Friday, May 26, 2023

တောက်


 

❝ တောက် ❞

ကျွန်တော် ၏ အဖေ သည် ဗေဒင်လက္ခဏာ ကို ယုံကြည်သူ လည်း မဟုတ် ။

ပညာရပ် တစ်ဆူ အနေ နှင့် လေးစား သော်လည်း သည် ပညာရပ် သည် သူ နှင့် ဘာမှ မဆိုင် သလိုပင် နေ တတ်၏ ။

အဖေ သည် သူ့ ဘဝ ကို သူ့ ဘာသာ ဖန်တီးချင် လွန်း အားကြီးတတ် သူ သာ ဖြစ်လေသည် ။

   •••••   •••••   •••••

ကျွန်တော်တို့ ငယ်စဉ် က အဖေ သည် ရုပ်ရှင်ဒါရိုတ်တာ လည်း မဖြစ်သေး ချေ ။ စာရေးဆရာ ၊ စာပုံနှိပ်သူ သာ ဖြစ်လေသည် ။

ထို့နောက် တစ်ဖန် “ ပဒေသာမဂ္ဂဇင်း ” ကို သူ့ ရှေ့ မှ စာရေး ဆရာများ ရေးဖော်ရေးဖက်များ ၊ သူ့ နောက်ပေါက် စာရေးဆရာများ နှင့် ပူးပေါင်း ၍ ထုတ်ဝေ ခဲ့ ပါသည် ။ အယ်ဒီတာ အနေ နှင့် လည်း တစ်ယောက် တစ်လှည့် ‘ စုပေါင်းညီညာ အောင်ကြောင်းဖြာ ’ သဘော ။

“ သိပ် ပျော်စရာ ကောင်းတဲ့ အလုပ် ပေါ့ သား ရယ် ၊ တစ်ယောက် နဲ့ တစ်ယောက် ပြောမနာ ၊ ဆိုမနာ နဲ့ ။ တစ်ယောက် မှာ မရှိရင် တစ်ယောက် ကူညီနဲ့ ၊ ပြောရဦးမယ် ။ ကိုတင့်တယ် ဆိုရင် အိမ်နောက်ဖေး ဝင် ၊ မီးဖိုချောင် ရှိသမျှ သူ့ လက်ချက် နဲ့ ကုန် တာပဲ ။ အဲ ... ကိုသော်တာဆွေ ကတော့ တစ်မျိုး ၊ သား ရဲ့ အမေ က သွား ကိုက် တတ် လို့ ဘီဟိုက် ဘရန်ဒီ အသေး တစ်လုံး ဝယ် ထားတယ် ၊ ဝါးတံကလေး တစ်ချောင်း မှာ ဂွမ်းစ ပတ်ပြီး အဲဒီ ဘရမ်ဒီကလေး ဆွတ် လိုက် ၊ သွား ကိုက် လာ တိုင်း သွားကြား ထဲ တို့ လိုက်ရင် သွားကိုက် ပျောက်ပျောက် သွားတတ်တယ် ၊ အဲ ... နောက်ပိုင်း ရက်တွေ ကျ တော့ အဲဒီ ဘရန်ဒီ နဲ့ တို့တာ မပျောက်တော့ဘူး ”

“ ဘာဖြစ်လို့လဲ မေမေ ”

“ ဘာဖြစ်ရမှာလဲ ၊ နင့် ဦးလေး ကိုသော်တာဆွေ က အဲဒီ အရက် တွေ ခိုး ခိုးသောက်ပြီး ရေနွေးကြမ်းတွေ ရော ရော ထား တာကိုး ”

ကျွန်တော့် အမေ ကလည်း အဖေ နှင့် အတူ နေခဲ့ရစဉ် ကျွန်တော်တို့ ငယ်ဘဝ ၊ သူတို့ အရွယ်အလှ အကြောင်းများ ကို အချိန် ရလျှင် ရ သလို ပြောပြ တတ် လေ၏ ။

“ သခင်တင်ဦး ကတော့ ရယ် လည်း ရယ်ရပါရဲ့ ၊ အမေ မွေးခဲ့တဲ့ မင်းတို့ သား ခုနစ်ယောက် စလုံး ကို မီးနေ စောင့် တာဝန် ယူ တယ်လေ ၊ မင်း အဖေ က အမြဲ အလုပ် များ နေတာကိုး ”

“ အောင်လင်း က တော့ တစ်မျိုး ”

အမေ သည် စာရေးဆရာ ဦးအောင်လင်း ကို အောင်လင်း ဟူ၍ ပင် ခေါ်ဝေါ်သုံးစွဲ လေသည် ။ အဘယ်ကြောင့် ဆိုသော် ဆရာ အောင်လင်း သည် အဖေ တို့ ၊ အမေ တို့ ထက် အသက် ဆယ်နှစ် ခန့် မျှ ငယ်သော ကြောင့် ဖြစ် လေသည် ။

ဆရာအောင်လင်း သည် ကျွန်တော် ယခု ပြောပြ နေသော အချိန် ကာလ ( ကျွန်တော် ပေါက်စန အရွယ် ၊ သူ လည်း စာရေးဆရာ ပေါက်စန အရွယ် ) က ရန်ကုန်တက္ကသိုလ် တွင် အိုင်အေတန်း တွင် ပညာ သင် နေဆဲ အဆောင် ကျောင်းသား ဖြစ်၏ ။ သူ့ ဖခင် သည် တစ်နယ် တစ်ကျေး မှ ရဲအရာရှိကြီး တစ်ဦး ဖြစ်သည် ။

ဆရာအောင်လင်း သည် အိုင်အေတန်း အဆောင် ကျောင်းသား ဖြစ်သည် ဆိုသော်လည်း ' စင်ရော် ' ဟူသော ဝတ္ထု ဖြင့် ကျွန်တော့် အဖေ ၏ ပဒေသာမဂ္ဂဇင်း တွင် လူသိများ ကျော်ကြား ခဲ့ လေရာ မဂ္ဂဇင်း ပင်တိုင် စာရေးဆရာ ကဲ့သို့ ဖြစ်လာပြီး တက္ကသိုလ် ကျောင်းအိပ် ကျောင်းစား ဘဝ မှ မဂ္ဂဇင်း ကျောင်းအိပ် ကျောင်းစား ဘဝ အဖြစ် ရပ်တည်ခဲ့ လေသည် ။

အဆောင် မှာ နေသည် ဟူ၍ မရှိဘဲ အဖေ့ မဂ္ဂဇင်းတိုက် မှာ ပင် ဖြစ်သလို အိပ် ၊ ဖြစ်သလို စား ခဲ့သူ ဖြစ်၏ ။

“ ကိုသာဓု ကျွန်တော့် သား ကို ရိုက်နှက် ပြီး တော့ လည်း ဆုံးမ နိုင် ပါတယ် ဗျာ ။ ကျွန်တော် လည်း အမြင် မတော်ရင် ရိုက် တာပဲ ၊ ဒီကောင့် ကို ” ဟု ဆရာအောင်လင်း ၏ အဖေ  က ကျွန်တော့် အဖေ အား အပ်နှံဖူးသည် ဆို၏ ။

ဒါနှင့် ပတ်သတ်၍ ကတော့ ဟုတ်လိမ့်မည် ဟု ကျွန်တော် ယုံကြည်ပါသည် ။ အဘယ်ကြောင့် ဆိုသော် -

ကျွန်တော် အသက် နှစ်ဆယ် ပတ်ဝန်းကျင် စာရူးပေရူးကလေး ဘဝ သို့ ရောက်သည့် အခိုတ် ဆရာအောင်လင်း နေထိုင်ရာ ရန်ကုန်မြို့ ၊ ဖဆပလ တိုက်ခန်း သို့ ရောက်ခဲ့သည် ။ ထိုစဉ် က ဆရာ အောင်လင်း သည် အသက် လေးဆယ် ကျော် ၊ သူ့ အိမ် ကျွန်တော် ရောက်ချိန် တွင် အသက် လေးဆယ် ကျော် အရွယ် ၊ နိုင်ငံကျော် စာရေးဆရာကြီး ဦးအောင်လင်း အား အသက် ခြောက်ဆယ်ကျော် အရွယ် သူ့ ဖခင် ပင်စင်စား ရဲအရာရှိကြီး က ကြက်မွေး တုတ် တစ်ချောင်း ဖြင့် ကောင်းကောင်းကြီး တွယ် နေ သည် ကို ကျွန်တော့် မျက်မြင် ကိုယ်တွေ့ ကြုံဖူး ပါသည် ။

“ ဒီမှာ ဗျ ၊ အဖေတို့ ခေတ် က လို ပုလိပ်တွေ က အနုပညာ သမားတွေ ကို နှိပ်စက်တဲ့ အကျင့်ကြီး ခုထိ စွဲ မထားပါနဲ့ ။ အခု ပြည်သူ့ရဲ ခေတ် ဗျ ”

ဟူ၍ အော်ဟစ် ရင်း ဆရာအောင်လင်း သည် ခေါင်းအုံး တစ်လုံး ကို အကာအကွယ် ပြု ၍ ခုတင်ထောင့်ကွေး နံရံ တွင် တွယ်ကပ် နေရာ သူ ၏ အရပ် သည် ပုသည် ထက် ပု သွား သယောင် ထင်ရ၏ ။

ကျွန်တော် ရောက် နေမှန်း သိတော့ မှ သူ့ ဖခင်ကြီး မှာ ဟောဟဲ လိုက် ရင်း က အရိုက်အနှက် ရပ်လေ၏ ။

“ ဘာ ဖြစ်တာလဲ အစ်ကို ရ ”

“ အလကားပါ ကွာ ၊ ငါ့ ကို တစ်နေ့ ရမ် တစ်လုံး ပဲ သောက် ရမယ် ပြော ထားတာ ၊ ဒီနေ့ ငါ ဆော်တာ ရမ် တစ်လုံးခွဲ ဖြစ်သွား လို့ တဲ့ ”

( မှတ်ချက် ။  ။ ယခုအခါ ဆရာအောင်လင်း သည် အရက် ပြတ် လျက် တရားဓမ္မဘက် လိုက်စား ကာ ကျမ်းစာအုပ်များ ပြုစု နေ သူ တစ်ယောက် ဖြစ်နေပါပြီ ။ )

   •••••   •••••   •••••

“ အောင်လင်း က တော့ မင်း အဖေ အပြင် ထွက် ခါ နီး အရက် ဖိုး တောင်းတာ မပေးရင် မော်တော်ကား ဘီး အောက် မှာ ဝင် အိပ် ပြီး မပေးမချင်း မထွက်တော့ဘူး ”

လူကြီးမင်း ခင်ဗျား ၊ ကျွန်တော် သည် ကျွန်တော့် အဖေ စာပုံနှိပ်လုပ်ငန်း ၊ စာရေးဆရာ လုပ်ငန်း လုပ်နေစဉ် ကာလ က သူ နှင့် လုပ်ဖော်ကိုင်ဖက်များ အကြောင်းကို ရေးသားရာ ၌ ဆရာ အောင်လင်း နှင့် သူ့ ဖခင် အကြောင်း ကို အဘယ်ကြောင့် စကား ကြော ရှည် ရေး ရပါသနည်း ။ အကြောင်း ရှိပါသည် ။

ဆရာအောင်လင်း ၏ အဖေ သည် အရက် မသောက်တတ် ။

ဆရာအောင်လင်း က သောက်တတ်၏ ။

ထိုအခါ သူ့ အဖေ သည် သူ့ သား ကို ကြိမ် ဖြင့် ဆော်၏ ။

ကျွန်တော့် အဖေ သည် အရက် မသောက်တတ် ။

ကျွန်တော် က သောတ်တတ်၏ ။

အဖေ က ကြိမ် ဖြင့် မဆော် သော် လည်း တစ်ခါတစ်ရံ လ နှင့် ချီ ၍ စကား မပြောဘဲ နေ တတ်၏ ။

ကောင်းပါပြီ ။ ကျွန်တော် ပြော လိုသော အကြောင်း ကို ထိပ် က ပြန် စ ပါမည် ။

ကျွန်တော့် အဖေ သည် ဗေဒင်လက္ခဏာ ၌ ဝါသနာ အထုံ မရှိ သူ ဟု ပြောခဲ့ ပြီးပါပြီ ။

စောစော က ပြော သလို အဖေ နှင့် သူ ၏ အဖွဲ့တို့ ‘ ပဒေသာ မဂ္ဂဇင်း ’ တည်ထောင် ထုတ်ဝေ နေစဉ် က ဆရာစန္ဒြ ( ယခု ပုရောဟိတ် ဗေဒင် လက္ခဏာ ဆရာကြီး ဆရာစန္ဒြ ) သည် လည်း ပဒေသာ တွင် လက္ခဏာ ဗေဒင် ဆောင်းပါးများ ကို ရေး နေ လေသည် ။

အခါအခွင့် ကြုံတိုင်း မိတ်ဆွေ စာရေးဆရာများ ကို လက္ခဏာ ကြည့်ပေး ၊ ဗေဒင် တွက်ပေး ပြုလုပ် တတ်၏ ။ အဖေ တစ်ယောက် တည်း ကို သာ ဘယ်လို မှ ကြည့်လို့ မရ ၊ အဖေ က လည်း သူ့ လက်ဖဝါး ကို ဘယ်တော့ မှ မပြ ။

သည်လို နှင့် နှစ်ပေါင်း များစွာ ကြာခဲ့ လေသည် ။

တစ်လောတုန်း ဆီ က ကျွန်တော့် အဖေ ရိုက်ကူး နေသော “ ကြိုး ” ဇာတ်ကား အတွက် ဇာတ်ဝင်ခန်း တစ်ခန်း တွင် နက္ခတ် ၊ တာရာ ၊ ဂြိုဟ်သွား ဂြိုဟ်လာ ၊ နေ ၏ လမ်းကြောင်း စသည် အကြောင်းအရာ များ လိုအပ် နေ သဖြင့် အဖေ သည် ဆရာကြီး ဦးစန္ဒြ ထံ ပြေး ရ လေ၏ ။ အဖေ က အကျိုးအကြောင်း ရှင်းပြ ရာ ဆရာကြီး က လည်း မဆိုင်းမတွ ပင် အဖြေ ထုတ် ပေး လိုက်လေသည် ။ အဖေ သည် လည်း အလွန် အရေး ပါ သော ဇာတ် ၏ အထွတ်အထိပ်ခန်း အတွက် တိကျ သော အဖြေ ကို ရပြီ ဖြစ်သဖြင့် ဝမ်းသာ လေ၏ ။ ဤတွင် -

“ ကိုင်း ... ကိုသာဓု ၊ ခင်ဗျား ကို ကျူပ် ကူညီ ပြီး ပြီ ၊ ကျုပ် ကို ကူညီပါဦး ”

“ ဘာများလဲ ဆရာကြီး ”

“ ခင်ဗျား လက္ခဏာ ကျုပ် ကြည့်ချင်တယ် ”

ချည်ပြီး တုပ်ပြီး လို ဖြစ်နေ သဖြင့် အဖေ ပြလိုက် ရ လေတော့သည် ။

ဆရာကြီး သည် အဖေ ၏ လက္ခဏာ ကို အပေါ်ယံ ကြည့် မဟုတ်ဘဲ အသေအချာ တိုင်းထွာ ကြည့်ရှုပြီး နောက် ဟောစာတမ်း ကို ကိုယ်တိုင် ရေးပြီး မေတ္တာ လက်ဆောင် ပေး လိုက်လေသည် ။

ဟောစာတမ်း တွင် ဘယ်နေ့ ဘာ ဖြစ်မည် ၊ ဘယ်နှခုနှစ် ဘာ ဖြစ်မည် စသည်ဖြင့် တိတိကျကျ ပင် ပါရှိ လေ ရာ ကျွန်တော် စိတ် အဝင်စားရဆုံး အချက် မှာ အဖေ အနိစ္စ ရောက်မည့် ရက် ပင် ဖြစ်ပါသည် ။ ဒါကတော့ မည်သူ မဆို မိမိ ၏ မိဘ ကို စောစောစီးစီး မသေစေ့ချင် ပါ မဟုတ်လား ။

ဤတွင် ကျွန်တော့် အဖေ က ကျွန်တော်တို့ တစ်တွေ တို အောက်ပါ အတိုင်း ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက် လေ သတည်း ။

“ ဟေ့ကောင်တွေ ကောင်းကောင်း သတိထား ၊ ငါ ကိုးဆယ့်ရှစ်နှစ် လောက် မှ သေမယ်တဲ့ ကွ ”

ကျွန်တော် စဉ်စား ကြည့် သည် ။

ယခု ကျွန်တော် တို့ အရက် ခိုး သောက်သည် ကို အဖေ သည် လိုက် ချောင်း၏ ။ တစ်ခါ က ကျွန်တော့် ကို နားရင်း တီး ဖူး၏ ။ ကျွန်တော် က ခိုး သောက်လိုက် ၊ အဖေ က ဖမ်းမိလိုက် ကလည်း အကြိမ်ပေါင်း နှစ်ဆယ် မ က တော့ ။

နောင် လာမည့် အနှစ်ပေါင်း သုံးဆယ် ကျော် ။ ကျွန်တော် အသက် ခြောက်ဆယ် ကျော် ( နေ ရရင်ပေါ့ ဗျာ ) ကျွန်တော့် အဖေ အသက် ကိုးဆယ် ကျော် ။ ထိုအချိန် တွင် ကျွန်တော် အရက် သောက်ချင် မှ သောက်တော့မည် ။ ထားပါ ၊ သောက်သည် ဟု ။ သောက် လျှင် လည်း ကျွန်တော့် အခြေအနေ နွမ်းပါး ပါ က ဘုံဆိုင် လမ်းဘေး မီးခွက်ကလေးများ နှင့် ဆိုင်ကလေးတွေ မှာ ဆိုပါ စို့ ။ ကျွန်တော် သည် လူချမ်းသာ တစ်ဦး ဖြစ်နေပါ က ဟော်တယ်ကြီး တစ်ခု ခု မှာ အအေးခန်း ထဲ မှာ စတိုင်လ် နှင့် သောက်မည် ။ ဝီစကီ ။

စဉ်းစား ကြည့်ကြပါကုန်လော့ ။

အသက် ခြောက်ဆယ် ကျော် အရွယ် အဘိုးကြီး တစ်ယောက် အရက်ဆိုင် သို့မဟုတ် ဟော်တယ် တစ်ခု ခု တွင် အရက် သောက် နေခိုက် အသက် ကိုးဆယ်ကျော် အရွယ် အဘိုးအို တစ်ယောက် ( ခြေအိတ်ကျားကြီး နှင့် ၊ ကင်းဘတ်ဖိနပ်ကြီး နှင့် ၊ တုတ်ကောက်ကြီး နှင့် ) က လိုက်လံ ချောင်းမြောင်း ပြီး လူကြား သူကြား နားရင်း ဝင် ရိုက် နေ မှ ဖြင့် ။

“ တောက် ”

◾သုမောင်

📖 ပေဖူးလွှာမဂ္ဂဇင်း
      ၁၉၈၁ - ခုနှစ် ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment