( ၂ )
ရွာထန်းတော ။
ထင်တဲ့ အတိုင်းပဲ ။ ထန်းရည်ဝိုင်း မှာ လူစု မကွဲကြသေးဘူး ။ ကာလသား လေးငါးခြောက်ယောက် လောက် ထန်းရည် သောက်ပြီး တော်တော်လေး မူး နေ ကြပြီ ။ မြူအိုးတွေ က လည်း ပြန့်ကျဲလို့ ။ ပက်လက် လန် သူ က လန် ၊ မှောက်သူ က မှောက် ၊ သောက်သူ က သောက် နဲ့ ရှိကြရာ က ထန်းတော ထဲ စံလှဘော် ဝင်လာ တာတွေ့ တော့ ထန်းရည် ချော့ တိုက်ဖို့ လှမ်းခေါ်ကြရော ။ စံလှဘော် က နားရွက် ကြား စကားဝါ တစ်ပွင့်ညှပ်ပြီး ကာလသားတွေ ကြား ထဲ ဝင် ထိုင် တယ် ။ စံလှဘော် က ထန်းရည် ၊ အရက် သောက်ခဲတယ် ။ မသောက်တာ တော့ မဟုတ်ဘူး ။ ရွာ နဲ့ ဝေးလို့ ၊ ကျောင်း နဲ့ ဝေးလို့ တစ်ရပ် တစ်ကျေး ရောက် ရင်တော့ သောက်တယ် ။ ရွာ မှာ တော့ မသောက်ဝံ့ဘူး ။ ဘုန်းကြီး ကို ကြောက်တာ လည်း ပါတယ် ။
စံလှဘော် က နား ပန်ထားတဲ့ စကားဝါပွင့် ကို ဝိုင်းရှေ့ ချတော့ အားလုံး က ကြည့်ကြတယ် ။
“ ကိုကြီးဘော် ၊ နားရွက်ကြား ပန်းတစ်ပွင့် ညှပ်လို့ ၊ ဘာတွေများ အူမြူး လာတုန်း ဗျ ”
“ မြချစ် ပန်တဲ့ ပန်းလေကွာ ၊ ခေါင်း က ဖြုတ်ပေး လိုက်လို့ ယူလာသာပါ မောင်ရာ ၊ ရှေးက ချစ်သူချင်း စကားထာ ဝှက်ကြတဲ့ အခါ မိန်းကလေး က မေးလို့ ယောက်ျားကလေး က မဖြေနိုင်ရင် ယောက်ျားကလေး နား မှာ ပန်ထား တဲ့ ပန်း ကို ရှုံးကြေး ပေးရသာ ရှိတယ် ၊ ပန်းပေးသယ် ပေါ့ ။ စာ တောင် ရှိသယ်လေကွာ ၊ မောင့် နား က စကားဝါပွင့် ပေးချင်ရဲ့လား ဆိုသာလေ ကွာ ”
“ ကောင်မလေး ပြုတ်ကျ နေတဲ့ ပန်း ကောက် လာသာ နေမှာပါ ဗျာ ၊ အချင်းချင်း လာ ကြွား မနေစမ်းပါနဲ့ ၊ ကိုကြီးဘော် ကလဲ ”
“ ခက်ပါကောကွာ ၊ ပန်းပေးကြေး စကားထာ ဝှက်ကြသာကွ ၊ ငါ က ပဒုမ္မာ ယုန်ထောင် လို့ မေးတော့ မြချစ် က မဖြေနိုင်ဘူး ၊ ဒါနဲ့ ငါ က ပဒုမ္မာ က ကြာ ၊ ယုန်ထောင် တာ က ပိုက် ၊ ကြာပိုက် ကြိုက်ပါ လို့ ပြောသာ ဆိုတော့ ရယ်သယ် ၊ ခေါင်း က ပန်း ဖြုတ်ပေး ရ ရော ၊ ဒါနဲ့ မြချစ် က ပြန် ဝှက်သယ် ”
“ ဘာတဲ့တုန်း ”
“ ပင်လယ် နဲ့ ကြက်ဖ တဲ့ ၊ ငါ က သိသာပေါ့ကွ ၊ ကောင်မလေး ဘာပြော ချင်လဲ ဆိုသာ ၊ ငါ ရိပ်မိပြီ ၊ ပင်လယ် က မကျယ်လား ၊ ကြက်ဖ က မတိုက်လား ၊ ကျယ်တိုက် ကြိုက်သယ် ကိုး ကွ ”
ကာလသားတွေ က မယုံကြပါဘူး ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြတယ် ။ အံ့သြတဲ့ မျက်နှာပုံ က လည်း ဖမ်းထားရ သေးတာလေ ။ တစ် ယောက် က ထ အော်ရော ။
“ ဟာ ၊ ကိုကြီးဘော် မြချစ် ဆီ က အဖြေ ရပြီကောဗျ ၊ ကောင်မလေး က ပညာ နဲ့ ဖြေသာ ၊ ပေါ့ပေါ့ မမှတ်နဲ့ ။ မြချစ် ဆီ က အဖြေ ရတဲ့ နေ့ ကျုပ်တို့ ထရေဖိုး တွေ ရှင်းသွား ဗျာ ။ ကျုပ်တို့ က ဝမ်းသာပါသဗျား ၊ ဟုတ်သယ် မဟုတ်လားဟေ့ ”
“ ဟုတ်ပေ့ကွာ ၊ ကိုကြီးဘော် ဝမ်းသာသယ်ဗျာ ၊ မြချစ် က လက်စသတ် တော့ ကိုကြီးဘော် ကို ကျနေသာ ပါလား ၊ ဟေ့ကောင် ငအုန်း ... မင်း တော့ ရင်ကွဲ ပြီ ၊ ငအုန်း က မြချစ် ကို ကြိုက် နေသာ ကိုကြီးဘော် ရေ ၊ အခုတော့ သည်ကောင် သွားပြီပေါ့ ”
ငအုန်း က မူးမူး နဲ့ စံလှဘော် ကို ဂျစ်ကန်ကန် ကြည့်တယ် ။ ငအုန်း က မြချစ် ကို ပိုးနေတာ ကြာပါပြီ ။ မြချစ် က ပြန် မချစ်လေ ငအုန်း က ဇွဲကောင်း လေ ကိုး ။ ငအုန်း မိဘများ က ချမ်းသာပေမယ့် မြချစ် က ငအုန်း ကို ကြည့် မရဘူး ။ သည် ကြားထဲ က မြချစ် ပန် တဲ့ ပန်း စံလှဘော် လက် ထဲ ပါ လာတာတွေ့ တော့ မခံချင်တာ ပါသလို စံလှဘော် ကို မြချစ် က မကြိုက်မှန်း သိပေမယ့် စံလှဘော် လာ ကြွားတာ ကို ရန် လုပ်ချင်တာလည်း ပါတယ် ။
“ ထန်းရေဖိုး ငါ ရှင်းမယ်ဟေ့ ၊ ဘုန်းကြီးကျောင်း က ကပ္ပိယ ကို ဒုက္ခ မပေး ချင်ကြပါနဲ့ကွာ ၊ သူ့ ခမျာ ဟို လူ ပေး သည် လူ ပေးကလေး ရှိရှာသာပါ ကွာ ၊ နော ... ကိုကြီးဘော် ရာ ”
သည်စကား ကို စံလှဘော် ဖျင်းခနဲ ဖြစ်သွားတယ် ။ ဘုန်းကြီးကျောင်း က ကပ္ပိယ ဆိုတာ ထားတော့ ၊ ဟုတ်လည်း ဟုတ်နေတာ ကိုး ။ ဟိုလူပေး သည်လူပေး ဆိုတာ ကို တော့ စံလှဘော် ရင် ထဲ မကောင်းလှဘူး ။ တစ်ရွာက ဘုန်းကြီးကျောင်း မှာ ကုပ်ကပ် နေရတဲ့ ဘဝ ဆိုပေမယ့် ကပ္ပိယ အဖြစ် ကျောင်းဝေယျာဝစ္စ လုပ်နေ ရတာ ကို စံလှဘော် ကျေနပ်တယ် ။ ပျော်လည်း ပျော်တယ် ။ ဆရာတော့် မေတ္တာ အရိပ် နဲ့ သူ့ ဘဝ လုံခြုံတာ လည်း ရှိတော့ သည် ရွာ သည်ကျောင်း ကို စံလှဘော် မခွာနိုင်ဘူး ။ ကပ္ပိယ ဆိုတာ ဂုဏ်ငယ်တဲ့ အလုပ်မှ မဟုတ်တာ ။ ဘုရားနီး ၊ တရားနီး ၊ သံဃာနီး အလုပ် ပဲ ။ မွန်မြတ်တဲ့ အလုပ် ပဲ ။ ကုသိုလ်ရတဲ့ အလုပ် ပဲ ။ ဝမ်းအေး ရတဲ့ အလုပ် ပဲ ။ သို့ပေသိ ဝင်ငွေ ရယ် လို့ တော့ ဘယ် ရှိပါ့မလဲ ။ တစ်ခါတလေ ဆရာတော် က ပေးလို့ ၊ ကျောင်း ရောက် လာတဲ့ ဒကာဒကာမ ကို လက်တို့ ခြေတို့ တောင်းပြီး ကိုယ်စောင့်လက်စောင့်ကလေး ပေးလို့ ရတာမျိုး က လွဲရင် ငွေ ရယ်လို့ ရစရာ ရှိတာမှ မဟုတ်တာ ။ တစ်ခါတလေ အင်္ကျီလေး ပုဆိုးလေး ဝယ်ချင်လို့ ပိုက်ဆံ မရှိတာမျိုး ၊ ဘုရားပွဲ ၊ ကျောင်းပွဲ အလှူအတန်းပွဲတွေ မှာ ဝယ်ချင်ရာ မဝယ်ရ ရှိပေမယ့် စံလှဘော် မရှက်ပါဘူး ။
တစ်ခါက ဆရာတော်ကြီး ကို စံလှဘော် မေးလျှောက် ဖူးတယ် ။ ကပ္ပိယ ဆိုတာ ဘာပါလဲ ဘုရား ဆိုတော့ ဆရာတော်ကြီး က ကပ္ပိယ ဆိုတာ ရဟန်း ကိစ္စ ဆောင်ရွက် ပေးရသူ သူတော်ကောင်း ကို ခေါ်တယ် လို့ မိန့်ဖူးတယ် ။ ကပ္ပိယ ကာရက ဆိုတာ က လှူဖွယ်ပစ္စည်း နဲ့ ရဟန်း နဲ့ အပ်စပ်အောင် ဆောင်ရွက် ပေးရသူ ဖြစ်လို့ အင်မတန် ကုသိုလ် ရတဲ့ အလုပ် ဆိုတာ လည်း မိန့်တယ် ။ သည် ကတည်း က သူ့ ကိုယ် သူ သိမ်ငယ် အောင် ၊ ဂုဏ်ငယ် အောင် မတွေးဘူး ၊ မကြံဘူး ၊ မလုပ်ဘူး ။ ဘယ်သူတွေ ဘယ်လို ထင်ထင် သူ့ ကိုယ် သူ ရဟန်းသံဃာ ရဲ့ အမှုတော် ကို ဆောင်ရွက်ရသူ အဖြစ် အမြဲတမ်း ဝတ်ကြီးဝတ်ငယ် ပြုစုခဲ့တာချည်းပဲ ။ ငအုန်း က ရွာသူဌေးသား ပီပီ သူ့ ကို ခပ်နှိမ်နှိမ် ပြောလိုက်တာ ကို တော့ စံလှဘော် ဒေါသ ဖြစ် သွားတယ် ။
“ ဟိုလူပေး သည်လူပေး ဆိုပေသိ သန့်ရှင်းပါသယ်ကွာ ၊ ငါ မခိုးဘူး ၊ မနှိုက်ဘူး ၊ မရှိရင် မရှိသလို ၊ ရှိရင် ရှိသလို ငါ နေသာပါကွာ ၊ သေချာသာက ငါ့ မှာ ငရဲ မရှိဘူး ကွ ”
ငအုန်း က စံလှဘော် ပြော လိုက်တော့ မြူအိုး ဆွဲ ကောက်ကိုင်တယ် ။ မူးမူး နဲ့ စံလှဘော် ခေါင်းကို ရိုက်ခွဲ မလို ဟန်ပြင် နေတော့ အနား က ကာလသားတွေ က ထ ဆွဲ ကြတယ် ။ စံလှဘော် က မဖြုံဘူး ။ အထိုင် တောင် မပျက်ဘူး ။ စကားဝါ ပွင့်ကလေး တောင် နမ်း နေ လိုက်သေးတယ် ။ ငအုန်း က စကားဝါပွင့် ကို မြချစ် နှစ်သက်တာ သိတယ် ။ မနက် တုန်း က သူ မြင်ခဲ့တာ သည် စကားဝါပွင့် ပဲ ဆိုတာ လည်း မှတ်မိတယ် ။ သည်ကြားထဲ က စံလှဘော် လို ဘုန်းကြီးကျောင်း က ကပ္ပိယ က သူ လို သူဌေးသား ကို စော်ကားရပါ့ မလား ဆိုပြီး ဒေါသတွေ ချောင်းချောင်း ထွက် လာတယ် ။ ကာလသားတွေ ဆွဲထားတဲ့ ကြား က စံလှဘော် ကို လှမ်း ကန် တယ် ။ စကားဝါပွင့်ကလေး လက် ထဲ က လွင့် သွားတဲ့ အခါမှာ တော့ စံလှဘော် လည်း ပုဆိုး တိုတိုဝတ်ပြီး ထ ရင်ဆိုင်တယ် ။ သည်အချိန် မှာ ငအုန်း က ဝိုင်းဆွဲ ထားတဲ့ ကာလသားတွေ ကို တွန်းဖယ်ပြီး စံလှဘော် ရှေ့ မှာ မြူအိုးခွံ တစ်လုံး ကိုင်ပြီး ခေါင်း ရိုက်ဖို့ ပြင် နေပြီ ။
“ ဘုန်းကြီးကျောင်း ကပ် စားလို့ ထမင်း ဝ နေတဲ့ကောင် ၊ သည်ကနေ့ တော့ ခေါင်း ရိုက်ခွဲ ပစ်မယ် လာခဲ့ ”
စံလှဘော် က ငအုန်း ကို ဝင် လုံးတယ် ။ မူး နေတဲ့ ငအုန်း က မြူအိုး ကိုင် လျက် နဲ့ လဲကျ သွားတဲ့ အခါ စံလှဘော် က ငအုန်း ပေါ် ခွ ထိုင် လိုက်ပြီး ငအုန်း လက် ထဲ က မြူအိုး ကို ဆွဲ လု လိုက်တယ် ။ မြူအိုး ကို မြှောက်တင် လိုက်ပြီး ငအုန်း ခေါင်း ကို ရိုက်ခွဲ ဖို့ ပြင် လိုက်ချိန် မှာ ပဲ နား ထဲ က “ ကပ္ပိယ ” လို့ အော် လိုက်တဲ့ အသံကြီး ကြား လိုက်ရတယ် ။
ကပ်ပိယ … ။ ကပ်ပိယ .. ။ ကပ်ပိယ .. ။
အော်သံတွေ က ဆက်တိုက် ကြား နေ ရတယ် ။ စံလှဘော်လက် ထဲ က မြူအိုး ဟာ လေ ထဲ က ပြုတ်ကျ သွားရာ က မြေ ပေါ် မှာ အစိတ်စိတ် အမွှာမွှာ ကွဲသွား လေရဲ့ ။ ငအုန်း ကို ခွထိုင် နေရာ က ထ လိုက်တယ် ။ ငအုန်း လှမ်း ကန်လို့ ခပ် ဝေးဝေး ရောက် နေတဲ့ စကားဝါပန်းကြေ ကို သွား ကောက်ယူ လိုက်တယ် ။ ပြီးမှ ထန်းတော ထဲ က ပြန်ထွက် လာခဲ့ရော ။ ထန်းတော ထိပ် ရောက် မှ စံလှဘော် က ငအုန်း ကို လှမ်း အော် လိုက်တယ် ။
“ ငအုန်း ... ၊ ငါ ကပ္ပိယ မို့ လို့ မင်း သက်သာသွားသယ်မှတ် ”
ထန်းတော ထိပ် က တဲရှေ့ ရောက် တော့ တဲဝ မှာ ရင်ရှား နဲ့ ရပ် နေတဲ့ ထန်းသမား မိန်းမ တစ်ယောက် က သူ့ သား ကို လှမ်း အော်တဲ့ အသံ စံလှဘော် ကြား လိုက် ရတယ် ။
“ ငတင် ရေ ... ၊ သားရေ မြူအိုးတွေ သွား ကောက် ချေဦး သားရေ ” တဲ့ ။ ငတင် ရေ ဆိုတဲ့ အသံ ကြားတော့ မှ ဘုန်းကြီး က ဒကာမောင်တင့် သွား ခေါ်ချေစမ်း ဆိုတာ ကို သတိရ သွားတော့တယ် ။ သည်တော့ မှ ဒကာမောင်တင် ဆိုတာ ဘယ် မောင်တင့် ပါလိမ့် လို့ တွေးမိကရော ။ ဘုန်းကြီး က သူ သဘော ပေါက် လောက်တယ် ထင်ပြီး ဒကာ မောင်တင့် ခေါ်ချေ ပြောတာ ထား ။ စံလှဘော် က နားကျပါးန နား မထောင် ခဲ့တော့ ဘယ်သူ ခေါ်ရမှန်း မသိ ဖြစ်နေရော ။ သည်တော့ ဘုန်းကြီး လည်း ကျေနပ် လောက်အောင် ၊ လူ လည်း မလွဲ နိုင်အောင် ရွာ ထဲ က ဦးတင် မှန် သမျှ ဘုန်းကြီး ခေါ် လို့ ကျောင်း ကို ကြွပါလို့ လိုက် ပြောတယ် ။ ရွာ ထဲ မှာ လည်း ဦးတင် က ချည်း သုံးလေး ယောက် ရှိတော့ အိမ်စေ့ ပြေးရတော့ တာပါ ။ သည်လို နဲ့ စံလှဘော် ကျောင်း ကို ပြန် ရောက် လာခဲ့တယ် ။ ဆရာတော် စင်္ကြံ လျှောက် နေတဲ့ အနား သွား ပြီး မြေကြီး ပေါ် မှာ ပဲ ထိုင် ရင်း ဝတ်ဖြည့် တယ် ။
“ ဟဲ့ ငဘော် ... မင်း မောင်တင့် သွားခေါ်သာ ကြာလှချေလား ”
“ လိုက် ခေါ်နေရလို့ပါ ဘုရား ... ၊ သေချာအောင်ပါ ဘုရား ”
“ မောင်တင့် ခေါ်သာ သေချာဖို့ လိုသေးသလား ဟဲ့ ၊ သွား ထမင်း စားချေ ”
“ တင်ပါ့ ဘုရား ”
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment