Monday, May 15, 2023

ကင်မရာ နောက် က လူ


 

❝ ကင်မရာ နောက် က လူ ❞

( မန်းတက္ကသိုလ် နေမျိုးဝင်း  ၊ ရန်ကုန်မြို့ )

[ တက္ကသိုလ် ကျောင်းသား ဘဝ တုန်း က ကျွန်တော်တို့ က 35 ကင်မရာလေး တစ်လုံး နဲ့ ချောက်ချက်ချောက်ချက် လက်ဆော့ ချိန် မှာ မြန်မာနိုင်ငံဓာတ်ပုံအသင်း ဥက္ကဋ္ဌဟောင်း ဖြစ်လာမယ့် ကိုနေဝင်း က ကင်မရာ လုံးဝ မကိုင်ပါဘူး ။ ဒါပေမဲ့ ဓာတ်ပုံ တော့ သူ က ဝါသနာ ပါတယ် ။ ဓာတ်ပုံ တစ်ပုံ ထဲ မှာ သူ့ ပုံ က နောက်စေ့ ပဲ ပါတာ ဖြစ်ပါစေ သူ က ရွေး ယူတယ် ။ ဓာတ်ပုံ က မှုန်ဝါးဝါး ဖြစ် နေ လည်း သူ့ ပုံ ပါ လို့ ကတော့ ယူ တယ် ။ သူ့ အယူအဆ က မှတ်တမ်း ဆိုတာ နောက် တစ်ခါ ပြန် လုပ်လို့ မရနိုင်ဘူး ဆိုပဲ ။

ကိုနေဝင်း နဲ့ ၁၉၆၈ ခုနှစ် က မန္တလေး တက္ကသိုလ် မှာ တွေ့ဆုံ ရင်းနှီးခဲ့ကြတာပါ ။ အဲသည် အချိန် က တက္ကသိုလ်ကျောင်းသားတွေ ကို စစ်ပညာ သင်ပေးတဲ့ တက္ကသိုလ် အရံတပ်ရင်း ( UTC ) ဆိုတာ ရှိပါတယ် ။ ကျောင်း ရက်ရှည် ပိတ်ရင် မိတ္ထီလာ ၊ ပြင်ဦးလွင် မြို့တွေ က လေ့ကျင့်ရေးတပ်တွေ ကို ယူတီစီ ကျောင်းသား တွေ လ နဲ့ ချီ ပြီး စခန်း ထွက်ရတာ မို့ ချစ်ခင် ရင်းနှီးမှု ရှိကြတယ် ။ ကျွန်တော် နဲ့ ကိုနေဝင်း က ယူတီစီ သူငယ်ချင်းတွေ ပါ ။ လေးနှစ် တာ လက်ပွန်းတတီး နေ ကြပြီး ဘွဲ့ ရတော့ လူချင်း ကွဲကွာ သွားတယ် ။ သူ က ရန်ကုန် ကို ပြောင်းသွားတယ် ။ ဘွဲ့ ရပြီး နှစ် နည်းနည်း ကြာ တော့ ကျောင်းသား ဘဝ က ကင်မရာ မကိုင်ခဲ့တဲ့ ကိုနေဝင်း က ဓာတ်ပုံဆရာ မန်းတက္ကသိုလ် နေမျိုးဝင်း ဆိုပြီး နာမည် ဟိန်း ထွက် လာတယ် ။ မင်းသမီးတွေ ရဲ့ လက်စွဲတော် ဓာတ်ပုံဆရာ အဖြစ် သူ့ နာမည် ကို မင်းသမီးချောတွေ နဲ့ တွဲပြီး မြင် လာ ရတယ် ။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကြီး တွေ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ တွေမှာ သူ ဆုကြီးတွေ ရတဲ့ သတင်း ကြား ရတယ် ။

ဗဟန်းမြို့နယ် က သူ နေတဲ့ ဆာဘိုးသာခြံ မှာ ရှုတိုင်းယဉ် ပုံရိပ်ဘဏ် ဆိုပြီး မြန်မာနိုင်ငံ တစ်ဝှမ်း လုံး က ဘုရား ၊ ကျောင်း ၊ မြစ် ၊ ချောင်း ၊ ပင်လယ် ၊ တောတောင် ရှုခင်းဓာတ်ပုံတွေ ၊ ပွဲတော်တွေ ၊ ထုံးဓလေ့မှတ်တမ်း ဓာတ်ပုံတွေ စုဆောင်းပြီး ဓာတ်ပုံပေါင်း သောင်း နဲ့ ချီ ကာ ဘဏ် ဖွင့် ထားတယ် ။ လိုသူ တွေ ကို မျှဝေ ပေးတဲ့ သတင်း ကြားရ ပြန်တယ် ။

သူ နေ တဲ့ အိမ် က သစ်ပင်ကြီးတွေ ရဲ့ အရိပ် အောက် မှာ အေးချမ်းတယ် ။ သူ့ ဆံပင် တစ်ခေါင်းလုံး ဖြူဖွေး နေ ပေမဲ့ ငယ်ရုပ်သွင် ဖြစ်တဲ့ နှစ်လိုဖွယ် အပြုံး က တော့ ရှိဆဲ ။ သူ့ အသွင် က လည်း အေးချမ်း နေတယ် ။ ရွှေမင်းသမီးတွေ ကြား မှာ နှစ်ပေါင်း များစွာ ကျင်လည် နေခဲ့ရ ပေမဲ့ ဓာတ်ပုံဆရာ က လူပျိုကြီး ဆက် လုပ် နေဆဲ ။ တက္ကသိုလ် မှာ တုန်း က ချစ်ခဲ့ရသူ တစ်ဦး လောက် ချစ်နိုင်မယ့် သူ မတွေ့သေးဘူး ဆိုတဲ့ အဖြေ ကို ပေး ရင်း သူ က ပြုံး နေတယ် ။

သည်နေရာ မှာ တော့ သူ့ ရဲ့ ဓာတ်ပုံဆရာ ဘဝ ကို ပဲ ကျွန်တော် ဖော်ပြပါမယ် ။ ]

•••••   •••••   •••••   •••••

ကျောင်း ပြီးတော့ ပလိပ် ချည်စက် မှာ ဝင်ပြီး ဝန်ထမ်း တစ်နှစ် လောက် လုပ်တယ် ။ အလုပ် က ထွက်ပြီး မန္တလေး မှာ ဆေး နဲ့ ဆေးပစ္စည်း ရောင်းတယ် ။ ကျွန်တော် က ဂီတ ဝါသနာ ပါ တော့ စောင်းဆရာကြီး အင်းလေး ဦးမြင့်မောင် ဆီ မှာ ပတ္တလား တီး သင်တယ် ။

ရန်ကုန် ရောက် တော့ ဘဝ ရပ်တည်မှု အတွက် ကလေးတွေ ကို ဟုမ်းကျူရှင် ( home tution ) ပြ တယ် ။ ကျွန်တော် ကျူရှင် ပြ ရင်း နေတဲ့ အိမ် က ဓာတ်ပုံဆိုင် ဖြစ် နေတယ် ။ ဂွတ္တလစ် ဦးချစ်မောင်လမ်း က ဌေးမွန် ဓာတ်ပုံတိုက် ပေါ့ ။ ဆရာဦးသိန်းမြင့် ဆရာ ကတော် ဒေါ်ခင်မြ တို့ ဆီ က ဓာတ်ပုံပညာ အခြေခံ က အစ သင်ခဲ့ရတာ ။

ဓာတ်ပုံဆိုင် မှာ အင်ဒိုးဓာတ်ပုံ ရိုက်တာ ဝိုင်း ကူ ရတယ် ။ အောက်ဒိုး ရိုက် ရာ လည်း လိုက်သွား ရတယ် ။ ရိုက်ထားတဲ့ ပုံတွေ ကို လိပ်စာ နဲ့ တကွ လိုက်ပို့ ပေး ရတယ် ။ တစ်ခါတလေ ဓာတ်ပုံ သွား ပို့ တဲ့ အခါ ရိုက်တဲ့ ကာယကံရှင် နဲ့ မတွေ့ဘဲ သူ့ ညီ နဲ့ တွေ့တယ် ဆိုပါတော့ ကျွန်တော့် အစ်ကို ပုံ တော့ ဟုတ်တယ် ။ ဒါပေမဲ့ ငွေ စိုက် မရွေးနိုင်ဘူး ၊ နောက် တစ်ခေါက် လာခဲ့ပါလို့ ပြောတယ် ။ နောက် တစ်ခေါက် သွား ပြန်တော့ သူ့ နှမ နဲ့ တွေ့ ပြန်တယ် ။ အစ်ကို့ ပုံ တော့ ဟုတ်ပါတယ် ။ ကျွန်မ တာဝန် မယူနိုင်ဘူး ။ သူ ရှိတဲ့ အချိန် ပြန်လာခဲ့ပါ ပြောတယ် ။ ဓာတ်ပုံ တစ်ပုံ အတွက် လေးငါး ခေါက် သွားရ ဖူးတယ် ။

ကျွန်တော် က ဆရာစိန်ဗိုလ်တင့် တို့ မြန်မာ့အသံ ကိုသစ္စာ ( ဦးဝင်းကြည် ) တို့ သားသမီးတွေ ကို စာ သင် ပေးရတယ် ။ သီချင်း ဆို တာ လည်း ဝါသနာ ပါတော့ ဆရာစိန်ဗိုလ်တင့် က စင်ပေါ် တင် ပေးတယ် ။ မြန်မာ့အသံ ကိုသစ္စာ ရဲ့အကူအညီ နဲ့ မြန်မာ့အသံ က ထုတ်လွှင့်တဲ့ အသံလွှင့် ဇာတ်ပေါင်း တစ်ရာ ကျော် မှာ ပါဝင် သရုပ်ဆောင် ခဲ့ရတယ် ။ နောက်ပိုင်း ကျ တော့ ဇာတ်လမ်းပမာ နားဆင်စရာ တို့ မှာ မင်းသား ပါ ဖြစ် သွားတယ် ။

မန္တလေး မှာ စောင်းဆရာကြီး အင်းလေးဦးမြင့်မောင် ၊ ဒေါ်ခင်မေ ရဲ့ တပည့် ဖြစ်ခဲ့ဖူးတော့ အနုပညာ အသိုင်းအဝိုင်း မှာ ခင်မင် ရင်းနှီးသူ တွေ ပေါတယ် ။ ၁၉၈၀ ခုနှစ် မှာ Pentax K 1000 ကင်မရာ တစ်လုံး ကို သုံးထောင် နဲ့ ဝယ်တယ် ။ Flash မီးကလေး တစ်လုံး ပါတယ် ။ ဘက်ထရီ နဲ့ ကင်မရာအိတ် ပါတယ် ။ ဒါလေး မဝယ်ခင် မန္တလေး သွားတော့ ဓာတ်ပုံလုပ်ငန်း နဲ့ အောင်မြင် နေတဲ့ သူငယ်ချင်း ကို ကျွန်တော် ဓာတ်ပုံလောက ထဲ ဝင်ချင်တယ် လို့ တိုင်ပင်တယ် ။ သူ က ကျွန်တော့် မှာ ငွေ အရင်းအနှီး ဘယ်လောက် ရှိသလဲ မေးတယ် ။ ငါးထောင် ဆိုတော့ မလုပ်နဲ့ တဲ့ ။ မန္တလေး မှာ နာမည်ကြီး ဓာတ်ပုံတိုက်တွေ က ငွေရင်း ငွေနှီး သိန်း နဲ့ ချီပြီး ရင်းနှီး လုပ်ကိုင် နေကြတယ် ။ ငါးထောင် လောက် နဲ့ လုပ်မှာ ဆိုတော့ အောင်မြင်ဖို့ မလွယ် ဘူးပေါ့ ။ အဲသည် အချိန် က ကျွန်တော့် အသက် က ၃၀ လောက် ရှိပြီ ။ အဲသည် အချိန် ရောက် မှ ဓာတ်ပုံဆရာ ဘဝ ကို စ ရ မှာ ။ ဘဝသစ် လုပ်ငန်းသစ် စ ရာ မှာ လွဲ သွားမှာ စိုးလို့ သူ က သတိ ပေးတာပါ ။ လမ်းကြောင်း လွဲ သွားရင် မကောင်းဘူး ပေါ့ ။ စေတနာ နဲ့ ပြောတာပါ ။ ကျွန်တော် က အနုပညာသမားတွေ နဲ့ ရင်းနှီးတော့ အောင်မြင်မယ် လို့ ယုံကြည်မှု ရှိတယ် ။

ဂီတစာဆို မောင်ကြေးမုံ နဲ့ ဆက်မိပြီး သူ့ ကက်ဆက်ဇာတ်လမ်းခွေ အတွက် ကာဗာပုံ တွေ ရိုက် ပေး ရတယ် ။

၁၉၈၀ ခုနှစ် မှာ ပဲ ရုပ်ရှင်ကောင်စီ မှာ တာဝန်ခံ ဓာတ်ပုံဆရာ ဆိုပြီး ဝန်ထမ်း စ ခန့်တယ် ။ ကျွန်တော် အဲသည် မှာ ပဲ နေ ရတယ် ။ ကျွန်တော့် ဘဝ က အိမ်ပိုင် မရှိဘူး ။ ရုပ်ရှင်ကောင်စီ က ခန့် ထားတော့ ဂီတကောင်စီ က လည်း ဓာတ်ပုံဆရာ လိုရင် ကျွန်တော့် ကို သုံးတယ် ။ သဘင်ကောင်စီ က လည်း သည်လိုပဲ ။ ရုပ်ရှင် ၊ သဘင် ၊ ဂီတ သုံးခု လုံး ရဲ့ ကင်မရာမင်း ဆိုတဲ့ အခွင့်ထူးကလေး ကျွန်တော် ရတယ် ။

ဇာတ်သဘင်တွေ ထဲ က တွံတေးသိန်းတန် ၊ ကိုချမ်းသာ ၊ ကိုနန်းဝင်း တို့ ကိုသိန်းဇော် တို့ နဲ့ ခင်မင်တယ် ။ ဇာတ်သဘင်တွေ ကို ည ည သွား ရိုက် ရတာ အိပ်ရေး တွေ ပျက်လို့ မျက်တွင်း ဆို ဟောက်ပက် လက် နဲ့ နှိုက် လို့ ရတယ် ။

ကိုနန်းဝင်း က ကျွန်တော် ရိုက်ခဲ့တဲ့ ဓာတ်ပုံ ကို ကြည့်ပြီး အစ်ကို အနုပညာ လေ့လာ ဖူးတော့ အစ်ကို ရိုက်တဲ့ ပုံတွေ က အဆင်ပြေတယ် တဲ့ ၊ အက မှာ စည်းချက် ဝါးချက် ညီညီ က ရတယ် ။ လက် ချိုးတာ က အစ စည်းကိုက် ဝါးကိုက် ချိုး တာ ။ ကျွန်တော် က ဂီတ ကို လေ့လာထား တော့ လက် အချိုးအချ အံကျ ရိုက် နိုင်ခဲ့တယ် ။ စတိတ်ရှိုးတွေ ရိုက် တော့ လည်း ပလေးဘွိုင်းသန်းနိုင် က ကျွန်တော့် ပုံ ကို ရစ်သမ် အကျဆုံး ပဲ လို့ ချီးကျူးတယ် ။

ကျွန်တော့် ဆရာ တစ်ယောက် ဖြစ်တဲ့ ဦးမျိုးအောင် ( ရှမ်းပြည် ) က မင်း ဝင်္ကဘာ ထဲ မှာ ပဲ ကျေနပ် မနေနဲ့ လို့ ပြောပါတယ် ။ ရုပ်ရှင်လောက ထဲ မှာပဲ တင်းတိမ် မနေစေချင် လို့ ပြောတာပါ ။ ရုပ်ရှင်ကောင်စီ က ဝင်္ကဘာလမ်း ထဲ မှာ ရှိ တာလေ ။

၁၉၈၄ ခုမှာ ရုပ်ရှင်ကောင်စီ က သရုပ်ဆောင်သင်တန်း ဖွင့်တယ် ။ ထွန်းလုံရှိန် ၊ မိုးမြင့်ရှိန် ၊ ဘိုမြင့်ရှိန် ၊ မေသန်းနု ၊ သီတာသိမ့် ၊ ဆုမုတြာ ၊ သန်းသန်းစိုး တို့ တက် တာပေါ့ ။ ဒါရိုက်တာ သင်တန်း မှာ လည်း ကိုဗေဒါ ၊ ကိုရာမ ၊ ကိုကိုလေး ၊ စင်ရော်မောင်မောင် တို့ တက် ကြတာပေါ့ ။ သည် သင်တန်းတွေ မှာ ကျွန်တော် က အစ အဆုံး မှတ်တမ်း ဓာတ်ပုံ ရိုက် ရတယ် ။ သင်တန်းတွေ မှာ နားထောင် ရင်း ဓာတ်ပုံ ရိုက်ပေးရင်း နဲ့ အနုပညာလောက နဲ့ ဆက်နွယ်မှု ကို ကျွန်တော် ရတယ် ။ ရုပ်ရှင်ကောင်စီ က ထုတ် တဲ့ မဂ္ဂဇင်း ၊ ဂျာနယ် ၊ မျက်နှာဖုံးဓာတ်ပုံ နဲ့ အတွင်း ဓာတ်ပုံ တွေ ကို တာဝန်ခံ ဓာတ်ပုံဆရာအဖြစ် ရိုက်ပေး ရတယ် ။ နတ်ရေကန် အလှကုန် လုပ်ငန်းကြော်ငြာ တွေ လည်း အများကြီး ရိုက်ပေး ရတယ် ။ အဲသည်တုန်း က ရှိတဲ့ သတင်းစာ ခြောက်စောင် မှာ နတ်ရေကန် ကြော်ငြာ တွေ က အလှည့်ကျ နေ့စဉ် လိုလို ပါ နေတာ မို့ ကျွန်တော့် နာမည် က အလိုလို လူသိ များ နေ တာပေါ့ ။

အဲသည် နှစ် မှာ ပဲ ဆရာဦးမျိုးအောင် ( ရှမ်းပြည် ) က မိတ်ဆက် ပေးလို့ မြန်မာနိုင်ငံဓာတ်ပုံအသင်း ကို အသင်းသားသစ် အဖြစ် ဝင် တယ် ။ အခြေခံ ဆေးရောင်စုံ နဲ့ အဖြူအမည်း သင်တန်း လည်း တက်တယ် ။ ဓာတ်ပုံသင်တန်း အပတ်စဉ် ၁၅ တက် တဲ့ အချိန် မှာ ဆရာတွေ သင်တာ က Man behind the camera ( ကင်မရာ နောက်က လူ ) က အရေးကြီးတယ် ။ သူ က အသုံးချ တာ တဲ့ ။

ကျွန်တော် ကင်မရာ ကောင်း မကိုင်နိုင် သေး ပေမဲ့ ထူးချွန် ထက်မြက်ချင် တဲ့ စိတ်ကလေး နဲ့ ကြိုးစားခဲ့တာဗျ ။

ကျွန်တော့် ဘဝ အတွက် ဂုဏ်ယူစရာ အကောင်းဆုံး ကတော့ သင်တန်းသားတွေ ပထမဆုံး အောက်ဒိုး ခရီးစဉ် အဖြစ် မှော်ဘီ ၊ တိုက်ကြီး သွားတဲ့ အခါ ဓာတ်ပုံပြိုင်ပွဲ မှာ ကျွန်တော် ပထမဆုံး အကြိမ် စ ပြိုင် ပြိုင်ချင်း ပထမ ဆု ရ တာပါ ။

၁၉၈၄ ခုနှစ် က စပြီး ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲ တွေ ဝင်ပြိုင် ခဲ့တာ ဆုရ ဓာတ်ပုံ တစ်ရာ ကျော် ရှိခဲ့ပါပြီ ။ ဆု တံဆိပ်ပေါင်း ၆၆ ခု ရရှိခဲ့ ပြီးပါပြီ ။

၂၀၀၂ ခု မှာ လုပ်တဲ့ ၆၂ ကြိမ်မြောက် နိုင်ငံတကာ ဂျပန်ဆလွန်း ဓာတ်ပုံပြိုင်ပွဲ မှာ winner ရွှေတံဆိပ်ဆု ရတယ် ။ ပြိုင်ပွဲဝင် နိုင်ငံ ၄၁ နိုင်ငံ က ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၆၃၇၄ ပုံ မှာ မြန်မာနိုင်ငံ က လေးဦး ရတယ် ။ ကျွန်တော် က တစ်ဦး အပါအဝင် မို့ ဝမ်းသာပါတယ် ။ ၂၀၀၃ ခုနှစ် ၆၃ ကြိမ်မြောက် မှာ နိုင်ငံ ပေါင်း ၄ဝ က ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၆၃၄၀ ထဲ မှာ ကျွန်တော် winner ရွှေတံဆိပ်ဆု ရ ပြန်တယ် ။ နှစ်နှစ် ဆက်တိုက် ရ တာပေါ့ ။ မြန်မာပြည် က အဲသည် နှစ် က သုံးဦး ဆု ရ ကြတယ် ။ ၂၀၀၄ ခုနှစ် ၆၄ ကြိမ်မြောက် ဂျပန်ဆလွန်း မှာ ၃၆ နိုင်ငံ က ပုံပေါင်း ၇၉၄၄ ပုံ ပြိုင်ကြတာ ၊ မြန်မာနိုင်ငံ က လေးဦး ဆု ရ ကြတယ် ။ ကျွန်တော် က winner ရွှေတံဆိပ် ကို သုံးနှစ် ဆက်တိုက် ရတော့ အတိုင်းမသိ ဝမ်းသာ ဂုဏ်ယူ တာပေါ့ ။ ပိုပြီး ဂုဏ်ယူတာ ကတော့ ကိုရီးယား ဆလွန်းပြိုင်ပွဲ မှာ မြန်မာပြည် က ၂၅ ကြိမ်မြောက် အထိ အဖြူ / အမည်းကဏ္ဍ မှာ ဆုကြီး မရဖူးကြ သေးဘူး ။ ၂၅ ကြိမ်မြောက် ပြိုင်ပွဲ မှာ ကျွန်တော် က တစ်နှစ် တည်း မှာ ကြေးတံဆိပ် နှစ်ခု တစ်ယောက် တည်း ဆွတ်ခူး ရရှိ လိုက်တာပါပဲ ။

သည်နေ့ အထိ ကျွန်တော့် ဘဝ ကို ဓာတ်ပုံပညာ တစ်ခု တည်း နဲ့ ပဲ ရပ်တည် နေတာပါ ။ ဓာတ်ပုံ ဝါသနာ ပါ လို့ ဘဝ ကို ရပ်တည်ချင်တယ် ဆို ရင် you can , if you try ကြိုးစားရင် ဖြစ်နိုင်တယ် လို့ ပဲ ပြောချင် တာပါ ။

ဓာတ်ပုံပညာ ကို လိုလိုလားလား နဲ့ သင်ယူ ချင်တဲ့ နယ် က ကလေးတွေ ကို ဓာတ်ပုံပညာ သင်ပေးခဲ့တာ ၃ - ၄ဝ ရှိ သွားပါပြီ ။ ပညာဒါန ပေါ့ ။ ဓာတ်ပုံပညာ သာ မဟုတ်ဘူး ။ ကျောင်းပညာ ပါ သင်ချင်တဲ့ သူတွေ ကို လည်း ကျောင်း ထား ပေးတာ ၊ ဘွဲ့  ရတဲ့ လူတွေ ရှိသွားပြီ ။ နှစ်ယောက် ဆို ရင် မဟာသိပ္ပံ ဘွဲ့ တောင် ရ သွားပါပြီ ။ အခုလည်း အိမ် မှာ ဘွဲ့ ရပြီး တစ်ယောက် ၊ ဒုတိယနှစ် တက် နေတဲ့ ကျောင်းသား တစ်ယောက် နဲ့ ပထမတန်း ကျောင်းသူကလေး တစ်ယောက် ရှိ နေတယ် ။ တတ် တဲ့ ပညာတွေ ကို ဖြန့်ဝေ ပေး နေပါတယ် ။

ကျွန်တော့် ကို ဓာတ်ပုံပညာ သင် ပေးခဲ့တဲ့ ဆရာတွေ ရဲ့ ကျေးဇူး ကို ဓာတ်ပုံပညာ နဲ့ ပြန်လည် ပေးဆပ်ဖို့ ဆုံးဖြတ် ထားပါတယ် ။

◾ကျော်ရင်မြင့်

◾ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment