Tuesday, May 30, 2023

ကပ္ပိယ ( ၁၆ )


 ( ၁၆ ) 


“ တုံ ... တုံ ... တုံ ... တုံ ”


စံလှဘော် က တုန်းမောင်း ခေါက်ရင်း မန်ကျည်းစု မှာ မနက်တိုင်း ခေါက် ခဲ့တဲ့ တုံးမောင်း ကို သတိရ နေခဲ့တယ် ။ အခု တုန်းမောင်း က ရွှေလှေရွာကျောင်း က တုန်းမောင်း ပါ ။ မန်ကျည်းပင် မှာ ကြိုး နဲ့ ဆိုင်းဆွဲ ထားတဲ့ သစ်သား အခေါင်းထွင်း တုန်းမောင်း ကို အချက်ကျကျ ခေါက်ရင်း မနက် အရုဏ် ကို နှိုး ရ ပြန်ပြီ ။ အုန်းမောင်း သံ ဟာ လူသူတော်ကောင်းတွေ ကို ဘုရား ဝတ်ပြုဖို့ ၊ ပရိတ်ရွတ်ဖို့ ၊ အမျှဝေဖို့ ၊ မေတ္တာပို့ဖို့ ၊ ဆွမ်းချက်ဖို့ နှိုးဆော်တဲ့ အသံ မဟုတ်လား ။ ဒါကြောင့် မန်ကျည်းစု မှာ နေ ခဲ့တဲ့ အနှစ် နှစ်ဆယ် လုံးလုံး သည် ဝတ် ကို စံလှဘော် အပျက် မခံဘူး ။ နေထိုင် မကောင်း ရင် တောင် ဝတ် မပျက်အောင် မနက် လေးနာရီ တိုင်း ထ ပြီး ခေါက် နေ ကျ ။


စံလှဘော် နဲ့ ကောက်ဆွ က ရွှေလှေ ကို ရောက် လာတာ သုံးလ ကျော် ပြီ ။ ရွှေလှေ ဆိုတာ ထက် ရွှေလှေရွာကျောင်း ကို ရောက် လာ တာပါ ။ ရွှေလှေရွာ မှာ စံလှဘော် ဆယ်နှစ်သား အထိ ကြီးပြင်း ခဲ့ ရတယ် ။ ဆယ်နှစ်သား မှာ အဖေ ဆုံး တော့ အမေကြီး နဲ့ မန်ကျည်းစု ကို လိုက်သွား ခဲ့ ရတယ် ။ စံလှဘော် ဆယ်နှစ်သား တုန်း က ရွှေလှေရွာ မဟုတ်တော့ ပါဘူး ။ ဟိုတုန်း က တော့ အိမ်ခြေ နှစ်ဆယ်လောက် နဲ့ ယုန်ထိုး ကြွက်ထောင် သမား တွေ စု နေ ကြတဲ့ တဲစု ရွာ ကိုး ။ စံလှဘော် မိဘများ မှာ ဆွေမရှိ မျိုးမရှိ ရွှေလှေ မှာ နေခဲ့ကြတာ ဆိုတော့ ရွာ က အင်မတန် ခေါင် တာ ကလား ။ အခုတော့ အနှစ် နှစ်ဆယ် အတွင်း အိမ်ခြေ တစ်ရာ လောက် ရှိ နေပြီ ။ သစ်ကြီး ဝါးကြီးတွေ နဲ့ စိမ်းစိမ်းစိုစို ရှိ နေပြီ ။ ရွာ သဘာဝ ဆင်းရဲ ချမ်းသာ မလွတ် ကြပေမယ့် သူ့ ဟာ နဲ့ သူ တော့ လှေဦးစိုစို လှေဦးခြောက်ခြောက် နေနိုင် ကြပြီ ။ ရွာထိပ် မှာ ထရံကျောင်းကြီး တစ်ဆောင် နဲ့  ရွာဦး ဆရာတော် လည်း သီတင်းသုံး နေပြီ ။ ဦးပဉ္ဇင်း နှစ်ပါး ၊ ကိုရင် သုံးပါး နဲ့ ကျောင်းကြီး လည်း စည်ပြီ ။ ဆွမ်းကွမ်း ကိစ္စ က အစ ဘာသာ သာသနာရေး တွေ လည်း ပြုကြပြီ ။


မန်ကျည်းစုရွာ ဆရာတော်ကျောင်း က တုန်းမောင်း ခေါက် အပြီး မှာ စံလှဘော် က ကောက်ဆွ လက် ကို ဆွဲ ထွက်လာ ခဲ့တော့ ရွာ တောင် မလှုပ်သေးဘူး ။ ကျောင်းခွေး လေး,ငါးကောင် တောင် ကျောင်းဝ အထိ ပါ လာ ကြသေးတယ် ။ ကောက်ဆွ က အိပ်ချင်တုန်း ။ အစ က တော့ စံလှဘော် က ကောက်ဆွ ကို ထားခဲ့ ဖို့ပဲ ။ ဒါပေမယ့် မထားခဲ့ချင်ဘူး ။ ကံတူ အကျိုးပေး ကောက်ဆွကလေး ကို သူ တွယ်တာ နေမိခဲ့ပြီ ကိုး ။ ကောက်ဆွ က သူ့ ကို အဖေ လို့ သဘော ထား သလို သူ ကလည်း ကောက်ဆွ ကို သားအရင်း နဲ့ မခြား သံယောဇဉ် ဖြစ်နေပြီ ကိုး ။ သည်တော့ ဝဝလင်လင် စား ရတော့ လည်း အတူတူ ၊ တစ်လုတ် တစ်ဆုပ်စား ရတော့ လည်း အတူတူ ဆိုပြီး တစ်ပါ တည်း ခေါ် လာခဲ့တယ် ။ 


“ ဘယ်တုန်း အဖေ ရ ၊ ခင်ဗျား ဟာ မိုးတောင် မလင်းသေးဘူး ” 


“ သည် ကျောင်း မှာ အဖေ မနေတော့ဘူး ၊ ဆရာတော်ကြီး ကို မလျှောက် တင်ခဲ့ရသာ အဖေ စိတ်မချမ်းသာ ပေမယ့် ဆရာတော်ကြီး ကို ငဲ့ လို့ အဖေ ထွက် လာခဲ့ သာပဲ ။ ရောက်ရာ ပေါက်ရာ သွားကြစို့ ကွာ ”


“ ဘယ် သွားကြမလဲ အဖေ ရာ ။ အဖေ က ဘာလုပ် စား တတ်လို့တုန်း ။ အဖေ ပဲ တစ်သက်လုံး ကပ္ပိယ လုပ်မယ်ဆို ဗျ ”


“ ဘယ်မှာ မဆို ဘုန်းကြီးကျောင်း ရှိ မှာပဲ ငါ့ သား ရ ။ ကျောင်း ဝေယျာဝစ္စ လုပ် ပေးရင် ဆရာတော်များ က တစ်ဆုပ် တစ်ခဲ တော့ စွန့်ကြမှာပါကွာ မပူပါနဲ့ ” 


“ ဒါဆို အဖေတို့ ရွာ သွားကြရုံပေါ့ဗျ ။ ကျုပ် ရွာ တော့ မသွားဘူး ။ အမေ နဲ့ ပထွေး ကို ကျုပ် မမြင်ချင်ဘူး ”


“ အေး ဟုတ်သားကွ ။ ရွှေလှေ ဟုတ်သယ် ၊ အဖေ့ ရွှေလှေရွာ ကို သွားကြ ရအောင် ”


သည်လို နဲ့ သားအဖ နှစ်ယောက် ရွှေလှေ ကို ရောက်လာခဲ့ကြတာပါ ။ ဆရာတော်ကြီး ကို လျှောက်တင် တော့ နေခွင့် ပြုတယ် ။ စံလှဘော် က ကပ္ပိယ ကျိုးကျနေသူ ဆိုတော့ ဆရာတော်ကြီး ရော ၊ ဦးပဉ္ဇင်းများ ပါ ဝမ်းသာ ကြတယ် ။ ရွာ က တော့ စံလှဘော် ကို ဘယ်သူမှ မမှတ်မိကြပါဘူး ။ စံလှဘော် က လည်း ဇာတ်ဟောင်း မလှန်ချင် တော့ တာ လည်း ပါ ပါတယ် ။ သည် ရွာ ရောက် တော့လည်း စံလှဘော် က ဝါသနာ ကို မစွန့်နိုင်ဘူး ။ အလှူ ရှိရှိ ၊ ဘုရားပွဲ ရှိရှိ က တုန်းပဲ ။ စံလှဘော် က တော့ ကောက်ဆွ ကလည်း က တာ ကိုး ။ ရွာ က သဘော ကျ လိုက် ကြတာမှ ။


အခုတော့ လည်း စံလှဘော် တစ်ယောက် ရွှေလှေကျောင်း ကပ္ပိယ ဖြစ် ရ ပြန် သပေါ့ ။ သားအဖ နှစ်ယောက် ရွှေလှေရွာကလေး ထဲ လျှောက်လည် လိုက်ကြ ။ ကျောင်း ဝေယျာဝစ္စ လုပ် လိုက်ကြ ။ ကောက်ဆွ နေမကောင်း တော့ စံလှဘော် က ပြုစု ၊ စံလှဘော် နေထိုင် မကောင်းတော့ ကောက်ဆွ က နင်းနှိပ်ပေး နဲ့ တစ်ဝမ်း တစ်ခါး မပူရတဲ့ အပြင် အေးအေးလူလူ နေကြရပါရဲ့ ။ ဒါပေမယ့် စံလှဘော် စိတ် ထဲ မှာ မန်ကျည်းစုရွာ ကို နေ့စဉ် လွမ်းတာကတော့ လွမ်းတာပါပဲ ။ သူ့ ကိုယ် သူ လည်း ဖြေ ပါတယ် ။ ကပ္ပိယ ဆိုတာ ကပ္ပိယ ပဲ ပေါ့ ။ ဘုန်းကြီးကျောင်း ရှိနေ သရွေ့ ကပ္ပိယ လုပ်နေလို့ ရတာကိုး ။ တတ်နိုင် သမျှ ကုသိုလ် ယူရင်း ဘဝ ကို နေပျော် သလို နေရင် စိတ် ချမ်းသာတာ ပဲ မဟုတ်လား ။ တစ်ခါတစ်ခါ ကောက်ဆွ က လည်း သတိရတယ် ထင်ပါရဲ့ ။ ကျုပ်တို့ ကို ဘယ်သူ က နှင် လွှတ်လိုက်တာလဲ တဲ့ မေးတယ် ။ စံလှဘော် က ဘယ်သူ က မှ နှင် မလွှတ်ကြပါဘူး ကွာ ၊ လေတိုက် လို့ လွင့် လာတာပါ လို့ ဖြေ တတ်တယ် ။ 


အဲသလို မန်ကျည်းစု နဲ့ ဝေး ရတာ က ပဲ သုံးလ ကျော် လို့ လေးလ ထဲ ရောက်ပြီပေါ့ ဟာ ။ စံလှဘော် လည်း နေရ ထိုင်ရ အသားကျ စ တောင် ပြုခဲ့ပြီ ။


တစ်ရက် ။ လှည်း တစ်စီး ရွှေလှေကျောင်းဝ ကို ရောက်လာခဲ့တယ် ။ အဲသည် နေ့ က စံလှဘော် နဲ့ ကောက်ဆွ မရှိကြဘူး ။ ရွှေလှေကျောင်း ဦးပဉ္ဇင်း တစ်ပါး နဲ့ ရွာစဉ် လိုက်ပြီး ဆွမ်းဆန်တိုက် သွားနေရ ချိန်ပါ ။ မနက် စောစော ကတည်း က စံလှဘော် နဲ့ ကောက်ဆွ လှည်း တစ်စီး နဲ့ ထွက်လာခဲ့ကြတယ် ။ ရွှေလှေကျောင်း အတွက် ရွာတွေ က နှစ်စဉ် ပဲပေါ် နှမ်းပေါ် ချိန် ၊ ငွေယားကလေးရွှင်ချိန်တွေ မှာ ဆွမ်းဆန် လောင်းလေ့ ရှိကြတာ ဆိုတော့ တစ်ရွာ ဝင် တစ်ရွာ ထွက် အလှူခံ ထွက် ကြ ရတာပေါ့ ။ တစ်ရွာ ဝင် တစ်ရွာ ထွက် ကြက်ဦး မတွန်ခင် က လှည့် လိုက်တာ အပြန် မိုးစုန်းစုန်း ချုပ် မှ ပြန် ရောက်ကြတယ် ။ ရွှေလှေ က လယ်ရယ်ယာရယ် မရှိတော့ ဆန်တို့ ပဲတို့ ထွက်တဲ့ နရန်းရွာ တွေ က တစ်နှစ် တစ်ဝါစာ လှူလေ့ ရှိကြတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ဆို သလိုပါပဲ ။ စံလှဘော် ရွှေလှေ မှာ မရှိတဲ့ ရက် မှာ မန်ကျည်းစု ဆရာတော် ဦးဝါယမ လှည်း တစ်စီး နဲ့ ကြွလာတော် မူခဲ့တယ် ။ ဆရာတော်ကြီး နဲ့ အတူ မန်ကျည်းစုရွာ က ရွာလူကြီး နှစ်ယောက် ပါ သတဲ့ ။ စံလှဘော် ရွှေလှေရွာကျောင်း ရောက် နေတဲ့ သတင်း ကြား လို့ ဆရာတော်ကြီး က ကြွ လာတာ ပါ ။ စံလှဘော် သည်မှာ ရှိ သလား မေးတော့ ရွှေလှေဆရာတော် က ကျောင်း မှာ စောင့်ရှောက် ထားတဲ့ အကြောင်း လျှောက်တယ် ။ စံလှဘော် ကို မန်ကျည်းစု ရွာကျောင်း ကို ပြန်ခဲ့ဖို့ အကြောင်း ၊ အမှုအခင်း ကိစ္စတွေ ရှင်းလင်း သွားပြီ ဖြစ်တဲ့ အကြောင်းတွေ မှာ ခဲ့တယ် ။ ညနေစောင်း တော့ မန်ကျည်းစု ဆရာတော် ပြန် ကြွ သွားခဲ့တယ် ။


ညနေ ဘက် စံလှဘော် တို့ ဆွမ်းဆန် လှည်း ပြန် ရောက် လာ တော့ စံလှဘော် ကို မန်ကျည်းစု ဆရာတော် ကြွ လာတဲ့ အကြောင်း ၊ မန်ကျည်းစု ရွာ ကို အမြန် ပြန်လာခဲ့ဖို့ အကြောင်း မိန့်တယ် ။ စံလှဘော် က ငယ်ဆရာတော်ကြီး ကိုယ်တိုင် ကြွလာတော် မူတယ် ဆိုတော့ အံသြ သွားတယ် ။ ဝမ်းလည်း နည်း သွားတယ် ။ ရွာ လူကြီးတွေ လည်း ပါ လာတယ် ၊ အမှုအခင်း ကိစ္စတွေ ရှင်းလင်း သွားပြီ ဆိုတာ တွေ ထက် စံလှဘော် ရင် ထဲ မှာ ဆရာတော်ကြီး ကိုယ်တိုင် ကြွလာတော် မူတယ် ဆိုတာ က တော့ ထူးဆန်းတယ် လို့ ခံစားရမိ သား ။ ဆရာတော်ကြီးခမျာ အကြွ ကြီး ကြွလာ ပြီး မှ သူ့ ကို တွေ့ မသွားရတာ ကို စိတ် မကောင်း ဖြစ်မိတယ် ။


“ အဖေ .. ဆရာတော်ကြီး လာတာ ဘာဖြစ်လို့လဲ ” 


“ အဖေတို့ ကို မန်ကျည်းစု ပြန်ခဲ့ဖို့ လာခေါ်သာ ”


“ အဖေ က ပြန်မှာလား ”


“ မင်း က ကော ”


“ ကပ္ပိယကြီး သွားမှတော့ ကပ္ပိယကလေး က လိုက်ရုံ ပေါ့ ဗျ ” 


“ ရွှေလှေကျောင်း ဆရာတော် ကို လျှောက်ပြီး မနက် လိုက်ကြသာပေါ့ကွာ ” 


ညဦး ကတည်း က ရွှေလှေကျောင်း ဆရာတော် ကို ဝတ်ဖြည့် ပြီး မန်ကျည်းစု ကျောင်း ပြန်ဖို့ ခွင့် တောင်းတယ် ။ ဆရာတော် က လည်း သက်တော်ကြီး ဝါတော် ကြီး မန်ကျည်းစု ဆရာတော်ကြီး ကိုယ်တိုင် ကြွလာတဲ့ ကိစ္စ ဆိုတော့ ခွင့်ပြု တော် မူပါတယ် ။ စံလှဘော် နဲ့ ကောက်ဆွ ကို ငွေစကြေးစ နည်းနည်း တောင် စွန့်လိုက် သေးတယ် ။ မနက်စောစော လေးနာရီ တုန်းမောင်းတော့ စံလှဘော် က ခေါက် ဖြစ် အောင် စောင့် ခေါက်ခဲ့ သေး တာပါ ။ သူ့  ဘဝ မှာ မနက် လေးနာရီ တုန်းမောင်း ခေါက်တဲ့ ဝတ် မပျက်ခဲ့ဖူးဘူး ။ သည် ကုသိုလ်လောက် ပီတိ ဖြစ်ရတာလည်း မရှိ ဘူး ။ ဆယ်နှစ်သား အရွယ်တုန်းက ဘွားအေကြီး နဲ့ နှစ်ရက် နှင်ရတဲ့ ခရီး ကို စံလှဘော်နဲ့ ကောက်ဆွ တစ်ရက်ပြင်းပြင်း လျှောက်ခဲ့ ကြတယ် ။ သားအဖ နှစ်ယောက် လှည်းကြုံ တစ်မျိုး ၊ ခြေကျင် တစ်မျိုး လျှောက်လာ ခဲ့ပြီး ကြုံရာ ရွာ ကျောင်း မှာ ထမင်း တစ်လုတ် တစ်ဆုပ် ဝင် စားကြတယ် ။ စံလှဘော် က သီချင်း ကလေးတောင် တအေးအေး ဆိုလို့ ။ ကောက်ဆွ က တစ်ကောက်ကောက် ။


မန်ကျည်းစုကျောင်း ကို ညကြီး မိုးချုပ် မှ ရောက် ကြတော့တယ် ။ ကျောင်း ဝ ရောက်ရောက် ချင်း စံလှဘော် တို့ ကို ကျောင်းခွေးတွေ က အမြီး တနန့်နန့် နဲ့ ကြို တယ် ။ စံလှဘော် ကို ကုပ်ကတ် တွယ် တက်ပြီး တအီအီ အော်ကြလို့ ။ စံလှဘော် နှစ်ပေါင်း နှစ်ဆယ်ကျော် နေ လာခဲ့တဲ့ ကျောင်း ။ သူ မရှိတဲ့နောက် သုံးလ အတွင်း မှာ ကျောင်းကြီး တောင် ပို အိုစာသွား သလား ထင် မိတယ် ။ ခြေနင်းရာ သစ်ရွက်ခြောက် တွေ ။ ကျောင်းကြီး က လည်း တိတ်ဆိတ် လို့ ။ မီးတိုင်ခွက် မလင်းတလင်း အောက် က ကျောင်းအိုကြီး ကို ကြည့်ရင်း စံလှဘော် ဝမ်းနည်း သွားတယ် ။ ကျောင်းကြီး ဝေယျာဝစ္စတွေ ဘယ်သူများ လုပ်ကိုင် ပေးနေပါလိမ့် ။ ဆရာတော်ကြီး ကို ဝတ်ကြီး ဝတ်ငယ် ဘယ်သူ ကများ ပြုစု ပေး နေပါလိမ့် ။ ရဟန်း နဲ့ လှူဖွယ်ပစ္စည်း အပ်စပ် အောင် ဘယ်သူ ကုသိုလ် ယူနေပါလိမ့် ။ သရက်ကင်း လှေကားက နှစ်ယောက် သား တက် လာကြတော့ ကျောင်း ပေါ် မှာ လသာမှန်အိမ်ကလေး က အလင်း လဲ့လဲ့ ဖိတ်ကျ လို့ ။ ကျောင်းကြီး အိုအို ၊ မီးရောင်ကလေး က ကပိုကရို ။ တစ်ကျောင်းလုံး လည်း တိတ် လို့ ။


“ ငဘော် ”


ဆရာတော်ကြီး တစ်ပါး တည်း ငုတ်တုတ် ထိုင် နေတော် မူလျက် ။ 


“ တပည့်တော် ကို ခွင့်လွှတ်တော်မူပါ ဘုရား ”


“ ကောက်ဆွ ကော ဟဲ့ ”


“ ပါပါသယ် ဘုရား ”


“ အေး ... ၊ ချမ်းသာစွာနေကြ ”


“ တင်ပါ့ဘုရား ”


မီးရောင်မှိန်မှိန် ကွက်ကွက်ကလေး မှာ ထိုင် နေတော် မူတဲ့ ဆရာတော် က ဝမ်းသာဝမ်းနည်း နှုတ်ဆက် တော် မူတယ် ။ ဘုရား ကို ဝတ်ဖြည့် ၊ ဆရာတော်ကြီး ကို ဝတ်ဖြည့် ပြီး စံလှဘော် နဲ့ ကောက်ဆွ က လည်း အသာ ငြိမ် နေ လိုက်ကြတယ် ။ ဆရာတော့် ဆီ က ကွမ်းသီး ညှပ်သံ သာ တဖျောက်ဖျောက် ကြား နေရတယ် ။ ကျောင်း မှာ ကိုရင်တွေ မောင်ကျောင်းသားတွေ တောင် ရှိပုံ မပေါ်ကြဘူး ။ တိတ် ဆိတ် လို့ ။


“ လများ လငပုပ် ဖမ်းရာ က လွတ် လာရ သလိုပေါ့ ငဘော်ရယ် ၊ အကုသိုလ် များ ဟာ သံဝေဂ ယူစရာ ကောင်းသယ် ။ ကိုယ် က ပြုတဲ့ အကုသိုလ် ဆိုသာ မပြောနဲ့ ၊ ကိုယ် မပြုတဲ့ ကိစ္စ မှာ တောင် အကုသိုလ်တရား က စီး မိရင် အကျိုး ပျက်ရာ ပျက်ကြောင်း ဖြစ်တတ်သာပဲ ”


“ တပည့်တော် လည်း ဆင်ခြင်မိပါသဘုရား ”


“ အေး .. အေး ၊ အကုသိုလ် ကို ဆင်ခြင် မိရင် ကုသိုလ် ပွားများဖို့ စိတ်ကူး ဟဲ့ ။ ကိစ္စဝိစ္စ တွေ ပြီးရင် နင် သင်္ကန်း ဝတ်တော့ ငဘော် ” 


စံလှဘော် က အာမဘန္တေ မခံဘဲ ငြိမ် နေလေတော့ ဆရာတော်ကြီး က လည်း ဆက် မမိန့်တော့ဘူး ။ စံလှဘော် နဲ့ ကောက်ဆွ ကို မျက်လုံး နဲ့ ဝေ့ပြီး အကဲ ခတ် တယ် ။ တအောင့် နေတော့ မှ ဆရာတော် က မိန့်တော် မူတယ် ။


“ ကဲ ... ကဲ ၊ နင် တို့ လည်း ခရီး ပန်း လာကြသယ် ထင်ပါရဲ့ ။ သွားတော့ နားကြချေ ။ ရှိသာ ကို မျှတပြီး စားချေကြ ”


“ ကျေးဇူးကြီးပါသဘုရား ”


မင်း စံလှဘော် နဲ့ ကောက်ဆွ ကျောင်း အောက် ဆင်းလာ ခဲ့ကြတယ် ။ ည က လ မသာ လေ မတိုက် ၊ မှောင်ကြီးများ မိုက်လို့ ။ မှောင် ထဲ မှာ ပဲ စံလှဘော် နဲ့ ကောက်ဆွ သရက်ကင်းလှေကား ရင်း မှာ ထိုင် လိုက်ကြတယ် ။ ကောက်ဆွ က စံလှဘော် ကို မှီလို့ ။ မထိုင်ရတာ ကြာ ပြီလေ ။


“ အဖေ မနက် ကျ ရင် စောစောထ ဗျ ”


“ ဟေ ... ၊ ဘာပြုလို့တုန်း ကောင်လေး ရ ”


“ အုန်းမောင်း ခေါက်ရမှာလေ ”


“ အော် ... ၊ အေး အေး ”


အဲသည် ည က ခရီး ပန်း လာပေမယ့် တစ်မှေးကလေး မှေးပြီး အုန်းမောင်း ထိုးချိန် မနက်လေးနာရီ မှာ စံလှဘော် ဆတ်ခနဲ နိုးလာခဲ့တယ် ။ ကောက်ဆွ က တော့ အိပ်မော ကျ နေလိုက်တာ တရှူးရှူး နဲ့ ။ မန်ကျည်းစုရွာ နံနက်ခင်း ကို စံလှဘော် ရဲ့ အုန်းမောင်းသံ နဲ့ နှိုးလိုက် ရ ပြန်ပါပကော ။


◾ခင်ခင်ထူး


📖 ကပ်ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment