်သူမျိုး ကို ရ တာတော့ ကေ ဝမ်းနည်း လို့ မဆုံးဘူး ”


“ မယုံတာ မဟုတ်ပါဘူး .. စိုးရိမ်တာပါ ကေရယ် .. ”


“ တော်ပြီ .. မိုးယံ ၊ ဒီ စကားကို ဒီမှာ ပဲ ရပ်လိုက်တော့  ”


“ အဲဒီ ရာထူး တိုး တာရဲ့ အကျိုးဆက် က တော့ သူ က ကေ့ ကို စေ့စပ်ခွင့် တောင်းတာပဲ ၊ သူ က လည်း ဒီ အလုပ် က ထွက်မယ် ၊ ကေ့ ကို လည်း ထွက် ၊ ကေ နဲ့ သူ စေ့စပ်ပြီး ရင် သူ နိုင်ငံခြား ကို သွားမယ် တဲ့ ၊ သူ ဟို မှာ ငွေ စုပြီး ပြန်လာရင် လက်ထပ်မယ် ဆိုပါတော့ ၊ သူ က ခုမှ တရားဝင် ပြောလို့ အောင် တို့ ကို တိုင်ပင်တာ ”


ကေ့ စကား ကို အောင် ၊ မောင် နှင့် ရီလေး တို့ က စိတ်ဝင်စားစွာ နားထောင် နေကြသည် ။ အောင် က ..


“ နိုင်ငံခြား မှာ အလုပ် လုပ်တယ် ဆိုတာက ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ ဟိုကို ရောက်တဲ့ အခါ ဖြစ်လာတာ နဲ့ တစ်ထပ်တည်း ကျတဲ့ သူ နည်းတယ်နော် ၊ အဲဒီ အလုပ် က သေချာတဲ့ အလုပ် မဟုတ်ဘူး  ”


“ ဟုတ်တယ် ၊ ကဲ ... နေစမ်းပါဦး ၊ အခု ကေ့ မန်နေဂျာချူပ် ကရော ကေ့ ကို သူ ပြောသလို ကိစ္စမျိုး ရှိလား ”


“ အခု အချိန် ၂ လ ကြာတဲ့ ထိတော့ သူ လည်း သူ့ အလုပ် ၊ သူ့ သိက္ခာ နဲ့ ပါပဲ ၊ မိုးယံ လာ ကြိုနေတာ ကို လည်း ခွင့်ပြု နေတာပဲ ၊ ပေးထားတဲ့ ဟန်းဖုန်း ကို လည်း လုပ်ငန်း အတွက် က လွဲ လို့ ကိုယ်ရေး ကိုယ်တာ တစ်ခါ မှ သူတို့ ဘက် က မသုံးဖူးဘူး ၊ ကေ က အိမ် ရောက်လို့ ၅း၃၀ မှာ ဖုန်းပိတ်ခွင့် တောင်းတာ ကို လည်း ခွင့်ပြုကြတယ် ၊ အဲဒါတွေ ကို လည်း သူ့ ကို ပြောပြ ထား ပြီးသားပဲ ”


အောင် နှင့် မောင် သက်ပြင်း ကို ချသည် ။


“ မိုးယံ နည်းနည်း တော့ အချစ် လွန် နေပုံရတယ် ၊ အေးဆေး ရှင်း မှ ရလိမ့်ထင်တယ် မမကြီး ”


“ သူ အချစ် လွန် တာ က ကိုယ့် သိက္ခာ ကို ထိခိုက်သလို ဖြစ် နေတယ်  ”


“ မဟုတ်သေးဘူး မမကြီး ၊ သူ နိုင်ငံခြား သွားချင် ရင် သွားပေါ့ ၊ ဒီမှာ စေ့စပ် ထားလိုက် ၊ မမကြီး ရဲ့ လူကြီးတွေ ကို လည်း ဖိတ် ၊ company က သူငယ်ချင်း သုံးလေး ယောက် လောက် ကို လည်း ဖိတ် ၊ ဒါဆို သူ နိုင်ငံခြား ကို စိတ်အေးလက်အေး သွား လို့ ရပြီပဲ ၊ မမကြီး ကလဲ ရတဲ့ လစာ ကို စုပေါ့ ၊ သူ လည်း စု ၊ အများဆုံး စောင့်ရ ၊ တစ်နှစ် နှစ်နှစ် ပေါ့ ၊ အဲဒါ မကောင်းဘူးလား ”


ညီအစ်မ တစ်တွေ ရီလေး ကို ဝိုင်း ကြည့် လိုက်ကြသည် ။


သူတို့ တိုင်ပင်ကြ တိုင်း ရီလေး ကို မိန်းကလေး သဘာဝ အရ သာ နားထောင်ခွင့် ပေး ထားသည် ။ ရီလေး က ထောက်ခံ လျှင် ထောက်ခံ ၊ ကန့်ကွက် လျှင် ကန့်ကွက် ။ ဒီလောက် သာရှိသည် ။ အခုတော့ ရီလေး ပေးသည့် အကြံ က ကေသီတာ့ အတွက် အဆင်ပြေ နေသည် ။


“ အံမယ် .. ဒေါ် ခင်ရီလွင် .. ရှင် က ဒါတွေ ဘာတွေ တောင် တွေးတတ်နေပြီပေါ့ .. ဟုတ်လား ”


“ ရီလေး က အမြဲ နားထောင် နေကျ ဆိုတော့ ဇာတ်လမ်း ကို သိ နေလို့ပါ ၊ မမကြီး က အလုပ် က လည်း ထွက်ရ ဦးမယ် ၊ စေ့ လည်း စေ့စပ်ရ ဦးမယ် ဆိုတော့ နာ တာပေါ့ ၊ ဂုဏ်သိက္ခာ အရ လည်း နာ တယ်လေ ၊ အချိန် နဲ့ ငွေ အတွက်လည်း နာတယ် ၊ ဒါ့ကြောင့်မို့ ပြောမိတာပါ ”


“ အေးကွာ .. ရီလေး ပြောတာက မှန် နေတယ် ၊ အဲဒီ အတိုင်း မေး ကြည့်လိုက်ကွာ .. လူကြီး စုံရာ နဲ့ စေ့စပ်ပြီး တာ တောင်မှ စိတ် မချဘူး ဆိုရင်တော့ ကော မကေ .. ”


“ တော်ပြီ မောင် ၊ အဲဒီကျရင် မကေ ဘာပြောရမယ် ဆိုတာ မကေ သိတယ် ၊ အခု မကေ ဘက် က လိုက်လျော နိုင်တာ သူ့ ကို ပြောပြမယ်လေ ၊ ညှိကြည့်ကြတာပေါ့ ”


သူတို့ ညပိုင်း အစည်းဝေးလေး ပြီးသွား သဖြင့် ကေ့ အခန်း မှာ ကေ တစ်ယောက် တည်း ကျန်ခဲ့သည် ။ အမှန်တော့ ကေ က စေ့စပ်တာတွေ ဘာတွေ မလုပ်ချင်ပဲ တစ်ခါတည်း လက်ထပ် လိုက် ချင်တာ ဖြစ်သည် ။ သို့သော် မေမေကြီး ကျန်းမာရေး ကလည်း အခု ကောင်းချင် ကောင်း နေပြီး တော်ကြာ ဖောက်ချင် ဖောက်လာ တတ်တာ မျိုး ဖြစ်နေသည် ။ သွေးတိုး အတက်အကျ က လဲ မမှန် ၊ ဒီလို အချိန် မျိုး မှာ သူမ က ကိုယ့် အတ္တ ကို ကိုယ် ရှေ့တန်း မတင်သင့် ဟု နားလည် နေမိသည် ။


ညီမတွေ က လည်း လက်ထပ် ဖို့ ထက် စေ့စပ် ထား ဖို့ လောက်သာ အလေးပေး ကြသည် ။ အချိန် ဆွဲ နိုင်သမျှ ဆွဲ ၊ မရလျှင် စေ့စပ်ကြရန် ဖြစ်သည် ။ မနက်ဖြန် ညှိနှိုင်းပွဲ တွင် ဘယ်လို အဖြေမျိုး ရောက်ပြီး ဘာ စကားတွေ ထပ် ပြောရဦးမည် ဆိုတာ ကေ မသိပါ ။ အချစ် သည် အချစ် ၏ ကြည်နူးခြင်း ထက် အချစ် ကြောင့် ဖြစ်သော အကျိုး နှင့် အကြောင်း ကို အခြေအနေ နှင့် လိုက်လျောညီထွေ လိုက်ညှိ နေရသော ဖြစ်စဉ် တစ်ခု ဟု ကေသီတာ သဘောပေါက် လာသည် ။


အချစ် ဆိုတာ မရခင် တုန်း က သာ ရ လျှင် ငြိမ်းချမ်းလိမ့်မည် ဟု ထင် နေရသော အရာ ဖြစ်သည် ။ ရ လာသည့် အခါ တွင် တော့ စိတ်လွတ် ကိုယ်လွတ် ငြိမ်းချမ်းစွာ ချစ် နေရသည့် အချိန် က နည်းပြီး အကျိုး နှင့် အကြောင်း နှင့် အချစ် ကို မထိခိုက်အောင် ကာကွယ် တိုက်ခိုက် နေရသည့် အချိန် က သာ များသည် ဟု ကေသီတာ ကောင်းကောင်း နားလည် သွားပြီ ဖြစ် လေသည် ။


မိုးယံစိုး သည် ချစ်သူ ကေသီတာ ပြောသမျှ ကို နားလည် ပါသည် ။ ကေသီတာ ၏ အစီစဉ် သည် ငြင်းပယ်ဖို့ ခက် လောက်အောင် ပြည့်စုံနေသည် ။ သို့သော် ဒီ အစီအစဉ် ကို ဆောင်ရွက် လျှင် သူ နိုင်ငံခြား သို့ ကိစ္စ နှင့် စေ့စပ်ပွဲ က ပါ ပါလာပြီ ဖြစ်သည် ။ ဤတွင် မိုးယံစိုး ၏ အခက်အခဲ မှာ ငွေ ဖြစ်သည် ။ စေ့စပ်ပွဲ အတွက် နှင့် နိုင်ငံခြား သို့ ပို့ပေးသူ ကို ပေးရန် ငွေ သူ့ ဆီ မှာ မရှိပါ ။ သူ့ သွားရေး လာရေး ၊ ဝတ်ရေး စားရေးများ အတွက် အစ်မ ဖြစ်သူ မဇင်  ( ဒေါ်ဇင်မာဝင်း ) က နှစ် လ များစွာ ကူညီ ပေးခဲ့ နိုင်ခဲ့သော်လည်း ဒီလို တစ်လုံးတစ်ခဲတည်း ကုန်ကျငွေ ကို ထုတ်ပေး နိုင်လောက်အောင်တော့ အင်အား မရှိပါ ။


စေ့စပ်ပွဲ အတွက် လက်စွပ်ကလေး တစ်ယောက် တစ်ကွင်း စီ လဲ ဖို့ ကတော့ သူ့ လခ ဖြင့် ဝယ်လို့ ရ နိုင်ပါသည် ။ ကျွေးဖို့ မွေးဖို့ နေရာ ၊ ပြင်ဆင်မူ အစရှိသည် တို့ အတွက် ကုန်ရန် ငွေ သူ့ ဆီ မှာ မရှိပါ ။ သူ သွားချင်သည့် တောင်ကိုးရီးယား သို့ ပို့ပေးမည့် company က ဒီ နိုင်ငံ မှ အထွက် သိန်း ၅၀ ၊ ဟိုရောက် အလုပ် ရပြီး ၂ လ အတွင်း သိန်း၃၀ ပေး ရမည် ဖြစ်သည် ။ ထို့ကြောင့် မိုးယံစိုး မှာ ရှေ့ ကို မာန် နှင့် တက်ချင် သော်လည်း အား က မသန်ချေ ။ မိုးယံစိုး သည် ထို ကိစ္စ ကို တစ်ကိုယ်တည်း လဲ ကြိတ် မဖြေရှင်း နိုင် ၊ မိသားစု က လဲ မကူနိုင် ၊ သူငယ်ချင်း အပေါင်းများ က လည်း နားလည် ပေး နိုင်သော်ငြား ကယ်တင် ပေး ဖို့တော့ မတတ်နိုင်ကြချေ ။


နောက်ဆုံးတော့ ချစ်သူ ကို သာ ပြောရတော့သည် ။ ချစ်သူ က လည်း သူ ကိုယ်တိုင် မဆုံးဖြတ်နိုင် ။ သူ့ မိသားစု နှင့် သူ့ မိခင် ကို တိုင်ပင်ရဦးမည် ဆိုသော စကား သာ ပထမဆုံး ရသည် ။ ပိုပို ပြော ပုံ အရ ဆိုရင်တော့ သူတို့ မိသားစု က တော်တော်လေး ချမ်းသာပုံ ပေါ်တယ် မိုးယံ ၊ သူတို့ မှာ ယောက်ျားလေး မရှိလို့သာ စားစရိတ် လုံလောက် ရုံ ငါးခြောက်ဆိုင်ကြီး တစ်ဆိုင် နဲ့ ငြိမ် နေရတာ ၊ နင် လိမ်လိမ်မာမာ နှင့် နေတတ် ထိုင်တတ် ရင် အဲဒါ နင့် အတွက်ချည်းပဲ ဒါ က သူ့ အစ်မလေး ဆွေဆွေဦး ၏ စကား ဖြစ်သည် ။


“ ကောင်မလေး က တော့ နင့် ကို တော်တော် ချစ်ပုံပဲ ငမိုး ၊ ငါ နင့် ကို တစ်သက်လုံး ကြည့်လာခဲ့ ရတာ နင် အဆင် ပြေရင် ငါတို့ ကို တစ်လှည့် တော့ ပြန်ကြည့်ဦး ပေါ့ ဟာ ၊ ငါ လည်း အခု စုန်းစုန်း မြုပ်နေပြီ ၊ နင့် ဆီ က ပဲ မျှော်လင့်ချက် ရှိတော့တာ  ”


ဒါက သူ့ ကို တစ်လျှောက်လုံး ပတ်ဝန်းကျင် က အထည်ကြီးပျက် မှန်း မသိရအောင် ရှေ့တွင် တစ်မျိုး ၊ ကွယ်ရာ မှာ တစ်ဖုံ စောင့်ရှောက်ခဲ့သော အစ်မ အကြီးဆုံး ဒေါ်ဇင်မာဝင်း ၏ စကား ဖြစ်သည် ။ သူတို့ အိမ် ၏ စီးပွားရေး အခြေနေ ကို သူ သိပါသည် ။


အခု လက်ရှိ နေ နေသည့် တိုက် နှင့် ခြံ ကလည်း ဘဏ် ကို ပေါင်ထားနှင့် ပြီး ပြီ ။ သူ့ အစ်မတွေ က တော့ ပတ်ဝန်းကျင် ရော ၊ ထိတွေ့ ဆက်ဆံနေသူတွေ ကပါ မရိပ်မိ အောင် ဟန် နှင့် မာန် ကို မွေးထားကြတုန်း ဖြစ်သည် ။ သူတို့ ကိုယ် သူ တို့ နေနိုင် စားနိုင် ဟူ ၍ မာန် ကိုတင်းနေတုန်း ပင် ဖြစ်သည် ။


မိုးယံစိုး အနေဖြင့် ကေသီတာ့ ကို လက်ထပ် လိုက်လျှင် သူတို့ ဘက် က အပူ တစ်ခု တော့ လျော့ သွားမည် ။ သူတို့ ကျဆင်း နေသော စီးပွားရေး ကို မိုးယံစိုး က ကေသီတာ့ အကူညီ ဖြင့် ပြန် ထူထောင်နိုင်ဦးမည် ဆိုသော မျှော်လင့်ချက်ကြီး တစ်ခု ကို မာလာမင်း ဆိုသော ညီမလေး က လွဲ၍ ကျန်သော အစ်မများ နှင့် သူတို့ ခင်ပွန်းတွေ က ကြီးကျယ်စွာ ထား နေကြသည် ။ ထို့ကြောင့် မိုးယံစိုး က ကေသီတာ့ အပေါ် မှာ အချစ် နှင့် ရော ဘဝ အတွက်ပါ မျှော်လင့်ချက် နှစ်ခု စလုံး ဖြင့် မျှော်လင့်ချက်ကြီး ထားမိ နေခြင်း ဖြစ်ပြီး စေ့စပ်ရေး နှင့် နိုင်ငံခြား ထွက်ရေး ဆိုသော အိမ်မက် ကို ကေသီတာ ၏ ဖြူစင်သော အချစ် ပေါ်တွင် အားကိုး ခဲ့လေသည် ။ ထိုနေ့က ကေသီတာ က ဆိုသည် ။


“ ကေ .. မေမေကြီး ကို တိုင်ပင် ကြည့်တော့ မေမေကြီး က စေ့စပ် ဖို့ ကို သူ တာဝန် ယူတယ် တဲ့ ၊ မိုးယံ နိုင်ငံခြား သွားဖို့ ကိစ္စ ကိုတော့ စေ့စပ်ပြီး မှ ပဲ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာ နှစ်ဖက် တိုင်ပင်ချင်ပါတယ် တဲ့ ၊ မိုးယံ က စေ့စပ်ဖို့ ကိစ္စ က အဓိက မဟုတ်လား ”


အမှန်တော့ မိုးယံ အတွက် က နှစ်ခု စလုံး အရေးကြီး နေပါသည် ။ နိုင်ငံခြား သို့ မလွှတ်တော့ ပဲ ထို ငွေ နှင့် ပင် ဒီမှာ ရင်းနှီး စားသောက် နိုင်အောင် ဖန်တီး ပေးမှာလား ဆိုတာ ကို မိုးယံ စဉ်းစားရပြီ ။


“ ဒါဆို .. မင်း ကောင်မလေး ကို တို့ အခြေနေတွေ အားလုံး ပြောပြလိုက်ပြီပေါ့ ”


“ မဇင် တို့ အကြောင်း ဘာမှ မပါပါဘူး ၊ ကျွန်တော် လုပ်ချင်တာ ကို တော့ ပြောပြရတာပေါ့ ”


“ ငါ တို့ နင့် တစ်ယောက် ကို ပဲ အားကိုးစရာ ရှိတော့တာတော့ ဟုတ်တယ် မိုးယံ ၊ ဒါပေမယ့် ငါတို့ မှာလည်း ငါတို့  မာန် နဲ့ ငါတို့ နော် ၊ သိက္ခာ တော့ အကျ မခံနိုင်ဘူး ”


“ စိတ်ချပါ မဇင် ၊ ကျွန်တော် စေ့စပ် တဲ့ ကိစ္စ က မဇင် တို့ နဲ့ ဘာမှ မဆိုင်ပါဘူး ၊ ကျွန်တော် နဲ့ ကေ့ သဘောချည်းပါပဲ ”


“ ဒါနဲ့ စေ့စပ်ပွဲ က စနေနေ့ နော် ”


“ အင်း .. လေ ”


“ အင်း ..  ငါ့ မောင် အခု ကတည်း က ဟိုဘက် က ဖြစ်စေချင်တဲ့ အတိုင်း လိုက် လုပ် နေရပြီ ဆိုတော့ မဇင် တော့ ရင် ခပ်လေးလေးပဲ ”


အစ်မ အကြီးဆုံး မဇင်မာဝင်း စကားကြောင့် မိုးယံစိုး တော်တော်လေး အာရုံ နောက် သွားသည် ။ သူ ကေ့ ကို ချစ်တုန်းက ဒီ ကိစ္စတွေ မပါခဲ့ ။ အခုကျတော့ လည်း သူ့ အကျိုး နှင့် သူ သူ့ အကြောင်းတရား နှင့် သူ ပါလာကြ ၊ ရောက်လာကြသည် ။ အမှန်တော့ ချစ်သူ နှစ်ဦး ရိုးရိုးကလေး လက်ထပ် လိုက်လျှင် ပြီးရော ကိစ္စ သည် ဘယ်လို အကြောင်းတွေကြောင့် ဒီလို ဖြစ်ကုန်သနည်း ဆိုတာ မိုးယံစိုး သိ သော်လည်း နားတော့ မလည်နိုင်ချေ ။ သူ သည် အရာပေါင်း များစွာ ၏ ကာဆီးမှု ထဲ မှာ ပိတ်မိ နေသည်ဟု ခံစား နေရသည် ။


သူ ကေသီတာ့ ကို ချစ်ခဲ့ သော ချစ်ခြင်း သည် ဘယ်ကို ရောက်သွား ၍ ဒီ အကြောင်းရာများ က ဘယ် က ရောက်လာကြသနည်း ဆိုတာကို လဲ နားမလည် နိုင်ချေ ။ ချစ်သူ ကေ က တော့ သူ့ ကို ရိုးရိုးကလေး သာ မှာ သည် ။


“ မိုးယံ .. ရိုးရိုးကလေး ပဲ ဝတ်လာခဲ့နော် ၊ ကေ အိမ် က ပဲ စောင့်နေမယ် သိလား ”


အခုပဲ သူ့အစ်မ က ခဏ ငှားလာသော နီလာ လက်စွပ် တစ်ကွင်း နှင့် ရတနာ ခုနှစ်သွယ် လက်စွပ် တစ်ကွင်း ကို လာ ပေးသည် ။ မိုးယံ ခဏ သာ ဝတ် ကြည့်ပြီး ချစ်သူ့ စကား ကို ပဲ နားထောင်ရန် ဆုံးဖြတ်လိုက်မိပါသည် ။


ကေတို့ ညီအစ်မတွေ အားလုံး အလှ ပြင်ဆင် ပြီးချိန်တွင် company မှ ဖိတ်ထားသူများ ရောက်လာ ကြ ပြီး ကေ နှင့် မောင် တို့ က ဧည့်ခံကြသည် ။ ကေသီတာ သည် ဒီတစ်ခါ စေ့စပ်ပွဲ မှာ တော့ အဖြူ ပေါ်မှာ အဝါနု ဖောက် ထားသော အချိတ် ဝမ်းဆက်ကလေး ကို ဝတ် ထားသည် ။ သူ့ ခါးလည် ထိ ဆံပင် ကို တော့ ပွဲထိုင် ဆံထုံးကလေး ထုံး ၊ သဇင်ပန်း ပန်ထားသည် ။ လည်တိုင် မှာ ပုလဲသွယ် လည်ဆွဲ ၊ လက်သူကြွယ် မှာ မောင်နှံ ခုနှစ်ဖော် လက်စွပ် နှင့် နီလာ ပါ လက်စွပ်လေး တစ်ကွင်း ၊ နားတွင် ပန်နေကျ နားကပ် နှင့် လက်ကောက် မှာ စိတ်တန်းစီ လက်ကောက်လေး တစ်ရံ သာ ဝတ် ထားသည် ။


မျက်နှာ ကို တော့ ထုံးစံ အတိုင်း မိတ်ကပ်ဆရာ ပြင် ပေးသည့် ပုံစံ ခပ်ပါးပါး သာ ခြယ်သ ထား၏ ။ ပိုပို ရောက် လာတော့ ဝိုင်း က ပို၍ ဆူညံ သွားသည် ။ မေမေကြီး လည်း ဒီနေ့ မျက်နှာ ကြည်ရွှင် နေပြီး ကျေနပ် ပျော်ရွှင် နေပုံ ရ သဖြင့် ကေ သက်ပြင်းချ နိုင်သည် ။


“ မကေ ရယ် .. လှလိုက်တာ .. ကြည့်စမ်း ၊ မင်းတို့ တော့ မသိဘူး ၊ ပို တော့ မကေ ကို နှမြော လာပြီ ”


ငြိမ်းပိုက ကေသီတာ ကို ဖက်ထားရင်း က ဆိုသည် ။


“ အံမယ် .. နှမြောတယ် .. ဘာတယ် နဲ့ ၊ အစီစဉ်တွေ လာ မေး ၊ လာ မှတ်ပြီး ကြိတ် ကြံနေတာ မဟုတ်လား ”


အောင့် စကား ကြောင့် အားလုံးက ပို့ ကို ဝိုင်း ရယ်ကြသည် ။


“ ဟွန်း .. မသိဘူးများ မှတ်နေလား .. မမကြီး ပြီးရင် မမလတ် ၊ မမလတ် ပြီးရင် မမလေး အစီစဉ် အတိုင်း ဆိုပြီး ထိပ်ဆုံးပန်း က စ ပွင့်သွားလို့ နောက် ပန်းတွေ ကြိတ် ပျော်နေတာ မသိဘူးများ ထင်လို့လား ”


ပို့ စကား ဆုံးတော့ အောင်တို့ ကို company မှ ဧည့်သည်တွေ က ဝိုင်း ရယ်ကြ ပြန်သည် ။ မောင် က ပို့ ကို ခွေးမ ဟု တိုးတိုးလေး ကျိန်ဆဲသည် ။ ထိုအချိန် တွင်ပင် မန်နေဂျာချူပ် ဦးခန့်မင်း ၊ ဒုတိယ မန်နေဂျာ များ ဖြစ်သော ဒေါ်စိုးစိုးမူ ၊ ဦးမင်းဇော် နှင့် ဆရာကျော်သီဟ တို့ ရောက်လာ ကြသည် ။ ဦးခန့်မင်း က “ ကွန်ဂရက်ကျူလေးရှင်း ကေသီတာ  ” ဟု ဆိုကာ ဝမ်းသာအားရ လက်ဆွဲ နှုတ်ဆက်သည် ။ အသီးသီး နေရာချ ထား ပေးပြီးချိန် တွင် ရှေ့နေကြီး ဦးဝေမင်းဆန်း လည်း ရောက်လာသည် ။ ကိုးနာရီ ခွဲရန် ရှစ်မိနစ် သာ လိုတော့သည် ။ မိုးယံစိုး တို့ က ရောက် မလာသေး သဖြင့် ကေသီတာ အနည်းငယ် စိုးရိမ် လာကာ မျက်နှာ နည်းနည်း ပျက်ချင် နေသည် ။


တစ်ကြိမ် အမှား ကြုံထားသူ ဖြစ် သဖြင့် နောက် တစ်ကြိမ် အမှား ဆိုတာ ကို တစ်ခြား လူတွေ ထက် ပိုပြီး ထိတ်လန့် နေမိတာ အမှန်ပင် ဖြစ်သည် ။ ကေသီတာ စိတ်ပူ နေတာ ကို အောင် နှင့် မောင် က လည်း သိ ပါသည် ။ ရီလေး ကတော့ ကိတ်မုန့်တိုက် မှ ကိတ်မုန့် ထည့်သူ ၊ ကိတ်မုန့် လှီးသူ တို့ နှင့် သ,တ်နေရသည် ။ စေ့စပ်ပွဲ သည် တီးတိုး စကားသံလေးများ ဖြင့် သာ ငြိမ်သက် နေပြီး တစ်ခုခု လို နေ သလို ထင်ရသည် ။ ကေသီတာ မျက်နှာ ပျက်တာ တော်တော်လေး သိသာ လာတော့ မေမေကြီး က ဆိုသည် ။


“ သမီးကြီး .. မိကေ ၊ မောင်မိုးယံ တို့ အိမ် ကို ဖုန်း ဆက် ကြည့်ပါလားကွယ် ၊ တစ်ခုခုများ လွဲ သလားလို့ ”


ကေသီတာ မထ ရဲ ပါ ၊ ဖုန်း လည်း မဆက်ရဲ ၊ မျက်ရည်တို့ က ဝဲချင် လာ နေသည် ။ ဒေါ်မြကြည် ရောက် လာသည် ။ ဘာမှ မသိသူတွေ ကတော့ အေးအေးဆေးဆေးပင် ၊ သတို့သား ဘက် က ထိုင်ဖို့ ပြင်ဆင် ပေးထားသော ခုံတွေ ကို သာ တစ်ချက် တစ်ချက် ကြည့်နေကြသည် ။ ကေ က မောင့် ကို အားကိုး တကြီး ကြည့်သည် ။ မောင် သည် ခေါင်း ကို တစ်ချက် ညိတ်ပြီး ထိုင် နေရာ မှ ထ ကာ ဖုန်း ရှိရာ သို့ သွားသည် ။ အောင် က တော့ company မှ လူများ နှင့် အလိုက် အထိုက် စကား ပြော နေရ သော်လည်း မျက်နှာ မှာ စိုးရိမ်စိတ် က ထင်း နေသည် ။ မောင် ဖုန်းနံပတ်တွေ ကို နှိပ် နေသော အချိန်မှာ ပင် ခြံ ထဲ သို့ ကား သုံးစီး ဝင်လာသည် ။


“ လာပြီ .. လာပြီ .. မိုးယံ တို့ လာကြပြီ ”


ကေ သည် မျက်ရည် တစ်စက် က ပေါက်ကနဲ ကျသွား သဖြင့် မိုးယံ တို့ ကို ပရိတ်သတ် က ကြည့် နေကြသည့် အချိန်တွင်း မှာ အခန်း ထဲ ကမန်းကတန်း ဝင် ၊ မျက်ရည် ကို သုတ် တို့ပတ် နှင့် အုပ် ရသည် ။ ဖိုလှိုက် နေသော ရင် ကို အသာ ဖိ ရသည် ။ လည်မြို မှာ တစ် နေသော ဘာမှန်း မသိသည့် အရာ ကို မြိုချ ရသည် ။ ပြီးတော့ ချက်ချင်း အိမ်ရှေ့ ကို ပြေးထွက် တော့ ဦးခန့်မင်း က မိုးယံစိုး ကို လက်ဆွဲ နှုတ်ဆက် နေတာ တွေ့ သည် ။ ပြီးတော့ ဒေါ်စိုးစိုးမူ ၊ ဆရာမင်းဇော် ၊ ဆရာကျော်သီဟ ..


မိုးယံက ကေ့ ကို လှမ်း ပြုံးပြပြီး နှစ်ယောက် ထိုင် ကျွန်းသား ကနုတ် ထိုင်ခုံ မှာ ထိုင်သည် ။ မေမေကြီး က  လှမ်းကြည့် သဖြင့် ကေ လည်း မေမေကြီး ကို လက်အုပ်ချီ မိုးယံ နံဘေး မှာ အသာလေး ခွာ ၍ ဝင် ထိုင်သည် ။ ရုတ်တရက် မည်သူ က စ တီး လိုက်သည် မသိသော လက်ခုပ်သံ က ထွက်လာရာ နောက်ထပ် လက်ခုပ်သံများ မစဲ အောင် ဖြစ်သွားသည် ။ ရိုးရိုးကလေး နှင့် မင်္ဂလာ ရှိသော ပွဲလေး ဟု မေမေကြီး က ထင်သည် ။


အောင် နှင့် မောင် က ပျော် နေကြသည် ။ ရီလေး က သူ့ တာဝန် ဖြစ်သော ရေခဲမုန့် နှင့် ဆိတ်သားပတ် နှစ်ခု ၊ အီကလဲယား တစ်ခု ၊ သစ်သီးကိတ် တစ်ချပ် ပါသော ရေခဲမုန့်ပန်းကန်များ ကို ဆိုင်မှ ဝန်ထမ်းများနှင့် အတူတူ စီမံ ချ ပေး နေသည် ။ မေမေကြီး ကို အရင် ပြီးတော့ ကေ နှင့် မိုးယံစိုး .. စသည်ဖြင့် အစဉ်လိုက် တည်ခင်း ဧည့်ခံ ပေးသည် ။


ရီလေး လာ ပေးသော ရေခဲမုန့်ခွက် ကို ယူရင်း ဒေါ်ဇက်မာဝင်း မျက်နှာ တစ်ချက် ပျက်သွားသည် ။ ပြီးတော့ ရီလေး ၏ ရေခဲမုန့် ကို ယူနေသော ဆွေဆွေ့ ကို တစ်ချက် ကြည့်သည် ။ ဆွေဆွေ က တော့ ပုံမှန် ရယ်မော နေသည် ။ အောင် နှင့် မောင် တို့ ဝတ် ထားသော စိန်တွေ ကို စိတ်ကူး ဖြင့် ဈေးဖြတ် နေ မိသည် ။ ကေသီတာ က တော့ ပစ္စည်း အနည်းငယ် သာ ဝတ် ထားသည် ။ သူ့ ချစ်သူ ကို အားမငယ် စေချင် သည့် ဆန္ဒ ရှိဟန် တူသည် ။


ထိုစဉ် မိုးယံ တို့ နှင့် ပါ လာသော ဧည့်သည် ထဲ မှ မိန်းမကြီး တစ်ယောက် က ရှေ့သို့ မုန့်ပန်းကန် ကို ကိုင် ရင်း တက် လာပြီး ဒေါ်ဇင်မာဝင်း ကို တိုးတိုးကပ် ၍ ပြောသည် ။ ဒေါ်ဇင်မာဝင်း မျက်နှာ ပျက်စ ပြုလာပြီ ဖြစ်သည် ။


“ ကျွန်တော် က လာ လာ ကြိုတော့ မေးပါတယ် ၊ ကိုမိုးယံစိုး ဘယ်တော့လဲ ဆိုတော့ လိုပါသေးတယ် တဲ့ ၊ တစ်ခါ ဒေါ်ကေသီတာ ကို မေးတော့ လည်း ဆရာ ရယ် ဝေးပါသေးတယ်တဲ့ .. ဟော .. အခု ကြိတ်ကြံထားတာ ပေါ်ပြီ .. ”


ဆရာ ဦးခန့်မင်း စကား ကို company မှ လူ တော်တော်များများ နှင့် ဧည့်ပရိတ်သတ်တွေ က ရယ်ကြသည် ။ ကေသီတာ က တော့ ခေါင်းလေး ငုံ့ ၊ ရှက်ပြုံးကလေး ပြုံး နေသည် ။ ထိုအချိန်တွင် ဒေါ်ဇင်မာဝင်း ၊ ဒေါ်ဆွေဆွေဦး နှင့် သူတို့ ဘက် က ပရိတ်သတ် တီးတိုး တီးတိုး ဖြစ်နေကြတာ မည်သူမျှ သတိ မထားမိ ။ မိုးယံစိုး တို့ ဘက် က မိန်းကလေး တစ်ယောက် စားပြီး သွားသော မုန့်ပန်းကန် ကို ကိုယ်တိုင် သွား သိမ်းရင်း နောက်ဖေး ဘက် မှာ ပန်းကန်တွေ နှင့် အလုပ်ရှုပ် နေသော ရီလေး ကို မေးသည် ။


“ မမ .. မမ စိန်နားကပ် က အစစ် လား ဟင် ”


“ ဟုတ်ပါတယ် .. ဘာဖြစ်လို့လဲ  ”


“ လှလို့ပါ ၊ ကိုယ်ပိုင်လား ဟင် ၊ ဘယ်လို မှ မထင်နဲ့ နော် ၊ ကိုယ်ပိုင် ဆိုရင် ဘယ် က ဝယ်တာလဲ သိချင်လို့ပါ ”


“ တစ်လောကပဲ လာ ရောင်းလို့ မေမေကြီး ဝယ် ပေးတာ ”


“ သြော် .. ဆိုင် က မဟုတ်ဘူးပေါ့ ”


“ မဟုတ်ဘူး ရှင့် ”


“ သြော် .. သြော် ”


မိန်းကလေး သဘာဝ ကိုယ် ဝတ်ထားသော လက်ဝတ်ပစ္စည်း ကို အထင်တကြီး နှင့် လာမေးသည့် အတွက် ရီလေး ဝမ်းသာ နေ ရှာသည် ။ ရှေ့မှာ သယ်ရမှာတွေ ရှိ သဖြင့် ပြန် ထွက်ခဲ့သည် ။


“ ပိုပို့ ကို မေးနေစရာ မလိုဘူး ၊ ကြာဇံချက် စား တုန်း ကလည်း အဲဒီ ကောင်မလေး ကို တစ်အိမ်လုံး က ခိုင်း နေကြတာပဲ ၊ ငါ တောင် ခိုင်းခဲ့သေးတယ် ၊ မဟုတ်ပါဘူး ၊ ပေး ဝတ်မယ် ဆိုရင် လည်း ဝတ်ပါ ၊ ဒီနေ့ ကို တော့ ရှောင်သင့်တာပေါ့ ၊ ဒါ သက်သက် တို့ ကို ပညာ ပေးတာပဲ ”


ထိုအချိန် မှာ ပိုပို ရောက် လာသည် ။


“ ပိုပို .. မုန့် လိုက် ချနေတဲ့ ကောင်မလေး က ကေသီတာ နဲ့ ဘာ တော်သလဲ  ”


“ ဘာမှ မတော်ဘူး မဇင် ၊ စိန်နားကပ် ကိစ္စလား ”


“ မကေ က လည်း ကွာ ဘာတွေ လျှောက် လုပ်တာလဲ မသိဘူး ၊ သူ ဝတ်ရင် တော်သေးတယ် ၊ အိမ်ဖော် ကို များ ပေး ဝတ်ရတယ်လို့  ”


“ နင် တို့ ပစ္စည်း လောက်တော့ ငါတို့ က အိမ်ဖော် ဆင် တာ လောက်ပဲ ရှိတယ် ဆိုတဲ့ သဘောပဲ ၊ ဒါ တင်စီး တာ ပေါ့ ”


ထိုစဉ် ခုန ရီလေး ကို မေး နေသော ကောင်မလေး ပြန် ရောက် လာပြီး ပြောသည့် စကား ကို ခေါင်းချင်း ဆိုင် ၊ နားထောင် ကြသည် ။ ပြီးတော့ ထို ခေါင်းချင်းဆိုင် နေသော အုပ်စု သည် များသည် ထက် များ လာ နေသည် ။ ထိုသို့ ဖြစ်နေသည် ကို မေမေကြီး နှင့် အောင် ၊ မောင် တို့ က သတိ ထား မိကြသည် ။ ကေသီတာ နှင့် မိုးယံ တို့ က တော့ ဘေးချင်း ယှဉ်ပြီး ဘာတွေ ပြောနေကြမှန်း မသိ ၊ မိုးယံ က ကေသီတာ့ လက်ကလေး ကို ဆုပ်ကိုင် ၍ ထားသည် ။ ဆိုင် နေသော ဦးခေါင်းများ ကွဲ ပြီး ရှဲသွား ကြသည် ။ ဒေါ်ဇင်မာဝင်း နှင့် ဒေါ်ဆွေဆွေဦး တို့ ၏ မျက်နှာ ပေါ် မှာ ဒေါသတွေ ကို တွေ့ရသည် ။


“ ဟုတ်ကဲ့ .. ပရိသတ်ကြီး ခင်ဗျာ .. အခုလို မင်္ဂလာ ရှိတဲ့ မင်္ဂလာ အချိန်လေး မှာ မင်္ဂလာစကားလေး တွေ ပြောကြရအောင်ပါ ”


ရှေ့နေကြီး ဦးဝေမင်းဆန်း က သူ့ တိုက်ပုံ အင်္ကျီ ကို သပ်ရပ်အောင် ပြင်ရင်း ချောင်း ကို ဟန့် ၊ စကား ဆို လိုက်သဖြင့် စကား ပြော နေသူတွေ ၊ ရယ်နေသူ တွေ ၊ လွတ်လွတ်လပ်လပ် နေ နေကြသူတွေ အားလုံး တိတ်ဆိတ် သွားပြီး ရှေ့နေကြီး ကို လှမ်း ကြည့် လိုက်ကြသည် ။ ဒီတော့မှ ရီလေး လည်း ပွဲ အမှီ အပြေးအလွှား ဝင် ထိုင်ရ ရှာသည် ။


ထိုအချိန် မှာ ပင် ..


“ ရှေ့နေကြီး ရဲ့ မင်္ဂလာ စကား မတိုင်ခင် ကျွန်မ ကို ခဏ လောက် စကား ပြောခွင့် ပြုပါလား ရှင် ”


ထ ရပ်ပြီး ပြော လိုက်သော ဒေါ်ဇင်မာဝင်း ၏ စကား ကြောင့် အားလုံး အံ့သြ သွား ကြသည် ။ တစ်ချို့ က မိုးယံစိုး အကြောင်း ဂုဏ်တင်စရာ စကားများ ပြောလိမ့်မည် ထင်ကြသည် ။ ရှေ့နေကြီး က လည်း သတို့သား ဘက် က စကားပြောခွင့် တောင်းခြင်း ကို မငြင်းပါ ။


“ သြော် .. ဟုတ်ကဲ့ .. ပြောနိုင်ပါတယ် ခင်ဗျာ .. ပြောပါ ”


မိုးယံ နှင့် ကေသီတာ တို့ တစ်ယောက် နှင့် တစ်ယောက် ကြည့် ၍ ပြုံးလိုက်ကြသည် ။


“ ကျွန် မပြောချင်တာကတော့ မကေသီတာ ရဲ့ မိခင် ဒေါ်ထက်မေအောင် ကို ပါ ”


မေမေကြီး က ပြုံး ၍ ခေါင်း ကို ညိတ်ကာ ပြောခွင့် ပြုသည် ။


“ ကျွန်မ က ဒေါ်ထက်မေအောင် ကို လွန်ခဲ့တဲ့ တစ်လ လောက် က စိန်နားကပ် တစ်ရံ ကို ငွေသိန်း ၂၀ နဲ့ ရောင်းခဲ့ဖူးပါတယ် ။ ကျွန်မ ဒီလို ပြောရတာ ကို မရှက်ပါဘူး ၊ အသံတိတ် အစော်ကား ခံ နေရတာ ကို တော့ မခံနိုင်ဘူး ၊ ဒေါ်ထက်မေအောင် က ကျွန်မ ရောင်းခဲ့တဲ့ စိန်နားကပ် ကို သူ့ အိမ် က မုန့် လိုက် ချပေးတဲ့ အိမ်ဖော်မလေး ကို ပေး ဝတ်ထားတာ ဟာ ဘာ သဘောလဲ ဆိုတာ သိချင်ပါတယ် ”


ခါး ထောက်ရင်း မေး လိုက် သော ဒေါ်ဇင်မာဝင်း စကား ကြောင့် မိုးယံ ထိုင် နေရာ မှ ဝုန်းကနဲ ထ သည် ။ လူတွေ က ရီလေး ကို ဝိုင်း ကြည့်ကြသည် ။


“ မမကြီး .. ”


“ မဇင် .. ဘာတွေ လျှောက် ပြောနေတာလဲ .. ဘာတွေ ပြောနေတာလဲ ”


“ မင်း မသိရင် နားထောင် နေလိုက် မိုးယံ ၊ ငါတို့ က ပွင့်ပွင့်လင်းလင်း သမားတွေ ၊ ဗြောင် အနှိမ် ခံ နေရတာတော့ မခံနိုင်ဘူး ၊ ဖြေပါ ၊ ဒေါ်ထက်မေအောင် ”


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment