Tuesday, May 30, 2023

ကပ္ပိယ ( ၁၅ )


 ( ၁၅ )


မြချစ် ရဲ့ နှစ်ဝမ်းကွဲ ညီမ အေးသင် ဆွမ်းဗျပ်ကြီး နဲ့ ကျောင်းဝရောက် လာတော့ စံလှဘော် က ဆီး ယူတယ် ။ စံလှဘော် ပြဿနာ ဖြစ်ပြီး ကတည်း က မြချစ် တို့ သားအမိ ကျောင်း ကို မလာကြ တော့ တာ ကို စံလှဘော် ရိပ် မိတယ် ။ ဒါ သူတို့ ကိစ္စပဲလေ လို့ သဘော ထား ပေမယ့် သူ မကျူးလွန် ရတဲ့ ပြစ်မှု သူ့ မှာ ဝန်ပိ နေ တာ ကိုတော့ စံလှဘော် စိတ် မချမ်းသာဘူး ။ သူ က လည်း မြချစ် တို့ အိမ်ဘက် ကို မသွားတော့ပါဘူး ။ တစ်နေ့ က အရီးအေးမေ ကို အိမ် ပေါ် အရောက် ပို့ ခဲ့ပြီး တန်း ပြန် လာခဲ့တယ် ။ ရေ တောင် မသောက်ခဲ့ဘူး ။ မြချစ် နဲ့ မျက်နှာချင်း တောင် မဆိုင် ခဲ့ရပါဘူး ။ မြချစ် ခမျာ လည်း မအေ ဆိုတော့ ပူပင် နေရှာမှာပဲ လို့ တော့ စိတ် ရောက် မိသား ။ ကျောင်း ရောက်တော့ ကောက်ဆွ လှည်း မလာသေးဘူး တဲ့ ။ စံလှဘော် လိုက်ဖို့ ပြင်တုန်း မှာ ပဲ ကောက်ဆွ ထန်းခလက် လှည်းကြီး ကျောင်း ထဲ ဝင် ချ လာ တယ် ။ ကောက်ဆွ က ဘယ် ဆိုးလို့လဲ ။ ကပ္ပိယ လုပ်လို့ ဖြစ်ပြီ ။


စံလှဘော် က အကျိုးအကြောင်း ဆရာတော်ကြီး ကို လျှောက် တယ် ။ ဆရာတော် က နှမ အတွက် စိုးရိမ်ပုံ ရ ပေမယ့် ညကြီး မင်းကြီး ရပ်ထဲ ရွာထဲ မကြွ ချင်လို့ မနက် မှ ပဲ ကြွတယ် ။ ဆရာတော် က စံလှဘော် ကို ဘာမှ မမိန့်တော့ စံလှဘော်လည်း မမေးဝံ့ဘူး ။ အကျိုးအကြောင်း ကြားခဲ့လို့ စံလှဘော် ကို တော့ ချီးမွမ်းတော် မူ ရှာပါရဲ့ ။


“ သူတော်ကောင်း နဲ့ တွေ့ သာ ကံကြီးသာပါပဲ ။ ငဘော် ၊ မင်း သာ မရှိ ရင် မြချစ် ခမျာ မအေ ကို ပစ်ထားခဲ့ ရ အခက် ရွာ ပြန်ပြေး ရ အခက် နဲ့ ဗျာများ ရ ရှာတော့ မယ် ။ သာဓု … သာဓု … သာဓု ။ ငဘော် … မင်း ကုသိုလ်ကြီးသကွယ် ” 


ဆရာတော် က သည်လောက်ပဲ မိန့်ခဲ့တာပါ ။ 


အေးသင် နဲ့ စံလှဘော် ဆွမ်းတွေ လှယ်ကြတော့ အေးသင် က အကျိုး အကြောင်းတွေ ပြောပြတယ် ။ စံလှဘော် က မြချစ် တို့ သူ့ အပေါ် မကောင်းကြောင်း မပြောပါဘူး ။ သူ့ ကံ မကောင်း လို့ အထင်မှား ခံရတယ် ဆိုတာပဲ ပြော တာပါ ။ အေးသင် က စံလှဘော် ကို ခင်မင်ရင်းစွဲ လည်း ရှိပြန် ၊ သည်လို ရက်စက်တဲ့ အလုပ် မျိုး ကို စံလှဘော် မလုပ်ဘူး ဆိုတာ လည်း ယုံ လေတော့ စံလှဘော် ကို သနား ရှာ တယ် ။


“ ဦးဘော် ရယ် ၊ သူတို့ သားအမိ က ဦးဘော် က မြချစ် ကို ကျိတ်ပိုး နေ လို့ မြချစ် ဆီ လာတဲ့ မြို့သား ကို အသေ ရိုက်သာလို့ ယုံ နေကြသယ် ။ ဒေါ်ကြီးက တော့ မနေ့ က ထူထူထောင်ထောင် ရှိ ပါပြီ ။ ဆရာမှည့် ဆေး နဲ့ ကောင်း သွားသာပါ ။ နှလုံး လေ ဆို့သာ တဲ့ ။ ကံကောင်းလို့ ပေါ့ ။ ဦးဘော် တို့ လှည်း သာ ရောက် မလာရင် ရွာပြင် ကွင်း မှာ နေရစ်ခဲ့ရတော့မှာ ”


“ အေးပေါ့ဟာ ၊ ငါ့ ကံပေါ့ ။ ငါ က တော့ ကျောင်း ကပ္ပိယ တင် မကဘူး ရွာ ကပ္ပိယ လို့ ပါ ခံယူထားသာပါ ။ ငါ့ အပေါ် ဘယ်လို ရှိရှိ ငါ ကတော့ ရွာစိတ် ရပ်စိတ် ထားပါသယ် ။ ရွာ ထမင်း စားနေရသာ ကိုး ။ ဆရာတော်ကြီး က ငဘော် လူ ဆို သာ ဆိုးလို့ ရသယ် ၊ မယုတ်ရဘူး တဲ့ မိန့်ဖူးသယ် ။ ငါ ဘယ်သူ့ အပေါ် မှ မယုတ်မာ ဘူး ။ မြချစ် အပေါ် ဆို ဝေးရော့ပေါ့ ဟာ ”


“ တစ်နေ့တော့ အဖြေ ပေါ် လာမှာပါ ဦးဘော် ရယ် ၊ ဒေါ်ကြီး က မြချစ် ကို မြို့သား နဲ့ သဘော တူ နေသာ ၊ အခုက ဆရာတော်ကြီး နဲ့ မောင်နှမ ဆိုတော့ ဦးဘော် ကျောင်း မှာ ရှိနေ သရွေ့ သူတို့ မလာဘူးလို့ လျှောက်ကြသယ် ။ ဆရာတော်ကြီး ဦးဘော် ကို သံယောဇဉ် အင်မတန် ကြီး ရှာတော့ ဦးဘော် ကို ကျောင်း မှာ မထား နိုင်ဘူးလို့ ဘယ် မိန့်မှာ လဲ ၊ နှမ နဲ့ တူမ က တစ်ဖက် ကပ္ပိယ က တစ်ဖက် ဖြစ်နေရှာ ပုံ ပေါ်သယ် ”


“ အော်….ဖြစ်ရလေ ဟာ ၊ ငါ့ ကြောင့် ဆရာတော် မှာ ကျဉ်းကျပ် နေရှာ ရ သတဲ့ လား ။ ငါ မသိပါဘူး အေးသင် ရာ ။ ကျောင်း မှာ ငါ မရှိလည်း ကပ္ပိယ တစ်ယောက် တော့ ရှိလာမှာပဲ ၊ ဆွေမျိုး ဆို သာကတော့ ရေ ကို ဓား နဲ့ ခုတ်သာက ပြတ် ပြတ်မလား ၊ ဖြတ် လို့ မှမရသာ ၊ ဆရာတော်ကြီး ခမျာ ငါ့ ကို ဒါတွေ တစ်ခွန်း မှ မမိန့်ရှာဘူး ”


“ ကျုပ် သိသာ ပြောသာနော် ဦးဘော် ၊ ကိုင်း ကျုပ် သွားတော့မယ် ၊ ဆွမ်း က ကျုပ် ပဲ လာ ပို့ရတော့မှာ ”


“ အေး ... သွားရော့ ငါ့ နှမ ၊ ဆွမ်း ပို့ ရင် ငါ စား မှာ တောင် စိုးရှာကြမယ် ထင်ပါ ရဲ့ ၊ ပြောလိုက်ပါ ... စံလှဘော် က ကျောင်းကပ္ပိယ ပေမယ့် ငတ် လို့ ကပ် စား နေသာ မဟုတ်ဘူးလို့ ”


အေးသင် က ဆွမ်းဗျပ် ကို ရွက်ရင်း ကျောင်း ပေါ် က ဆင်းသွားတယ် ။ စံလှဘော် က ဆွမ်းဟင်းတွေ ဆွမ်းတွေ ကို ကြည့် ရင်း သူ ပြော လိုက်တာ လွန်များ လွန်သွား လေသလား တွေးတယ် ။ လူသား ပီပီ စံလှဘော် မှာ မေတ္တာ ဆိုတာ ရှိ သလို နာကျည်းမှု ဆိုတာ လည်း ရှိ တာပဲ ။ မြချစ် တို့ အိမ် က ပို့တဲ့ ဆွမ်းထမင်း ဆွမ်းဟင်း ကို သည် ကနေ့ က စပြီး သူ မစားတော့ဘူး လို့ ဆုံးဖြတ် လိုက်တယ် ။ ဘုန်းကြီး ကျောင်း ဆို မှတော့ ထန်းလျက် ရှိတယ် ။ ငှက်ပျောသီး ရှိတယ် ။ ပဲကြော်ပဲလှော် ရှိတယ် ။ ကြက်သွန် တစ်ဥ နဲ့ဖြစ်ဖြစ် သူ စားတတ် ပါတယ် ။


အဲသည် ည က စံလှဘော် အိပ် မပျော်ဘူး ။ သူ့ ဘေး မှာ ကောက်ဆွ က အိပ် လိုက်တာ လိမ်ခေါက် လို့ ။ သန်းခေါင်ကြက် တွေ တွန် တော့ လည်း အိပ် မပျော်ဘူး ။ တလူးလူး တလိမ့်လိမ့် နဲ့ မိုး သာ စင်စင်လင်း သွား တော့တယ် ။ မနက် လေးနာရီ မှာ အုန်းမောင်း ထ ခေါက်တယ် ။ သည် အုန်းမောင်းသံ ဟာ မန်ကျည်းစုရွာ ဘုန်းကြီး ကျောင်း မှာ စံလှဘော် ထိုးတဲ့ နောက်ဆုံး အုန်းမောင်းသံများ ဖြစ်နေ မလား ။ စံလှဘော် ကျောင်း က ခွာ ရ တော့မယ် ။ သူ ရှိနေလို့ မကောင်းတော့ဘူး ဆိုတာ သိ ရပြီ ။ စံလှဘော် ကျောင်း မှာ ရှိ ရင် မလာတော့ဘူး ဆိုတဲ့ စကား ကြောင့် ဆရာတော် ဘယ်လောက် စိတ် ထိခိုက် ရှာလေ မလဲ ။ ဆရာတော်ကြီး ခမျာ သူ ဆယ်နှစ်သား ကတည်း က ကျွေးမွေး စောင့်ရှောက် လာ တာ ၊ သွန်သင်ဆုံးမ လာ တာ ၊ မိဘသဖွယ် အရိပ်အာဝါသ ကောင်းပေး လာ တာ သူ အသိ ။ သည်လို တပည့်ရင်း ကို ဆရာ တော် ဘယ်လို နှင်ရက်ပါ့ မလဲ ။


စံလှဘော် က အိပ်ပျော် နေတဲ့ ကောက်ဆွ ကို နှိုး လိုက်တယ် ။ မနက် မိုး တောင် စင်စင် မလင်းသေးဘူး ။ စံလှဘော် နဲ့ ကောက်ဆွ ကျောင်း လှေကား က ဆင်းလာ ကြတော့ ဆရာတော့် မေတ္တာပို့ သံ ကို ကြား နေ ရတယ် ။


◾ခင်ခင်ထူး


📖 ကပ်ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment