လောက သည် မနက်ခင်း နေရောင် တွင် ရွှန်းရွှန်းစို နေသည် ။ ကေသီတာ သည် ထို လှပသော နံနက်ခင်း ကို ဝရံတာ ပေါ်မှ ကြည့် နေသည် ။ မည်သည့် နေရာ တွင် မဆို ထောင့်တိုင်း ထောင့်တိုင်း တွင် ရင်ခုန်ခြင်းသည် ရှိနေပြီး သူ့ သဘော နှင့် သူ ငြင်သာစွာ လှုပ်ရှား နေသည် ။ ကေသီတာ သည် ပန်းခြံ ထဲ သို့ ဆင်း ထိုင်ပြီး ထို အလှအပ နှင့် သူ့ ကိုယ် သူ ရော ပစ်လိုက်သည် ။
အခု အလုပ် စ ဝင်ပြီးသည့် နှစ်လ တွင် ကေသီတာ သည် ရက်ရှည် ဖျားနေရာ မှ နလန်ထ လာသော သူ ကဲ့သို့ လည်းကောင်း ၊ ပန်းတိမ်ဆရာ က ပြန်သပေးသော ရွှေဆွဲကြိုး ကဲ့သို့ လည်းကောင်း ၊ ပွင့်ကာ စ ပန်းလေး ကဲ့သို့ လည်းကောင်း လှပ တင့်တယ်ခြင်း ၊ တောက်ပ ဝင်းလက်ခြင်း ၊ စိုပြေ လန်းဆန်းခြင်း နှင့် ပြည့်စုံ နေ၏ ။
ယခင်က စက်ရုပ် တစ်ရုပ်ကဲ့သို့ မျက်နှာ တွင် လတ်ဆတ် ၊ သွေးဆူလွယ်သော မျက်နှာကလေး ကို ပြန် တွေ့လာရသည် ။ ယခင်က တွေဝေ ငေးမော နေသော နေရာ တွင် စိတ်လှုပ်ရှားမှု ကြောင့် သွေးဆူလွယ်နေသော မျက်နှာ ကို တွေ့ရမည် ။ သူ့ အတွက် အဓိပ္ပါယ် မရှိဟု ယုံကြည့်ခဲ့သော လောကကြီး ထဲ သို့ ကိုယ်တိုင် ဝင် ၍ လောကကြီး ၏ အဓိပ္ပါယ် ကို သူ က ပြန် ရှာဖွေနေသည် ။
ယခု ကေသီတာ ၏ တာဝန် သည် ညနေ လေးနာရီ မှ ည ကိုးနာရီ ဖြစ် သဖြင့် အပြန်တွင် ပို မပါတော့ပဲ သူ တစ်ယောက် တည်း ဖြစ်နေသည် ။ အိမ်ရှေ့ ထိ ရောက်အောင် ပို့ပေးသည့် ဖယ်ရီကား ရှိသော် လည်း ကေသီတာ က အောက်ဆိုက်ကား ကို သာ စီးလေ့ ရှိသည် ။ ဖယ်ရီကား က လူ စောင့် ရသဖြင့် ၉း၁၅ လောက် မှ ထွက်ရခြင်း ပန်းဘဲတန်း ၊ လသာ ၊ သာကေတ ၊ ရန်ကင်း ၊ တောင်ဥက္ကလာ စသည့် မြို့နယ် နေရာစုံ သို့ လိုက်ပို့ပြီး မှ ကေသီတာ တို့ ရှိရာ သင်္ဃန်းကျွန်းရပ်ကွက် သို့ ရောက်ခြင်း ဖြစ် သဖြင့် ခေါင်းမူး အောင် ဖယ်ရီကား ကို တစ်လျှောက်လုံး စီး ရပြီး အိမ်သို့ ၁၀း၀၀ နာရီ ၊ ဒါမှ မဟုတ် ၁၁း၁၅ လောက် မှ ရောက်လေ့ ရှိသဖြင့် ကေသီတာ က အောက်ဆိုက် ဘတ်စ်ကား ကို သာ စီးလေ့ ရှိခြင်း ဖြစ်သည် ။
ရုံး အတက် ကိုတော့ ကေသီတာ သည် ဖယ်ရီ ဖြင့် သာ သွားလေ့ ရှိသည် ။ အပြန် ည များ တွင် ကားမှတ်တိုင် သို့ မိုးယံစိုး က နေ့စဉ် လိုက်ပို့လေ့ ရှိသည် ။ ပို က လေးနာရီ ဆို ပြန်ပြီ ဖြစ် သောကြောင့် ထိုအချိန် သည် မိုးယံစိုး နှင့် ကေသီတာ နှစ်ယောက်တည်း အတူ ရှိသော အချိန် ဖြစ်သည် ။ ထိုအချိန် တွင် ကေသီတာ သည် ရင်ဖို ရသည် ။ မြေကြီး နှင့် ခြေထောက် ထိအောင် မနည်း လျှောက် ယူ ရသည် ။အချစ်နတ်သား သည် နှလုံးသား ကို အောက် မှ ပင့်မြှောက် ထား သဖြင့် လောကကြီး သည် အလေးချိန် မဲ့ပြီး ပေါ့ရွှပ်နေကာ ကေသီတာ သည် အလိုလို အားအင် ကုန်ခန်း နေ တတ်သည် ။
မိုးယံစိုး အလုပ် များ နေပြီး လိုက် မပို့နိုင်သော နေ့ရက်မျိုး ဆိုလျှင် ကေသီတာ သည် တစ်ခု ခု လို နေသည် ။ ကတ္တရာ လမ်း ပေါ်သို့ ခြေ ချရ တာ က အစ ဒေါသ ဖြစ်နေသည် ။ စောင့် ရတာ ကြာ သော ကား ကို ဒေါသ ဖြစ်လွယ် နေသည် ။ ကား ပေါ် မှ လူတွေ က သူမ ကိုချည်း ဖိတိုး နေသည် ဟု ထင်နေ ရသည် ။ မှတ်တိုင် မှာ ကား ကြာကြာ ရပ်ပြီး လူ ခေါ် နေတာ ကို လည်း ကြာလွန်းသည် ဟု ထင်သည် ။ ပန်းဆိုးတန်း နှင့် သူ့ အိမ်ခရီး အကွာဝေး ကိုလည်း အကြာကြီး စီး ရသော ခရီးဝေးကြီး တစ်ခု လို ဖြစ် နေသည် ။
အကယ်၍ သာ မိုးယံ က မှတ်တိုင် ကို မျှ မဟုတ် ၊ သူ ပါ ဘတ်စ်ကား ပေါ် တက် စီးလာသည့် အခါမျိုး တွင်တော့ ထို ဝေဒနာတွေ အားလုံး ပျောက် ၍ အချိန်သည် တိုတောင်းခြင်း ၊ ခရီး အကွာဝေး က နီးလွန်းခြင်း ဘာကို မဆို ကျေနပ်နေတတ်ခြင်း တို့ ကို ခံစားရလေ့ ရှိသည် ။ ငြိမ်းပို နှင့် မိုးယံစိုး တို့ စကားပြော တာ ကို ကေသီတာ ကြည့်သော အခါ သိပ် လွယ်ကူ နေသည် ။ သူ နှင့် မိုးယံစိုး တို့ စကားပြော သည့် အခါ ထိုသို့ မလွယ် ၊ ပြောကြသော စကား ထဲ တွင် တစ်ခု ခု ပါ နေတတ် သည် ။ ထို တစ်ခု ခု သည် ကေသီတာ့ ကို လွှမ်းမိုး ထားလေသည် ။
ထို နေ့ က မိုးကလေး တစ်ဖွဲ တစ်ဆုပ် ကျ သည် ။ ကေသီတာ ထီး ထုတ် ဆောင်း၏ ။ နံဘေး က မိုးယံ ကို ထီး ထဲ ဝင်ပါလား ဟု ခေါ်လျှင် ကောင်း မလား ၊ မခေါ်ပဲ ထား လျှင် ကောင်းမလား ဆိုသော မေးခွန်း ထက် ခက်ခဲသော မေးခွန်း သည် ဒီ ကမ္ဘာမြေ ပေါ် တွင် မရှိ ။ လှစ်ကနဲ ခိုးကြည့် တိုင်း လည်း မျက်ဝန်းချင်း က ဆုံ ဆုံနေသည် ။ လေးကြိမ် မြောက် မျက်ဝန်းချင်း ဆုံပြီး သော အခါ ကေသီတာ ခြေလှမ်းတွေ မှားချင် လာသည် ။ မိုး က တိုး ၍ သည်း လာသည် ။
ထိုအချိန် တွင် ထီး ကိုင်ထားသော သူ့ လက်ချောင်းတွေ ပေါ် ကို ပူနွေး ၊ အင်အား အပြည့် ပါသော လက် တစ်ချောင်း က အုပ်မိုး ကာ ထီး ကို ယူ သွားပြီး ခပ်မြင့်မြင့် နေရာ မှ နေ မိုးစက်တွေ ကို ကာကွယ် လိုက်သည် ။ ကေသီတာ သည် မိုးယံစိုး ခြေထောက်တွေ ကို မကြာခဏ တက် တက် နင်းမိ လေသည် ။
“ ရှစ်ခါ တောင် ရှိပြီ နော် ”
“ ဟုတ်တယ် .. ဆောရီး .. ထီး နဲ့ နှစ်ယောက် တွဲ မလျှောက်တတ်ဘူး ”
“ ဟုတ်ရဲ့လား ”
“ အခု တက်တက် နင်းမိ နေတာ မတွေ့ဘူးလား ”
နှစ်ယောက်သား ရယ်မိကြပြန်သည် ။
“ နေ့ခင်းတုန်း က ငြိမ်းပို နဲ့ အလောင်းအစား တစ်ခု လုပ်ဖြစ်တယ် ”
“ ဘောလုံးပွဲလား ”
ငြိမ်းပို သည် မိန်းကလေး တန်မဲ့ ဘောလုံးပွဲတွေ ကို ကြိုက်နှစ်သက်တတ်သူ ဖြစ်သည် ။ သူ ကတော့ ဒေးဗစ်ဘက်ခမ်း မှ လွဲ ၍ မည်သူ့ ကို မျှ မသိ ။ ရယ် လိုက် လျှင် အပြစ်ကင်းစင်သော ကလေး တစ်ယောက် နှင့် တူသည့် ဘက်ခမ်း လို မျက်နှာပေါက် မျိုး ကို ကေသီတာ သဘောကျသည် ။
“ ဘောလုံးပွဲ လောင်းတာ မဟုတ်ဘူး ၊ ကေသီတာ့ ကို လောင်းတာ ”
“ အိုး .. အဓိပ္ပါယ် မရှိတာ .. ကေ့ မှာ လောင်းစရာ ဘာရှိလဲ ”
“ ရှိတာပေါ့ ၊ ကျွန်တော် က ပြောတယ်လေ ၊ ဒီလောက် လှတဲ့ မကေ မှာ ချစ်သူ ရှိမှာပေါ့ ၊ သူ့ ချစ်သူ က ဘာဖြစ်လို့ လာ မကြိုတာလဲ လို့ ၊ အဲဒီတော့ ပိုပို က မကေ မှာ ချစ်သူ လည်း မရှိဘူး ၊ ရည်းစား လည်း မရှိဘူး တဲ့ ”
“ အဲဒီတော့ .. ”
ကေသီတာ သည် သွက်သွက်လက်လက် ဝင် ထောက် ပေးလိုက်သည် ။
“ သူ က လုံးဝ မရှိဘူး လောင်းမလား တဲ့ ၊ ကျွန်တော် က လည်း ခန့်မှန်းရင် လွဲခဲတဲ့ လူ မို့ လို ရှိ ကို ရှိရမယ် ၊ လောင်းမယ်လို့ သဘောတူ ပြီးတော့ အဲဒါ ဘယ်သူ နိုင်လဲလို့ မကေသီတာ ကို အခု မေးတာ .. ”
ကေသီတာ သည် ပြုံး နေသည် ။ ပြီးတော့ ရင်ထဲ မှာ ကျေနပ် နေသည် ။ ထို ကိစ္စ သည် လုပ်ဇာတ် ပင် ဖြစ်စေ ၊ တမင်တကာ ပင် ဖြစ်စေ ၊ တစ်ကယ် ပင် ဖြစ်စေ ၊ ထိုသို့ အမေး ခံရသည် ကို ပင် ကေသီတာ က ကျေနပ်သည် ။ ကြည်နူးနေသည် ။
“ အဲဒါ ဘယ်သူ နိုင်သလဲ လို့ ”
“ ရှင် ရှုံး တာပေါ့ ”
“ ဟာ .. သွားပါပြီ ”
ကျေနပ် နေကြသော မျက်ဝန်းချင်း ဆုံတွေ့ကြသည် ။ ထိုသို့ ဆုံတွေ့ပြီးသော မျက်ဝန်းများ ၏ နောက်တွင် အားကြီးသော တစ်စုံ တစ်ရာသည် ထု နှင့် ထည် နှင့် ရှိ ၍ နေသည်ကို နှစ်ယောက်စလုံး သိလိုက်ကြလေသည် ။ ကေသီတာ သည် သူ့ ပထမ လခ ကို မေမေကြီး အား ကန်တော့ခဲ့ပြီး ဒုတိယ လစာ ကို ညီအစ်မတွေ တစ်ခု ခု လုပ်စားမည်ဟု ဆုံးဖြတ် ထားသည့်အတိုင်း ဒုတိယ လစာ ထုတ်သော အခါ နန်းကြီးသုပ် လုပ်စားရန် ဆုံးဖြတ်ကြသည် ။ အဲဒီ ပွဲမှာ အလုပ် ပြော ပေးသည် ပိုပို က အခရာ ဖြစ်သည် ။ ကေသီတာ ၏ တာဝန်ချိန် က ညနေ လေးနာရီ မှ ဖြစ်သဖြင့် အဆင်ပြေ နေသည် ။ မနက်ပိုင်း ညီအစ်မတစ်တွေ ချက်ပြုတ်ကြ ၊ လုပ်ကြ ကိုင်ကြမည် ဖြစ်သည် ။
“ ဟေ့ .. မကေ .. မိုးယံ ကို မဖိတ်ဘူးလား ”
“ ဖိတ်လို့ ကောင်းပါ့မလား ”
“ မဖိတ်လို့ကော ကောင်းပါ့မလား ”
“ အိမ် က တစ်မျိုး ထင်မှာ စိုးလို့ပါ ၊ ဘာအကြောင်းမှမရှိပဲ ယောက်ျားလေး တစ်ယောက်ကို ဖိတ်ရတာ တာဝန်ကြီးတယ် ”
“ မကေ ကိုယ် မကေ လန့် နေတာ ဖြစ်လိမ့်မယ် ၊ မကေ ငွေတွေ ပို နေတုန်းက မိုးယံ ကူညီတာ အိမ် ကို ပြောပြဖူးလား ”
“ ဒါပေါ့ ၊ အောင် နဲ့ မောင် ကို ပြောပြထားဖူးတာပေါ့ ”
“ ဒါဆို အဲဒီတုန်းက ကူညီခဲ့တဲ့ သူ ဆိုပြီး မိတ်ဆက် ပေးလိုက်ရင် ပြီးပြီပေါ့ ”
“ အောင် က ထားတော့ လူကြီးဆန်ဆန် ရှိတယ် ၊ မောင် က စကားပြော တာ မစဉ်းစားဘူး ၊ တော်ကြာ .. ”
“ အမယ်လေး .. မိုးယံ လို လူမျိုး ကို မကေ က သွားပြီး စိုးရိမ်နေတယ် ၊ မိုးယံ က မကေ ညီမတွေ ကို ဒိလို ဒီလို စကား နဲ့ ခင်အောင် လုပ်သွားလိမ့်မယ် ၊ စိတ်ချ ၊ ဒီကောင့် အကြောင်း ပို အကုန် သိပါတယ် ဟာ ”
ငြိမ်းပို က လက်ညိုးလေး ကို လေ ထဲ ဝှေ့ရမ်း ရင်း ပြောသည် ။
“ အေးလေ .. ဒါဆိုရင်လဲ ပို ပဲ ဖိတ်လိုက်လေ ”
“ ဟာ .. ပို ဖိတ်လို့ ဘယ် ကောင်းမှာလဲ ၊ ကာယကံရှင် ကိုယ်တိုင် ဖိတ် မှ ပို ကောင်းတာပေါ့ ”
“ အတူတူပဲ မဟုတ်ဖူးလား ”
“ ဘယ် တူမှာလဲ ၊ အဓိပ္ပါယ်တွေ အများကြီး ကွာတယ် ”
ကေသီတာ ငြိမ်သက်စွာ စဉ်းစားသည် ။ ကိုယ့် ကို ကိုယ် လန့်နေတာ ဟု သူ့ ကို ပို က စွပ်စွဲ သွားသည် ။ အဲဒါ ဟုတ်ပါသည် ။ ကေသီတာ သည် မိုးယံ နှင့် အိမ်မှ လူများ မသင့်မတင့် ဖြစ်မှာ ကို စိုးရိမ်စိတ် ရှိ နေသည် ။ သို့သော် သူ့ ပွဲကလေး ကိုတော့ ဖိတ်ဖို့ ဆုံးဖြတ် လိုက်ပါသည် ။
ညီအစ်မ တစ်တွေ နှင့် ငြိမ်းပို တို့ တစ်မနက်ခင်းလုံး ပျော်ရွှင်စွာ တက်ညီလက်ညီ အလုပ် လုပ်လိုက် သဖြင့် ဆယ်နာရီ မထိုးခင် နန်းကြီးသုပ် က ဟင်းချိုဟင်း နှင့် တကွ ပြီးသွား သဖြင့် အိမ်ကြွ ကိုယ်တော်တွေ ကို ပြင်ဆင်ထားသည့် စားပွဲဝိုင်း မှာ ဆွမ်းစား ဖိတ်ထားခြင်း မရှိပဲ ကပ် နိုင်ခဲ့သည် ။ ကျောင်း ဝေးသော ကိုယ်တော် တစ်ပါး သာ အိမ် တွင် ဘုန်း မပေးနိုင်ပဲ ကျောင်းအတွက် ထည့်ပေး လိုက်ရသည် ။
ဆယ်နာရီ ခွဲ လောက် တွင် မိုးယံ ရောက်လာသည် ။ ငြိမ်းပို က ပင် အောင် တို့ နှင့် မိတ်ဆက် ပေးသည် ။ ဒေါ်ထက်မေအောင် က တော့ ယဉ်ကျေးသိမ်မွေ့စွာ ပင် စကား ဆိုသည် ။
“ အေးကွယ် .. သမီးကြီး ကို အကူညီ ပေးဖူးတယ် ဆိုတော့ ကျေးဇူး လည်း တင် ဝမ်း လည်း သာပါတယ် ကွယ် ၊ ကဲ ... သူငယ်ချင်းတွေ ခင်ခင်မင်မင် စားကြသောက်ကြရင်း နဲ့ စကား ပြောကြဦး ၊ ရီရီ မေမေကြီး ကို ဘုရားခန်း လိုက် ပို့ ”
ဧည့်သည် လူစိမ်း ဆို ၍ မိုးယံ တစ်ယောက် သာ ရှိသောကြောင့် မိန်းကလေးအုပ် က အားကောင်းသည် ဆိုရမည် ။ ဆယ့်တစ်နာရီခွဲ လောက် မှာ စားကြသောက်ကြမည် ဆိုတော့ အောင် က ဇလုံကြီး တစ်လုံး နှင့် လူ ခြောက်ယောက် စာ တစ်ပြိုင်နက်တည်း ရော သုပ်ရန်စီစဉ်သည် ။ ထို အစီစဉ် ကို မိုးယံစိုးက ဖျက်သည် ။
“ ခေါက်ဆွဲသုပ် ၊ ကြာဇံသုပ် ၊ နန်းကြီးသုပ်တို့ စားတဲ့အခါ လူတစ်ယောက် နဲ့ တစ်ယောက် အကြိုက်ချင်း က မတူတတ်ကြဘူး ခင်ဗျာ့ ၊ အသုပ် တစ်ပွဲ မှာ ထည့် ရတဲ့ ပစ္စည်းတွေ အနည်းအများ ကို ကြည့်ပြီး အဲဒီ လူ တစ်ယောက်ရဲ့ စိတ် ကို အနည်းဆုံး ခန့်မှန်းခြေ မှန်းလို့ ရတယ် ၊ ကျောင်း ကင်းတင်း မှာ တုန်း က ကျွန်တော် အဲဒီလို လေ့လာ တာ တော်တော်များများ မှန်ခဲ့ဖူးတယ် ”
“ ကိုမိုးယံစိုး ဆိုလိုတာ က ကျွန်မတို့ တစ်ယောက်ချင်း ကိုယ့် အသုပ် ကို ကိုယ် သုပ်စား ကျွန်မတို့ ထည့်တဲ့ ပစ္စည်း အနည်းအများ ပေါ် မူတည်ပြီး ကျွန်မတို့ ရဲ့ စိတ် ကို ခန့်မှန်းနိုင်တယ် အဲဒီလို လား ”
မောင် က မေးသည် ။
“ ဟုတ်တယ် ၊ ကျွန်တော် ဆိုလိုတာ အဲဒီ သဘောပဲ ၊ ဒါပေမယ့် အခုလို ကြို သိထားပြီးတော့ လုပ်တာမျိုး ကျတော့ မကောင်းဘူးပေါ့ဗျာ ၊ တစ်ယောက်ချင်း သုပ်တာ ကို ကျွန်တော် က လေ့လာရင်း စိတ်ထား ခန့်မှန်းမလို့ လုပ်ထားတာ အခု ပျက် သွားတယ် ၊ ရပါတယ် ၊ မိန်းကလေး တစ်ယောက် စိတ် ကို တစ်ခြား နည်းတွေ နဲ့ လည်း ခန့်မှန်းလို့ ရပါတယ် ”
“ ကောင်းပြီလေ .. ဒါဆို တစ်ခြား နည်းတွေ နဲ့ လည်း ကျွန်မတို့ စိတ် ကို ခန့်မှန်း ကြည့်လိုက်ဦးပေါ့ ၊ ဘယ်လိုနည်း နဲ့ ခန့်မှန်းမယ် ဆိုတာ မပြောနဲ့ သိလား ”
မောင် က ခပ်တည်တည် ပြောရင်း လူခြောက်ယောက်စာ အသုပ် ကို သုပ်ပြီး မှ အသား ကို တော့ မိမိ နှစ်သက်သလို ထည့် စား နိုင်ရန် အလယ်ခေါင် တွင် ပန်းကန် နှင့် ချပေးသည် ။ အောက်ခြေသိမ်း အလုပ်တွေ အားလုံး ကို တော့ ခင်ရီလွင် က ကြုံးလုပ်ပြီး အောင် က ပန်းကန်တွေ ပြင်ပေးခြင်း ၊ ပို နှင့် ကေသီတာ က ဟင်းချို ထည့်ပေးကြရင်း နှင့်ပန်းခြံ ထဲ တွင် ကျင်းပသော သူတို့ နန်းကြီးသုပ် စားပွဲကလေး သည် ပျော်ပွဲစားလေး တစ်ခု လို ဖြစ်သွားသည် ။
နေ့လည် တစ်နာရီ မှာ မိုးယံစိုး ပြန် သွားပြီး ငြိမ်းပို ကတော့ မကေ နှင့် အတူ အိမ် က ပဲ ထွက်လာခဲ့တော့မည် ဆိုကာ အိမ် တွင် နေခဲ့သည် ။ ဆေးပြီး သား ပန်းကန်များ သုတ်ခြင်း ၊ အမှိုက်များ ရှင်းလင်းခြင်း တို့ ကို မကေ နှင့် ရီရီ တို့ က လုပ်ကြသည် ။
အားလပ်သွားပြီ ဖြစ်သော မောင် နှင့် အောင် တို့ က ငြိမ်းပို ကို စကား စ စုံစမ်းသည် ။
မောင် သည် မိုးယံ အကြောင်း ကို သိပ် မသိထားသော်လည်း ကေသီတာ ပြောထား သမျှ နှင့် ယခု ဆက်ဆံရေး အခြေအနေ ၊ မိုးယံစိုး ၏ ပါးနပ်မှု နှင့် ရုပ်ရည် ၊ စသည် တို့ ကို ကြည့်ပြီး ရေရှည် စဉ်းစားလိုက်သော အခါ မိုးယံစိုး တွင် မမကြီး တို့ ငြိမ်းပို တို့ တရားဝင် သိထားသော ချစ်သူ မရှိဘူး ဆိုလျှင် မမကြီး အတွက် စိတ် မချရ ဆိုတာ ကို သဘော ပေါက်ကြသည် ။
“ ပို .. နင့် ဘော်ဒါ မိုးယံစိုး မှာ ရည်းစား ရှိလား ”
“ အခုတော့ မရှိဘူးဟ ၊ အရင်တုန်း က တော့ တစ်ယောက် ရှိခဲ့ဖူးတယ် ၊ ပြတ်သွားပြီလို့ ပြောတာပဲ ၊ ဘာဖြစ်လို့လဲဟင် ”
“ သိချင်လို့ မေးကြည့်တာပါ ၊ မိုးယံစိုး ရဲ့ သဘောထား က ဘယ်လိုလဲ ”
“ ပျော်ပျော် နေတတ်တယ် ၊ လူချစ်လူခင် ပေါတယ် ၊ လူ တစ်ယောက် ကို ကူညီချင်တယ် ၊ စကားပြော ကောင်းတယ် ၊ မောင်နှမ လေးယောက် ထဲ မှာ သူ က နို့ညှာ ခေါ်မှာပေါ့ ၊ သူတို့ အိမ် က လည်း သားလေး တစ်ယောက်တည်း ပါ လို့ ဖူးဖူး မှုတ် ထားကြတာလေ ”
“ ဘွဲ့ရ ပြီးသား လား ”
“ အေးပေါ့ ၊ I.C ( Industrial chemistry ) နှင့် ကျောင်းပြီး ထား တာ ၊ လုပ် ရတော့ ကွန်ပြူတာ နဲ့ ဂဏန်းတွေ ပေါင်းနေရတာ ၊ နေပါဦး မောင် က ပို့ ကို မိုးယံ အကြောင်း ဘာဖြစ်လို့ ဒီလောက် မေးနေတာလဲ ”
“ ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်း ထက် ပိုမို ထိရောက်သည် .. ဆိုတဲ့ စကားကို ပို ကြားဖူးတယ် မလား ၊ မျက်လုံး မှာ လမ်းကြောင်းတွေ ရှိတယ် ၊ အဲဒီ မျက်လုံး လမ်းကြောင်းတွေ ကို မောင် နည်းနည်း တွေ့ ထားတယ် ၊ ဒါ့ကြောင့် ကြိုတင် ကာကွယ်ဖို့ ပို့ ကို မေးနေရတာပေါ့ ၊ မမကြီး က ရော ပို့ ကို မိုးယံ အကြောင်းတွေ မေးသေးလား ”
“ ဟင့်အင်း .. မမေးဘူး ”
“ အဲဒါလည်း မကောင်းဘူး ၊ ပို့ ကို တစ်ခုတော့ အကူညီ တောင်းထားရမယ် ၊ မမကြီး နဲ့ မိုးယံ အခြေနေ တစ်မျိုး ပြောင်း သွားရင် မောင့် ကို သတိပေး သိလား ၊ အဲဒါလေး တစ်ချက်တော့ ကူညီပါ ပို့ ရယ်နော် ၊ မမကြီး က ရိုးလွန်းလို့ပါ ”
ဒီလိုနှင့် နောက်နေ့ရက်တွေမှာ ဘာ့ကြောင့်မှန်း မသိ ၊ မိုးယံ နှင့် ကေသီတာ တို့ တစ်ယောက် နှင့် တစ်ယောက် ခပ်တန်းတန်း ဖြစ်သွားကြသည် ။ ထိုသို့ ဖြစ်ရသည် မှာမိုးယံ ဘက် က ပဲ စ တာလား ၊ ကေသီတာ့ ဘက် ကပဲ စ တာလား ဆိုတာတော့ မကွဲပြား ၊ ရုံး အပြန်ရက်တွေ မှာ ပုံမှန် စကား ပြောတာ က လွဲလို့ အခြား စကား ပြောတာ နည်းသွားသည် ။ ထူးခြားဆုံး ကတော့ အကြည့်ချင်း မဆုံဖြစ်အောင် နှစ်ယောက် စလုံး က ထိန်းသိမ်း ထားကြခြင်း ဖြစ်သည် ။
မိုးယံစိုး ဘက် က စိမ်း သွားသည် ဆိုခြင်းထက် ယခင်ကလို ကေသီတာ့ ကို ခပ်ပေါ့ပေါ့ သဘောထား ၍ မရကြောင်း ကို မိသားစု နှင့် တွေ့လိုက်ရသည့် အခါ နားလည် သွားသည် ။ အရင် ချစ်ခဲ့သော သူ နှစ်ယောက် က သူတို့ချင်း နှင့် သူငယ်ချင်းတွေ သာ သိကြသည် ။ အိမ်တွေ က မသိကြ ၊ ယခု ကေသီတာ ကို သူ ချစ်မည် ဆိုလျှင် ဟိုဘက် ဒီဘက် နှစ်ဘက် သိသော ငြိမ်းငြိမ်းပို တစ်ယောက် လုံး ရှိနေ သဖြင့် အိမ်တွေ က သိသွားနိုင် ၍ သူတို့ အချစ်သည် အပျော်ချစ် ချစ် ၍ မရကြောင်း ကို မိုးယံစိုး သဘောပေါက် သောကြောင့် ထိုကိစ္စ ကို စဉ်းစားရန် ကေသီတာ့ ကို နည်းနည်း ခွာ နေ မိတာ ဖြစ်သည် ။
ကေသီတာ ကတော့ ဣန္ဒြေ ကို ထိန်းသိမ်းလွန်းသူ ဖြစ်သောကြောင့် ယောက်ျားလေး ဘက် က စ ထိန်း လိုက်သည် နှင့် သူ့ ဘက် က အလိုလို ထိန်းပြီးသား ဖြစ်သွားခြင်း ပင် ဖြစ်သည် ။ ထိုသို့ ဖြစ်သွားသည် ကို အသိဆုံး က ငြိမ်းငြိမ်းပို ဖြစ်သည် ။
“ မကေ နဲ့ မိုးယံ စိတ်ကောက် နေကြတာလား ”
“ ဟင် .. မကောက်ပါဘူး ၊ ဘယ်သူ က ပြောလို့လဲ ”
“ ဘယ်သူ မှ မပြောပါဘူး ၊ ပို့ စိတ်ထဲ အရင်တုန်း က လို စဟယ် ၊ နောက်ဟယ် နဲ့ ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘူးလားလို့ ခံစားရလို့ပါ ”
“ ပို ကလည်း နေ့တိုင်းကြီးတော့ ဘယ်သူက အဲလို နေနိုင်မှာလဲ ၊ သူ့ မှာလည်း သူ့ အခက်ခဲ ရှိဦးမှာပေါ့ ”
ပို့ ကို သင့်တင့် လျှောက်ပတ်သော အဖြေ ကို ပေး လိုက်ရသော်လည်း ကေသီတာ့ စိတ် ထဲ မှာ လည်း ပို ပြောသလို ခံစား နေရသည် ။ သူ့ အိမ် မှာ နန်းကြီးသုပ် စားပြီး နောက် တစ်နေ့မှ စ ဒီလို ဖြစ်သည်ဟု ကေသီတာ သတိထား မိသည် ။ မိုးယံ သည် အိမ် က တစ်ယောက် ယောက် နှင့် အဆင်မပြေ ဖြစ်သွားသလား ဆိုတာ တွေးကြည့်တော့ လည်း ပြန်သည် အထိ ရယ်ရယ်မောမော နှင့် သာ ရှိနေခဲ့သည် ။
မိုးယံစိုး နှင့် ပတ်သက်ပြီး ထူးခြားမူ တစ်စုံတစ်ရာ ရှိလျှင် ပို က သူ့ ကို ကြိုတင်ပြီး သတိပေး ပြောနိုင်သည် ။ သို့မဟုတ် သူမ တိုက်ရိုက် သိရမည် ။ ကေသီတာ့ ဘက်ကတော့ မိုးယံ နှင့် ပတ်သက် ၍ ခံစားမူ တစ်စုံတစ်ရာ အပြောင်းလဲ မရှိတာတော့ သေချာပါသည် ။ ထိုသို့ တစ်ယောက်တည်း တွေး ထားသော ကေသီတာ သည် အပြောင်းလဲ က မည်သူ့ ထံ က မှ တဆင့် မလာပဲ သူမ ဆီ ကို တိုက်ရိုက် ရောက်ရှိလာသည် ကို တွေ့ရလေသည် ။
ထိုနေ့က ကေသီတာ့ section သို့ ပို ရောက်လာသည် ။ ပို သည် ကေသီတာ အလုပ် လုပ်တာကို ခဏ စောင့်နေပြီး ခဏလေး အားချိန်တွင် မှ စကား ပြောသည် ။
“ မကေ .. ဒီနေ့ အပြန် ပို မကေ နဲ့ လိုက်နိုင်မှာ မဟုတ်ဘူး ”
“ ဘာဖြစ်လို့လဲ ပို ရဲ့ ”
“ ပို့ သူငယ်ချင်းရဲ့ အမေ ဆေးရုံ တက်နေရတာ ၊ အဲဒါ သူ နဲ့ အတူ လိုက်ပြီး ပို သွားမေးမလို့ ”
ကေသီတာ လှမ်း ကြည့်တော့ ပို့ မျက်နှာတွင် စပ်ဖြဲဖြဲ ပြုံးစိစိ အမူယာ ကို တွေ့ရသဖြင့် ကေ့ စိတ်ထဲမှာ ဘဝင် မကျ ။ ဒါပေမယ့် တား ကောင်းသော ကိစ္စမျိုး မဟုတ်သဖြင့် ကေ ခေါင်း ကို သာ ညိတ် လိုက်သည် ။ ပြန်ချိန်ရောက်တော့ ကေ သည် ထုံးစံ အတိုင်း ဖယ်ရီကား ကို မစီးပဲ အောက်ဆိုက် ကား နှင့် ပင် ပြန်ရန် အတွက် ထွက် အလာ မိုးစက်ပါးပါးကလေး ကျသည် နှင့် ထီး ကို ဖွင့် ၍ အဆောင်း တွင် ညင်သာနွေးထွေး သော လက် တစ်စုံ ကေသီတာ့ လက် ပေါ် သို့ ကျ လာပြီး ကေသီတာ့ ထီး သည် ထို လက် ထဲ သို့ ပါ သွားလေသည် ။
“ မိုးယံ ”
“ ဟုတ်တယ် .. မကေ .. ပိုပို က သူ့ သူငယ်ချင်း အမေ နေမကောင်း လို့ သွား ကြည့်တယ် မဟုတ်လား ”
“ အင်း .. ကေ့ ကို လာပြောသွားတယ် ”
“ အဲဒါ ညာ သွားတာ ကေ ၊ ကေ့ ကို ကျွန်တော် စကား ပြောစရာ ရှိလို့ ရှောင်ပေးပါ ဆိုလို့ ရှောင် သွားတာ ”
“ ရှင် .. ”
“ ဟုတ်တယ် .. တစ်ကယ်ကျတော့ ကေ့ ကို မညာရက်ဘူးလေ ၊ အဲဒါကို ဖွင့် မပြောလည်း ပြောလည်း ရတာပဲ ၊ ဒါပေမယ့် ကေ့ မျက်နှာ မြင်ရတော့ အမှန်အတိုင်းပဲ ဖွင့်ပြောတော့မယ်လို့ ဆုံးဖြတ်မိတယ် ၊ နှလုံးသား ထဲ က စကား ကို ပြောတဲ့ နေ့မှာ လိမ်တာ ညာတာတွေ မပြောချင်တော့ဘူး မကေ .. ”
“ မကေ နားမလည်ဘူး .. ဘာတွေ ပြောနေတာလဲ မိုးယံ ”
မိုးယံ သည် အသက် ကို အားရပါးရ တစ်ချက် ရှိုက် သွင်းရင်း မိုး ပေး ထားသော ထီး ကို အနည်းငယ် နှိမ့် ကာ သူ့ ညာဘက် တွင် ရှိသော မကေ ကို ငုံ့ ၍ လေးလေးနက်နက် အသံ ဖြင့် ပြောသည် ။
“ မကေ .. မကေ ကို ကျွန်တော် သိပ်ချစ်တယ် ”
လျှပ်စီး တစ်ချက် လက် လိုက်သည်ဟု မကေ ထင်သည် ။သို့သော် မဟုတ်ပါ ၊ မကေ နှလုံးသား ထဲ မှာ တစ်ချက် လင်းကနဲ ဖြစ်သွားခြင်း သာ ဖြစ်ပါသည် ။ မကေ သည် အောက် က ပင့်တင်သော ရင်ခုန်သံ ကြောင့် လေ ထဲ တွင် မျော နေသလို ခံစား နေ ရသည် ။
“ မကေ အဖို့ တော့ ဒီ စကားမျိုးတွေ က ကြားနေကျ စကားမျိုးပဲ ဖြစ်ပါလိမ့်မယ် ၊ မကေ နဲ့ လက်ပွန်းတတီး ခင်မင်ဖူးတဲ့ ယောက်ျားလေး မှန်သမျှ က မကေ ကို ဒီစကားမျိုး ပြောကြမှာပဲ ၊ မပြောကြဖူး ဆို ရင်လည်း အခြေအနေ မပေး လို့ မပြောဖြစ် ကြတာပဲ ဖြစ်ရမယ် ”
မိုးယံ စကား ဆုံးတော့ ကေသီတာ ပြုံးမိသည် ။ နိုင်ဝင်းထွန်း ကို သတိရ သွားသောကြောင့် ဖြစ်၏ ။ ထိုအချိန် ကျ မှ လျှပ်စီး က တစ်ကယ် လက်ပြီး ကေသီတာ့ အပြုံး ကို မိုးယံ က တွေ့သွားခဲ့သည် ။
“ ဘာကို ပြုံးတာလဲ မကေ .. မကေ မှာ ချစ်သူ ရှိပြီးသား မို့လို့ လား ”
“ မဟုတ်ပါဘူး ၊ ကေ ပြုံးတာက တစ်ခုပါ ၊ ပြီးတော့ ကေ့ ဆီ မှာ ရည်းစား မပြောနဲ့ လက်ပွန်းတတီး နေတဲ့ ယောက်ျားလေး တစ်ယောက် မှ မရှိခဲ့ပါဘူး ”
“ ကျွန်တော် က လွဲရင်ပေါ့ ဟုတ်လား ”
“ မဟုတ်ဘူး မိုးယံ ၊ မိုးယံ နဲ့ ကျွန်မ နဲ့ နေတာကို လက်ပွန်းတတီး နေတယ်လို့ ကျွန်မ မသတ်မှတ်ဘူး ၊ သာမန် ခင်မင်မှု လို့ ပဲ ကျွန်မ သတ်မှတ်တယ် ၊ ဟိုး အရင် က လည်း အဲဒီ အတိုင်းပဲ သတ်မှတ်တယ် ”
ကေသီတာ့ တုန့်ပြန် စကားကြောင့် မိုးယံ တော်တော်လေး အံ့သြသွားသည် ။ သူ နှင့် ဆက်ဆံရေး ကို ကေသီတာ သတ်မှတ်ထားပုံ နှင့် “ ကျွန်မ ” ဆိုသော စကားလုံးကို အရင် သုံးနေကျ “ မကေ ” ဆိုသော အသုံးနှုန်း နေရာမှာ ထည့် သုံး သွားသောကြောင့် ဖြစ်သည် ။
“ ကျွန်တော် မကေ ကို တစ်ပတ် လောက် မေးထူး ခေါ်ပြော လောက်ပဲ နေမိတာ ကို မကေ စိတ်ဆိုး နေတယ် ထင်တယ် ”
“ မဟုတ်ပါဘူး မိုးယံ ၊ မိုးယံ အလုပ် ရှုပ်နေလို့ပဲလို့ ကျွန်မ ထင်ပါတယ် ၊ လူ တစ်ယောက် က ကျွန်မ ကို ချည်းပဲ အမြဲ ဂရုစိုက် နေရမယ်လို့ ဘယ်တုန်း က မှ မသတ်မှတ်ခဲ့ဖူးပါဘူး ၊ လူ ဆိုတာ အတ္တဟိတ ၊ ပရဟိတ ပါ ၊ ကိုယ့် ကိစ္စ ပြီး မှ သူ တစ်ပါး ကိစ္စ ကို ဆောင်ရွက်နိုင်မှာပါ ”
ကေသီတာ သည် မိုးယံစိုး ကို တိတ်တိတ်ကလေး စိတ်ဝင်စား ခဲ့ပါသည် ။ သို့သော် စိတ်ဝင်စားမူ သည် သူမ ဣန္ဒြေ နှင့် သိက္ခာ ကို ထိပါးသော အဖြစ်မျိုး သို့ မရောက် အောင်တော့ အမြဲ ထိန်း ခဲ့သည် ။ အခု မိုးယံ ပြောသည့် စကားတွေ က သူ့ ဘက် က ခပ်ပါချင်ချင် ဟု ရည်းစားစကား ကို အထက်စီး က အပြော ခံရသည် ဟု ခံစား မိ သဖြင့် ခပ်ဆတ်ဆတ် တုန့်ပြန် ခြင်း ဖြစ်သည် ။
“ အဲဒီလိုတော့ မဟုတ်ဘူး ၊ မကေ ၊ မကေ ဆီကို ကျွန်တော် မလာတာ မကေ ကို တစ်ကယ် ချစ် မချစ် ကိုယ့် ကို ကိုယ် သေချာအောင်လို့ပါ ၊ မကေ နဲ့ အတူတူ နေ့တိုင်း တွေ့ခွင့် ရနေလို့ သာယာတာလား ၊ မကေ ကို မေတ္တာစစ် နဲ့ ချစ်တာလား ဆိုတာ ကွဲပြားအောင်လို့ပါ ၊ မကေ နဲ့ တွေ့ရုံ တွေ့ပြီး စကား မပြောရ ၊ ရယ်ရယ်မောမော မနေရတော့ ကျွန်တော် မပျော်ဘူး ၊ ကျွန်တော့် စိတ် ထဲ မှာရော ၊ ရင် ထဲ မှာ ပါ တစ်ခု မ က အရာပေါင်း များစွာ လစ်ဟာ နေတယ် ၊ ဒါတောင် ကျွန်တော် မကေကို တွေ့ နေရသေးတယ် နော် ၊ တွေ့ လည်း မတွေ့ရတော့ဘူး ၊ ပိုင်ဆိုင်ခွင့် လည်း မရှိတော့ဘူး ဆိုရင် ကျွန်တော် ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး ၊ အဲဒါကြောင့် မကေ ကို ကျွန်တော် ချစ် နေတာကို ပိုပြီး သိသာ ထင်ရှားအောင် လို့ မကေ ကို အခုမှ ဖွင့် ပြောရတာပါ ၊ တစ်မျိုး မထင်ပါ နဲ့ မကေ ရယ် ”
မကေ ပြုံး သည် ကို မကေ မျက်နှာ အား ငေး ရင်း ပြော နေသော မိုးယံ မြင်ရလေသည် ။ မကေ ပြုံး သည် က နိုင်ဝင်းထွန်း နှင့် သူ့ အကြား တွင် လိုအပ် နေသော စကားများမှာ အခု မိုးယံ တောင်းတောင်းပန်ပန် နှင့် ပြော နေသော စကားမျိုး ဖြစ်သည် ။
သူမ ပုံစံ တစ်ချက် ပြောင်း လိုက်သည် နှင့် ထို အပြောင်းလဲ သည် ယောက်ျားလေး တစ်ယောက် အပေါ် သက်ရောက်မူ ရှိခြင်းတည်း ဟူသော အရသာ ကို မိန်းကလေး တိုင်း နှစ်သက်ကြ သဖြင့် ကေသီတာ လည်း နှစ်သက်ပါသည် ။
“ ကောင်းပြီလေ .. ကျွန်မ စဉ်းစားပါဦးမယ် ”
“ ဘယ်လောက် ကြာကြာ စဉ်းစားမှာလဲ ဟင် ၊ ဘယ်တော့လောက် ကျွန်တော် အဖြေ ကို ကြားရမှာလဲ ”
“ အိုး .. ကိုယ့်နှလုံးသား ကို ကိုယ် မေးရတယ် ဆိုတာ ဘယ်နေ့ ဘယ်ရက် လို့ ဘယ်လို ပြောရပါ့မလဲ ၊ နှလုံးသား က အဖြေ ပေးတဲ့ နေ့ ပေါ့ ”
“ အတိုင်းတာ တစ်ခု မရှိဘူးလား မကေ ရယ် ”
“ ကျွန်မ အဲဒါ အခု မပြောနိုင်သေးပါဘူး ”
ကားဂိတ် ကို ရောက်ပြီး ကား လာတော့ မိုးယံ လိုက် တက် လာတာကို ကေသီတာ ဘာမျှ မပြောပါ ၊ ကားခ ကို နှစ်ယောက်စာ အတွက် ပေး တာ ကို လည်း ကေသီတာ တစ်ခွန်း မျှ မပြောပါ ၊ မိုးယံ သည် သီတာလမ်း မှတ်တိုင် မှာ ဆင်းရမည် ဖြစ်သော်လည်း တာမွေ အထိ လိုက် လာပြီး တာမွေမှတ်တိုင် တွင် လူ အဆင်း များ သဖြင့် လွတ်သော နေရာ ကို ကေသီတာ့ အတွက် ဦး ပေးပြီး သူ က တာမွေ မှ သီတာလမ်း သို့ နောက်ပြန် လမ်းလျှောက် လေ့ ရှိသည် ။
ဒီနေ့တော့ မိုးယံ ကံ ဆိုးတာလား မသိ ၊ ကေသီတာ ရပ် နေသော နေရာ မှ ကောင်မလေး တစ်ယောက် က မင်္ဂလာဈေး မှတ်တိုင် တွင် ဆင်းသွား သဖြင့် မိုးယံ သည် သူ ဆင်းရမည့် မှတ်တိုင် တွင် ဆင်းခါနီး နှုတ်ဆက် တော့ ကေသီတာ က ယဉ်ကျေးစွာ ပြန် ပြုံးပြ ခဲ့ပါသည် ။ အိမ် ကို ပြန် ရောက်တော့ ကေသီတာ သည် ဘာကိုမှန်း မသိပဲ ပျော်နေသည် ။ သွက်သွက်လက်လက် ချက်ချက်ချာချာ လည်း ဖြစ် နေသည် ။ ရွှင်မြူး လန်းဆန်း ၍ လည်း နေသည် ။ ခွန်အားသစ် နှင့် အင်အားသစ် တို့ ကိုလည်း ပြန်ရ လာသည် ။
ရည်းစား စကား အပြော ခံရပြီး နောက် မိန်းကလေး တို့ ရလေ့ ရှိသော ပီတိ နှင့် ထို ည ၏ လမင်း နှင့် ကြယ်များ ကို ဝရံတာ မှ ကေသီတာ ငေး နေခဲ့ပါသည် ။
◾ နီကိုရဲ
📖 မွေးစားသမီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment