Friday, May 26, 2023

ကပ္ပိယ ( ၆ )


 ( ၆ )


စံလှဘော် ကို ရွာ က ချစ်ခင် ကြတယ် ။ ရွာ ကျောင်း မှာ ပဲ နှစ်ပေါင်း နှစ်ဆယ် လောက် ကပ္ပိယ လုပ် နေခဲ့တာ ဆိုတော့ ရွာခံ လူ တစ်ယောက် လို ဖြစ် နေပြီကိုး ။ အသက် ဆယ်နှစ် ကျော် ကလေး ဘဝ က ရောက် လာတဲ့ စံလှဘော် က ခုတော့ ကျားစီး ဖားစီး ဖြစ်နေပြီပဲ ဟာ ။ လူပုံ ထွားထွား စကား ကျယ်ကျယ်လောင်လောင် နဲ့ သူ ထင်ရာ သူ ပြောတတ်တာ က လွဲရင် ဘယ်သူ မှ ထိခိုက် အောင် မလုပ်ဘူး ။ အကအခုန် က လည်း ဝါသနာ ပါတယ် ။ မန်ကျည်းစု မှာ ပြုခဲ့ သမျှ အလှူ တွေ မှာ စံလှဘော် မက ခဲ့ ဖူး တဲ့ အလှူ မရှိဘူး ။ ရွာ ဒိုးပတ်ဝိုင်း က က ဖို့ လူ အထူး မရှာရပါဘူး ။ ကြာ တော့ ဒိုးပတ်မင်းသား ဖြစ်မှန်း မသိ ဖြစ်လာခဲ့တဲ့ အထိပဲ ။ ပုဆိုး အကွက်တုံးကြီး နဲ့ ၊ နှုတ်ခမ်းမွှေး အတုကြီး နဲ့ အိမ်တော်ရာ ထီး တစ်လက် ကိုင် ပြီး ရွှေရိုး က ချင် က တယ် ။ နားပန်းဆံ နဲ့ ဘယက်ခွက်ကြီး ဆွဲ ပြီး သူငယ်တော် လုပ် ချင်လည်း လုပ် တယ် ။ တစ်ခါတစ်လေ မိန်းမကြီး လို ဝတ်ပြီး ဆေးပေါ့လိပ်ကြီး တစ်လိပ် နဲ့ ဖင် လှုပ်လှုပ် ၊ ရင် လှုပ်လှုပ် က ချင် က တယ် ။ ရွာ က သဘောကျ ကြ တာပေါ့ ။ ပိတ်ဖြူ ပုဆိုး ၊ အပေါ် ချွတ် နဲ့ အာလူးသီး ပုတီး ဆွဲပြီး သူတော်က ဆိုတာ လည်း ရှိသေး ။


ဆရာတော် က လည်း အလှူ မှာ သူ ကပ္ပိယ စံလှဘော် က တာ ကို မတား ပါဘူး ။ တစ်ခါတလေ နေပူခံ အရက်ကလေး သောက် ထား ရင် တောင် မသိချင် ဟန် ဆောင် နေ တာပါ ။ စံလှဘော် က လည်း လူမှန်း သူမှန်း မသိ မူး နေအောင် သောက်တာမျိုး မရှိပါဘူး ။ တစ်ခါတလေ ရွာ က လာ ငှား ရင်တောင် ဆရာတော် ခွင့်ပြု တော် မူတယ် ။ စံလှဘော် ကလည်း လိုက်သွား တာပဲ ။ တစ်ပွဲ ဘယ်လောက် ဆိုတာမျိုး မရှိပေမယ့် ငွေစကြေးစကလေး ထည့် ပေး တတ်ကြတာ ကိုး ။ မန်ကျည်းစု မှာ တော့ စံလှဘော်က ပိုက်ဆံ ဘယ်လောက် ပေးပေး မယူဘူး ။ ကျုပ် က ရွာထမင်း ၊ ရွာဟင်း စား နေတာ ၊ ပိုက်ဆံ ယူ ရင် သံတွေခဲ မျို ရာ ကျတော့ မှာ ပေါ့ လို့ ပြော တတ် တယ် ။


ဥပုသ် လပြည့် လကွယ် ညနေ ဆိုရင် စံလှဘော် က ဆွမ်းဆန် ခံ ထွက်တယ် ။ ရွာ နှံ့ အောင် လှည့် တာပါ ။ ကိုရင်ကြီး နှစ်ပါး က ဆွမ်းဆန်တောင်း ထမ်းပိုး လျှိုပြီး ရှေ့နောက် ထမ်း ရတယ် ။ စံလှဘော် က ကြေးစည် နဲ့ နိဗ္ဗာန် ဆော် ရင်း ရှေ့ က ။ ဆွမ်း ဆန် ခံ ရင်း မြချစ် တို့ အိမ် ရောက် လို့ က တော့ ဆက် မလိုက်တော့ဘူး ။ ကိုရင် နှစ်ပါး ကို လွှတ် လိုက်တာ များတယ် ။ ရှေ့ ကိုရင် က ဆိုင်း ထမ်း ရင်း ၊ ကြေးစည် နှက် ရင်း ဆွမ်းဆန် ခံ ရတယ် ။ မြချစ် နဲ့ စကားစမြည် ပြောပြီးပြီ ဆိုမှ ကြေးစည်သံ နောက် လိုက်တော့ တာ ပါ ။ သည်လိုပဲ ဆွမ်းဆန် ခံ ရင်း ကြက်ပွဲ နဲ့ တိုးတော့ လည်း ကိုရင် နှစ်ပါး လွှတ် လိုက်ပြီး နေခဲ့တာ များတယ် ။ ကြက်ပွဲ အနိုင် အရှုံး ပေါ်ပြီ ဆို မှ ကြေး စည်သံနောက် လိုက် ပြန်ရော ။ ကက်ဝိုင်း ၊ ကျားဝိုင်း ၊ မန်ကျည်းပင်ရိပ် ကစား နေ တာ တွေ့ တော့ လည်း ကိုရင် တို့ ကြွ နှင့် ပဲ ။


စံလှဘော် မှာ ရွာစိတ် ၊ ရပ်စိတ် ဘယ်လောက် တောင် ရှိ သလဲ ဆိုရင် ကလေး မီး မဖွားနိုင်တဲ့ သားသည် မအေတွေ ကို မန်ကျည်းစု နဲ့ တော်တော်လေးလှမ်း တဲ့ တိုက်နယ်ရွာ ဆေးရုံ ရောက် အောင် ပို့တဲ့ အခါ သူ့ ဗလကြီး နဲ့ စောင်ပုခက် ကို မနားတမ်း ထမ်း ပို့တာပါ ။ တော်တော်လေး လှမ်းတယ် ဆိုတာ က မြန်မာ တိုင် နဲ့ ဆိုရင် နှစ်တိုင် လောက် ဝေး တာပါ ။ အင်္ဂလိပ် မိုင် နဲ့ ဆို လေးမိုင် ပေါ့ ။ လမ်း တစ်ဝက် လောက် ရောက် ရင် နွေဘက် မှာ ရေ မရှိတဲ့ လျှိုကြီး ရှိတယ် ။ လျှိုကြီးက ချောင်း စောက်ကြီး လို အရှည်ကြီး ဆိုတော့ တံတားရယ် ဘာရယ် မရှိဘူး ။ တံတား က ကူး ချင် ရင် အရှေ့ဘက် တော်တော် ဝေးဝေး ကို သွား ရမယ် ။ အုတ်တံတား အဟောင်း ကြီး ပါ ။ ကျန်တဲ့ နေရာ မှာ တော့ ဘာ တံတား မှ မရှိဘူး ။ တိုက်နယ်ရွာ ဘက် သွား ချင်ရင် လျှိုထဲ ဆင်း ပြန်တက် ၊ ဆက်လျှောက် သည် နည်း ပဲ ရှိတယ် ။ သည်တော့ တိုက်နယ်ဆေးရုံ ကို သွားချင် ရင် လှည်း က လမ်း တစ်ဝက် ပဲ ရောက်တဲ့ သဘော ပေါ့ ။ လှည်း ကို လျှိုထိပ် အထိ မောင်း လာ ၊ ကျန်တဲ့ တစ်တိုင် ခရီး ကို လူ နဲ့ ထမ်းကြ ရတယ် ။ စံလှဘော် က စောင်ပုခက် ထမ်းရင် ရှေ့ က နေ တယ် ။ ခပ်သုတ်သုတ် လှမ်းနိုင် အောင်ပါ ။ နောက် လူ က မီ အောင် သာ လိုက်တော့ ။ ဆေးရုံ ကို စောစော ရောက် ချင်တော့ လူပျော့ နဲ့ မဖြစ်ဘူး ။ အထမ်း ညီ မှ ။


တစ်ခါတော့ ရွာ က မပိုးတူ မမွေးနိုင် မဖွားနိုင် ဖြစ်တော့ တိုက်နယ်ဆေးရုံ ပို့ရမယ် ဖြစ်ရော ။ စံလှဘော် က ဘုန်းကြီးကျောင်း မှာ နေ ပေမယ့် လည်း သည် သတင်း ကို သန့်ခနဲ ကြားတယ် ။ ရွာ ထဲ ချက်ချင်း ပြေးပြီး စောင်ပုခက် တောင့်တောင့် ဆင် ခိုင်းတယ် ။ လှည်း ဆင့် ခိုင်းတယ် ။ ကာယကံရှင် နဲ့ ဆွေမျိုးတွေ လိုက် ချင် လိုက် ၊ မလိုက် ချင် နေ ။ လူနာ ကို လှည်း ပေါ် ပွေ့တင် ပြီး မောင်းခိုင်း တော့ တာ ပဲ ။ လူ တွေ က လှည်း နောက် က ဓာတ်မီးတွေ ၊ မီးတုတ်တွေ နဲ့ လိုက်ကြ ရတယ် ။ လျှိုထိပ် ရောက်တော့ ကိုယ်ဝန်သည် ကို ယောက်ျား သန်သန်တွေ ပွေ့ ချပြီး ပုခက် ထဲသိပ် ၊ ပြီးတာ နဲ့ ဆတ်ခနဲ ကောက် မ ပြီး လျှို ထဲ ဆင်းကြ ရ ပြီ ။ ပြီးတော့ ညှစ် ရုန်း ပြီး လျှိုစောက် တစ်ဘက် ကို တက်ကြ ရတယ် ။ တစ်ဘက်ထိပ် ရောက်ပြီ ဆိုတာ နဲ့ ထမ်းလိုက် ကြ တာများ ၊ စံလှဘော် က လူ မလဲဘူး ။ နောက်က လူတွေ သာ လဲတယ် ။ မပိုးတူ ခမျာ တိုက်နယ်ဆေးရုံ တောင် မရောက်ရှာပါဘူး ။ ပျက်စီး ရှာ လို့ စံလှဘော် ဆိုတာ တက် တစ်ခေါက်ခေါက် ၊ မျက်ရည် တရွှဲရွှဲနဲ့ ။ ဖြစ်ရ လေခြင်းပေါ့ ။ တကယ်က မပိုးတူ ကို စံလှဘော် သိချင် သိမယ် ၊ သိချင် မှလည်း သိမယ် ။ ဒါပေမယ့် မန်ကျည်းစုရွာသူ ဆိုတာ နဲ့ ပို့ ရှာတာပါ ။ 


နောက် ခြောက်လ လောက် ကြာ တော့ မညိုလုံး ကို ပို့ ဖို့ဖြစ် လာတယ် ။ ရွာ လက်သည် က လက်လျှော့ ပြီ ဆိုတာနဲ့ တိုက်နယ်ဆေးရုံ ကို ပို့ ဖို့ ဖြစ်လာတယ် ။ စံလှဘော် က ရှေ့ က ပါပဲ ။ ထမ်း လိုက် တာများ တစ်ချက် မနားဖူး ။ တစ်ချက် ခြေမကျဘူး ။ လမ်း က သာ လှတာ မဟုတ်တော့ နင်းကျိုး နင်းကျွံ ပေါ့ ။ ကန်သင်းနင်း ကန်ပဲ့နင်း သွား ရတဲ့ လမ်း ။ မြက်တော ကိုင်းတော ဖြတ် ရတဲ့ လမ်း ။ တိုက်နယ် ရွာခြေ ကို ရောက် တော့ မညိုလုံး က ညည်းပြီ ။ ဒါပေမယ့် မအေ ရော ကလေး ပါ အသက် လု လိုက် နိုင်တယ် ။ ရွာ က ကျေးဇူး တင်ကြ လွန်းလို့ လေ ။ မညိုလုံး တို့ မိသားစု က လည်း စံလှဘော် ကျေးဇူး ကို အောက်မေ့လို့ တဲ့ ။ ကလေး ကို “ အောင်ဘော် ” လို့ နာမည် ပေး ကြတယ် ။ အောင်ဘော် တောင် ကြီး လှပေါ့ ။


သည့် နောက်ပိုင်း တော့ ရွာ မှာ နယ်လှည့် အစိုးရခန့် ဝမ်းဆွဲဆရာမ ရှိ လာ လို့ အရပ်လက်သည် ထက် စာရင် အဖိတ်အစင် မရှိ သလောက် နည်း သွား လေရဲ့ ။ ဆရာမ က ရွာ သုံးလေးရွာ ကို စက်ဘီး နဲ့ လှည့်တာမျိုး ၊ ကိုယ်ဝန်ဆောင် ရှိတဲ့ အိမ် ကို မွေးရက် နီးရင် စိတ်စိတ် လာ တာမျိုးတွေ ရှိ လာ လို့ အဆင် ပြေ သွားပြီ ဆိုပေမယ့် စံလှဘော် ရဲ့ ကျေးဇူး ကို ရွာ က မမေ့ကြဘူး ။ စံလှဘော် ကို မန်ကျည်းစုရွာသား လို့ သဘော ထား နိုင်ကြတဲ့ အပြင် လူသူတော်ကောင်း ကပ္ပိယကြီး အဖြစ် ချစ်ခင်ကြ တယ် ။


“ ကျုပ် အမေ က မီးတွင်း ထဲ မှာ သေသာဗျ ။ အဖေ က ကျုပ် ဆယ်နှစ်သား ရောက် မှ ရောဂါနဲ့ သေသာ ။ မိဘ နှစ်ပါး မရှိတော့ ဘွားအေကြီး က ကျုပ် ကို သည်ရွာ ခေါ်လာခဲ့သယ် ။ ဆရာတော် က ကျုပ်တို့ မြေးအဘွား ကို လက်ခံပြီး ကနေ့ အချိန် အထိ စောင့်ရှောက် လာခဲ့တဲ့ ကျေးဇူးတရား ကျုပ် ဘယ်တော့ မှ မမေ့ဘူး ။ ကျုပ် ကျေးဇူးရှင် ဆရာတော် သက်တော် ရှည် သရွေ့ ကျုပ် ဘယ်မှ မသွားဘူး ။ ကျုပ် ကိုယ်တိုင် လည်း မန်ကျည်းစု မှာ ပဲ ခေါင်းချမယ် ။ ကျုပ် က ဘုန်းကြီးကျောင်း ကပ္ပိယ တင် မကဘူး ။ ရွာ့ ကပ္ပိယ အဖြစ် လည်း ခံယူ သဗျာ”


စံလှဘော် သည် စကားတွေ ပြော တော့ ရွာ က မျက်ရည် တောင် လည်မိ ကြ တယ် ။ ရွာ က စံလှဘော် ကို ယုံပါတယ် ။ သနား လည်း သနား ကြတယ် ။ ချစ် လည်း ချစ် ကြတယ် ။ တချို့က ဆို စံလှဘော်ကြီး တဲ့ ။ တချို့ ကတော့ ကပ္ပိယကြီး တဲ့ ။ ဒါမျိုး ဆို ရင် စံလှဘော်ကြီး က လည်း “ ဗျား...” လို့ ထူး လိုက်တာပါပဲ ။ 


◾ခင်ခင်ထူး


📖 ကပ်ပိယ


# ကိုအောင်နိုင်ဦး


.

No comments:

Post a Comment