❝ ဘယ် က လာ သလဲ ဘယ် နယ် ကလဲ ❞
သူ့ ကလောင်နာမည် က ခပ်ဆန်းဆန်း ။ သူ ရေးတဲ့ ဝတ္တုခေါင်းစဉ် ကလေးတွေ က လည်း ခပ်ဆန်းဆန်း ။ သူ့ ကို ကိုယ်တိုင် တွေ့တော့ ခင်မင် နှစ်လိုဖွယ်ရာ ကောင်းတဲ့ အပြုံး နဲ့ ခဏချင်း မှာ ပဲ ညီရင်းအစ်ကို လို ခင်မင် သွားအောင် စကား ဆို တတ် သေးတယ် ။ သူ့ ကို မမြင်ဘူး ခင် သူ့ ကလောင် နာမည် ကို ကြားဖူး ခါစ က တိုင်းရင်းသူလေး လား လို့ ထင် မိ ခဲ့တယ် ။ သူ ကတော့ ဒီနေ့ ဆယ်ကျော်သက်တွေ ကြား မှာ ရေပန်းစား လာတဲ့ အချစ် ၊ အနု ၊ အလှအပကလေးတွေ ကို ခံစား တင်ပြတတ်တဲ့ “ နွမ်ဂျာသိုင်း ” ပါပဲ ။
အချစ်ဆုံးလည်း ဖြစ်ခဲ့ဖူးပါတယ်
ရက်ရွေးမနေပါနဲ့ ကိုကိုရယ်
အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ
အလယ်ကလူ စကားဝဲ၏
တစ်ခါတုန်းက တက္ကသိုလ်မှာ ...
စတဲ့ အချစ်ဝတ္ထု နဲ့ ပေလွှာဖူးသစ် တို့ ရဲ့ အသည်းနှစ်လုံး ကို ဆွဲကျုံး ယူငင်နို င်ခဲ့တဲ့ နွမ်ဂျာသိုင်း ကို ဒီ လ စာချစ်သူများ နဲ့ တွေ့ဆုံ ပေးဖို့ စီစဉ် ထားပါတယ် ။ နွမ်ဂျာသိုင်း ကို တွေ့မယ် လို့ စီစဉ် ပြန် တော့ လည်း နွမ်ဂျာသိုင်း စာအုပ်တွေ ဖတ် ရ ပြန်ပါတယ် ။ အခု နောက်ဆုံး ထုတ်တဲ့ တစ်ပင် တည်း ရင်ထဲက နွယ် အပါဝင် ဆိုရင် သူ့ ရဲ့ လုံးချင်းများ ၉ အုပ် တိတိ ရှိ သွားပါပြီ ။ သူ့ ဝတ္ထုစာအုပ် ဖတ်ပြီး ကျွန်တော် ဘက် က အဆင်သင့် ဖြစ်တဲ့ အချိန် မှာ မမျှော်လင့်ဘဲ ကျွန်တော့် ကျန်းမာရေး အခြေ အနေ က ဖောက်ပြန် လာတယ် ။ အူရောင်ငန်းဖျား ရောဂါ နဲ့ အိပ်ရာ ထဲ မှာ ရက် ၂ဝ လောက် နေ လိုက် ရတယ် ။ ဖတ်ပြီးသားကလေးတွေ ခေါင်း ထဲ မှာ မေ့တေ့တေ့ ဖြစ် ကုန်တယ် ။ စကား ပြော နိုင်တဲ့ နေ့ မှာပဲ ဆရာနွမ်ဂျာသိုင်း နဲ့ တွေ့ ပြီး မေးချင်တာ လေး တွေ မေး ခဲ့ပါတယ် ။ တကယ်လို့ များ မပြည်မစုံ ဖြစ်ခဲ့ရင် ကျွန်တော် ချို့ယွင်းချက် သာ ဖြစ်ကြောင်း ကြိုတင် တောင်းပန် စကား ဆိုထား လို ပါတယ် ။
••••• ••••• •••••
“ ဆရာ ... ဆရာ အတွက် ကျွန်တော် က ဘယ်က လာသလဲ ဘယ် နယ် ကလဲ ဆိုတဲ့ ခေါင်းစီး ကို ရွေး ထားတော့ ပထမဆုံး မေးချင်တဲ့ မေးခွန်း က လည်း ဘယ် က လာသလဲ ဘယ်နယ် ကလဲ ဆို တာပဲ မေး ပါရစေ ”
“ အေးဗျာ .. လာတဲ့ နယ်ပယ် ကို ပြော ရရင်တော့ ကျွန်တော့် မိဘ ဆွေမျိုး အသိုင်းအဝိုင်း မှာရော ညီအစ်ကို မောင်နှမ တွေမှာ ပါ အနုပညာ နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း လုံးဝ မရှိပါဘူး ။ ကျွန်တော့် မိဘ အသိုင်းဝိုင်း အားလုံး လိုလို ကုန်သည်တွေ ချည်းပါပဲ ။ တခြား အစိုးရ အမှုထမ်း အချို့ ရှိပေမဲ့ အနုပညာ နဲ့ ပတ်သက်တာ ကတော့ တစ်ယောက် မှ မပါဘူး ။ ဒါပေမဲ့ ကျွန်တော့် ကျတော့ တစ်မျိုး ဖြစ် သွားတယ် ။ ငယ်ငယ်ကလေး ကတည်း က အစဉ်အဆက် မဟုတ်ဘဲ နဲ့ စာ ကို ဝါသနာ ပါခဲ့ တယ် ။ အဲ့ဒီတော့ ငယ်ငယ်တုန်း ကတော့ တစ်နယ် က ပေါ့ဗျာ ။ နောက်တော့ စာပေနယ် ရောက် လာတယ် ပြော ရမှာပေါ့ ။ ကျွန်တော် စာ စ ရေးတဲ့ အချိန် က စပြီး ခုထိ ဝါသနာ အပါဆုံး နဲ့ စိုက်လိုက်မတ်တတ် လုပ် လာ တာ စာပေ တစ်ခု ပဲ ရှိ ပါတယ် ။ တခြား ကျွန်တော် ဘာမှ မလုပ်ပါဘူး ”
“ ဆရာ ဇာတိ က ကော ”
“ မွေးတာ ကတော့ သာစည် မှာပါ ၊ ဒါပေမဲ့ ကျွန်တော် မမှတ်မိဘူး ၊ လုံးဝ မမှတ်မိတဲ့ နေရာ ဖြစ်သွားပြီ ။ နောက် အမေ ပြန် ပြော သလောက် ဆိုရင် လွိုင်ကော် မှာ နေခဲ့ဖူး တယ် ။ နောက်ပြီးတော့ လှည်းကူး မှာ နေခဲ့ဖူးတယ် ။ ဒါပေမဲ့ ကျွန်တော် မမှတ်မိဘူး ။ ကျွန်တော် မှတ်မိတဲ့ အချိန် မှာ အင်းစိန် ရောက် နေကြပြီ ”
“ ကချင်ပြည်နယ် တော့ မဟုတ်ပါဘူးနော် ဆရာ ”
“ မဟုတ်ပါဘူးဗျာ .. ဟဲဟဲ ”
( ကျွန်တော့် နား ထဲ တွင် သူ့ ရယ်သံ နားထောင် ရ တာ သူ့ ဘဝတွေ ထဲ က မင်းသားတွေ ရဲ့ ရယ်သံ လို ပဲ ။ )
“ ဆရာ ပြောသွား သလောက် ဆိုရင် ကချင်ပြည်နယ် နဲ့ လုံးဝ မပတ် သက်ခဲ့ဘူး ဆိုတာ တွေ့ရတယ် ။ ဆရာ့ ကလောင် အမည် ကျ တော့ ဘာဖြစ်လို့ “ နွမ်ဂျာသိုင်း ” လို့ ယူ ထား တာလဲ ”
“ အဲ ... အဲ .. ဒီ မေးခွန်း က တော့ ကျွန်တော့် ဘဝ မှာ အဖြေရဆုံး နဲ့ အဖြေရ အတော် ကျပ်တဲ့ မေး ခွန်းပါပဲ ။ တကယ် ပြောတာပါ ။ တော်တော် ကို အဖြေရ ကျပ်တဲ့ မေးခွန်း ပါ ။ အရင် တုန်း က ကျွန်တော် ကဗျာတွေ ရေး တော့ တခြား ကလောင် နာမည် တစ်ခု နဲ့ ရေးပါတယ် ။ အသိ ပေးရရင်တော့ “ မောင်မိုးခက် ” ဆိုတဲ့ ကလောင် နာမည် နဲ့ ရေးခဲ့ ပါတယ် ။ အဲဒီလို ရေးခဲ့ ရာ က နေပြီးတော့ စက်မှုတက္ကသိုလ် ဒုတိယ နှစ်လောက် မှာ နွမ်ဂျာသိုင်း ဆိုတဲ့ နာမည် ကို အမှတ်မထင် ပြောင်း လိုက် မိတာပါ ။ အမှတ်မထင် ဆိုတဲ့ နေရာ မှာ ရည်ရွယ်ချက် ကြီးကြီးမားမား ရယ်လို့ လုံးဝ မပါဘူး ”
“ အမှတ်မထင် ဆိုပေမဲ့ အမှတ်မထင် အကြောင်း ကလေး တစ်ခု ရှိ မှာပေါ့ ဆရာ ”
“ အေးဗျာ အမှတ်မထင် အ ကြောင်းကလေး တစ်ခု ကြောင့် ဆိုကြပါစို့ ”
“ စက်မှု တက္ကသိုလ် က ကချင်မလေး တစ်ယောက် ကို အကြောင်းပြုပြီး တော့ များ ပြောင်းလိုက်သလား ဆရာ ”
“ မဟုတ်ပါဘူး ။ ဒီ နာမည် ကို ကချင် နာမည် လား လို့ ကချင်ပြည်နယ် က သူငယ်ချင်း တစ်ယောက် ကို ကချင်ပြည်နယ် မှာ ဒီ နာမည် မျိုး ရှိ သလား ဒါမှမဟုတ် ဒီ နာမည် ကို ကချင်စကား နဲ့ အဓိပ္ပယ် ဖော်လို့ ရ သလား လို့ မေး ကြည့်ဖူးပါတယ် ။ သူ က ကချင် နာမည် ထဲ မှာ လည်း ဒီ နာမည် မျိုး မရှိဘူး ၊ ကချင်စကား နဲ့လည်း ဒီ နာမည် ကို လုံးစေ့ ပတ်စေ့ အဓိပ္ပာယ် ဖော်လို့ မရဘူး လို့ ပြောတယ် ။ ဒီ နာမည် ကို ဘာကြောင့် ကျွန်တော် ယူ ရ တာလဲ လို့ မေး လာတိုင်း ကျွန်တော် ကိုယ်တိုင် လည်း ဝေ့လည်လည် ပဲ ။ တစ်ခုတော့ ရှိတယ် ။ အဲဒီ နာမည် ယူတဲ့ အ ချိန် မှာ သူငယ်ချင်း ကို နာမည်သစ်ကလေး တစ်ခု နဲ့ ပြ ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက် တော့ ပါတယ် ။ ဘာဖြစ် လို့လည်း ဆိုတော့ “ မောင်မိုးခက် ” နဲ့ ရေး ထားတာတွေ ကို ပြ ရင် ဒီ ကောင်တွေ က လုံးဝ မလေးစားဘူး ဗျ ။ ဘာပဲ ရေးရေး ဟား ပစ်ကြတယ် ။ ဒါကြောင့် ကျွန်တော် နဲ့ သိပ် ဝေး တဲ့ ကျွန်တော် နဲ့ ဘယ်လို မှ ဆက်စပ်လို့ မရတဲ့ နာမည် တစ်ခု ကို ယူ လိုက်တာပါပဲ ။
ဒီ နာမည် နဲ့ ပတ်သက်ပြီး နယ် က စာဖတ် ပရိတ်သတ် တစ်ဦး က ကျွန်တော့် ဆီ ကို စာ လှမ်း ရေးဘူး ပါတယ် ။ အနုပညာ လောက မှာ တိုင်းရင်းသား နာမည် တွေနဲ့ အောင်မြင်နေကြ လို့ ဒီ နာမည် ကို ယူ တာလား တဲ့ ။ အမှန်က “ နွမ်ဂျာသိုင်း ” ဆိုတဲ့ နာမည် ကို ကျွန်တော် ယူတဲ့ အချိန် က ၁၉၇၀ - ၇၁ လောက် ပဲ ရှိပါသေး တယ် ။ အဲဒီ အချိန်တုန်းက တိုင်းရင်းသား နာမည် တွေ လည်း အခုလို အနုပညာ လောက မှာ ရေပန်း မစားသေးပါဘူး ။ ဒါက ကိုဝင်းငြိမ်း မေး တာ နဲ့ ကြုံတုန်း ကျွန်တော် ပရိသတ် ကို ပါ ပြော ပြချင်တာပါ ”
“ ဆရာ အထက်တန်းကျောင်း ကို တော့ အင်းစိန် က ပဲ အောင်တာပါ နော် ”
“ ဟုတ်ပါတယ် ။ ကျွန်တော် အင်းစိန် အ.ထ.က ( ၂ ) က အောင်ခဲ့ပြီး စက်မှု တက္ကသိုလ် ပဉ္စမနှစ် အထိ တက်ခဲ့တာပါ ။ နောက် စာပေး စာယူ ဖြေပြီး သိပ္ပံဘွဲ့ ရ ခဲ့ပါတယ် ။ နောက် မဟာသိပ္ပံတန်း ကို တော့ တစ်နှစ် ပဲ တက် ဖြစ်ပါတယ် ”
“ ဆရာ စာ စရေး ဖြစ်တာ ဘယ်မှာ စ ရေးဖြစ်လဲ ”
“ ကျွန်တော် ပထမဆုံး အဟိ မှာ စ ရေးတယ် ။ ကိုယ့် စာ ကို ကိုယ် ပုံနှိပ်စာလုံး နဲ့ ပထမဆုံး စ တွေ့ဖူး တာ ကတော့ ၁၉၆၈ ခုနှစ် မှာပါ ။ အဲဒီ အရင် သုံး လေးနှစ် လောက် ကတော့ ကျောင်နံရံကပ် စာစောင် တွေ မှာ ရေး ခဲ့ရတာပေါ့ ။ အဟိ မှာ တော့ ဟာသဝတ္ထု ဆန်ဆန်ကလေး တွေ ရေး ခဲ့တယ် ။ အဟိ မှာ က ကလောင်သစ် တွေ များများ သုံးတယ် ဆိုတော့ ဝင် တိုး ရတာ လွယ် တယ်လေ ။
ဆရာသော်တာဆွေ ရဲ့ အဟိ က နေ ဆရာရွှေတည်ရန်နောင် က သောင်းပြောင်းထွေလာ ခွဲ ထွက် လာတော့ ကျွန်တော် လည်း သောင်းပြောင်းထွေလာ မှာ ရေး ဖြစ်ပြန်တယ် ။ အဲဒီ နောက်တော့ ... ပျော်တော်ဆက် တိုင်ရင်းမေ တို့ မှာ ကဗျာကလေး တွေ ရေး ဖြစ်တယ် ။ မဂ္ဂဇင်းကြီးတွေ ကတော့ နောက်ပိုင်း ၇၀ - ၇၁ လောက် မှ ပဲ ပါ ဖူးပါတယ် ။ ရေးဖူး တာတွေ က တော့ ရှုမဝ ၊ သပြေ ၊ ဂီတပဒေသာ အဲဒီတုန်း က တော့ ဒါလောက် ပါပဲ ။ အဲဒါတွေ မှာ ကျွန်တော် တောက်လျှောက် ကဗျာတွေ ပဲ ရေး ခဲ့တာပါ ”
“ ဝတ္ထု က ဘယ်တော့မှ ရေးဖြစ်သလဲ ”
“ စက်မှုတက္ကသိုလ် ရောက် တော့ ဝတ္ထုကလေး တစ်ပုဒ် ကျွန်တော် စမ်း ရေးပါတယ် ။ အဲဒီ နောက်ပိုင်း ကျွန်တော် မရေးဖြစ်ဘူး ။ ပထမဆုံး ဝတ္ထုတို က အဲဒီ စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း မှာ ပါတဲ့ ဟာ ပဲပေါ့ ။ နောက် ရှုမဝ မှာ ချစ်ကိုယ်တွေ့ ကလေး တစ်ပုဒ် ရေး ဖြစ်တယ် ။ နောက် မရေးဖြစ် ပြန် တော့ဘူး ။ စာပေး စာယူ သင်တန်း တက်တော့ နှစ်လည်မဂ္ဂဇင်း မှာ နောက် ဝတ္ထုတို တစ်ပုဒ် ရေးဖြစ် သွားပြန်တယ် ။ အဲဒါ ကတော့ ၇၇ - ၇၈ ပေါ့ ။ အဲဒီ နောက်တော့ ကျွန်တော် အတိုတွေ မရေးဖြစ်တော့ ဘဲ “ အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ ” က အစ လုံးချင်းတွေ ဘဲ တောက်လျှောက် ရေး ဖြစ်ပါတယ် ”
“ ဒါဆို အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ က ဆရာ့ ပထမဆုံး လုံးချင်း လို့ ပြောရမှာပေါ့ ”
“ လုံးချင်း ဆိုတာ ထက် ဝတ္ထုရှည် လို့ ခေါ် ရင် ပို သင့်တော် မလား မသိဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ဝတ္ထု က ဆရာငြိမ်းကျော် ၊ မင်းလူ နဲ့ ကျွန်တော် သုံးယောက် တစ်တွဲ ထုတ်တာလေ ။ အဲဒီ မတိုင် ခင် ကျောင်း က လည်း မတက်ရသေးတော့ ကျွန်တော် ရုပ်ပြဇာတ်လမ်းတွေ ရေးခဲ့တယ် ။ ကဗျာ ရေး ရာ ကနေ ဝတ္ထု အကူး မှာ ရုပ်ပြ ဇာတ်လမ်း တွေ ရေးတာ က ကျွန်တော့် အတွက် ဝတ္ထု ရေးရာ မှာ တော်တော် အထောက်အကူ ပြုပါတယ် ။ ကျွန်တော့် ဇာတ်လမ်းတွေ ကို ကာတွန်း မျိုးမြင့် တို့ ၊ ကာတွန်း လှမြင့် တို့ က ဆွဲခဲ့ ကြတယ် ”
“ ရုပ်ပြဇာတ်လမ်း ဘယ်နှပုဒ် လောက် ရေးခဲ့လဲ ”
“ လေး ငါး ဆယ်အုပ် တော့ ရှိမယ်ဗျ ။ အဲဒီတုန်း က ရေး ထားတာတွေ ခုတောင် နည်းနည်းပါးပါး ကျန်တာ ရှိသေးတယ် ”
“ ဆရာ အခု လုံးချင်း ထွက် ပြီးတာ ဆယ်အုပ် ရှိပြီနော် ”
“ အဲ ... တစ်ယောက်တည်း လုံးချင်း အနေ နဲ့ တကယ်က ရှစ်အုပ် ပဲ ရှိပါသေးတယ် ။ ကဗျာလုံးချင်း ထုတ်ထားတာ ရယ် ဆရာငြိမ်းကျော် တို့ နဲ့ တွဲ ထုတ်ထားတာကလေး ကိုလည်း ကျွန်တော် က လုံးချင်း အနေ နဲ့ သတ်မှတ် ထားတော့ ဆယ်အုပ် ဖြစ် သွားတာပေါ့ ”
“ ရေးခဲ့သမျှ ထဲ မှာ ဘယ်ဝတ္ထု ကို အားအရဆုံးလဲ ”
“ အားအရဆုံး ဆိုရင် နည်းနည်းတော့ ခွဲ ပြော ရလိမ့်မယ် ။ အကြောင်းအရာ အရ ကျွန်တော် ရေးလို့ အားအရ ဆုံးကတော့ ' မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူး ' ကို ကြိုက်တယ် ။ ကိုယ့် ရဲ့ ခံစားမှု နဲ့ အကြိုက် ဆုံးကတာ့ ' အချစ်ဆုံးသူရဲ့ အတ္ထုပတ္တိ ' ၊ ကျွန်တော့် အသိုင်းအဝိုင်းတွေ ဘာတွေ အကြောင်းအရ ဆိုရင် ' တစ်ခါတုန်းက တက္ကသိုလ် ' ၊ အရေးအသား အရ ရွေးရမယ် ဆိုရင်တော့ အခု နောက်ဆုံး ထုတ်တဲ့ ' တစ်ပင်ထဲ ရင်ထဲကနွယ် ' ပေါ့ ”
“ ဆရာ့ ဝတ္တု တချို့ ရုပ်ရှင် ရိုက်ဖို့ တင် ထားတယ် ဆို ”
“ ဟုတ်ပါတယ် ။ နှစ်ပုဒ် က တော့ လုံးဝ အပယ် ခံရတယ် ။ ' အချစ်ဆုံးသူရဲ့ အတ္ထုပတ္တိ ' နဲ့ ' ရက်ရွေးမနပါ နဲ့ ကိုကိုရယ် ' လေ ။ ရိုက်ဖို့ ကျ ပြီးသား ကား က တော့ ' အလယ်ကလူ စကားဝဲ၏ ' ၊ နာမည်တော့ ပြောင်း ထားတယ် ပေါ့လေ ။ ' လွမ်းနေတယ် မမ ' ဆိုပြီး ရိုက်ပါလိမ့်မယ် ။ ကျွန်တော် သိ သလောက်တော့ ကျော်ဟိန်း ၊ ချိုပြုံး ၊ ခင်သီတာထွန်း တို့ နဲ့ ရိုက်မယ် လို့ ကြား ပါတယ် ။ ဒါရိုက်တာ က တော့ ကျွန်တော် မသိပါဘူး ”
“ ' အလယ်ကလူ စကားဝဲ၏ ' နဲ့ ပတ်သက် လို့ ကျွန်တော် နည်းနည်း မေးချင်ပါတယ် ။ ဇာတ်လမ်း က မင်းသား ရန်နိုင်ဒွေး က ငယ်ငယ် ကတည်း က ကျောင်းနေဖက် သူငယ်ချင်းမလေး နွယ်မွန် ကို ချစ် တယ် ။ ချစ်ရေး ဆို လိုက်ရာ မှာ နွယ်မွန် က ပညာသင်ချိန် မစဉ်းစားသေးဘူး ဆို လို့ စိတ်ဓာတ် ကျ သွား တယ် ။ ဒီ ကြားထဲ မှာ သူ နဲ့ မတည့်တဲ့ မော်စီ တို့ နဲ့ နွယ်မွန် က သင်္ကြန် လည် ဦးမယ် ကြား တော့ ရန်နိုင်ဒွေး က သူ့ မိဘ တွေ ဆီ ခွင့် တောင်းပြီး တောင်ကြီး ကို အလည် ထွက်ခဲ့တယ် ။ အဲဒီမှာ အေးမမနိုင် ဆိုတဲ့ မမ ကို တွေ့ သွားပြီး ချစ်မိသွား ကြတယ် ။ ဒါကို အေးမမ ကို တစ်ဖက်သတ် ကြိုက် နေတဲ့ လူ က သိ သွားတော့ သူတို့ နှစ်ယောက် ကို သေနတ် နဲ့ ပစ်တယ် ။ ကံကောင်းလို့ မသေဘဲ ဆေးရုံ ရောက် သွားတယ် ။ ရန်ကုန် က အဖေ ၊ အမေ ၊ အစ်ကို နဲ့ နွယ်မွန် ရော သူ့ မိဘတွေ ပါ လိုက်လာကြ တယ် ။ နွယ်မွန် ကို ရန်နိုင်ဒွေး ရဲ့ ကိုကို က သူ့ ညီ ခံစားချက်တွေ ရှင်း ပြတော့ နွယ်မွန် က လက်ခံ တယ် ။ လူကြီးချင်း လည်း ပြောဆို ပြီး သဘော တူခဲ့ကြတယ် ။
အဲဒီမှာ အလယ်က လူ ဖြစ်တဲ့ ရန်နိုင်ဒွေး ဒုက္ခ များ တော့ တာပေါ့ ၊ နွယ်မွန် ကလည်း သူ့ ကို ချစ်နေပြီ ။ တစ်ဖက် က မမ က လည်း ရှိနေတယ် ။ ဒါပေမဲ့ မမ ကို လည်း လူကြီးတွေ က ရန်နိုင်ဒွေး ရဲ့ ကိုကို ဆရာဝန် နဲ့ စေ့စပ် လိုက်ကြတယ် ။ ရန်နိုင်ဒွေး က နွယ်မွန် နဲ့ လက်ဆက်စေ သတည်း ... ။
ဇာတ်လမ်း က ဒီလို ဟုတ်ပါတယ်နော် ဆရာ ”
“ ကိုဝင်းငြိမ်း ပြောတဲ့ ဇာတ်လမ်းကျောရိုး ဟုတ်ပါတယ် ”
“ ကောင်းပြီ ဆရာ ၊ အလယ်ကလူ ရန်နိုင်ဒွေး ကို ဆရာ က ဘာကြောင့် ' စကားဝဲ၏ ' လို့ ဆိုတာလဲ ။ စကားဝဲ ၏ ဆိုတဲ့ အဓိပ္ပါယ် ကို ကျွန်တော် သိချင်ပါတယ် ဆရာ ”
“ ဒီကိစ္စ ကို ကျွန်တော် လည်း သေသေချာချာ ရှင်းပြ ချင် ပါတယ် ။
ခုနက ကိုဝင်းငြိမ်း မေး လိုက်တဲ့ အလယ်ကလူ နဲ့ ပတ်သက်လို့ ကတော့ ကျွန်တော့် မှာ ခံစားမှု ရှိပါတယ် ။ စကားဝဲ တယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြော ရရင် စကား မပီတာ ပေါ့ ဗျာ ။ ကိုယ် လိုချင်တဲ့ အသံ ၊ ကိုယ် လိုချင် တဲ့ အကြောင်းအရာ ကို ကြည်ကြည်လင်လင် ပီပီသသ မပြောနိုင်တာပေါ့ ဗျာ ။
ဒါကို ကျွန်တော် က တော့ ' စကားဝဲ၏ ' လို့ သုံး လိုက် တာပါ ။ အလယ် က လူတွေ အဲဒီလို ပဲ ဗျ ။ အလယ်ကလူ ဆိုတာ ဘယ်လို နေရာမျိုး မှာ ပဲ ရောက်ရောက် အလယ် မှာ ရှိ နေပြီ ဆိုရင် အဲဒီ လူ ဟာ စိတ်ကောင်း စေတနာ ရှိ နေရင် စကား ကို ဘယ်တော့မှ ရဲရဲတင်းတင်း ပြောလို့ မရဘူး ။ သဘောက ဗျာ ... လူ တစ်ယောက် ဟာ အလုပ်အကိုင် နေရာ တစ်ခု မှာ ပဲ ဖြစ်ဖြစ် ၊ ရန်ဘက် နှစ်ယောက် ကြား မှာ ပဲ ဖြစ် ဖြစ် ၊ အပြိုင်အဆိုင် နှစ်ယောက် ကြား မှာ ပဲ ဖြစ်ဖြစ် အလယ်မှာ ရောက်နေပြီ ဆိုရင် သူ့ အတ္တ ကို ရှေ့တန်း တင်ပြီး ဘယ်သူ့ ကို မှ မထောက် မညှာ ပြတ်ပြတ်သားသား ပြောမယ် ဆိုရင် ဒီ နေရာ မှာ ပြောလို့ ရတယ် ။
ဒါပေမဲ့ စောစာက ကျွန်တော် ပြောခဲ့ သလို ငဲ့ညှာတတ်တဲ့ လူ ၊ စိတ်ကောင်းစေတနာ ရှိတဲ့ လူ တစ်ယောက် အလယ် က လူ ဖြစ် လာပြီ ဆိုရင်တော့ သူ ပြတ်သား လို့ မရတော့ဘူး ။ ဒါကို စကားဝဲ ၏ လို့ ကျွန်တော် တင်စား လိုက်တာပါ ”
“ စာဖတ်ပရိသတ် ဆိုတာ က လည်း အမျိုးမျိုး ရှိကြတာ ဆရာ သဘောပေါက် ပါ လိမ့်မယ် ။ အခု ဆရာ့ စာအုပ်နဲ့ တွဲပြီး မေတ္တာ လက်ဆောင် ပေးတဲ့ စာဖတ်သူတွေ ရဲ့ ဝေဖန်ချက် ကို ကြည့် ရင် တချို့က လည်း မင်းသား နဲ့ မင်းသမီး ပေါင်း မှ ကြိုက်တယ် ၊ တချို့ကလည်း ကွဲတာ ကြိုက်တယ် ။ အမျိုးမျိုး ပေါ့ လေ ။ ကျွန်တော် ဆရာ့ ရဲ့ ' ရက်ရွေးမနေပါနဲ့ ကိုကိုရယ် ' ဖတ်ကြည့်တော့ ဇာတ်သိမ်း ကို အားမရ ဘူး ။ ဆရာ့ စိတ်ကြိုက် သိမ်း တာ မှ ဟုတ် ရဲ့လား ။ ပရိသတ် စိတ် အလို လိုက်ပြီး ကိုလတ် နဲ့ ခိုင်ရွှေဝါ ကို ပေါင်းပေး လိုက်သလား လို့ သံသယ ဖြစ်မိတယ် ”
“ အဲဒါကို အမှန်တကယ် ဝန်ခံရမယ် ဆိုရင် အဖြစ်အပျက် အနေ နဲ့ ကျွန်တော့် စိတ်ကြိုက် အဖြစ်အ ပျက်လို့ ပြောချင် ပါတယ် ။ ဒါပေမဲ့ ခုနေ ကျွန်တော် ပြန် ဖတ်တော့ စိတ်ကြိုက် အရေးအသား အဖွဲ့အနွဲ့ မဟုတ်တော့ဘူး ။ အားမလို အားမရ ဖြစ် မိတယ် ။ ဖြစ်စေချင်တာ က တော့ သူတို့ ကို ပေါင်း စေ ချင်ပါ တယ် ။ သင်္ကြန်တွင်းကလေး မှာ ပဲ ပြန် ဆုံစည်းစေ ချင်ပါတယ် ။ ဒါပေမဲ့ အဲဒီတုန်း က ကျွန်တော် လိုချင် တဲ့ အနက် အဓိပ္ပါယ် ကို ကျွန်တော် ပေါ်လွင်အောင် မဖော်နိုင်ခဲ့ပါဘူး ”
“ ဆရာ အချစ်ဝတ္ထုတွေ ရေးတဲ့ အခါမှာ အကြောင်းအရာ ကို ဘယ်လို ရှာသလဲ ”
“ အကြောင်းအရာ က တော့ လူတွေ ထဲ မှာ ပဲ ရှာပါတယ် ။ လူတွေ ထဲ မှာ ရှာတယ် ဆိုတာ က လွယ်ပါ တယ် ။ လူတိုင်း က ချစ်ဖူးကြတဲ့ သူတွေ ချည်း ကိုး ။ မချစ်ဖူးတဲ့ သူရယ် လို့ မရှိသလို အလွမ်းကလေး တွေ လည်း ရှိတတ်ကြတာ ကိုး ။ အဲဒီတော့ ဒါလေးတွေ ကို လိုက် နှိုက်ထုတ် လိုက်ရင် ဇာတ်လမ်း ကောင်းကလေးတွေ အများကြီး ထွက် လာတာပဲ ။ ခုတင် ကျွန်တော် စဉ်းစား နေတယ် ။ ကိုဝင်းငြိမ်း ဆီ က ဇာတ်လမ်း တစ်ပုဒ် လောက် များ နှိုက်ထုတ် လို့ ရမလားလို့ ဟားဟား ...”
“ မရဘူး ဆရာ ရေ့ ... အရင်း ထဲ ကတောင် ပါ သွားနိုင် သေးတယ် ။ ဆရာ က သူများ ရင် ထဲ က ချစ်ဇာတ်လမ်းကလေး တွေ နှိုက်ထုတ် ကောင်းလို့ ထင်တယ် ။ ဆရာ့ ဇာတ်လမ်းကလေးတွေ က True Story ကလေးတွေ လို ဖတ် ရတာ ရင်နာစရာလေးတွေ များ တယ် ။ ဥပမာ ဆိုပါတော့ ... ' မေတ္တာရှိရင်း စွဲ ' ဆိုရင် တကယ့် အဖြစ်အပျက် တစ်ပုဒ် လို ပဲ ”
“ ဟုတ်ပါတယ် ။ ' မေတ္တာ ရှိရင်းစွဲမို့ ' က တကယ့် အဖြစ်အပျက် ပါ ။ ဇာတ်ကောင် နာမည်တွေ ပြောင်း ထားတာ က လွဲ ရင် အဲဒီ ဇာတ်ကောင် အားလုံး သက်ရှိထင်ရှား ရှိနေကြဆဲပါပဲ ။ အဖြစ်အပျက် အားလုံး ကို လုံးစေ့ပတ်စေ့ ဖော်တာ မဟုတ်ဘဲ နဲ့ အဖြစ်အပျက် ထဲ က ဘဝ ရဲ့ တစ်စိတ်တစ်ပိုင်း ကို ကွက် ယူ ပြီး ကျွန်တော် ဖြစ်စေချင်တဲ့ စေတနာ နဲ့ ပေါင်း ပြီးတော့ တင်ပြပါတယ် ”
“ ဆရာ အချစ်ဝတ္တုတွေ ရေး တော့ နိုင်ငံခြား အချစ်ဝတ္တုတွေ ကော ဖတ် သလား ”
“ အေးဗျာ ... ကျွန်တော် အဲဒါကို ပွင့်ပွင့်လင်းလင်း ပြော ရရင် နိုင်ငံခြား အချစ်ဝတ္တုတွေ ကို ကျွန်တော် မကြိုက်ဘူး ။ သိပ် မဖတ်ပါဘူး ။ နိုင်ငံခြားဝတ္တု မှာ ကျွန်တော် ကြိုက်တာ က အက်ရှင်တို့ ၊ စပိုင်ဝတ္တု တို့ ၊ လျှို့ဝှက်သည်းဖို ဝတ္တု တို့ ကို ကြိုက်တယ် ။ ကျွန်တော် ကြိုက်တဲ့ အထဲ မှာ အဲဒီ ဝတ္တုအမျိုးအစား က များ ပါတယ် ”
“ ဟာရိုးလ်ရော်ဘင် ကို ဖတ် သလား ဆရာ ”
“ ကျွန်တော် ကြိုက်ပါတယ် ”
“ ဆရာ ရေးတဲ့ ပုံစံ က ဟားရိုးလ်ရော်ဘင် ရေး တဲ့ ပုံစံ ဝင် တာ များတယ်လို့ ထင် ပါတယ် ”
“ ဖြစ်နိုင်တယ် ။ သူ့ရဲ့ အရိပ်အငွေ့ ပါ နေတာ သူ့ ဝတ္တုတွေ ကို ကျွန်တော် ဖတ်တဲ့ အခါ မှာ ဒီလိုပေါ့ ။ လူ တစ်ယောက် ဟာ အခု အချိန် မှာ အောင်မြင် နေတယ် ။ သူ ရုန်းကန်ခဲ့ တုန်း က ဘယ်လို ဆိုတာ တော်တော် လေး သဘော ကျတယ် ။ ကျွန်တော် ကိုယ်တိုင် ရေးတဲ့ အခါ မှာ နောက်ကြောင်းပြန် အခန်း ကလေး တွေ က အရှည်ကြီး မဟုတ်ဘဲ တိုပြတ်တိုပြက်ကလေးတွေ သတိ ရတဲ့ ပုံစံမျိုး နဲ့ လုပ် သွားတယ် ။ ဒီ ပုံစံ ကို တော့ အကြိုက်ဆုံး ပါပဲ ”
“ တချို့ ဆရာတွေ က ဇာတ်ကောင်တွေ ကို ဖော်ပြတဲ့ နေရာမှာ ဥပမာ - ကျော်ဟိန်း ပေါက်စကလေး ၊ ခင်သန်းနု အငယ်စားကလေး လို တင်ပြ လိုက်ကြတယ် ။ ဆရာ ကော ဆရာ့ ဇာတ်ကောင်တွေ ကို ဘယ်လို စံ ထားပြီး ရေး သလဲ ”
“ ကျွန်တော့် ဇာတ်ကောင်တွေ က တော့ လူငယ်တွေ ထဲ က လူငယ်တွေ ပါပဲ ။ အခု ခေတ် လူငယ်တွေ ရဲ့ စရိုက်လက္ခဏာ ကို ကျွန်တော် ယူတယ် ။ အထူးသဖြင့် လူငယ် တစ်ယောက် ရှိသင့် ရှိ အပ်တာတွေ အကုန်လုံး ပါစေချင်တယ် ။ လူငယ် ဆို တာ မှားစရာ ရှိ ရင်လည်း မှားမယ် ။ ဒီ အမှားဟာ သူ ပြင်လို့ ရတဲ့ အမှား ဖြစ်ရင် လည်း ဖြစ်မယ် ။ ပြင်လို့ မရတဲ့ အမှား ဖြစ်ချင် လည်း ဖြစ်မယ် ။ အဲဒီလိုပဲ လူငယ် ဟာ တစ်ခါတလေ မှာ အထူးသဖြင့် ဒီလို ချစ်ရေး ကိစ္စ တွေ မှာ တစ်ကိုယ်ကောင်း ဆန် ချင် ဆန် သွားမယ် ။ ကျွန်တော် ဒါမျိုးတွေ ဖြစ် စေ ချင်ပါတယ် ။ အချင်းချင်း ကျော သွားတာမျိုး က အစ တစ်ခါတလေ ကျ တော့ လူငယ်တွေ ဟာ မထင်မှတ် လောက်အောင် အင်မတန် သဘောထား ဖြူစင် ပါတယ် ဆို တဲ့ လူကြီး တွေ တောင် လိုက် မမီတဲ့ ရိုးသားဖြူစင်မှုမျိုးကလေးတွေ ကို လုပ်တတ် ပါတယ် ... ဆိုတော့ ကျွန်တော့ ဇာတ်ကောင်တွေ မှာ အဲဒီလို လူငယ် စရိုက်တွေ ပါအောင် ၊ လူငယ် နဲ့ တူအောင် ဖန်တီး ပါတယ် ။
အဲဒီ နေရာ မှာ ကျွန်တော့ ဇာတ်ကောင် ဟာ မွန်မြတ် ရမယ် ။ သန့်စင် ရမယ် လို့ လည်း မဟုတ်ဘူး ။ ကျွန်တော် ကိုယ်တိုင် ကိုယ်ချင်း စာ ပြီး ရေးတယ် ။ ဒီလိုနေရာမျိုး မှာ ကျွန်တော် သာ ဖြစ်ရင် ဘယ်လို လုပ်မယ် ဆိုတာ ကို စဉ်းစားတယ် ။ ဒီနေ့ လူငယ်တွေ နဲ့ ချိန်ထိုး စံထားပြီး ရေးပါတယ် ဆိုရင် ကိုဝင်းငြိမ်း မေးခွန်း အတွက် လုံလောက်တဲ့ အဖြေ ဖြစ် မလား မသိဘူး ”
“ အချစ်ဝတ္တု ရေးတဲ့ သူ တစ်ယောက် အနေနဲ့ စာဖတ်ပရိတ်သတ် အပေါ် မှာ ဘယ်လို စေတနာမျိုး ထားပြီး ရေးသင့်တယ် လို့ ယူဆပါသလဲ ဆရာ ”
“ ကျွန်တော့် သဘောကတော့ ဗျာ ... အချစ်ဝတ္တု ပဲ ရေးရေး ၊ ဘယ်လိုဝတ္တု ပဲ ရေးရေး စာဖတ်သူ ဟာ ဒီ အဖြစ်အပျက် ကို မူတည်ပြီးတော့ တစ်စုံတစ်ရာ အကျိုး ... အကျိုး နော် ။ ကျွန်တော် ပြောတာ အပြစ် မပါဘူး ။ အကျိုး တစ်ခု တော့ ရှိ သွားစေချင်တယ် ။ အဲဒီမှာ ကျွန်တော် ပြောရမယ် ဆိုရင် စာရေး တဲ့ ' မူ ' ကတော့ အချစ်ဝတ္တု ဆိုတာ ဟာ သိပ် အကျိုး မပြု တောင် မှ အဆိပ် မဖြစ်စေရဘူး ဆိုတဲ့ ပထမ မူ ကျွန်တော့် မှာ ထားပါတယ် ။ အဲဒီက တစ်ဆင့် တက် တဲ့ အခါ ကျ တော့ တတ်နိုင်သလောက် လူငယ် တော်တော်များများ ကို ဒီ အဖြစ်အပျက် ကို ကြည့်ပြီး တော့ သူ့ ဘဝ မှာ အသုံး ချဖို့ ၊ ကြီးကြီး ကျယ်ကျယ် ပြော ရရင်တော့ သင်ခန်းစာ ပေါ့ ၊ သင်ခန်းစာ ဆိုတာကလည်း သူ့ ဘဝ မှာ ဒါမျိုး ရင်ဆိုင် လာ ရ ရင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အဖြေ တစ်ခု ကျွန်တော် ပေး ချင်တယ် ။
ဒီမူမျိုး ရှိထားတဲ့ ကျွန်တော် ဟာ စာပေစိစစ်ရေးမူ ၊ စာပေလွတ်လပ်မှုမူ ဆိုတာတွေ မရှိ ရင်တောင် ကိုယ့် ဟာ ကိုယ် ထိန်းချုပ် ရေးရမယ် ဆိုတာ ခံယူ ထားပါတယ် ”
“ ဆရာ ဇာတ်အိမ် နဲ့ ဇာတ်ကောင် ရဲ့ စရိုက် ကိုက်ညီအောင် ဘယ်လို ဖန်တီး ယူသလဲ ”
“ အဲဒါကတော့ ကျွန်တော် ဖန်တီး ယူ တာ မဟုတ်ဘူး ။ ရှာ ကို ယူတာ ။ ရှာတယ် ဆိုတဲ့ နေရာမှာ စာအုပ် တွေ ထဲ က ရှာ လို့ မရပါဘူး ။ လူငယ်တွေ ထဲ ကပဲ ရှာလို့ ရပါတယ် ။ လူတွေ ထဲ က ပဲပေါ့ ။ ကျွန်တော် လိုချင်တဲ့ စရိုက်မျိုး နဲ့ အနီးစပ်ဆုံး လူ သုံးလေးယောက် လောက် ကို ကြည့် ပါတယ် ။ ပြီးတော့ တစ်ယောက် စီ က ရုပ်လက္ခဏာ ပါချင် ရင် ပါလာမယ် ။ အမူအရာ ပါ ရင်လည်း ပါမယ် ။ သူ ပြောပုံ ဆိုပုံ ၊ လှုပ်ရှားပုံ ၊ လုပ်တတ် ကိုင်တတ် ပုံ ကလေးတွေ ပါချင် ရင် ပါ လာမယ် ။ အဲဒီလိုမျိုး သုံးလေးယောက် ကို ပေါင်းပြီး ဇာတ်ကောင် တစ်ကောင် ကို ဖန်တီး တတ်ပါတယ် ။
ကိုဝင်းငြိမ်း မေး လိုက် သလို ဇာတ်အိမ် လို့ ပြော လောက်အောင် ကျွန်တော့် ဝတ္တု မှာ ကြီးကြီးမားမား မရှိသေးပါဘူး ။ ကျွန်တော် ပြော ချင်တဲ့ အကြောင်းအရာကလေး တစ်ခု ကို တင်ပြတဲ့ အဆင့် လောက် ပဲ ရှိပါသေးတယ် ။ အဓိက အဖြစ်အပျက်ကလေး တစ်ခု ကို အထောက်အပံ့ ပြုမယ့် အကြောင်းအရာ ကလေး တွေ နဲ့ အဖြစ်အပျက် အဆင့်ကလေးတွေ ပေါ့ လေ ။ အဲဒီလောက်ပဲ ကျွန်တော် ကြိုးစား ယူ ပါ တယ် ။ ဇာတ်အိမ်ကြီး တစ်ခုလုံး ကို စဉ်းစားပြီး မှ ဝတ္တု တစ်ပုဒ်လုံး ကို ရေး တာမျိုး ။အဲဒီနေရာ မှာ ဘာ ပြောမလဲ ။
ဥပမာ - ပညာရေး နဲ့ ပတ်သက်လို့ နှိမ် ပြောတဲ့ လူတွေ ရှိတယ် ။ အဆမတန် မြှောက် ပြောတဲ့ လူတွေ ရှိတယ် ။ ပညာရေး ဟာ မလိုအပ်ဘူး လိုအပ်တယ် ဆိုတဲ့ နေရာ မှာ ကျွန်တော် ဘယ် နေရာ က ရပ် မလဲ ဆိုတာ စဉ်းစားတယ် ။ ဘာပဲ ဖြစ်ဖြစ် လောက မှာ လူတွေ ဟာ ပညာ တတ်သင့်တယ် ။ အဲဒီ တတ်သင့်တယ် ဆိုတဲ့ အကြောင်းအရာ ကို ပေါ်လွင်အောင် ဘာတွေ ပံ့ပိုးမလဲ ၊ အဲဒါကို ကျွန်တော် စဉ်းစားပြီး ဇာတ်အိမ် ဖွဲ့ တာပါပဲ ။ ကျွန်တော် ပြောတာ သဘော ပေါက် မလား မသိဘူး ”
“ ဆရာ ပေဖူးလွှာ မှာ ‘ ကျွန်တော့် ကို လည်း ကြင်နာပါ ’ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဝတ္တုတို တစ်ပုဒ် ရေးဖူးတယ် နော် ။ အဲဒီကိစ္စ နဲ့ ပတ်သက် ပြီး တော့ တချို့ က ပြော ကြတယ် ။ ဒီလို ကိုယ်ရေး ကိုယ်တာ ကိစ္စမျိုး ကို ဝတ္တု တစ်ပုဒ် အနေ နဲ့ မတင်ပြသင့်ဘူး တဲ့ ။ ဆရာ ဘယ်လို သဘောရလဲ ”
“ အေးဗျာ ... ခုန စကား နဲ့ပဲ ကျွန်တော် ပြန် ဆက် ရမယ် ဆိုရင် ကျွန်တော် ဝတ္တု ရေးတဲ့ နေရာမှာ အကြောင်းအရာ တစ်ခု ကို ရ ပြီးမှ ဒီ အကြောင်းအရာ ကို ပုံဖော် ရေးတတ်တာ ဆိုတော့ အကြောင်းအရာ က အမှတ်မထင် အကြောင်းအရာ ဖြစ်ချင် ရင် လည်း ဖြစ်မယ် ။ တစ်ခါတစ်လေ ကျတော့ လည်း ဦးတည်ချက် နဲ့ ရေးတာမျိုး ဖြစ်ချင် ရင် လည်း ဖြစ်မယ် ။ ခု ကိုဝင်းငြိမ်း မေးတဲ့ ' ကျွန်တော့် ကိုလည်း ကြင်နာပါ ' လို ဟာမျိုး ကျ တော့ ဖြစ်တာ က တကယ် ဖြစ် လိုက်တယ် ။
အဲဒီ အဖြစ်အပျက် ကို ပြန်ပြီး သုံးသပ် ကြည့် လိုက်တော့ ကျွန်တော် ဒီ ကိစ္စ ကို ပရိသတ် ကို ပြောပြ ချင်တယ် ။ ပြောပြချင်တယ် ဆို တဲ့ နေရာ မှာ ကျွန်တော့် အဖြစ် ကို ကျွန်တော် ဒါမျိုးတော့ လုပ်ခဲ့တယ် ဆိုတာ ကို ဝန်ခံခြင်း ၊ တောင်းပန်ခြင်း ပါ ။ လူ ဟာ တစ်ခါတလေ မှာ ဒီလိုမျိုး ဖြစ်ပျက်တတ်တယ် ။ ဒီ အဖြစ်အပျက်မျိုး ကြုံဆုံ လာ တတ်တဲ့ အခါ ကျ ရင် မမှားချင် ၊ မညစ်ချင် ၊ မယုတ်ချင်ပေမယ့် အကြောင်း အားလျော်စွာ ယုတ် လိုက် ရတယ် ။ မိုက် လိုက် ရတယ် ။ အဲဒီ သဘောမျိုး ကို ပြော ချင်လို့ ကျွန်တော် ရေးတာပါ ။ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ အကြောင်းအရာ ကို တင်ပြချင်တဲ့ သဘောမျိုး မဟုတ်ပါဘူး ။
သို့သော် ဒီနေရာမှာ ဇာတ်ကောင် က ကျွန်တော် ဖြစ် သွားတယ် ။ အဲဒီ နေရာမှာ ကျွန်တော် မဟုတ်ဘဲ တခြား တစ်ယောက် ယောက် ဖြစ်နေမယ် ဆို ရင်လည်း ကျွန်တော် က အဲဒီ ဇာတ်ကောင် အနေ နဲ့ ပဲ လုပ် လိုက် မိမှာပဲ ။ ဝတ္တု ရဲ့ ပုံစံ သဘောအရ က တော့ ဗျာ မဂ္ဂဇင်း က တစ်ဆင့် ပိုက်ဆံ လာ တောင်းပါ ၊ ဘာညာ ဆိုတာက Form ပဲ ပုံစံ ပုံသဏ္ဍာန် ပါ ။ ကျွန်တော် ပြော ချင်တဲ့ အကြောင်းအရာ တစ်ခု က လူ ဟာ အကျဉ်းအကျပ် တစ်ခု ကို တွေ့တဲ့ အခါမှာ မိုက်မိုက်မဲမဲ လမ်း တစ် တခု ကို ရွေး သွား တတ်တယ် ။ တခြား လူ တစ်ယောက် ကို စော်ကား သလို ဖြစ် သွားတတ်တယ် ။ ဒါကို ကျွန်တော် ပြော ချင်တာပါ ”
“ ဆရာ ရှေ့ ဆက်ပြီးတော့ ကော အချစ်ဝတ္တုတွေ ပဲ အစဉ်တစိုက် ရေးမယ်လို့ ရည်ရွယ်ထားသလား ”
“ အဲဒါတော့ ကျွန်တော် လည်း ကြို မမှန်းတတ်ပါဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တာ် ဝတ္တု ရေးတဲ့ အချိန် ကတည်း ကလည်း ကျွန်တော် ရေး တတ် တာ က စ ရေးခဲ့ တာကိုး ။ ကျွန်တော် ရေးတတ်တာ ကို ရေးတဲ့ နေရာ မှာ မခံစားရဘဲ နဲ့ တော့ မရေးဘူး ။ ဒါ ရေး လိုက်တဲ့ အတွက် လူ အထင်ကြီး သွားပါစေ ဆိုတဲ့ ရည်ရွယ်ချက် လည်း မပါခဲ့ဘူး ။ ကျွန်တော် ခံစားမိ သလောက် ပဲ ရေး တာကိုး ။ အဲဒါ ဟာ အချစ် ဝတ္တု ဖြစ်ချင် လည်း ဖြစ်မယ် ။ သို့မဟုတ် ဒေသ တစ်ခု အကြောင်း ပြောတာ ဖြစ်ချင် လည်း ဖြစ်မယ် ။ သို့မဟုတ် ရည်ရွယ်ချက် တစ်ခု အကြောင်း ပြောတာ ဖြစ်ချင်လည်း ဖြစ်မယ် ။ အဲဒီတော့ ကျွန်တော် ခံစားရတဲ့ ပြောင်းလဲ မှု ပေါ် မူတည်ပြီးတော့ တစ်ခု ခု တော့ ဖြစ်ချင် ဖြစ်လာမှာပေါ့ ဗျာ ”
“ ဆရာ က အချစ်ဝတ္တု ရေး တဲ့ သူ ဆိုတော့ အချစ် နဲ့ ပတ်သက်တဲ့ ခံယူချက် ကို မေးချင်ပါတယ် ။ အင်္ဂလန် နိုင်ငံ မှာ အက်ဒဝပ်ဘုရင် ဟာ အချစ် အတွက် ထီးနန်း ကို စွန့် ခဲ့ဖူးပါတယ် ။ အလှဘုရင်မ ကလီယိုပါထရာ ရဲ့ အချစ် အတွက် ရောမ က စစ်သူရဲကောင်းကြီး တွေ ဖြစ်တဲ့ ဆီဇာ တို့ ၊ မတ်ခ်အန်ထောနီ တို့ ဟာ စစ်တလင်း ကို စွန့်ခဲ့ကြ ဖူးပါတယ် ။ ရိုမီယို နဲ့ ဂျူးလိယက် တို့ ဟာ အချစ် အတွက် အသက် ကို စွန့်ခဲ့ကြတယ် ။ အဲဒီလိုပဲ အရှေ့တိုင်း ရာဇဝင်တွေ ၊ ဒဏ္ဍာရီတွေ မှာ လည်း အချစ် နဲ့ ပတ်သက်လို့ စွန့်လွှတ် ကြတာတွေ အများကြီး ရှိပါတယ် ။ ဆရာ လည်း ကြားဖူးပြီးသားပဲ ။ အဲဒီတော့ အချစ် ဆိုတာ ဟာ ဖြင့် ဘယ်လိုပါလို့ ဆရာ က ခံယူ ထားပါသလဲ ဆရာ ”
“ အေးဗျာ ... ဒီ မေးခွန်း ကို ဖြေတဲ့ နေရာမှာ တခြား ဘယ်သူ့ ကို မှ မရည်ရွယ်ဘဲ ကျွန်တော့် ရင် ထဲ မှာ ခံစားရတဲ့ အချစ် နဲ့ ပတ်သက်တဲ့ ခံယူချက် သက်သက် ကို ပဲ ဖြေပါ့မယ် ။ သိတတ်စ အရွယ် ကတည်း က စပြီး အချစ် နဲ့ ပတ်သက်လို့ ကျွန်တော် စိတ်ဝင်စား ခဲ့ပါတယ် ။ စာ ရေးတဲ့ အရွယ် ရောက် လာတော့ အချစ် ကို ဆေးတစ်လက် ဆေးတစ်ဖုံ လို့ ကျွန်တော် မြင်လာတယ် ။
ခုနက ပြော သလို ထီးနန် စွန့်တာ ၊ နိုင်ငံ စွန့်တာ ၊ အချစ် အတွက် အသက် စွန့်တာ နောက်ဆုံးဗျာ ... နိဗ္ဗာန် တောင် မရချင်ရင် နေပါစေ ၊ အချစ် နဲ့ ပဲ သံသရာ လည်ချင်ပါတယ် ဆိုတာမျိုးတွေ ကျတော့ အချစ် လို့ ကျွန်တော် မယူဆ ချင်ဘူး ။ တစ်ဖက်စွန်း ရောက်တဲ့ သဘော လို့ ကျွန်တော် မြင်တယ် ။ အချစ် ရဲ့ သဘော က မွန်မွန်မြတ်မြတ် ကလေး ရှိတယ် ။ အချစ် ဆိုတာဟာ သန့်သန့်ရှင်းရှင်း ခံစာမယ် ဆိုရင် အင်မတန် မွန်မြတ်တဲ့ အရာကလေး တစ်ခု ပါပဲ ။ ဒါပေမဲ့ အဲဒီ အချစ် ကို ခံစားဖို့ အတွက် ကိုယ့် ဘဝ ၊ လောကဓမ္မ ၊ နီတိတွေ ၊ လူမှုရေးကျင့်ဝတ်တွေ ဒါတွေ ကို သွား ထိခိုက်မယ် ဆို ရင် တော့ အချစ် ရဲ့ တန်ဖိုး ဟာ ပျက် သွားတယ် လို့ ကျွန်တော် နားလည်ထားတယ် ။
အလုပ်သမား တစ်ယောက် ဟာ အလုပ် လုပ် ရမယ် ။ ကျောင်းသား တစ်ယောက် ဟာ ကြိုးစားပြီး စာ ကျက်ရမယ် ။ နိုင်ငံ ကို ဦးစီးဦးဆောင် ပြုနေသူတွေ က လည်း နိုင်ငံတော် ရဲ့ လုပ်ငန်းတွေ ကို ဦးစီး ဦးဆောင် ပြု နေကြမယ် ။ အနုပညာသမားတွေ က အနုပညာလုပ်ငန်းတွေ ကို လုပ် နေကြမယ် ။ အဲဒီ မှာ အချစ် ကြောင့် သူ လုပ်ဆဲ ၊ လုပ် လတ္တံ့ လုပ်ငန်းတွေ မှာ တစ်စုံတစ်ရာ ထိခိုက်သွားမယ် ဆိုရင် အချစ် ရဲ့တန်ဖိုး ဟာ လျော့ သွားတယ် ။
ဆိုလိုချင်တဲ့ သဘော က အချစ် ဟာ မြင့်မြတ် သလို အချစ် ကို ရံထားမယ့် ပတ်ဝန်းကျင် က အရာ အားလုံး ဟာလည်း မြင့်မြတ် ရမယ် လို့ ကျွန်တော် ခံယူတယ် ။ စွန့်လွှတ်ရတာ တို့ ၊ ပေါင်းသင်းတာ တို့ ၊ ဆုံးရှုံးတာ တို့ ဒါကတော့ ရှိမှာပေါ့ ဗျာ ။ ပေါင်းသင်းတဲ့ အခါ ပေါင်းသင်း ရ သလို စွန့်လွှတ် ဆုံးရှုံးတဲ့ အတွက် ကြောင့် ဘဝ မှာ တစ်ခု ခု ထိခိုက် သွားမယ် ၊ အနာတရ ဖြစ် သွားမယ် ၊ လောကကြီး ရဲ့ ဓမ္မကျင့်စဉ် တစ်ခု ခု ဟာ ထိခိုက် ပျက်စီးသွားမယ် ဆိုရင် အဲဒီ အချစ် ဟာ အဆိပ် နဲ့ တူတဲ့ အချစ် ဖြစ် သွားပြီ ။ အချစ် ရဲ့ တန်ဖိုး ဟာ လုံးလုံး လျော့ကျ သွားပြီ ။ ကျွန်တော် က ဘယ်လောက် ထိ ခံယူထားသလဲ ဆိုရင် ကိုယ် အင်မတန် ချစ်တဲ့ အချစ်ကလေး တစ်ခု ကြောင့် အချစ် ရဲ့ ပင်ကို မူလ သဘောတရား ဖြစ်တဲ့ မြင့်မြတ်ခြင်း ကို လာပြီး ထိခိုက် လာမယ် ဆိုရင် ကျွန်တော် ကတော့ အဲဒီ အချစ် ကို ထပ်ပြီး စွန့်လွှတ် လိုက်ရမယ့် အနေအထားမျိုး ထိ ခံယူ ထားပါတယ် ။
ကျွန်တော် ကတော့ အချစ် ကို အဲဒီလိုပဲ နားလည် ထားပါတယ် ။ ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ် အလုပ် ကလေး တွေ လို လုပ် နေ ကြမယ် ။ ချစ်စရာ ရှိရင် ချစ် လိုက်ကြမယ် ။ လွမ်းစရာ ရှိရင် လွမ်းလိုက်ကြ မယ် ။ အချစ် ဟာ ဘဝ မဟုတ်ဘူး ။ ဘဝ ရဲ့ အစိတ်အပိုင်းကလေး တစ်ခုပဲ ”
“ ဒါဆို ဆရာ က အချစ် ဆိုတာ ဟာ ရယူခြင်း လို့ လည်း မဆိုလိုဘူး ။ စွန့်လွှတ်ခြင်း လို့လည်း မဆိုလို ဘူးပေါ့ ”
“ ဆိုပါတော့ဗျာ ... ကျွန်တော့် အနေနဲ့ အချစ် က ရယူလို့ ပဲ ဖြစ်ဖြစ် ၊ စွန့်လွန်လို့ ပဲ ဖြစ်ဖြစ် အရေးကြီး တာ ကတော့ မြင့်မြတ် နေ ဖို့ပဲလို့ ကျွန်တော် နားလည်ထားတယ် ”
“ အချစ် အကြောင်း ကျွန်တော်တို့ ဖြတ် လိုက်ကြရအောင် ၊ ဆရာ ဒီနှစ် စာပေဟောပြောပွဲ တွေ တော်တော် ထွက် ဖြစ်သလား ”
“ နယ် အနေ နဲ့တော့ ဟင်္သာတ နဲ့ ယော ၊ ဆော နဲ့ ရန်ကုန် မှာ နည်းနည်းပါးပါး ပြော ခဲ့ရပါတယ် ”
“ စာပေဟောပြောပွဲ နဲ့ ပတ်သက်လို့ ဆရာ ဘယ်လို မြင်သလဲ ”
“ စာပေဟောပြောပွဲ နဲ့ ပတ်သက်ပြီး ကျွန်တော် တွေ့ သလောက် အတွေ့အကြုံ အရ ပြောရမယ် ဆိုရင် ကျွန်တော့် သဘော က စာပေဟောပြောပွဲ ထက် စာပေဆွေးနွေးပွဲ ကို ပို ကြိုက်တယ် ။ စာပေဟော ပြောပွဲ ဆိုတာ က ကျွန်တော်တို့ ဘက် က တစ်ဖက်သတ် ချည်း ဖြစ် နေတယ် ။ စာ ရေးတဲ့ အချိန် တုန်း က လည်း ကျွန်တော်တို့ ဘက် က ပဲ ပြော လိုက် ကြတယ် ။ ကျွန်တော်တို့ ပြော တာ ကို စာဖတ်ပရိသတ် က ဖတ် လိုက်ကြရတယ် ။ သူတို့ ပြောချင်တာ ရှိ ရင် စာရေးဆရာ ဆီ ကို တိုက်ရိုက် စာ ရေး တာ က လွဲ လို့ သူတို့ မှာ လူသိ ရှင်ကြား ပြောစရာ အခွင့်အရေး မရှိဘူး ။
တစ်ခါ စာပေဟောပြောပွဲ ကျပြန် တော့ လည်း ကျွန်တော်တို့ က ချည်း ပဲ ပြော ကြ ပြန်ရော ။ ကျွန်တော် တို့ ပြောတဲ့ အထဲ မှာ ပရိသတ် ကျေနပ်တာ လည်း ပါချင် ပါမယ် ။ မကျေနပ် တာ လည်း ပါချင် ပါမယ် ။ အဲဒီ ကျေနပ်တာ ၊ မကျေနပ်တာ ၊ လက်ခံတာ ၊ လက်မခံတာ ဘာမှ ပရိသတ် က ဆွေးနွေးပိုင်ခွင့် မရှိ ဘူး ။ ဒါကြောင့် စာပေဟောပြောပွဲ ကို ကျွန်တော် မကြိုက်ဘူး ။ ဒူးတိုက် ဆွေးနွေး ရတာ ပဲ ဖြစ်ဖြစ် ၊ ရေးသူ ဖတ်သူ ဆွေးနွေးပွဲ ပဲ ဖြစ်ဖြစ် ဆွေးနွေး တဲ့ ပုံစံ ကို ကျွန်တော် ပိုပြီး သဘောကျတယ် ”
“ ဆရာ့ ပရိသတ် တော်တော်များများ က ပြော ကြတယ် ။ ဆရာ ရေးသမျှ တွေ မှာ တက္ကသိုလ် အ ကြောင်း က ပို များ တယ်တဲ့ ။ အပြင်လောက အကြောင်း လည်း ရေးပါဦး တဲ့ ”
“ တက္ကသိုလ်အကြောင်း က တော့ ရေးတော့ ရေး ရ ဦးမှာပဲ ဗျ ။ ကျွန်တော့် မှာ တက္ကသိုလ် နဲ့ ပတ်သက် ပြီး ပြောစရာတွေ အများကြီး ကျန် သေးတာကိုး ။ ဒါပေမဲ့ ကျွန်တော် လည်း ဆင်ခြင်ပါတယ် ။ တတ်နိုင် သလောက် ပြင်ပလောက အကြောင်းကလေးတွေ ရေး ဖို့ ကြိုးစား နေပါတယ် ။ ဆင်ခြင် တယ် ဆိုတာ က စာဖတ်သူ သိ စေချင်တဲ့ အရပ်ဒေသကလေး တွေ တက္ကသိုလ် နဲ့ ဘာမှ မပတ်သက် တဲ့ စာဖတ်ပရိသတ် အများစု ကို တင်ပြချင်တဲ့ နေရာမျိုးကလေးတွေ ကျ တော့ တတ်နိုင် သလောက် သွားလာ ၊ လေ့လာပြီး ရေး ပါတယ် ။ ဒါပေမဲ့ ကျွန်တော် ကိုယ် ၌ ကို က ငယ် လည်း ငယ် ၊ ရောက်ဖူးတဲ့ ဒေသ အတွေ့အကြုံ က လည်း သိပ် မရှိသေးတော့ နောက်ထပ် ရှာဖွေရမယ့် ဒေသန္တရ ၊ ဘာသန္တရ ဗဟုသုတ အပေါ် ရှာ ဖွေ ရေးရ မှာပေါ့ ။ ဒါကြောင့် လောလောဆယ် မှာ တော့ အတွေ့အကြုံ အများဆုံး ရှိတဲ့ တက္ကသိုလ် အကြောင်းပဲ ရေး နေတာပါ ”
“ ခု နောက်ပိုင်း မှာ စာရေးဆရာ နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ ထုတ် ထားတာလေးတွေ ဆရာ လည်း ကြုံဖူး မှာ ပါ ။ အဲဒီ ထုတ်တဲ့ ကိစ္စတွေ အပေါ် ဆရာ ဘယ်လို မြင်သလဲ ။ စာဖတ်ပရိသတ် အနေ နဲ့ ကျတော့ ကျွန်တော် အပါအဝင် ပေါ့ လေ ။ ကသိကအောက် ကြုံ ရတာလေးတွေ တော်တော် ရှိပါတယ် ။ ဥပမာ ... အဖုံး ကို ကြည့် လိုက်တော့ နွမ်ဂျာသိုင်း ပဲ ။ အမှတ်တမဲ့ ဝယ် လိုက် ၊ ငှားလိုက် မိ ရော ။ ကျောဘက် ပြန် ကြည့် လိုက်တော့ တခြား တစ်ယောက် ဖြစ် နေတယ် ။ ဒါမျိုး ကျ တော့ ဆရာ တို့ က ဘာမှ မသိလိုက်ဘဲ ထုတ်ဝေသူ က စာဖတ်ပရိသတ် ကို လှည့်စားတာမျိုး ဖြစ် နေတယ် ။ ဖြစ်စေ ချင် တာ က အဖုံး မှာ ကို ပဲ နွမ်ဂျာသိုင်း နဲ့ ဘယ်သူ ဘယ်ဝါ ပေါ့ ။ တိတိလင်းလင်း ရေး ထား တာ ဆိုရင် စာဖတ်ပရိသတ် ရင် ထဲ မှာ နဂို ကတည်း က ကျေကျေနပ်နပ် ရှိ မယ်လေ ။ ဒါမျိုး မဖြစ်ရ အောင် ဆရာ တို့ က စာမူ ပေး ကတည်း က ထုတ်ဝေသူ ကို တင်းတင်းကျပ်ကျပ် သတိ ပေး စေချင်ပါတယ် ”
“ အေးဗျာ ... ဒီ အတွဲ ကိစ္စ နဲ့ ပတ်သက်ပြီး တော်တော် လည်း ပြော ပြချင်ပါတယ် ။ ကိုဝင်းငြိမ်း ပြော သလိုပဲ စာဖတ်ပရိသတ် တော်တော်များများ လည်း အထင် လွဲ ကြတယ် ။ မကျေနပ်လည်း တော်တော် ဖြစ် ကြတယ် ။ အတွဲ ဆိုတဲ့ သဘော ၊ အတွဲ ဖြစ်လာရခြင်း အကြာင်းအရင်း က ထုတ်ဝေဖြန့်ဖြူး တဲ့ နေရာ မှာ ရှိ တဲ့ စီးပွားရေး အခက်အခဲ ။ နောက် တစ်ခါ လူသစ် ဆိုရင် ထုတ်ဝေသူ ရော စာဖတ် ပရိသတ် က ပါ ချက်ချင်း လက်ငင်း စိတ် မဝင်စားတဲ့ ပြဿနာ ပေါ် မှာ အခြေခံ ပြီး ဖြစ် လာတာပါ ။
ဆိုပါတော့ဗျာ ... ကလောင်သစ် တစ်ယောက် ကို ထုတ် လိုက်ရင် လောလာလတ်လတ် စာဖတ် ပရိသတ် က လည်း စိတ် မဝင်စားဘူး ။ အဲဒီလိုပဲ ပတ်ဗလစ်ရှာ က လည်း မထုတ်ဝံ့ တဲ့ ပြဿနာ က ရှိ တယ် ။ အဲဒီ အခါ မှာ ပရိသတ် လက်ခံတဲ့ စာရေးဆရာ နဲ့ တွဲပြီး တင် ပေးတဲ့ သဘောပဲ ဖြစ်ပါတယ် ။
ကျွန်တော် ကိုယ်တိုင် လည်း အတွဲ က နေ တက် လာ တာပါပဲ ။ လုံးချင်း မထုတ်နိုင်ခင် မှာ ဆရာငြိမ်းကျော် တို့ ၊ ကိုမင်းလူ တို့ က နေ မိတ်ဆက် တွဲ ထုတ် ခဲ့တာပါ ။ တချို့တော့ လည်း ရှိတာပေါ့ဗျာ ။ စာရေး ဆရာ နဲ့ စာချုပ် အရ နာမည်ကြီး ချင်း တွဲပြီး စီးပွားရေး ဈေးကွက် အရ တွဲ ထုတ်တာတွေ လည်း ရှိပါ တယ် ။ ကျွန်တော့် အနေနဲ့ စာရေး တဲ့ လူသစ်တွေ အပေါ် မှာ ကိုယ်ချင်း စာ ပါတယ် ။ တချို့ စာ ရေး တာ ကောင်းတယ် ။ ဒါပေမဲ့ ထုတ်ဝေသူ က အခက်အခဲ ရှိတယ် ။ တကယ်တမ်း တစ်ယောက်ချင်း ထုတ် လိုက်တဲ့ အခါ ကျ ပြန်တော့ စောစော က ပြော သလို သူ့ ကို လူ မသိတဲ့ ပြဿနာ ကြောင့် စာအုပ် က ဆုံး ရှုံး သွား ရတယ် ။ အနုပညာရှင် တစ်ယောက် အနေ နဲ့ ပွဲဦး ကျိုး သွားတယ် ။ ဒါမျိုး မဖြစ်စေချင်ဘူး ။
ကျွန်တော့် ကို အခုပရိသတ် လက်ခံ နေတဲ့ အချိန် အတော အတွင်း မှာ အလားအလာ ရှိတဲ့ ကလောင် သမားတွေ တွဲ တင် ပေး ချင်ပါတယ် ။ ဒါလည်း စာပေ စိတ် နဲ့ ကူညီချင်တဲ့ သဘောပါပဲ ။ ဒါပေမဲ့ အတွဲ ဆိုတာ က ရေးသူ က လည်း သူ့ အရေးအသား ကို ချုံ့ရ ချုပ်ရ ဆိုတော့ အတွဲဝတ္တု ကို ဖတ် ရင် လုံးချင်း လောက် တော့ အားရမှု ရှိမှာ မဟုတ်တော့ဘူး ။
ခုနက ကိုဝင်းငြိမ်း ထောက်ပြ သွား သလို မျက်နှာဖုံး တစ်မျိုး ၊ ကျောဖုံး တစ်မျိုး လုပ် တာတွေလည်း ထုတ်ဝေသူတွေ ကို တော်တော်များများ ကျွန်တော် ပြော ပြီး ပါပြီ ။ ကျွန်တော့် အတွဲ တစ်တွဲ ဆိုရင် မဂ္ဂဇင်း အဟောင်း ထဲ က ကျွန်တော့် ဝတ္တုဟောင်း တစ်ပုဒ် ကို ဆွဲထုတ် ယူ သွားတာ ကျွန်တော် ကိုယ်တိုင် မသိလိုက်ဘူး ။ တကယ်တော့ ဒီလို အဟောင်း ကို အသစ် ပုံစံ ဖမ်းပြီး ကျွန်တော့် စာဖတ်ပရိသတ် ကို မစော်ကားချင်ဘူး ။ ကျွန်တော် မသိလိုက်ဘဲ ထုတ်ဝေသူ က လုပ် လိုက်တယ် ။ ကျွန်တော် သိ တော့ အခြေအနေတွေ က တော်တော် ခြေလွန် လက်လွန် ဖြစ် နေပြီ မို့ ကျွန်တော် မျက်စိ မှိတ် လိုက်ရတယ် ။ ဒီ အတွက် ကို တော့ ကိုဝင်းငြိမ်း က တစ်ဆင့် ကျွန်တော့် စာဖတ်ပရိသတ် ကို တောင်းပန်ပါတယ် ။
နောက်ထပ် အတွဲ ထုတ် ဖို့တော့ ကျွန်တော် တော်တော်လေး ဝန်လေး သွားတယ် ။ စီစဉ်ပြီးသား အတွဲ နှစ်တွဲ ပြီး ရင် ရပ်ထားမယ် တောင် စိတ်ကူး ထား ပါတယ် ။ ခုနက ကျွန်တော် ပြောခဲ့ သလို ရည်ရွယ်ချက် ကောင်းကောင်း နဲ့ ကိုဝင်းငြိမ်း ပြော တဲ့ ပုံစံမျိုး လုပ်ကြမယ် ဆိုရင် တော့ ကျွန်တော့် ဘက် က ဝတ္တုကောင်းကလေး တွေ ရေး ပေးဖို့ ဝန် မလေးပါဘူး ”
“ ကျွန်တော်တို့ ဆွေးနွေး လိုက်ကြတာလည်း တော်တော်လေးတော့ ပြည့်စုံ သွားပါပြီ ဆရာ ။ ဆရာ့ ဘက် က ဘာများ ပြောချင်တာ ရှိ ပါသေးသလဲ ”
“ ပြောချင်တာတွေ က တော့ အများကြီးပဲ ဗျာ ။ ပြောချင်တာ အားလုံး လျှောက် ပြော နေ လို့လည်း ဖြစ်မှာ မဟုတ်ဘူး ။ စာမျက်နှာ အခက်အခဲ လည်း ကြည့်ရဦး မှာ ပေါ့ ။ အဓိက ပြောချင်တာကတော့ ကျွန်တော် ဟာ လူငယ် စာရေးသမား တစ်ယောက် ပါ ကိုဝင်းငြိမ်း ။ ကျွန်တော့် မှာ အမှားအယွင်းတွေ ၊ အပြစ်တွေ အများကြီး ရှိပါလိမ့်မယ် ။ ပြီးတော့ ကျွန်တော့် ကိုယ် ကျွန်တော် လည်း ဘယ်တော့ မှ မညှာပါဘူး ။
အဲဒီတော့ ကျွန်တော် ဟာ စေတနာ ကောင်း နဲ့ လုပ် ပင် လုပ်ငြား သော်လည်း ကျွန်တော့် ရဲ့ အတတ် ပညာ အတွေ့အကြုံ နည်းပါးမှု ကြောင့် အပြစ်တွေ ဖြစ် လာရင် စာပေပညာရှင်ကြီးများ နဲ့ တကွ စာဖတ်သူ များ က ရော ၊ စာပေ အတွေ့အကြုံ ရှိတဲ့ ဝေဖန်ရေးဆရာ ၊ စာရေးသူ အချင်းချင်း က ရော ဝိုင်းပြီး ပြစ်တင် ဝေဖန် ဆုံးမ ပါ ။ ကျွန်တော် အမြဲတမ်း လိုက်နာ သွားပါမယ် လို့ ”
“ ကောင်းပါတယ် ဆရာ ။ ဒါပေမဲ့ ဆရာ့ ကို ပြစ်တင်ဆုံးမ ချင်ရင် ဘယ် ကို လှမ်း ဆုံးမရမယ် ဆိုတဲ့ လိပ်စာလေး တော့ ပြော ဦးမှ ပေါ့ ”
“ နွမ်ဂျာသိုင်း ၊ တိုက် - ၆ ၊ အခန်း၃ ၊ ကြို့ကုန်းရိပ်သာ ၊ အင်းစိန် ဆို ရင် ကျွန်တော့် ဆီ ကို တိုက်ရိုက် ရောက်ပါတယ် ”
“ ကျေးဇူး တင်ပါတယ် ဆရာ ။ ဆက်ပြီးတော့ လည်း အချစ်ဝတ္ထု နုနုလှလှလေးတွေ ဖန်တီးနိုင်ပါစေ လို့ ဆန္ဒ ပြု လိုက်ပါတယ် ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၁၀
မတ်လ ၊ ၁၉၈၂ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment