❝ လူပါး ဆို ❞
မြသိန်း သည် မိမိ လက်ပတ်နာရီ ကို မြှောက် ကြည့် လိုက်ရာ ၈ နာရီခွဲ နေကြောင်း ကို သိရ သဖြင့် လက်ဖက်ရည်ဖိုး ပေးကာ လက်ဖက်ရည်ဆိုင် အတွင်း မှ ထွက်ခဲ့ လေ၏ ။ နေ့စဉ် လျှောက် နေကျ ဖြစ်သော မြကြည် တို့ လမ်း သို့ ခြေထောက်များ က အလိုက်သိစွာ ယူ သွား လေ ရာ မြကြည် တို့ အိမ်ရှေ့ သို့ ရောက် လေသော် ဝတ္တရား ကို မဖျက်ဆီး လိုသော အားဖြင့် ခါတိုင်းလို အမှတ်တမဲ့ စောင်းငဲ့ ကြည့် လိုက်လေ၏ ။ တဘက် တစ်ခု ကို ပခုံး ပေါ် သို့ တင်ကာ လက် ထဲ တွင် ကြေးဇွန်း နှင့် ဆွမ်းဇလုံ ကို ကိုင်ပြီး ရွှေခြေကျင်းကလေး ပေါ် အောင် အုတ်လှေကား မှ ဆင်း လာ သော မြကြည် ၏ ရူပါရုံ သည် မြသိန်း အား ရစ်ဆိုင်းဆိုင်း နှင့် ခပ်ထိုင်းထိုင်းကြီး ဖြစ်သွား လေ၏ ။ နောက်မှ သပိတ်ဖုံး ဖွင့်သံ ကို ကြား ရ လေ၏ ။ သတိ ရ၍ လှည့် ကြည့် လိုက် ရာ မိမိ နောက်တွင် ဆွမ်းခံ ကြွ လာသော သံဃာတွေ တသီတတန်းကြီး ကို တွေ့ရ သဖြင့် လမ်း ဘေး သို့ ဆင်း၍ ရှောင် ပေး လိုက်လေ၏ ။ မြကြည် သည် တစ်ပါး ပြီး တစ်ပါး ဆွမ်းလောင်း ပြီး သော် “ ကိုမြသိန်း ခဏ ” ဟု ခေါ်ပြီး အိမ် ပေါ် သို့ တက် သွားလေ၏ ။
မြသိန်း မှာ ကြက်သေ သေ၍ ငေးကျန်ခဲ့လေ၏ ။ သလုံးသား ပေါ် အောင် ထဘီ ကို မခို့တရို့ ဆွဲ ပြီး အုတ်လှေကား ကို တစ်ထစ်ပြီး တစ်ထစ် တက် သွားသည့် မြကြည် အား ဆင်းလာတုန်း က ကြည့် သလို ရိုးရိုး ကြည့်တာ မဟုတ်ဘဲ ဝက် ဝယ် တဲ့ တရုတ် ဝက်အသား ကြည့် သလို နိမ့်တုံ ၊ မြင့်တုံ ရှိလှတဲ့ အင်္ကျီ အောက်နားစကလေး တွေပါ သိမ်းကျုံးပြီး ကြည့် နေလေရာ “ လာလေ ခဏကလေး ပါ ” ဟု မိမိ ဘက်သို့ လှည့်ပြီး သွားဖျားကလေးများ ပေါ်အောင် ပြုံး လျက် ပြောတော့ မှ သတိ မရသော လှမ်းခြင်း ဖြင့် အိမ် ပေါ် သို့ တက်သွားလေ၏ ။ မြကြည် က ကု,လားထိုင် ကို ကိုင် မ လျက် ပေး ရာ မြသိန်း က ထိုင်ချ လျက် ငေးနေ လေ၏ ။ အိမ် ထဲ တွင် ဟိုဟိုဒီဒီ ကြည့်ရှုရာ မည်သူ့ ကို မျှ မတွေ့ ရ သဖြင့် အတော်ကြီး အံ့အားသင့် နေ လေ၏ ။ မြကြည် သည် အိမ်အပေါ်ဆုံး ထပ် သို့ တက် သွားပြီး ဗန္ဓုလဂျာနယ် စာအုပ် ကို ကိုင် ကာ ပြုံးရွှင်သော မျက်နှာ နှင့် လှေကား က ဆင်းခဲ့ပြီး မြသိန်း အနီး သို့ တိုး၍ တိုး၍ လျှောက်လာခဲ့ လေ၏ ။ စားပွဲ ပေါ် တွင် ဖြန့်တင် ကာ ဝတ္ထုခန်း ကို လက် နှင့် ထောက်ရင်း
“ ရှင်ကြီး မှန်မှန် ပြောရမယ် ၊ ဒီဝတ္ထု ၊ ဘယ်သူ ရေး တာလဲ ”
ပြုံးလျက် “ သူ့ အထဲ မှာ ပါတာပဲလေ ကြည်ကြည့်မောင် တဲ့ ၊ ဘာဖြစ်လို့လဲ ”
“ ဒီ ဝတ္ထု ရေးတဲ့ လူ ဟာ ကိုမြသိန်း ပဲ ဖြစ်ရမယ် ရှင် ၊ မညာပါနဲ့ ၊ ရှင် ရေးတယ် မဟုတ်လား ဟုတ်ရမယ် ရှင် ”
“ ကြည်ကြည် က တော့ တစ်ခါတည်း စွဲနေတာပဲ ၊ ကဲ ထားပါကွယ် ၊ ကိုမြသိန်း ရေး တာပဲ ၊ ဘာများ ဆိုလိုချင် သလဲ ”
“ ထားပါကွယ် မလုပ်ပါနဲ့ ၊ ဒီ ဝတ္ထု ထဲ မှာ ပါတဲ့ စကားတွေ က ခင့် ကို ငယ်ငယ်ကလေး စ ၍ ဥယျာဉ် ထဲ ပွင့် တဲ့ ပန်းကလေး ဥယျာဉ်မှူး က ယုယုယယ ပြုပြင်ပြီး နေ့စဉ် ရေလောင်း စိုက်ပျိုး ပေးသလို အမြဲတစေ ဂရုစိုက်လျက် မေတ္တာရေ သွန်းလောင်း ကာ နေရပါတယ် ၊ ဒီ ပန်းပွင့်ကလေး လို အခြား လူစိမ်း သူစိမ်းများ ဆွတ်ယူ ချိုးဖဲ့သွားမှာ ကို လည်းကောင်း ၊ ပျားပိတုံး တို့ ခုန်လွှား တက်ရောက် စုပ်ယူသွား မှာ ကို လည်းကောင်း စိုးရိမ်ဘိ သကဲ့သို့ မောင့် စိတ် မှာ ပူမိပါတယ် ဆိုတဲ့ စကား ရယ် ၊ နို့ပြီးတော့ ကိုကို့ ကို မောင်ကြီး အရင်း လို အားကိုးပါတယ် ၊ ခင်မင်ပါတယ် ၊ မတတ်တာ မလိမ္မာတာ ရှိရင် ဆုံးမပါ ၊ သင်ပါ ၊ ခင် လိုက်နာပါမယ် ဆိုတာတွေရယ် ဒါတွေ ဟာ မြ ကို စောင်း ရေးတာ မဟုတ်လား ”
( မျက်နှာထား နှင့် ပြောသည် )
အမှန်သည် ကား မြသိန်း သည် မြကြည် ၏ မိဘများ နှင့် ပလဲနံပ သင့်သူ ဖြစ်လေရာ မြကြည် ၁၂ နှစ် သမီး လောက် က စတင် ၍ ၎င်းတို့ အိမ် သို့ ဝင်ထွက် သွားလာ စ ပြုသူ ဖြစ်၏ ။ မိမိ က မြကြည် ထက် ၈ နှစ် လောက် ပို၍ ကြီး သဖြင့် ကိုမြသိန်း ၊ ကိုမြသိန်း နဲ့ အနား တကပ်ကပ် ၊ စကားကလေး တစပ်စပ် ၊ ပျားပန်းခပ် သလို ပွတ်သီးပွတ်သပ် နေ ခဲ့သော အနှီ သူငယ်မကလေး ၁၅ နှစ် သမီး အရွယ် ရောက် လာသော အခါ မြသိန်း သည် တစ်နေ့သ၌သော အချိန် က စ၍ မနောကံ ၌ ကြံစည် မိ လေ၏ ။ သို့သော် သူငယ်ချင်းတွေ သိမှ ဖြင့် နှံပြည်စုတ် ငှက်ကလေး အမြောက်ပျက်ကြီး နဲ့ ချိန်တယ် ဟူ၍ အပြော ခံရမည် ကို လည်းကောင်း ၊ ကောင်မကလေး ပွက် မှ ဖြင့် ထောင်ကျမယ့် အရေး ကို တွေးမိခြင်းသည် လည်းကောင်း ၊ သို့အတွက် ၎င်း သည် မြကြည် ကို ပိုးရခြင်း ၌ ဆင် ကြံ ကြံရခြင်း ပင် ဖြစ်ရာ မြကြည် နှင့် တစ်ခါတလေ နှစ်ယောက်ချင်း တွေ့ ရသော အခါ မိမိ ပိုး တာ ကို ကောင်မကလေး ရိပ်မိ သွားမှာ ကို စိုးတာ နဲ့ ခွဲခွာရေး က ဘယ်လို ၊ တွဲရေး က ဘယ့်နှယ့် ၊ ကျောင်းဆရာတွေ လခ လျှော့တာ က ဘယ်သို့ ၊ ပုဂံငကျွဲ နဲ့ မဆွဲမိ အကြောင်း က အနှာလို ၊ ဣသိဒါသီ ထေရီမ ဟာ သူဌေးသမီး ဘဝ တုန်း က သူတောင်းစား က တောင် မပေါင်း နိုင်ဘဲ စွန့်ပြေးရတာ ၊ သူတောင်းစား ထမင်း ဝအောင် မကျွေး လို့ စသည် ဖြင့် ပုံတိုပတ်စတွေ နှင့် ၊ တကယ့် အဓိပတိ ၊ ဘုရားလူကြီး လို ၊ ဣန္ဒြေသမ္ပတ္တိ နှင့် အချိန် ကုန်ခဲ့လေရာ ချစ်တာ ကြိုက်တာ မှာ ဗလာနတ္ထိ ၊ တစိုးတစိ မျှညမရှိ ဖြစ်လေ၏ ။ လူပါးလူလည် တို့ စကား အခွန်းပေါင်း တစ်ထောင် လောက် ပြောခွင့် ရသော လူကြီးများ လစ်ချိန် တွင် အင်း အဲ အား နှင့် အချိန် ကုန် ခဲ့ရခြင်း ကို မကျေနပ်နိုင် သဖြင့် ဝတ္ထု ရေးနည်း ကို ကျွန်တော့် ထံ တွင် လေ့ကျင့် ၍ ဗန္ဓုလဂျာနယ် တွင် ထည့်သွင်း က မိမိ ၏ အာသီသ လိုရင်း ကို ဧကန် မြကြည် သိအံ့ ဟု စိတ်ကူး ဖြင့် ဤ ဝတ္ထု ကို ထည့်သွင်း လိုက်ရခြင်း ဖြစ်၏ ။ မြကြည် ကလည်း တထစ်ချ သိ၍ လူကြီးများ လစ်ချိန် တွင် မြသိန်း အား ခေါ်ပြခြင်း ပင်ဖြစ်၏ ။ မြသိန်း သည် မိမိ လိုရင်း အချက် အထမြောက် သော်လည်း မြကြည် က လက်ပူးလက်ကြပ် မေးသော အခါ လူ မိသော ကျီးကန်း ကဲ့ သို့ ရှက်ကိုးရှက်ကန်း အမ်းတမ်းတမ်းကြီး ဖြစ်နေ လေ၏ ။
“ ဝတ္ထု ဆိုတာ ဘယ်သူ့ ကို စောင်းချိတ် ရေးတယ် ဟုတ်မလဲ မြ ရယ် ၊ စာရေးဆရာ တွေ စိတ်ကူး ရတာ ကို စာရွက် ပေါ်မှာ မင် နဲ့ မှတ်ထားကြတာပေါ့ ”
“ မဟုတ်ပါဘူး ကိုမြသိန်း ရယ် ၊ ဒီ ဝတ္ထု က မြ ကို တမင်သက်သက် စောင်း ရေး တာပါပဲ ၊ မြ လည်း တောသူ ပေ မဲ့ စိန်မေရီ မှာ ၇ တန်း အောင်ခဲ့ပါတယ် ၊ မြ ကတော့ အားကြီး စိတ်ဆိုးတာ ပဲ သိရဲ့လား ၊ အမှန် အစ်ကို အရင်း လို ချစ်ခင် သော် လည်း ကိုမြသိန်း က ဒီလို ကြံစည်တယ် ဆိုတော့ ဒီလို စိတ် မှာ ထားတယ် ဆိုတော့ အစင်းသိပြီးသား ဖြစ်တဲ့ မြ တို့ က နောက် ကို ခေါ်ဝံ့ ပြောဝံ့ ဦးမှာ တဲ့ လား ။ အစက ကိုမြသိန်း ကို လူရိုးကြီး ထင် မိတယ် ၊ အခုတော့ ဖွတ် တောင် မဟုတ်ဘူး ၊ မိကျောင်းကြီး ထွက် တာပဲ ”
မြသိန်း သည် မည်ကဲ့သို့ ပြန် ပြောရမည် ကို မသိ ၊ ကြောက်သလိုလို နှင့် ဟိုဟိုဒီဒီ ကြည့်ရင်း ပြုံးမယ့် သာ ပြုံးရ ဂနာမငြိမ် တဲ့ နှလုံး နှင့် နောက်ဆုံး တွင် စိတ်တုံးတုံး ချ လိုက် သည့် လက္ခဏာ ဖြင့်
“ မြ အပြစ် တင် ရင်လည်း ခံရပါတော့မယ် မြရယ် ၊ ကိုမြသိန်း မှာ ဖြင့် မြ အတွက် ဘယ်လို ဖြစ်နေတယ် ဆိုတာ မြ လည်း အကင်း ပါး ပါတယ် ၊ အသွေး မြင် တာ နဲ့ အသွင် သိ ”
“ အို တော်ပါ သံသရာ လဆန်း က ၊ လက်တမ်းတွေ လျှောက် ရွတ် နေပေမယ် လို့ ကရွတ်ခွေ ကင်းတက် သလို နေမှာပေါ့ ရှင့် ၊ ရှင်ကြီး ကို လူပျိုစကား ပြော ဖို့ ဒီ အိမ် ကို ပင့်တာ မဟုတ်ဘူး သိရဲ့လား ၊ တော်တော်ကြာ ဖေဖေ တို့ လာ တော့မယ် ”
မြသိန်း ရင်ခွင် ၌ ဒိုင်းနမိုက် ဖောက်ခွဲ လိုက် သလို မမျှော်လင့်သော စကား တို့ ကြောင့် တုန်လှုပ် ချောက်ချားလျက် ကျောက်ကမ်းပါးကြီး ပြိုသလို ဗြုန်းခနဲ မြည်သွားလေ၏ ။ ဂေဇက် ကို မျှော်နေသော စာမေးပွဲ ဝင် သူ သည် အောင်စာရင်း ၌ မိမိ အမည် ကို မတွေ့ ရ သော အခါ ဖြစ်တတ်သော တုန်လှုပ်ခြင်း ကဲ့သို့ ရှိ လေ၏ ။ အမူအရာ က ညှာတာ မျက်နှာသာ ပေး သလောက် အပေါက် ဆိုး မှုတ်တဲ့ ကောင်မကလေး ပါ လား ၊ အမြင် နဲ့ အထင် ကွာ လေခြင်း ၊ ငါ က အရိုး ကွဲ လု မတတ် ချစ် ပေမဲ့ သူ့ မေတ္တာ က ဟိန္ဒူကု,လားကြေးအိုး လို ငါ့ အပေါ် မှာ ပြောင် နေပြီ ၊ ထင်တာ ထင် မဝင်ဘူး ကျောင်းအမ ဆိုတာ လို သုံးစား မှာ ပါ ကျ နေပါ ကလား ၊ မြန်မြန် လစ် မှပဲ ၊ သင်းကလေး က အာဇာနည် ရဲရဲတောက်ကလေး ၊ ကြာ ရင် ဘယ့်နှယ် လုပ်မလဲ မသိရ ၊ ဟယ် .... သင်း က အပျိုကလေး တန်မယ့် နဲ့ ငါ့ ကို အိမ် ပေါ် ခေါ်ပြီး ကြိမ်းလား မောင်းလား တောင် လုပ်ဝံ့ သေးတာ ၊ ငါ က ဘာမို့လို့ ရှက်ရမှာလဲ ဟု တစ်ဖန် အားတင်း ပြန် ကာ -
“ သည်းခံပါဦး မြ ရယ် ၊ ကိုကို့ မှာ မြ ၏ မေတ္တာတော် ကရမက်ပန်း ကို လက်လှမ်း ကာ ပန်ဆင်ဖို့ နေ့စဉ် လို ပင် ကြံစည် စိတ်ကူးပြီး တရူး ထဲ ရူး နေရတာဖြင့် ကာလတောင်တာ ရက်ပေါင်း ကြာခဲ့ပါပြီ ၊ သို့သော် လည်း ... ”
“ ဟော ... ရပ်တန်းက မရပ်သေးဘူး ၊ သပိတ်တန်း တက်လာပြန်ပြီလား ၊ ဒါတွေ ရိုး နေပြီ ရှင်ကြီးရဲ့ .. ရှင့် ကို လည်း မုန်းတယ်လို့ မပြောရသေးပါလား ၊ ဘယ့်နှယ် လူစားမျိုး နဲ့ လာပြီး တွေ့ နေရပါလိမ့် နော် ၊ သူတို့ စာရေးဆရာများ ဟာ စာရေး ကောင်းသလောက် ခပ်ရှော်ရှော် ချည်းပဲ ထင်ပါရဲ့ ၊ ဒီက အပျိုကလေး တော့ တိုင်းပြည် ကြော်ငြာ ပြီး နောက်ပိုး တာ ကို ရှက် လို့ ပြော တာ ”
“ ဒီလိုပါ ဒီလိုပါ ၊ ကိုယ့် အပြစ် ကို ကိုယ် သိပါပြီ ၊ အမှန် မှာ တော့ ကိုမြသိန်း ကိုယ်တိုင် က မြ ကို ဖွင့်ပြော ရမှာ အားနာလို့ ၊ မထွက်ရဲ လို့ ပြုမိခြင်း ကို မြ လည်း သိပါတယ်နော် ၊ ဒါကြောင့် ကိုမြသိန်း တောင်းပန်ချင်တာ က မျှော်လင့်စရာ အလျှင်း မရှိဘူး ဆိုရင် လည်း ဒီကပဲ သွားပါ ရစေတော့ ၊ မြ မေတ္တာ ကို မစူးစမ်း ၊ မဆင်ခြင်ဘဲ အရမ်း ချစ်မိတဲ့ အပြစ် ကို ရဲဝံ့စွာ ခံပါတော့မယ် ၊ တစ်ဖက်သတ် ချစ် ရတဲ့ အချစ်ကို ဖြင့် ဇွတ် နှစ်လို့ မတိုး ပါဘူး ၊ သို့သော်လည်း ငါ တစ်ယောက် အတွက် သက်သက် ရူး စေတော့ လို့ နော့တော့တော့ စိတ်ထား နဲ့ အကျီစား သန် နေတာဖြင့် လည်း ခပ်ရှင်းရှင်း တောင်းပန်ပါတယ် မြ ရယ် ၊ ဝေ့လည်ကြောင်ပတ် တစ်ဖက်သူ အတွေး ကျပ် အောင် ဖြင့် ရေ ငတ်တဲ့ နွားလား ဆွဲပုံး နဲ့ မျှား သလို မလုပ်ပါ နဲ့ ၊ အဟုတ် ချစ် လို့ ခက်ရမယ့် သူ ကို အဖြူအမည်း ကွဲပြားအောင် ပြောစေချင်ပါတယ် မြ ရယ် ၊ မချိတဲ့ နှလုံး မို့ ပြုံး တိုင်း လည်း မတင့်တယ်လွန်းလို့ ပါ မြ ရယ် ”
“ လွန်လွန်းသနော် မန်းရွှေစက်တော် ဆိုတာ လို ဒီ လူကြီး မြန်မာစကား လည်း နားလည်မယ် မထင်ပါဘူး ၊ ရှင် လူပါး ဆို ဝတ္ထုရေးဆရာ လုပ် နေပေမဲ့ ( လဖ်အဖဲယား ) ဆိုတဲ့ ချစ်ခန်း ၊ ကြိုက်ခန်း ကို စုံအောင် သိမယ် မဟုတ်ပါဘူး ၊ ခက်သနော် ၊ ၉ နာရီ တောင် ခွဲသွားပြီ ၊ မေမေ တို့ တောင် လာချိန် နီးပြီ ၊ တော်ပါ ရှင် ၊ ရှင့် ပြော ရတာ တယ်ပြီး လက်ဝင်တယ် ”
ဟု မျက်နှာ ပေး တစ်မျိုး နှင့် ပြုံးပြုံးလေး စောင်းငဲ့ ကြည့်ကာ ထဘီ ကို ဟန် ပြင် ရင်း မီးဖိုခန်း သို့ ဝင်သွား လေ၏ ။
အလင်းရောင် သည် မြသိန်း ၏ ဦးနှောက် တွင်း သို့ ထိုးဝင် လာလေ၏ ။ ကောင်မကလေး သဘော ကို ရိပ်မိ လေ၏ ။ သူ့ မိဘ တွေ လစ်တုန်း ခေါ်တယ် ၊ မဟုတ်ပါဘူးလို့ ဇွတ် ငြင်းတာ လည်း မရ ၊ အတင်း ဟုတ်ရမယ် တဲ့ ၊ မုန်းတယ် လို့ လည်း မပြောရပါကလား တဲ့ ၊ စာရေး ကောင်း သလောက် ခပ်ရှော်ရှော် ထင်ပါရဲ့တဲ့ ( လူပါးဆို ) တဲ့ ၊ ကံ သီ လို့ လိပ် ထိုးမိရက်သား နဲ့ စူဠ နဲ့ အစား ခံရမလို ၊ ( ငါ ဟဲ့ ယောက်ျား ၊ နုခန်း ကို ဆိုက်ခါ မှ မကြိုက်ကြုံ သည်လိုများ သုန်ခဲ့လျှင် ဒုလ္လဘတရားတော် နှင့် ရေကျော်ဝင် နှေးရော့မယ် ... အပန်း နှင့် အဆွေး ၊ စခန်းသိပ် မဝေးရအောင် ၊ ခွေးရူးကိုက် စွန်ရဲ ၊ ဝပ်ကျင်းကို ဆွဲတော့မည် ၊ နန်းပွဲရ ကစိန္ဒံ က ၊ အဓမ္မလက်သံနှင့် ၊ ဓားပြဉာဏ် သစ်လိုက်စမ်း ကိုးမြို့စား ) ဆိုတဲ့ ဦးပုည ရေး ဝိဇယပြဇာတ် က ပတ်တိုက် ကို သဘော ကျဟန် နှင့် တလောထ ပြန် ကာ မီးဖို ထဲ သို့ ဝင် လိုက် သွားလေ၏ ။
“ အို ဘယ့်နှယ် ဝင် လာ ရ သလဲ ၊ ထွက်ပါ တံခါး ပိတ် မလို့ ”
“ မဖုံးကလေး မဖုံး နဲ့ ၊ မဖိ နဲ့တော့ မရဘူး သိရဲ့လား ၊ မင်း ပြောရမယ် ၊ ဟောဒီ ပါးစပ်ကလေး က ချစ်တယ် လို့ ပြော ရမယ် ”
“ ဟင့်အင်း မပြောဘူး ၊ အခုမှ ဘာ လာပြီး ရမ်းမလို့လဲ ၊ လွှတ်ပါဆို အို ... အမေ့ ”
မီးပြောင်းကလေး သည် မီးဖို ပေါ် မှ အောက် သို့ ကျွမ်းထိုး ချ လိုက်လေ၏ ။ ဒန်အိုးဖုံး နှစ်ခု က လည်း ကတ်သီးကတ်သတ် နှင့် ပန်းကန်စင် ပေါ် မှာ ရန်ဖြစ် နေ ကြလေ၏ ။ ထိုအခိုက် နောက်ဖေးတန်း ဆေးလိပ်ခုံ က “ ပြဒါး နှစ်လုံး ၊ အသာကိုင် ၊ ဖားဂမုန်း ဆရာမနိုင် ” ဆိုတဲ့သီချင်း ကို ကောင်မကလေးတွေ တညီတညွတ် တည်း ဆိုကြ လေ၏ ။ အသံ ဝက်သဆီ ဖြူနီကြောင်ကြားကလေး တစ်ခု က “ အို ကျေးဇူးရှင် ၊ အမေကြင် လာ ခေါ် တောင် ကောင်းရဲ့လား မောင်မောင် ” ဆိုတဲ့ ဂျွန်နီယံမတင်အောင် ရဲ့ သီချင်း ကို ကြူ လိုက်ပြီး နောက် မကြာမီ ကောင်မကလေး တွေ ညီတူညာတူ “ ကမ္ဘာမြေ ပထဝီ ၊ တုန်လှုပ်အောင်ပ ၊ ယောက်ျားညီမျှ ၊ တစ်ကောင်ဖွားဇာနည် ” ဆိုတဲ့ ရုပ်ရှင် ထဲ မှာ မြင်း အပြေး စီးသွားစဉ် တီး ကြတဲ့ ခြောက်ပေါက် ဗိန်းဗောင်း တိုက် နေ ကြလေ၏ ။
မြကြည် သည် မြသိန်း ၏ လက်မောင်း ကြား မှ ရုန်းထွက် လာ လေ၏ ။
“ ကိုမြသိန်း ဟောဟိုမှာ တွေ့ လား ၊ မေမေ နဲ့ ဖေဖေ တို့ ဥပုသ်ဇရပ် က ပြန် လာပြီ ”
“ ဟင် ဘယ့်နှယ် လုပ်မလဲ ၊ ဒီ နောက်ဖေးဘက် က ခြံပေါက် ရှိရဲ့လား ”
( ပြေးရန် ဟန် ပြင်သည် )
“ ဟောဟော ပြီးပြီး ပျောက်ပျောက် ပြေးတော့ မလို့ ၊ လာခဲ့ မပြေးရဘူး ”
( ပုဆိုး ကို ဆွဲ ထားသည် )
“ အို လွှတ်ပါ မြ ရဲ့ ၊ မတော်တဆ မြင် သွားမှ ဖြင့် ဟိုမှာ လာ ကုန်ပြီ ”
“ လာလာ သူများ သမီး ကို အိမ်တိုင်ယာရောက် လာပြီး ဒီလို စော်ကားရ သလား ၊ ပြီးတော့ ပြေးဦး မလို့ ”
“ အမယ်လေး ခက်တာပဲ နော် ၊ မြင်တော့မှာပါပဲ ၊ အခု လွှတ်စမ်းပါဦး ၊ နောက်မှ ကြည့်ပြီး ... ”
“ ဘာရမလဲ သာဝ ရယ် ၊ လာခဲ့ လာခဲ့ ၊ အပြင် ထွက်ခဲ့ ၊ ဒါနဲ့များ ဟင် ...”
ဟု သွားဖျားကလေးများ နှင့် နှုတ်ခမ်း ကို ကိုက် ကာ ပြုံးစိစိ မျက်နှာ နှင့် ဘီးဆံပတ် ကို တစ်ပတ်လျှို ထုံးရင်း “ ဟောဟို က ကုလားထိုင် မှာ ထိုင် ၊ ရှင် လူပါး ဆို ဒါနဲ့များ ဒီလို ကြံ ဝံ့တာ အံ့ပါရဲ့ ၊ ဘာ အခုမှ တုန်နေရသေးသလဲ ၊ ငရဲ က လာတဲ့ လူ ပြာပူ မကြောက်ရဘူး ရှင်ကြီး ရဲ့ ၊ ငြိမ်ငြိမ် နေပါ ၊ မျက်လုံး က ပုရစ် ဝင် စားတဲ့ လူလို ပြူးတူးပြဲတဲ နဲ့ ၊ ဘိုဆံတောက် ကို လည်း သပ်လိုက်ဦး ၊ ပွနေတယ် ၊ အင်္ကျီ မှာ ပေါင်ဒါမှုန့်တွေ နဲ့ ပွတ် ပစ်လိုက် ၊ အဲ့ ဟို ဗန္ဓုလဂျာနယ် ကြည့်နေ ” ဟု အမိန့် ပေး လေရာ မြသိန်း မှာ ရုပ်သေးမင်းသား လို ကြိုးဆွဲ ရာ က ရ ရှာလေ၏ ။
ဦးအေး နှင့် ဒေါ်နှင်း လည်း အိမ် ပေါ် သို့ တက်လာကြ လေရာ မြကြည် က ဆီး၍ “ ဖေဖေ ၊ ကိုမြသိန်း ရောက် နေတာ ကြာလှပြီ ၊ မနက် ကတည်း က ပဲ ၊ ကြည်ကြည် ခေါ် ထားတယ် ၊ ဖေဖေ မလာနိုင်လို့ သူ့ ခမျာ စာ ကြည့်ရင်း တောင် ငိုက် နေတယ် ” ဟု ပြောလိုက် မှ မြသိန်း ၏ ရင်ခွင် ထဲ တွင် ရေခဲတုံးကြီး ရောက်နေ လေ တော့၏ ။
“ ဪ …. မောင်မြသိန်း ဦး မလာနိုင်တာ နဲ့ ကွယ် ၊ ကြည်ကြည် ကို မှာ ထား ရတယ် ၊ မောင်မြသိန်း ဈေး က ပြန် လာရင် အိမ် ခဏ ဝင်ပါဦး လို့ ၊ သမီးရေ လက်ဖက်ရည် မတိုက်ဘူးလား ကွဲ့ ”
“ ဪ … ဖေဖေ ၊ ကြည်ကြည် လည်း လုံးလုံး သတိ မရဘူး ၊ ဆွမ်း ထွက် လောင်း ရတာနဲ့ ကိစ္စ မရှိပါဘူး ဖေဖေ ရယ် ၊ ဒီ ဧည့်သည် က တခြား လူ မှ မဟုတ်ဘဲနဲ့ ” ပြုံးရင်း ပြောလိုက်ရာ မြသိန်း ၏ ရင်ထဲ က ( သမက်ကလေး ပဲ ) စသည် ဖြင့် ဝါကျ ကို ပြည့် အောင် ဆက် လိုက်လေ၏ ။
“ နေပါစေ ဦး ရယ် ၊ ကြည်ကြည် လည်း သူ့ ခမျာ မအားရ ရှာပါဘူး ၊ ကျွန်တော် ဆိုင် က သောက်ခဲ့ပါတယ် ”
“ မောင်မြသိန်း ကို ဦး ပြောချင်တဲ့ ကိစ္စ ကတော့ ဦး ကုသိုလ်ပြုတဲ့ စောင်းတန်းကြီး အတွက် သစ်တွေ ကို ရန်ကုန် မှာ သွား ဝယ်ဖို့ ဦး လည်း မတတ်နိုင် ဘူး ကွဲ့ ၊ မောင်မြသိန်း လည်း ကျောင်း ပိက် ထားတယ် ၊ မြကြည် က ပြောတာ နဲ့ ဒီ ကိစ္စ မှာ ဦး ကို ကူညီစေချင်တာပါပဲ ကွယ် ၊ ဪ ... အသက် က လည်း ကြီး တော့ အရင် က လို ကျန်းကျန်းမာမာ မရှိ ၊ လယ်ယာစပါးတွေ သိမ်း ရတဲ့ ဒုက္ခ က လည်း တစ်ဖက် ၊ တယ် စိတ်ပျက်စရာ ကောင်းတဲ့ အရွယ် ပဲ ကွယ် ”
“ စိတ်ချပါ ဦး ရယ် ၊ ကျွန်တော် တတ်အား သမျှ ကူညီ ဆောင်ရွက်ပါ့မယ် ”
“ သာဓုပါကွယ် သာဓု ပါ ၊ သမီးရေ ထမင်း ပြင် ဟေ့ ၊ ကဲ မောင်မြသိန်း လည်း မပြန်နဲ့ ကွယ် ၊ ဒီမှာ ထမင်း စား တာပေါ့ ”
ကြောင်သူတော် က မူ ဝမ်းတွင်းက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လှည့် နေ လေ၏ ။
( အထက်ပါ အဖြစ်အပျက်များ ဖြစ်ပြီး နောက် တစ်နှစ် ခန့် ကြာသော အခါ ကျွန်တော့် ထံ စာ တစ်စောင် ရောက် လာ၍ ဖောက်ပြီး ဖတ် လိုက်ရာ )
မိတ်ဆွေထိပ်တင်
အဘိုးကြီး လည်း မူးတယ့်ရောဂါ နဲ့ လွန်ခဲ့တဲ့ သုံးလ လောက် က ဆုံး ရှာပြီ ၊ ဒါကြောင့်မို့ ဒီ ကိစ္စ ကို နှစ်သစ်ကူး ပြီး မှ စီမံ လျှင် သင့်မည် ထင် ပါသည် ။ မိတ်ဆွေ က ရေးနည်း သားနည်း ပြ ပေးတဲ့ ဝတ္ထုကလေး ကြောင့် ရတဲ့ မိန်းမ မို့ ဒီ ကိစ္စ ကို မိတ်ဆွေ သဘောကျ လာ ၍ ဆောင်ရွက် လှည့်ပါ ၊ အမယ်ကြီးက တော့ အလုံးစုံ ပုံအပ် ပြီးသား ပဲ ၊ ပြီးတော့ မင်္ဂလာ သြဘာရတု ပိုဒ်စုံ ရေးခဲ့ဖို့ လည်း မမေ့နဲ့နော် ၊ မိတ်ဆွေ ဟို အဆက်ကလေး ကော နေရာ မကျသေးဘူး လား ၊ ဖုံးပါ ခင်ဗျားတော့ တော်တော် ဖုံးပါ ၊ မိတ်ဆွေ ကျေနပ်မယ် ဆိုလျှင် ကျေးဇူး ဆပ် ဖို့ ခယ်မ ဝမ်းကွဲကလေး ချောချော တစ်ယောက် ရှိပါသည် ။ လ မဆန်းခင် ရောက်အောင် လာခဲ့ပါနော် ၊ ကြည်ကြည် က လည်း တမျှော် တည်း မျှော် နေသည် ထိပ်တင် ။
မြသိန်း
အင်း သူတို့များ တော့ ဝတ္ထု တစ်ပုဒ် ဆို ဆို သလောက် နိပ်တာပဲ ၊ သူတို့ လို ဝတ္ထုမျိုး ရေးတဲ့ လူတွေ ကြောင့် တို့များ လို အမြဲတမ်း ရေး နေတဲ့ လူတွေ ဟာ နာမည် ပျက် ကုန်တော့မယ် ထင်ပါရဲ့ ၊ ဟယ် .. ကိုယ် ကောင်းရင် ခေါင်း မရွေ့ပါဘူး ၊ သူ လို လူများ သော် မှ နေရာ ကျ သေးတာ ၊ တို့များ တစ်နေ့ နေ့ ကောင်းတာတော့ တွေ့ဦး မပေါ့ ၊ တစ်သက်လုံးလုံး အဆိုးကြီးပဲ ဘယ် ဟုတ်မလဲနော် ဆဒ္ဒန်ကြီး ရဲ့ ၊ လူ ထွင်း တဲ့ ခံတွင်း မှ မဟုတ်ဘဲ ၊ နတ် ထွင်း ဟင် ငါ့ ဟာ ဘာဆိုင် လို့ တုံး ။
◾ဆကာကြီးထိပ်တင်
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment