Wednesday, May 17, 2023

မွေးစားသမီး ( ၉ )


 ကေသီတာ ၏ ချစ်သူ ဘဝ သည် ပျော်စရာ ကောင်းခဲ့ပါသည် ။ အလိုက်သိသော ၊ ချစ်သူ ကို မည်သို့ ပျော်ရွှင်စေရမည် ဆိုတာ ကို နားလည်သော ၊ အချစ် ကို ရပြီး ဖြစ် သော်လည်း ချစ်သူ ကို ခင်အောင် သံယောဇဉ် ပို တွယ်အောင် လုပ်တတ်သော မိုးယံစိုး ကြောင့် ကေသီတာ သည် မိုးယံစိုး ကို နှလုံးသား ထဲ မှ မြတ်နိုးစွာ ချစ်မိ သဖြင့် ကေသီတာ ၏ ချစ်သူ ဘဝ သည် ပျော်စရာ ကောင်းသည် ဟု ပတ်ဝန်းကျင် အမြင် တွင် ရှိ လေသည် ။


တစ်နေ့တော့ ကေသီတာ ၏ အစီအစဉ် ဖြင့် အိမ် တွင် ရုံးပိတ်ရက် ကြာဇံ ချက် စားရန် မောင်နှမတွေ စီစဉ် ကြသည် ။ ငြိမ်းငြိမ်းပို နှင့် မိုးယံစိုး ကို လည်း ဖိတ်ရန် စဉ်းစားပြီး သဘော တူ ကြသည် ။ မိုးယံစိုး သည် သူ တင် မဟုတ် ၊ သူ့ ညီမလေး နှင့် အစ်မ ကို ပါ ခေါ်လာချင်သည် ဟု ပြောသည့် အခါ ကေသီတာ သည် ထို ပွဲ သည် တစ်ဖက် နှင့် တစ်ဖက် အကဲ စမ်းကြမည့် ပွဲ တစ်ပွဲ ဟု မြင်လာ မိ သော်လည်း ချစ်သူ ဆန္ဒ အတိုင်း သဘောတူ ခဲ့ပြီး အောင် နှင့် မောင် ကို ပြောပြသော အခါ အောင် နှင့် မောင် က လည်း ကေသီတာ က လက်ခံခဲ့တာ တစ်ကြောင်း ၊ မိုးယံစိုး တို့ အသိုင်းဝိုင်း ကို လေ့လာချင်တာ က တစ်ကြောင်း တို့ ကြောင့် သဘောတူ ကြသည့် အခါ ကေသီတာ မှာ သက်ပြင်းချ နေရသည် ။ ထိုနေ့တွင် ချစ်သူ ကို စကား ပြောသည့် အခါ ပျော်စရာ ခပ်ပေါ့ပေါ့ တွေ မပြောဖို့ မှာ ရ သေးသည် ။


မနက်မိုးလင်း ၍ ( ၅ ) နာရီ လောက် တွင် မေမေကြီး မှာ တစ်ချက် အမော ဖောက် လာပြီး ခြေဖျား လက်ဖျားတွေ အေးစက်လာ ၍ ကုနေကျ ဒေါက်တာ ငွေစိုး ကို သွားရောက် ပင့်ပြီး ကုသ မှ အနည်းငယ် သက်သာရာ ရ ပြီး ကေသီတာ နှင့် အောင် မှာ

မေမေကြီး အနား တွင် ရှိနေကြ သဖြင့် အလုပ် မှန်သမျှ မောင် နှင့် ရီရီ တို့ သာ ကြာဇံချက် အတွက် ကြုံး လုပ် ရလေသည် ။


မိုးယံ တို့ မောင်နှမတွေ နှင့် ပိုပို တို့ ရောက်လာသော အခါ ကြာဇံချက် က အိုး ထဲ မရောက်သေး ၊ မေမေကြီး အကြောင်း ပြော ပြတော့ မိုးယံ နှင့် ပိုပို တို့ တက် လိုက် သွားကြသည် ။ ကေသီတာ နှင့် အောင် တို့ မေမေကြီး အနား တွင် ရှိနေပြီး ကေသီတာ က ညင်သာစွာ ယပ်ခပ်ပေး ၍ အောင် က ဖြည်းညင်းစွာ နှိပ်ပေး နေပြီး မေမေကြီး က တော့ မှိန်း နေသည် ။ ပို နှင့် မိုးယံ တို့ ဝင် ထိုင် တော့ မေမေကြီး က မျက်စိ ဖွင့် ၍ ကြည့်သည် ။ ကြာဇံချက်ချက် စားမည် ဆိုတာ ကို မေမေကြီး က သိ ထားသည် ။


“ ဧည့်သည်တွေ လား သမီးကြီး ”


“ ဟုတ်ကဲ့ မေမေကြီး ကေ့ ဧည့်သည်တွေ ပါ  ”


“ ကဲ .. ဒါဆို သွားကြကွယ် ၊ မေမေကြီး သက်သာပါပြီ ၊ ချိန်း ပြု ထားကြပြီး မှတော့ ကတိကဝတ် ပျက်လို့ ဘယ် ကောင်းပါ့မလဲ သွားကြ ”


“ ရတယ် မေမေကြီး အောက် မှာ ကူမယ့် လူတွေ ရှိပါတယ် ၊ ကေ တို့ မေမေကြီး အနားမှာ ပဲ .. ”


“ သမီးကြီး .. မေမေကြီး က ပြောတဲ့ စကား ဆိုရင် လိုက်နာတာပဲ လိုချင်တယ်နော် ”


“ ဟုတ်ကဲ့ပါ မေမေကြီး ”


မေမေကြီး ၏ စိတ်သဘော ကို သိသည်က တစ်ကြောင်း ၊ ဆရာဝန် က စိတ်လှုပ်ရှား စရာ ၊ ဒေါသဖြစ် စရာ တို့ အဖြစ် မခံပါနှင့် ဟု တားသွားသည် က တစ်ကြောင်း တို့ ကြောင့် ကေသီတာ တို့ အောက်ထပ် သို့ အသာ ဆင်းခဲ့ရသည် ။ အောက်တွင် ရီရီ က ကြာဇံချက် ထဲ ထည့် ရမည့် အသီးရွက်များကို ဆေး နေသည် ။ မောင် က ကြက်သား ကိုင် နေသည် ။


“ ရီလေး .. မောင့် ကို ဓား ကမ်းလိုက်စမ်း ၊ အဲဒါတွေ ဆေးပြီးရင် ကြာဇံ ကို ရေနွေး ဖျောထားပေး ၊ ကြာဇံ နူးခါနီးတော့မှ ကြွက်နားရွက်ကလေးတွေ ကို ထည့် ကြားလား  ”


“ ဟုတ်ကဲ့ မမလေး ”


“ ပြီးရင် ရှောက်သီး စိတ်ကလေးတွေ စိတ်ပြီး ပန်းကန် နှစ်ခု ထဲ ခွဲ ထည့် ထားဦးနော် ”


ကေသီတာ နှင့် ပို လည်း လိုအပ်တာတွေ ကို ဝိုင်း လုပ်ကြသည် ။ မိုးယံ အစ်မ ဖြစ်သူဆွေဆွေဦး နှင့် ညီမ ဖြစ်သူ မာလာမင်း တို့ လည်း မျက်စိ ရှေ့တွင် တွေ့သမျှ ကို အဆင်ပြေ သလို လုပ် ကြသည် ။ ဆွေဆွေဦး က စကား များ သလောက် ညီမ ဖြစ်သူ မာလာမင်း က စကား အတော် နည်းသည် ကို တွေ့ ရသည် ။


“ ပို ပြောတော့ မူယာမောင် တို့ က အရင်က ငါးဖမ်းစက်လှေ ရှိတယ်ဆို .. ဟုတ်လား ”


“ ဖေဖေ ရှိတုန်းကပါ ၊ အခုတော့ ရောင်းပစ်လိုက်ပါပြီ ”


“ ငါးဖမ်း လုပ်ငန်း လိုင်စင်ရော ရှိသေးလား ”


“ ကျွန်မတို့ က လုပ်ငန်းရော လှေနှစ်စီး ပါ တစ်ခါတည်း ရောင်းပစ် လိုက်တာပါ  ”


“ ဟယ် .. ဟုတ်လား .. ဘယ်လောက်ရလဲ ဟင် ”


ဆွေဆွေဦး အမေး ကြောင့် မောင် နည်းနည်း မျက်နှာ ပျက် သွားသော်လည်း ဆွေဆွေဦး ကို မကြည့်ပဲ ပုံမှန် လေသံ ရအောင် ထိန်း ပြောသည် ။


“ အဲဒီတုန်းက ဈေးပါပဲ ၊ မောင် က ငယ်တော့ သေသေချာချာ မသိလိုက်ဘူး  ”


“ သြော် .. ဒါဆို အဲဒီတုန်းက လိုင်စင် ဆောင်ထားတဲ့ စာရွက်တွေ ဘာတွေ ၊ နှစ်စဉ်ကြေး ဆောင်တဲ့ စာရွက်တွေ ရှိသေးလား ၊ တစ်ရွက် နှစ်ရွက် ပေါ့ ”


“ စာရွက်စာတမ်းတွေ က မေမေကြီး သိမ်း ထားတာပဲ ၊ မောင်တို့ ဘာမှ မသိဘူး ”


“ အဲဒါဆို မောင် တို့ မေမေကြီး ကို မေးလိုက် ၊ လိုင်စင် ဆောင်ထားတာ ၊ ဒါမှမဟုတ် နှစ်စဉ်ကြေး ဆောင်ထားတဲ့ ပြေစာ ရှိရင် ကမ်းရိုးတန်း ဖုန်း လျှောက် လို့ ရတယ် ”


“ ဟာ .. အစ်မ က လည်း ဘာတွေ လျှောက် ပြောနေတာ လဲ ”


မိုးယံ က အားနာ သလို ဝင် ပြောသည် ။


“ အံမယ် ဘာဖြစ်လဲ ဟဲ့ ၊ ဒါ ကိုယ့် အချင်းချင်း မို့လို့ ပြောတာ ဂွင်ပဲလေ ၊ ကိုယ် ငွေ ရှိရင် ဈေးရင်း နဲ့ ကိုင်ရမယ် ၊ မကိုင်ချင်လို့ ရောင်းမယ် ဆိုလည်း နှစ်ပုံးလောက် အလကား သုံးရမယ့် ကိစ္စ ကို .. ”


“ မကေ တို့ က အဲဒါတွေ နားမလည်ပါဘူး ၊ လိုက်လည်း မလုပ်တတ်ပါဘူး မဆွေ ရယ် ”


“ အမယ်လေး .. ဒီက ကောင်မကို အဲဒီ လိုင်စင်ကြေး ဖြတ်ပိုင်းဟောင်း နဲ့ နှစ်စဉ်ကြေး ဆောင် ထားတဲ့ စာရွက်တွေ သာ ပေးစမ်းပါ ၊ နှစ်ပုံးလောက် သုံးရ နည်းလား အောင် ရဲ့ ၊ မဟုတ်ဘူးလား ”


ဆွေဆွေ့ စကား နောက် ကို လိုက် လာသော စကား မရှိ ၍ မာလာမင်း က နံနံပင် သင် နေရင်းက ဆွေဆွေ့ ကို တံတောင် နှင့် တွတ်သည် ။


“ ရီလေး ရှောက်သီး စိတ် ပြီးရင် မေမေကြီးနား ခဏ သွားနေ ၊ နှိပ် မပေးနဲ့ နော် ၊ အိပ် နေရင် နိုးသွား ဦးမယ် ၊ အသာလေး ယပ်ခပ်ပြီး ထိုင် နေလိုက်နော် .. ဟုတ်ပြီလား ”


“ ဟုတ်ကဲ့ မမကြီး ”


“ မိုးယံ ခုံ ကို အိမ်ရှေ့ မှာ မခင်းပဲ ခြံ ထဲ မှာ ပဲ ခင်းမယ် နော် ၊ မေမေကြီး ကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့ ၊ နေဦး ခြံ ထဲ မှာ ခင်းဖို့ ဖယောင်းပုဆိုး ကေ ထုတ်ပေးမယ် ”


“ ရတယ် ကေ .. ပန်းခြံလေး ထဲ မှာ ပဲ ခင်း လိုက်မယ်နော် ”


ထိုနေ့က ကြာဇံ ချက် စားကြခြင်းသည် ထင်သလောက် တော့ ပျော်စရာ မကောင်းချေ ။ မေမေကြီး နေမကောင်းတာ က တစ်ကြောင်း ၊ ဘယ်ဒိတ်ဒိတ်ကြဲ နာမည်ကြီး company က သား နှင့် ဘယ် အရာရှိ သမီး မင်္ဂလာဆောင် အကြောင်း ၊ ပွဲစားသမီးကလေး မွေးနေ့ မှာ ဒင်နာပါတီ ဘယ်လို ပေးကြောင်း ၊ စိန်လက်စွပ် အကွင်း နှစ်ဆယ် ကျော် မွေးနေ့ လက်ဆောင် ရကြောင်းတွေ လျှောက် ပြော နေသော ဆွေဆွေ့ ကြောင့် မိုးယံ မျက်နှာ ပျက် နေပြီး ကေသီ လည်း မပျော်နိုင်ခဲ့ ။ အောင် က မောင့် ကို စကား မကျွံစေရန်မျက်ရိပ် ဖြင့် သတိ ပေးရင်း ပွဲ ကို ထိန်းကာ ဆွေဆွေ့ စကား ကို အလိုက်အထိုက် လိုက် နေရသည် ။ထိုစဥ် မေမေကြီး က ရီရီ့ ကို တွဲ ပြီး ပန်းခြံ ထဲ ရောက်လာကြ သဖြင့် အားလုံး ပြာ သွားကြသည် ။


“ အေးအေးဆေးဆေး စားကြပါကွယ် ၊ ဒီလို စုချိန်းပြီး စားတဲ့နေ့ ကျ မှမေမေကြီး ကြောင့် မပျော်ရတာ ကို ခွင့်လွှတ်ပါကွယ် ”


“ ဟာ .. ကျွန်တော်တို့ ဘယ်လိုမှ သဘော မထားပါဘူး ၊ မေမေကြီး ”


“ ကိုယ့် ခန္ဓာ ဆိုပေမယ့် ကိုယ် မှ မပိုင်တာပဲ ၊ ကိုယ် သာ ပိုင်ရင် နောက်နေ့ မှ ဖြစ်လို့ အမိန့် ပေး မိမှာပေါ့ ၊ ကဲ .. ရီလေး စားချင် စားတော့ ၊ သမီးကြီး ”


“ ရှင် .. မေမေကြီး ”


“ မေမေကြီး ကို တွဲစမ်းကွယ် ၊ ပန်းခြံ ထဲ မေမေကြီး လမ်းလျှောက်ချင်လို့  ”


“ ရီလေး ပဲ တွဲပေးပါ့မယ် ၊ မမကြီး နေ ပါ ”


“ ရီလေး .. ”


“ ရှင် .. မေမေကြီး ”


“ မေမေကြီး က တစ်ခွန်း ဆို တစ်ခွန်း ပဲ ကြိုက်တယ်ကွယ် ”


“ ဟုတ်ကဲ့ မေမေကြီး ”


ရီလေး က ခေါင်းလေး ငုံ့ အရိုသေ ပေး ၊ နောက်ဆုတ် သွား ပြီး ကေသီတာ က မိုးယံ ကို တစ်ချက် ကြည့်ကာ မေမေကြီး ၏ လက်မောင်း ကို ကိုင် လိုက်သည် ။ ထို့ကြောင့် ထို့နေ့ က ကြာဇံဟင်းခါးပွဲ သည် ပျော်သင့် သလောက် မပျော်ခဲ့ရ ဟု ပြောရခြင်း ဖြစ်သည် ။


နောက်တစ်နေ့ အလုပ် တွင် တွေ့သော အခါ ကေသီတာ က မေမေကြီး နေ မကောင်းခြင်း ကြောင့် သူတို့ ပျော်သင့် သလောက် မပျော်ခဲ့ရခြင်း အား မိုးယံ ကို အားနာ နေ မိသလို မိုးယံ က လည်း ကြွားလွန်းသော သူ့ အစ်မ ဆွေဆွေဦး ကြောင့် ကေသီတာ တို့ အား မျက်နှာ ပူ မိ ကြောင်း ပြောမိကြသည် ။


“ ဆွေဆွေ က ဒီ အတိုင်းပဲ ကေ ရယ် ၊ စကား ပြောရင် သိပ် မထိန်းဘူး ၊ မာလာမင်း က ကေ့ ကို အားတွေ နာလို့ ”


“ ညီမလေး က သိပ် အေးတာပဲနော် ”


“ ဟုတ်တယ် မင်း က မိုးယံတို့ မိသားစု ထဲ မှာ သနားစရာ အကောင်းဆုံးပဲ ၊ သူ လူ ဖြစ်တဲ့ အချိန် မှာ မိုးယံ တို့ စီးပွားရေး က တော်တော် ကို ကျနေပြီ ၊ သူ့ မှာ ဒီ အရွယ် ထိ ဆွဲကြိုး ငါးမူးသားကလေး နဲ့ ပဲ ကျေနပ်ခဲ့ရတာ  ”


“ သြော် .. ”


“ ထားပါတော့ ကေ ရယ် .. ကေ နဲ့ တွေ့တုန်း စိတ်မကောင်းစရာတွေ မတွေးချင်ဘူး ၊ မိုးယံ ဒီနေ့ ကေ့ ဆီ က တောင်းစရာ နှစ်ခု ရှိတယ် ”


“ တောင်းစရာ .. နှစ်ခု .. ”


“ ဟုတ်တယ် .. ကေ က ပေးမှာပါ ၊ ပထမ တစ်ခု က ဒီနေ့ ကေ နဲ့ အတူ ရွှေတိဂုံဘုရား ကို သွားချင်တယ် ”


“ ရွှေတိဂုံဘုရား .. သွားလေ ၊ နောက် တစ်ခု က ရော ... ”


“ နောက်တစ်ခု က ဘုရား ပေါ် မှာ ကေ့ လက်ကလေး ကို ကိုင်ပြီး ဘုရား ကို လကျ်ာရစ် ပူဇော် ချင်တယ် ”


ကေ သည် ခေါင်းလေး ကို ငုံ့ ၍ ပြုံး နေလေသည် ။ ကြာသပတေးနေ့ တစ်နေ့ တွင် ကေသီတာ တို့ အိမ် သို့ ပို ရောက်လာသည် ။


ပို သည် ကေသီတာ အိမ် တွင် မရှိကြောင်း သိလျက် နှင့် ပင် တမင် လာခြင်း ဖြစ်ပြီး သူ လာ ရသော ကိစ္စသည် လည်း ကေသီတာ မရှိမှ ကောင်းမည့် ကိစ္စ ဖြစ်သည့် အတွက် ဖြစ်သည် ။


“ ပို တမင် မကေ မရှိတဲ့ အချိန် လာခဲ့တာ သူငယ်ချင်း ၊ သူငယ်ချင်း ကို အကူညီလေး တစ်ခု တောင်း ချင်လို့ ”


မူယာမောင် သည် ပိုပို့ ကို မျက်မှောင်ကုပ် ကြည့်ရင်း “ အကူအညီ ” ဟူ သံယောင် လိုက် ပြော မိသည် ။


“ တစ်ခြား မဟုတ်ပါဘူး သူငယ်ချင်း ၊ ပစ္စည်းလေး တစ်ခု ပြချင်လို့ပါ ၊ ပစ္စည်းပိုင်ရှင် က လည်း စိတ် ချရတဲ့ လူမို့ပါ ”


“ ဘာ ပစ္စည်းလဲ မိပို ”


“ စိန်နားကပ် တစ်ရံ မောင် .. ဒီမှာ .. ”


“ မိပို ဒီလို ပစ္စည်းတွေ တို့ မဝယ်တတ်ဘူး ၊ လိုချင်ရင် တို့က မေမေကြီး ကို ပဲ ပြောရတာ ၊ ပြီးတော့ မေမေကြီး က စိတ်ချရတဲ့ သူ့ မိတ်ဆွေ စိန်ပွဲစားတွေ နဲ့ ပဲ ဝယ်တယ် ”


“ အခုလည်း ဒီ ပစ္စည်း က စိတ်ချရပါတယ် မောင်ရယ် ၊ မောင် သံသယ ရှိတယ် ဆိုရင် ကြိုက်တဲ့ လူ နဲ့ စစ်ကြည့်ပါ ၊ အကူညီ တောင်းတဲ့ သဘော လည်း ပါပါတယ် မောင် ၊ ဖြစ်ပုံက ဒီ နားကပ်ပိုင်ရှင် က “ ယုံကြည် အပ်နှံ ” စာချူပ် နဲ့ လက်မှတ် ထိုးပြီး ငွေ ကိုးသိန်းတိတိ ယူပြီး ကိစ္စ တစ်ခု လုပ်တာ ကိစ္စ က အဆင်မပြေဘူး ကွာ ၊ အဲတော့ ဟို ဘက်မှာ ငွေ ၁၉ သိန်း လောက် က စူးနေရော .. ဒီဘက်က သူ လုပ်တဲ့ ကိစ္စ က လည်း နောက်ထပ် ၁၀ လ လောက် စောင့်ရဦးမှာ ၊ ဆုံးတော့ မဆုံးဘူးပေါ့ လေ ၊ အခု ယုံကြည်အပ်နှံ စာချူပ် နဲ့ လူ က ဒီ သတင်း ကြား လို့ ငွေ ပြန် တောင်းတော့ မပေးနိုင်ရင် အဖမ်း ခံရတော့မလို ဖြစ်နေတာ ၊ တစ်ခြား လူ မဟုတ်ပါဘူး ၊ မိုးယံ တို့ မမကြီး ဒေါ်ဇင်မာဝင်း ပဲ ၊ သူ က တော့ ၂၀ လောက် နဲ့ ပေးချင်တာ တဲ့ ”


ပိုပို စကား ဆုံးသောအခါ မူယာမောင် မှာ တော်တော် စဉ်းစားရ ကြပ်သွားသည် ။ သည်လောက် ငွေကြေး ပမာဏ က သူတို့ မိသားစု အတွက် လွယ်ကူ ပါသည် ။ သို့သော် ယခုလို ရောင်းသော ပစ္စည်းမျိုး ကို သူတို့ တစ်ကြိမ် မှ မဝယ်ခဲ့ဖူးချေ ။ သူတို့ ဝတ်ထားသော လက်ဝတ် လက်စားများ ကို မေမေကြီး စိတ်ကြိုက် ပွဲစားများ ၊ ခင်မင်ရင်းနှီးပြီးသား ဆိုင်များ က သာ ဝယ်ခဲ့တာ ဖြစ်သည် ။ သာမန် ဆို လျှင် မဖြစ်နိုင် ဟု ငြင်းရုံ ရှိသော်လည်း မမကြီး နှင့် ပတ်သက် နေသော အသိုင်းဝိုင်း မှ ဖြစ်နေ သဖြင့် ရုတ်တရက် စကား မကျွံစေရန် သတိထား လိုက်သည် ။


“ ဒါဆိုရင်တော့ နည်းနည်း ခက်တယ် မိပို ၊ မေမေကြီး ကို တော့ အသိ ပေးရမှာပဲ ၊ မေမေကြီး ရဲ့ အဆုံးအဖြတ် လိုတယ် ၊ မေမေကြီး က သူ ကိုယ်တိုင် ဆင်ပေးတာက လွဲလို့ မောင် တို့ လိုချင်တဲ့ ပစ္စည်း ရှိရင် ပြော မှ ကြိုက်တာ ”


“ ဒေါ်ဇင်မာဝင်း ရဲ့ သဘော က လည်း သူ့ လုပ်ငန်း ငွေ ပေါ် တဲ့ အခါ ဒီ ပစ္စည်း ကို ပြန် လိုချင်တယ် ၊ သူတို့ မင်္ဂလာဦး လက်ဖွဲ့လေး မို့ တော်တော် မြတ်နိုးပုံ ရလို့ ဆုတ်သာ တက်သာ ရှိတဲ့ ပို တို့ ဆီ ကို ရောင်းချင် တာပါ  ”


မောင် တစ်ချက် စဉ်းစားသည် ။ အောင် ရှိ လျှင် လည်း အကောင်းသား ၊ အောင် က လည်း ဒီနေ့ ကျ မှ အပြင် သွား နေသည် ။


“ ဒါဆိုရင် ဒီလို လုပ်ကွာ .. မိပို ၊ မင်း ရှစ်နာရီ လောက် မှာ အိမ် ကို ဖုန်း ဆက် ကိုယ် က အဆင်ပြေတယ် ဆိုရင် ပစ္စည်း ကို ယူပြီး မင်း လာခဲ့ ၊ ပစ္စည်း ကြည့်တတ်တဲ့ သူ လည်း ခေါ်ထား လိုက်မယ် ”


“ အဆင်ပြေအောင် ကူညီပေးပါ သူငယ်ချင်းရယ် .. သူတို့ လည်း အဲဒီ ကိစ္စ နဲ့ ခေါင်းစား နေကြတယ် ၊ မောင် .. ပြီးတော့ ဒီ ပစ္စည်း ပိုင်ရှင် က မိုးယံ အစ်မ ဆိုတာ ကေ့ ကို မပြောပါနဲ့ နော် ”


“ အာ .. အဲဒိလိုတော့ မရဘူး ၊ ပြောရလိမ့်မယ် ၊ မိုးယံ အစ်မ က ဒီလို လုပ်တယ် ဆိုတာ မကေ သိရမယ် ၊ ဒီကိစ္စ ကို မကေ မိုးယံ ကို ပြန် မပြောဖို့ က တော့ စိတ်ချ ”


“ အေးပါကွာ .. မောင့် ကို ခင်တယ် ၊ အား လည်း ကိုးပါတယ် ၊ မကေ ကို လဲ ယုံပါတယ် ၊ ဒေါ် ဇင်မာဝင်း ကို ရော ခေါ်လာခဲ့ရဦး မလား  ”


“ နင် နဲ့ ပဲ ပြီးတယ် မဟုတ်လား ”


“ ပြီးတာပေါ့ ဟ ”


“ ဒါဆိုရင်လည်း ခေါ်မလာပါ နဲ့ တော့ ဟာ .. မကေ နဲ့ ကိစ္စ သူတို့ လည်း သိထားတော့ မျက်နှာ ပူတယ် ဟ  ”


“ အေး .. အေး .. ဒါဆို ရှစ်နာရီ ဖုန်းဆက်မယ်နော် ၊ ပြေလည်ပါစေ ဟာ .. ”


“ အေးပါဟာ .. ”


ငြိမ်းငြိမ်းပို သည် သူ ရမည့် ပွဲခ ကို တွက်ရင်း မောင်တို့ အိမ် မှ ပြန်လာ ခဲ့လေသည် ။ ငြိမ်းငြိမ်းပို က ငွေ ကို သေချာ စေ့ငှစွာ ရေတွက်ပြီး ကျောပိုးအိတ် ထဲ သို့ သေသေချာချာ ထည့်သည် ကို မေမေကြီး က ကြည့်ပြီး နောက် အောင် နဲ့ မောင် ဘက်သို့ လှည့် ၍ ..


“ အောင် နဲ့ မောင် အဖော် လိုက်သွားလိုက် .. ”


“ ဟာ .. ရပါတယ် မေမေကြီး ၊ ပို နဲ့ ပါလာတာ ပို့ ဦးလေး အရင်း ပါ ၊ အိမ် မှာ ပဲ အတူတူ နေတာ ကား က လည်း ပို တို့ အိမ် က ပိုင်တဲ့ TAXI ပါ ။ ဦးလေး က လူပျိုကြီး လေ ၊ ဒီ ကား မောင်းရင်း ပို တို့ အိမ် မှာ နေတာမို့ စိတ်ချပါ ”


“ စိတ်ချပါ အန်တီ ၊ ဒီ ကလေးမ ပို တို့ အိမ် လာလည်လို့ ကြုံတဲ့အ ခါတိုင်း ကျွန်တော် လိုက်ပို့ ပေး နေကြပါ ၊ အန်တီ မမှတ်မိလို့ နေပါလိမ့်မယ်  ”


“ အေးကွယ် .. အသက် ကြီးလာတော့ မျက်စိ က လဲ မွဲပြီ ဆိုတော့ မမှတ်မိတော့ဘူး ”


“ စိတ်ချပါ မေမေကြီး ရဲ့ ၊ ဒါ ပို့ ဦးလေး အရင်း ပါ ”


“ အေး .. အေး .. ငွေ က များတော့ကွယ် ၊ စိတ် ပူရတာပေါ့ ”


“ အဲဒီ အတွက် ကျေးဇူးပါပဲ မေမေကြီး ၊ သွားဦးမယ်နော် အန်တီ .. သွားပြီ ”


ငြိမ်းပို သည် စိန်အကဲ ဖြတ် ပေးသော မေမေကြီး ၏ ငယ်သူငယ်ချင်း ပွဲစား အန်တီ့ ကို ပါ တစ်ခါ တည်း နှုတ်ဆက်သည် ။


“ အေး .. အေး .. ကောင်းပါပြီ သမီးရယ် ”


ငြိမ်းပို တို့ ဆင်း သွား ကြသော အခါ မေမေကြီး က ဒေါ်မြကြည် ကို စာအိတ် တစ်အိတ် ထုတ် ပေးသည် ။


“ ဒါ .. ဘာလုပ်တာလဲ ထက် ”


“ ပညာရှင်ကြေး လေ.. မြ ရဲ့ ”


“ မိထက် ညည်း နဲ့ ကျူပ် နဲ့ က ငယ်သူငယ်ချင်းတွေလေ ၊ သူငယ်ချင်းချင်း ဒီလို လုပ်စရာလား  ”


“ ပေး ကတည်းက ပညာရှင်ကြေး လို့ ပြောပါတယ်ကွာ  ”


“ မြ မလိုချင်ဘူး ၊ အဲဒီတော့ ဒီလိုလုပ် ၊ ထက် တို့ က ဥပုသ်နေ့တိုင်း ဆရာ့တော့် ကျောင်း ကို ဆွမ်းဟင်းချိုင့် ပို့တယ် မဟုတ်လား ၊ အဲဒီငွေ ကို မြ နာမည် နဲ့ ပို့ပေး ”


“ သာဓုတော် .. သာဓု ၊ ဒီလ ဟင်းကိုင် ဘယ်သူတွေလဲဟေ့ ”


“ အောင် နဲ့ ရီလေးပါ မေမေကြီး ”


“ အေး .. ဒါဆို ဒီ အလှူငွေကို သူတို့ ကို ပေး ထားလိုက် ”


စကား ဆုံးသည် နှင့် မေမေကြီး သည် ပစ္စည်း ကို ဗူးကလေး ထဲ က ထုတ်ကြည့်သည် ။


“ မိထက် .. ဒီ ပစ္စည်း က အရည်တော်တော့် ကို လက်တယ် ၊ ပစ္စည်းကောင်းလေးပဲ ၊ သူတို့ တော်တော် ဗိုက်နာ နေလို့ ထုတ်တာ ဖြစ်တာ ဖြစ်လိမ့်မယ် ၊ စောင့် ရောင်း ရင် အနည်းဆုံး ၂၅ လောက် တောင် ရနိုင်တယ် ၊ ဒါ့ကြောင့် မိထက် ကို ယူစေချင်တာ ”


မေမေကြီး က ကေနပ်သော အပြုံးနှင့် ခေါင်း ကို တစ်ချက် ညိတ်သည် ။ ပြီးတော့ မေမေကြီး သည် မျက်ဝန်း က ပြုံး ၍ မျက်ရည် ဝဲလာသည် ။


“ ခင်ရီလွင် .. သမီး ၊ ရီရီ .. ရီလေး .. ”


ရုတ်တရက် မေမေကြီး ခေါ်သံ က ငိုသံ ပါ နေ သဖြင့် အားလုံး ထိတ်လန့် သွားကြသည် ။ ရီလေး လည်း ကြောင် ၊ နေသည် ။


“ လာ .. မေမေကြီး အနား ကို လာဦး ”


ရီလေး မေမေကြီး ကို ငေး ၍ ကြောင်ကြည့်နေသည် ။


“ ရီလေး သွား လိုက်လေ.. မေမေကြီး ခေါ်နေတာ ကို ”


အောင် က ခတ်ဆတ်ဆတ်လေး ပြော လိုက်တော့မှ ရီလေး မေမေကြီး အနား သွား ရပ်သည် ။ မေမေကြီး က ရီလေး လက် ကို ဆွဲ ၍ ထိုင် ခိုင်းသည် ။ ပြီးတော့မှ ..


“ ရီလေး ရဲ့ ကျောက် နားကပ်ကလေး ကို ချွတ် လိုက်စမ်း ၊ သမီး ”


“ ရှင် .. ”


မေမေကြီး က ဘာတစ်ခွန်း မှ ဆက် မပြောတော့ ၊ ကြည့်နေကြသူ အားလုံး က တော့ ဘာဆိုတာ သိလိုက်ကြပြီ ဖြစ်သည် ။ ရီလေး ချွတ် ပေးသော ကျောက်နားကပ်ကလေး ကို မေမေကြီး က ခုံပေါ်သို့ တင်ပြီး သူ့ လက် ထဲ က စိန်နားကပ် ကို ရီလေး အား ပေးသည် ။


“ ရော့ .. ဒါ ဝတ်လိုက်စမ်း သမီး ”


“ မေမေကြီး .. ဒီလောက် တန်ဖိုးကြီးတာကြီး ကို ရီလေး မယူပါရစေ နဲ့ ”


“ ရီလေး .. မေမေကြီး စကား နှစ်ခွန်း မပြောချင်ဘူး ကွယ် ”


ရီလေး ဘာမှ မတတ်နိုင်တော့ပဲ စိန်နားကပ် ကို ပန်ရာ လက်တွေ တုန်နေ သဖြင့်ပန် ၍ မရ ။ ကေသီတာ က ဝင် ပန် ပေးရသည် ။ စိန်နားကပ် ကို ပန်ပြီး သွားသော အခါ မေမေကြီး သည် မျက်ရည်များ ဝဲ လျှက် နှုတ်ခမ်းတွေ က ပြုံးရင်း ရီလေး ကို ကြည့် ကာ ..


“ မေမေကြီး ကို ကိုယ့် မိခင် တစ်ယောက် လို အောင် ၊ မောင် နဲ့ ကေသီတာ တို့ ကို ကိုယ့် အစ်မတွေ လို ပြုစုခဲ့ ၊ ကူညီခဲ့ ၊ ချစ်ခဲ့ ၊ သံယောဇဉ် ထားခဲ့ ၊ အနစ်နာ ခံ ခဲ့တဲ့ နှလုံးသား လှတဲ့ ရီလေး ကို မေမေကြီး က ဂုဏ်ပြုတယ် ၊ ကဲ သမီး တို့ ကျေနပ်ကြရဲ့လား ”


“ ကျေနပ်ပါတယ် မေမေကြီး .. ဟေး .. ရီလေး ကွ .. ”


ကေ အောင် နှင့် မောင် တို့ က လက်ခုပ် တစ်ဖြောင်းဖြောင်း တီးပြီး ကျေနပ်ကြောင်း ကို ပြသ လိုက်ကြသည် ။ ထိုအခါ ရီလေး က မေမေကြီး ကို ဖက် ငိုတော့သည် ။ ဒေါ်မြနွယ် က ခေါင်း ကို ညိတ် ၊ ပီတိ အပြုံး ကို ပြုံးသည် ။ ပြီးတော့ ..


“ ထက် ရေ .. ငါ မင်း ကို ချီးကျူးပါတယ် ၊ အားလည်း ကျပါရဲ့ ၊ ငါ့ အိမ် က သား နဲ့ တော့ တစ်ခြားစီပါလား ကွယ် ”


ဒေါ်ထက်မေအောင် သည် ကြည်လင်ငြိမ်းချမ်းစွာ ပြုံး ၍ သူ့ သမီးများကို ပီတိ လွှမ်းသော မျက်ဝန်းများ နှင့် ကြည့်ပြီး လျှင် “ ဒီလို ဖြစ်လာဖို့ ဆိုတာ ငယ်စဉ် ကတည်းက စီမံကိန်း နဲ့ ပြုစု ပျိုးထောင်ရတာ မြ ရဲ့ ၊ အခုတော့ ငါ သေမယ် ဆိုရင်လည်း စိတ်ချလက်ချ သေလို့ ရပါပြီ ” ဟု ဝမ်းသာအားရ ဆိုလေသည် ။


ဒေါ်မြကြည် ပြန်ပြီး နောက် ဒေါ်ထက်မေအောင် အိပ်ယာ သို့ ဝင်လျှင် ညီအစ်မ တစ်သိုက် ခဏတစ်ဖြုတ် စကား ပြောပြီး နောက် အသီးသီး အိပ်ယာ ဝင်ကြသည် ။ အိပ်ယာ ထဲ သို့ ရောက်သော်လည်း ရီလေး မှာ အိပ်လို့ မရ ။ ငုပ်တုက် ထိုင်ပြီး ကျောက်နားကပ် ကို ပြန် ချွတ် ၊ စိန်နားကပ် ကို ပန်ကာ ကြည့် နေကျ မှန်ဝိုင်းလေး နှင့် ကြည့်သည် ။ တစ်ခါ စိန်နားကပ် ကို ဖြုတ် ၊ ကျောက်နားကပ်ကလေး ကို ပြန်ဝတ် ပြန်သည် ။ ပြီးတော့ စိန်နားကပ် ကို သေသေချာချာ ဗူး ထဲ ထည့် ကာ ခေါင်းအုံး အောက် ထဲ ထိုး ထည့် အိပ်ယာ ပေါ် လှဲသည် ။ ခဏ ကြာလျှင် ခေါင်းအုံး အောက် က ဗူးလေး ကို ပြန် ထုတ် ၊ ကျောက်နားကပ် ကို ပြန် ချွတ် ၊ စိန်နားကပ် ကို ပြန် ပန် ၊ မှန် ထဲ မှာ ကြည့် ၊ ခေါင်းကလေး မော့ ကြည့် ၊ ခါ ကြည့်  ၊ ငုံ့ ကြည့် ၊ ကျောက်နားကပ် ပြန် ပန် ၊ စိန်နားကပ် လက် ထဲ ထည့် ၊ ဗူး ထဲ ပြန်ထည့် ၊ ခေါင်းအုံး အောက် ပြန် ထည့် ၊ အိပ်ယာပေါ်  ပြန် လှဲ .. ၊


နောက် တစ်ကြိမ် ခေါင်း အုံး အောက် မှ ...


ချောင်း ကြည့် နေကြသော ကေသီတာ ၊ မောင် နှင့် အောင် တို့ ဗိုက် ကို နှိပ် ၍ တစ်ခွီးခွီး နှင့် ရယ်ကြသည် ။ နောက်ဆုံးတော့ ရီလေး နှင့် အခန်းချင်း ကပ်လျက် ရှိသော မောင် က မနေနိုင်တော့ .. ကေသီတာ့ ဆီ ရောက် လာပြီး တိုးတိုးတိတ်တိတ် တိုင်ပင်သည် ။


“ ဒေါက် .. ဒေါက် .. ဒေါက် .. ”


တံခါးခေါက် သံကြောင့် ရီလေး လန့် သွားသည် ။ နား တွင် ပန်ထားသော စိန်နားကပ် ကို အရင် ကမန်းကတန်း ချွတ်သည် ။ မေမေကြီး က ပွဲလမ်းသဘင် ၊ သွားစရာ လာစရာ ရှိမှ ဝတ်ရမည် ဟု အားလုံး ရှေ့ မှာ ပြောထားသည် မဟုတ်ပါလား ။ အလျင်စလို ချွတ် ရ သဖြင့် စိန်နားကပ် က ရုတ်တရက် ချွတ် မရ ။


“ ဒေါက် .. ဒေါက် .. ဒေါက် .. ”


တံခါး ခေါက်သံက ပို ပြင်းထန်လာလေလေ ၊ ရီလေး မှာ ချွတ် ၍ မရလေလေ ဖြစ်ပီး အခန်း ထဲ မှ ချောင်းကြည့် နေသော ကေသီတာ နှင့် အောင် တို့ မှာ ဗိုက် ကို နှိပ် ၍ ပါးစပ်များ ပိတ်ကာ ရယ်ကြရလေသည် ။


“ ဒေါက် .. ဒေါက် .. ”


“ လာပြီ .. လာပါပြီ.. ”


ရီလေး က ချွတ် ၍ ရ သွားသော စိန်နားကပ် ကို ရော ဗူး နှင့် ကျောက်နားကပ် ကို ပါ ခေါင်းအုံး အောက် ထဲ ထိုး ထည့်ပြီး တံခါး ကို အပြေး ဖွင့် တော့ ရယ်ချင်စိတ် ကို မြိုသိပ်ရင်း ခပ်တည်တည် ရုပ် အတင်း ဖမ်းထားသော မောင့် ကို တွေ့ရသည် ။


“ မောင် .. ဘာလိုချင်လို့လဲဟင် ”


“ ဘာမှ မလိုချင်ဘူး ၊ ရီလေး ကို ဆေး လာပေးတာ ”


“ ဆေး .. ”


“ ဟုတ်တယ် .. ရီလေး ည အိပ်မပျော်မှာ စိုးလို့ ရော့ .. အိပ်ဆေး ... ”


ယောင်ယမ်းပြီး ရီလေး လှမ်း ယူ လိုက်တော့ မောင် က လျှာပွတ်ဆေးတွေ ထည့်ပေး လိုက်သည် ။ ရီလေး ကြောင် နေတုန်း တစ်ဖက် အခန်း မှ ရယ်သံတွေ ထွက် လာသည် ။ ရီလေး သဘောပေါက် သွား ပြီး မောင့် ကို လိုက် ရိုက်သည် ။ မောင် က ကေသီတာ့ အခန်း ထဲ ဝင် ပြေးသည် ။ အခန်း ထဲ မှာ ဗိုက် ကို နှိပ် ၍ ရယ် နေသော ကေသီတာ နှင့် အောင့် ကို တွေ့တော့ ရီလေး သည် ရယ်နေသူတွေ အားလုံး ကို လိုက် ရိုက် သဖြင့် ညီအစ်မ လေးယောက် ဆူညံ အော်ဟစ် ရင်း ပြေးလွှား ကြသည် ။


ထို အသံများ ကို အိပ်ခန်း ထဲ မှ ကြား နေ ရသော မေမေကြီး သည် တစ်ယောက် တည်း ကျေနပ်စွာ ပြုံး နေ လေသည် ။


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment