Friday, May 12, 2023

မွေးစားသမီး ( ၄ )


 ဒီ တစ်ခါတော့ ကိုနိုင် ပြောတာ ဟုတ်သည် ။ ဒီ ကား နှင့် အတူ မသွားနိုင်ဘူး ဆိုလျှင် ကိုနိုင် နှင့် စေ့စပ်ဖို့ လက်ထပ်ဖို့ ဆိုသော ကိစ္စ မှာ ပိုပင် ခက်ခဲ သွားပေလိမ့်မည် ။ ဘာကြောင့် မစီးချင်တာလဲ ဆိုသော မေးခွန်း ကို ထိုအချိန် လူကြီးတွေ က ထ မေး လာ လျှင် ဘယ်လို ဖြေရ မည်နည်း ။


ဒီတော့ ကေသီတာ သည် တိတ်တိတ်ကလေး လိုက် လာတာ အကောင်းဆုံး ပဲ ဟု ဆုံးဖြတ်ပြီး ဘာမှ မပြောတော့ ပဲ လိုက်ခဲ့သည် ။ ဤ အကြိမ် သည် သူမ နှင့် နိုင်ဝင်းထွန်း တို့ ကားပေါ် မှာ ပထမဆုံး အကြိမ် စကား ပြောမိကြခြင်း သာ ဖြစ်ပါသည် ။ အိမ် ကို ရောက် တော့ကေသီတာ သည် အရင် နေ့တွေ ထက် ပိုရွှင်လန်း နေသည် ကို အိမ် က လူတွေ အားလုံး ရိပ်မိကြသည် ။ သို့သော် မေမေကြီး က အစ မျက်နှာ နွဲ့ ကာ ကျေနပ် နေ သလိုလို ရှိသဖြင့် မောင် က ကလေးနွဲ့ နွဲ့ ကာ စ သလိုလိုလေး မေးသည် ။


“ မမကြီး ဒီနေ့ ဘာ ကောက်ရလာသလဲ ဟင်  ”


“ ကောက်ရတယ် .. ဘာ ကောက်ရ ရမှာလဲ .. ၊ ဘာကို မေးတာလဲ  ”


“ သြော် .. မမကြီး ပျော် နေလို့ တစ်ခု ခု တော့ လွဲနေပြီလို့ မောင် က ထင်လို့ပါ နော် .. အောင် ”


မူယာမောင် က ခင်မေအောင် ကို သက်သေ လုပ် သည် ။ အောင် က ခေါင်း ကို လေးငါးခါ ညိတ် ၏ ။


“ ဘာမှ ကောက် မရပါဘူး ၊ နည်းနည်း စိတ်လွတ် လက်လွတ်ကလေး ဖြစ်လာတယ် ဆိုရင်တော့ ဟုတ်တယ် ၊ ဒီလို မေမေကြီး ရယ် .. ဒီနေ့ ကိုနိုင် က သမီး ကို သူ့ လုပ်ငန်း ထဲက ကြိုက်တဲ့ ဌာန မှာ လုပ်ဖို့ ရွေး ခိုင်းတယ် ”


မေး သူ က မူယာမောင် နှင့် ခင်မေအောင် ဖြစ် သော်လည်း ကေသီတာ က ဒေါ်ထက်မေအောင် ကို သာ ရှင်းပြ လိုက်သည် ။


“ အဲဒီတော့ ... ”


“ သမီး က နွေး လည်း ရှိ ၊ သမီး လည်း ဝါသနာ ပါတဲ့ ဒီဇိုင်း ဘက် ကို ရွေး လိုက်တာပေါ့ ၊ ကိုနိုင် က လည်း သဘော တူတယ် ၊ နွေး ဟာ သူ ပြီးရင် ဒီ လုပ်ငန်း မှာ အကျွမ်းကျင်ဆုံး မိန်းကလေး တဲ့ ၊ အဲဒါကြောင့် သမီး အူ မြူးနေတာ ၊ ငယ်ငယ် ကတည်း က အရုပ်ကလေး တွေ လုပ်ပြီး အင်္ကျီ ချုပ် ပေးတာ လောက်ပဲ ကစား ဖူးတာလေ ၊ အခု နိုင်ငံခြား ကို ပို့မယ့်ပစ္စည်းတွေ ကို ဒီဇိုင်း လုပ် ပေးရမှာ ဘယ်လောက် ပျော်စရာ ကောင်းသလဲ .. ကဲ ”


ကေသီတာ က သာ အားရ ဝမ်းသာ ရှင်းပြ နေသော်လည်း ဒေါ်ထက်မေအောင် ကအားရ ကျေနပ်ကြောင်း အမူယာ မပြပဲ တစ်စုံ တစ်ခု ကို အလေးနက် စဉ်းစားနေသည့် ပုံစံမျိုး ရှိနေသည့် အတွက် မောင် နှင့် အောင် လည်း ငြိမ် နေရ သဖြင့် ကေသီတာ ၏ ပျော်ရွှင်မှု နှင့် ထွန်းလင်း နေသော မျက်နှာကလေး သာ ကျွံ ထွက် နေသည် ။


ဒေါ်ထက်မေအောင် က လူကြီး ပီပီ ဣန္ဒြေရရ နှင့် ဖြစ်သင့် ဖြစ်ထိုက်သော အစီစဉ် ကို ဆွဲခဲ့ပြီး ဖြစ်သည် ။ သို့သော် ယခု ကေသီတာ ပြောပြ နေသော အကြောင်းအရာ တွေ သာ အမှန် ဆို လျှင် သူတို့ စီစဉ်မှုသည် အလကားတွေ ဖြစ် ကုန် တော့မည် ။


ကေသီတာ သည် ရွှေခြည်ထိုး လုပ်ငန်း သို့ ဝင်တာ တစ်လ နီးပါး တော့ ရှိမည် ။ နိုင်ဝင်းထွန်း အကြောင်း ကို မပြော ၊ သူ့ ကို မှ မဟုတ် ၊ အောင် ၊ မောင် နှင့် ရီရီ့ကို လည်း မပြော ။ ဒေါ်ထက်မေအောင် က သူ့ သမီး နှစ်ယောက် နှင့် ရီရီ ကို နိုင်ဝင်းထွန်း အကြောင်း စ ပေးရန် စကားလမ်းကြောင်း တည်ပေးရန် ခိုင်း သော်လည်း ..


“ သူ က သိပ် အလုပ် များတာ ဟ ၊ ငါ့ ကို ကား ပေါ် က ချပေး ပြီးတာ နဲ့ သူ့ အခန်း ထဲ ဝင်သွားရော ၊ ငါ့ ကို နွေး က ပဲ လိုက်ပြပြီး ထမင်း စားချိန် ကျတော့ သူ က အပြင် ထွက်ပြီ ၊ ငါ့ ကို ပြန် ဖို့ အချိန် ရောက် မှ ပြန် ရောက် လာတာ  ”


“ ဟင် .. ဒါဆို ကိုနိုင် နဲ့ မမ က ရုံး မှာ အတူ နေ အတူ စား မဟုတ်ဘူးလား ”


“ အာ .. ဘယ်ကလာ .. ငါ့ ကို မနက် ပို့ မယ် ၊ ညနေ အိမ် ပြန် ပို့မယ် ၊ ဒါပဲ တွေ့ တာ ”


“ ကား ပေါ် မှာ ရော စကားတွေ ဘာတွေ မပြောကြဘူးလား ”


“ ဒီနေ့ အဆင်ပြေရဲ့လား ၊ ဘာလား ဒီလောက်တော့ ရှိတာပေါ့ ဟာ ”


“ ဒီလိုပုံ ဆို ကိုနိုင် က မမ ကို လူကြီးတွေ စီစဉ်ထားတာ က လွဲ ပြီး ဘာမှ ပိုတာ မရှိဘူးပေါ့ ၊ ပြီးတော့ မတွေ့ ရအောင် ရှောင် နေ သလိုကြီး ဖြစ် မနေဘူးလား  ”


“ အဲလိုတော့ လဲ မဟုတ်ပါဘူး ၊ သူ တစ်ကယ် အလုပ် များတယ် ဆိုတာ လဲ တစ်ကယ် ဟ ၊ သူ ရောက် နေတဲ့ နေရာ က နေ ဖုန်း နဲ့ ပစ္စည်းတွေ လှမ်း မှာတာ ၊ ကျွမ်းကျင်တဲ့ လူတွေ ခေါ်ပြီး အလုပ် အပ်တာ တို့ ၊ လူ သုံးလေးယောက် နဲ့ ခေါ် တွေ့ပြီး စကား ပြောတာ တို့ က တော့ နေ့တိုင်း ပဲ ၊ အခု အင်္ဂလန် က ပြပွဲ တစ်ခု မှာ သူ့ ရွှေခြည်ထိုးတွေ ပြခွင့် ရဖို့ စီစဉ် နေတာ တော်တော်လေး နီးစပ်နေပြီ တဲ့ ၊ နွေး က ပြောတာ ၊ အဲဒီ ဒီဇိုင်းကို ငါ ကိုင် ရ ရင်တော့ ရှယ် ကိုင် လိုက်မယ် ” ဆိုသော စကားလောက်သာ ရသည် ။ အခု နွေး ဆိုတာ တစ်ယောက် ထပ်ရောက် လာ ပြန် ၍ ဟို ကလေးမ က လည်း ကေသီတာ ထက် မောင်နိုင် ကို ပို ခင်ခင်မင်မင် ဆက်ဆံပုံ ပေါ်သည် ။


“ အဲဒီ နွေး ဆိုတဲ့ ကောင်မလေး က ချောသလား မိကေ ”


“ ချောတယ် မေမေကြီး ၊ သူ က သိပ် ဝတ်ရဲတာ ၊ ပြီးတော့ တော်လည်း တော်တယ် ၊ ဂျပန် လို လည်း တတ်တယ် ၊ အင်္ဂလိပ် လို လည်း မွှတ် နေတာပဲ ၊ အခု ပြပွဲ မှာ ကိုနိုင် က သူ့ ကို ခေါ်သွားမှာ တဲ့ ”


ဒေါ်ထက်မေအောင် စိတ် ပူ သည့် အဆင့် သို့ ရောက် သွား ပြီ ဖြစ်သည် ။ ဒီ အဆင့် လောက် မှာ ကိုယ့် ဘက် က လော ဖို့ မလိုသေးဘူး ဟု လည်း ဆင်ခြင်ရ သေးသည် ။ စေ့စပ်ပွဲ သည် ကြည်ဖြူစွာ အပ်နှင်းကြခြင်း သာ ဖြစ်သင့်သည် ။ ရောင်းမလား ဝယ်မယ် ၊ ဝယ်မလား ရောင်းမယ် အဆင့် သို့ မရောက်သင့်ပေ ၊ ဒီတော့ အချိန် ကို သာ စောင့်ဖို့ လိုပေတော့မည် ။


“ ဒီလို အလုပ် မှာ တော်တဲ့ မိန်းကလေး တစ်ယောက် နဲ့ အတူ လက်တွဲပြီး အလုပ် လုပ် ရတာ တန်ဖိုး ရှိတယ် သမီး ၊ သူ့ ဆီ က ပညာ ရအောင် ယူ ပေါ့ ၊ အလုပ်ကိစ္စ နဲ့ ပတ်သက် လို့ ကတော့ ငါ့ သမီး ကို မေမေကြီး က ယုံပြီးသား ပါ ”


ထိုနေ့ စကားဝိုင်း သည် ထိုမျှ နှင့် ပင် ပြီးကြရလေသည် ။ 


ပါဂျဲရိုး ကားကြီး သည် ငြိမ့်ငြိမ့်မှန်မှန်ကလေး ပြေး ၍ နေသည် ။ ကား ပေါ် တွင် မတော့ ထုံးစံအတိုင်း တိတ်ဆိတ်မှု က လွှမ်းမိုး နေပြီး နိုင်ဝင်းထွန်း ၏ မျက်နှာ သည် လဲ နေ့စဉ် တွေ့ နေကျ အတိုင်း အားနာစိတ် ၊ ရှက်စိတ် တို့ ဖြင့် ရဲရဲ နီလျှက် ရှိသည် ။ သူ့ ဆီ မှာ ကေသီတာ့ ကို ပြောစရာ စကားများ ရှိပါသည် ။ သို့သော် နှစ်ဖက် မိဘများ က တမင် ဂွင်ဆင် ပေး လိုက်သော အခြေအနေ ကို သူ က စကား ပြော လျှင် သူ သည် အခွင့်ရေး ယူ တတ်သော ယောက်ျား တစ်ယောက် ဟု ကေသီတာ ထင် သွားမှာ ကို သူ စိုးရိမ် သည် ။ နှစ်ဖက် မိခင် က အိုးချင်း ထား ၊ အိုးချင်း ထိ အစီစဉ် ကို ကေသီတာ က လည်း သိ နေမှာ ကျိန်းသေ သည် ။ သိလို့ သာ စကား မပြောတာပေါ့ ၊ ရှေ့ခုံ မှာ လည်း မထိုင်တာပေါ့ ၊စကား ပြောသင့်သော သူ နှစ်ဦး ကား တစ်စီး တည်း ပေါ် တွင် စကား မပြော ဖြစ်တာ ကို က တစ်ခု ခု မှားယွင်း နေကြောင်း သေချာ နေသည် ။


ကေသီတာ က လည်း သူမ က စ ပြောလျှင် မိန်းကလေး ဣန္ဒြေ ပျက်သည် ဟု ထင် သလို နိုင်ဝင်းထွန်း က လည်း သူ က စ ပြော လျှင် အခွင့်ရေး ယူသည် ဟု ထင်မှာ ယူဆ နေသည် ။ ထို့ကြောင့် ပါဂျဲရိုးကြီး သည် တိတ်ဆိတ် နေ၏ ။ သို့သော် ဒီနေ့တော့ ကေသီတာ့ မှာ ပြောစရာ စကား ရှိ နေပြီ ဖြစ်သည် ။ စကား ကို ဘယ် က စ ပြောရင် ကောင်းမလဲ ဟု စဉ်းစား နေသဖြင့် သာ ထိတ်ဆိတ် နေခြင်း ဖြစ်သည် ။ နောက်ဆုံးတော့ ရိုးရိုးပဲ ပြောတာ ကောင်းပါသည် ဟု ကေသီတာ ဆုံးဖြတ် လိုက်သည် ။


“ ကိုနိုင် .. ကိုနိုင့် ကို ပြောစရာ တစ်ခု ရှိတယ် ”


တိတ်ဆိတ်ခြင်း ကို ဖြိုခွဲပြီး ထွက် လာသော စကား ကြောင့် နိုင်ဝင်းထွန်း ရုတ်တရက် အံ့သြ သွားသည် ။


“ ဟုတ်ကဲ့ ”


“ ပြောစရာ ဆိုတာ ထက် အကူညီ တောင်းတာ ဆို ရင် ပို မှန်မယ် ကိုနိုင် ”


“ ဟုတ်ကဲ့ ”


“ ကျွန်မ တို့ ဆက်ရှင် မှာ လဲ့လဲ့မင်း ဆို တဲ့ ညီမလေး တစ်ယောက် က ကျွန်မတို့ လမ်းထိပ် မှာ နေတာ ကိုနိုင် ၊ သူ့ အိမ် က အဲဒီ လမ်းထိပ် ကနေ လျှောက် ရင် ၁၀ - မိနစ် လောက် ပဲ လျှောက်ရတယ် တဲ့ ၊ အဲဒါ ကျွန်မ နဲ့ အတူတူ သူ့ ကိုပါ ခေါ်ပါရစေလို့ ကိုနိုင့် ကို ခွင့်တောင်း တာပါ ”


ထုံးစံအတိုင်း ပင် ကိုနိုင် သည်ချက်ချင်း အဖြေ မပေး ၊ သူ့ ရုံး က မိန်းကလေး တစ်ယောက် ကို သူ့ ကား ဖြင့် ခေါ် ဖို့ ဘယ်တုန်း က မှ မစဉ်းစားခဲ့ဖူး ။ အခုတော့ စဉ်းစား ရ တော့မည် ။ ထို ကောင်မလေး က သူ့ ကား ပေါ်ပါ လာ လျှင် မိန်းကလေး နှစ်ယောက် မို့ သူတို့ ချင်း စကား ပြော ဖော် ရ လျှင် သူ အသက်ရှု ချောင်မည် ။ အခုလို နှစ်ယောက် ထဲ ဘာ စကား မှ ပြောစရာ မရှိ ၊ ဘာ ပြောရမှန်း မသိ သဖြင့် စိတ်ကြီး တင်းကျပ် နေတာမျိုး မဖြစ်နိုင်တော့ ၊ ဒီလိုဆိုလျှင် ခေါ်သင့်သည် ဟု သူ ယူဆလိုက်သည် ။


“ ဟုတ်ကဲ့ .. လမ်း ကြုံတယ် ဆိုရင် ခေါ်ပါ ၊ ကျွန်တော့် ကို အားမနာပါနဲ့ ”


“ ကြုံတယ် ၊ ကြုံတယ် ၊ ကျွန်မ အိမ် အဝင်လမ်း ကို မကွေ့ခင်ကလေး မှာ သူ ဆင်း မှာပဲ ၊ မနက် ကျ တော့ လည်း သူ အဲဒီနေရာလေး က ပဲ စောင့် လိမ့်မယ် ၊ ဒါဆို ဒီနေ့ ညနေ က စပြီး သူ့ ကို အဖော် ခေါ်ခဲ့တော့မယ် နော်  ”


“ ဟုတ်ကဲ့ ခင်ဗျ ”


ပထမ တော့ လဲ့လဲ့မင်း က သူ့ သူဌေးကား ကို လိုက် မစီးရဲကြောင်း ရုံး က သူငယ်ချင်းများ နှင့် ပတ်ဝန်းကျင် က သိမြင်လျှင် တစ်မျိုး တွေးကြ မြင်ကြမည် ဖြစ်ကြောင်း ပြော ရာ ကေသီတာ က သူမ အကြောင်း အကုန် ဖွင့်ချ ပြောပြတော့ မှ ပင် ကား အတူ လိုက် စီးခြင်းသည် ကေသီတာ့ ကို ကူညီခြင်း ဖြစ်ကြောင်း သဘော ပေါက် နားလည် ၍ သဘော တူခဲ့သည် ။


ထိုနေ့ ညနေ အပြန် တွင် ကား ပေါ်  ၌ ရယ်သံရွှင်သံကလေးများ ၊ ကိုရီးယား အခန်းဆက် ကားများ အကြောင်း ၊ ကိုရီးယား company များ ၏ ပြိုင်ဆိုင်မူ အကြောင်း ၊ ပါတိတ်ဈေး ၊ ရွှေဈေး နှင့် နောက်ဆုံး ပေါ်  ဆံပင်ဖြောင့် ကိရိယာ အကြောင်း ၊ တစ်ခါတစ်ခါ “ ဟုတ်တယ် မလား ဆရာ ” ဆိုသော လှမ်း တိုင်ပင်သံ ၊ တစ်ခါတစ်ရံ “ ဆရာ က သိပ် ဘက် လိုက် တာပဲ ” ဆိုသော စိတ်ဆိုးသံ ၊ တစ်ခါတစ်ခါ တော့ လည်း အကြောင်းရာ တစ်ခု ခု ကို ပြောပြီး သုံးယောက် စလုံး သဘောတကျ ရယ်သံများ ဖြင့် ကားစီးရခြင်း အရသာ သည် ပျော်စရာကြီး ဖြစ် လာသည် ။


ထို အကြောင်း ကို အောင် နှင့် မောင် မှ တဆင့် ဒေါ်ထက်မေအောင် သိ သွားသော အခါ သူတို့ ဆင် သည့် ဂွင် ထဲ သို့ မဝင်တော့ ကြောင်း နှစ်ဖက် စလုံး ကသိရှိ သွားပြီး ..


“ မြ ကတော့ ရှေ့ အပတ် ထဲ စီစဉ်ချင်ပြီ ထက် ရေ .. နွေး ဆိုတဲ့ ကလေးမလေး ကို လည်း တွေ့ ပြီးပြီ ၊ သွား လေ့လာတဲ့ သဘောပါ ၊ အမယ်လေး .. ဘိုဆန် လိုက်တာ လွန်ရော ၊ ရုပ်ရည်ကလေး က တော့ လှပါရဲ့ ၊ ပညာ လည်း တော်ပါရဲ့ ၊ ဒါပေမယ့် မဖြစ်ဘူး ထက် ရေ ၊ အဲဒိတော့ ရှေ့ အပတ် ထဲ နေ့ကောင်း ရက်သာ သာ ရွေး လိုက်ပါတော့  ”


“ ကောင်းပြီ မြ ၊ ဒီနေ့ ည ကို ရှေ့အပတ် ထဲ စီစဉ်မယ် ဆိုတာ မိကေ ကို ပြော လိုက်တော့မယ် ၊ မြ လည်း မြ ရဲ့ သား ကို ပြော လိုက်တော့နော် .. ဒါပဲ ”


ကား ပေါ်  တက် လိုက်ပြီး မကေသီတာ မျက်နှာ ကို မြင်လိုက်ရ ကတည်း က တစ်ခု ခု တော့ ဖြစ်နေပြီ ဆိုတာ ကို လဲ့လဲ့မင်း စိတ် ထဲ က သိလိုက် သဖြင့် ယခင် နေ့များ ကဲ့ သို့ ရယ်စရာ ပျော်စရာ စကားများ ကို မပြောပဲ လိုက်လာ ခဲ့သည် ။ မကေသီ က လည်း သူမ ကို ယဲ့ယဲ့လေး မျှ ပြုံးရုံကလေး ပြုံးပြ သဖြင့် သူမ က လည်း အပြုံး ကို အားကုန် မသုံးပဲ မကေသီတာ ၏ အပြုံး ကို လက်ခံ ရရှိပါသည် ဆိုရုံ မျှ သာ ပြန် ပြုံး လိုက်လေသည် ။


ထိုသို့ ပြုံး ပြီးပြီးချင်း ကား ထဲမှာ တိတ်ဆိတ် နေသော ကိစ္စသည် သူမ နှင့် များ ပတ်သက် နေ မလား ဟု စဉ်းစား မိ သေးသည် ။ သို့သော် သူမ သည် မကေသီ ကို ရော ၊ ဆရာနိုင်ဝင်းထွန်း အပေါ် မှာ ပါ ဘာမျှ အမှား ကျူးလွန်ခြင်း မရှိ ဟု ယုံကြည် ထား မိသည် ။


ထို့ကြောင့် ကား ပေါ် မှာ တိတ်ဆိတ် နေခြင်းသည် မကေသီ နှင့် ဆရာနိုင် တို့ ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စ သာ ဖြစ်ရမည် ဟု ယူဆ လိုက် လေသည် ။ ထို အတွေး မှန်ကန်ကြောင်း ကို လည်း နေ့ခင်း ထမင်း စား ကြ သောအခါ လဲ့လဲ့မင်း သိရ လေသည် ။ လဲ့လဲ့မင်း သည် မကေသီ တို့ အကြောင်း ကို တစ်ကြိမ် တစ်ခါ မျှ မမေးခဲ့ ။ ယခု လည်း မကေသီ ကိုယ်တိုင် က ပြောပြ သိရခြင်း ဖြစ်သည် ။


“ မမ က လည်း မမ ကံ ကောင်းတာပေါ့ ၊ အဲဒါကို မမ က ဘာဖြစ်လို့ ခပ်တည်တည်ကြီး နဲ့ စကား မပြော ဘာမပြော လုပ်နေတာလဲ ”


“ မင်း က လည်း ကိုယ့် ဘက် က သွား ပြီး ပျော်ပျော်ရွှင်ရွှင်ကြီး သွား လုပ် နေလို့ ဘယ် သင့်တော်ပါ့ မလဲ ၊ မသကာ သူ က စပြီး နည်းနည်းပါးပါး ပြော ရင် တော်သေးတာ ပေါ့ ”


“ ဒါဆို မမ က အခု ကတည်း က အနိုင် ယူဖို့ ကြိုတင် စီစဉ်နေပြီလား  ”


“ အို .. မမ က အနိုင် မယူချင်ပါဘူး ၊ ဒါပေမယ့် ကိုယ့် ဣန္ဒြေ ပျက် လောက် အောင် လည်း မလိုက်လျော နိုင်ဘူးလေ ၊ ဒီနေ့ ညနေ သူ နဲ့ အဲဒီ ကိစ္စ ကို ဆွေးနွေးစရာ ရှိ လို့ မင်း ကိုယ့် ဘာသာ ပဲ ပြန် လိုက်တော့နော် ”


လဲ့လဲ့မင်း သည် ကေသီတာ့ ကို အားကျခြင်း ၊ ဝမ်းသာခြင်း စသော မျက်နှာ ဖြင့် ငေးကြည့် ဂုဏ်ယူ နေ သော်လည်း ကေသီတာ ၏ မျက်နှာ သည် ပျော်ရွှင်ခြင်း မရှိရုံ မျှ မက ၊ ကျေနပ်ခြင်း လောက် ပင် မရှိ သလို ဖြစ်နေ သဖြင့် အားမလို အားမရ ဖြစ် လာကာ ကေသီတာ့ လက် ကို ဆုပ်ကိုင် ရင်း ….


“ မမ က ဘာဖြစ်လို့ မပျော်တာလဲ ဟင်  ”


“ အင် .. ဒီလို ကိစ္စ က ဘာဖြစ်လို့ ပျော်ရမှာလဲ  ”


“ အာ .. မမ က လဲ မိန်းကလေး တစ်ယောက် ဘဝ မှာ ဒါ ဘယ်လောက် ပျော်စရာ ကောင်း တဲ့ ကိစ္စမျိုးလဲ ၊ ဘာလဲ မမ မှာ ချစ်သူ ရှိ နေ လို့လား  ”


“ မဟုတ်ရပါဘူး မင်း ရယ် ၊ မင်း ထင်တာ မဟုတ်ပါဘူး ၊ မမ အပေါ် ကျေးဇူး ရှိတဲ့ မေမေကြီး ကို ကျေးဇူး မကျေ တောင် မှ ရင် ထဲ မှာ ရှိတဲ့ ဆန္ဒ အတိုင်း ပြုစုချင် သေးတယ် ။ ပြီးတော့ အခုလို အလုပ်ကလေး လုပ် အားရက် မှာ လည် ချင်တဲ့ နေရာတွေ ကို သူငယ်ချင်းတွေ နဲ့ လျှောက်လည် ၊ အဲဒီလို လွတ်လွတ်လပ်လပ် နေချင်သေးတယ် မင်း ရဲ့ ”


လဲ့လဲ့မင်း သည် ကေသီတာ ကို စိုက်ကြည့် ရင်း ပြုံး လေသည် ။ ကေသီတာ ညာ ထားတာ တစ်ခု ခု တော့ ရှိ နေပြီ ဆိုတာ သူမ သိ သွားသည် ။


“ စိတ် မဆိုးနဲ့ နော် .. မမ ၊ မင်း မမ ကို တစ်ခု ပဲ မေးမယ် ၊ မမ ဆရာနိုင် ကို မချစ်ဘူး မဟုတ်လား ”


လဲ့လဲ့မင်း ၏ မေးခွန်း ကြောင့် ကေသီတာ တွေဝေ သွားသည် ။ မချစ်ဘူး မဟုတ်လား တဲ့ .. ကေသီတာ က အေးဆေးစွာ ပင် ပြန် ဖြေ ပါသည် ။


“ ဆရာနိုင် ကို မှ မဟုတ်ဘူး ၊ ဘယ် ယောက်ျားလေး ကို မှ မကေ မချစ်ခဲ့ဖူးပါဘူး ”


“ ဒါဆို မမ က စေ့စပ်တာ ကို လက် မခံဘူးပေါ့ ဟုတ်လား ”


ကန်တော်ကြီး ရေပြင် ပေါ် က လှိုင်းကြက်ခွပ်ကလေးတွေ ကို ကြည့်မည် ဆိုလျှင် လေနုနုကလေးတွေ သာ သူ့ မိခင် လေပြင်း ထံ မှ ခိုးထွက် လာပြီး ကန်တော်ကြီး ရေပြင် နှင့် ကစား နေသည် ဟု တွေးချင်လျှင် တွေးနိုင် ပါသည် ။ ချစ်သူတွေ လည်း ကန်တော်ကြီး ရေပြင် ကို မျက်နှာ မူပြီး တစ်ယောက် နှင့် တစ်ယောက် အကြင်နာ ပါသော လိမ်နည်း မျိုး နှင့် သူ က ကိုယ့် ကို စွဲလမ်း လာအောင် ပြုမူနေကြ ကုန်၏ ။ သို့သော် ကန်ရေပြင် ကို ကျောပေး ပြီး တောင်ကုန်းကလေး နှင့် သစ်ပင်ကြီးများ ကို သာ ငေးမော နေသော ထူးဆန်းသည့် အတွဲ တစ်တွဲ ကို ဒီနေ့ တော့ ဖြင့် ကန်တော်ကြီး ထဲ မှာ တွေ့နေ ရသည် ။


“ အရိုးသားဆုံး စကား ပြော ရရင်တော့ အခုလို စေ့စပ်ပွဲ ကို လက်ခံ ခဲ့ တာ ဟာ ကျွန်မ ကို ငယ်စဉ် ကတည်း က သမီးတွေ နဲ့ တန်းတူ အခွင့်ရေး ပေး ၊ စိတ်ဓာတ်အား မြှင့်တင် ပေး ၊ ဆုံးမ ပေး ခဲ့တဲ့ မေမေကြီး ရဲ့ ကျေးဇူး ကို အကြီးမားဆုံး ဆပ်ခြင်း လို့ မှတ်ယူတဲ့ အတွက်ပါ ၊ ကိုနိုင့် ဆီ မှာ အပြစ် တစ်စုံတစ်ရာ ကို လည်း ကျွန်မ ရှာ မတွေ့ပါဘူး  ” 


နိုင်ဝင်းထွန်း သည် ခေါင်း ကို ညိတ် လိုက်သည် ။ ပြီးတော့ နဖူး ကို ပွတ်သည် ။သူ က ရော ဘာများ ထူး သနည်း ။ ငယ်စဉ် ကတည်း က မိဘ စကား ကို နားထောင် ခဲ့ ရသည် ။ အခုမှ မငြင်း ရဲ တော့ ၊ မေမေ က ပြောလျှင် ငယ်စဉ် ကတည်း က ပြီးခဲ့ရသည် ။ အခုမှ မပြီး ၍ မရတော့ ။


“ ပွင့်ပွင့်လင်းလင်း မေးပါရစေဗျာ ၊ မကေသီတာ မှာ ချစ်သူတွေ ဘာတွေများ ရှိထားသလား ”


“ အို .. မရှိပါဘူး ”


“ သေချာတယ် နော် ”


“ ဒီမှာ ကိုနိုင် .. ကျွန်မ မှာ သာ ချစ်သူ ရှိရင် မေမေကြီး က ကိုနိုင် နဲ့ ရည်ရွယ်ပါတယ် လို့ ပြော ကတည်း က ကျွန်မ မှာ ချစ်သူ ရှိကြောင်း ကို တစ်ခါတည်း ပြောမှာပါ ၊ ပြီးတော့ ပေး တွေ့မှာ ပါ ပဲ ၊ ကဲ .. ဒါဆို ကိုနိုင့် မှာ ရော ..  ”


“ အာ .. ကျွန်တော့် မှာ လည်း မရှိပါဘူး ၊ ယုံပါ ဗျာ  ”


“ ကိုနိုင့် လို လူမျိုး ကို ကြိုက်ချင်တဲ့ မိန်းကလေးတွေ နဲ့ ၊ မိန်းကလေး မိဘတွေ တော့ အများကြီး နေမှာပါ နော် ”


နိုင်ဝင်းထွန်း က ယဲ့ယဲ့ကလေး  ပြုံး သည် ။


“ အဲဒါတော့ မှန်တယ် ၊ ဒါကြောင့်မို့ ကျွန်တော် မကေသီတာ ဆီ ရောက်ခဲ့တာ ပေါ့ ၊အမေ က မကေသီ မှ မကေသီ ပဲ ၊ အော် .. ပြီးတော့ ပြောရဦးမယ် ၊ မကေ မနက်ဖြန် က စပြီး အလုပ် မဆင်းနဲ့တော့ နော် ၊ စေ့စပ်ပွဲ ပြီး လို့ နောက် တစ်နေ့ကျ မှ ပဲ ပြန် ဆင်းတော့ တဲ့ ”


“ တဲ့ .. ဆိုတော့ အဲဒီ .. တဲ့ .. က ဘယ်သူ ရဲ့တဲ့ လဲ ”


“ မကေ မေမေကြီး ရဲ့ တဲ့ ပါ ”


ဖြည်းဖြည်းကလေး ကန်ရေပြင် နှင့် ကစား နေသော လေညှင်းကလေး နောက် သို့ သူ့မိခင်ကြီးက အား နှင့် လိုက်လာသဖြင့် ကန်ရေပြင် သည် လှိုင်းကြီးတွေ ဖြစ် သွားပြီး ကေသီတာ့ ဆံပင်တွေ လေ ထဲ တွင် ဝဲ ၍ သွား လေသည် ။


“ အာ .. မကေ က လည်း  ၊ အောင် အမြဲတမ်း ပြောတယ် ၊ နှစ်ယောက်ချင်း တွေ့ ကြရင် .. ကျွန်မ ကို ချစ်ရဲ့လား ဆိုတာ မေးပါ ဆို နေ ”


“ အဲဒီ ဘက် ကို စကား မှ မရောက်ပဲ အောင် ရဲ့ ”


“ ရည်းစား ရှိ မရှိ အပြန်အလှန် မေး ပြီးရင် အဲဒီ မေးခွန်း ကို ထုတ် မေးလို့ ရ သားပဲ ”


“ သူ့ မှာ လည်း ချစ်သူ မရှိဘူး လို့ ပြောပြီးပြီပဲ အောင် ရဲ့  ”


“ သူ့ မှာ ချစ်သူ မရှိတာ နဲ့ မမကြီး ကို ချစ်တာ မချစ်တာ တစ်ခြားစီ ပဲ ဆိုတာ မောင် တောင် သိတယ် မမကြီး ၊ ရီရီ ရော သိလား ”


“ သိတာပေါ့ .. သူ့ မှာ ချစ်သူ မရှိဘူး ဆိုတော့ ကိုယ့် ကို လည်း မချစ်ဘူး လို့ ဆိုလိုတာလား လို့ မမကြီး က မေးရ မှာ .. ”


“ ကဲ .. မမကြီး ၊ ရီရီ ပြောတာ ရှင်း မနေဘူးလား ”


ကေသီတာ သည် ညီမ လေးယောက် ၏ အချစ် ခုံရုံး တွင် အကျအဆုံး များစွာ ဖြင့် ရင်ဆိုင် နေရ ရှာသည် ။ သူ့ ညီမတွေ ကြားချင်တာ က ကိုနိုင် ကို သူ က ဘယ်လို တွေ နွဲ့လိုက်သည် ။ ကိုနိုင် က သူ့ ကိုဘယ်လို တွေ ချော့ သည် ။ သူ့ ကို ဘယ်လို ဖက် ထားသည် ။လက်ကလေး ကို ကိုင် ပြီး ချစ်စကား ကို ဘယ်လို ပြောသည် ဆိုတာ မျိုး သာ ဖြစ် လေသည် ။ သို့သော် .. သူမ နှင့် ကိုနိုင် က တွေ့လိုက်သည် နှင့် ဣန္ဒြေ နှင့် သိက္ခာ ပြိုင်ဆိုင်ပွဲ သာ ကျင်းပလေ့ ရှိ သဖြင့် သူတို့ ကြားချင်သော စကားတွေ မကြားရသည့် အတွက် ကေသီတာ့ ကို မကျေမနပ် ဖြစ် နေကြခြင်း ဖြစ်သည် ။ အခုလည်း ကေသီတာ့ ထံ မှ မကျေမနပ် နှင့် ပင် ထွက်သွား ကြသည် ။


ကေသီတာ သည် ကုတင် ပေါ်လှဲ ရင်း မျက်စိများ ကို မှိတ်ထား လိုက်သည် ။ ပြီးတော့ “ ငါ အိမ်ထောင် ကျတော့မည် ” ဟု စဉ်းစား မိသည် ။ မှိတ်ထားသော မျက်စိ ထဲ တွင် အဖေ့ မျက်နှာ ကို ခပ်ရေးရေး မှတ်မိ သလောက်လေး ပြန် ဖော်ကြည့် မိသည် ။ ပြီးတော့ သူမ တို့ ရွာထိပ် က ညောင်ပင်ကြီး ၊ ပြီးတော့ မျက်နှာ ရေးရေး သာ ပေါ်တော့ သော ကစားဖော် များ .. ။


ထိုသို့ မျက်စိ မှိတ် ၍ စဉ်းစား နေရင်း ကေသီတာ မျက်လုံးများ ကို ဖွင့် ထ ထိုင်သည် ။ သူ အစီစဉ် ဆွဲ ရမည် ။ စေ့စပ်သည့် နေ့ မှာ သူ့ ဘက် က တစ်စုံတစ်ရာ အမှား ခံ မရပါ ။ စေ့စပ်ပွဲ နေ့ အတွက် ဆံပင် မိတ်ကပ် ၊ အင်္ကျီ ၊ ထမီ နှင့် ဖိနပ်ဆိုက် က စပြီး တစ်ခု ချင်းစီ စာအုပ် တစ်အုပ် နှင့် အသေးစိတ် အစီစဉ် ရေးဆွဲလိုက်သည် ။ ထို အပြုမူ သည် နိုင်ဝင်းထွန်း ကို ချစ်ခြင်း လား ၊ နိုင်ဝင်းထွန်း ၏ အချစ် ကို ရရှိရေး အတွက် လား ၊ သူ့  ဣန္ဒြေကို ကာကွယ်ခြင်း လား ၊ တစ်စုံတစ်ခု တော့ ဖြစ်လိမ့်မည် ထင်ပါသည် ။


စေ့စပ်သည့် မနက် တွင် မေမေကြီး သည် ကေသီတာ့ ကို နေ့စဉ် မနက် ခြောက်နာရီ တွင် ပြု နေကျ ဘုရား သောက်တော်ရေချမ်း ကပ်သည် ကို ပင် ခွင့် မပြုတော့ ဘုရားဝတ် ပြု ခွင့် တော့ ပေးပါသည် ။ ခုနှစ်နာရီခွဲ တွင် မိတ်ကပ်ဆရာ မာမီ နှင့် အခန်းတွင်း မိတ်ကပ် ပြင် ရသည် ။ အောင် ၏ မိတ်ကပ်ဆရာ မာမီနိုင်နိုင်လင်းခိုင် သည် တော်တော် စေ့စပ်သော မာမီ တစ်ယောက် ဖြစ်သည် ။ သူမကို ဆပ်ပြာရည် နှင့် မျက်နှာ သစ်ပြီး မျက်နှာ ကို အနီး က ကြည့်သည် ။ အဝေး က ကြည့်သည် ။ ပြီးတော့ ဝတ်မည့် အင်္ကျီ တို့ ကို မျက်နှာ သစ်ထားသော ဘာမျှ မလိမ်းရသေးသည့် မျက်နှာ နှင့် ဝတ် ပြရသည် ။ ပြီးတော့ မှ သူ့ မိတ်ကပ်လိမ်းခြင်း ကို စသည် ။


“ အောင့် မမ မျက်နှာ က အငြိမ်  အောင် ရဲ့ ၊ ဝတ်မယ့် အင်္ကျီ နဲ့ ဆို အငြိမ် ပြင်တာ အကောင်းဆုံး ပေါ့ ”


အောက်ခံ ဖောင်ဒေးရှင်း ပြီးတော့ သူ ရွေး ပေးသော လက်သည်းနီ အရောင် ကို သာ ဆိုး ရသည် ။ သူမ လက်သည်းနီ ဆိုး နေတုန်း အောင် နှင့် မောင် တို့ ကို ဖောင်ဒေးရှင်း ချပေးသည် ။ ပြီးတော့ ကေသီတာ့ ကို ဆက် ကိုင်သည် ။ မိတ်ကပ်များ ပြင်ဆင်ပြီး ၊ နှုတ်ခမ်းနီ ဆိုးနေချိန် တွင် အိမ်ရှေ့ ဧည့်ခန်း မှ မေမေကြီး နှင့် အန်တီမြ တို့ အချင်းချင်း နှုတ်ဆက်သံ ၊ ရယ်မောသံ ၊ နေရာပေးသံ တို့ ကို ကြား လိုက်ရေသော အခါ တိတ်ဆိတ် ငြိမ်သက် နေသော ဘုရား ပရဝုဏ် ထဲ တွင် ကြေးခေါင်းလောင်းကြီး ကို ကြီးစွာသော ခေါင်းလောင်းတံ နှင့် အားရပါးရ ထိုးချ လိုက် သကဲ့ သို့ ကေသီတာ့ နှလုံးသား ကို ထို အသံများ က အားရပါးရ ထိုးချ လိုက် လေသည် ။


ကေသီတာ သည် ဆတ်ကနဲ တုန် သွား သဖြင့် နှုတ်ခမ်းနီ က နှုတ်ခမ်း အစွန်း ကို ကျော် ၍ ပါး ပေါ် သို့ အနည်းငယ် စွန်းသွား သည် ကို မာမီနိုင်လင်းခိုင် က ပြုံးသည် ။


“ စိတ် မလှုပ်ရှားပါနဲ့ ၊ ဒါက ပထမ အဆင့် ပါ ၊ ရင်းနှီးထားပြီးသားတွေ မဟုတ်လား ၊ မျက်တောင်ကလေး တွေ ပြီးရင် ပြီးပါပြီ ၊ ဟို ကလည်း မြင်ချင်ဇော နဲ့ မောလှ ရော ပေါ့ ”


ကေသီတာ့ ကို အားလုံး ပြင်ဆင် ပြီး သွားသော အခါ မာမီနိုင်လင်းခိုင် က အောင် တို့ ဘက် ကို လှည့်သည် ။ သူမ အစီစဉ် စာအုပ်ကလေး ကို ထုတ်ကြည့် လိုက်တော့ မှ ရင်တွေ သာ တုန် နေရုံ မကပဲ လက်တွေပါ တုန် နေကြောင်း သူမ သိရသည် ။ ပြီးသွားသော အစီစဉ်တွေ ကို အနီရောင် ဘောလ်ပင် နှင့် ခြစ် ပစ်ရင်း ကျန်သည့် အစီစဉ်တွေ ကို ကြည့် လိုက်တော့ သဇင်ပန်း ပန် ရန် နှင့် အိမ်သာတက်ရန် နှစ်ခု သာ ရှိ တော့သည် ။


ကေသီတာ တွင် ဆီး ကျဉ် တတ်သော ရောဂါ ပါးပါးကလေး ရှိသည် ။ ထို့ကြောင့် လူကြီးများ နှင့် ထိုင် ရမည့် အချိန် တွင် ထိုဝေဒနာ မခံစား ရ စေရန် နှင့် ပွဲက ကိုယ့် ပွဲ ဖြစ်နေ သဖြင့် လူကြီးတွေ ရှေ့ က ထ ထွက်သွား ၍ မကောင်းသော ကြောင့် ထို ကိစ္စ ကို ပြု ကို ပြုရမည့် အစီစဉ် ထဲ တွင် ထည့်ထားရခြင်း ဖြစ်သည် ။ ကေသီတာ မတ်တပ် ရပ် လိုက်သည် ။


ပြီးတော့ မောင့် ပခုံး ကို တို့ ကာ “ အိမ်သာ ” ဟု ပြောပြီး အောက် ထပ် ကို ဆင်း ၊ အောင့် အခန်း ထဲ မှ ချောင်း ကြည့် ရာ ကိုနိုင်ဝင်းထွန်း ဘက် မှ လူ ဆယ့်နှစ်ယောက် ခန့် ပါ ပြီးမေမေကြီး ဖိတ် ထား သော လူ ရှစ်ယောက် ခန့် လည်း ရောက်နေ ကာ နိုင်ဝင်းထွန်း နှင့်မေမေကြီး တို့ စကား ပြော နေတာကို တွေ့ ရသည် ။ သူမ အသာ ခြေဖျား ထောက် ကာ ထွက်လာခဲ့ပြီး အိမ်သာ သို့ ဝင်သည် ။ အိမ်သာ ထဲ ဝင် တံခါး ပိတ် မလို လုပ် မှ စေ့စပ်ပွဲ ဝတ်စုံကြီး နှင့် လာ ခဲ့တာ မှားပြီ ဟု သိ လိုက်ရသည် ။


သို့သော် ဆီး က သွားချင် နေပြီ ဖြစ်သဖြင့် ဝတ်စုံ မှ ထမီ ကို မစွန်း မပေစေရန် ၊ မကြေမတွန့် စေရန် ခေါက် တင်ပြီး အိမ်သာအထိုင် တွင် အိမ်သာ တံခါး ဆွဲဖွင့်ခြင်း ခံလိုက်ရပြီး ...


“ ဟာ ... ”


“ အမလေး ”


ကေသီတာ သည် မျက်နှာ ကို အုပ် ၍ အိပ်ခန်း ထဲ သို့ ပြေး ဝင်ပြီး ခုတင် ပေါ် တွင် မျက်နှာ ကို မှောက် ချကာ အားရပါးရ ငိုကြွေး နေသည် ကို မည်သူမျှ နား မလည်နိုင် အောင် ဖြစ် နေသည် ။ အောက်ထပ် မှာ လည်း ဆူဆူ ညံညံ အသံတွေ ကြား ရ၏ ။


“ တောင်းပန်ပါတယ် ဗျာ ၊ စေ့စပ်ပွဲ ကို ကျွန်တော် က ပဲ တောင်းတောင်းပန်ပန် နဲ့ ဖျက်ပါရစေ ”


“ မင်း ဒီလို ပြောလို့ ရရိုးလား ကွဲ့ ၊ ဒါ ဟင်းရွက် ကန်စွန်း ရောင်း နေတဲ့ ကိစ္စမှ မဟုတ်ပဲ ၊ လူကြီး သူကြီး တွေနဲ့ သဘောတူ လုပ်ကြတဲ့ ကိစ္စ ၊ တို့ ဘက် က မိန်းကလေး ကွဲ့ ၊ မင်း က ဘာကိစ္စ နဲ့ စေ့စပ်ပွဲ ကို ဖျက်ချင်ရတာလဲ  ”


“ ကျွန်တော် မပြောပါရစေ နဲ့ ခင်ဗျာ ၊ ကေသီတာ က လည်း ကျွန်တော့် ကို ယူ တော့ မှာ မဟုတ်ပါဘူး ၊ အမှား က တော့ ကျွန်တော့် အမှား ပါ ”


“ သား အမှား က ဘာလဲ ၊ ပြော .. ပြောလေ ၊ မေမေ တို့ လူကြီးချင်း ညှိနှိုင်းလို့ ရပါတယ် ”


“ မရဘူး မေမေ ၊ ဒီ တစ်ခါတော့ မေမေ့ စကား ကို သား နားမထောင် နိုင်တော့ဘူး ၊အမှား က ကျွန်တော့် အမှား ပါ ၊ ဒါပေမယ့် ကေသီတာ ရဲ့ သိက္ခာ နဲ့ ဣန္ဒြေ ကို ထောက်ထားခြင်း အားဖြင့် ကျွန်တော် ဘာ မှားတယ် ဆိုတာ မပြောပါရစေနဲ့ ခင်ဗျာ  ”


“ မင်း ဒီလို မလုပ်နဲ့ ကွဲ့ ၊ တစ်ဘက်သတ် ဆုံးဖြတ်လို့ ဘယ်ရမလဲ ၊ ဧည့်သည်တွေ ကို တော့ တောင်းပန်ပါတယ် ရှင် ၊ ခဏ သည်းခံကြပါဦး ၊ ကျွန်မ သမီး ကို မေးပါဦးမယ် ၊ ကဲ .. မြ တို့လည်း ထိုင်ကြပါဦး ၊ ဒီမယ် မောင်နိုင် .. မိကေ က စေ့စပ်မယ် ဆိုရင် မင်း က ငြင်းဦး မှာလား  ”


“ အဲဒါ ဆိုရင်တော့ ကျွန်တော် မငြင်းပါဘူး ၊ ဒါပေမယ့် သူ ကလည်း လက်ခံ မှာ မဟုတ်ပါဘူး ၊ ကျွန်တော် သိပါတယ် ”


“ ဒါ မင်း ကိစ္စ မဟုတ်ဘူးကွယ့် ၊ ငါ့ သမီး ကို ငါ လက် ဆွဲပြီး ခေါ်လာခဲ့မယ် ၊ ဒီစေ့စပ်ပွဲ ဖြစ် ကို  ဖြစ်ရမယ် ”


ဒေါ်မေထက်အောင် သည် အိမ်ပေါ် ထပ် သို့ တည်ငြိမ် အေးဆေးစွာ ပင် တက် သွားလေသည် ။ အပေါ် ထပ် အလှပြင်ခန်း ကို ရောက် တော့ အောင် နှင့် မောင် တို့ ဝိုင်းအုံ နေသည့် ကြား ထဲ မှာ ငို နေသော ကေသီတာ့ ကို တွေ့ရ လေသည် ။ ဒေါ် ထက်မေအောင် ကို တွေ့တော့ အားလုံး နံဘေး သို့ ရှဲ သွားကြသည် ။


“ သူ ဘာပြောသေးလဲ  ”


“ ဘာမှ မပြောဘူး မေမေကြီး ၊ မေးလို့ လဲ မရဘူး ၊ ငို ချည်း နေတော့တာပဲ  ”


ဒေါ်ထက်မေအောင် ခေါင်း တစ်ချက် ညိတ်သည် ။


“ ကဲ ဖယ်ကြစမ်း ၊ မိကေသီ .. မေမေ့ မျက်နှာ ကို ခဏ မော့ ကြည့်စမ်း ”


ကေသီတာ သည် မှောက်လျက် က ပင် တစ်သိမ့်သိမ့် ငိုကြွေးရင်း ခေါင်း ကို ခါသည် ။ ကေသီတာ့ ဘဝ တွင် မေမေကြီး ၏ တိုက်ရိုက် အမိန့် ကို ပထမဦးဆုံး ဆန့်ကျင်ခြင်း ပင် ဖြစ်သည် ။


“ သမီး ၊ မိကေသီ ၊ အခု ကိစ္စ ဟာ ပေါ့သေးသေး မဟုတ်ဘူးဆိုတာ သမီး သိမှာပါ ၊ မင်း နဲ့ မောင်နိုင် ဘာပြောပြီး ဘယ်လို ပြဿနာ တက်လို့ ဒီလို ဖြစ်တယ် ဆိုတာ ၊ ဒီလို ဖျက်တယ် ဆိုတဲ့ စကား ထွက်လာရတာလဲ  ”


ကေသီတာ သည် ငိုရှိုက်သံ နှင့်ပင် ပြန် ပြောသည် ။


“ ဒီ ပွဲ ကို ဖျက်လိုက်ပါတော့ မေမေကြီး ရယ် ၊ သမီး သူ့ ကို လက် မထပ်ချင်တော့ပါဘူး ၊ အမှား က သမီး ရဲ့ အမှား ပါ ”


“ မိကေသီ ညည်း စေ့ ကို စေ့စပ်ရမယ် ”


“ သ,တ်လိုက်ပါတော့ မေမေကြီး ရဲ့ ၊ ဟောဒီ က အမိုက်မ ကို သ,တ်သာ သ,တ် လိုက်ပါတော့ မေမေကြီး ရဲ့ ”


နောက် တစ်နေ့ ထုတ် သတင်းစာ တွင် မောင်နိုင်ဝင်းထွန်း နှင့် မကေသီတာ တို့ စေ့စပ်ပွဲ ပျက်ရခြင်း မှာ မကေသီတာ ၏ အမှား ကြောင့် မဟုတ်ပဲ မောင်နိုင်ဝင်းထွန်း ၏ အမှားကြောင့် သာ ဖြစ်သောကြောင့် တောင်းပန်ပါသည် ဟူသော ကြော်ငြာ တစ်ခု ပါ လာ လေသည် ။ ဒေါ်ထက်မေအောင် က ထည့် ခိုင်းခြင်း မဟုတ်ပဲ ဒေါ်မြနွယ် တို့ ဘက်က မိန်းကလေး ၏ ဂုဏ်သိက္ခာ အရ ထည့်ပေးရ သော်လည်း နှစ်ဖက် စလုံး က လူကြီးများ သည် ဘာ့ကြောင့် စေ့စပ်ဖို့ ကို နှစ်ယောက် စလုံး က တစ်ပြိုင်နက် ငြင်း ကြကြောင်း ကို လုံးလုံး မသိကြပေ ။


တစ်သက်လုံး လည်း သိ သွားကြလိမ့်မည် မဟုတ်ချေ ။


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment