Showing posts with label သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ. Show all posts
Showing posts with label သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ. Show all posts

Sunday, October 8, 2023

အမှတ်ထင်ထင်


 ❝ အမှတ်ထင်ထင် ❞


“ ကြေးမုံရိပ်မြင်

ကိုယ်ရုပ်သွင်ကို ပီပြင်ကျန

မြင်တွေ့ ရလည်း ။

“ ကြေးမုံ ” မဲ့ကင်း

ကိုယ့်ရုပ်ဆင်းကို စဉ်းစားတွေးထင်

မြင်မိချင်သော် ၊ ပီပြင်ကျန

မတွေ့ကြနိုင် ၊ သဏ္ဌာန်ယိုင်နဲ့

ဆင်ခြင်ခဲ့က ...


•••••   •••••   •••••


ကြာခဲ့ပြီ ။


သည်အကြောင်း ကို ဆင်ခြင်ခဲ့မိသည် မှာ ကျွန်တော့် အသက် ၏ တစ်ဝက်ကျော် ခန့်  ။


ယခု ကျွန်တော့် အသက် ၅၈ နှစ် ရှိတော့မည် ။ သည်တော့ နှစ် ၃ဝ ခန့် ရှိပြီ ဆိုပါတော့ ။ မှန်ပါသည် ။ တစ်နည်း ဆိုသော် ဆရာ နှင့် တွေ့ ပြီး မှ ၊ ဆရာသော်တာဆွေ နှင့် တွေ့ခဲ့ရပြီး မှ ယနေ့အထိ ဤ အကြောင်းရပ် ကို စဉ်းစား တွေးခေါ် နေမိတုန်းပင် ။


ဆရာ နှင့် တွေ့ ခဲ့ကြသည်က ဖဆပလတိုက်ခန်း ရှိ သတင်းထောက် နှင့် စာရေးဆရာ ကိုရွှေမောင် တိုက်ခန်း မှာ ဖြစ်၏ ။ ထိုစဉ်က ကိုရွှေမောင် မကွယ်လွန်သေး ။ ထိုနေ့က ဆရာကြီး ဇဝန ၊ ဆရာထူး ( စာရေးဆရာ တပ်ကြပ်မောင်ထူး ) နှင့် အောင်ကျော် တို့ လည်း ရှိနေကြ ၏ ။ အောင်ကျော် နှင့် ပတ်သက်ပြီး ထိုနေရာသို့ ရောက်ရှိ သွားခြင်းပင်  ဖြစ်ပါသည် ။ စာရေးဆရာ မိုးဝေ မှာ မူ လာမည် ဆိုပြီးမှ အကြောင်း တစ်ခု ကြောင့် မလာဖြစ်ခဲ့ ။ ( ထိုသူများ အားလုံး မှာ ယခု ကွယ်လွန် ခဲ့ကြလေ ပြီ ။ )


သူတို့ ထဲ တွင် ကျွန်တော် က အသက် အငယ်ဆုံး ။ ထို့ကြောင့် ကိုရွှေမောင် က ဖြည့်တင်းခြင်း အလုပ် မှန်သမျှ ကို ကျွန်တော့်အား တာဝန် ပေး ထားခြင်း ဖြစ်ပါမည် ။ ဆုံကြသည် မှာ အရက် သောက်ဖို့ ပင် ဖြစ်ပါ သည် ။ အမြည်း က ငါးရှဉ့်ကြော် ၊ ကန်စွန်းရွက်ကြော် နှင့် အခြား တိုလီမိုလီ အမြည်းများ ဖြစ်ကြောင်း မှတ်မိ နေပါသေးသည် ။ 


ကျွန်တော် က ယမကာ ဖြည့်တင်းပေးခြင်း ၊ အမြည်းလိုက်ပေးခြင်းများ ကို လိုအပ်သလို ဆောင်ရွက် ပေးရသည် ။ စကားဝိုင်း က တော့ အစုံအလင် ၊ အထူးသဖြင့် စာပေကိစ္စများ ... ။


ဤတွင် ဆရာသော်တာဆွေ ကို ပထမဆုံး အကြိမ် တွေ့ မြင်ဖူးခြင်း ဖြစ်ပါသည် ။ သူ ၏ စာပေများ ကိုတော့ ဖတ်ဖူးသည် မှာ မနည်းတော့ ပါပြီ ။ ယခုလို ပညာရှင်များ နှင့် လူ ကိုယ်တိုင် ဆုံမိခြင်း ကြောင့် သောက်ခဲ့ရသည့် အရက် ပင် ရေချိန် လွန်သည့် တိုင်အောင် မမူးခဲ့တော့ ။ 


စကားဝိုင်း တွင် ဆရာ က အကြောင်းအရာ တစ်ရပ် ကို တင်ပြလာသည် ။


“ ဒီမှာ ခင်ဗျားတို့ မှန် ကြည့်တော့ ကိုယ့် ရုပ် ကို ကိုယ် အတိအကျ မြင်တွေ့ ရတယ်နော် ။ ကဲ မှန် မရှိဘူး ၊ မကြည့်ဘူး ဆိုရင် ကိုယ့် ရုပ်ပုံ သဏ္ဌာန် ဘယ်လိုလဲ ၊ ကိုယ် မှ အပ တခြား တစ်ယောက် ယောက် ကို တွေး ပြီး မြင်မိသလို ပီပီပြင်ပြင် မရှိတော့ဘူး ။ သူ့ ကို အတိအကျ ဆိုသလို မြင်ယောင်နိုင် ပေမဲ့ ကိုယ့် ကိုယ်ကိုယ် ကျတော့ မြင်တွေ့  ၊ မြင်ယောင်လို့ မရနိုင်ဘူး ။ အဲဒါ ဘာကြောင့်လဲ ... စဉ်းစား ကြည့်ကြလေ ”  


ဆရာ့ တင်ပြမှုကြောင့် ကျွန်တော်တို့ အရက်ဝိုင်း တစ်ခုလုံး ငြိမ် သွားသည် ။ ဆရာကြီးတွေ လည်း စကား မဆို ၊ အားလုံး အတွေး ကိုယ်စီ နှင့် ။ 


•••••   •••••   •••••


ဤလိုနှင့် နှစ်တွေ ဟောင်းခဲ့သည် ၊ ပြောင်းခဲ့သည် ။ ဆရာ့ စာတွေ အားလုံး လိုလို ဖတ်ရသည် ။ ဆရာ့ ကို လည်း ကြုံခဲ့သည့်အခါ ကြုံရ သည် ။ ကြုံရသည့် အခါများဝယ် ဆရာ သောက်ခဲ့သည့် အချိန်များ ရှိ သလို အရက် ဖြတ် ထား၍ လုံးဝ မသောက်ခဲ့သည့် အခါများ လည်း ရှိသည် ။ 


မည်သို့ပင် ဖြစ်စေ ...


ဆရာ ပြောခဲ့သော ကြေးမုံမှန်ပြင် အတွေ့ အမြင် ကိစ္စ မှာ အမြဲသတိ ရနေသည် ။ 


အထူးသဖြင့် ကျွန်တော် ‘ မှန် ’ ကြည့်သော နေ့များ ၊ “ မှန် ” ရှေ့တွင် ရပ်ကာ ကြည့်သည် ။ နောက် မှန် မရှိပါဘဲ မိမိ ကိုယ် ကို ပြန်လည် မြင်ယောင် ကြည့်သည် ။ ဆရာ့ စကား အတိုင်း မှန်စွ ။ 


ဘာကြောင့်လဲ ၊ အဖြေရှာ၏ ၊ မရ ။ 


မရ၍ ရှာသည် ၊ မရ ။ 


ဤလိုနှင့် ဒီ အသက် ရောက်ခဲ့ပြီ ၊ ဘဝတွေ ပြောင်းခဲ့ပြီ ။ ဝန်ထမ်း ဘဝ ၊ ကိုယ်ပိုင် ကိုယ့် အလုပ် နှင့် ကိုယ် ၊ ယခုတော့ ရှေ့နေ ။


•••••   •••••   •••••


ဘဝတွေ ပြောင်း ခဲ့ သော်လည်း စာရေးခြင်း ကတော့ မပြောင်း ။ ဝါသနာ ရှိရင်းစွဲ ကတော့ မြဲနေသည် ။ ရေးနိုင်သမျှ ရေးပါသည် ။ အောင်မြင်ထူးခြားခြင်း မဖြစ်သည် ကတော့ ကိုယ်တိုင် အသိ ။ သို့သော် ရေး နေရသည် ကို ပင် အကြည်နူးဆုံး ။


သည်လိုနှင့် ဆရာသော်တာဆွေ နှင့် အမှတ်ထင်ထင် တွေ့သည် ။ ( ၁၉၉၄ ခုနှစ် ကုန်လုလု ) ဗိုလ်အောင်ကျော်လမ်း မှာ ဖြစ်သည် ။ ( ရွှေမြိတ် သောင်းတင် ၊ မောင်ခေတ်ထွန်း ) တို့က ဦးသန်းညွန့် ၏ သား ရွှေစင် မဂ္ဂဇင်း ထုတ်ဝေစဉ် မှာ ပင် ။


ထိုနေ့ က ထို တိုက် သို့ ဆရာ ရောက်လာသည် ။ တပည့် ကိုပိုက် လည်း ပါသည် ။ ထိုင်ပြီး စကား ပြော နေကြတုန်း ကျွန်တော် က 


“ ဆရာ တစ်ခါက ဆရာ ပြောခဲ့တဲ့ ' ကြေးမုံရိပ်မြင် ရုပ်သွင် ’ ကိစ္စလေး မှတ်မိ သေးသလား ။ နှစ် ၃၀ လောက် ရှိနေပြီလေ ။ ဟို ဖဆပလ က ကိုရွှေမောင်ကြီး တိုက်ခန်း မှာတုန်းကပေါ့ ... ”


“ ဟ ... မှတ်မိတာပေါ့ မောင်ဝင့်သူ ရ ။ ခု ... ဘာ ထူးခြားလို့လဲ ပြောစမ်းပါဦး ။ ငါ တောင် တစ်ခါတုန်း က စာ ရေးတော့ အဲဒီ အကြောင်း လေး ထည့်ရေး ဖူးသေးတယ် ။ ဘယ်သူကမှ မငြင်းပါဘူး ။ ကျိုးကြောင်း လည်း မရှင်းသေးပါဘူး ကွာ ”


“ မထူးပါဘူး ဆရာ ၊ ကျွန်တော် လည်း ‘ မှန် ’ ကြည့်တိုင်း လိုလို စဉ်းစား လာတော့ ခုဆို အနှစ် ၃၀ လောက် ရှိပြီ ထင်တယ် ။ တွေးရခက် ကြီးပါ ဆရာ ။ ဒါပေမဲ့ ဆရာ ပြောတဲ့ အတိုင်းပါပဲ ”


“ အေး .. ငါလည်း စဉ်းစားတာပဲကွ ။ ဆရာတော်ကြီးများ ဟော ပြောကြတဲ့ တို့ ရဲ့ အတ္တကြီးမှုလား ၊ လောဘ ၊ ဒေါသ ၊ မောဟတွေ ဖုံးလွှမ်း မှုကြောင့်လား ။ ဗုဒ္ဓတရား ရဲ့ အနှစ်သာရ တစ်ခု ပေါ့ကွာ ။ လူသား တစ်ယောက် အသိ နဲ့ ဆိုတော့ မင်း ပြောတဲ့ တွေးရခက်ကြီး ဖြစ်နေတယ်ဟေ့ ” 


နောက်ပိုင်းတွင် ဆရာ့ ကို မတွေ့ ရတော့ပါ ။ ၄ - ၃ - ၉၅ ရက် တွင် မူ သူ ချစ်ခဲ့ရသော အသိုက်အဝန်း အားလုံး ကို စွန့်ခွာ သွားခဲ့ပါပြီ ။ ကျွန်တော့် တွင် မူ ဆရာ ပေး ခဲ့သော ကြေးမုံပြင် မှာ အရိပ် ထင်မြင်ရသည့် ဤကိစ္စ က အမှတ်ထင်ထင် ရှိနေဆဲဖြစ်ပါသည် ။


“ ကြေးမုံရိပ် ” မြင် 

ကိုယ့် ရုပ်သွင် ကို 

ပီပြင်ကျန

မြင်တွေ့ ရလည်း... 

“ ကြေးမုံ ” မဲ့ကင်း

ကိုယ့် ရုပ်ဆင်း ကို... စဉ်းစားတွေးထင် 

မြင်မိချင်သော် ... 

ပီပြင်ကျန 

မတွေ့ ကြနိုင်... 

သဏ္ဌာန်ယိုင်နဲ့ 

ဆင်ခြင်ခဲ့က..


( ဆရာ ပြောခဲ့သော တွေးခေါ်မှု တစ်ခုမှ )


အမြဲ ထာဝရ လေးစားခြင်း ဖြင့်


◾ကျုံမငေး မောင်ဝင့်သူ


📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

Monday, October 2, 2023

အမှတ်တရပါ ဆရာ


 ❝ အမှတ်တရပါ ဆရာ ❞


“ ငါ ၏ စာအုပ် လစဉ်ထုတ် ၊ အဟုတ် ဖြစ်စေသော် ” ဟူသော ကာလ အချိန် က တစ်ကြိမ် ။ သည်တုန်း က တော့ ဆရာ မိုးဝေ ၊ ဆရာ မင်းရှင် ၊ ဆရာ သော်တာဆွေ ကျွန်တော်တို့ ပေါင်းမိခဲ့ သည့် အချိန် ။ ဆရာသော်တာဆွေ နှင့် ဆုံဖြစ်သော ပထမ ကာလ ။


ကျွန်တော်တို့ အဖွဲ့ တစ်ပတ် နှစ်ကြိမ် ခန့် မျှ ‘ သဟာယဘား ’ မှာ ဆုံ ဖြစ်တတ်ကြသည် ။ ‘ သဟာယဘား ’ မှာ ကမာရွတ် ၊ ချစ်တီးဘုရား ကျောင်း အနီး မှာ ယခင် က ရှိခဲ့ပါသည် ။


တစ်ခါတစ်ရံ ဆရာသန်းဆွေ ပါ လာ တတ်ပါသည် ။ ဆရာ သော်တာဆွေ ရှုမဝ မှာ စာမူခ ထုတ်ပြီး ရင် လည်းကောင်း ၊ ဆရာမိုးဝေ က ဟိုမှ သည်မှ စာမူခ ထုတ်ပြီး လည်းကောင်း ဆုံကြသည် က များသည် ။ 


‘ တင်မောင်ဆွေ ’ ဆိုလျှင် မိုးဝေ ကို သိသည် ။ “ အဟိ ” ဆိုလျှင် ဆရာသော်တာဆွေ ၊ အထူးသဖြင့် အဟိ စာအုပ် လှန် လိုက် လျှင် “ ငါ ၏ စာအုပ် လစဉ်ထုတ် ၊ အဟုတ် ဖြစ်စေသော် ” ဟူသော ဆရာ့ ဆောင်ပုဒ် လေး က လူတိုင်း ကို အမှတ် ရ စေခဲ့ပါသည် ။


ကျွန်တော် သည် ယနေ့ တိုင် အမှတ် ရ နေဆဲ ။


“ ဟိုကောင် ဘယ်မလဲ ရွှေမြိတ် ၊ ဒီနေ့ သူ့ စာအုပ် ထွက်တယ် မဟုတ်လား ”


“ ရောက်နေပါပြီ ဆရာ ၊ အဆင်သင့်ပါပဲ ”


ဘယ် ဘား က ထ လာသည် တော့ မသိ ၊ ရေချိန် မကိုက် တကိုက် ၊ သည်တုန်း က မြို့ထဲ တွင် စာရေးဆရာ အုပ်စု အထိုင် များသည် က ‘ တာ ဝါဘား ’ ၊ သည် ဘား တွင် လူ စုံသည် ။ ပြီးတော့ နာမည် ကြီးသော မဂ္ဂဇင်း တိုက်များ နှင့် နီးသည် ။


ရှုမဝတိုက် ၊ မြဝတီတိုက် ၊ သည် ဘား မှာ ဆုံဖြစ်ကြသည် ။ ကျွန်တော် က လည်း တစ်လတစ်ကြိမ် ၊ နှစ်လ တစ်ကြိမ် လုံးချင်းဝတ္ထုများ ထွက်ရှိပြီး ဝတ္ထု တစ်အုပ် ထွက် လျှင် သုံးရာကျပ် ရသည် ။ သည်တုန်း က သုံးရာ မှာ မိသားစု နည်း လျှင် သုံးလ ခရီး ကို ဆက်လို့ ရသည့် ငွေ ။ စာမူခ ရလျှင် ပျော်ပျော်ပါးပါး နှင့် စုံနေကြ ။


ဆရာမိုးဝေ က စုံထောက်မဂ္ဂဇင်း ဖောင်ပိတ်ပြီး အလာ ၊ စုံထောက် မဂ္ဂဇင်း က ( ယခင် ဘရုတ်ကင်းလမ်း ) ယခု ဘိုကလေးဈေးလမ်း ။ ဆရာနန္ဒမိတ် က လည်း မြဝတီ ကအပြန် ၊ ဆရာနန္ဒမိတ် ( တက္ကသိုလ် နန္ဒမိတ် ) ၊ ဆရာသန်းဆွေ နှင့် ဆရာသော်တာဆွေ တို့ က ရှုမဝ က အပြန် ဆုံ ကြရင်တော့ သိပ် မလွယ်လှ ။ 


မြို့ထဲ မှ တောပ်ဝါဘား ၊ ဘလူးစကိုင်း ၊ ဟောင်ကောင် ၊ အဲသည် မှ ပြီးလျှင် ကမာရွတ်ဘား တွေ ဖြစ်တဲ့ ကျွန်တော် ၊ ဆရာသန်းဆွေ ၊ ဆရာ မိုးဝေ ၊ ဆရာ သော်တာဆွေ တို့ က သဟာယဘား ကို ရောက်လာ တတ်ကြသည် ။


သည်ကား ယခင် အတိတ် အရိပ်များ ... ။


ရက်တွေ ၊ လတွေ ၊ နှစ်တွေ ညောင်းခဲ့သည့် အလျောက် အခြေ အနေများ က လည်း ပြောင်းလဲခဲ့သည် ။


ဆရာသန်းဆွေ ၊ ဆရာမိုးဝေ ၊ ဆရာမင်းရှင် ကွယ်လွန် သွားကြ တော့ ။


ကျွန်တော်တို့ မှာ လည်း အနေ ဝေး ခဲ့ကြသည် ။ နောက် ဆရာ နန္ဒမိတ် ဆုံး ပြန်သည် ။


ဪ .. အပွင့်တွေ ဝေ ပြီး လျှင် ကြွေ စမြဲ ပဲ ။


ဒုတိယအကြိမ် ဆရာသော်တာဆွေ နှင့် ပြန် ဆုံရခြင်း က ကိုပိုက် နှင့် ဆုံစည်းခဲ့ရခြင်း ပင် ။


ဆရာသော်တာဆွေ ၏ ဝတ္ထုဆောင်းပါးများ ထဲ တွင် ကိုပိုက် ပါ ပါ နေသည် ။ လူ ချင်းတော့ မတွေ့ မမြင်ဖူးသေး ။


တစ်နေ့ ကျွန်တော့် အလုပ်တိုက် ရှိ ရာ ( လုံမလေး မဂ္ဂဇင်း ၊ ဗိုလ် အောင်ကျော်လမ်း ) သို့ တေးသံရှင် ရာမည မြင့်စိုးသိန်း ရောက် လာပါ သည် ။


“ ဆရာ ၊ ဒါ ကျွန်တော့် မိတ်ဆွေ ကိုပိုက် (   ) ပါ ” 


“ ဪ .. ကိုပိုက် (   ) ဟုတ်ပါ့ ။ ဆရာ သော်တာဆွေ အတွဲ ပဲ ”


သည်နေ့ က ကိုပိုက် နှင့် စတင် ဆုံ ပြီးနောက် ကျွန်တော် လည်း အခြေအနေ အရပ်ရပ် ကြောင့် ကမာရွတ် မှ အင်းစိန် သို့ ရောက် သွား ရတော့ သည် ။


အင်းစိန် ပြောင်း တော့ ဆရာတင်မိုး နှင့် နီး သဖြင့် အားရလှပါ သည် ။ ကိုပိုက် နှင့် လည်း မဝေးတော့ ပို အဆင်ပြေခဲ့ပါ၏ ။

 

သည် မှ ဆရာသော်တာဆွေ ၊ ကျွန်တော် ၊ ကိုပိုက် တို့ နံနက်တိုင်း ဈေးဝယ်ရင်း ကိစ္စ ဆောင်ရွက်ရင်း တစ်ပေါင်းတစ်စည်း ဖြစ်ခဲ့ရသည် ။ 


ဆရာ သော်တာဆွေ က သူ့ အား လူငယ်များ က စုပေါင်း ကန်တော့ခြင်း ကိစ္စ ကို တဖွဖွ ပြောပါသည် ။


လူငယ် စာရေးဆရာ ကိုပိုက် တို့ ဦးဆောင်ပြီး သက်ကြီးစာရေး ဆရာ ၊ ဆရာသော်တာဆွေ ကို ကန်တော့သည့် ပွဲ ၊ လူငယ်စာရေးဆရာ မြင့်မောင်မောင် တို့ ဦးစီးပြီး ဆရာလင်းယုန်သစ်လွင် ကို ကန်တော့သည့် ကန်တော့ပွဲ ။


ရင်ထဲ ပီတိ ဖြစ်ရသည် မှာ ကန်တော့ခံ ဆရာများ ပင် မက ကြားရသူများ ရင်၌ ပီတိ လွှမ်းခဲ့ရသည် မဟုတ်ပါလား ။ 


တစ်နေ့ ကျွန်တော့် အိမ် မှာ ကိုပိုက် ၊ မင်းရွှေမင်း ( အင်းစိန် ) ၊ ကိုအောင်နိုင် ( စားဖျော် ) တို့ ဆုံ ကြရာ ဆရာသော်တာဆွေ ‘ ၇၃ ’ နှစ်မြောက် မွေးနေ့ ကျရောက်တော့မည့် အကြောင်း ၊ ဆရာ က တစ်ခု ခု ကျွေးမည့် အကြောင်း ကိုပိုက် က ပြောရာ ကျွန်တော်တို့ က ဆရာ့ ကို ကျွန်တော်တို့ ဂုဏ်ပြုမည် ဟု ဆုံးဖြတ်၍ ကျွန်တော်တို့ ဆရာ ၇၃ နှစ်မြောက် မွေးနေ့  ကို တတ်အားသမျှ ကျင်းပ ပေးခဲ့ပါသည် ။


ဆရာသော် ၏ ပီတိ အပြုံး နှစ်သက် အပြုံးများ ယနေ့ အထိ မျက်ဝန်း ထဲ က မထွက် ။


ဆရာ့ ကျန်းမာရေး ချို့တဲ့ လာ၍ သမီးများ ရှိရာ ပထမ ကိုကျော်လင်း ၊ မမေဘယ်လ်ဆွေ ၊ နောက်တော့ ပြည်ထောင်စုရိပ်သာရှိ ဦးစောဘဝင်း ၊ ဒေါ်ဒင်ပယ်လ်ဆွေ အိမ် သို့ ရောက် သွားတော့ ကျွန်တော်တို့ နှင့် အနည်းငယ် အလှမ်း ဝေး ခဲ့ရသည် ။


သို့သော် ကျွန်တော်တို့ က ဆရာ့ ဆီ မပြတ် ရောက် ခဲ့ပါသည် ။ သည်ကြား ကာလ ၌ ဆရာ စာများ ရေး နိုင်ခဲ့သေး၏ ။ ကျွန်တော် တာဝန် ယူ သော ‘ ချယ်ရီမဂ္ဂဇင်း ’ တွင် ဆရာ ရေးခဲ့နိုင်သေး၏ ။


ကျွန်တော် နှင့် ဒုတိယအကြိမ် ပြန်ဆုံခြင်း သည် ဆရာ ၏ နောက်ဆုံး အချိန် ဖြစ် နေချေပြီ တည်း ။ 


ဆရာ သည် မိမိ ကိုယ် မိမိ အားကိုးသူ အဖြစ် ကိုတော့ ကျွန်တော် ထာဝရ မှတ်မိနေမည် ဖြစ်ပါသည် ။


တသရင်းဖြင့်


◾ရွှေမြိတ်သောင်းတင်


📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

Tuesday, September 19, 2023

သော်တာဆွေ သို့


 

❝ သော်တာဆွေ သို့ ❞

ဆရာသော်တာဆွေ ကို စာနယ်ဇင်များ ထဲ မှာ စတင် တွေ့ဖူးခြင်း ဖြစ် သည် ။ ဓာတ်ပုံ အဖြစ် နှင့် လည်းကောင်း ၊ ကယ်ရီကေးချား ပုံတူ အဖြစ် နှင့် လည်းကောင်း တွေ့ ရခြင်း ဖြစ်၏ ။ ဆရာသော်တာဆွေ ၏ ဝတ္ထုများ ကို သရုပ်ဖော် ရေးဆွဲရာ တွင် ဦးစိန် ၊ ဦးဖေသိန်း ၊ ဦးအောင်ရှိန် စသော ကာတွန်း ဆရာများ က ဆရာသော်တာဆွေ့ ပုံတူ ကို ထည့်သွင်း ရေးဆွဲလေ့ ရှိ၏ ။ ဤသို့ဖြင့် ဆရာသော်တာဆွေ နှင့် စာဖတ် ပရိသတ် ရင်းနှီး ခဲ့ရခြင်း ဖြစ်သည် ။

ဆရာသော်တာဆွေ ၏ စာများ ကို မူ ရှုမဝမဂ္ဂဇင်း မှာ လစဉ် လို ဖတ် ရသည် ။ ဆရာသော်တာဆွေ က ရှုမဝမဂ္ဂဇင်း ၏ ပင်တိုင် စာရေးဆရာ ကြီး ။ ရှေ့ပိုင်း တစ်လျှောက်လုံး ဟာသဝတ္ထုတွေ ရေးသည် ။ နောက်ပိုင်း ၌ ဘဝ သရုပ်ဖော်လိုင်း သို့ ကူးပြောင်း ရေးသားသွား သည် မှာ ဆရာ ကွယ်လွန် ချိန် အထိ ပင် ဖြစ်သည် ။

ကျွန်တော် စုန်းတစ္ဆေ ဝတ္ထု မှ အစ ၊ စုံထောက် ဝတ္ထု ၊ စွန့်စားခန်း ဝတ္ထု ၊ အချစ် ဝတ္ထု ၊ အလွမ်း ဝတ္ထု စသည် ဖြင့် လုံးချင်း ဝတ္ထုများ အဖတ် ကြမ်း နေ သော ကာလ တွင် ဆရာ့ စာများ နှင့် အလှမ်း ကွာ နေပါသည် ။ ဆရာ သည် လုံးချင်း ဝတ္ထု အရေး နည်း လှသည် ။ မှတ်မိသလောက် ပြော ရလျှင် ... ပတ္တမြားဝင်းထိန် ၊ ပပဝတီ ၊ ဘွန္တောကြက်သူခိုး နှင့် ရွှေပြည်တော်သည် တို့ လောက် သာ ရှိသည် ။

ထွက် လာ ပြန်တော့လည်း ( ဘဝထိုထို ) လို ဘဝ သရုပ်ဖော် ဝတ္ထုတို ပေါင်းချုပ်စာအုပ် ၊ လူငယ် စာဖတ် ပရိသတ်များ အဖို့ တော်ရုံ နှင့် မဖတ်ဖြစ်ပေ ။ နောင် စာဖတ်သက် ရင့် လာသော အခါ၌ ကား ဆရာသော်တာဆွေ ၏ စာများ မှာ ကျွန်တော့် အသည်းစွဲ ဖြစ် လာ တော့သည် ။

ဆရာ့ စာ ရေးဟန် မှာ ထူးခြားသည် ။ အပြော ၊ အရေး နှစ်ထွေ ရော သော ရေးဟန် ဖြစ်သည် ။ ရွှင်မြူး သွက်လက်သည် ။ စာလို ရေး နေရာ မှ စကား ပြောဟန် ဖြတ် ဝင်ချင် ဝင် လာသည် ။ စကား ပြော နေရာ မှ မထင် မှတ်ဘဲ စာ ရေးဟန် သို့ ကူး ကာ ၏ … သည် အနား သတ် ပြီးဆုံး သွား တတ် သည် ။

သို့သော် ထိုးထိုး ထောင့်ထောင့် မနေ ၊ ပြေပြစ် ချောမွေ့ လှသည် ။ သူ့ စကားပြေ ရေးဟန် ကို ထူးခြား သော ရေးဟန် အဖြစ် လေ့လာ ကြရ သည် ။ ဆရာ ကိုယ်တိုင် က မူ သူ့ ရေးဟန် မှာ သူ့ စိတ် တွင် ခံစား ဖြစ်ပေါ်  လာသလို ရေး ချ လိုက်ခြင်း ဖြစ်ကြောင်း တစ်ခါက ရှင်းပြခဲ့ ဖူးသည် ။

မြန်မာစာပေ လောက တွင် ဆရာသော်တာဆွေ ကို ပြောင်မြောက် သော ဝတ္ထုတို ဆရာ အဖြစ် သတ်မှတ် ကြသည် ။ စာ တစ်ကြောင်း နှစ်ကြောင်း စ ဖတ် မိ လိုက်သည် နှင့် ရှေ့ဆက် မဖတ်ဘဲ မနေနိုင်အောင် ဆွဲအား ကောင်း လှသော စာရေး ဆရာ ပြ ပါ ဆိုလျှင် ဆရာသော်တာဆွေ ကို ပြ ရပေမည် ။

၁၉၇၆ ခုနှစ် ကျွန်တော် ရှုမဝမဂ္ဂဇင်းကြီး ၌ ဝင်ရောက် ရေးဆွဲ သည်မှ စ၍ ဆရာသော်တာဆွေ နှင့် ခင်မင်ရင်းနှီး ခွင့် ရခဲ့သည် ။ ထိုစဉ်က ဆရာ့ ဝတ္ထု နှင့် စာမူများ ကို ကာတွန်း ဦဖေသိန်း က လစဉ် သရုပ်ဖော် ရေးဆွဲ ပါသည် ။ တစ်လ တွင် ဆရာဦးဖေသိန်း အလုပ်များ မအားလပ် သဖြင့် သရုပ်ဖော် ပုံ မရေးဆွဲ နိုင်ဘဲ ရှိရာ မဂ္ဂဇင်းအချိန် မီ ပြီးစီးရေး အတွက် အခက် တွေ့ နေရသည် ။ ဤတွင် ကိုဆွေ ( စာတည်းချုပ် ဦးဆွေတင့် ) က ကျွန်တော် နှင့် အစားထိုး ရေးဆွဲ သရုပ်ဖော် စေခဲ့သည် ။ ထိုမှ စ၍ ဆရာသော်တာဆွေ က နှစ်သက် လက်ခံ ကာ သူ့ စာမူ မှန်သမျှ ကို ကျွန်တော့် အား သရုပ်ဖော် ရေးဆွဲ စေခဲ့သည် ။

ဆရာ နှင့် ရင်းနှီးသော အခါ ဆရာ့ အကြောင်း တစေ့တစောင်း ကို ပါ သိ လာရသည် ။ ဆရာ စာ ရေး လျှင် ဖူးစကက်ဆိုက် စာရေးစက္ကူ နှင့် ရေး လေ့ ရှိသည် ။ လက်ရေး လက်သား ရှင်းလင်း ကောင်းမွန်ပြီး သတ်ပုံ သတ်ညွှန်း မှန်အောင် ရေးသည် ။ ထိုစဉ် ကာလ က သတ်ပုံ မူများ နှစ်ကြိမ် သုံးကြိမ် ပြောင်းလဲ ခဲ့ ရာ ပြောင်းလဲသော သတ်ပုံများ ကို အသေးစိတ် မေးမြန်း ပြီး သူ့ စာ ထဲ တွင် မှန်အောင် ထည့် ရေး ခဲ့သည် ။

ရေးပြီးသား စာ ကို မကြိုက် လျှင် မင်ဖြင့် ကြက်ခြေခတ် ပစ် ပြီး ထို စာရွက် နောက်ကျော မှာ အသစ် ပြန် ရေးသည် ။ ဝါရင့် စာရေးဆရာကြီး ဖြစ် သော်လည်း ဤသို့ ကြိုးစား အားထုတ်သည် ကို တွေ့ ရသည် ။ သူ့ စာမူ နှင့် ပတ်သက်၍ မဂ္ဂဇင်း နောက်ကျသည် မျိုး အဖြစ် မခံ ။ လစဉ် နောက်ဆုံး ပတ် တွင် နောက် တစ်လ အတွက် ဆရာ့ စာမူ ရှုမဝမဂ္ဂဇင်းတိုက် သို့ ရောက် နေပြီး ဖြစ်သည် ။

ဆရာသော်တာဆွေ သည် အရက် ကြိုက်နှစ်သက်သူ ဖြစ်ရာ သူ အရက် ကြိုက်သည့် အကြောင်း စာ ထဲ ၌ ထည့်ရေး တတ်သည် ။ ထို့ကြောင့် စာဖတ်သူ တစ်ဦး က စာပေဆွေးနွေးပွဲ တစ်ခု တွင် အရက် သောက်ပြီး ရေးခြင်း နှင့် ပတ်သက်၍ ဆရာသော်တာဆွေ ကို မေးမြန်းခဲ့သည် ။ ဆရာ သော်တာဆွေ က သူ အရက် ကြိုက်သည် မှာ မှန်ကြောင်း ၊ သောက်သည် မှာ လည်း မှန်ကြောင်း ၊ သို့သော် သူ အရက် သောက်ပြီး စာ မရေးပါ ။ အရက် သောက်ပြီး ထမင်း စား ကာ အိပ် လိုက်ကြောင်း ၊ အမူး ပြေ အိပ်ရာ မှ နိုး လာ သော အခါမှ ကော်ဖီ တစ်ခွက် သောက် ကာ စာ ရေးလေ့ ရှိကြောင်း ဖြေကြား ခဲ့ ဖူးသည် ။

တစ်နေ့ နံနက် စောစော ၇ နာရီခန့် တွင် ကျွန်တော် ကိစ္စ တစ်ခု ဖြင့် ဆရာဦးဖေသိန်း အိမ် သို့ ရောက် နေ၏ ။ ကျွန်တော်တို့ နှစ်ယောက် လမ်းထိပ် မုန့်ဟင်းခါးဆိုင် သို့ မုန့် စားရန် ထွက် လာကြသည် ။ မုန့်ဆိုင် မှာ ဆရာသော်တာဆွေ အိမ် နှင့် မျက်နှာချင်း ဆိုင် ဖြစ်ရာ ဆရာသော်တာဆွေ အိမ် ရှေ့ စားပွဲ ၌ စာ ထိုင် ရေး နေသည် ကို လှမ်း မြင် ရ၏ ။

ဆရာ့ ကို ကျွန်တော် က မုန့် စားဖို့ လှမ်းပြီး ဖိတ်ခေါ် ရာ ဆရာ က မစား လို ကြောင်း ငြင်း သည် ။ ခဏ အကြာ တွင် အိမ်အောက် သို့ ဆင်း လာပြီး ကျွန်တော်တို့ နှင့် စကား လာ ပြောသည် ။ သူ နံနက် ၄ နာရီ မှ ၈ နာရီ အထိ စာ ရေးလေ့ ရှိကြောင်း ၊ စာ ရေး စဉ် တွင် အစာ မစားကြောင်း ၊ ကော်ဖီ လောက် သာ သောက်လေ့ ရှိကြောင်း ၊ အစာ ဝင် သွား လျှင် ခေါင်း လေး တတ်ပြီး ခေါင်း မကြည် လျှင် စာ ရေး ၍ မကောင်းကြောင်း ၊ မုန့်ဟင်းခါး လို ငံပြာရည် ပါ သော အစာ မျိုး ဆိုလျှင် ပို၍ ခေါင်းအုံ ကြောင်း ပြော ပြသည် ။ သံဃာတော်များ ညဆွမ်း မစားဘဲ တရား ကျင့်ကြံ အားထုတ်ကြ သည် မှာ ဤ သဘောမျိုး ပင် ဖြစ်ကြောင်း လည်း ရှင်း ပြခဲ့သည် ။

တစ်နေ့ ဆရာသော်တာဆွေ အိမ် သို့ အလည် ရောက် သွားရင်း စကား ပြော ဖြစ်ရာ ကျွန်တော် က ဆရာ ထုတ်ခဲ့ဖူးသော အဟိစာစောင် ပြန် ထုတ်ဖို့ ကောင်းကြောင်း နှင့် ယခုအခါ ဟာသစာပေ ရှားပါး နေ ကြောင်း ၊ ဆရာ့ အတွက် လည်း တစ်ဖက်တစ်လမ်း က ဝင်ငွေ ရမည် ဖြစ် ကြောင်း တိုက်တွန်းရာ ဆရာ က သူ မလုပ် လိုကြောင်း ၊ ယခုအချိန် တွင် သားသမီးများ လည်း သူ့ ဘဝ သူ ကျောင်း နိုင်ကြပြီ ဖြစ်၍ သူ့ အတွက် ငွေ အထူး မလိုတော့ ကြောင်း ပြောသည် ။

ထိုအချိန် က ဆရာ့ အခြေအနေ မှာ ရရစားစား ပင် ဖြစ်သည် ။ ရှုမဝ မှ လစဉ် ရသော စာမူခ ၊ ရန်ကင်း မှ မင်းသားကြီး ၏ လစဉ် ထောက်ပံ့ငွေ နှင့် ဂုဏ်ထူးစာပေ မှ လစဉ် ထုတ်သုံးငွေ ၃ဝဝိ တို့ သာ ရှိသည် ။ ဆရာ သော်တာဆွေ က ဂုဏ်ထူးစာပေ မှ လစဉ် ၃ဝဝိ ထုတ်သုံးပြီး ကျွန်တော့် ဘဝဇာတ်ကြောင်း တစ်အုပ်စာ ပြည့်တိုင်း ဂုဏ်ထူး သို့ ပေး၍ ထုတ်ဝေ စေ ကာ စာမူခ နှင့် ချေလေ့ ရှိသည် ။

ဆရာ က သူတို့ လင်မယား အတွက် ငွေကြေး များများ မလို ၊ သူ့ ဘဝ မှာ ပုံမှန် စားသောက် နေထိုင် နိုင်ပြီး စာတွေ မှန်မှန် ရေး နေ ရလျှင် သူ ပျော်သည် ။ စိတ် ချမ်းသာသည် ဆိုပါသည် ။ “ အေး တစ်ခုတော့ရှိ တယ် ၊ ငါ စာ မရေး နိုင် လောက်အောင် ကျန်းမာရေး ချို့ယွင်း သွားခဲ့ရင် ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်း သွားခဲ့ရင် ၊ ဒါမှမဟုတ် ငါ့ စာတွေ ကို ပရိသတ် က မဖတ်ကြတော့ရင် အဲဒီ အချိန်ဟာ ငါ စိတ် အဆင်းရဲရဆုံး အချိန် ဖြစ်မှာပဲ ” ဟု ပြောပါသည် ။ ဆရာ ကား အနုပညာသမား ပီသ ပါ ပေသည် ။

ဆရာ့ စာမူတွေ ကျွန်တော် သရုပ်ဖော် ရတော့ ကျွန်တော့် အဖို့ လည်း ပညာ တိုး ပါသည် ။ ဝတ္ထု ကို ကာတွန်းပုံ ဖြင့် သရုပ်ဖော် သည် ဆိုရာ ဝယ် ခါတိုင်း လို ကိုယ် ရေးချင်တာ ရေးဆွဲ တာ မျိုး မဟုတ်ဘဲ ဝတ္ထု ပါ အကြောင်းအရာ ကို သရုပ်ဖော် ပေး ရတာ ဖြစ်သည် ။ စာရေးဆရာ ရေးဖွဲ့ သည့် အကြောင်းအရာ ၊ ဇာတ်ကောင် ပုံသဏ္ဌာန် နှင့် စရိုက်သဘာဝ တို့ ကို ပေါ်အောင် ရေးဆွဲ ရသည် ။ ဝတ္ထု က ရေးတာ တစ်မျိုး ၊ ကိုယ် က သရုပ်ဖော် တာ တစ်မျိုး ဖြစ်နေ၍ မရပါ ။ ဝတ္ထု သရုပ်ဖော် ပုံ ရေးဆွဲ ရာ မှာ ဖွဲ့စည်းမှု နှင့် အထားအသို ကို ဂရု စိုက်ရသည် ။ သို့မှ စာအုပ် ထဲ မှာ ကြည့်ကောင်း အဆင်ပြေမည် ။ ဆရာသော်တာဆွေ့ စာများ မှာ ရွှင်မြူးသွက်လက် သော် လည်း အတွေးအခေါ် လေးနက်မှုများ ပါ သဖြင့် ကာတွန်းပုံ စစ်စစ် အသွက်လက်ဆုံး အနေအထား နှင့် သရုပ်ဖော်ရန် မသင့်ပါ ။ ထို့ကြောင့် အချိုး ဆန့် ထုတ်ပြီး ပန်းချီ ဆန်ဆန် ရေးဆွဲ ရသည်များ လည်း ရှိသည် ။

စာ ထဲ မှာ ဆရာသော်တာဆွေ အပါအဝင် ဆရာကြီး ရွှေဥဒေါင်း ၊ ဦးကြီးမောင် ( ငွေဥဒေါင်း ) ၊ ဒီဆူဇာဦးခင်ဇော် ၊ ဗဂျီဦးအောင်စိုး ၊ ဆရာ မင်းယုဝေ ၊ ဦးဖေသိန်း ၊ ဦးအောင်ရှိန် စသော ပုဂ္ဂိုလ်များ ကို ကယ်ရီကေးချား ပုံတူ ရေးဆွဲ ရသည်များ လည်း ရှိသည် ။

တစ်ခါက မြင်းလှည်း မောင်း သည့် ပုံ ကို ကျွန်တော် သရုပ်ဖော် ရေး ဆွဲ ရာ မှားယွင်း နေ သဖြင့် ဆရာ က မြင်း ၌ တပ်ဆင်သည့် ကိရိယာ တန်ဆာ ပလာများ အသုံးပြုပုံကို လက်တွေ့ ရေးဆွဲ ပြပြီး အသေးစိတ် ရှင်းပြ ခဲ့ ဖူးသည် ။ ( ထို ပုံ ကို သုံးမိနစ် ခန့် အတွင်း ပြီးအောင် ဆွဲ ခဲ့သည် ။ )

ဆရာ နှင့် ကျွန်တော် သွေးသားများ လို ရင်းနှီး လာသောအခါ ဆရာ က သူ့ စာမူ ရှုမဝ သို့ ပို့သည့် အခါ “ ငွေကြည် ရေ အိပ်မက်ခန်း ကို မိအောင် ဆွဲနိုင်ရင် ကောင်းမယ်ကွ ” ဟူသော စာတိုလေး မျိုး ပူးတွဲပါ လာ တတ်သည် ။

ကျွန်တော့် သား ရှင်ပြု သော အခါ ဆရာ့ ကို ကျွန်တော် မဖိတ် ဖြစ်ပေ ။ ဆရာ့ စာများ ထဲ မှာ သာရေး ၊ နာရေး ကိစ္စများ ၌ မလွှဲ မရှောင်သာ သော နာရေးကိစ္စများ မှ လွှဲ၍ မင်္ဂလာဆောင် ၊ အလှူပွဲလမ်း သဘင်များ ဆရာ သွားလေ့ မရှိကြောင်း ရေး ဖူး သောကြောင့် ဖြစ်သည် ။ သူ့ သား မင်္ဂလာ ဆောင် ကို ပင် အခြား သူ များအား ဒုက္ခ မပေးလို သောကြောင့် သူ မဖိတ် ကြောင်း ဖတ်ရ ဖူးသည် ။ ထို့ကြောင့် ကျွန်တော် သား ရှင်ပြုပွဲ ကို ဆရာ့ အား မဖိတ်တော့ပါ ။

တစ်နေ့ ရှုမဝ မှာ ဆုံကြတော့ “ ငွေကြည် ၊ မင်း သား ရှင်ပြု လုပ် တယ် ဆို ” ဟု မေးသည် ။

ကျွန်တော် က ဆရာ့ အား ဒုက္ခ မပေး လို၍ မဖိတ်ခြင်း ဖြစ်ကြောင်း နှင့် ဆရာ့ စာတွေ ထဲ မှာ ဆရာ မင်္ဂလာဆောင် တို့ ၊ အလှူ တို့ လည်း သွား လေ့ မရှိကြောင်း ဖတ်ဖူး ၍ မဖိတ်ခြင်း ဖြစ်ကြောင်း ရှင်း ပြတော့ “ ဟကောင် ရ လူရင်းတွေ ကို တော့ သွားပါတယ် ကွ ” ဟူ သတည်း ။

ဆရာသော်တာဆွေ နှင့် ကျွန်တော် တို့ ၏ ရင်းနှီးမှု မှာ မိဘ နှင့် သားသမီး လို ဖြစ် လာသည် ။ ကျွန်တော့် ဇနီးသည် ဆီး နှင့် ပတ်သက်သော ရောဂါ ဖြစ်စဉ် က ဆရာ ကိုယ်တိုင် အင်းလျားကန်ပေါင် ပေါ် က သံမနိုင် ကျောက်မနိုင်ရွက် များ ခူးကာ ၊ သူ့ အိမ် ၆ မိုင် မှ ကျွန်တော် တို့ အိမ် လှည်းတန်း ကုန်းဆင်း သို့ လမ်းလျှောက် ရင်း ယူ လာ ပေး သည် ။

နောက်ပိုင်း ၌ ဆရာ သည် တစ်လ လျှင် တစ်ကြိမ် လောက် သာ မြို့ ထဲ ထွက် တတ်သည် ။ ထိုသို့ ထွက်ဖို့ သူ့ သားသမီးများ ထဲ မှ တစ်ဦး က ကား စီစဉ် ပေးထား ပြီး ထို ကား ဖြင့် တစ်နေ့ တာ စာမူ ပေးခြင်း ၊ စာမူခ ထုတ်ခြင်း ၊ အသိအကျွမ်းများ ထံ သွားခြင်း ကို ပြုလုပ်သည် ။ ထိုသို့ ကား ဖြင့် မြို့ ထဲ ထွက်သည့် အခါများ ၌ ကျွန်တော့် အိမ် သို့ ဝင် လာ တတ် သည် ။ ဆရာ လာ လျှင် ကျွန်တော် က သူ့ မြေးများ ဖတ်ရန် ကာတွန်း စာအုပ် လေးငါးအုပ် ပေး လိုက်လေ့ ရှိသည် ။

ဆရာ့ အသက် ၇ဝ နား ကပ် လာသော အခါ ချို့ငဲ့ လာ ပါသည် ။ ရှုမဝ အပြင် ချယ်ရီ ၊ သောင်းပြောင်းထွေလာ တို့ တွင် ပါ စာတွေ ပို ရေး ရ သည် ။ အန်တီမေ မုန့်ဟင်းခါး ထွက် ရောင်း ရသည် ။

ထို့ အပြင် ကံ ဆိုး ချင်တော့ နေထိုင်ရာ ၆ မိုင် မာလကာခြံ ရှိ အိမ် မှာ ညီ ဖြစ်သူ ၏ နေအိမ် ဖြစ်ပြီး အိမ်ရှင် က သူ့ အိမ် သူပြန် နေမည် ဖြစ်၍ ဆရာသော်တာဆွေ တို့ ထို အိမ် ပေါ် မှ ဆင်းပြီး အင်းစိန် ဘိုကုန်း သို့ ရွှေ့ပြောင်း နေထိုင် ကြ ရသည် ။

အင်းစိန် ဘိုကုန်း ရောက်ပြီး နောက် ဆရာ နှင့် ကျွန်တော် ခရီး ဝေး သဖြင့် အတွေ့ ကျဲ သွား ပါသည် ။ သို့သော် အင်းစိန် မှာ ဆရာ့ ၏ တပည့် တစ်ဦး ဖြစ်သူ ကိုပိုက် က သားသမီး တစ်ဦး ပမာ ဆရာ့ ကို ပြုစု စောင့်ရှောက် နေသည် ကြားရ၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါသည် ။

ဆရာ ရှိရာ အင်းစိန် ဘိုကုန်း သို့ ကျွန်တော် ရောက် သွားသော အခါ ဆရာ က ဝမ်းသာအားရ ကြို ပါသည် ။ ဆရာ လည်း မြို့ ထဲ သိပ် မထွက် နိုင် ၊ ကျွန်တော်တို့ လည်း ဆရာ့ ဆီ မရောက်နိုင် နှင့် ဆရာ့ ဘဝ ပျင်းရိ ခြောက်သွေ့ စွာ ဖြတ်သန်း နေပုံ ရသည် ။

၁၉၈၆ / ၈၇ ခုနှစ် လောက် တွင် ရှုမဝ မှ ဆရာ့ စာမူ ကို သရုပ်ဖော် သည့် ကျွန်တော့် ပုံ ခ ကို လစဉ် ဆရာ့ သို့ လွှဲပြောင်း ထုတ်ပေး ပါ ရန် ရှုမဝ အယ်ဒီတာအဖွဲ့ သို့ စာ ရေး အကြောင်း ကြား ပြီး လှူဒါန်း ခဲ့ပါသည် ။ ဆရာ နေထိုင်ရာ အင်းစိန်မြို့နယ် မှ စာပေသမားများ က လည်း ဆရာ့ အား ငွေ သားနှင့် ကန်တော့ပစ္စည်းများ စုဆောင်း ပြီး ခမ်းခမ်းနားနား ကန်တော့ ခဲ့ ကြပါသည် ။

တစ်နေ့ တွင် အန်တီမေ နံနက်စောစော မုန့်ဟင်းခါး ထ ချက်ရာ အိမ် အပေါ် မှ လိမ့် ကျ ကာ ခြေလက်များ ကျိုးသွားသည် ဟု သတင်း ကြားရသည် ။ ဆရာ့ သား တစ်ဦး အား ဆေး ထိုး ရာ မှ သေသွားသည် ။ အန်တီမေ ခြေလက်များ ကျိုး သွား၍ မသန်မစွမ်း ဖြစ် နေသော ကာလ တစ်လျှောက် လုံး ဆရာသော်တာဆွေ ကိုယ်တိုင် ဈေး သွား ချက် ပြုတ် ပြီး ဇနီးသည် ကို ပြုစု စောင့်ရှောက် ခဲ့ သည် ကို စိတ် မကောင်း ဖွယ်ရာ တွေ့ ရပါသည် ။ ထို့ နောက်ပိုင်း အတော် ကြာ တွင် အန်တီမေ ကွယ်လွန် ခဲ့ ပါသည် ။

အန်တီမေ ကွယ်လွန် ပြီး နောက်တွင် ဆရာသော်တာဆွေ ကို သမီး ကြီး ဒင်ပယ်ဆွေ က ခေါ်ယူ စောင့်ရှောက် ခဲ့ပါသည် ။ ဆရာသော်တာဆွေ သည် ဒေါ်ဒင်ပယ်ဆွေ ၏ နေအိမ် မှာ ပင် ကွယ်လွန် ခဲ့သည် ။

◾ငွေကြည်

📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

Saturday, September 9, 2023

သော်တာဆွေ


 

❝ သော်တာဆွေ ❞

ဆရာ သော်တာဆွေ အကြောင်း ကို ရေးမည် ဟု တွေးလိုက်သော အခါ ရေဇလာ က ဗေဒါပန်းများ ကို ကျွန်တော့် မျက်စိထဲ မြင်လာသည် ။

ဗေဒါ မှာ ရေသေ ၊ အင်းအိုင် ၊ ကန် ၊ မြောင်း ထဲ က ဗေဒါမျိုး မဟုတ် ၊ ဒီရေ အတက်အကျ နှင့် လေလှိုင်းတံပိုး အထ တွင် ဒိုက်သရော အညစ်အကြေးများ နှင့် မျောလိုက် ၊ တက်လိုက် ၊ ကျလိုက် ၊ ရွှံ့ညွန် တွင် သောင် တင်နေတတ်သော ဗေဒါမျိုးပါတည်း ။

ဤဗေဒါမျိုး သည် အဘယ်သို့ပင် နေရ နေရ ၊ အပင်မနွမ်း အစဉ် လန်း၍ ပွင့်ပန်းဝေဘိသကဲ့သို့ သော်တာဆွေ လည်း ပစ်တိုင်းထောင် သဖွယ် သူ့ ဘဝ အထွေထွေ တွင် ကျရာက  ထောင် တက်လာကာ ရတနာပန်းများ ကို ပွင့်လန်းနေသူ ဖြစ်ကြောင်း သူ့ စာပေ ကို ဖတ်၍ သူ့ ဘဝ ကို လေ့လာကြည့် မှ သိရှိရပေသည် ။

◾သော်တာဆွေ ၊ သို့မဟုတ် ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း

သော်တာဆွေ ဆိုလျှင် ယေဘုယျ အား ဖြင့် အများ က သိနေ တတ် သည် မှာ အရက်သမား ၊ ကြက်သမား ၊ ဟိုတယ်တွင် ရန်ဖြစ်သူ ၊ မူးယစ် ရမ်းကားတတ်သူ ၊ မြာပွေသူအဖြစ် နှင့် ခပ်ပေါ့ပေါ့ သဘော ထားကာ ရယ်စရာများ ကို ရေးသူ စသည် ဖြင့် ယူဆစရာ ဖြစ်နေသည် ။ 

သို့သော် ထို ရယ်စရာများ ကို ရေးသူ ၏ ဘဝလမ်းခရီး ကား ရေ အဏ္ဏဝါ ကြမ်း က ဗေဒါပန်း သဖွယ် လောကဓံ ၏ ကြမ်းတမ်းသော ဒီလှိုင်းမုန်တိုင်း ဝဲဂယက် တို့ ကြားဝယ် အညစ်အကြေး ဒိုက်သရော တို့ဖြင့် ရောယှက် ကာ မျောလျက် လိုက်ပါခဲ့ရ ရှာသည့် ဘဝခရီးကြမ်း တို့ ကိုကား စာဖတ်သူ အများ က မြင်တွေ့ သိရှိ နားလည် နိုင်မည် မဟုတ် ။

ထို လောကဓံ ၏ ကြမ်းတမ်းသော ဒီလှိုင်း မုန်တိုင်းများ ကို ဖြတ်ကျော် မျောပါ ရင်း က သူ တွေ့ကြုံခဲ့ရ သမျှ ဘဝ သင်ခန်းစာကလေးများ ကို အများ အတွက် အမြဲ သတိပေး ရေးသားလျက် ရှိသူ ဖြစ်ကြောင်း ကို ကား သတိထား ကောင်း မှ ထားမိကြပေလိမ့်မည် ။

သော်တာဆွေ ဟူသည့် ကလောင် အမည် ကို ၁၉၄၇ ခု ၊ ရှုမဝ မဂ္ဂဇင်း တွင် ' ဘရန်ဒီ တစ်ပုလင်း ' ဝတ္ထု ဖြင့် စတင် သိရှိခဲ့ရသည် ။ ထို ဝတ္ထု မှာ ဟာသဝတ္ထု ဖြစ်သည် ။ ထိုစဉ် က ဒုတိယကမ္ဘာစစ်ကြီး စဖြစ်၍ စစ်အတွင်း က စာငတ် ၊ ပေငတ် ဖြစ်ခဲ့သော စာဖတ်ပရိသတ်ကြီးမှာ ထွက်သမျှ စာပေ မှန်သရွေ့ အငမ်းမရ ဖတ်ရှု အားပေး နေချိန် ဖြစ်သည် ။ ထိုသို့ စာဖတ်ပရိသတ် ဘက် က ဖတ်အား ကောင်း သလို ပင် စစ်အတွင်း က တွေ့ကြုံ ခဲ့စားခဲ့ရသော များပြား လှသည့် စစ် ၏ ဒဏ်ရာ ဒဏ်ချက် အဖြစ် အပျက်များ ကို ရင်ဝယ် မဆံ့ သဖြင့် အန် ချ လိုသော စာရေးဆရာ ပေါက်စ များ မှာ လည်း ဒု နှင့် ဒေး ရှိ နေသည် ။ ထို ဒု နှင့် ဒေး ထဲ မှ ပင် တင့်တယ် ၊ မင်းရှင် ၊ သန်းဆွေ ၊ မိုးဝေ ၊ ရဲခေါင် စသည့် ကလောင် များ ထင်ရှား လာသည် ။ ထို့အတူ သော်တာဆွေ ဟူသည့် ကလောင်အမည် မှာလည်း သူတို့ နှင့် ရှေ့ဆက် နောက်ဆက် ကျော်ကြား ထင်ရှား လာသည် ။သူ ၏ “ ဘရန်ဒီ တစ်ပုလင်း ”  ဝတ္ထု နှင့် ပတ်သက်၍ ဆရာတင့်တယ် က ဤသို့ ပြောဖူးသည် ။

“ မောင်ဆွေ ဟာ တစ်နေ့ နာမည်ကျော် စာရေးဆရာ ဖြစ်ရမယ် ဆိုတာ ‘ ဘရန်ဒီ တစ်ပုလင်း ’ ဖတ်ရ ကတည်း က ကျွန်တော် သိ နှင့် နေ တယ် ။ အဲဒီတုန်း က ကျွန်တော် ဆေးရုံ ပေါ် မှာပေါ့ ။ အစိုးရ အလုပ်သင် ဆရာဝန် ပေါက်စနတွေ သွေးကြော ရှာ မရနိုင်တာ နဲ့ အပ်ပေါက် စမ်းလွန်း လို့ လက်မောင်း တစ်ခုလုံး စပ်ဖျဉ်းဖျဉ်း နဲ့ စိတ်ညစ် နေတုန်း သူ့ ဝတ္ထု ကလေး ဖတ်ရတော့ မှ ပြုံးနိုင် ရယ်နိုင် ဖြစ်လာ တော့တယ် ။ ဒါနဲ့ လက် မောင်း စပ်ဖျဉ်းဖျဉ်းကြီး တန်းလန်း က ထပြီး သူ့ ဆီ စာ လှမ်း ရေးမိတာပဲ ။ အဲဒီက စပြီး သူ နဲ့ ကျွန်တော် ခင်ခဲ့ကြတာ အစ်ကို ရ ၊ ကျွန်တော့် စာ ရပြီး သူ ရန်ကုန် ဆင်းလာစ တုန်းကတော့ ကလောင် ဂျူနီယာကလေး ဆိုပြီး ခပ်ပေါ့ပေါ့ မှတ်တယ် ။ တစ်နေ့ ဆရာဇဝန တို့ နဲ့ တွေ့ တော့မှ ဟေ့လူ ခင်ဗျား “ မိုးတိမ်တောင် ” မဟုတ်လား သော်တာဆွေ ဆိုတော့ ကျုပ်တို့က ကလောင် အသစ်ကျပ်ချွတ်ကလေး အောက်မေ့ နေတာဗျာ ”  ဆိုတော့မှ ပဲ အင်း သူ လည်း စစ် မဖြစ် ခင် ကတည်း က လေ့ကျင့် နေတဲ့ ကလောင် တစ်ချောင်းမှန်း သိခဲ့ရတယ် ”

ကျွန်တော်တို့ အနေဖြင့် မူ မိုးတိမ်တောင် အမည် ဖြင့် တစ်ခါမျှ မတွေ့ ခဲ့ဖူးပေ ။ သော်တာဆွေ အဖြစ် နှင့် ကား သူ ၏ ဇာတ်ကောင်များ ဖြစ်သည့် ဖြတ်စ ၊ ကျော်စံကေး ၊ ဟစ်တလုံး ၊ အေးဆွေ ပေါ်အူး စသူတို့ နှင့် အူမြူး နေခဲ့ရ ချိန် ဖြစ်သည် ။

ထိုစဉ်က ကျွန်တော် သည် စာပေနယ် သို့ မရောက်သေး ။ ဇာတိ ပေါင်းတည်မြို့ ကလေး တွင် ဆန်စက် စာရေး ဘဝ ၌ ကျင်လည်ရင်း သော်တာဆွေ ၏ စာဖတ် ပရိသတ် ဖြစ် နေခဲ့သည် ။ လူငယ်တို့ ဘာဝ မိမိ စွဲလမ်း သော စာရေးဆရာ ကို အဝေး မှ ကြည်ညိုနေခိုက် ဖြစ်သည် ။ သော်တာဆွေ ဟူသည် မည်သူမည်ဝါ ဖြစ်၍ ဖြူသလား ၊ မည်းသလား မသိ ။ သိမည့် သိရ တော့လည်း အမှတ်မထင် ခင်မင်သူ တစ်ဦး နှင့် အငြင်းပွား ရင်း သူ့ အတွင်းရေးများ ပါ သိခဲ့ရသည် ။ သို့ သိရပုံကား ဤသို့တည်း ။

ဆန်စက် ၌ အလုပ် အားလပ်ချိန် တစ်နေ့ သူ ၏ စာများကို ဖတ် နေ ခိုက် ထိမိသော ဟာသကွက်များ ၌ နှစ်ခြိုက်စွာ ရယ်မော လိုက်စဉ် “ အမယ် လေး ၊ သော်တာဆွေ အရက်သမား ကြက်သမား ရေးတဲ့ စာများ ကောင်း ကောင်းကန်းကန်း လုပ်လို့  ” ဟု စော်စော်ကားကား ပြော လာသော အသိ မိတ်ဆွေ တစ်ဦး နှင့် စကား များကာ ရန်စောင် မိကြသည် အထိ ဖြစ်ခဲ့ရသည် ။

ထိုစဉ် က ကျွန်တော့် အဖို့ ကား သူ ၏ စာများ ၊ သူ နှင့် ပတ်သက်သော အကြောင်းအရာများ ကို ဖတ်လွန်း၍ လား မသိ ။ အကုသိုလ်ကံ သည် အရိပ်ပမာ လိုက်သည် ။ ကာလဝိပါက် နောက်ပိုးတက်သည် စသည့် ဘာသာအယူဝါဒ ၏ စကားလုံးများ ကို သုံးနှုန်းခဲ့ပုံ ၊ မကောင်း ကြံ သူ သာ မကောင်း ဖြစ်ရသော ဇာတ်အိမ် ဇာတ်ကွက်မျိုး ချည်း ရေးဖွဲ့လေ့ ရှိပုံများ ကို သတိထား လေးစားမိခဲ့သည် ။

ထိုနေ့ က ထို အသိ မိတ်ဆွေ နှင့် ကျွန်တော်တို့ စကား များသည့် သတင်း မှာ ဆန်စက်ဝင်း တစ်ခုလုံး ပျံ့နှံ့ သွားကာ ကျွန်တော်တို့ ဆန်စက် နှင့် ကပ်လျက် ရှိသည့် တစ်ဖက်သော ဆန်စက်ဝင်း မှ လူများပင် သိရှိ ကုန်သည် ။

ထို တစ်ဖက်သော ဆန်စက် ကား ဆရာ သော်တာဆွေ အား စာရေး ဆရာ ဘဝ သို့ ထုတ်ဆောင်ကူးမြောက် အရောက် ပို့ လိုက်သော ကူးတို့ ယာဉ်သာ ဟု ပင် တင်စားနိုင်သည့် မြန်မာ့အလင်း သတင်းစာတိုက် ပိုင်ရှင် သူဌေး ဦးမောင်ကြီး ၏ ဆန်စက် ပင် ဖြစ်ပေသည် ။

သူဌေး ဦးမောင်ကြီး မှာ ဆရာသော်တာဆွေ ၏ ဖခင် နှင့် ရင်းနှီး သော မိတ်ဆွေ ဖြစ်သည် ။ ထို့ကြောင့် စစ်ပြီးခေတ် တွင် ကျောင်းဆရာ ပြန် မလုပ်သော အထက်တန်းပြ ဆရာ ကိုကျင်မောင် ( သော်တာဆွေ ၏ နာမည် ရင်း ) အား သူဌေးများ က မ,စသော အနေဖြင့် မန္တလေး သို့ ဆန် ရောင်း လွှတ် ခဲ့သည် ။ ကျောင်းဆရာလေး မှာ ဆန်ရောင်း ရင်း ကုန်ရှုံး ကြွေး တင်ကာ ကြွေးရှင် မျက်နှာ မကြည့်ဝံ့တော့ သောကြောင့် မန္တလေး ရှိ ဆရာ ကြီး ရွှေဥဒေါင်း အိမ် တွင် သောင်တင် နေခဲ့သည် ။ ထိုမှ နေ၍ စာကလေး ပေကလေး ရေး နေကြောင်း ကြားသိ လာသည် ။

ကျွန်တော့် မှာ မမျှော်လင့်ဘဲ သော်တာဆွေ သည် ပေါင်းတည် သား ကျောင်းဆရာ ကိုကျင်မောင် ဖြစ်ကြောင်း သိရ သဖြင့် ရှိရင်းစွဲ ခင်မင်ကြည်ညို စိတ် မှ ပိုမို တက်ကြွကာ အားရဝမ်းသာ ဖြစ်မိသည် ။ ဝမ်းသာအားရ ဖြစ်လှ သဖြင့် သော်တာဆွေ နှင့် ကျောင်းနေဖက် ဖြစ်သည့် ကျွန်တော် ၏ အစ်ကိုတော် ကို ပြောပြမိသည် ။ ကျွန်တော် ၏ အစ်ကိုတော် ပေါင်းတည် သိမ်ကြီး နေရှင်နယ်ကျောင်းအုပ် ဆရာသောင်း ၊ ပန်းချီ ဦးစန်းလွင် စသူ တို့ မှာ သော်တာဆွေ ၏ ငယ်ပေါင်း ကျောင်းနေဖက်များ ဖြစ်ကြသည် ။

ထိုနေ့ က ကျွန်တော်တို့ အစ်ကိုတော် မှ တစ်ဆင့် ပြော ပြသဖြင့် သူ သည် ကျောင်းသားဘဝ ကတည်း က ပညာရည် ချွန် သလောက် မြန်မာ ကဗျာ ၌ ကျွမ်းကျင် နိုင်နင်းသည် ။ ဗိုလ်ချုပ်ကျော်ဇော တို့ နှင့် ဆရာဖြစ်သင် ကျောင်း တွင် အတူ နေခဲ့ဖူးသည် ။ အင်္ဂလိပ်  ပြေး ၊ ဂျပန် ဝင် စ က အင်္ဂလိပ် မောင်းထုတ်ရေး စစ်ဦး ကို ကြိုဆိုရန် အသွား သူ မျှော်လင့်သလို ဘီအိုင်အေ မျိုးချစ်တပ်မတော် သို့ မဝင်ဖြစ်ဘဲ ဂျပန်စစ်အာဏာပိုင်များ က အထက်ဗမာပြည် အင်္ဂလိပ် လက်တွင်း ရှိ အုပ်ချုပ်ရေးပိုင်း လူကြီးများ ဖြစ်သည့် ဦးသိမ်းမောင် ( ယခု တရားဝန်ကြီးချုပ်ဟောင်း ) ၊ ဒေါက်တာ သိန်းမောင် ( ကွယ်လွန်သူ ) ၊ ဦးဘိုးစ ( ယခု ပြည်ထောင်စုဘဏ် ) ၊ ဆာမြဘူး စသည် တို့ အား အိန္ဒိယ ပါ သွားမည် စိုး၍ သက်စွန့်ဆံဖျား စစ်ဦးဖျား ကို ကျော်လွှား ခေါ်ငင် ပေးရဖူးသူ ဖြစ်ကြောင်း ၊ သို့သော် နောက်ပိုင်း မည်သည့် အကျိုး ခံစားခွင့် မျှ မရယူဘဲ မြင်းလှည်း မောင်း စား နေကြောင်း များ ကိုပါ သိရှိခဲ့ရသည် ။ ( နောင် ထိုဇာတ်ကြောင်း ကို မြဝတီ တွင် ' သေခဲ သော အသက် ' ဝတ္ထု ၌ ထုတ်ဖော် ရေးသား လာသည် ။ )

ဤသို့ ကျွန်တော့် အစ်ကိုတော် ပြောပြသည့် အထဲ မှ သူ ၏ မြန်မာ ကဗျာ ထူးချွန်မှု နှင့် ပတ်သက်၍ ထို ဝါသနာ ဗီဇကြောင့် ပင် ထင်သည် ။ သူ၏ ဟာသဝတ္ထုများ ၌ ပင် တချို့ နေရာများ တွင် ကဗျာ ဖွဲ့၍ နောက် ပြောင် ရေးသားပုံ ကို ဖတ်ရှု ခဲ့ရသည် ။

ထို့ပြင် သူ ၏ နာမည်ကြီး ဝတ္ထုဖြစ်သည့် “ ချစ်ပန်း နှစ်ခိုင် ” ဝတ္ထု ပထမပိုင်း ကား ကဗျာဝတ္ထု ဟု ပင် ခေါ်ဆို နိုင်သည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ဝတ္ထု ၌ ပင် သူ သည် ဆန် ကုန် ကူးရင်း ကုန်ရှုံး ကြွေးတင် ကာ ကြွေးရှင် မျက်နှာ မကြည့်ဝံ့ ၍ စာရေးဆရာ ဘဝ သို့ အရောက် ပြန်ခဲ့သော ဇာတ်ကြောင်း ကို ပြန်ပြောင်း ဖော်ထုတ် ရေးသား လာလေသည် ။

“ ချစ်ပန်းနှစ်ခိုင် ” ကား သူ ၏ ဘဝုပ္ပတ္တိ ဟု လည်း ဆိုနိုင်သည် ။ သူ သည် ငယ်စဉ်က ကဗျာရူးကလေး ပီပီ လှိုင်ထိပ်ခေါင်တင် ၏ “ အပျို တော် ရွယ်မစေ့ခင်က ငယ်ဓလေ့ဂေါရီ ”  စသည့် တေးထပ် ကို ကူးကာ တရုတ်ကပြားမကလေး တစ်ဦး ကို ရည်းစား စာ ပေး ဖူးသည် ။ တရုတ် ကပြားမကလေး မှာ သူ၏ လေးချိုး ၊ ဒွေးချိုး ၊ ဘောလယ် ၊ တေးထပ် စသည် တို့ မှ သံယောဇဉ် ရစ်ပတ်ကာ ချစ်ခဲ့ရှာသည် ။ လူငယ် ဘာဝ အချိန်း အချက် ပြုကာ နှစ်ဦးချင်း တွေ့ ကြသည် ။ နောက် ကြားလူ ခွဲ၍ အထင် လွဲ ပြီး အသည်း နာစရာ ကွဲကွာ ခဲ့ရသည် ။ ထိုစဉ်က သူ သည် ဇာတ်မင်းသားများ လွမ်းသလို သီချင်း ဆို၍ ငို ခဲ့သည် ။ အချစ်ဦး မို့ အရူးအမူး ဖြစ်ခဲ့ရ သည် ။ ထို့ကြောင့် ဦးလေး ဖြစ်သူ အရူးကုဆရာ နှင့် ပင် ကုခဲ့ရ ဖူးသည် ။ အရူးကုဆရာ ဦးလေး မှာ ခေတ်ဗဟုသုတ ရှိသူ ဖြစ်၍ သူ့ ကို စိတ်ပြေ လက်ပျောက် အာရုံ ပြောင်း စေရန် ရန်ကုန် သို့ ပို့ ခိုင်းသည် ။ ထို့ကြောင့် ရန်ကုန် မှ အင်္ဂလိပ် ကပြားမကလေး နှင့် ဖူးစာ ဆုံခဲ့ရသည် ။ ထို ကပြားမ ကလေး နှင့် -

ဂျပန်ခေတ် အတွင်း ကုန်ကူးခြင်း ၊ မြင်းလှည်း မောင်းခြင်း ၊ ( ရှုမဝ “ ကျွန်တော် ဘယ်က လာသနည်း ” ဝတ္ထု တွင် ထုတ်ဖော်ခဲ့သည် ။ ) လောင်း ဝိုင်းလိုက် ၊ ဖဲရိုက် ၊ ကြက်တိုက် အစုံ လုပ်ခဲ့သည် ။ ထို ကြားထဲ မှ အားလပ် ချိန်များ ဝယ် ရွှေဥဒေါင်း ၏ စုံထောက်ဝတ္ထုများ ကို နှစ်ခြိုက်စွာ ဖတ်ရင်း က အားကျ ကာ “ ရန်အောင်ရတနာ ”  စုံထောက်ဝတ္ထု ကို ကြိုးစား ရေးနေ ခဲ့ သည် ။ သို့နှင့် ဂျပန်လက်နက် ချ၍ ဒုတိယကမ္ဘာစစ် ပြီး စတွင် ဖခင် ၏ အကူအညီ ဖြင့် ဆန်ကုန် ကူး လေသည် ။ ဆန်ကုန်သည် ဘဝ နှင့် မန္တလေး ရောက်စဉ် ဂျပန်ခေတ် က မပြီးပြတ် ခဲ့သော သူ ၏ “ ရန်အောင်ရတနာ ” စုံထောက်ဝတ္ထု ကို ဆရာကြီး ရွှေဥဒေါင်း ထံ သွား ပြရင်း ဆရာကြီး နှင့် ရင်းနှီး သွားကြသည် ။ ထို့နောက် ကသာ သို့ ဆန် တက် ရောင်းရင်း ကုန်ရှုံး ကြွေးတင် လူလိမ် ခံရသော အခါ ကြံမိကြံရာ ကသာ မြစ်ကြီးနား တစ်ဝိုက် မှ စစ်အတွင်း တိုက်ပွဲများမှ လက်ကျန် အမြောက်ဆန်ဟောင်းများ ကို ဝယ်ကာ ကြေးကုန်သည် ဖြစ်ခဲ့ ပြန်သည် ။ ကြေးကုန်သည် ဘဝ တွင် လည်း ဒုက္ခ နှင့် ရင်ဆိုင် တိုးကာ အစိုးရ က ပစ္စည်းများ သိမ်း သဖြင့် အရင်း ရော ၊ အမြတ် ပါ ရှုံး ခဲ့ရသည် ။ ထိုသို့ အိုးပစ် အိမ်ပစ် စီးပွား ရှာခိုက် ဒုက္ခ ဖြင့် သာ ဆက်တိုက် ကြုံကြိုက် ခဲ့ရသည် ။ ထို့ကြောင့် တုံးတိုက်ကမ်း တိုက် စိတ် ဖြင့် လေလွင့် နေခိုက် ကသာ မှ မိန်းမထိန်း လူမိုက်များ လက် မှ မိန်းမပျက်ကလေး တစ်ဦး ကို လုယူ ကယ်တင်ကာ အတည်တကျ ပေါင်းသင်း နေထိုင် ခဲ့ပြန်သည် ။ ထို့နောက် အလုပ်အကိုင် ကလည်း မရှိ ၊ ကြွေးမြီ ဟောင်း ကလည်း တောင်း မရ ။ လူလိမ် ခံရ သောကြောင့် စိတ် ပျက်ကာ အောက်ပြည် အောက်ရွာ ရှိ မယားကြီး ဖြစ်သူ ကပြားမကလေး ထံ စိတ် ပြန် လည် ကာ မယားငယ် အပျက်မကလေး ကို စွန့်ခွာ ထားခဲ့ပြီး မယားကြီး ထံ ပြန် ခဲ့ပြန်သည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ကား သူ့ ဘဝ ၏ ဖွင့်ဟ ဝန်ခံချက် ပင် ဖြစ်သည် ။

အချစ် နှင့် ပတ်သက် ၍ သူ ၏ နုနယ် ငယ်ရွယ်စဉ် က တည်ရှိသော စိတ် ၊ အသက်အရွယ် အတွေ့ အကြုံ ရင့်သန်သောအခါ ထားရှိသော စိတ် တို့ ကို လည်း ဖော်ပြလျက် ရှိ ပေသည် ။ ထို “ ချစ်ပန်း နှစ်ခိုင် ” ဒုတိယ ပိုင်း ကို ပင် ရှုမဝ တွင် ‘ ဆန်ဆုံစား ကံကုန်သွား ’ ဟူ၍ ဆက်လက် ရေး သားသော အခါ၌ မူ အပျက်မကလေး အပေါ်  သူ ထားရှိခဲ့သော လူတို့ ၏ ယုတ်မာမှု ၊ တစ်ကိုယ်ကောင်း ဆန်မှု တို့ ကို ထုတ်ဖော် ဝန်ခံ ခဲ့လေသည် ။

ဤနေရာ ၌ သော်တာဆွေ သည် မိမိ ကိုယ် ကို ပြန်လှန် ဝေဖန်ရာ ၌ ရဲရင့်၍ မှန်ကန်သည့် ပကတိ အတိုင်း ဖော်ထုတ်ဝံ့သည် ။ ယေဘုယျ သဘော လူတို့ တွင် ရှိတတ်သော မိမိ သာလျှင် သူတော်ကောင်း ဖြစ် ကြောင်း မပြလို ၊ ယုတ်မာ လျှင် ယုတ်မာခဲ့ ဖူးကြောင်း ကို သစ္စာ ရှိစွာ ဖော်ပြခဲ့ သည် ။

ထို ' ဆန်ဆုံစား ကံကုန်သွား ' ဝတ္ထုတို နှင့် ပတ်သက်၍ပင် တစ်လောက စာရေးဆရာများ အဏ္ဏဝါခရီး ထွက်၍ သင်္ဘော ထက် ရေလွှာ ပြင် ဆွေးနွေးပွဲ တွင် ဆရာ သိန်းဖေမြင့် က ဝတ္ထု သရုပ်ဖော်ပုံများ ကောင်း သော်လည်း ယုတ်မာ ရက်စက်ရာ ၌ စာရေးဆရာ ကိုယ်တိုင် ဇာတ်ကောင် အဖြစ် ဖော်ထုတ် ရေးသားခြင်း မှာ စာရေးဆရာ ကို စာဖတ် ပရိသတ် က အကြည်ညို ကင်းမဲ့စေသည် ဟု ဝေဖန် လေသည် ။

ဆရာသော်တာဆွေ က မူ သူ့ မူ အတိုင်း “ စာရေးဆရာ လည်း လူ ပါပဲဗျာ ။ အကျင့်စာရိတ္တ မှာ လူ ထက် မပိုနိုင်ပါဘူး ။ သူ က စာ ရေးတတ် လို့ စာ ရေးနိုင်တယ် ။ သည့်ပြင် နေရာ မှာ တော့ လူ တစ်ယောက် လိုပဲ ။ မိုက် ချင် မိုက်မယ် ၊ လိမ္မာ ချင် လိမ္မာမယ်ပေါ့ ။ ကျွန်တော် တော့ ကျွန်တော့် ပရိသတ် ကို ကျုပ် စာကြိုက် ရင် လည်း ဖတ်ကြပါ ။ ကျွန်တော့် ကို တော့ မကြည်ညိုကြပါနဲ့ ။ ကျွန်တော် စာ ရေးတာက လွဲပြီး အမတ် အရွေး ခံမယ့် လူ မှ မဟုတ်ဘဲ ” ဟု ရှင်းလင်း ချေပခဲ့ပေသည် ။

သူ နှင့် ကျွန်တော် လူချင်း စတွေ့ ရပုံ မှာ ဤသို့ ဖြစ်၏ ။ ကျွန်တော် သည် ဆန်စက် စာရေး ဘဝ မှ သွေးသောက် စာတည်း အဖွဲ့ သို့ ရောက်ရှိ လာ သည် ။ သွေးသောက် တွင် ရှိစဉ် ညနေ အလုပ် ဆင်း ချိန်တိုင်း ဘိလပ် မှ ပြန် ရောက်စ ဆရာတင့်တယ် က ညစာ အမြဲ ကျွေးလေ့ ရှိသည် ။ ထိုနေ့က ဆရာတင့်တယ် ခေါ် သဖြင့် တာဝှာဘား သို့ ဝင်ခဲ့ရသည် ။ ဘားတွင်း သို့ ရောက်သည် နှင့် ဆရာတင့်တယ် မှာ နောက်ဖေးခန်း သို့ အပေါ့အလေး သွားရန် ကမန်းကတမ်း အပြေး ဝင် သွားရင်း တန်းလန်း ဖြင့် တစ်ခုသော စားပွဲ မှ လူ နှစ်ယောက် ကို လှမ်း နှုတ်ဆက်ကာ ကျွန်တော့် အား ထို စားပွဲ တွင် ဝင် ထိုင်ရန် ညွှန်ပြခဲ့သည် ။

ထို စားပွဲ ရှိ နှစ်ယောက် သော သူ မှာ အတော်ကလေး ရေချိန် ရနေ ဟန် ရှိသည် ။ တစ်ယောက် က မျက်ပေါက် ကျဉ်းကျဉ်း ၊ အသား ညိုညို ၊ ထောင်ထောင် မောင်းမောင်း ၊ ဘန်ကောက်လုံချည် ရေနံရောင် အသစ်စက်စက် ၊ ထိုစဉ် ဆိုရှယ်လစ်များ ဝတ်လေ့ ရှိသော ဟာဝေယံရှပ် ဝတ်ထား သော်လည်း သေသေသပ်သပ် မဟုတ် ၊ ကျန် လူတစ်ယောက် မှာ ရှပ်ဖျဉ် လက်တိုအဖြူ ၊ ဘန်ကောက်လုံချည် မီးခိုးရောင် တစ်ပတ်နွမ်း ကို ဝတ် ထားသော်လည်း သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိသည် ။ အသားဖြူဖြူ တရုတ်ကပြားလိုလို မချိုမချဉ် မျက်နှာထား နှင့် မို့ မြင်ဖူး သလိုလို ရှိကာ အကဲခတ် ရင်း ဝင် ထိုင်ရန် ဟန်ပြင် လိုက်မိသည် ။

စိတ် ထဲ က မူ ငယ်ငယ် က မြင်ဖူးသော ကျောင်းဆရာ ကိုကျင်မောင် နှင့် ဆင်ဆင် တူ သဖြင့် ကွဲကွဲပြားပြား ခြားခြားနားနား သိသာရန် စေ့စေ့စားစား ကြည့်မိ လိုက်စဉ် သူ က တစ်စုံ တစ်ခု မကျေနပ် သလိုလို ဒေါ ထသော မျက်နှာ ၊ မနှစ်မြို့သော အကြည့် ဖြင့် ပြန်လှန် ကြည့်ကာ လက် မှ ဖန်ခွက် ကို လည်း ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်သည် ။ ပြီးမှ -

“ မင်း က ဘယ်ကလဲ ”

ကျွန်တော့် မှာ အမှတ်မထင် ရန် ပြု ချင်သော အာလေးလျှာလေး နှင့် သူ့ အမေး ကြောင့် ရုတ်တရက် ကြောင် သွားကာ -

“ ဆရာတင့်တယ် ဧည့်သည် ပါ ” 

ဟု ဖြေ လိုက်မိသည် ။

“ ဒါဖြင့် ထိုင် ”

ရုပ်ရှင် ထဲ မှ လူဆိုးဗိုလ် စတိုင် ဖြင့် အမိန့် ပေး လေသည် ။ သူ့ ဘေးမှ မျက်ပေါက်ကျဉ်း ဆရာ မှာ ရုတ်တရက် ကြောင် နေဟန် ရှိရာမှ ကျွန်တော့် ကို လှမ်း၍ မျက်စိ တစ်ဖက် မှိတ် ပြသည် ။ ပြီးမှ သူ့ လူ ကို စိတ် ပြောင်းစေ ရန် ရယ်စရာများ ကို ပြော လေသည် ။ ယင်းမှ ထို လူ ပြုံးရယ် လာသည် ။ ထိုအခါမှ သူ့ ပါးချိုင့်ကလေး ကို မြင် ရကာ ငယ်ငယ် က မြင်ဖူးသော ဆရာ ကိုကျင်မောင် မှန်း ရိပ်မိ လိုက်သည် ။

မကြာမီ ဆရာတင့်တယ် ထွက် လာ၍ ဘိုဆန်ဆန် မိတ်ဆက် ပေးသော အခါ ထင်သည့် အတိုင်း တရုတ်ကပြား လို ပါးချိုင့် နှင့် လူ မှာ သော်တာဆွေ ဖြစ်၍ မျက်ပေါက်ကျဉ်း ဆရာ မှာ မင်းရှင်နောင် ဖြစ်ကြောင်း သိ ခဲ့ရသည် ။ ဆရာတင့်တယ် ရောက် လာ၍ မကြာမီ အရှိန် ရလာသော အခါ သော်တာဆွေ အား “ ညီညီ ” ဟု မပီကလာ ခေါ်ရင်း တပြွတ်ပြွတ် နမ်းရှုပ် နေသည် ။ ကျွန်တော့် မှာ ယောက်ျားချင်း နမ်းရှုပ်သည် ကို ပထမ ဆုံး မြင်ရခြင်း ဖြစ်၍ တအံ့တသြ ငေးမော နေစဉ် ဆရာမင်းရှင်နောင် မျက်နှာကြီး ကျွန်တော့် ပါးနား ကပ် လာ ပြန်သဖြင့် လန့်ဖျပ်ရှက်ကြောက် ကာ ပါးများ ပင် ယားသွားမိသည် ။ ပြီးမှ “ ခုနက သော်တာဆွေ ပြောတာ သည်းခံပါ ၊ သူ က မူးရင် ဒီလိုပဲ ဒေါသ ကြီးတယ် ၊ သတိ လစ်တတ်တယ် ” ဟု တောင်းပန်စကား ပြောကြားတော့ မှ ပါး အယား ပြေ သွားမိသည် ။

ဆရာသော်တာဆွေ သည် ဤသို့ပင် အရက် ဝင် သွားမိလျှင် စိတ် မထင် မထင်သလို ပြုမူ တတ်ကြောင်း ၊ အရက်ဝိုင်းများ ၌ သူစိမ်းတရံဆံ များ က သူ့ အား စေ့စေ့ ကြည့် လျှင် မခံချင်တတ်ကြောင်း နောင် သူ နှင့် ရင်းနှီး လာသောအခါ သိ လာရသည် ။ ထို စိတ် မှာ အရိုင်း စိတ် ဟု ခေါ်ခေါ် ၊ မည်သို့ နာမည် တပ်တပ် ၊ လူ တို့ တွင် ရှိတတ်သော စိတ် ပင် ဖြစ်သည် ။ သော်တာဆွေ လည်း လူ တစ်ယောက် ပင် ဖြစ်သည် ။ ရိုင်းချင် ရိုင်းမည် ၊ ယဉ်ချင် ယဉ်မည် ၊ အရက် သောက် လျှင် မိုက်စိတ် အရိုင်းစိတ် ဝင် တတ် သော လူ အများ ပင် ရှိသည် ။ မင်းကြီး ၊ ဝန်ထောက် ၊ ပြာတာ ၊ ဂေါ်ရင်ဂျီကု,လား ဟူ၍ သူတို့ ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အား ဖြင့် သာ ပညာ တတ်၍ မင်းကြီး ဝန်ထောက် လုပ်စားသူ နှင့် ပညာ မဲ့ ၍ ပြာတာ လုပ် ရ သူ လန်ချားဆွဲစား ရ သူ ဟူ၍ ကွဲပြား ခြားနားကြသည် ။ အရက် သောက် လျှင် မူး တတ်ကြသည့် နေရာ မှာ တော့ အတူတူပင် ဖြစ်သည် ။

သို့ဖြစ်၍ စာရေးဆရာ အရက် သောက် လျှင် လည်း မူးပေမည် ။ ဤနေရာ၌ သော်တာဆွေ  အရက် သောက် မူး ရမ်းတတ်၍ သော်တာဆွေ စာပေ ပျက်စီး၍ မသွားနိုင် ၊ သူ့ စာပေ ၌ အရက်နှင့် ပတ်သက်သော အတွေ့အကြုံ အဖုံဖုံ ကို ပင် လေ့လာတင်ပြနိုင်ကောင်း တင်ပြ နိုင်ပေမည် ။ သို့ ဆိုရာ၌ စာရေးဆရာ တိုင်း အတွေ့ အကြုံ စုံအောင် အရက် သောက် သည် ။ သောက် ရမည် ၊ သောက်ကြသည် ဟု မဆိုလို ၊ မသောက်ဘဲ ရေး နိုင်သူ ၊ လုံးဝ အရက် မသောက်တတ် သော စာရေးဆရာများ လည်း အများအပြား ပင် ရှိကြသည် ။

သူ နှင့် ကျွန်တော် ဒုတိယ ဆုံမိကြသည် မှာ မြဝတီ သို့ ကျွန်တော် ရောက်ရှိ၍ စာမူ တောင်းခိုင်းသဖြင့် မအူပင်လမ်း ရှိ သူ၏ နေအိမ် သို့ လိုက်သွား စဉ် က ဖြစ်သည် ။

သူ့ ကို နေအိမ် တွင် မတွေ့  ၊ အနီး ရှိ စာသင်ကျောင်း တစ်ကျောင်း အပေါ် ထပ် တွင် စာ ရေးစရာ ရှိ၍ သွားနေသည် ဆိုသဖြင့် ထို ကျောင်း သို့ လိုက် သွားရသည် ။

ထိုအချိန် ထို ကျောင်း တွင် တွေ့ ရသော ဆရာသော်တာဆွေ မှာ တွေ့ဦးစ ၌ မှုန်တေတေ မခိုးမခန့် ကြည့် တတ်သော အလေ့ မှ လွဲ၍ ဆက်ဆံပုံ မှာ တာဝါဘားတွင်း မှ သော်တာဆွေ နှင့် တခြားစီ ပင် ဖြစ်၏ ။ ပြုံးပြုံး ရွှင်ရွှင် ဖော်ဖော်ရွေရွေ ခေါ်ငင် နှုတ်ဆက်သည် ။

ကျွန်တော် စီး လာသော စစ်ကား ကို မြင်၍လား မသိ ။

“ ခင်ဗျား မြဝတီ က မဟုတ်လား ၊ ' ငွေရှာပါရဂူ ’ ရေးတာ ခင်ဗျားပဲ ထင်တယ် ” 

ဟု ဆီးကြို နှုတ်ဆက် သဖြင့် အံ့အား သင့် နေမိသည် ။

အထူးသဖြင့် ကျွန်တော်တို့ လို ကလောင် ပေါက်စကလေး တစ်ဦး ၏ စာ ကို ဖတ်ပြီး လူ ကို အတတ် သိ နေ သဖြင့် ပို အံ့အား သင့်မိသည် ။

ထိုနေ့ က သူ ၏ ဆက်ဆံပုံ ကို ကြည့်ကာ သူ သည် လူကဲခတ်ရာ ၌ ပါးနပ် လျင်မြန်သော အသိဉာဏ် ရှိသူ ဖြစ်ကြောင်းနှင့် စာ စုံအောင် ဖတ်သူ တစ်ဦး ဖြစ်ကြောင်း သိခဲ့ရသည် ။ နောင် သူ နှင့် ရင်းနှီး လာသော အခါတွင် ကား သူ သည် ပျော်ပျော် နေ တတ်သည် ။ စိတ်ညစ်စရာ တွေ့လျှင် ရယ်စရာ ရအောင် ရှာတတ်သည် ။

တစ်ခါက ကျွန်တော် သည် သူ့ ရှေ့ တွင် မဂ္ဂဇင်း လုပ်ငန်း ၏ ပင်ပန်းဆင်းရဲပုံ ကို ညည်းညူမိသည့် အခါ သူ ပဒေသာရုပ်စုံ မဂ္ဂဇင်း ထုတ်စဉ် က ဤမျှမက ပင်ပန်းဆင်းရဲခဲ့ပုံ ကို ပြောပြသည် ။ စာပဒေသာ ရုပ်စုံမဂ္ဂဇင်း တည်ထောင်စ က သူ့ ဘဝ တစ်ခုလုံး စုပုံ ကာ ရည်မှန်းချက် ကြီး ဖြင့် လုပ်ကိုင် ပေးခဲ့ဖူးသည် ။ နောင်အခါ ပဒေသာ မှ သူ့ အား မိန်းကလေး တစ်ယောက် ကိစ္စ နှင့် ပတ်သက်၍ ထုတ်ပယ် ခဲ့သည် ။ ထို အကြောင်း ကို ပြောပြ နေစဉ် သူ့ မျက်နှာ တွင် ထိခိုက်ကြေကွဲသော အသွင် သဏ္ဌာန်များ ကြား မှ အံတကြိတ်ကြိတ်နှင့် “ အင်း ... စာပေသမားချင်း မို့လို့ပေါ့ကွာ ၊ တခြား လူတွေ သာ ဆိုရင် ” ဒေါ နှင့် မော နှင့် ကြိမ်းဝါးရင်း က ထုံးစံ အတိုင်းပင် “ အင်း ... တစ်နေ့ တော့ ဒင်းတို့ ကို ငါ့ ဝတ္ထု ထဲ ထည့် သတ် လိုက်တာ အေးပါတယ်ကွာ ”  ဟု ရယ်စရာ လုပ် ပစ် လိုက်လေသည် ။ ( နောင်သော အခါတွင် ရှုမဝမဂ္ဂဇင်း မှာ ကျွန်တော် လူသတ်ခဲ့စဉ် က ဝတ္ထု ပါလာလေသည် ။ )

သူ့ တွင် ဤသို့ မခံချင်စိတ် ဒေါသစိတ် တို့ သည် ရုတ်တရက် ဟုန်းခနဲ ထ တတ် သော်လည်း သွေးအေး သွားသော အခါ၌ အထက်ပါ အတိုင်း အစဉ် ခွင့်လွှတ် လေ့ ရှိသည် ။

သူ ၏ စိတ် တွင်း မှ ခင်မင်ရင်းနှီးလွန်းသော သူများ ကို မူ စတတ် ၊ နောက်တတ်သည် ။ ဥပမာ ဆရာတင့်တယ် ခေါင်း မှ ဆံပင် ကို ကြည့် ကာ တံမြက်စည်းကြီး ခေါင်း ပေါ် တင် ထားသူ ။ မင်းရှင်နောင် မျက်ပေါက် ကျဉ်းသည် ကို ကြည့်ကာ ဘူးသီး လက်သည်းနှင့် ဆိတ်ထားသော မျက်နှာ ၊ အစ်မကြီး ဂျာနယ်ကျော်မမလေး နှုတ်ခမ်း ကို ပြည်ကြီးမျှော့ ၊ ကြည်အေး ကိုယ်လုံးကိုယ်ထည် ကို ခေါင်းအုံးစွပ် နှင့် ဘော်လီအင်္ကျီ မှား ဝတ်၍ ဝတ် မှန်း မသိသူ စသည် ဖြင့် နောက်တတ် စတတ်သည် ။ သူ ၏ နောက်ပုံ စပုံ မှာ အမှုမဲ့ ၌ မခံချင်စရာ ကောင်းသော် လည်း တကယ် တွေး ကြည့် လျှင် အမှန်ချည်း ဖြစ် နေတတ်သည် ။ ဤနေရာ၌ သူ ၏ နောက်ပုံ စပုံ မှာ တစ်ပါးသူ နစ်နာ စေလိုသော သရော်လှောင်ပြောင်ခြင်းမျိုး မဟုတ် ။ အပျော်သက်သက် နောက်တာ စတာ ပင် ဖြစ်သည် ။ ကြည်အေး ဆိုလျှင် မိန်းကလေး တစ်ယောက် အဖြစ် အတွင်းခံဘော်လီအင်္ကျီ နှင့် ခေါင်းအုံးစွပ် ကို နှိုင်းယှဉ် ပြခြင်းဖြင့် ကြည်အေး ၏ သေးသွယ်သော ကိုယ်ခန္ဓာ အချိုးအစား ကို သွယ်ဝိုက်၍ ဖော်ပြ လိုက်ခြင်း ဖြင့် ထင်းခနဲ သိသာ နိုင်လေ သည် ။

သူ သည် အပေါင်းအသင်းများ အပေါ် ဤသို့ နောက်တတ် စ တတ် ၊ ပျော်တတ် ၊ ရွှင်တတ် ၊ ခွင့်လွှတ်တတ်သော သဘော ရှိသော်လည်း လူ တစ်ယောက် ကို သဘော မကျ ပြန် လျှင်လည်း သဘောမကျ သလို ပင် ဆက်ဆံ တတ်ပြန်သည် ။

တစ်ခါက ရှုမဝတိုက် တွင် ဖြစ်၏ ။ သူ တစ်ယောက် တည်း ထိုင် နေစဉ် စာရေးဆရာကြီး တစ်ဦး ဝင် လာသည် ။ သူ သည် တိုက်ခံ စာရေးဆရာ အဖြစ် ဝတ္တရား အတိုင်း နှုတ်ဆက်ဖို့ ဝေးစွ ၊ မမြင် မတွေ့ သလိုပင် ခပ်စိမ်းစိမ်း နေ သဖြင့် ဝင် လာသော ဆရာကြီး မှာ သူ့ ဝသီ အတိုင်း “ သော်တာဆွေ ရယ် ၊ နှုတ်ကလေးများ ဆက်ဦးမှပေါ့ ” ဟု စ လေသည် ။ ထိုအခါ သူ က “ နှုတ်ဆက် သင့် သူ မှ နှုတ်ဆက်တတ်တယ် ” ဟု ဘောက်ဆတ်ဆတ် ပင် ပြန် ပြောလေသည် ။ ထို ဆရာကြီး မှာ ထိုစဉ် က အဖြစ်အပျက် ကို ယနေ့ ထက် တိုင် ပြော မဆုံးတော့ပေ ။ ဤနေရာ၌ သူ့ တွင် ဟန်ဆောင်မှု မရှိ ၊ ပကတိ ပင်ရင်း စိတ် အတိုင်း စိတ် မထင် မထင် သလို ဒိုးခနဲ ဒေါက် ခနဲ ပြောတတ် ဆက်ဆံတတ် ပြန်သည် ။

ထိုသို့ သူ နှင့် ရင်းနှီး လာခဲ့သော ကာလများ အတွင်း သူ ၏ စိတ် ရင်း သဘောထားများ ကို တစ်စိတ် တစ်ကွက် ဆိုသလို နားလည် လာ မိ ရ သလို မစိုပြည်သော သူ့ ဘဝ အတွင်းရေးများ ကို သိ လာရပြန်သည် ။ ဘယ်အခါ မဆို သူ့ အိမ် သွား လျှင် သူ့ ကို အိမ် တွင် မေး ၍ မရ ။ အိုးမကပ် အိမ်မကပ် ပျော်ရာတွင် ပဲ နေတတ်သလား ၊ သား နှင့် မယား နှင့် ဘဝ ကို ပဲ မေ့ ထားလေသလား မသိ ။ သူ့ ကို မေး လိုက်လျှင် အိမ် တွင် ဘယ်တော့မျှ မရှိ ။ ရံဖန်ရံခါ တွေ့ ရတတ် ပြန် လျှင် လည်း သူ စာ ရေးသော ကျောင်းဆောင် အပေါ် ထပ် နှင့် အိမ်ရှေ့ အိမ်နီးနားများ မှာ သာ တွေ့ ရတတ်သည် ။

အဘယ်ကြောင့် အိုးမကပ် အိမ်မကပ် သည် ကို မူ မသိခဲ့ ။ တစ်ခါတစ်ရံ လည်း သူ့ ဘေး တွင် အပျိုမကလေး တစ်ဦး နှင့် ရုပ်ရှင်ရုံ အပေါ်ထပ် သို့ တက် သွားသည် ကို တွေ့ ရတတ်သည် ။ နောင်သော အခါ မှ သူသည် ယောက္ခမ ဖြစ်သူ နှင့် အဆင်မပြေ သဖြင့် အိမ်ထောင်ရေး မစိုပြည်ကြောင်း သိ လာရသည် ။ ထိုသို့ ယောက္ခမ နှင့် အဆင်မပြေ အိမ်တွင် မနေသော အခါများ၌ စိတ်ဆိုး ၍ ဆင်း သွားပြီး နေတတ်သော အိမ်များ သို့ လိုက် ရ သည် ။ ထို အိမ်များ မှာ တက္ကသိုလ်ဝင်း ရှိ အစ်မကြီး ခင်မျိုးချစ် ၊ တင့်တယ် ၊ မင်းရှင်နောင် စသည့် အိမ်များ ဖြစ်ပြီး အများဆုံး ဒိုင်ခံ သွားတတ်သော အိမ် မှာ စာပေသစ်မဂ္ဂဇင်း ထုတ်ဝေခဲ့သူ ပညာအုပ် ဦးသန်းတင် ( ယခု ရူမေးနီးယားသံရုံး ) ၏ အိမ် ပင် ဖြစ်သည် ။ ဦးသန်းတင် အိမ် တွင် ကား သူ ၏ ရေးဖော်ရေးဖက် ပခုက္ကူသားများ ဖြစ်သည့် ကျော်အောင် ၊ မြသန်း ၊ အောင်လင်း စသူ တို့ နှင့် အတူ နေခဲ့ဖူး သဖြင့် တစ်ကြောင်း ၊ သဘော ကောင်း သော အိမ်ရှင် ဦးသန်းတင် က ထမင်း ကျွေးရုံ မက အရက် လည်း တိုက် သဖြင့် တစ်ကြောင်း ဖြစ်မည် ထင်သည် ။

ထို့ကြောင့် ထိုစဉ် က သူ့ ဝတ္ထုများ တွင် ခင်မျိုးချစ် ၊ မင်းရှင်နောင် ၊ မြသန်း ၊ ဦးသန်းတင် စသူတို့ ကို ဇာတ်ဆောင် အဖြစ် ထည့်သွင်း ရေးသား တတ်သည် ကို တွေ့ခဲ့ရသည် ။

ထိုစဉ် က အိုးမကပ် အိမ်မကပ် ဘယ်အရပ် တွင် မှ အတည်တကျ မနေနိုင် သော ဒုက္ခသည် ဘဝ နှင့် သူ မို့ လို့ ရယ်စရာ ဟာသတွေ ရေး နိုင်ပ လေတယ် ဟူ၍ သူ့ ဘဝ အတွင်း သိ သူတို့ မှာ စိတ်ထိခိုက် မိကြရ ရှာသည် ။ ကာယကံရှင် သူ ကမူ ပကတိ အပူအပင် မရှိ သလိုပင် အမြဲ ပျော်ပျော်ရွှင်ရွှင် ရှိ နေသည် ။ ဤနေရာ၌ သူ သည် လောကဓံတရား ကို မထီမဲ့မြင် ပြုလေသလား ၊ အတွင်းကျိတ် အားဖြင့် ကြိတ်ခဲ ပူပင် နေသမျှ ဟာသစာပေ များ ဖြင့် လမ်းလွှဲ ထုတ် ပစ် လိုက်လေသလား မသိ ၊ ထိုသို့ အိမ်ပြေး ဘဝ မှ ပင် သူ ရေးလိုက်သော ဘဝတကွေ့ စသည့် ဝတ္ထုများ တွင် ယောက္ခမ နှင့် ရန် ဖြစ်ပြီး အိမ်ပြေးဘဝ တွင် အပျက်မလေး တစ်ဦး နှင့် တွေ့ဆုံခန်းများ ကို ရေး လာသည် ။ သူ့ ဘဝ ကား ဤသို့ လျှင် အတည်တကျ မရှိ ၊ ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း သဖွယ် ဒီလှိုင်း ဝဲယက်များ ကြား မှ ပင် ထွားထွားဝေ သော စာပေပန်းများ ကို ပွင့်လန်း စေခဲ့သည် ။

၁၉၅၄ ခုနှစ် လောက် က ထင်သည် ။ ယောက္ခမ အိမ် သို့ လည်း ပြန် မရောက် ၊ အခါတိုင်း ရှောင်တိမ်း ခိုကပ် နေသည့် အရပ်များ တွင် လည်း ပျောက်ချက်သား ကောင်း လှ သဖြင့် လိုက်လံ စုံစမ်းသော အခါ ၈ မိုင် အေဝမ်းခြံ ရှိ ဒါရိုက်တာ ဦးဘရှင် အိမ် တွင် သောင် တင် နေကြောင်း သိ၍ လိုက်သွား မိသည် ။ ဤတစ်ခါ တွင် မူ သူ တစ်ယောက်တည်း မဟုတ် တော့ ။ ဆရာ အတတ်သင်ကျောင်း မှ တောင်ကြီးသူ ကျောင်းဆရာမ ကလေး ‘ မေ ’ နှင့် အတူ ဖြစ်သည် ။ ထို့ကြောင့်ပင် သူ တည်းခို နေကျ အိမ်များ သို့ မခိုဝင်ဘဲ ဦးလေးရှင် ( ဒါရိုက်တာ ဦးဘရှင် ) အိမ် သို့ စတည်း ချ ဟန် တူသည် ။ ကျွန်တော်တို့ မှာ လက်ရှိ အိမ်ထောင်သည် ဘဝ ဒုက္ခ ခရီး တစ်ထောက် ကို ရပ်နား ၍ နောက် အိမ်ထောင်သစ် တစ်ခု အစား ထိုး ကာ ဘဝ ခရီး ကို နှင်ပြန်လေပြီ ဟု ယူဆ မိကြသည် ။

ထိုနောက်ပိုင်း ကမ္ဘာအေးဘုရားအနီး ရှိ ရွာတန်းရှည်ရွာ တွင် သူတို့ ဇနီးမောင်နှံ တစ်အိုးတစ်အိမ် ထူထောင် ကြလေသည် ။ အိမ်ကလေး မှာ တောရွာဓလေ့ အတိုင်း ပင် ကြည်ရွှင်စရာ ကောင်းလှသည် ။ အိမ် ရှေ့ တွင် ဘူးစင် နှင့် ၊ အိမ်အောက် တွင် ကြက်ခြံ နှင့် ၊ အိမ်ရှေ့ ဘူးစင် မှ နုနု ထွားထွား ဘူးသီးများ နှင့် ၊ အိမ် အောက် ကြက်ခြံ မှ ကြက်ကလေးများ ကား ဧည့် ကို အစဉ် မျှော်လျက် ရှိတတ်သည် ။ ထို့ပြင် အိမ်ဘေးခန်းကြမ်းပြင် ပေါ် မှ သူ ၏ လက်သပ်မွေး တိုက်ကြက်များ က လည်း တကွတ်ကွတ် တအွတ်အွတ် နှင့် အမြဲ အစာ တောင်းလေ့ ရှိ သလို အလှ မွေးထားသည့် ကြွက်ဖြူကလေးများ မှာ လည်း ဟိုပြေး သည်ပြေး အိမ်တွင်း တိရစ္ဆာန်ရုံ ကလေး သဖွယ် ပင် ရှိ ပါပေသည် ။ သူ စာ မရေးသည့် အားလပ်ချိန်များ ဝယ် ဤ တိရစ္ဆာန်ကလေးများ ကို တယုတယ ကျွေးမွေးလေ့ ရှိသည် ။ သူ သည် နံနက် မိုး လင်း လျှင် သူ မွေး ထားသော ကြက်ဘဲများ ကို အစာ ကျွေး ၍ သူ စိုက် ထားသော သစ်ပင်ကလေးများ ကို ကြည့်ရှု နေ တတ် သည် ။ ထိုမှ တိရစ္ဆာန်အများ အကြောင်း ၊ သစ်ပင်များ အကြောင်း ကို သူ့ စာပေ တွင် တွေ့ လာ ရသည် ။

အိမ် အောက် ရှိ ကြက်ကလေးများ နှင့် ပတ်သက် ၍ ကား ကျွန်တော်တို့ တစ်တွေ မမေ့နိုင်သည့် သောကွက်ကလေး တစ်ခု ရှိသည် ။ သူ့ အိမ် သို့ အချိန်မရွေး ဝင်ထွက်ရင်း အိပ် ရာ မှ အတင်း နှိုးပြီး ထမင်း ချက်ကျွေးခိုင်း လေ့ ရှိသော ကျွန်တော်တို့ လူသိုက် တွင် ကိုမင်းရှင် မှာ သူ့ ရှေ့ မှာ အရှင် လတ်လတ် သ,တ်ဖြတ်ကျွေးသော ကြားသား မြင်သား မစားရဲကြောင်း အမြဲ ပြောလေ့ ရှိသည် ။ ထို့ကြောင့် ကိုမင်းရှင် ပါ လာသည် ကို မြင် လျှင် ...

“ အဆင်သင့်ပဲ မင်းရှင် ရေ ... မင်း တို့ မလာခင်ကလေး က ပဲ ကြက်မကလေး တစ်ကောင် စိတ်ညစ် လို့ ကြိုးဆွဲချ သေသွား ရှာတယ်ကွ ။ ရဲရဲသာ စားပေတော့နော် ” ဟု အစဉ် နောက်လေ့ ရှိသည် ။ သူ သည် သူငယ်ချင်း အပေါင်းအသင်း အလို ကို အမြဲ လိုက်လေ့ ရှိသည် ။ သူငယ်ချင်း အပေါင်းအသင်း ကို ချက်ပြုတ် ကျွေးမွေးမှု နှင့် ပတ်သက်၍ ဘယ်တော့မျှ မညည်းညူ ၊ အပေါင်းအသင်းများ နှင့် ပျော်ပျော်ရွှင်ရွှင် နေရ မှ ကျေနပ် နှစ်သိမ့်သော သူ ပင် ဖြစ်သည်ဟု ဆိုနိုင်သည် ။

ထို ရွာတန်းရှည် အိမ်ကလေး မှာ သူ့ ဘဝ ၏ ကွန်းခိုရာ အေးရိပ် ငြိမ်ကလေး ဟု ပင် ဆိုနိုင်သည် ။ ထို အိမ် ကို ရောက်သည် မှ စ၍ သူ့ ဘဝ တည်ငြိမ် လာဟန် ရှိသည် ။ အဘယ်ကြောင့် ဆိုသော် ထိုအိမ် ရောက် မှ သူ ရေးခဲ့သောဝတ္ထုများ မှာ ယခင် က လို သူ ၏ ပတ်ဝန်းကျင် နယ် ကျဉ်းကျဉ်းကလေး တွင် သာ မဟုတ်တော့ ။ ယခင် က မူ ခင်မျိုးချစ် အိမ် ရောက် လျှင် ခင်မျိုးချစ် ၊ ကြည်အေး ၊ ထင်လင်း ၊ ဦးသန်းတင် အိမ် ရောက် လျှင် မင်းရှင် ၊ မြသန်း စသူတို့ ကို ဇာတ်လမ်းဆင် ရေးသည် ကို တွေ့ခဲ့ရသည် ။ ရွာတန်းရှည် ရောက် သော အခါတွင် ကား ဥသြငှက်ကလေး အကြောင်း ၊ ဘဲကလေး များ ၊ ဗျိုင်းကလေးများ အကြောင်း ရေး လာသည် ကို တွေ့ ခဲ့ရသည် ။

တစ်ခါတစ်ရံ အိမ်ကလေး ကို အိမ်နီးနားများ ကို အပ် ကာ ခရီး ထွက်ခွာလေ့ ရှိသည် ။ ထားဝယ် ၊ မောင်းမကန် ၊ ရှမ်းပြည်တောင်ကြီး ၊ ပေါင်းတည် စသည်တို့ ဖြစ်သည် ။

တစ်ခါက ပေါင်းတည် တွင် သူ နှင့် အမှတ်မထင် တွေ့ ဆုံ မိကြ သည် ။ ထိုနေ့ က နွားပွဲဈေးနေ့ ဖြစ်သည် ။ ကျွန်တော်တို့မြို့ နွားပွဲဈေး မှာ တစ်ပတ် တစ်ခါ ဖြစ်၍ တောနယ်ပေါင်းစုံ မှ လူစုံ ကြသည် ။ နွား အရောင်းအဝယ် တည့် လျှင် တရုတ်ဘုံဆိုင် နှင့် ခေါက်ဆွဲဆိုင်များ မှာ အချိန် ကုန်ကြသည် ။ ရံဖန်ရံခါ ပေါင်းတည်သား ပီပီ အကြောင်းမဲ့ တုတ် စမ်းလေ့ ရှိကြသည် ။ နွားပွဲ လာသူ တစ်ယောက် မှာ လည်း နွားကြိမ် တစ်ချောင်း ပါစမြဲ ဖြစ်သည် ။ ထိုနေ့ က တွေ့ ရသော ဆရာသော်တာဆွေ မှာ လည်း ဝါးခမောက် နှင့် လုံချည် ဒူးဆစ် ထိ စည်းထား ၍ ခြေသလုံး တွင် ရွှံ့အလူးလူး ၊ လက် ထဲ တွင် ကား နွားကြိမ် တစ်ချောင်း နှင့် သူ ၏ ဇာတိ ကြို့ပင်ရွာသား အပေါင်းအသင်းများ နှင့် နွားရောင်း လိုက် လာခြင်း ဖြစ် သည် ။ ရန်ကုန် တွင် လှပသော မိန်းကလေးများ ဘေးတွဲ ကာ ရုပ်ရှင်ရုံ အပေါ်ထပ် သို့ တက် သွားလေ့ ရှိသော ဘန်ကောက်လုံချည် ၊ ပြောင်လက် သော ရှူးဖိနပ် နှင့် သော်တာဆွေ နှင့် တခြား စီ ပင် ဖြစ်သည် ။

သူ သည် ပတ်ဝန်းကျင် ကို မထီမဲ့မြင် နေချင် သလို နေသည် ။ ဘိန်းစား နှင့် တွဲ၍ ဘိန်းရှူ ကြည့် ဖူးသည် ။ သူဌေးသား နှင့် တွဲ၍ ဝီစကီ မော့ သည် ။ တက္ကသိုလ်ကျောင်းသူ နှင့် ရုပ်ရှင် အတူ ကြည့်မည် ။ ဆေးရုံ က နာ့စ်မများ နှင့် တွဲခဲ့ဖူးသည် ။ သူ ၏ ဘဝ ရေစီး ၊ ခရီး လမ်းကြောင်း က လည်း ဤသို့လျှင် ပေးအပ် လာခဲ့၏ ။ ကျောင်းဆရာ ဘဝ မှ ဘီအိုင်အေမျိုးချစ် ဗိုလ် လုပ်ရန် သွားခဲ့၏ ။ မအောင်မြင် ၊ စစ်ဦးစစ်ဖျားများ ကို ကျော်လွှား ကာ တစ်ပါးသူ အကျိုး ကို ဆောင် ခဲ့၍ မြင်းလှည်းသမား လုပ်ခဲ့ဖူးသည် ။ ထို့နောက် ဆန်ကုန်သည် ဘဝ မှ ကုန်ရှုံး ကြွေးတင် ကလောင်ရှင် ဖြစ်ခဲ့ ရ၏ ။ ထိုမှ အပျက်မကလေး တစ်ဦး နှင့် ပင် အကြောင်း ပါ လိုက်ရသေး သည် ။ ထိုသို့ ဘဝအကွေ့  များစွာ ကို ကျော်ဖြတ် လာခဲ့ရရှာသူ ဖြစ်သည် ။ ထို အထဲ မှ ပင် လူ့ ဘဝ ၏ အလွှာ အမျိုးမျိုး မှ အဖြစ်အပျက် တို့ကို ဇာတ် ကွက် ဆင်ကာ ခြယ်ရေးသည် ။

ထို့ကြောင့်ပင် သူ ၏ “ စာတစ်စောင် ဖွဲ့လိုက်ပါ၏ ”  ဝတ္ထု တွင် ပြည့်တန်ဆာ ဘဝ ကို ကုန်စင်စေ့ငှအောင် တင်ပြ နိုင်ခဲ့၏ ။ သွေးသောက် တွင် ရေး ခဲ့သည့် “ လူလူချင်း ကိုက်စားကြပါသည်ခင်ဗျား ” တွင် ကား ပြည့်တန်ဆာ တို့ ၏ ကြေကွဲဖွယ် ဇာတ်သိမ်းခန်း ကို ပိုင်နိုင်စွာ ဖော်ပြ နိုင်ခဲ့သည် ။ သူ နှင့် ပေါင်းတည် တွင် တွေ့ခဲ့ရ ပြီး နောက်ပိုင်း “ ဘာသာ နှင့် အရင်းရှင်စနစ် ”  “ ပြည်တွင်းစစ် ၏ ဇာတ်ကောင်များ ”  “ ဗမာပြည် ရှိ မော်တော်ကားများ ”  စသည့် ဝတ္ထုများ ကား တောသူတောင်သား လယ်သမား တို့၏ မျက်မှောက် ခံစား တွေ့ကြုံ နေရသော ဘဝ တို့ ကို တင်ပြရေးသား သည် ကို တွေ့လာ ရသည် ။

ထို့ကြောင့်ပင် ကျောင်းဆရာ ၊ စစ်ဦးစစ်ဖျားများ ကို ကျော်လွှားခဲ့ သူ ၊ မြင်းလှည်းသမား ၊ ဆန်ကုန်သည် ၊ ကြေးကုန်သည် ၊ အရက် ကို နှစ်ခြိုက်စွာ သောက်သူ ၊ ဘိန်း လည်း ရှူကြည့်ဖူးသူ ၊ ကြက်တိုက်တတ်သူ ၊ အိုးအိမ် အတည်တကျ မနေခဲ့ရ သူ ၊ အပျက်မကလေး နှင့် ညားဖူး သူ ၊ ပြည့်တန်ဆာဘုံအိမ် တွင် တည်းခိုဖူး သူ စသည့် လောကဓံ မုန်တိုင်း ဒီလှိုင်းများ ကြားဝယ် ပစ်တိုင်းထောင် သဖွယ် ကျရာ မှ ထောင်ထ ၍ သူ့ ကိုယ်တွေ့ များ ကို စာပေပန်း သို့ ပွင့်လန်းစေ သူ သော်တာဆွေ ၊ သို့မဟုတ် ရေအဏ္ဏဝါကြမ်း က ဗေဒါပန်း သည် ဘယ်သောင် ဘယ် ကမ်း ဆိုက်ဆိုက် ထာဝစဉ် စာပေပန်းများ ကို ပွင့်လန်း နိုင်ပါစေ ဟု ဆုတောင်းရပါ သတည်း ။

◾မောင်ကျော်သာ

📖 မြဝတီ မဂ္ဂဇင်း
      အတွဲ ၈ ၊ အမှတ် ၁၂       
      အောက်တိုဘာ ၊ ၁၉၆ဝ
     
#ကိုအောင်နိုင်ဦး

.

Monday, August 28, 2023

သတိတရ ရုပ်သွင်

❝ သတိတရ ရုပ်သွင် ❞

( ၁ )

ဆရာသော်တာဆွေ ပါဝင်ခဲ့သည့် မမေ့နိုင်သော ညှိနှိုင်းပွဲကလေး တစ်ပွဲ ၌ မိမိ ရှိနေခဲ့ဖူးသည် ။

ထို နေ့ စေ့စပ်ညှိနှိုင်းပွဲ ၌ တာဝန်ရှိသူ ပုဂ္ဂိုလ်များ စေ့စပ်ပေး သော်လည်း မကျေအေးနိုင်ကြ ။ လိပ်ခဲတည်းလည်း နှင့် ကိစ္စ မပြီးပြတ်နိုင် ဖြစ်ခဲ့ရသည် ။

ကာယကံရှင်များ မှာ တရားရုံး တွင် တရားသူကြီးများ ရှေ့မှောက် ၌ ပင် အမှု ရင်ဆိုင်ခဲ့ကြပြီးသူများ ဖြစ်သည် ။ မပြီးပြတ်ကြ ။ ထိုသို့ ကြီးကျယ်ခဲ့သော မှုခင်း ကို ဆရာသော်တာဆွေ က ထ၍ ရှင်းလင်း ပြတ်သားစွာ ဒိုးခနဲ ဒေါက်ခနဲ ပြောဆို လိုက်သော စကားများ ကြောင့် ကာယကံရှင်များ အမှုကျေအေး ခဲ့ရသော ညှိနှိုင်းပွဲ ဖြစ်သည် ။

ထို ပွဲ တွင် ဆရာသော်တာဆွေ သည် အခရာ ဖြစ်ခဲ့၏ ။ သို့သော် ထို ပွဲ တွင် ဆရာသော်တာဆွေ က တာဝန် ရှိသူ မဟုတ် ။ ဆရာ က စိတ်ဝင်စား ၍ ရောက်လာသူ ဧည့်သည် သာ ဖြစ်၏ ။

မည်သို့ ပုံစံ ဖြင့် ရောက်လာ စေကာမူ ထို ပွဲ တွင် ဆရာသော်တာဆွေ ရောက်လာပုံ က မိမိတို့ ကဲ့သို့ပင် အမှု ကာယကံရှင် နှင့် ခင်မင်ရင်းနှီးစွဲ ရှိ သော ဓာတ်အခံ ဖြင့် ရောက် လာသော ဧည့်သည်တော် တစ်ယောက် သက်သက် ထက် မပိုခြင်းပင် ။

တာဝန်ရှိသူ လူကြီးများ စေ့စပ် ညှိနှိုင်းပေး ၍ မပြီးပြတ်နိုင်ခြင်း ကို ဧည့်သည် အဖြစ် တက်ရောက် နားထောင်သူ က ထပြီး ရှင်းလင်းပုံ မှာ ဆရာသော်တာဆွေ ၏ လူပုံ အလယ် တွင် ရဲဝံ့စွာ ထ ပြောဝံ့သည့် သတ္တိ နှင့် တိကျသော ဆုံးဖြတ်ချက် စကားများ ဖြစ်ကြောင်း ၊ မိမိ ယနေ့တိုင် အကြောင်း တိုက်ဆိုင်တိုင်း ပြန်လည် သတိရ ရှိနေ ဆဲ ဖြစ်၏ ။ ကြာတော့ ကြာခဲ့ပါပြီ ။

မှတ်မှတ်ရရ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် က ၁၉၈၅ - ၈၆ ခုနှစ် လောက် က ရှိပေမည် ။

( ၂ )

ထိုစဉ်က ကာတွန်းဆရာ မောင်ဝဏ္ဏ သည် ဂီတသတင်းစဉ် အပတ်စဉ် စာစောင် ၌ ကာတွန်း တစ်ပုံ ရေးလိုက်၏ ။ သူ ၏ ပင်တိုင်ကဏ္ဍ ဂီတဘိုးအေ စထရစ်ကာတွန်း ကဏ္ဍ မှ ဖြစ်သည် ။ သူ့ အာဘော် က နိုင်ငံခြား မှ ပြန် ရောက် လာသော အဆိုတော် နာမည်ကြီး တစ်ယောက် အကြောင်း စိတ်ကူး ဖြစ်သည် ။

ထိုစဉ်က စတီရီယို အဆိုတော် နာမည်ကြီး တစ်ယောက် သည် နိုင်ငံခြား မှ ပြန် ရောက်လာခါစ ဖြစ်သည် ။

ထို အဆိုတော် သည် လည်း ထို ကာတွန်း မှာ သူ့ ကို ရေးသည် ဟု အထင် ရောက် ကာ ဆတ်ဆတ်ထိ မခံနိုင် ဖြစ်တော့သည် ။ ကာတွန်း ဆိုတာ ဒီလိုပဲ ရေး တတ်ပါကလား ဟု သဘောထား မကြီးနိုင် ။

နီးစပ်ရာ အချို့မှ လည်း မြှောက်ပေးပုံ ရ၏ ။ ပွဲ ဆူ အောင် ဖြစ်မည် ထင်သည် ။ ပွဲ ဆူ သော် ပွဲဆူအောင် လုပ်သည့် မဂ္ဂဇင်း အချို့ ရောင်းကောင်း မည် မဟုတ်ပါလား ။

ထို အဆိုတော် က ကာတွန်းဆရာ မောင်ဝဏ္ဏ ကို တရား စွဲဆိုသည် ။ အသရေဖျက်မှု ဖြင့် တရား စွဲ ၏ ။ ဗဟန်းတရားရုံး မှ နေ၍ တရား စွဲခဲ့ခြင်း ဖြစ်သည် ။

ထို သတင်း ကား ထိုစဉ် က စာနယ်ဇင်းလောက တွင် အုတ်အော် သောင်းတင်း ဖြစ်ခဲ့သည် ။ စာနယ်ဇင်းသမား တိုင်း စိတ်ဝင်စား ခဲ့ရသော သတင်း ဖြစ်ခဲ့၏ ။

စာပေ ၊ ပန်းချီ ၊ ကာတွန်း ဆိုသည် မှာ မဂ္ဂဇင်း တစ်အုပ် ဖွဲ့စည်းရာ တွင် တာဝန် အသီးသီး ယူ ထားရသူများ ဖြစ် ကြရကား မိသားစု သဖွယ် ဖြစ်၏ ။ ပညာရပ်ချင်း မတူလင့် ကစား နေအိမ် တူ သဖြင့် ခင်မင်ရင်းနှီးစွဲ ဖြစ်၏ ။ သံယောဇဉ် ရှိစမြဲ ။

ကာတွန်းဆရာ နှင့် ဖြစ်သော ပွဲ ကို ကဗျာဆရာ က လည်း စိတ်ဝင် စားသည် ။ စာရေးဆရာ က လည်း ရိုင်းပင်းသည် ။ ပန်းချီဆရာ က လည်း တစ်တပ်တစ်အား ။

သို့ဖြင့် ဆရာ ကာတွန်းမောင်ဝဏ္ဏ နှင့် နာမည်ကြီး အဆိုတော် တို့ ရင်ဆိုင်ကြရသည့် အမှု ကို စိတ်ဝင်တစား ရှိကြတော့သည် ။ ဗဟန်း တရားရုံး မှာ ရွှေဂုံတိုင်မီးပွိုင့် နှင့် မနီးမဝေး တွင် ရှိ၏ ။ သို့ဖြင့် ထို ဗဟန်းတရားရုံး သို့ သွားရန် စာနယ်ဇင်းရပ်ကွက် တွင် အချို့ က လည်း လိုက်လံ ဆော်သြ၏ ။ တစ်ဦးစ နှစ်ဦးစ လက်တို့ သတင်း ပေးရင်း လူ အတော်များများ သိ ကြသည် ။

မှတ်မှတ်ရရ လူ တွေ့တိုင်း ပြောပြီး ထို ပွဲ သို့ လာရန် ဆော်သြသူ မှာ ဆရာအီကြာကွေး က တက်ကြွ လှ၏ ။

အမှု စစ်သော နေ့ တွင် ဆရာအီကြာကွေး က မိမိ အိမ် လာသည် ။ မိမိ အိမ် တွင် ပန်းချီဆရာ နှင့် ကာတွန်းဆရာ အချို့ စု ကြ၏ ။ ထို မှ ဗဟန်း တရားရုံး သို့ ဆက် သွား ကြသည် ။

ဗဟန်းတရားရုံး ကား ထို နေ့ တွင် လူ အတော် စည်ကား၏ ။ စာရေးဆရာ လည်း လာသည် ။ ထုတ်ဝေသူ လည်း ပါ ၊ ကာတွန်းဆရာ လည်း မလွတ် ၊ ကဗျာဆရာ တချို့ ကို လည်း တွေ့  ရ၏ ။

တရားရုံး ဝန်းကျင် ရှိ လက်ဖက်ရည်ဆိုင်များ တွင် လူ ပြည့်လျှံ သွား၏ ။ လာရောက်သူများ မှာ အနုပညာ သံယောဇဉ် ဖြင့် လာ ခဲ့ကြခြင်း ပင် ။ ကာတွန်းဆရာ ဆရာမောင်ဝဏ္ဏ နှင့် ခင်မင်သူ သိကျွမ်းသူ မဟုတ် သူများ လည်း ပါ ကြသည် ။ မိမိ သူငယ်ချင်း ပန်းချီဆရာ တချို့ သည် ကိုဝဏ္ဏ နှင့် မကျွမ်းကြ ။ သို့သော် အနုပညာ သံယောဇဉ် ဖြင့် ရောက်လာခဲ့ ကြခြင်းပင် ။

အမှု စစ်ခါနီး မှ ထို စတီရီယို အဆိုတော် ရောက် လာ၏ ။ တစ်ယောက် တည်း ဖြစ်သည် ။ အသိုင်းအဝိုင်း မပါ ။ ဂီတ အသိုင်းအဝိုင်း မှ တစ်ယောက် မျှ မမြင် ။ ပီဘိ သူ တစ်ယောက် တည်း အမှု ရင်ဆိုင်ရန် ရောက်ရှိ လာခဲ့ခြင်း ပင် ။ ဂီတ အသိုင်းအဝိုင်း သည် မိမိ တို့ စာနယ်ဇင်း အသိုင်းအဝိုင်း ကဲ့သို့ မရှိအတူ ရှိအတူ အပေါင်းအသင်း ကဏ္ဍ မရှိတော့ပြီ လော မသိ ။ ဒါတော့ ဟုတ်ပုံ မရ ။ ကာယကံရှင် ၏ စုစည်းနိုင်အား ကြောင့် လည်း ဖြစ်ပုံရမည် ။

အဆိုတော် က တစ်ယောက် တည်း ။ စာနယ်ဇင်း အသိုင်းအဝိုင်း က လူ တစ်လှေကြီး ။ ပွဲ က ပရိသတ် မမျှ ။ လက်ဖက်ရည်ဆိုင်တွေ မှာ ၊ ရုံး အဆောင်ရှေ့ မှာ ၊ လှေကားထစ် မှာ ပြန့်ကျဲ နေကြသော စာနယ်ဇင်း အနုပညာသမားများ ရှေ့ တွင် အဆိုတော် မှာ ခြေလှမ်း မမှား အောင် သတိ ထား လျှောက်သွား ရပေမည် ။

သို့ဖြင့် တရားသူကြီး ရှေ့မှောက် တွင် အမှု စစ် ကြသည် ။ စာနယ် ဇင်းသမားများ ကား ရုံး အပြင် မှ စောင့်ဆိုင်း နေကြရသည် ။ စာနယ်ဇင်း အချို့မှ သတင်းဓာတ်ပုံသမားများ က လည်း ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်ယူနေ ကြ၏ ။

ကာတွန်းဆရာ မောင်ဝဏ္ဏ က ပင်နီတိုက်ပုံအင်္ကျီ ကို ဝတ်ဆင် ထားသည် ။ စတီရီယို အဆိုတော် က တီရှပ်အဖြူရောင် ဝတ် ထားကြောင်း မှတ်မိသည် ။ သူ လည်း ပုဆိုး နှင့် သာ ဖြစ်၏ ။ သူ ၏ သီချင်းစီးရီး ဓာတ်ပုံ အများစု မှာ ကဲ့သို့ ဘောင်းဘီ ဝတ် မထား ။

ရုံး သတ်မှတ်ချိန် ပြည့်သော် အမှု က မပြတ် ။ စီရင်ချက် မချနိုင် ။ ရမန်ကြီးရက် ထပ် ချိန်း လိုက်ကြောင်း သိရ၏ ။ မိမိ တို့ လည်း ဧည့်သည် အဖြစ် လာရောက် နားထောင်သူ ကာတွန်း ဆရာကြီး ဦးဘထွေး ကို ဖေးမရင်း ဗဟန်းတရားရုံး မှ ပြန်ခဲ့ကြသည် ။

( ၃ )

သို့ဖြင့် ထို ကိစ္စ သည် တရားရုံး တွင် မပြတ် ။ အဆိုတော်များ ဘက် မှ ဂီတကောင်စီ ရှိသည် ။ ကာတွန်းဆရာများ ဘက် မှ ပန်းရိုးရာ ပညာရှင် များ ကောင်စီ ရှိသည် ။

ကောင်စီချင်း ညှိနှိုင်းပေးဖို့ ကိစ္စ ဖန်လာသည် ။ သို့ဖြင့် ကာတွန်း ဆရာ မောင်ဝဏ္ဏ နှင့် ထို အဆိုတော် တို့ ၏ ကိစ္စ ကို ဂီတကောင်စီ ရုံးခန်း တွင် ညှိနှိုင်းပေးမည် ဆိုသော သတင်း ထွက်ပေါ် လာပြန်သည် ။ ထို ကိစ္စ သည် လည်း ထုံးစံအတိုင်း စာနယ်ဇင်း အသိုင်းအဝိုင်း တွင် ပျံ့နှံ့၏ ။ သို့ဖြင့် ထို နေ့ တွင် ဂီတကောင်စီရုံးခန်း သို့ မိမိတို့ လာခဲ့ကြ ပြန်သည် ။ ထိုစဉ်က ဂီတကောင်စီရုံးခန်း နေရာ ကား လမ်းမတော်မြို့နယ် ထဲ တွင် ဖြစ်၏ ။

မနက်ပိုင်း ဖြစ်သည် ။

မိမိတို့ ကား တစ်ခါမျှ မရောက်ဖူးသော ဂီတကောင်စီရုံးခန်း ကို မေးမြန်း စုံစမ်း ၍ ရောက်လာ ကြသည် ။ မိမိ တို့ ရောက်တော့ အချိန် စော နေ သေးသည် ။ လက်ဖက်ရည်ဆိုင် ထိုင် ကြ၏ ။ မိမိတို့ ဝိုင်း တွင် ဆရာ အီကြာကွေး ပါ သည် ။ ထိုမှ ဆရာသော်တာဆွေ ရောက်လာပြီး မိမိ တို့ ဝိုင်း တွင် လက်ဖက်ရည် သောက် ၏ ။ ဆရာသော်တာဆွေ ကား ပလေ ကတ်လုံချည် အပြာနုရောင် ကွက်ကျဲ ကို ဝတ် ထား၏ ။ အင်္ကျီ ကား လက်တို အဖြူပွပွကြီးကြီး ၊ ပိန်သွယ်ပြီး ဖြူစင်သော သူ့ အသားအရေ နှင့် သူ့ အသွင် မှာ ကြည်စင် နေသည် ။ ဆရာသော်တာဆွေ ကား ငယ်စဉ် က ရုပ်ရည် ချောမောသူ ဟု ဆောင်းပါး တချို့တွင် ဖတ်ဖူးသည် ။ မြာ အတော် စွံ သူ ဟု လည်း ဖတ် ဖူး၏ ။ ထိုနေ့ က သူ လွယ် ထားသော လွယ်အိတ်ကြိုး ကို အထုံးကလေး ထုံးထား၏ ။ ထိုစဉ်က လူငယ်များ လွယ်အိတ်လွယ် လျှင် ကျား မ မဟူ အထုံးကလေး ထုံး ထားတတ်သော အလေ့ ခေတ် ထ ၏ ။ သူငယ်ချင်း ပန်းချီဆရာ က ဆရာသော်တာဆွေ ၏ လွယ်အိတ်ကြိုး အထုံးဖုကလေး ကို ကြည့်ရင်း သဘောကျ ကာ “ ဟော့ရှော့တ်ပဲ ” ဟု ပြောသံ ကို မှတ်မိသေး၏ ။

ဆရာသော်တာဆွေ နှင့် ဆရာအီကြာကွေး ကား စကား အမျှင် မပြတ် ။ မိမိ တို့ က နားထောင်သမား သက်သက် ။ လက်ဖက်ရည်ဖိုး ရှင်း တော့ မိမိတို့ လူငယ်များ ရှင်းမည် ကို ဆရာသော်တာဆွေ က လက်မခံ ။ သူ ရှင်းမည် ဟု ဆို၏ ။ စောစောကပဲ သူ့ တပည့် တစ်ယောက် က ငွေ တစ်ထောင် ကန်တော့ လိုက်တာ သူပဲ ရှင်းမည် ဟု ပြောပြီး ငွေထုပ်ကလေး ကို ဖြေ ကာ လက်ဖက်ရည်ဖိုး ရှင်း၏ ။

ဆရာ နှင့် အတူတူ မိမိတို့ ဂီတကောင်စီရုံးခန်း ထဲ ရောက်တော့ လူများ ရုံးစု ရုံးစု ဖြစ်နေကြ ချေပြီ ။ ထုံးစံအတိုင်း ကာတွန်းဆရာ ၊ စာရေး ဆရာ ၊ ပန်းချီဆရာများ ချည်း သာ ။ ရုံးခန်း မှာ ပေနှစ်ဆယ် အစိတ် ဝန်းကျင် သာ ရှိရာ လူများ ဖြင့် ပြည့်လု မတတ် ဖြစ်နေချေသည် ။ အခန်း အလယ် တွင် အစည်းအဝေး ပုံစံ စားပွဲများ ဆက် ခင်း ထားပြီး နံဘေး တစ်ဖက် တစ် ချက် တွင် ကု,လားထိုင်များ ချ ထား၏ ။ ထို ကု,လားထိုင်များ တွင် လူ မဆံ့ တော့ သဖြင့် အချို့က မိုးတိုးမတ်တတ် ရပ် နေကြရသည် ။

မှတ်မှတ်ရရ စားပွဲ ထိပ် မှ ကု,လားထိုင် တွင် ဂီတကောင်စီ ဥက္ကဋ္ဌ ထင် သည် ။ ဘိုကလေးတင့်အောင် ထိုင် ၏ ။ သူ့ နံဘေး တွင် ဂီတ ကောင်စီ အတွင်းရေးမှူး ဦးလွင်မြင့် ၊ ပန်းရိုးရာ ကောင်စီ ဘက် မှ အတွင်းရေးမှူး ကာတွန်းဆရာကြီး ဦးဖေသိန်း ၊ သူ့ ဘေး တွင် ဆရာ သော်တာဆွေ ၊ နောက် ကာတွန်းဆရာ မောင်ဝဏ္ဏ ၊ နောက် ကာယကံရှင် တရား စွဲဆိုသူ စတီရီယို အဆိုတော် ၊ နောက် ဆရာအီကြာကွေး ၊ နောက် နာမည်ကျော် ပုဂ္ဂိုလ် ပန်းချီဆရာ ၊ ကာတွန်းဆရာများ ၊ အခြား ထိုင် နေကြသူများ ကို တော့ မမှတ်မိတော့ ။

မိုးတိုးမတ်တတ် ရပ် နေကြသူများ ကလည်း ပန်းချီဆရာ ၊ ကာတွန်း ဆရာ ၊ စာရေးဆရာများ ပင် လူစုံ တက်စုံ မမှတ်မိတော့ သော် လည်း အသေ အချာ မှတ်မိနေသည်က စတီရီယို အဆိုတော် ဘက် မှ ဂီတ အသိုင်း အဝိုင်း တစ်ယောက် မျှ ပါ မလာခဲ့ခြင်းပင် ။

ဆရာ ဘိုကလေးတင့်အောင် က ဖြစ်စဉ် ကို ရှင်းလင်း ပြောကြား ၏ ။ ဆရာဦးဖေသိန်း က အားနာ တတ်သည် ။ ထ ပြော သည် ကို မတွေ့ရ ။ သို့ဖြင့် သူရှင်း ကိုယ်ရှင်း နှင့် ကိစ္စ က မပြတ် ။ အကြော ရှည် လာသည် ။ ထိုစဉ် ကင်မရာသမား က လည်း ကင်မရာ တကိုင်ကိုင် ဖြစ် နေချေရာ စတီရီယို အဆိုတော် က ယခု ပွဲ တွင် ဓာတ်ပုံ လုံးဝ မရိုက်ရန် ကြားဖြတ် ပြောဆို၏ ။ ကင်မရာသမားများ မှာ လည်း တားမြစ် ထား သဖြင့် ဓာတ်ပုံ မရိုက်ရဲ ။

တာဝန်ရှိ ပုဂ္ဂိုလ်များ မှ နေ၍ ပြေလည်အောင် ညှိနှိုင်း ပေးသော်လည်း ကာယကံရှင်များ မှာ ကျေအေးသွား မည့် အရိပ်အယောင် မမြင်ရ ။ စတီရီယို အဆိုတော် က လည်း ဤ ကိစ္စ ဖြစ် ရသည့် နေ့ မှ စ၍ သူ မစားနိုင် မအိပ်နိုင် ခံစားရကြောင်း ထ ၍ ရှင်းလင်းချက် ထုတ်၏ ။ ဆရာအီကြာကွေး က လည်း မလှမ်းမကမ်း မှ နေ၍ တစ်စုံတစ်ရာ ပြောမည့် ဟန် ကုန်း ရုန်း ထသဖြင့် ဘေး မှ တစ်ယောက် က ဆွဲပြီး ပြန် ပြန်ထိုင် ခိုင်းနေဟန် မြင် ရသည် ။

အခြေအနေ က ရှုပ်ထွေး လာသည် ။ တာဝန်ရှိ လူကြီးများ အပြော ဖြင့် ပြတ်ပုံ မရတော့ ။

ထိုစဉ် ရုတ်တရက် ထ ရပ် လိုက် သူ က ဆရာသော်တာဆွေ ဖြစ် သည် ။

ဆရာသော်တာဆွေ က ကာတွန်း အကြောင်း နှင့် ဖြစ်စဉ် ကိစ္စရပ် များ ကို ဒိုးခနဲ ဒေါက်ခနဲ ရေပက် မဝင် ထ ပြော၏ ။ ပြောသည့် စကား လုံးများ ကို လုံးစေ့ပတ်စေ့ မမှတ်မိတော့ သော်လည်း သူ့ ပြောဟန် မှာ အင်မတန် မာန် ပါကြောင်း ၊ အချက်အလက် နှင့် သွက်လက်စွာ ပြောသွား နိုင်ကြောင်း မှတ်မိ၏ ။

ပြောရင်း မတ်တတ် ဓာတ်ပုံဆရာများ ကို လည်း ဓာတ်ပုံ ရိုက်နိုင် ကြောင်း ဆရာသော်တာဆွေ က ခွင့် ပေး လိုက်သည် နှင့် စောစောက စတီရီယို အဆိုတော် က တား ထား သဖြင့် ဓာတ်ပုံ မရိုက်ရဘဲ လက်ယား နေ သော ကင်မရာမင်းများ မှာ ဓာတ်ပုံ တဖျပ်ဖျပ် ဖြင့် အတိုးချ ရိုက် လိုက်ကြ ပုံမှာ အစည်းအဝေးခန်းမ တွင်း တွင် မီးရောင် တဝင်းဝင်း ၊ ခလုတ်နှိပ်သံ တစ်ချက်ချက် ဖြင့် တစ်မုဟုတ်ချင်း ပြောင်းလဲ သွားတော့၏ ။

ဆရာ က ကာတွန်း မောင်ဝဏ္ဏ ရေးဆွဲသော ကာတွန်း တွင် အဆိုတော် ၏ နာမည် လည်း မပါ ။ ကာတွန်း ဆိုသည် မှာ ကာတွန်းဆရာ က သူ မြင်ရာ ကို သရော် ၊ ဝေဖန် ၊ ထောက်ခံ ထောက်ပြ ရေးဆွဲ ရသော အလုပ် ဖြစ်ကြောင်း ကာတွန်း တစ်ကွက် ၏ သဘောတရား ကို ရှင်းလင်း ပြောပြ သွားသည် ။

ဆရာသော်တာဆွေ ပြော နေစဉ် အဆိုတော် က ထပြီး နှစ်ခွန်း ၊ သုံးခွန်း ချေပကြောင်း မှတ်မိ၏ ။ ထို အဆိုတော် ချေပသည့် စကားများ ကို ဆရာသော်တာဆွေ က လက်ညှိုး ညွှန်ပြီး မေးခွန်း ပြန် ထုတ်ပုံ ကိုလည်း မှတ်မိ၏ ။ ဆရာ သော်တာဆွေ ၏ မေးခွန်းများကို ထို အဆိုတော် သည် တိကျရေရာ စွာ ပြန်လည် မချေပနိုင် ။

သူ့ အနေဖြင့် ယခု ထ ပြောသူ မှာ နိုင်ငံကျော် စာရေးဆရာကြီး ဆရာသော်တာဆွေ မှန်း လည်း သိပုံ မရချေ ။ နံဘေး မှ ပုဂ္ဂိုလ်များ မှာ လည်း နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်း ၊ ဦးဘထွေး ၊ ဆရာ အီကြာကွေး အစ ရှိသည့် နာမည်ကျော် စာရေးဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ များ ဟု လည်း သိပုံ မပေါ် ။ သူ ကား စာနယ်ဇင်းလောက နှင့် နယ်ပယ်စိမ်း အရပ် က ဖြစ်၏ ။

သို့ဖြင့် ထိုနေ့ က စေ့စပ်ညှိနှိုင်းပွဲ မှာ ဆရာသော်တာဆွေ ထ ပြီး အကျယ်တဝင့် ပြော ကြားခဲ့မှု မှာ အလွန်တရာ အရေး ပါ ထိရောက် ခဲ့ရ သည် ။

တရားရုံး တွင် မပြတ် ၊ ဂီတကောင်စီ ရုံးခန်း တွင် တာဝန်ရှိ ပုဂ္ဂိုလ် ကြီးများ ၏ ညှိနှိုင်းပေးခြင်း ဖြင့် မပြီးမစီး ဖြစ်နေသော ညှိနှိုင်းပွဲ ကို ဆရာ သော်တာဆွေ က ထပြီး ချက်ကျ လက်ကျ ပြောကြားခဲ့ရာ ယင်း နောက်ပိုင်း ကိစ္စ ပြတ် ခဲ့ရသည် ။

သို့သော် ဆရာသော်တာဆွေ မှာ ထိုနေ့ ညှိနှိုင်းပွဲ သို့ တာဝန် ဖြင့် ရောက်ရှိ လာ သူ မဟုတ် ။ မိမိတို့ နည်းတူ ပင် စာနယ်ဇင်းသမား ဘက် မှ သံယောဇဉ် ဖြင့် ရောက်ရှိ လာ သူ ဧည့်သည် တစ်ဦး မျှ သာ ဖြစ်ခဲ့၏ ။

( ၄ )

နောက် လ ထုတ် မဂ္ဂဇင်း အချို့ တွင် အဆိုတော် က ကာတွန်းဆရာ မောင်ဝဏ္ဏ ကို တောင်းပန်ကြောင်း နှင့် အမှု ကို ပြန်လည် ရုပ်သိမ်းကြောင်း စာများ ပါလာခဲ့သည် ။ အချို့ မဂ္ဂဇင်းများ က ထို သတင်း ကို ဓာတ်ပုံ ဝေဝေဆာဆာ ဖြင့် ဖော်ပြ ကြ၏ ။ ဓာတ်ပုံများ ရိုက်ခွင့် က လည်း ဆရာ သော်တာဆွေ ခွင့်ပြု လိုက် သဖြင့် မှတ်တမ်းပုံများ ရရှိ ခဲ့ကြခြင်း ။

မိမိ ကား အကြောင်း တိုက်ဆိုင်တိုင်း ထိုစဉ် က ဂီတကောင်စီ ရုံးခန်း ထဲ တွင် လူပုံ အလယ် ၌ မားမား ရပ် ကာ ပြတ်သား ပီသပြီး အားမာန် ပါ သည့် စကားများ ကို ပြောကြား နေ သူ ဆရာသော်တာဆွေ ၏ ရုပ်သွင် ကို သာ ပြန်လည် မြင်ယောင် မိ နေဆဲ ဖြစ်၏ ။

◾ဆွေမင်း ( ဓနုဖြူ )

📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

 

Tuesday, August 22, 2023

ရှေ့နေကောင်း နှင့် သက်သေကောင်း


 

❝ ရှေ့နေ ကောင်း နှင့် သက်သေ ကောင်း ❞

ကျွန်တော် သည် စာပေ ဝေဖန်ရေးသမား မဟုတ်ပါ ။ စာပေပညာ ရှင်လည်း မဟုတ်ပါ ။ ဝတ္ထုရေးဆရာ လည်း မဟုတ်ပါ ။ ဝတ္ထု ဖတ်ခြင်း ၌ ပျော်မွေ့သော သူ တစ်ယောက် မျှ သာ ဖြစ်ပါသည် ။ ဝတ္ထု ဖတ်သူ တို့ ၏ ထင်မြင်ချက် ၊ တုံ့ပြန်ချက် သည် ဝတ္ထုရေးသူများ အဖို့ အလဟဿ မဖြစ် နိုင် ဟူသော ယုံကြည်ချက် ဖြင့် တင်ပြသော ဆောင်းပါး သာ ဖြစ်ကြောင်း ကြိုတင် ဝန်ခံလိုပါသည် ။

◾သိန်းဖေမြင့်

အခြား စာပေများ ကို အပ ထား၍ ဝတ္ထုတို အရာ တွင် ကား ၊ မြန်မာ့ စာပေသမိုင်း တွင် ကြီးစွာသော ကဏ္ဍ ကို ယူမည့် စာရေးဆရာ ဟု ဆိုသင့် ပါပေသည် ။ သူ ကိုင်တွယ် ဖန်တီး လိုက်သမျှ သော ဇာတ်လမ်း ဇာတ် ကောင် တို့ သည် စာဖတ်သူ တို့ ၏ စိတ် ၌ ထင်းထင်းကြီး စွဲငြိ ကျန်ရစ်လေ့ ရှိပါသည် ။

သိန်းဖေမြင့် ကွယ်လွန် လျှင် လည်း ငွေစိန် တို့ ၊ ထွန်းခင် တို့ ၊ ခမည်းတော် မောင်ရွှေရ  တို့ သည် အသက် ရှင် လျက် ကျန်နေရစ်ခဲ့ပါ လိမ့်ဦးမည် ။ ငွေစိန် ၊ ထွန်းခင် ၊ ခမည်းတော် မောင်ရွှေရ တို့ က လည်း သူတို့ ၏ အမည် နှင့် အတူ သိန်းဖေမြင့် ဟူသော အမည် ကို ကျန်ရစ်ခဲ့ အောင် စွမ်းဆောင် နိုင်ကြဦးမည် မှာ မုချ ဖြစ်ပါသည် ။

အချုပ် ကို ဆိုရသော် သိန်းဖေမြင့် သည် ပါရမီ ချွန်သော စာရေးဆရာ ဖြစ်သည် ဟု ပြောလိုက် ချင်ပါသည် ။

◾သော်တာဆွေ

ဘရန်ဒီ တစ်ပုလင်း ဝတ္ထု ဖြင့် စာပေလောက သို့ ဝင် လာခဲ့သော သော်တာဆွေ သည် လည်း ပါရမီရှင် တစ်ဦး ပင် ဖြစ်ပါပေသည် ။ သူ ၏ ဇာတ်ကောင်များ ဖြစ်ကြသော အေးဆွေ ၊ ပေါ်အူး ၊ ပတ္တမြား ဝင်းထိန် တို့ နှင့် အတူ မိရွှေနီ စသော ဘဝထိုထို ဇာတ်ကောင်များ သည် မြန်မာ စာပေလောက တွင် တဖွဖွ ပြော နေရစ်ရမည့် ဇာတ်ကောင်များ ဖြစ်လာပါ လေပြီ ။

သိန်းဖေမြင့် နှင့် သော်တာဆွေ တို့ ရေးသော ပစ္စည်းမဲ့ တော်လှန်ရေး ဝတ္ထုတို များ ကို ယှဉ်၍ ဖတ် ကြည့် မိပါသည် ။ ခံစား ရသော ဝေဒနာ ကို ပြန်လည် သုံးသပ် မိပါသည် ။

သိန်းဖေမြင့် ၏ “ ရေနံ ” ၊ “ ငွေစိန် လှေလှော်ရင်း တက်ကျိုး ခြင်း ” ၊ “ တတိယတန်း မှာ တစ်နေရာ ” စသော ဝတ္ထုများ ကို ဖတ်ပြီး ပထမ ပေါ် လာသော အတွေး မှာ သိန်းဖေမြင့် ၏ ကျွမ်းကျင်မှု ကို ချီးကျူး မိသော အတွေး ပင် ဖြစ်ပါသည် ။ နောက်မှ အရင်းရှင်စနစ် ၏ ဆိုးဝါးပုံ ၊ ပစ္စည်းမဲ့ တို့ ၏ ဘဝ နိမ့်ကျပုံ ကို ဆင်ခြင် မိပါသည် ။ အထူးသဖြင့် သိန်းဖေမြင့် ၏ စာ ရေး ကောင်းပုံ ကို ချီးကျူးခြင်း ၌ နစ်မျော နေ လေ့ ရှိပါသည် ။

သော်တာဆွေ ၏ “ ဘာသာ နှင့် အရင်းရှင်စနစ် ” ၊ “ ကြွေးမြေ ” ၊ “ ဖြေပါနိုင် ” စသော ဝတ္ထုများ ကို ဖတ်ပြီးသော အခါတွင် မှု သော်တာဆွေ ကို လည်း သတိ မရ ၊ စာ ရေး မှု အတတ်ပညာ ကို လည်း မတွေးမိ ၊ အရင်းရှင် နှင့် ပစ္စည်းမဲ့ ဘဝ ကို သာ ထပ်ဖန် တလဲလဲ တွေး ၍ နှလုံးပင်ပန်း ကျန်ခဲ့လေ့ ရှိပါသည် ။

“ ဘာသာ နှင့် အရင်းရှင်စနစ် ” ဝတ္ထု တွင် ချစ်တီး တို့ ၏ ပရိယာယ် ကြောင့် မြန်မာ့ လယ်ယာများ ဆုံးပါးရပုံ ၊ တောသူတောင်သား တို့ ကြွေး တင် ကျွန် ဖြစ် နစ်မွန်း ရပုံ ကို အကွက် စေ့ အောင် ဖော်ပြ ထားပါသည် ။ “ ဖြေပါနိုင် ” ဝတ္ထု တွင် ကား ပြည်တွင်း စစ် ကြောင့် တောရွာ မှ မြို့ သို့ ပြေး လာရသည့် လူ တစ်ယောက် ကို တရုတ်ဟိုတယ် ပိုင်ရှင် စသော လူလိမ် လူညာ တို့ က လှည့်ပတ် စေခိုင်း ပုံ ၊ ကန်ထရိုက် က ညစ်ပတ် ၍ လုပ်အား ခိုးယူ ပုံ တို့ ကို စာနာ ထောက်ထားသော ကရုဏာ နှင့် သရုပ်ဖော် ထားပါ သည် ။

စာ ဖတ်ပြီး နောက် သတိ ထားပြီး ဆင်ခြင် လိုက်သော အခါ သိန်းဖေမြင့် ၏ ဝတ္ထု အဆို ထက် ၊ သော်တာဆွေ ဝတ္ထု အဆို ကို ပို၍ အလွယ်တကူ လက်ခံ နေ မိကြောင်း တွေ့ ရပါသည် ။ အဘယ်ကြောင့် နည်း ဟု မိမိ ကိုယ် ကို စစ်ဆေး တွေ့ ရှိချက် ကို တင်ပြ လိုပါသည် ။

သိန်းဖေမြင့် “ ကျွန်တော် လည်း စာ ရေး လေ သမျှ ဒီလိုပဲ ဝါဒ ဖြန့် နေတာပဲ ၊ ဝါဒ မဖြန့်ဘဲ စာပေ သက်သက် ကျွန်တော် ဘယ်တော့ မှ မရေးဘူး ” ဟုလည်း ကြွေးကြော် ခဲ့ ဖူးသည် ။ ဝါဒ မရှိ ၊ သဘော တရား မရှိ ဟု ကြေညာ၍ စာပေ သည် စာပေ သက်သက် ဖြစ်ရ မည် ။ ဝါဒ မရှိရ ၊ ဝါဒ မဖြန့်ရ ဆိုသူ သည် လိမ်လည် လှည့်ဖြားသူ သာ ဖြစ်ပေသည် ” ဟု လည်း ဘက်မလိုက်ဝါဒ စာရေးဆရာများ ကို တိုက်ခိုက် ထိုးနှက် ခဲ့ပါသည် ။

ပစ္စည်းမဲ့ တို့ ၏ ဘဝ ကို ထောက်ထား စာနာသော စေတနာ ဖြင့် ရေး စေကာ မူ လည်း တော်လှန်ပြောင်းလဲမှု ကို ညွှန်းပြသော လှုံ့ဆော်ချက် မပါလျှင် တန်ဖိုး မမြင့်လှသေး ဟု ယူဆသည် ။ ထိုကြောင့် “ ပြည်သူ့ သရုပ်ပြ စာပေပြုစုသူ တို့ သည် လောက ကို သရုပ်ဖော်ရုံ ဖြင့် မပြီး မူ၍ လောက ကို ပြောင်းလဲရန် လည်း တာဝန် ရှိကြောင်း နားလည် ကြရမည် ” ဟု တိုက်တွန်း ခဲ့ ပါသည် ။

သိန်းဖေမြင့် သည် ပစ္စည်းမဲ့ တော်လှန်ရေး လောက တွင် လှုပ်ရှားခဲ့ သော နိုင်ငံရေးသမား တစ်ယောက် လည်း ဖြစ်ပေသည် ။

သက်ရောက် လာ သော အကျိုးကား သိန်းဖေမြင့် ရေးသော ဝတ္ထု ကို ဖတ်တော့မည် ဆိုလျှင် ပစ္စည်းမဲ့ တော်လှန်ရေး အကြောင်း တစ်ခု ခု ကို သွန်သင် ညွှန်းပြတော့မည် ဟု အလိုလို နား ပြင် ထားမိလျက် သား ဖြစ် နေပါသည် ။

သော်တာဆွေ ၏ ဝတ္ထု ကို ဖတ် လျှင် ကား ဤသို့ မဟုတ်ပါ ။

သော်တာဆွေ သည် နိုင်ငံရေးသမား လည်း မဟုတ် ၊ ပစ္စည်းမဲ့ ဘက်တော်သား ဟု လည်း မကြွေးကြော်  ။ ငယ်စဉ်က ကဗျာ ဝါသနာ ပါ သူ ၊ ရုပ်ရှင်မင်းသား ဖြစ်ချင် သူ  ၊ ဘဝ စုံ ခဲ့ သူ ၊ အရက် တွင် ပျော်မွေ့ သူ ၊ ဝတ္ထုတို ကို ပင် ရည်စားစာ အဖြစ် ရေး ခဲ့ သူ လူစုံ အဖြစ် သာ သဘော ထား ပါသည် ။ ပစ္စည်းမဲ့ တို့ အကြောင်း ကို ရေး ရေး ၊ တိရစ္ဆာန်လေးတွေ အကြောင်း ကို ရေး ရေး ၊ ရေး သမျှ ဘဝ သရုပ်ဖော် ဝတ္ထုများ တွင် မူ ကိုယ်တွေ့ ကြုံသမျှ ကို အရှိအတိုင်း ၊ အမြင်အတိုင်း ရိုးသား စွာ ရေးသည့် အသံ ပေါက် လာ ပါသည် ။

ထို့ကြောင့် သိန်းဖေမြင့် သည် ပစ္စည်းမဲ့ တို့ ၏ ဘက်တော်သား ရှေ့နေကောင်းကြီး နှင့် တူ ၍ သော်တာဆွေ သည် သက်သေကောင်းကြီး နှင့် တူ ပါသည် ။

လူလတ်တန်းစား ဟူသည် ပစ္စည်းမဲ့ တို့ လောက် တော်လှန်ရေး ဇွဲ သတ္တိ မရှိပါ ။ သေရေး ရှင်ရေး ဟူ၍ သဘော မထားတတ်ပါ ။ ပစ္စည်း မဲ့ တို့၏ ဘဝ ကို မခံစား နိုင် ၍ ( ခံစား နိုင်ရန် ကြိုးစားမှု လည်း နည်းပါး၍ ) ပစ္စည်းမဲ့ တို့ ၏ ဘဝ သိမှု ကို ရခဲ လှပါသည် ။

ဝတ္ထုဖတ် ပရိသတ် ၏ အများစု မှာ လူလတ်တန်းစား များ သာ ဖြစ်ပါသည် ။ ထို စကောစက လူတန်းစား တို့ တွင် ပစ္စည်းမဲ့ တို့ အား ထောက်ထား စာနာသော စေတနာ ကိန်းအောင်း လာအောင် သိမ်းသွင်း စည်းရုံး ရာ တွင် ရှေ့နေ ကောင်း သာ မက သက်သေ ကောင်း များ လည်း လိုအပ်သည် ဟု ထင် မိပါသည် ။

သက်သေကောင်း ဖြစ်နိုင် ရန် လည်း မလွယ်လှပါ ။ ကိုယ်တွေ့ မျက်မြင် သက်သေ ဖြစ် ပါမှ ပို၍ တန်ဖိုး ရှိ ပါသည် ။ ပစ္စည်း မဲ့ တို့ ၏ ဘဝ ကို နက်နက်နဲနဲ သိအောင် အားထုတ် ကြိုးစား ပြီး မှ သက်သေ ထွက်ဆိုသော ဝတ္ထုများ ပိုမို ပေါ်ပေါက် လာပါစေ ဟု ဆုတောင်း မိ ပါသည် ။

◾အောင်သင်း

📖 ရှုမဝ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၇၁

#ကိုအောင်နိုင်ဦး

.

Friday, August 11, 2023

မိမိ နှင့် သော်တာဆွေ


 ❝ မိမိ နှင့် သော်တာဆွေ ❞


( ၁ )


အမှန်အတိုင်း ဝန်ခံရ လျှင် ဆရာသော်တာဆွေ နှင့် ခရီး တစ်ခု တည်း အတူ သွားဖူး ချင်သည် ။ သွား ရမှာ လည်း ကြောက် နေသည် ။ 


အကြောင်း မှာ သူ့ အကြောင်း ကို သူ ရေးသည့် စာတွေ ထဲ မှာ လည်း ဖတ်ဖူးသည် ။ ဟိုလူ သည်လူ တွေ ပြောကြတာ တွေ ကို လည်း ကြားဖူး သည် ။ သူ့ စာ ထဲ မှာ ဘာ တစ်ခု မှ မထိမ်ဝှက် ။ သူ က ကြက် လည်း တိုက် တတ်သည် ။ ဟိုလို သည်လို မိန်းမတွေ နှင့် လည်း ပတ်သက် ဖူးသည် ။ အရက် လည်း သောက် တတ်သည် ။


ထပ်ပြီး ပြော ရ လျှင် သူ က အရက် သောက် လျှင် မူး တတ်သည် ။ အရက် ကို မူး အောင် သောက် တတ်သည် ။ အရက် မူး လျှင် ပြဿနာတွေ ဖြစ် တတ်သည် ။ ခိုက်ရန် ဖြစ်ပွား တတ်သည် ။ ပြီးတော့ သူ က ပေါင်းတည်သား ဟု ဆိုထား သည် မဟုတ်လား ။


မိမိ က အရက် သောက် တတ် သော်လည်း အရက်မူးသမား ကို တော့ အင်မတန် ကြောက်သည် ။ မည်သည့် အချိန် မှာ ပဲ ဖြစ်ဖြစ် အရက် မူး နေသူ တွေ့ လျှင် ဝေးဝေး က ရှောင်သည် ။ တတ်နိုင်သမျှ မပတ်သက်အောင် နေသည် ။ မိမိနှင့် အတူ သောက်သူများ မူးပြီး ဂျီ ကျ လျှင် အင်မတန် စိတ် ညစ်သည် ။ စကားများ ရန်ဖြစ် ကြ လျှင် ပိုပြီး စိတ် ညစ်သည် ။ ဝိုင်း နှင့် သောက်ရမည် ကို ကြောက် သွားသည် ။ သို့သော် မိမိ က တစ်ယောက် တည်း လည်း မသောက်တတ် ။ အဖော်အပေါင်း အသိ မိတ်ဆွေများ နှင့် ဟို အမြည်း သည် အမြည်း စားရင်း ၊ စကား စမြည်ကလေး ပြောရင်း သာ မမူး အောင် သောက် ချင်သည် ။


အမှန်တော့ မိမိ အရက် သောက်ဖြစ် နေခြင်း မှာ လည်း ကိုမိုးဝေ နှင့် အတူ လိုက်ပါပြီး အမြည်းစား ရာ မှ စသည် ။ အရက်သမားများ ၏ ထုံးစံ အတိုင်း ပင် ကိုမိုးဝေ က “ နည်းနည်း တော့ သောက်ဗျာ ၊ နည်းနည်း ကလေးပါ ။ မမူးပါဘူး ၊ စားလို့သောက်လို့ ကောင်းတာပေါ့ ” ဟု ဇာတ် သွင်းသည် ။


ယင်းသို့ဖြင့် မော့ဝီစကီ ပက်ဝက် ကို ဆိုဒါ ဖန်ခွက် အပြည့် ရောပြီး သောက် ရာ မှ ဇာတ်လမ်း စတင် ခဲ့သည် ။ သို့သော် မိမိ သည် သူများတွေ အရက် မူး သည် ကို ကြောက်သည့် ထုံးစံ အတိုင်း သူတို့ တွေ မူးကြသည် အထိ ဝိုင်း မှာ ကြာကြာ မနေ ။ မိမိ လည်း ဗိုက် ထဲ မှာ အတော်ကလေး တင်း သွားပြီ ၊ ဝိုင်း ထဲ မှာ လည်း အတော်ကလေး စီညံ လာပြီ ဆိုလျှင် မိမိ လစ် တော့သည် ။


၁၉၆၀ တစ်ဝိုက် က ကိုမိုးဝေ နှင့် ပတ်သက်သော ဝိုင်းများ တွင် ဆရာတင့်တယ် ၊ ဆရာသော်တာဆွေ ၊ ဆရာမင်းရှင် ၊ ဆရာသန်းဆွေ ၊ ဆရာနန္ဒမိတ် တို့ နှင့် ကြုံရ ဆုံရပါသည် ။ သို့သော် လူများ ပြီး ဝိုင်းကြီး လာ လျှင် မိမိ ပြန် စမြဲ ဖြစ်သည် ။ သူတို့ ဘယ်အချိန် မှ ပြန်ကြသည် ကို မိမိ မသိတော့ ။ သူတို့ ဘာဖြစ်ကြသည် ကို မိမိ မသိတော့ ။ နောက် တစ်နေ့ နံနက် ကျ မှ သာ လျှင် သတင်း စကားများ ပြန်ပြီး ကြား ရသည် ။ သည်တော့ မှ ပြုံးရသည် ၊ ရယ်ရသည် ၊ ရင်တမမ ရှိ ရသည် ။ 


ယင်းကြောင့်ပင် မိမိ သည် သူ နှင့် လူချင်း သိကျွမ်းရုံ မျှ သာ ရှိပြီး ရင်းနှီးခြင်း မရှိခဲ့ပါ ။


( ၂ )


သို့သော် သူ့ စာများ ကို ကား မိမိ ကောင်းစွာ ရင်းနှီး ပါသည် ။ ရှုမဝ အစု တွင် မိမိ အကြိုက်ဆုံး စာရေးဆရာ နှစ်ဦး မှာ ဆရာတင့်တယ် နှင့် ဆရာသော်တာဆွေ ပင် ဖြစ်သည် ။ သူတို့ ၏ စာတွေ ကို အားလုံး လောက် ပင် ဖတ်ဖူးသည် ။ ယနေ့ အထိ လည်း ရှုမဝ ကို တွေ့ လျှင် ဆရာသော်တာဆွေ ၏ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” ကို အရင်ဆုံး ဖတ်မိသည် ။


သူ့ စာတွေ ထဲ တွင် မိမိ နှင့် သဘောချင်း မတိုက်ဆိုင်သည်များ ၊ မိမိ မကြိုက်သည်များ ပါရှိသည် ။ သို့သော် ဆရာ့ စာများ ကို မဖတ်ဘဲ က လည်း မနေနိုင်ပါ ။


မြန်မာနိုင်ငံ တွင် ယခုအခါ စာရေးဆရာ ဆိုသူတွေ တော်တော် များသည် ။ အချို့လည်း အတော်ကလေး ပင် နာမည် ကြီး နေကြသည် ။ ကလောင်ဟောင်း တွေ လည်း ပါသည် ။ ကလောင်သစ် တွေ လည်း ပါ သည် ။ သို့သော် မြန်မာစာ တတ် သူများ ကား တော်တော်ကလေး ပင် နည်းပါးသည် ။


သူ က မြန်မာစာ တတ် သည် ။ မြန်မာစာ အရေးအသား ကျွမ်းကျင် နိုင်နင်းသည် ။ ပြီးတော့ စာ ရေး တတ်သည် ။ သူ ပြော ချင်တာ ကို ပရိသတ် နား လည်အောင် ၊ စိတ်ဝင်စားအောင် ပြော တတ်သည် ။


သည်လို ပုဂ္ဂိုလ်မျိုး တစ်ယောက် ကို ခင်မင်ရင်းနှီး နိုင် ဖို့ အခွင့်အလမ်း ရှိပါ လျက် ခင်မင်ရင်းနှီးခြင်း မရှိ ဟု ဆိုလျှင် မိမိ အနေ နှင့် အခွင့် အရေး တစ်ခု ဆုံးရှုံးခြင်း ပင် ဖြစ်ပေ လိမ့်မည် ။ 


သို့ဖြင့် မိမိ သည် သူ နှင့် အတူ ခရီး သွားရန် ဆုံးဖြတ်မိခြင်း ဖြစ် သည် ။ ရွှေတောင် ၊ ပန်းတောင်း ၊ တောင်ကုတ် စာပေဟောပြောပွဲ ခရီး ကို လိုက်ပါရန် ကတိ ပေး လိုက်ခြင်း ဖြစ်သည် ။ သို့သော် ရင် ထဲ မှာ တော့ လေး နေသည် ။


( ၃ ) 


အလုပ်တွေ က လည်း ဘယ်တော့မှ အားသည် မရှိပါ ။ မဂ္ဂဇင်း အလုပ် မရှိသောအခါ စာ ရေး သည့် အလုပ် က ပိုပြီး များ လာသည် ။ ရေးချင် သည်များ နှင့် ရေးစရာများ ကို အကွက် လည် အောင် မရေးနိုင် ဘဲ ရှိနေ သည် ။


ပြီးတော့ ခရီး က လည်း ပန်း နေပြီ ဖြစ်သည် ။ မောင်နေဝင်း ၊ မင်းကျော် တို့ နှင့် ကြံခင်း ဟောပြောပွဲ သွားသည် ။ လေးပွဲ ဟော ရသည် ။ ကြံခင်း မှ အပြန် တွင် ဘာသာ ပြန် လက်စ လုံးချင်း တစ်ပုဒ် ကို ပန်းတောင်း ခရီး မတိုင်မီ တွင် အပြီးသတ် မည် စိတ်ကူးသည် ။ သို့သော် ချစ်စံဝင်း ၊ မင်းကျော် တို့ နှင့် အတူ တောင်သာ သို့ လိုက်ပါ သွားရ ပြန်သည် ။ သည်မှာ လည်း လေးပွဲ ဟောရသည် ။ ခရီး က လည်း နည်းနည်းလေး ကြမ်းသည် ။


ပို၍ ဆိုးသည် က တော့ ဇန်နဝါရီလ ၈ ရက် နေ့ တွင် ရန်ကုန် က ထွက်သွားသည် ။ ရန်ကုန် သို့ ၁၂ ရက်နေ့ ည ၁၀ နာရီ တွင် မှ ပြန် ရောက် သည် ။ နောက် တစ်နေ့ နံနက် ၁၁ နာရီ တွင် ပန်းတောင်း ခရီး ကို ပြန်ထွက် ရသည် ။ နောက်ပြီးတော့ သည် ခရီး က အရှည်ကြီး ဖြစ်သည် ။ နှစ်ပတ် လောက် ကြာမည် ။


တိတိကျကျ ပြန် တွက် လိုက်တော့ ၁၃ ရက် တိတိ ကြာသည် ။ ၁၃ ရက် နေ့ မှာ ခရီး စထွက် ရသည် ။ ၁၃ နှစ်ထပ် ကွမ်း ဖြစ်သည် ။ 


သည်တော့ လည်း အစွဲအလမ်း ရှိသူများ ဘက် က ကြည့် လျှင် ပြဿနာ ဖြစ်ရသည် မှာ မဆန်းပါ ။


သို့သော် မိမိ နှင့် သော်တာဆွေ အဖို့ မူ သည် ခရီး သည် အမှတ်တရ ပင် ဖြစ်တော့သည် ။ တစ်သက် တွင် ဘယ်တော့ မှ မေ့နိုင်ကြမည် မဟုတ် ပါ ။


မိမိတို့ နှစ်ယောက် သည် ထန်းပင် ပေါ် တွင် လည်း အတူ တက်ပြီး ထန်းရည် သောက် ခဲ့ကြသည် ။ ကား မှောက်ပြီး သေမလို လည်း ဖြစ်ခဲ့ကြရ သည် ။


( ၄ ) 


စ ကတည်း က ပင် တလွဲတချော်ကလေး ဖြစ်သည် ။ ပထမ က ဤ ခရီး ကို မိမိ ၊ သော်တာဆွေ ၊ နေသွေးနီ ဟု နားလည် ခဲ့သည် ။ ယင်း ကြောင့်ပင် မိမိ နှင့် နေသွေးနီ ဟူ သော ဆောင်းပါး ကို ပင် ကြိုပြီး ရေးခဲ့ သည် ။ သို့သော် တောင်သာ မှ ပြန်ရောက် မှ အကြောင်း ကိစ္စ တစ်ခု ခု ကြောင့် နေသွေးနီ မလိုက်နိုင် ဆိုသည် ကို မိမိ သိရသည် ။ သူ့ အစား အီကြာကွေး ဟု ဆိုသည် ။


ကောင်းသည် ။ အီကြာကွေး နှင့် မိမိ ခရီး တစ်ခါ သွား ဖူးသည် ။ ကြာပြီ ။ ၁၉၇၂ ခုနှစ် က ရှမ်းပြည် မြောက်ပိုင်း သို့ ဖြစ်သည် ။ ယခု ၁၃ နှစ် ကြာ မှ ဒုတိယ အကြိမ် ပြန်လည် တွဲမိခြင်း ဖြစ်သည် ။ သို့သော် တကယ့် တကယ် ကျတော့ အီကြာကွေး ပင် ကျန်ရစ်တော့ မလို ဖြစ်သည် ။ မိမိ တို့ ကို လာ ကြိုသည့် ကား က မကောင်းပါ ။ ကားသမား က လည်း အမောင်း မကျွမ်းကျင်ပါ ။ သို့ဖြင့် ရန်ကုန်ဘူတာကြီး သို့ မိမိ နှင့် သော်တာဆွေ ရောက်ရှိ သွားသော အခါ ၁၂ နာရီ ၃၀ ရှိ နေပြီ ။ ရထား က ၁ နာရီ ထွက်မည် ။ ဤအချိန် ကျ မှ အီကြာကွေး ကို တောင်ဥက္ကလာ ကို သွား ခေါ် လျှင် မီစရာ မရှိတော့ပါ ။ သို့ဖြင့် လာ ကြိုသူ က မိမိတို့ နှစ် ယောက် ကို ရထား ပေါ် တင် လွှတ် လိုက်ပြီး သူ နှင့် အီကြာကွေး ဘတ်စ် ကား ဖြင့် ပြည် ကို လိုက်ခဲ့ပါမည် ဟု ဆိုသည် ။ သို့သော် သုံးဆယ်ဘူတာ သို့ ရောက်ရှိသော အခါ မိမိတို့ ကို စောင့်ကြို နေသော အီကြာကွေး ကို တွေ့ ရသည် ။ သူ က လက်ပံတန်း ကား ဖြင့် ရထား ကို အမီ လိုက် လာခြင်း ဖြစ်သည် ။ သည်တော့ မှ ရထား ပေါ်  မှာ လူစုံတက်စုံ ဖြစ် သွားသည် ။ တစ်ခု စိတ်အေး သွားရသည် ။ သည်တော့ မှ သူ့ ကို မိမိ အင်မတန် မေး လိုသော မေးခွန်းတစ်ခု ကို မရဲတရဲ ဖြင့် မေးရသည် ။ 


“ ကိုဆွေ အခု ဖြတ်ထား သလား ”


“ ခရီး သွား ရင်တော့ သောက် ပါတယ် ”


ဟိုက် .. ။


“ ခင်ဗျား နဲ့ လည်း အဖော် ရှိလို့ပါ ”


ကောင်းပါပေ့ ။


မိမိတို့ နှစ်ယောက် သောက် ကြသည် ။ ခရီး တစ်လျှောက် လုံး သောက် ကြသည် ။ နား နေသည့် အချိန် တွင် လည်း သောက်သည် ။ ခရီး သွား ရင်း လည်း သောက်သည် ။ ဒေသခံများ နှင့်လည်း အတူ သောက် သည် ။ နှစ်ယောက် တည်း လည်း သောက် ကြသည် ။ အလယ်အလတ် ဖြစ်သော ရမ် ၊ ဘရန်ဒီ နှင့် ဘီယာ တို့ ကိုလည်း သောက်သည် ။ အထူး တလည် တိုက်သော တန်ဖိုး ကြီးမားသည့် နိုင်ငံခြား ဝီစကီ ကို လည်း သောက် ရသည် ။ အနီ မရသည့် အခါ တွင် အဖြူ ဟု ခေါ်သော ဘီအီးဒီစီ ကို လည်း သောက်ကြသည် ။ ပြီးတော့ မိမိ တို့ ရိုးရာ ဖြစ်သော ထန်းရည် နှင့် ဓနိရည် ကို လည်း သောက် ကြသည် ။ ထန်းရည် ကို ဘယ်လို သောက် သနည်း ဆိုလျှင် ထန်းပင် ပေါ် တက်ပြီး သောက် ကြသည် ။


သည်လို ။


မင်းတုန်းနယ် မှာ ဓလေ့ တစ်ခု ရှိသည် ။ ထန်းပင် ပေါ် တွင် ဝါးစင် တစ်ခု ထိုး ထားသည် ။ လူ လေးယောက် တက်ပြီး သောက် နိုင်သည် ။ တစ်ယောက် ယောက် မူး ပြီး ပြန် မဆင်းနိုင် လျှင် ကြိုး နှင့် တုပ် ထားခဲ့သည် ။ ထို လူ အမူး ပြေ မှ ကြိုး ကို ဖြေပြီး ပြန် ဆင်း ရသည် ။


စက်ရုံမှူး တစ်ဦး သည် ယင်း အဖြစ် ကို သဘော ကျပြီး သူ ၏ စက်ရုံ ဝင်း ထဲ ရှိ ထန်းပင် တစ်ပင် တွင် သံစင် တစ်ခု ထိုး ထားသည် ။ သံလှေကား  ဖြင့် တက် ရသည် ။ သို့သော် မူး နေလျှင် ပြန် ဆင်းနိုင်ရန် သံမဏိကြိုးရထား လုပ် ထားသည် ။ ကြိုးရထား ဖြင့် ပြန် ဆင်း ရသည် ။ မိမိ နှင့် သော်တာဆွေ လည်း ထို စက်ရုံမှူး နှင့် အတူ ထန်းပင် ပေါ် သို့ တက်ပြီး လေ့လာသည် ။ ထန်းရည် ဖွင့်ပွဲ လုပ်သည် ။ ပြီးတော့ ကေဘယ် ကြိုးရထား ဖြင့် ပြန် ဆင်း ကြသည် ။ မူး ၍ တော့ မဟုတ်ပါ ။ အတွေ့အကြုံ ရှိအောင် ဖြစ်ပါသည် ။


သည် ခရီး မှာ မိမိ တို့ မမူးကြပါ ။ ဆရာသော်တာဆွေ မမူးပါ ။ သည်တော့မှ သူ က ပြောသည် ။


“ ကျုပ် က အရက် ကို မူးအောင်လည်း သောက် တတ်တယ် ၊ မမူး အောင်လည်း သောက် တတ်တယ် ”


သည် ခရီး မှာ သူ မူးအောင် လည်း မသောက်ပါ ။ ဟောပြောပွဲ တာဝန်များ ရှိသော ကြောင့် ဖြစ်သည် ။ မိမိတို့ သည် နေ့ပွဲ ညပွဲ တစ်နေ့ နှစ်ပွဲ ပြောရသည် ။ ၁၃ ရက် ခရီး တွင် ဟောပြောပွဲ ၁၁ ပွဲ နှင့် ဆွေးနွေးပွဲ ၂ ပွဲ ပြုလုပ် ရသည် ။ အားလုံးပင် အောင်မြင်ပါသည် ။ အစီအစဉ် ကောင်းမွန်သည် ။ ပရိသတ် ကောင်းမွန်သည် ။ မိမိတို့ ဟောပြောသည် များ ကို လည်း ကျေနပ်ကြဟန် ရှိသည် ။ အီကြာကွေး က ရယ်စရာ ပြော သည် ။ ရယ်ရသည် ။ သော်တာဆွေ က နိုင်ငံခြား အတွေ့အကြုံ ပြော သည် ။ မှတ်သားစရာ ဖြစ်သည် ။ ပြုံး ရသည် ။ ရယ် ရသည် ။ သူ က တစ်နာရီ လောက် ပြောသည် ။ ပရိသတ်များ စိတ်ဝင်စားစွာ နားထောင် ကြ သည် ။


သည်တော့ မိမိတို့ ၏ ခရီးစဉ် အောင်မြင်သည် ဟု ဆိုရမည် ။ ပျော်ပျော်ရွှင်ရွှင် နှင့် ပြန်ကြရုံ သာ ဖြစ်သည် ။ သို့သော် အပြန် ခရီး တွင် မှ ပြဿနာ ဖြစ်ရသည် ။ တောင်ကုတ် မှ သံတွဲ သို့ ကား နှင့် အသွား တွင် ကား မှောက်သည် ။ ကံကောင်း ၍ မသေကြရခြင်း ဖြစ်သည် ။ မိမိတို့ ကို လိုက်ပို့ သူ တစ်ဦး သာ လက်ဆစ် လွဲ သွားသည် ။


ကား မှောက်သည် မှာ အရက် နှင့် မဆိုင်ပါ ။ မိမိတို့ နှင့် မဆိုင်ပါ ။ ကား အရှိန် များ ပြီး တောင်စောင်း ကို ဝင် တိုက်သည် ။ တစ်ပတ် လိမ့် သွား သည် ။ မှောက်ခုံကြီး ဖြစ် သွားသည် ။ မိမိ တို့ ကား ထဲ မှ လေးဖက် ထောက် ပြီး ထွက် ရသည် ။ လမ်းလုပ်သားများ နှင့် ကျောင်းကုန်းကျေးရွာ မှ ပုဂ္ဂိုလ်များ က မိမိတို့ ကို စောင့်ရှောက်ကြသည် ။ တိုက်နယ်ဆေးရုံ ရှိ သော ရွှေလှေ သို့ လှည်း တစ်တန် ၊ လှေ တစ်တန် ဖြင့် ပို့ပေး ကြသည် ။ ဆရာဝန် က မိမိ တို့ ကို ကုသ ပေးသည် ။ ထမင်း ကျွေးသည် ။ ( အရက် လည်း ပါ ပါ သည် ။ ) တောင်ကုတ် မှ ကယ်ဆယ်ရေး ကား နှစ်စီး လိုက် လာကြပြီး မိမိ တို့ ကို လိုသေးလေး မရှိ ပြုစု စောင့်ရှောက်ကြသည် ။ မိမိ မှာ အနည်းငယ် ပွန်းပဲ့ သွား သော်လည်း သော်တာဆွေ နှင့် အီကြာကွေး ဘာမှ မဖြစ်ပါ ။ သို့သော် ဆရာသော်တာဆွေ မလှုပ်နိုင်ပါ ။ ထမင်း လည်း မစားနိုင်ပါ ။ အရက် လည်း မသောက်နိုင်ပါ ။ သူ က ခရီး လည်း ပမ်း နေပြီ ဖြစ်သည် ။ အသက် က လည်း ထောက် နေပြီ ဖြစ်သည် ။ ၆၇ နှစ် ။ ဤအရွယ် နှင့် ဤ ခရီး ဒဏ် ကို ခံနိုင်သည် မှာ အံ့သြစရာ ပင် ဖြစ်သည် ။


( ၅ )


ကောင်းပြီ ။ ဤ ၁၃ ရက် ခရီး တွင် ဆရာသော်တာဆွေ နှင့် အတူ အိပ် ၊ အတူ စား ၊ အတူ သောက် ခရီး သွားလာ ရသောအခါ ဆရာ့ ကို မိမိ မည်သို့ တွေ့မြင်ရ သနည်း ။


သူ က မိမိ နှင့် အီကြာကွေး တို့ ကို ညီ နှစ်ယောက် လို ၊ တူ နှစ်ယောက် လို စာနာ သည် ။ စောင့်ရှောက်သည် ။ စာ အကြောင်း ၊ စာပေလောက အကြောင်း မိမိ တို့ နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး သည် ။


သူ က စိတ် မြန်သည် ။ ပွင့်လင်းသည် ။ သူ့ ရင် ထဲ မှာ ရှိသည် ကို ဖုံးကွယ် ထားတတ်ခြင်း မရှိ ။ ဟန်ဆောင် တတ်ခြင်း မရှိ ။ ပရိယာယ် မာယာ မရှိ ။


အချုပ် ကို ဆိုရလျှင် 


သူ့ စာများ သည် သူ့ အတိုင်း ပင် ဖြစ်သည် ။


သူ သည် သူ့ စာများ အတိုင်းပင် ဖြစ်တော့သည် ။


◾နတ်နွယ်


📖 ချယ်ရီ

      မတ် ၊ ၁၉၈၆


#ကိုအောင်နိုင်ဦး


.

Thursday, August 3, 2023

မြေဇာ ကတိပျက်တယ်


 

❝ မြေဇာ ကတိပျက်တယ်  ❞

“ ဟာ ... ကောင်းတယ် မြေဇာ ရဲ့ ၊ မင်း ရအောင် ယူလိုက် ”

အိမ်ကလေး က ခပ်ကုပ်ကုပ် ပါ ။ မြေစိုက်ကလေး ။ နှစ်ပင်တိုင် ဟု အညာ ခေါ် ခေါ် နိုင်ပါသည် ။ ပေ နှစ်ဆယ် ၊ ပေ လေးဆယ် ၊ မြေကွက်ကျဉ်း ဝယ် ၊ မချောင်မကျပ် ဆောက် ထား ပါသည် ။ ကျွန်တော့် မိသားစု နှင့် ဆို အတော် ၊ အဲဒီတုန်းက ( လွန်ခဲ့သော ဆယ်နှစ် ကျော်ကျော် က ) မြေ ကော ၊ အိမ် ကော ခြောက်ထောင် ၊ ဆရာ က အတင်း တိုက်တွန်း နေသည် ။ ကျွန်တော့် ကို အိမ်လေး ၊ မြေလေး နှင့် ကိုယ်ပိုင် နေ စေ ချင်သည့် စေတနာ ဆရာ့ မျက်နှာ ပေါ် လွှမ်း နေပါသည် ။ သည် အိမ်လေး က ဆရာ့ အိမ် နှင့် သုံး ၊ လေး အိမ် သာ ခြားသည် ။

“ ကျွန်တော် စဉ်းစားပါ့မယ် ဆရာ ”

“ ဟာ ... ဘာ စဉ်းစား ရမှာလဲ ၊ ယူ သာ ယူ လိုက် ”

ဆရာ ၏ စေတနာ စကား က ကျွန်တော့် ရင် ဝ ကို မှန် သော်လည်း ထန် ဟု မမြည်ဘဲ ဒုန်း ဟု မြည် နေသည် ထင် ပါသည် ။

အဘယ်ကြောင့် ဆိုသော် ကျွန်တော့် တွင် ငွေသား ဆို လို့ အိမ်စပေါ် နှင့် ပေါင်း လိုက် မှ လေးထောင် မျှ သာ ရှိပါသည် ။ ထိုစဉ် က တစ်ထောင် ၊ နှစ်ထောင် မပြော နှင့် ၊ ငါးဆယ် ၊ တစ်ရာ ပင် ကျွန်တော့် အဖို့ ခက်ခဲလှပါ သည် ။ ဆရာ သည် သက်ပြင်း ချ လိုက်ပါသည် ။ စာရေးဆရာကြီး ပီပီ ကျွန်တော့် မျက်လုံး ထဲ မှ နှိုက်ဝင်၍ နှလုံးသား ကို မြင် ကြည့် လိုက်သည် ထင် ပါသည် ။

“ အေးလေ ၊ မင်း မိန်းမ နဲ့ လည်း တိုင်ပင် ကြည့်ဦး ပေါ့ ၊ ဒါပေမဲ့ ရတုန်း ယူ ထားမှ နော့ ၊ နောက်ဆို  ဒီ ဈေးမျိုး မလွယ်ဘူး ”

အိမ် ကြည့်ပြီး အပြန် တွင် ဆရာ က ပြော လာပါသည် ။ ဆရာ့ ဘက် မှ အတွေး တွင် ကျွန်တော် သည် ဤ အိမ်လေး ကို ဝယ် တော့မည် ဟု ယုံကြည်ဟန် တူ နေပါသည် ။ ကျွန်တော် က လည်း တစ်နိုင် တစ်ပိုင် သိပ် မကွာလှသည် မို့ ဝယ်ယူ ချင် လှပါသည် ။ ပြီးတော့ ဆရာ့ အိမ် နှင့် လည်း မနီးမဝေး မို့ လေးစားချင်ခင်လှသော ဆရာ လည်း ဖြစ် ၊ ရပ်ခံရွာခံ လူကြီး လည်း ဖြစ် မို့ ကျွန်တော် နှင့် မိသားစု အတွက် အားထား ရမည် ဟု လည်း ယုံကြည် ထား မိပါသည် ။

“ ကဲ ... မင်း ဘယ် နေ့ ပြန် လာမလဲ ၊ လာမယ့် နေ့ ကို ပြော ငါ စောင့် နေမယ် ”

ကျွန်တော် ချိန်ချိန်ဆဆ နှင့် စဉ်းစား ရပါသည် ။

“ နောက် နှစ်ပတ် ”

“ လာမယ့် နေ့ရက် ကို ပြော ”

ကျွန်တော် ခန့်မှန်း ၍ တနင်္ဂနွေ တစ်ရက် ကို ပြော လိုက်ပါသည် ။

“ အေး ၊ ဟုတ်ပြီ ။ ငါ စောင့် နေမယ် ”

ကျွန်တော် လို ငွေ နှစ်ထောင် နှင့် ပြောင်းရွှေ့စရိတ် ကို အပြင်းစား ရှာ ပါသည် ။ ကာတွန်းပုံတွေ များများ ဆွဲ ပါသည် ။ မဂ္ဂဇင်းတိုက်များ သို့ စောစီးစွာ ပို့ ပါသည် ။ ပို့ သော ပုံများ ဘေးမသီ ရန်မခ စေရန် လည်း အထူး လုံ့လ ပြုရပါသည် ။ အိမ် မှာ ရှိသော မဂ္ဂဇင်း စာအုပ်များ ကို ရောင်းဖို့ ကြိုးစား ပါသည် ။ ခက်သည် က မဂ္ဂဇင်းများ ကို အဟောင်းဈေး ရောင်း သည် ထက် ပိဿာချိန် ဖြင့် ရောင်း က ပို ရသည် ကို စိတ်မကောင်းစွာ တွေ့ သိရပါသည် ။ မဂ္ဂဇင်းများ ကို ပိဿာချိန် ဖြင့် တော့ မရောင်းလိုပါ ။ အပေါင်းအသင်းများ ထံ ဆွဲဖို့ လွဲဖို့ စဉ်းစားမိပါသည် ။ သို့သော် ကျွန်တော့် သမာဓိ ကို ယုံကြည်ကြမည် မှာ သံသယ မရှိလှပါ ။ ဒါပေမဲ့ ကျွန်တော့် ဝင်ငွေ ကို တော့ ယုံကြည်ကြမည် မထင်ပါ ။ သက်ရှိ လူ နှင့် သက်မဲ့ ငွေစက္ကူ တို့ ၏ ခြားနားချက် သည် အံ့သြစရာ မဟုတ်ငြား အံ့ဩ ယူရပါသည် ။

ကျွန်တော် ညံ့ဖျင်း လှပါသည် ။

ဆရာ နှင့် ချိန်း ၍ ဆယ်ရက် ကျော် သည် ထိ ကျွန်တော့် တွင် အပို ငွေ ကျပ် တစ်ရာ ပြည့်အောင် မရှာဖွေ နိုင် သေးပါ ။

ထိုစဉ်က ဆရာ သည် ရွှေတည်ဦးရန်‌နောင် ကိုယ်တိုင် ကိုင်သော သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း တွင် အမြဲလိုလို လာ ထိုင် တတ် ပါသည် ။

ထို့ကြောင့် ဆရာ နှင့် တွေ့၍ ကျွန်တော့် အခြေအနေ ကို တင်ပြ ပြောဆိုရန် သောင်းပြောင်း တိုက် ရှိရာ ဗိုလ်ချုပ်လမ်း သို့ မကြာခဏ သွား ရောက် ပါသည် ။ သို့သော် ဆရာ့ ကို မတွေ့ရပါ ။ ဤသို့ဖြင့် ချိန်းဆို ထား သော ရက် သို့ နီး နီး လာပါသည် ။ ဆရာ သည် အင်းစိန် တွင် နေသည် က တစ်ကြောင်း ၊ ကျွန်တော့် တွင် အခြေ မလှသေး ၍ တစ်ကြောင်း ၊ ဆရာ နှင့် ရင်ဆိုင် သွား တွေ့ ရန် ကျွန်တော် သတ္တိ နည်းခဲ့ပါသည် ။ ကံအား လျော် စွာ တစ်ရက် တွင် ကဗျာဆရာ ကိုခိုင်မာ နှင့် တွေ့ သည် ။

“ ကိုခိုင်မာ ၊ ကျွန်တော် ဆရာသော်တာဆွေ နဲ့ သန်ဘက်ခါ အိမ် ကိစ္စ ချိန်း ထားတယ် ။ အဲဒါ အခက်အခဲ ရှိ နေလို့ မယူဖြစ်တဲ့ အကြောင်း သွား ပြောပေးပါဗျာ ”

“ ဟုတ်ကဲ့ ၊ သွား ပြော ပေးမယ် ”

ကိုခိုင်မာ က သူ့ ထုံးစံ လေအတိုင်း သို့ကလို သံပြတ် ဖြင့် ပြော ပါသည် ။

သို့သော် ကိုခိုင်မာ မေ့ သွား သလား ၊ အလုပ် များ နေလား မသိပါ ။ ဆရာ့ ဆီ မရောက် ဟု ထင် ပါသည် ။ နောက်ပိုင်း ပြန် ကြား ရသော စကား များ အရ -

“ မြေဇာ ချိန်း ထားတာ မလာဘူးကွာ ၊ မလာဘူး ။ ကတိ ပျက်တယ် ”

ဟူသော ဆရာ့ စကားသံ ပင် ဖြစ်ပါသည် ။

ကျွန်တော် များစွာ စိတ် မကောင်း ဖြစ် မိရပါသည် ။

အရက် သောက် ချင် တုန်း က ပန်းချီကိုဝသုန် နှင့် ကျွန်တော် နှစ်ယောက် တည်း တောင်ဥက္ကလာ က အင်းစိန် ကို တကူးတက သွားပြီး

“ ဆရာ ဆရာ့ ဆောင်းပါး ထဲ ဖတ် လိုက်ရတယ် ။ ဆရာ့ လာ ကန်တော့ တဲ့ ဝီစကီပုလင်း ခုထိ မဖောက်ဘဲ ထားတယ် ဆို လို့ ကျွန်တော် တို့ က အလှူခံ လေ ”

ထိုစဉ်က ဆရာ ၏ စာနာ အပြုံး ကို ကျွန်တော် မမေ့နိုင်ပါ ။ သို့ပါ လျက် ခု မိမိ ကတိ တစ်ခု ပေး ခဲ့သော ကိစ္စ ကို ခပ်ပေါ့ပေါ့ ပြီးစလွယ် ဖျက် လိုက်သည် မှာ မလုပ်စကောင်း သော အရာပင် ဖြစ်ပါသည် ။ မိရွယ် ဖရွယ် တစ်ဦး အနေ ဖြင့် လည်းကောင်း ၊ လေးစား တန်ဖိုး ထားသော စာရေး ဆရာကြီး တစ်ဦး အနေ ဖြင့် လည်းကောင်း ၊ ကျွန်တော် ပမာမခန့် လို ပြု ခဲ့ မိ ခြင်း အတွက် စိတ် ညစ်နွမ်းမှု ဖြစ် ရပါသည် ။ အချို့သော စာရေး ဆရာ ၊ ကဗျာဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ တို့ မှာ ဆရာ သော်တာဆွေ နှင့် ကျွန်တော် တစ်ခါ ချိန်း ၊ တစ်ခါ ကတိ ပျက် ခဲ့သော ကျွန်တော့် ကို ယခု ထိ အလျဉ်း သင့်တိုင်း ပြောကြ ဆိုကြ တုန်း ပါ ။

ထို့ကြောင့်လည်း ထို ကတိ ပျက် ကိစ္စကြီး သည် ကျွန်တော့် နောက် သို့ အရိပ်မည်းကြီး နှယ် ထက်ကြပ် လိုက် နေ ခဲ့ပါသည် ။ ယခု ထိ ထို အရိပ်မည်းကြီး ကို မဖျောက်ဖျက်ပစ်နိုင်ပါ ။ အထူးသဖြင့် ကျွန်တော် အိမ် တစ်အိမ် မှ အခြား တစ်အိမ် သို့ ပြောင်း ရန် အိမ် ရှာ လေသော အခါ ထို အရိပ်မည်းကြီး သည် ပို၍ ပို၍ ကြီး လာပါသည် ။

ဪ .. ဆရာ သော်တာဆွေ သည် ကျွန်တော့် အား စာပေပညာ အသိ တွင် သာ မဟုတ် ။ လူ တစ်ယောက် တွင် စောင့်ထိန်း အပ်သော “ ကတိ ” ဟူသော “ အသိ ” ကိုပါ မထင်မမှတ် ပေးလိုက် လေ ပြီလား ။

၃ဝ - ၁ - ၉၆

◾ကာတွန်းမြေဇာ

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

Monday, July 24, 2023

ဘရန်ဒီ တစ်ပုလင်း


 ❝ ဘရန်ဒီ တစ်ပုလင်း ❞


အရက်သေစာ နှင့် ပတ်သက်၍ ကျွန်တော့် အား စာဖတ်သူများ အပါအဝင် ပရိသတ် အပေါင်းတို့ က သိရှိ မှတ်တမ်း တင်ပြီး ဖြစ်သည် ကို ငြင်း မရတော့ပေ ။ ဤတွင် ပရိသတ် ဘက် မှ အလိုလို သိ သွားကြ သလို ကျွန်တော် ကိုယ်တိုင် က လည်း စာပေ ဆောင်းပါးများ အားဖြင့် “ ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ” လုပ် ခဲ့ မိခြင်းကြောင့် လည်း ပါဝင် ပါသည် ။ စာရေးဆရာ သည် ကိုယ့် ဘဝ ကို အရှိ အတိုင်း ဖော်ပြ ရေးသားရာ၌ လူ့စည်း ၊ ဘီလူးစည်း ဆိုတာ ထား သင့်ကြောင်း ကျွန်တော် သိ ပါသည် ။ နေရာ တကာ အမှန် အတိုင်း ရေးသင့် မသင့် ချင့်ချိန် အပ်မှန်း လည်း သဘော ပေါက် ပါသည် ။ ကျွန်တော် အရေး များ သည် မှာ အတ္ထုပ္ပတ္တိစာပေမျိုး မဟုတ်သော်လည်း ဘဝ အတွေ့အကြုံ စာပေ စာရင်းမျိုးတော့ အပါအဝင် ဖြစ်ခဲ့ လေရာ အရှိ အတိုင်း ရေးမိသားမိခြင်း သာ ဖြစ်ပါသည် ။ သည့် အတွက် လည်း အရက်သေစာ နှင့် ပတ်သက်သော စာမျိုးတွေ ရေးဖြစ် ခဲ့ရာ ကိုယ်တိုင် ထိခိုက် နစ်နာရသည်များ ရှိ သလို သောက်ဖော် သောက်ဖက်များ အတွက် ငြိစွန်း စရာများ လည်း ဖြစ်ခဲ့ သဖြင့် စိတ် မကောင်းပါ ။ မည်သို့ ပင် ရှိစေ ရေးလက်စ ရှိပြီး မှ တော့ ဆက် ရေး ရန်သာ အကြောင်း ရှိတော့ သည် ဟု ထင်ပါသည် ။ 


•••••   •••••   •••••


ယေဘုယျ အား ဖြင့် အသက် ၂ဝ ဝန်းကျင် လောက် မှာ အရက် ကို စတင် သောက်သုံး တတ် လာကြောင်း ကျွန်တော် ဝန်ခံဖူးပါသည် ။ သို့သော် နှိုက်နှိုက်ချွတ်ချွတ် ရေးရ ပါလျှင် ကျွန်တော် သည် သုမောင် မဖြစ်ခင် ပုလုကွေး ဘဝ ဗလကြီး ဘဝ ကတည်း က အရက် စ သောက်ဖူး သည် ဆိုပါအံ့ ၊ ယုံဖွယ် မရှိပေ ။ အသက် နှစ်နှစ် ၊ သုံးနှစ် အရွယ် တွင် အရက် စ သောက် ဖူးကြောင်း ကို ကျွန်တော့် မိခင် က ပြန် ပြောပြ သဖြင့် သိရှိ မှတ်သား ခဲ့ရပါသည် ။ ဤမျှ ငယ်ရွယ် သော အရွယ် တွင် အရက် ကို ကျွန်တော် ဘယ်လို လုပ် သောက် နိုင်ခဲ့ပါသနည်း ။


ကျွန်တော့် ကို မွေးသော ၁၉၅၁ ခုနှစ် တွင် ကျွန်တော့် ဖခင် စာပေ ဗိမာန်ဆု ရ ခဲ့ သဖြင့် နာမည်ကျော် စာရေးဆရာ ဖြစ်နေ ခဲ့ကြောင်း ရေးခဲ့ ဖူးပါသည် ။ တစ်ပြိုင်နက် မှာ ပင် အဖေ့ ကိုယ်ပိုင် ‘ သစ္စာ ’ မဂ္ဂဇင်း ဟူ၍ လည်း ထုတ်ဝေ နိုင်ခဲ့ပါသည် ။ ထိုအခါ အဖေ့ အိမ် မှာ စာရေးဆရာ ပေါင်းစုံ စတည်း ချ ခဲ့ကြလေသည် ။ အမေ က ကျောင်းဆရာမ မို့ တစ်နေ ကုန် အိမ် မှာ မရှိခဲ့ပါ ။ အချိန်တန်၍ ကျွန်တော် နို့ ဆာလျှင် အဖေ က သော် လည်းကောင်း ၊ အဖေ့ သူငယ်ချင်း စာရေးဆရာများ က သော် လည်းကောင်း ကျွန်တော့် ကို ချီပိုးပြီး အမေ့ကျောင်း သို့ ပို့ ပေး ရပါသည် ။ မိခင် နို့တိုက် ကျွေးရေး ။


ဆိုကြပါစို့ ရဲ့ ။ ကျွန်တော် သည် စာရေးဆရာများ လက် ပေါ် တွင် အလွှဲအပြောင်း ဖြင့် ကြီးပြင်းခဲ့ရသော စာပေ ကံကောင်းသူ ။ သို့သော် .. ထိုစဉ် က ( သူရို့ လက်ပေါ် တွင် ) ကျွန်တော် ကြီးပြင်း ခဲ့ရသော စာရေး ဆရာများ မှာ အရက်သေစာ နှစ်ခြိုက် ကြသူများ ဖြစ် နေခဲ့ ပြန်ပါသည် ။ ဥပမာ... ဦးလေးဆွေ ( ဆရာသော်တာဆွေ ) ၊ ဦးလေးစိန် ( ဆရာ တင့်တယ် ) ၊ ဦးလေးဖေ ( ဆရာ အောင်လင်း ) စသူတို့ ပင် ... ။


ဤသို့သော စာရေးဆရာကြီးများ လက်ပေါ်  နေခဲ့ ရရုံတော့ ဖြင့် အရက် သောက်တတ် သွားရော တဲ့ လား ။ မဟုတ်ပေ ။ အရွယ် က နှစ်နှစ် ၊ သုံးနှစ် သားမျှ ရှိသေးသည် ဆိုခဲ့ပြီ မဟုတ်ပါလား ။ 


အကြောင်းရင်း မှာ ကျွန်တော် သည် ငယ်စဉ် က တစ်အိမ်လုံး သာ မက တစ်ရပ်ကွက်လုံး ၏ “ အော့ကြောလန် ” လူဆိုးကလေး ဖြစ် နေခဲ့ခြင်း ပင် ။ စောစော က ပြောသော စာရေးဆရာကြီးများ ကလည်း ကျွန်တော့် ကို ချစ်ကြသည် ဆိုပေသည့် ကျွန်တော့် ဆိုးမျိုး ကို ကား ကြာတော့ ဘယ်မှာ ခံနိုင် မည်နည်း ။ အလွန် ဆော့သော ဆိုးသော ကျွန်တော့် ကို ငြိမ်ဆေး တိုက် ကျွေး ရတော့သည် ။ ယင်းကား အခြား မဟုတ်ပါ ။ ကျွန်တော် စို့ သော နို့ဘူး ထဲ အရက် အနည်းငယ် ထည့် ပြီး တိုက်ကျွေးကြခြင်း ဖြစ်တော့သည် ။ ထို ငြိမ်ဆေး ကို စတင် ဖော်ဆောင်သူ ကား ဆရာသော်တာဆွေ ပါ တဲ့ ။

 

တစ်ခါသော် ... ကျွန်တော့် မိခင်သည် သွား ကိုက်ရောဂါ ဖြစ် လေရာ ဆရာစန္ဒြ ( လက္ခဏာဗေဒင် နှင့် စာရေးဆရာ ) က ဘရန်ဒီ အရက်ကလေး ကို ဂွမ်းဖြင့် တို့ ပြီး သွား ကြား တွင် သိပ် ပေးပါက သက်သာ သည်ဟု နည်း ပေးပါ သတဲ့ ။ ထိုနည်း အတိုင်း လုပ် ကြည့်ရာ သွားကိုက် နာ သက်သာ ပါသည်တဲ့ ။ နောင်သော် ဘရန်ဒီ အမေ့ သွားနာ ကို မသက်သာစေ တော့ပါ ။ အကြောင်းကား အမေ ကျောင်း သွားနေစဉ် ထို ဘရန်ဒီပုလင်း ကို ဆရာသော်တာဆွေ က ခိုး တွယ်ပြီး ရေ ရော ရော ထား သဖြင့် အရက်ဓာတ် တွေ လျော့ပါး ကုန်ရခြင်း ကြောင့် ပါတဲ့ ။


သည် အကြောင်းတွေ နောင်အခါ ဆရာသော်တာဆွေ က ကျွန်တော့် ကို ပြန် ပြောပါသည် ။ 


•••••   •••••   •••••


ဘရန်ဒီအရက် ကို အလွန် ကြိုက်သော ‘ ဘရန်ဒီ တစ်ပုလင်း ' ဝတ္ထု ဖြင့် နာမည် ကျော်ခဲ့သော ဆရာသော်တာဆွေ ကို ကျွန်တော် က တစ်ဖန် ‘ ဘရန်ဒီ တစ်ပုလင်း ’ ဖြင့် ကန်တော့ ဖူးပါသည် ။ ကျွန်တော် အရက် ဖြတ် ထား တုန်း က ဖြစ်၏ ။ တစ်နေ့ အိမ်ရှင်း ရာမှ ဘရန်ဒီပုလင်း အသစ် တစ်လုံး ချောင်ကြား ထဲ က ထွက်ပေါ် လာပါသည် ။ အင်းစိန် ဘက် သို့ သွားစရာ ပေါ် လေရာ ထို ဘရန်ဒီပုလင်း ကို ယူခဲ့ပြီး ဆရာသော်တာဆွေ အိမ် သို့ လမ်းကြုံ ဝင်ရ ပါသည် ။ ကျွန်တော် ရောက် သွားတော့ ဆရာဆွေ မှာ အရက် ချက် ရင်း တန်းလန်း ဖြစ်ပါသည် ။ ထိုစဉ်က ဆရာ သည် အရက် ကို ကိုယ်တိုင် ချက် သောက် နေရ ရှာ၏  ။ ကျွန်တော် က ဘရန်ဒီ ပုလင်း ဖြင့် ကန်တော့ သော အခါ ဆရာသော်တာဆွေ က ‘ သာဓု ’ ခေါ် ပါ သည် ။ “ မင့် ကျေးဇူး မမေ့ပါဘူးကွာ ” ဟု လည်း ပြောပါသည် ။ နောင် အခါ ဆရာ့ဇနီး ( အန်တီမေ ) ကွယ်လွန် သွားတော့ ဆရာ သည် သူ့ သမီးကြီး နေထိုင်ရာ ပြည်ထောင်စုရိပ်သာ တိုက်ခန်း သို့ ပြောင်း သွား ပါသည် ။ ဆရာဆွေ သည် ဘယ်တုန်း က မျှ သားသမီးများ အရိပ်အာဝါသ တွင် ခိုလှုံ နေထိုင်ခဲ့ သူ မဟုတ်ချေ ။ အသက် ကြီး ပြီး စိတ်ဓာတ် ကျ လာသော ကြောင့် သာ သမီး နှင့် သမက် တိုက်ခန်း သို့ သွားရောက်ခဲ့ပုံ ရသည် ။

 

တစ်နေ့တွင် ကျွန်တော့် ထံ တယ်လီ ဖုန်း လာပါသည် ။


“ သုမောင် ရှိလား ၊ ဗလ ရှိလား ”


“ ဟုတ်ကဲ့ ... ကျွန်တော် ပါ ”


“ အေး .. ငါ သော်တာဆွေ ဆက် နေတာ ၊ မင်း အခု အရက် သောက် နေလား ”


“ ဘုန်းကြီးဝတ် က ထွက်ခါစ မို့ နားနေတယ် ဦးလေး ” 


“ ဒါဖြင့် ပြန် သောက်ရင် ငါ့ သမီး အိမ် ကို လာခဲ့စမ်း ၊ မင့် ကို အရက် တိုက်ချင်လို့ ”


“ ဟုတ်ကဲ့ ... ဦးလေး ”


“ ဟေ့ ... ခု ငါ ကြီးပွား နေတယ် ကွယ့် ၊ ငါ့ အိပ်ခန်း ပတ်ပတ်လည် မှာ နိုင်ငံခြား အရက်မျိုးစုံ ရှိတယ် ။ ငါ့ သမက် စီစဉ်ပေး ထားတာ ။ ဘရန်ဒီ ၊ ဝီစကီ အစုံပဲ ဟေ့ ၊ ဟဲ ... ဟဲ ... အဖြူ တို့ ၊ ချက်အရက် တို့ တော့ မပါဘူး ပေါ့ကွာ ၊ အဲဒါ မင့် သောက်ချင် စိတ် ပေါ်တဲ့ အချိန် လာ ခဲ့စမ်း ၊ မင့် ကို ကျေးဇူး ဆပ် ချင်လို့ ”  


တကယ်တော့ ထို အကြိမ် အရက် ဖြတ်စဉ် က ကာလ အတော် ကြာ သွားခဲ့သော ကျွန်တော့် မှာ ဦးလေးဆွေ ကွယ်လွန် ချိန် အထိ သူ့ ထံ သွား ရောက် အရက် သောက် ခြင်း မပြုနိုင်ခဲ့ပါ ။ ထိုနည်းတူ ပင် .. ။ ထူးခြားတာ က အရက် ကြိုက်သော ကျွန်တော် သည် အရက် ကို စွဲစွဲမြဲမြဲ သောက် ခဲ့ သော ဆရာသော်တာဆွေ နှင့် တစ်ခါဖူး မျှ အရက် အတူ မသောက်ခဲ့ဖူး ခြင်း ပင် ဖြစ်ပါတော့သည် ။ 


◾သုမောင်


📖 လယ်ယာစီးပွား သတင်းဂျာနယ်

      အမှတ် ၁၃၈ ၊ 

      ၇ - ၃ - ၂ဝဝ၃

      

#ကိုအောင်နိုင်ဦး


.

Sunday, June 25, 2023

ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား


 

❝ ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား ❞

မောင်ရွှေ ရေ ..

အစ်မကြီးတို့ ဇနီးမောင်နှံ ကို မင်း ကလောင် နှင့် နှိပ်စက်ခဲ့တာ တွေ များပြီကော ၊ ဒုံးပျံကြီး နှင့် လ ကို သွား ဆိုလည်း သွား လိုက်ရ ၊ ငိုချင်း ချခိုင်းလည်း အဟဲအရှိုက်တွေ နှင့် ဆွဲလိုက် ငင်လိုက် ရတာတွေ အခုတော့ မင်း ကို ကလဲ့စား ချေရတော့မယ် ။ ဘယ်လို ချေမလဲ ဆိုတော့ အစ်မကြီး ကျူးလွန်တဲ့ ပြစ်မှုကြီး တစ်ခု ထဲ မှာ မင်းလည်း အလိုတူ အလိုပါ ပါဝင် ကူညီဖို့ ဆွဲထည့် မလို့ …

အခု ကျူးလွန်မယ့် အမှု က တော့ ရှေးရှေး ကတည်း က တုတ်ထမ်း ပြောရမယ် ဆိုတဲ့ ပုဂံရာဇဝင် ကို ပုံပြင် သဘော နဲ့ ပြန် ရေး မလို့ဘဲ ။ ကျားရဲ ရာ ကြမ္မာ မရိုးသာ ဆိုသလို အလွန်အငြင်း ပွား တဲ့ တုတ်တပြက် ဓား တပြက်ထဲ လက် ဝင်လျှို ရာမှာ အစ်မကြီး လက် တစ်ချောင်း မကဘူး ၊ မင်း ရဲ့လက် တော့ အဖော် ခေါ်ရတော့မှာဘဲ ...

အခု အစ်မကြီး ၊ ရှေးခေတ် မြန်မာသူရဲကောင်းများ ဆိုတဲ့ ခေါင်းစဉ် ဖြင့် ပုဂံရာဇဝင် နောက်ခံ ထား တဲ့ ဝတ္ထု ရေးပြီး လုပ်သားအင်္ဂလိပ် သတင်းစာ မှာ တနင်္ဂနွေ နေ့ တိုင်း ပါ နေပြီ ၊ အဲဒါကို မြန်မာ လို ဖတ်ကြရ အောင် လုပ်ဦးစို့လား ...

အစ်မကြီး ရဲ့ “ ရှေးခေတ် မြန်မာသူရဲကောင်း ” များဟာ ရာဇဝင် သမိုင်း မဟုတ်ဘူး ။ ရာဇဝင်ဝတ္ထုသမိုင်း ဒဏ္ဍာရီ သာ ဖြစ်တယ် ။ အင်္ဂလိပ် စာပေ မှာ ရှိတ်စပီးယား တို့ ဆာဝါလတာ စကော့ တို့ ရေး သလိုပေါ့ကွာ ၊ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ဇာတ်ကောင် ထားပြီး ဇာတ်အိမ် ဖွဲ့တာပဲ ၊ အဖြစ် အပျက် အချက်အလက် အားလုံးဟာ တကယ် အမှန်တော့ မဟုတ်ဘူး ၊ ဒါကြောင့် ဒီ ဝတ္ထု ထဲ က အချက်အလက်တွေ ဟာ ဘယ် ကျောက်စာ မင်စာ မှာ ပါ လို့ ရေးနိုင်တာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးဖို့ မလိုဘူး …

သမိုင်း ထဲ က အချက်အလက်တွေ လည်း ဇာတ်လမ်း ထဲ ဝင် သ၍ သုံး တာပဲ ၊ တချို့လည်း ဇာတ်အိမ် နှင့် သင့်လျော်အောင် ပြင်ဆင် ချင် ပြင် သွားမှာပဲ ၊ အဲတာ က ဝတ္ထုရေးဆရာ ရရှိထားတဲ့ လိုင်စင် ၊ လွတ်လပ် မှု ပဲ သမိုင်း အချက်အလက် အတိအကျ မှန်မှန်ကန်ကန် လို ချင်ရင် သမိုင်း စာအုပ်တွေ ဖတ်ကြဖို့ပဲ ၊ သမိုင်းဝတ္ထု က တော့ မှန်ကန် တိကျတဲ့ အချက် မပေးနိုင် ပေဘူး ။ ရှိတ်စပီးယား ရေးတဲ့ သမိုင်းပြဇာတ်တွေ ကို ဖတ်ကြည့် လျှင် ယမ်းမှုန့် မပေါ်သေးတဲ့ ခေတ် မှာ စစ်ပွဲ ထဲ အမြောက်တွေ များ တောင် ပစ် လိုက် သေးတယ် ၊ ပြဇာတ် ရဲ့ အဓိက ယမ်းမှုန့် နှင့် အမြောက်အကြောင်း ရေးတာ မဟုတ်ဘူး ၊ ဖတ်တဲ့ လူတွေ က လည်း အဲဒီ ခေတ် က ဒါတွေ မရှိမှန်း သိပြီးသားပဲ ၊ ဖတ်လို့ ကောင်းဖို့ လူ့ စိတ် ထဲ မှာ စွဲပြီး အဲဒီ တုန်း က ဘုရင် က ဘယ်လို သဘော ရှိတယ် တိုင်းသူပြည်သား က ဘယ်လို နေတယ် ဆိုတာ တွေ အချင်းချင်း ပဋိပက္ခမှုတွေ ရဲ့ သဘောတရား ကို စာဖတ်သူ သဘော ပေါက်ဖို့ က သာလျှင် အဓိကပဲ ...

အင်္ဂလိပ် စာဆိုကျော် ‘ ဂျွန်းကိ  ’ ( John Keats ) ရေး တဲ့ စာပေ အရသာ ပီတိ အကြောင်း ကို ဖွဲ့တဲ့ ကဗျာစာ တစ်ပုဒ် ထဲ မှာ ဟိုးမား ရေး တဲ့ ဣလိယပျို့ကို ဖတ်တဲ့ အခါ မှာ သူ့ စိတ် ထဲ မှာ “ ကော်တေး ” ( Cortez ) ( ကမ္ဘာကျော် ခရီးသည်ကြီး ) ပစိဖိတ် သမုဒ္ဒရာကြီး ကို ပထမ အကြိမ် မြင်ရ တဲ့ အခါ မှာ ငေးပြီး … အံ့သြ သလိုပဲ လို့ ရေးခဲ့တယ် ၊ ဂျွန်းကိ ရေး လို တာ က မတွေ့ မကြုံစဖူး ထူးဆန်းတဲ့ အရာ ကို ပထမဆုံး အကြိမ် မြင်ရတဲ့ အခါ မှာ ခံစားရတဲ့ ပီတိ ကို ရည်ညွှန်းခြင်း သာ ဖြစ်တယ် ။ ပစိဖိတ် သမုဒ္ဒရာကြီး ကို ဘယ်သူ ပဲ ပထမ အကြိမ် တွေ့ သည်ဖြစ်စေ အရေး မကြီး ဘူး ၊ အဲဒါကြောင့် တချို့ ဝေဖန်ရေးသမားတွေ က ပစိဖိတ်သမုဒ္ဒရာ ကို ( Cortez ) ကော်တေး တွေ့တာ မဟုတ်ဘူး ၊ အချက်အလက် မှားတယ် လို့ ပြောကြ ရေးကြ တယ် ...

ဒီတော့ တခြား စာဆိုသူ တွေ က “ ပစိဖိတ်သမုဒ္ဒရာကြီး ဘယ်သူ ပထမ တွေ့တာလဲ ဆိုတာ သိချင်ရင် သမိုင်း စာအုပ်တွေ ဖတ် ဂျွန်းကိ ရေး တဲ့ ကဗျာ မဖတ်နှင့် ” လို့ ပြောကြ သတဲ့ ...

အစ်မကြီး လည်း အခု ရေးတာ က ဝတ္ထုပုံပြင် ရေးတာ ၊ ဒီတော့ ကျန်စစ်သား ဟာ အနော်ရထာ ရဲ့ သား ဟုတ် မဟုတ် ကို ဆွေးနွေး ငြင်းခုံ ဖို့ မလိုပါဘူး ၊ သား အဖ တော်သည် ဖြစ်စေ ၊ မတော်သည် ဖြစ်စေ ၊ မြန်မာ ပြည်ကြီး ကို တစ်စုတစ်စည်း တည်း စုရုံးရာ မှာ အနော်ရထာ နှင့် ကျန်စစ်သား ဟာ အတူတကွ လုပ်ကိုင် ခဲ့ကြတယ် ဆိုတဲ့ အချက် ကို သာ ဦးတည် ပြီး ရေးခဲ့တယ် ...

အစ်မကြီး ဘာလို့ ဒီ ... ပုဂံရာဇဝင် နောက်ခံ ထားတဲ့ ဝတ္ထု ရေးရ သလဲ ဆိုတာ တော့ ပြောပြ ချင်တယ် ၊ အစ်မကြီး ဟာ ပုဂံ ၊ ညောင်ဦးဘုရား တွေ ကို ငယ်ငယ် ကတည်း က ရောက်ဖူးခဲ့တယ် ၊ အစ်မကြီး ရဲ့ အဘိုး မန္တလေး - မြန်မာပညာရှိ ဦးဘေ က ကျောက်စာဌာန မှာ မစ္စတာ တော်စိန်ခို တို့ နှင့် အမှုထမ်း နေသူ ဖြစ်တယ် ၊ မကြာမကြာ ပုဂံ ၊ ညောင်ဦး ကို ကျောက်စာ ကူးဖို့ သွားရမယ် ၊ အစ်မကြီး က လည်း ၁၁ နှစ် အရွယ် လောက် လိုက် သွားလေ့ ရှိတယ် ...

အဲဒီ ကတည်း က အစ်မကြီး ပုဂံမြို့ နှင့် အုပ်စိုးခဲ့သူ နေထိုင်ခဲ့ သူတွေ ကို ချစ်ခင် စိတ်ဝင်စားခဲ့တယ် ၊ နေပူပူ ခြောက်သွေ့ သွေ့ ထဲ မှာ ပလိပ်ဆူး တွေ ကလည်း စူးပါဘိသနဲ့ ဘဘကြီး နောက် က လိုက် သွားရင်း ဘဘ ကြီး ပြောတာတွေ နားထောင် ရတာ က နေပူ တာတွေ ဆူး စူး တာတွေ မေ့ တာပဲ ၊ ခုလို အုတ်ကျိုးအုတ်ပဲ့တွေ ချုံပိတ်ပေါင်းတွေ နှင့် နေတဲ့ နေရာတွေ ဟာ ရှေး က ဆင်မြင်းရထား မင်း ၊ သူဌေး ၊ သူကြွယ် ၊ အမှုထမ်းတွေ နှင့် ကြက်ပျံ မကျ စည်ကားခဲ့တာ ပါလား ဆိုတာ တွေ ပဲ မျက်စိ ထဲ မြင်ယောင် လာတယ် ၊ အနော်ရထာ ကျန်စစ်သား ဆိုတာတွေ ဟာ စာမေးပွဲ နား နီး ရင် ဖြဲချောက်တဲ့ ပုံနှိပ်စာလုံးတွေ မဟုတ်ဘူး ၊ တကယ့် လူတွေ လို အသက်ရှင် လာတယ် ၊ တစ်ခါက ဘဘကြီး ပြောတာ မှတ်မိသေးတယ် ၊ “ အနော်ရထာ က ကာလသား ရှင်ဘုရင် ကွဲ့ မနားမနေ လျှောက် သွား နေတာ ဒီတော့ တိုင်းပြည် ချောင်ကြို ချောင်ကြား ဘာဖြစ်ဖြစ် သူ သိတယ် ... တဲ့ ”

ဒီလို ပြော လိုက်တော့ အစ်မကြီး ရဲ့ စိတ် ထဲ မှာ အနော်ရထာ ဟာ ကိုယ် နှင့် သိတဲ့ လူ တစ်ယောက် ဖြစ် သွားတာပေါ့ ပြီးတော့ သူ့ လက်ရာ ခြေရာတွေ ကို လည်း မျက်စိ နှင့် တပ်အပ် မြင် ရတော့ ပိုပြီး သဘောကျ လာ တယ် ……

ငယ်ငယ် က ဘဘကြီး နှင့် ပုဂံ ၊ ညောင်ဦး ကို လှည့်လည်ရင်း အစ်မကြီး ရဲ့ မျိုးချစ်စိတ် ကို ထူထောင် ခဲ့ရတယ် ၊ ဥပမာ အာနန္ဒာဘုရား ပြင် ဘက် ၅၅ဝ နိပါတ်တော်တွေ ထု ထားတဲ့ ကျောက်ခွက်ရုပ်တွေ ပေါ် မှာ ကိုင် ထားတဲ့ စဉ့် ကို ဘဘကြီး က ပြ ပြီး “ ကြည့်စမ်း - ငါ့မြေး - ဒီ စဉ့်မျိုး ဘယ်မှာ တွေ့ဖူးသလဲ ” လို့ မေးတယ် ၊ အစ်မကြီး ကလည်း သေသေ ချာချာ ကြည့်ပြီး အံ့သြတကြီး ပဲ “ ဟင် ... အိမ် က ကျွန်မတို့ လက်ဖက်ရည် အိုး က စဉ့်မျိုးပါလား - ရိုးတိုက် က ဝယ် တဲ့ အိုးလေ ... အဲဒါမျိုး ဈေး ထဲ မှာ တောင် မရောင်းဘူး ။ အဖိုး လည်း အများကြီး ပေး ရတယ် ...” လို့ ပြော လိုက်တယ် ၊ ဒီတော့ ဘဘကြီး က “ ဒါပေါ့ ငါ့မြေး ရဲ့ စဉ့် အကောင်းစား ပေါ့ ၊ အခု နိုင်ငံခြား က လုပ်တဲ့ လက်ဖက်ရည်အိုး အဖိုးတန်တွေ ပေါ် မှာ တွေ့ ရတဲ့ အစားမျိုး ... ဟိုတုန်းက တို့ လူမျိုးတွေ လုပ်တတ်တယ် ကွဲ့  ….”

အဲသလို ရှေးဟောင်း မြန်မာ့ လက်ရာ ယဉ်ကျေးမှုတွေ ကို ဂုဏ်ယူ တတ်အောင် ဘဘကြီး က သင်ပေး ခဲ့တယ် ကွဲ့ ။ အစ်မကြီး လည်း အဲဒီ ကတည်း က ပုဂံ ၊ ညောင်ဦး ၊ ပုပ္ပါး အရပ်တွေ ကို စွဲလမ်းခဲ့တယ် ၊ အဲ့ဒီမှာ နေခဲ့ အုပ်စိုးခဲ့ တိုက်ခိုက်ခဲ့ တဲ့ လူတွေ ကို အမြဲ အောက်မေ့ သတိ ရ တယ် ။ ဒါကြောင့် အခါအခွင့် ရတိုင်းပဲ အဲဒီ အရပ်တွေ ကို ပြန် သွား ခဲ့တယ် ၊ အဲဒီ ဒေသ မှာ နေခဲ့ဖူးတဲ့ လူတွေ လွန်လေပြီး သော်လည်း သူတို့ နာမည်တွေ ဟာ အသက် ရှင်လျက်ပဲ အဲဒီ လူတွေ ကို ဇာတ်ကွက် ဇာတ် အိမ် နှင့် ပြန် စုရုံး ချင်တယ် ၊ အဲဒီ စိတ်ကူး ဟာ အစ်မကြီး ရဲ့ အသည်း နှလုံး ထဲ မှာ ခိုအောင်း လာ ခဲ့တာ အခု ဆိုရင် နှစ်ပေါင်း ၄ဝ ရှိ ခဲ့ပြီ ။ အခုမှ အဲဒီ စိတ်ကူး ကို အကောင်အထည် ဖော် နိုင်ပြီ လေ ။ အဲသလို အကောင်အထည် ဖော်ရာ မှာ အစ်မကြီး သရုပ်ဆောင် မည့် အချက်တွေ က တော့ ...

၁ ။ ၁ဝ၄၄ နှစ် ၊ အနော်ရထာ နန်း တက်သည့် နှစ်မှ စ၍ နတ်ရွာစံ ၊ ၁ဝ၇၇ အထိ ၃၃ နှစ် အချိန်ကာလ သည် ၊ ခေတ်ပြောင်း တော်လှန်ရေး ကာလ ဖြစ်သည် ။ နတ် − နဂါး ကိုးကွယ်ခြင်း ၊ ဂါထာမန္တန်များ ကို အသား ပေးသည် ။ တန်တရစ် ဗုဒ္ဓဘာသာ အယူ ယူ ကြခြင်း အစ ရှိသည့် အကွဲကွဲ အပြားပြား ဝါဒများ ကို ၊ ထေရ်ရဝါဒ ဗုဒ္ဓဘာသာ တစ်ခု တည်း အောက် တွင် စုရုံး သည့် ခေတ် ဖြစ်သည် ။

၂ ။ နိုင်ငံတော် နယ်နိမိတ် သတ်မှတ်ခြင်း ၊ လူမျိုးစုများ စည်းရုံး ခြင်း ၊ အဲဒီ အချက်တွေ သရုပ်ဖော် ရာ မှာ ပါးစပ်ရာဇဝင် ဆိုတဲ့ ပုံ ဒဏ္ဍာရီတွေ ကို အသုံးချတယ် ။ တကယ် ဆိုတော့ ညောင်ဦးဖီး ၊ ငလုံးလက်ဖယ် ၊ ငထွေရူး ဆိုတဲ့ လူတွေ ဘယ် ကျောက်စာ မင်စာ မှာ ပါ လိမ့် မလဲ ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် ၊ မယ်ရွှေဥ ၊ မောင်ရင်မောင် ၊ စောမွန်လှ ၊ ဒီ လူတွေ ဟာ လည်း ဒဏ္ဍာရီ ထဲ က ဇာတ်ကောင် တွေ ပဲ ။ သမိုင်း စကား သန့်သန့် ပြောကြစို့ ဆိုရင် သူတို့ ဘယ်ထဲ မှ မဝင်ဘူး ။ အစ်မကြီး ယူဆ တာ ကတော့ သမိုင်း ထဲ ဝင် ချင် ဝင် မဝင်ချင် နေ ၊ လူတွေ ရဲ့ အသည်းနှလုံး ထဲ မှာ တော့ ဝင် နေ လို့ပဲ ။ ပါးစပ်ပုံပြင်တွေ ဇာတ်တွေ သီချင်းတွေ မှာ ဆိုရင် ဒီ နာမည် တွေ ချည်းပဲ မဟုတ်လား ။ ဒီ နာမည်တွေ အကြောင်း ပြုပြီး လူတွေ ပုဂံရာဇဝင် ကို သိ နေ ကြ တာပဲ ။

အစ်မကြီး အဲဒီ လူတွေ ကို ပြန် အသက် သွင်းမယ် ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် တို့ရဲ့ ဇာတ်လမ်း ကို ပြန် ဖော်မယ် ။ မဖြစ်နိုင်တဲ့ အယူ သီးမှု ၊ နတ်ကိုးကွယ်မှုတွေ ပါ နေတာ ကို ဘယ်လို လုပ်မလဲ ။ အခု ခေတ် နှင့် ညီ ပါ့မလား မေးစရာ ရှိတယ် ။ အဲဒီ ခေတ် က ကာယသိဒ္ဓိ အစ ရှိတာတွေ ကို ယုံကြည် ကြတယ် ။ လူ သေရင် နတ် ဖြစ်မယ် ဆိုပြီး ကိုးကွယ် ကြတယ် ။ အဲဒီ အချက် ကို ‘ နေမြဲ ’ ထား ရ မှာပေါ့ ။ ဒီ အယူအဆတွေ ရှိခဲ့တယ် ဆိုတာ ကို ဖုံးလို့ လည်း မရ ကွယ်ဖို့ လည်းမလို “ သူ့ အတိုင်း ထားရမှာပဲ ” နတ် ကိုးကွယ်မှု ၊ အယူသီးမှု နှင့် ပတ်သက်ပြီး တစ်ခု သတိ ပြု ရ မှာက လူ့ သဘာဝ ရဲ့ တောင့်တ လိုလားမှု ထဲ မှာ ကိုးကွယ် အားထားချင် တာရယ် ၊ အဲ ကိုယ့် စိတ် ကို အဆောင်အယောင် အခမ်းအနား တစ်ခု ခု နှင့် ဖြေသိမ့် ချင် တာရယ် ရှိတယ် ။ အဲဒီ လိုလားမှု ဟာ လူ့ သဘာဝပဲ ။ ဘယ် ခေတ် ဘယ် အခါ မဆို ရှိတာပဲ ။

နေရေး ထိုင်ရေး အကာအကွယ် မရှိ မယဉ်ကျေး သေး တဲ့ ခေတ် မှာ မိုးနတ် တိမ်နတ် အစ ရှိတဲ့ နတ်တွေ ကို အားကိုး ၊ ကိုးကွယ် ကြတာ ဓမ္မတာ ပဲ ။ အခု ခေတ် ကျ မှ ပြန် နှာခေါင်း ရှုံ့ စရာ မလိုဘူး ။ ကိုယ် လည်း အဲဒီ အထဲ က တက် လာတာ ပဲဆိုတာ သတိ ပြု ရမယ် ။

ကိုယ် ရင် ကတ္တရာစေး လမ်း ပေါ် လျှောက် အုတ်တိုက် ထဲ နေ ခလုတ် နှိပ် မီး ပွင့် တဲ့ ပတ်ဝန်းကျင် မှာ နေ ပြီး လယ် ထဲ ဝင်ခါနီး နတ် တင် တာ တို့ မိုး ထဲ လေ ထဲ လှေ ထွက် ခါနီး နတ် ပသ တာ ကို မကဲ့ရဲ့ကြ နှင့်ဦး ပေါ့ ။ မှောင်မှောင်မည်းမည်း ကန်သင်းရိုး မြက်တော ထဲ ဝင် ရမယ့် လူ ကို လည်း ကိုယ်ချင်း စာ ကြဦး ။ ကိုယ် က ဖြင့် ရေ ခြေမျက်စိ မြုပ်အောင် မဆင်းဘဲ ရေ ထဲ လှိုင်း ထဲ သွား ရမယ့် လှေသမား အဖြစ် ကို လည်း နားလည် ဖို့ လိုတယ် ။ ကိုယ် အထက် စီး နှင့် “ အလကား အယူသီးတဲ့ လူတွေပဲ …” လို့ မဲ့ရွဲ့ နေတာ နှင့် အကျိုး မပြီးဘူး ။ ဒီ လူတွေ က အယူသီး မှုတွေ စွန့် မှာ မဟုတ်ဘူး ၊ ကိုယ် အမြင် ကျဉ်း မျှသာပဲ ဖြစ်တယ် ။

အစ်မကြီး ရေးတဲ့ ဝတ္ထု မှာ အနော်ရထာ နှင့် ကျန်စစ်သား တို့ အဲဒီ အယူအဆတွေ ဘယ်လို “ ကိုင် ” တယ် ဆိုတာ သရုပ်ဖော် ထားတယ် ။ ပြီးတော့ ရှိသေးတယ် လူ ဆိုတာ က ကိုယ့် စိတ်ကို အဆောင်အယောင် အခမ်းအနား နှင့် ဖြေသိမ့် ရ မှ ကျေနပ်တယ် ။ နတ်ပွဲ ဆိုတာ လည်း အဲဒီ လိုလားချက် ကို ဖြည့်စွမ်း တဲ့ အလုပ် တစ်ခု ပဲ ။ ဆိုင်း နှင့် ဝိုင်း နှင့် အဆိုအက အစားအသောက် နှင့် စည်စည်ကားကား လုပ်ချင် ကြတယ် ။ ( ဥပမာ ) ပန်းပဲမောင်တင့်တယ် နတ် ဆိုပါတော့ ၊ လူတွေ ဟာ သူရဲကောင်း ကို အမှတ်တရ လုပ်ကြတာပေါ့ကွာ ။ နောင် နှစ်ပေါင်း ၉ဝဝ - ၁ဝဝဝ လောက် ကြာ ရင်တောင် လူတွေ က နှစ်ဆယ် ရာစုနှစ် လောက် က လူတွေ တော်တော် အူ တာပဲ ။ အလံ တစ်ဝက် ထူ ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးတွေ အလေးပြု ဆိုပြီး ( LastPost. ) ဘင်ခရာတွေ တီး သတဲ့ ။ အတော် အယူ သီး တဲ့ လူတွေ ပဲလို့ ပြောကြလေဦး မှာ ပေါ့ ။ ပြီးတော့ ဗမာပြည် လွတ်လပ်ရေး ရ တာလဲ ၊ အလံ လွှင့် ကမ္ဘာမကျေ တီး လူတွေ က အလေးပြု ဒါ လုပ်မှ ပဲ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်တော့ မှာလား ။ “ ဒါတွေ လိုသလား ” အဲသလို ပြန် စဉ်းစား မှ ရှေးခေတ် က အယူအဆ နတ်ကိုးကွယ် တယ် ဆိုတာတွေ လည်း သူ့ ခေတ် နှင့် သူ့ အခါ လုပ်ကြတဲ့ ထုံးစံတွေ ပဲ လို့ မြင်လာ နိုင်မယ် ။ အဲသလို မြင် လာပြီး မှ ဝေဖန်ဖို့ ၊ ပယ်တန် တာ ပယ်ဖို့ ၊ ပြင်တန် တာ ပြင် ကြဖို့ ပေါ့ ။

အစ်မကြီး ရဲ့ ဝတ္ထု ထဲ မှာ တိုင်းပြည် ထူထောင် ရာ မှာ ဘုရင် နှင့် အရပ်သား ၊ ခေါင်းဆောင် နှင့် နောက်လိုက် ၊ ကိုယ့် တာဝန် နှင့် ကိုယ် ၊ ထောင့်စေ့ အောင် လုပ်ကိုင်ပုံ ကို သရုပ်ဖော် ထားတယ် ။ အနော်ရထာမင်း ဘုန်း ကြီး လို့ သိကြားမင်း က နတ်မြင်းပျံဆက် တာ အရိန္ဒမာလှံ ဆက် တယ် ဆိုပြီး ဘုန်းတန်ခိုး အသား ပေးတဲ့ အရေးအသား လည်း သူ့ ခေတ် နှင့် သူ ရှိခဲ့တာပေါ့ ။ စောမွန်လှ နှင့် အနော်ရထာ ဇာတ်လမ်း ဟာ လည်း ဘယ် ကျောက်စာ မင်စာ အထောက်အထား မှ အခု ထိ မတွေ့ ရ သေးဘူး ။ ဒါပေမဲ့ လူတွေ ရဲ့ နှလုံးသည်းပွတ် ထဲ မှာတော့ စွဲ နေတာပဲ ။ အဲဒီ ဇာတ် လမ်း ကို လည်း ပြန် အသက် သွင်း တဲ့ အခါ မှာ လူမျိုးစု စိတ်ဓာတ် ခိုင်မာမှု ဆိုတဲ့ ဘောင် ခတ်ပြီး လူမျိုးစု စိတ်ဝမ်း ကွဲ စေတဲ့ စကား အသုံးအနှုန်း နှင့် အကွက်များ ကို ပယ်ရှား ရလိမ့်မယ် ။

စောမွန်လှ ကို ဇာတ် ထဲ ကပြ ကြ သလို လွမ်း ရင် ပြီးရော ဆိုပြီး တစ်ဖက်သတ် နှိပ်စက်ခံ ဇာတ်ကောင် မဟုတ်ဘူး ။ အနော်ရထာ ရဲ့ ဘဝ လုပ်ငန်းစဉ်မှာ တစ်တပ် တစ်အား ပါဝင်ရတဲ့ ပါရမီ ဖြည့်ဘက် တစ်ဦး အဖြစ် သရုပ်ဖော် ရ လိမ့်မယ် ။

အနော်ရထာ တိုင်းပြည် နှင့် လူမျိုး ကို သံယောဇဉ် ကြီး သလို စောမွန်လှ ရဲ့ မေတ္တာ ကလည်း အနော်ရထာ ကို နှောင်ဖွဲ့ပြီး သာမန် တဏှာပေမ အချစ် မျိုး မဟုတ်ဘဲ မြင့်မြတ်တဲ့ မေတ္တာမျိုး ဖြစ်ရမယ် ။

အစ်မကြီး လည်း အခု မျက်မှောက် ခေတ် အမြင် နှင့် ပြန် ရေးမှာပဲ ။ အရေး ကြီး တဲ့ သမိုင်းအချက်တွေ ဘောင်ခတ် ထားတယ် ။ အဲဒီ ဘောင် ကို မကျော် ဘဲ အတွင်းသား ကို အစ်မကြီး စိတ်ကူး နှင့် ခြယ်လှယ် သွား တာပဲ သမိုင်း အချက် က အရိုး ပဲ အစ်မကြီး က အသား ထည့် ပေးတာပဲ ။

သမိုင်း အချက်အလက်တွေ နှင့် ပတ်သက် လို့ တော့ ဒေါက်တာ သန်းထွန်း ရေး တဲ့ ( The Story of Burma. ) အင်္ဂလိပ်လုပ်သား သတင်း စာ တနင်္ဂနွေ နေ့ တိုင်း ပါခဲ့တဲ့ အထဲ က အများကြီး အထောက်အထား ရ တယ် ။ ပြီးတော့လည်း သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင် ဆီ ကို လည်း သွားပြီး ကိုယ် လိုချင်တဲ့ အချက်တွေ သွား မေးရတယ် ။ အမေး နွားကျောင်း ၊ အဖြေ ဘုရားလောင်း ဆို သလို အစ်မကြီး မေး တာက တစ်ခွန်း သူတို့ မှာ တော့ စာအုပ်ကြီးငယ် အကိုးအကား နှင့် ရှာ ပြော ရ တာပေါ့ ။

အစ်မကြီး ဒီ ဝတ္ထု ရေး ကတည်း က လူကြီးတွေ လည်း အကောင်း မနေရ ရှာပါဘူး ။ ဖိုင်တွဲတွေ ကို အရူးလွယ်အိတ် ထဲ ထည့် လွယ်ပြီး သူတို့ ဆီ သွား မေးမြန်း စကားများ ပေါ့ ၊ ဆရာ ဇော်ဂျီ တို့ ၊ ဆရာမင်းသုဝဏ် ၊ ဆရာဦးခင်ဇော် တို့ တစ်တွေ တော့ အစ်မကြီး မေးမြန်း နှိပ်စက် တာတွေ ခံနေကြ ရတာပဲ ။ အစ်မကြီး လုပ်ပုံက ဆရာကြီးတွေ အမြတ်တနိုး ထား တဲ့ ပုဂံရာဇဝင် စာအုပ်ကြီး ကို စင်ပေါ်  က ချပြီး လက်ဆော့ ဆေးရောင်စုံ ဆိုး နေတဲ့ ကလေး လိုပေါ့ ။ လူကြီးတွေ က လည်း ရင်တမမ နှင့် ပဲ အလို လိုက် ကြည့် နေရှာကြပုံရတာပဲ ။

◾ခင်မျိုးချစ်

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.