Monday, May 22, 2023

ဆရာသော် ရဲ့ ဘဝ တစ်ကွက်


 

❝ ဆရာသော် ရဲ့ ဘဝ တစ်ကွက် ❞

ဆရာသော်တာဆွေ ကို ကျွန်တော် တို့ က “ ဆရာသော် ” လို့ ပဲ ခေါ် ကြပါတယ် ။

ဆရာသော် က ကျွန်တော့် ထက် တစ်နှစ် လောက် စောပြီး အင်းစိန် ကို ရောက်တယ် ။ မဂ္ဂင်ကျောင်းလမ်း မှာ နေ လေတော့ ကျွန်တော် တို့ နဲ့ မဝေးလှဘူး ပေါ့ ။ ကျွန်တော် က မင်းကြီးလမ်း မညကကုန်း မှာ လေ ။ ကျွန်တော့် အိမ် က ဆက် လျှောက် လိုက်ရင် ပထမဆုံး ဟိုက်ပတ်လမ်း ကို တွေ့  ။ ဟိုက်ပတ်လမ်း ထိပ် မှာ ဆရာသော် ရဲ့ လက်စွဲတော် တပည့်ကျော် ကိုပိုက် ။ ပြီးတော့ တရားသူကြီး ဦးခင်ဦး ၊ သူ က စစ်ကိုင်းသား ၊ ဆရာသော် ရဲ့ မိတ်ဆွေကြီး ။ အဲ ... ဆက် သွားတော့ ဘိုကုန်းဈေး ၊ နည်းနည်း ဆက် လျှောက် လိုက်တော့ ပျဉ်းမငုတ်တို မှတ်တိုင် ခင်ဗျ ။

အဲ ... ပျဉ်းမငုတ်တို မှတ်တိုင် ဟာ မဂ္ဂင်ကျောင်းလမ်း ပါ ပဲ ။ အဲဒီ လမ်း မှာ ဆရာသော် နေပါတယ် ။

ဆရာသော် ရယ် ၊ အန်တီမေ ရယ် ၊ ကိုငယ် ရယ် ၊ ကိုငယ် ရဲ့ သမီး အက်ဖီ ရယ် စသ ဖြင့် ပေါ့လေ ။ လူ သိပ် မများ လှ ပါဘူး ။ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေ ကြတယ် ။

ကျွန်တော် တို့ က နေ့တိုင်း လောက် ဆုံ ဖြစ် ပါတယ် ။ ဆရာသော် က ဈေးဝယ် ထွက် လာ ၊ ကိုပိုက် ကို ခေါ် ၊ တောင်သူကုန်း ထဲ က ယိုးဒယား ဈေး လို့ ခေါ်တဲ့ ကရင်ဈေး မှာ ဈေးဝယ် ၊ ဈေးဝယ် ပြီး ရင် ကိုပိုက် အိမ် မှာ ဖွင့် ထားတဲ့ နံ့သာရိပ်ကဖီး မှာ ထိုင် ကြတာကိုး ။

ဆရာသော် ဆိုတာ က ကျွန်တော် တို့ ကာလသား ကတည်း က စွဲစွဲ လမ်းလမ်း တမ်းတမ်း တတ ဖတ်ခဲ့ ရတဲ့ စာရေးဆရာကြီး မဟုတ်လား ။ သူ့ ရဲ့ ဟာသဝတ္ထုတွေ ဆိုရင် မလွတ်တမ်း ပေါ့ ဗျာ ။

လစဉ် ရှုမဝမဂ္ဂဇင်း ရောက် လာပြီ ဆိုရင် သော်တာဆွေ ရဲ့ ဝတ္ထု ကို လက်ဦးဆုံး ဖတ် ရတယ် ။ “ ကျွန်တော် ရုပ်ရှင်မင်းသား ” ၊ “ ကျွန်တော် ပန်းချီဆရာ ” ၊ “ ကျွန်တော် ပြဇာတ်မင်းသား ” “ ဂေါ်တက္ကသိုလ် ” “ ဖိုးသော်တာ စန္ဒာလကိုကွယ် ” စတဲ့ ဝတ္ထုတွေ နဲ့ လျှမ်းလျှမ်း တောက် နေ တဲ့ ကာလ က ပေါ့ဗျာ ။ ကျွန်တော့် သူငယ်ချင်း သုဝဏ္ဏ မှာ နေ တဲ့ ဖိုးကံရွှေ ဆိုရင် အလွတ် နီးနီး လောက် ရသဗျ ။ သော်တာဆွေ ရဲ့ ဇာတ်ကောင် တွေ ဆိုရင် သူ နဲ့ ဆွေမျိုးရင်းချာ လောက် ရင်းနှီး ပြီး ဆရာသော် နဲ့ တွေ့ တော့ “ ဘယ်သူ ကော နေကောင်းရဲ့လား ” ၊ “ အခု ဘယ်သူ ဘာဖြစ်သွားသေးလဲ ” စသဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးလိုက်တာ ဆရာသော်တာဆွေ တောင် တအံ့တသြ လက်ဖျား ခါ ယူ ရတယ် ။ ဆရာသော် ကိုယ်တိုင် သော် မှ သူ့ ဇာတ်ကောင် တွေ ကို မနည်း ပြန် စဉ်းစား ယူ နေ ရတာ ကိုး ။ အဲသလောက် ဆရာသော်တာဆွေ ရဲ့ စာတွေ က ပရိသတ် အပေါ် မှာ လွှမ်းမိုး ခဲ့ လေတော့ ဆရာသော် နဲ့ ကျွန်တော် တို့ တွေ့ကြတဲ့ အခါ ဘယ်သူ မှ မိတ်ဆက် ပေးစရာ မလို ၊ အတွင်းသိ အဆင်းသိ ၊ ဆရာသော် နဲ့ ဆွေမျိုးရင်း ပေါ့ ။ ဘာ မိတ်ဆက် ဖို့ လိုတော့မလဲ ဗျာ ။

အင်းစိန် မှာ ဆရာသော် နဲ့ ဆုံရတဲ့ အခိုက် မှာ အန်တီမေ လှေကား ပေါ် က လိမ့် ကျလို့ ခြေ ကျိုးပြီး ပက်လက် နေရရှာ တဲ့ အခိုက်အတန့် ပေါ့ ။ ဆရာသော် အတော် ဒုက္ခ ရောက်ရ ရှာတယ် ။ အစစ အရာရာ သူ သာ လုပ်ရ ရှာတယ် ။ အန်တီမေ စားရေးသောက်ရေး ၊ ဆေးကုသရေး ၊ ချက် ပြုတ်ရေး စသည် ဖြင့် ပေါ့လေ ။ အိမ် အရေး မှန်သမျှ ဆရာသော် ချည်း ပဲ လုပ် ရ ရှာတယ် ။ ဒီတော့ ဆရာသော် ရဲ့ အရွယ် က လည်း ၇ဝ ကျော်စ ပြု ပြီလေ ။

ဒီမှာ ဆရာသော် ရဲ့ ကြံ့ခိုင်ပြီး ယောက်ျား ကောင်း ပီသတဲ့ အမူ အရာ ကို တွေ့ ရတာပဲ ။ လောကဓံ ဟာ ဆရာသော် ရဲ့စိတ်ဓာတ် ကို စမ်း ကြည့် ပုံ ရတယ် ။ ဘာရမလဲ ၊ ဆရာသော် ရဲ့စိတ်ဓာတ် က အာဂ စိတ်ဓာတ် ။

ဆရာသော် နဲ့ တွေ့ ရတိုင်း စိတ်ညစ် တဲ့ အမူအရာ မတွေ့ရဘူး ။ စိတ်ဓာတ် ကျတဲ့ လက္ခဏာ မတွေ့ ရဘူး ။ ဆရာသော် ဆီ က ညည်းညူသံ တစ်ချက် မှ ထွက် မလာဘူး ။ ဆရာသော် ဟာ အိပ်ရာ က မထနိုင် ရှာတဲ့ သူ့ ဇနီးသည် “ မေ  ” ရဲ့ နံဘေး မှာ အမြဲ ရှိတယ် ။ အမြဲ အားပေးတယ် ။ တောရှောက်ခါးရည်ကလေးတွေ လိမ်း ပေးရင်း ကြင်ကြင်နာနာ စကား တွေ နဲ့ ဖြေသိမ့်တယ် ။ သူ့ ဇနီးသည် မေ ရဲ့ အညစ်အကြေး ကအစ သိမ်းဆည်း ပေးတယ် ။ ဆရာသော် ကို မြင့်မြတ်တဲ့ လင်သားကောင်း တစ်ဦး အဖြစ် တွေ့မြင် လိုက် ရပါတယ် ။

ကျွန်တော်တို့ အင်းစိန် က စာပေသမားတွေ တိုင်ပင်ပြီး “ သော်တာ ဆွေ ကန်တော့ပွဲ ” လုပ် ကြတယ် ။ ဆရာသော် ရဲ့ အိမ် နဲ့ နီး တဲ့ “ ဟံသာဝတီ ကမ္မဋ္ဌာန်းကျောင်း ” မှာ ကျင်းပတယ် ။ မောင်လင်းယုန် ( ရှမ်းပြည် ) ၊ မောင်ခိုင်မာ ၊ ကိုကြည်နိုင် ၊ ကိုဖေမြင့် ၊ စိုးမြင့်လတ် ၊ ယဉ်မင်းပိုက် ၊ ကိုပိုက် စသဖြင့် စာပေသမား အစုံအလင် ဝိုင်းဝန်း ဆောင်ရွက် ကြတယ် ။ အလွန် စည် ပါတယ် ။

တစ်ခါက ဆရာသော် ရဲ့သား ကျော်ကျော် ဆုံးတယ် ။ ဒေါ်နော်မာ နဲ့ ရတဲ့ သား ပါ ။ ကြည့်မြင်တိုင် မှာ နေပါတယ် ။ ဆရာသော် ၊ ဦးခင်ဦး ၊ ကိုပိုက် နဲ့ ကျွန်တော် တို့ တစ်တွေ ဈာပန ကို သွား ကြတယ် ။ အသုဘ မဏ္ဍပ် မှာ ထိုင် နေကြတုန်း ဆရာသော် က သူ့ အင်္ကျီအိတ်ထောင် ထဲ က ဓာတ်ပုံကလေး တစ်ခု ထုတ် ပြတယ် ။ ဓာတ်ပုံ က ဟောင်း လှပါပြီ ။ သူ့ သားကလေးတွေ ငယ်ငယ် တုန်း က ဓာတ်ပုံ ။ ရှင်ပြု တုန်း က ရိုက်ထား တဲ့ ဓာတ်ပုံ ။ ဆရာသော် ရဲ့ အဖေ က ပေါင်းတည် မှာ သူ့ မြေးတွေ ကို ရှင်ပြု ပေးခဲ့တာ တဲ့ ။ ဓာတ်ပုံကလေး ထုတ် ကြည့် ပြီး အလွမ်း ဖြေ ရှာတဲ့ ဆရာသော် ရဲ့အမူအရာ ကို ကျွန်တော်တို့ မမေ့နိုင်ပါဘူး ။

နောက်တစ်ခါ တောင်ဥက္ကလာပ ကို ဆရာသော် နဲ့ အတူ နာရေး ကိစ္စ တစ်ခု အတွက် သွားခဲ့ရ သေးတယ် ။ အဲဒါကတော့ သူ အလွန် ချစ် တဲ့ သူငယ်ချင်း ပညာ့တန်ဆောင် ဦးသန်းတင့် ရဲ့ နာရေး ပါ ။ ပခုက္ကူသား ဦးသန်းတင့် ရဲ့ သဘော ကောင်းပုံ ၊ ကူညီတတ်ပုံ ၊ စိတ်နေ သဘောထား ပြည့်ဝပုံတွေ ကို တဖွဖွ ပြော ခဲ့ ပါတယ် ။ တောင်ဥက္ကလာ ၁၆ ရပ်ကွက် က အပြန် လမ်းတွေ ရေလျှံ နေအောင် မိုးသည်း လို့ ဆရာသော် ၊ ဆရာမြသန်းတင့် ၊ ဆရာကျော်အောင် တို့ နဲ့ အတူ ပုဆိုး မ ပြီး ရေ ထဲ ဖြတ် ပြန်ခဲ့ရတာကို သတိရ မိ ပါသေးတယ် ။

နောက်တစ်ခါ ဆရာသော် ရယ် ၊ ကိုပိုက် ရယ် ၊ ကိုနွယ်မြင့် စတဲ့ လူ အနည်းငယ် ရွာမဘူတာ က နေပြီး မြို့ပတ် ရထား စီး ၊ ရန်ကုန်ဘူတာကြီး ရောက် ၊ ကုန်တိုက် ( ၁ ) မှာ ဆီချက်ခေါက်ဆွဲ ဝင် စားပြီး မြို့ပတ် ရထား စီး ပြီး အင်းစိန် ပြန် လာ လမ်းခရီး တစ်လျှောက် လုံး စိတ်ဝင်စားစရာ စာပေ အတွေ့အကြုံ ၊ ဘဝအတွေ့ အကြုံတွေ ကို ရယ်စရာ ၊ မှတ်သားစရာ တွေ ပြော ခဲ့ တာတွေ ကို လည်း ကျွန်တော် တို့ မမေ့နိုင်ခဲ့ပါဘူး ။

နောက် ... ကိုငယ် ဆုံးတယ် လို့ သိ ရတယ် ။ နောက် ... အန်တီမေ ဆုံးသွားရှာပြီ လို့ သတင်း ရ တယ် ။ ကျွန်တော် လည်း စိတ်မကောင်းခြင်း များစွာ ဖြစ်မိတယ် ။ ဆရာသော် ရဲ့ ကြုံတွေ့ ရမယ့် ဘဝ လောကဓံတွေ ကို ကိုယ်ချင်း စာ မိတယ် ။ နောက် ဆရာသော် ပြည်ထောင်စုရိပ်သာ ကို ရောက် သွားပြီ လို့  ကြား ရတယ် ။

ဆရာသော် နေ မကောင်းဘူး လို့ ကြား ရတယ် ။ ကျွန်တော် လည်း မအားလပ်တော့ ဆေးရုံ ကို မရောက်ဖြစ် လိုက်ဘူး ။ ဆရာသော် ဆုံး တော့ မှ ဆရာ့ ဈာပန ကို လိုက် ပို့ ဖြစ် ပါတော့တယ် ။

ဆရာသော် နဲ့ ဆုံခဲ့ ရတဲ့ ရက်တွေ က မများလှပါဘူး ။ ဒါပေမဲ့ ဆရာသော် ရဲ့ ရုပ်ပုံလွှာ နဲ့ စိတ်ဓာတ် ကို တော့ မေ့နိုင် မှာ မဟုတ်ပါဘူး ။

အမြဲ သတိရ နေမှာပါ ။

◾တင်မိုး

📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment