❝ ကျွန်တော့် သမီး ❞
ကျွန်တော့် သမီးလေး တွင် သာယာ သော အသံ ရှိသည် ။ လှပ သော အဆင်း လည်း ရှိသည် ။ နက်နဲသော အသိဉာဏ်ပညာ လည်း ရှိသည် ။ ယဉ်ကျေးသော အလိမ္မာ လည်း ရှိသည် ။
ထို့အတူ ...
ထိရောက်သော ဘဝ အဓိပ္ပာယ် လည်း ရှိစေချင် မိ ပါသည် ။
••••• ••••• •••••
“ ဖေဖေ ... ‘ မန်းကေသီ ’ ဆိုပြ ”
ထို သီချင်း အား သမီး အလွန် စွဲလမ်းပါသည် ။ ငယ်စဉ် က သမီး အိပ်ရာ ဝင် တိုင်း ကျွန်တော် ချော့မြူ ဆို သိပ် ရသော တေးသီချင်း များစွာ တို့ အနက် ထို သီချင်း အား သမီး မှတ်မှတ်ရရ ရှိ နေသည် ။
“ မန်းကေသီ ... ကြည်လဲ့လဲ့ အပြုံးလေးများ နဲ့ ကျွန်တော့် ကို အတည် ... ဖိတ်ခေါ်သည် ... ”
ကျွန်တော် က ကြည်ကြည်နူးနူး ဆို ပြတော့ သမီး က လည်း မှတ် မိ သလောက် နောက် က လိုက် ဆို ၏ ။ အနိမ့် အမြင့် အသံများ နှင့် တော်တော်လေး ခက်ခက်ခဲခဲ သူ လိုက် မှတ်၏ ။
“ ဖေဖေ စာသားတွေ မေ့ ကုန်ပြီ အဆုံး ထိ ဆို ပြပါ ”
“ အမယ် မေ့ပြီလား ဟုတ်လား မန်းမြို့ မှာ ဘာတွေ ရှိသလဲ ”
ကျွန်တော်က ချာခနဲ ငေါက် လိုက် တော့ သမီး က ပြုံးစိစိ ဖြင့် စဉ်းစဉ်းစားစား ဖြေ၏ ။
သူ့ လက်ချောင်းကလေးများ ကို ချိုးရင်း
“ အိမ်တော်ရာစေတီ ...
ဦးခန္တီ ... တောင်ပေါ်စေတီ ...
နန်းတော် ကျုံရွာလေး ...
မင်းကွန်းခေါင်းလောင်းကြီး နဲ့
မြသိန်းတန်စေတီ ...”
မျက်လုံးတောက်တောက်ကလေးများ ကို ပေကလပ် ပေကလပ် လုပ် ကာ သမီး က ရေတွက် ၏ ။ ချစ်စရာ ကောင်းသော သမီး ။
ကလေး ဘဝ ကတည်း က စိတ်မှန်း ဖြင့် သမီး စွဲလမ်းခဲ့ ဖူးသော အရာများ ။ မမမန်းကေသီ ကိုလည်း တကယ် ရှိ မရှိ သမီး မသိ ။ သို့ပေမဲ့ ... သူမ ကို သမီး ချစ် နေသည် ။ သူမ ၏ အပြုံး ကို သမီး မြင်ယောင် နေဟန် ရှိသည် ။
သမီး မေ့မရသော အရာ ...
ထိုအရာ မှာ ... ဟို မန်းမြို့ က မမကေသီ ။
••••• ••••• •••••
သမီး မမေ့သော သီချင်းလေး တစ်ပုဒ် လည်း ရှိ သေးသည် ။ သီချင်း ကြိုက်သော သီချင်းသံ ကြား မှ အိပ် ပျော်သော သမီး ကို ကျွန်တော် က ညစဉ်တိုင်း သီချင်းများ နှင့် ချော့ သိပ် ၏ ။ သူ ကြိုက်သော သီချင်း ဆို လျှင် သမီး က တစ်ပုဒ် ထဲ ကို ပဲ မအိပ်ပျော် မချင်း ထပ်တလဲလဲ ဆိုပြ ခိုင်း တတ်၏ ။ သီချင်း ထဲ တွင် နစ်မျောရင်း အိပ် တတ်သော သမီး ကို ကျွန်တော် က စိတ်ရှည် လက်ရှည် အသံနေ အသံထား နှင့် မမောတမ်း ဆို ပြ ရ ပါသည် ။ ကျွန်တော် က သီချင်း အရွေးကောင်း အောင်လည်း ကြိုးစား ရ သေးသည် ။ သီချင်း ဟု ယူဆ ပြီး သမီး အာရုံထဲ စွဲ နေသော သီချင်း တစ်ပုဒ် ရှိခဲ့ပါသေးသည် ။
“ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့
ကင်းအောင်နေ ၊ ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ်နည်းယူစေ ၊ သုံးပါးရတနာ
မိဘများနှင့် ဆရာသမားကို ပူဇော်သလေ ...”
ငယ်ငယ် ကတည်း က ကျွန်တော် နှလုံး သွင်း ပေးခဲ့သော ထို သုံးဆယ့်ရှစ်ဖြာမင်္ဂလာ သီချင်း ကို သမီး က သူ့ ဘဝ အတွက် နေထိုင် နည်း အဖြစ် အသုံးပြုသော အခါ ကျွန်တော် ကျေနပ် ရ၏ ။
သမီး သုံးတန်း တွင် လမ်းထိပ် က ဓမ္မာရုံ ၌ ဗုဒ္ဓဘာသာ သင်တန်း တက် ခိုင်းတော့ သမီး က လိုလိုချင်ချင် ပင် တက်၏ ။ တခြား ကလေးတွေ လမ်း ထဲ မှာ ဆော့ နေချိန်တွင် သမီး က သူ့ အိတ်ကလေး ပိုက် ကာ သင်တန်း သို့ သွား၏ ။ ကျွန်တော့် မှာ မိဘ တစ်ယောက် အနေ ဖြင့် ဘယ်လောက် ဝမ်းသာ ပီတိ ဖြစ်သလဲ မပြောပြ နိုင်လောက် အောင် ပင် ။
သမီး တွင် မေမေ မရှိ ။ သမီး မွေးမွေး ချင်း မီးတွင်း ထဲ မှာ ပင် ဆုံးပါး သွားခဲ့သည် ။ သို့သော် သမီး ငယ်ငယ် ကတည်း က မေမေ ဟူ သည်ကို သိပ် မတောင့်တ တတ်ပါ ။ ထိုသို့ ဖြစ်ရ အောင် လည်း ကျွန်တော့် မှာ အပင်ပန်း ခံ၍ ကွက်လပ်များစွာ ကို ဖြည့်ဆည်း ပေးခဲ့ ရသည် ။ အလုပ်ချိန် များ ကို အတတ်နိုင်ဆုံး အားလပ်ချိန် များ အောင် ကြိုးစားပြီး သမီး ကို ယုယ ဖို့ အချိန် ပေးရ၏ ။
သမီးလေး ကို ဖျော် တိုက်သော နို့ရည်များ ထဲ တွင် ကျွန်တော့် မေတ္တာများ ပြည့်ပြည့်ဝဝ ပါဝင်အောင် ကျွန်တော် သစ္စာ ဆိုခဲ့ ဖူး သည် ။ သမီးလေး အား ဝါး ကျွေးသော ထမင်းလုတ် တိုင်း ကို ကျွန်တော် ကိုယ်တိုင် ဝါး ပေးခဲ့ဖူးသည် ။ သမီးလေး ပါးစပ် ထဲ သနပ်ခါးများ ကို ကျွန်တော် ကိုယ်တိုင် ခွံ့ ခဲ့ ဖူးသည် ။ သမီးလေး စည်း သော ကြက်တောင်စည်းလေး များ အတွက် ကျွန်တော်ကိုယ်တိုင် ကြိုးကလေးများ ဝယ်ပေး ခဲ့ ဖူး သည် ။
သမီး ကျောင်း တက်တော့ သမီး ဘေး တွင် တခြား ကလေးများ နည်းတူ မိန်းမကြီး တစ်ယောက် အစား ယောက်ျားကြီး တစ်ယောက် ဖြစ်နေသည် ကို သမီး က တော့ ထူးထူးခြားခြား အနေ ဖြင့် အမြင် ဆန်း ချင် ဆန်း နေလိမ့်မည် ။ သို့သော် မိဘများ ဆီ မှ တခြားကလေးများ ရ သည့် အကြင်နာများ ထက်တော့ ကျွန်တော့် ဆီ မှ သမီး ရသော အကြင်နာ များ သည် နည်းနည်း မှ လျော့လိမ့်မည် မဟုတ် ။ အခု ဆို ...
“ အသေဝနာစ ဗာလာနံ
ပဏ္ဍိတနဉ္စ သေဝနာ
ပူဇာစ ပူဇနေယျာနံ ... ”
ဟူသော ပါဠိ လို သင် ရသည်များ ကို သမီး က ကျက် ဖို့ မပျင်း တော့ ။ အလွယ်တကူ နားလည်တတ်ခဲ့ လေပြီ ။ ထို အတိုင်း လည်း စွဲစွဲမြဲမြဲ သမီး လိုက်နာ ခဲ့ ပါသည် ။
ပညာရှိ ကို မှ လူတွေ က ပေါင်းသင်းကြ မှာ ဟု ဖွဖွ ရွတ် ကာ ပညာ တတ် အောင် သမီး က စာကြိုးစား လေသည် ။ ဆရာ / ဆရာမ များ ကို လည်း တပည့်ဝတ် ကျေပွန်စွာ သမီး ရိုရိုသေသေ ဆက်ဆံ ကြောင်း ဆရာ / ဆရာမများ နှင့် တွေ့လျှင် ချီးမွမ်း စကား ကြား ရ၏ ။
လိမ္မာယဉ်ကျေးသော သမီး ကို ဆရာ / ဆရာများ က အလွန် ချစ်၏ ။ သို့သော် သမီး က ရုပ် တည်သည် ။ စကား ဆို လျှင် အပို မပြော ။ ချစ်အောင် လည်း မပြော ။ မုန်းအောင် လည်း မပြော ။ လိုအပ် မှ သာ အထိရောက်ဆုံး စကား ကို ဆိုလေ့ရှိသည် ။ သူ စကား များများ ပြော သည်မှာ ကျွန်တော် တစ်ယောက် တည်း ပဲ ရှိသည် ။ သူ ကျောင်း က ပြန်ရောက် လျှင် ဘာတွေ ဖြစ်ခဲ့သည် ။ ဘယ် ဆရာမ က သူ့ ကို ဘယ် လို ပြောပြီး ဘယ် သူငယ်ချင်း က ဘယ်လို ပြောသည် ဟု ပြန် ပြော၏ ။ သူ လုပ် သမျှ ဖြစ်ပျက် သမျှ ကို ကျွန်တော့် အား မလျှို့မဝှက် အသိ ပေး တတ်သော အကျင့်ကောင်း တစ်ခု တော့ သမီး က စွဲမြဲစွာ ကျင့်သုံး သည် ။
သမီး ငယ်စဉ်က အဖြစ်အပျက်လေး တစ်ခု ကို ကျွန်တော် အခု ထိ မှတ်မိ နေ ပါသည် ။ သမီး တွင် သူငယ်တန်း ကတည်း က ပေါင်းသော သူငယ်ချင်း ဟူ ၍ ရှားရှားပါးပါး တစ်ယောက် တည်း သာသည် ။ ထို ကောင်မလေး က သမီး အား အလွန် ချစ်သည် ။ သမီး မှ လွဲ၍ ဘယ်သူ့ မှ သူ့ သူငယ်ချင်း က အထင် မကြီး ။ သမီး က စာ တော်သည် ။ လိမ္မာသည် ၊ သူ့ သူငယ်ချင်း မှ လွဲ၍ ဘယ်သူ နှင့် မှ မပေါင်း ။ ထိုအချက် ကို သူ့ သူငယ်ချင်း က သဘော ကျ ၏ ။ လေးတန်း ရောက် တော့ သမီး ကို ခင် ချင်သော အတန်းဖော် ကောင်မလေးများ က သမီး ကို သိသိသာသာ ရော လာသည် ။ မုန့်စား ဆင်း လျှင် ထမင်း အတူ လာ စား တာ ၊ ကစား ဖို့ အဖော် ညှိတာတွေ လုပ်လာသည် ဟု သမီး က ပြန် ပြော၏ ။
ထိုအခါ ထို ကောင်မလေး က မကြည်လင် တော့ ။ သမီး ကို သူ့ တစ်ယောက်တည်း နှင့် ပဲ ခင်စေချင်သည် လေ ။ တခြား သူ တွေ ကို သူ့ ထက် ပို ခင်သွား မှာ စိုးရိမ် ဟန် ရှိ၏ ။ သမီး နှင့် အတန်းဖော်များ ကြား တွင် သမီး သူငယ်ချင်း က ကလေးဉာဏ် ဖြင့် စကား ရှုပ်သည် ဆို၏ ။ ဘယ်လို့လဲ ဆို သူတို့ က ကျွန်တော့် သမီး ကို ကွယ်ရာ မှာ ဘယ် လို ပြောတယ် ပေါ့ ။ သမီး က လည်း သူတို့ ကို ဘယ်လို ပြန် ပြောတယ်ပေါ့ ။ နောက်ဆုံး သမီး က မဟုတ်မခံ မို့ ထိပ်တိုက် သွား ရှင်းတော့ အလိမ် ပေါ် သွားရော ဗျာ ။
“ သူ ရှုပ်တာ ၊ သူ ဗလောင်းဗလဲ လုပ်တာ ” ဟု သမီး က သူ့ သူငယ်ချင်း ကို စိတ် ဆိုး၏ ။ “ သူ ငါ့ ကို ခင်လို့လေ ” ဟု မတွေးတတ် ။ “ လူမိုက် ဆိုလျှင် ရှောင်သွေလွဲလို့ ” ဆိုတာ ကို ပဲ သမီး ခေါင်း ထဲ စွဲနေ၏ ။ သူ မဟုတ်တာ လုပ်ကြံ ပြော တတ်တယ် ။ သူ အကျင့် မကောင်းဘူး ၊ သူ လူဆိုးလူမိုက် ဟု သမီး က မှတ်၏ ။ သူ့ ကို မပေါင်းသင့်ဘူး ၊ သူ့ ကို ရှောင်ရမယ် ဟု သမီး စိတ် ထဲ တွေး ကာ “ နင် က အကျင့် မကောင်းဘူး ၊ နင့် ကို ငါ မပေါင်းဘူး ” ဟု ပြော လိုက်သည် ဆို၏ ။ ထို ကောင်မလေး စိတ် ထိခိုက်သွားလား ဘာလား လဲ သမီး က မသိ ။ သမီး က တော့ ထို ကောင်မလေး ကို လုံးဝ လှည့် မကြည့်တော့ ။
သမီးတို့ ကျောင်း သည် မူလတန်း ကတည်း က ပင် ကျောင်းတက် ခေါင်းလောင်း သံ ကြားတာ နှင့် ဘုရားရှိခိုး စာ ရွတ်ရ၏ ။ ကဗျာလေး လို ရွတ် ရသော ဘုရားရှိခိုး မျိုး ကို သမီး က ပို၍ သဘောကျ ပါသည် ။
“ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင်စကြဝဠာ ၊ နတ်ဗြဟ္မာတို့ ၊
ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ...”
ထို ရှစ်နေ့ ဘုရားရှိခိုး ရွတ် ရ လျှင် သမီး က အားရပါးရ ပူဇော်တာ ပေါ့ ဟု ပြန် ပြော၏ ။ ဗုဒ္ဓ ၏ ဖြစ်စဉ် ၊ ဗုဒ္ဓ ၏ အဆုံးအမ နှင့် နိပါတ်တော် ကြီးများ ကို စာအုပ် အထူကြီးများ လှန် ကာ အချိန် ရတိုင်း သမီး ဖတ် နေတာ တွေ့ရသည် ။
ထိုသို့ ဗုဒ္ဓ ၏ အဆုံးအမများ ကို အမြဲမပြတ် ဖတ်ရှု နာကြား နေ ပေမယ့် တကယ် တကယ် သမီး လုပ် လာသော အလုပ် က တော့ “ အနု ပညာ ” ။
ကျွန်တော် က သမီး ကို ဘာလုပ် ဘာလုပ် ဟု အမိန့် ဆန်သော ညွှန်ကြားမှုမျိုး ကို ဘယ်တော့မှ မပြော ။
ဘယ်ဟာ က အမှန် ၊ ဘယ်ဟာ က အမှား ဟု ဝေဖန် အကြံ ပြု သော အလုပ် ကို သာ လုပ် လေသည် ။ သမီး ကို ဆုံးဖြတ်ချက် ချတတ် အောင် မှန်တယ် ထင်ရာ ရွေးချယ်တတ်အောင် ၊ ကိုယ့် ဆုံးဖြတ်ချက် ကို ကိုယ် တာဝန်ယူရဲ သည့် အသိ ရှိအောင် သာ လေ့ကျင့် ပေး ထားသည် ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ် ၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ် ဟု စိတ် ကို နေရာတကျ ထား တတ်သော နည်း မျိုး ကို သမီး အနေ ဖြင့် လက်တွေ့ အသုံးချ နေတတ်ပြီ ဖြစ်ကြောင်း ကျွန်တော် ယုံကြည်၏ ။
ကျွန်တော့် သမီး သည် ပညာရေး တွင် သာ မက ငယ်စဉ် ကတည်း က ဘက်စုံ ထူးချွန်ခဲ့သော ကလေး ဖြစ်သည် ။ ကဗျာရွတ် ပြိုင်ပွဲ ၊ စာစီစာကုံး ပြိုင်ပွဲ တိုင်း တွင် အမြဲ ဆု ရသည် ။ ကျောင်းကပွဲ တိုင်း တွင် လည်း သမီး က မပါ မနေရ ပါ ရသည် ။ ကျွန်တော် က လည်း ပညာရေး ဘက် တွင် တာဝန်ကျေ နေသော သမီး ၏ အခြား အခွင့်အရေးများ ကို မပိတ်ပင်ပါ ။
ယခု တော့ တက္ကသိုလ်ကျောင်းသူကြီး ဖြစ် နေသော သမီး သည် အနုပညာပိုး တစ်စခန်း ထ လာပြန်သည် ။
တစ်နေ့ တော့ သမီး က ကျွန်တော့် ကို ‘ ဖွင့်ကြည့် ’ ဟု ခပ်ကြွားကြွား လေသံလေး နှင့် ပြော ကာ ကက်ဆက်ခွေ တစ်ခွေ ကျွန်တော့် လက် ထဲ လာ ထည့်၏ ။ သမီးတို့ မေဂျာ မှ ကျောင်း အမှတ်တရ လုပ် သော စီးရီး တွင် သမီး က နှစ်ပုဒ် ဝင် ဆိုပေး ထားသည် တဲ့ ။ ကျွန်တော် ပထမ တော့ အနည်းငယ် ပီတိ ဖြစ် မိ၏ ။ ဘယ်နေရာ ရောက်ရောက် ထူးချွန် နေ သော သမီး ၏ ထူးခြားသော အရည်အချင်း များ ကို မြင်ရ တိုင်း ဖခင် ဖြစ်သော ကျွန်တော် မှာ ကျေနပ် ကြည်နူး မိသည် မှာ အမှန် ပင် ။ သို့သော် နောက်ဆက်တွဲ ပြော လာသော သမီး ၏ စကားများ ကို ကြား ရချိန် မှာ တော့ ကျွန်တော် အလွန် အံ့ဩ သွား၏ ။
“ သမီး အဆိုတော် လုပ်ချင်တယ် ဖေဖေ ၊ အမေ အမွေ ပေး ခဲ့တဲ့ သမီး ရဲ့ ကိုယ်ပိုင်ငွေ နဲ့ သမီး ကို စီးရီး လုပ် ခွင့် ပေးပါ ။ သမီး ရဲ့ အရည်အချင်း ကို ပြ ခွင့် ပေးပါ နော် ”
ကျွန်တော့် ရှေ့ က သမီး မှာ ကျွန်တော် ဖြစ်စေချင် မြင်နေချင် သော သမီး မဟုတ်တော့ သလို ခံစား လိုက် ရသည် ။ ပညာတတ် သမီး အလိမ္မာ တစ်ယောက် အဖြစ် သမီး ကို ဂုဏ်ရှိရှိ ဝင့်ကြွားစေ ချင်သော ကျွန်တော် မှာ အနုပညာသည် တစ်ယောက် အဖြစ် ဘဝင်မြင့် စိတ်ကြီး ဝင် နေချင်ဟန် ရှိသော သမီး ဘဝ အတွက် စိုးရိမ် သွား မိ၏ ။
“ ခွင့် မပြုနိုင်ဘူး သမီး ”
ကျွန်တော် ဘာကို ဆိုလိုမှန်း သမီး သိပါသည် ။ အိမ်ရှေ့ခန်း မှ ကာရာအိုကေစက်များ ကို ဘယ်နား သွား ထား၍ ဘာ လုပ် ပစ်ရမည် မှန်း မသိသော စိတ်များ ဖြင့် ကျွန်တော့် မျက်စိ တို့ ယောက်ယက်ခတ် သွားပြီး မျက်နှာ ပျက် မိ၏ ။
“ သမီး က ကိုယ့် အရည်အချင်း ကို ကိုယ် ယုံကြည်မှု ရှိ သလို ဖေဖေ က များ သမီး ကို အားပေးမလား လို့ ”
သမီး က ခေါင်းလေး ငုံ့ကာ အသံတိမ်လေး နှင့် ပြောပြီး လှည့် ထွက် သွား၏ ။ ကျွန်တော် ၏ ကန့်ကွက်မှု ကို သူ စောဒက တော့ မတက်ပါ ။
နောက်နေ့ တွေ မှာ တော့ သမီး ကို မသိမသာ စောင့်ကြည့် မိ သော အလုပ် တစ်ခု ပို လာ၏ ။ စာရွက်တွေ နှင့် တကုပ်ကုပ် ရေး နေ လိုက် ၊ စာအုပ် အထူကြီးတွေ ဖတ် နေလိုက် နှင့် တစ်ခါတစ်ရံ တော့ သမီး က သူ ချစ်သော သူများ ၏ ပုံတူ ကို ခဲပန်းချီ ဖြင့် အပျင်းပြေ ထိုင် ဆွဲ နေတတ်သေးသည်ကို တွေ့ ရ သေးသည် ။ “ သမီး က ဘာ ဖြစ်ချင်နေ တာလဲ ” ။ ကျွန်တော့် အာရုံ မှာ အချိန် အားတိုင်း ထို မေးခွန်း က ဝင်လာ၏ ။
တစ်နေ့ တော့ “ သမီး ဝတ္ထု ရေးနေတာ ” ဟု ပြောလာ၏ ။ ကျွန်တော် က တော့ စိတ်ပူစွာ ဖြင့် သမီးများ ရည်းစား ရှိနေပြီလား ၊ အချစ်အကြောင်းတွေ ရေးတတ် နေပြီလား ဟု အတွေး လွန် မိပါသည် ။ ညဘက် တွေ ဆို တော်တော် နှင့် မအိပ်ဘဲ ဖုန်း ပြောလိုက် ၊ စာ ရေးလိုက် နှင့် အလုပ် ရှုပ် ကာ သမီး က ကျွန်တော့် နှင့် တောင် စကား များများ မပြောဖြစ်တော့ ။ ဘုရားစာအုပ်တွေ လောကနီတိတွေ ဖတ် ကာ ကြီး ပြင်း လာ သော ကျွန်တော် ၏ သမီးလေး ဘယ်လို ရည်ရွယ်ချက်တွေ ကြောင့် ဘာတွေ လုပ် နေသလဲ ကျွန်တော် တွေး မရသေးပါ ။
တစ်ည တော့ သမီး ဖုန်း အချ ကို စောင့် ကာ ကျွန်တော် သမီး ကို ဆူ မိ၏ ။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ နှင့် အချိန် ဖြုန်း တာ ကို ကျွန်တော် အထင် မကြီးနိုင်ကြောင်း ၊ စိတ် လေလွင့် စိတ် ကစားတာ မလိုအပ်ဘဲ ဖုန်း အကြာကြီး ပြောသည် ကို ကျွန်တော် သဘော မကျကြောင်း ။ ကျွန်တော် က တော့ အစိုးရိမ် လွန်ကာ ပြောမိတာ ဝန်ခံပါသည် ။ သမီး က ထို ည က ကျွန်တော့် ကို ဘာမှ ပြန် မပြော ။ ပြီးတော့ သူ ခိုးကာ ငို ပါသည် ။
နောက် တစ်ပတ် ကြာ တော့ မဂ္ဂဇင်း စာအုပ်လေး တစ်အုပ် ကျွန်တော့် ကို လာ ပေး၏ ။ သမီး နာမည်လေး ဖြင့် အယ်ဒီတာ မှ လက်မှတ် ထိုး ကာ မေတ္တာ လက်ဆောင် ပေး ထား တာ မြင်တော့ ကျွန်တော် အံ့ဩ ရ ပြန်သည် ။
မာတိကာ ကို လှန် ကြည့် မိ တော့ သမီး ရေး ထားတဲ့ ဝတ္ထုတို ကလေး ပါ ကြောင်း သိ ရ၏ ။ ထို ဝတ္ထုလေး ကို ဖတ်ပြီး မှ သမီး ကို ကျွန်တော် နားလည် သွားပါသည် ။ သူ့ ကြီးကြီး ဆီ ဖုန်း ဆက် ကာ သူ့ ငယ်ဘဝ အကြောင်းလေး တွေ မေးမြန်း ပြီး အဖေ တစ်ခု သမီး တစ်ခု ဘဝလေး ကို သူ့ ကိုယ်တွေ့ ၊ သူ့ ခံစားချက် ဖြင့် ရေး ထားသော အကြောင်းလေး ကို ဖတ် ရ၏ ။
ပြီးတော့ သမီး က သူ့ အိပ်ခန်း ထဲ မှ စာအုပ်စင်ကလေး အား လိုက် ပြ ပါသည် ။ ဒဂုန်တာရာ ၊ ဖေမြင့် ၊ ဂျာနယ်ကျော် မမလေး ၊ ခင်နှင်းယု ၊ ဂျူး ၊ ဦးသုခ မှ စ၍ ဂေါ်ကီ ၊ ဂျွန်စတိန်းဘတ် ၊ ဂျက်လန်ဒန် ၊ ချက်ကော့ တို့ အပြင် New York Times Bestseller! စ တဲ့ စာကြီး ပေကြီးတွေ အထိ အင်္ဂလိပ် ၊ မြန်မာ စာအုပ်ပေါင်းစုံ ကို တွေ့ ရ၏ ။ သီချင်း မဆိုတော့ပါ ဟု ကတိ ပေး လာသော သမီး ကို စာ ဆက် ရေး ခွင့် တော့ ကျွန်တော် ပေး ခဲ့ ရ ပါသည် ။ စာအုပ်တိုက် က သမီး ၏ စာအုပ် အဖုံး ကို သမီး ဓာတ်ပုံ သုံးခွင့် တောင်း တော့ ကျွန်တော် အကြီး အကျယ် ကန့်ကွက် ရ သေး၏ ။
ဘာပဲပြောပြော သမီး ကို ကျွန်တော် လေးစား သွား မိပါသည် ။ ဘာလုပ်ပါ ဟု မပြောဘဲ ဘာလုပ်သင့်သည် ဟု သာ အကြံ ပေးခဲ့ဖူးသော ကျွန်တော့် ၏ အဆုံးအမ ကို သမီး က စနစ်တကျ လိုက်နာ နိုင်ခဲ့သည် ။ စိတ်ဓာတ်ရေးရာ မှာ ခိုင်မာ တည်ကြည် လွန်း သော သမီး ကို ကျွန်တော် အထင် မသေးဝံ့ပါ ။
သမီး ကို ပြည့်ပြည့်ဝဝ ကျွန်တော် ယုံကြည်ပါသည် ။ ယနေ့ မှ စ၍ ကျွန်တော့် သမီး ကို ကျွန်တော် မျက်စိ မှိတ် ၍ စိတ်ချ နိုင်ပါသည် ။
◾ရွှေထိုက်
📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ကောင်းကင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment