❝ ထွက်ပြေးတဲ့ အခါ ❞
ထွက်ပြေးတဲ့အခါ ....
ပိတ်ဆို့
လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင်
လေးလံရဲ့ ။
အိပ် မရတဲ့ မျက်လုံးတွေ ကို ဘယ်သူ စီးမိုး ထားတာလဲ ။ မျက်ခွံ ကို ပင် မပိတ်ရဲ လောက်အောင် ခြောက်ချား လာသည် ။ “ ကိုယ့် မှာ အိပ်ချိန်လေး တစ်ချိန် ပဲ မင်း ဆီ က လွတ်လပ်ခွင့် ရတာပါ
အချစ်ရယ် ” ဟု သူ့ ကို ရည်ရွယ်တိုင်တည မိတာ အကြိမ်ပေါင်း များစွာ .. ။ ဒါတောင် မရ ၊
အိပ်ပျော်ခိုက်လေး မှာ တောင် သူ က အိပ်မက် မှ တဆင့် ကျမ ထံ လာခဲ့သည် ။ အိပ်မက် ထဲ မှာ လည်း သူ ပဲ အနိုင် ရသည် ။ သူ့ မျက်လုံးတွေ အောက် မှာ ကျမ ကြေကွဲ နာကျင်စွာ အကြိမ်ကြိမ် ကြေကွဲ ရ သတဲ့ ။ ဘယ်လောက်များ ရှုံးနိမ့်လိုက်ပါသလဲ ။ တကယ့် တကယ် ပြင်ပ မှာ တော့ ကျမ က သူ့ ကွယ်ရာ မှာ သာ တိတ်တိတ် ငိုကြွေးရသူ ။ သူ့ ထံ မှ အချစ် ကို မျက်ရည် နှင့် သွေးဆောင် ယူရာ ကျ မှာ ကျမ ကြောက်သည် ။ကျမ ကြောင့် တော့ ဖြင့် သူ မပူလောင်စေရ ။
ချို့ယွင်းချက် ကြီးကြီး တစ်ခု မက ရှိသော မိန်းမ တစ်ယောက် အနေဖြင့် ကျမ သည် အချစ် အတွက် ငိုကြွေး ခွင့် မရှိ ။ ပိုင်ဆိုင်လို စိတ် ဖြစ်ပေါ်ခွင့် မရှိ ။သူ နှင့် အတူ ချစ်ခွင့် မရှိ ။ ကျမ မှာ ဒဏ်ရာတွေ ကို သာ သယ်ပိုး ရမည် ။ ပြီးတော့ ... သူ့ ကို စွန့်လွှတ် ရမည် ။ ဘယ်လောက်များ အရက်စက် ခံရသလဲ ကွယ် ။ ချစ်သူ ကို ချစ်ခွင့် မရှိတဲ့ ဘဝ ။ သူ့ အချစ် ကို လည်း ပြန်လည် ခံစားခွင့် မရှိတဲ့ ဘဝ ။ အဲဒီ ဘဝ ကို ထားခဲ့ပြီး ထွက်ပြေး လို့ ရမလား ဟင် .... ။ ဒါမှ မဟုတ် ၊ သူ့ ဆီ က ... ပြီးတော့ အချစ်တွေ ဆီ က .. ပြီးတော့
အိပ်မက်တွေ ဆီ က .. ပြီးတော့ အအိပ်တွေ ဆီ ကနေ ... ဟိုး အဝေးဆုံး အဝေးကြီး ကို ရောက် အောင် ပြေးပါရစေ ။ ဘယ်လောက် ဝေးဝေး ပြေးနိုင်မလဲ ဟင် ... ။
ပြေးမယ်လို့ ဟန်ပြင် ကာ မှ အာရုံ ထဲ မှာ သူ့ မျက်လုံးတွေ က ကျမ ကို ဖမ်းချုပ်၏ ။ အဲသည် မျက်လုံးတွေ ပေါ့ .. ၊ ကျမ ကို အကြိမ်ကြိမ် လဲကျ သေဆုံးစေခဲ့တာ ။ လူငယ်လေး တစ်ယောက် ရဲ့ မျက်လုံးတွေ က မိန်းမ တစ်ယောက် ရဲ့နှလုံး ကို ကြေမွအောင် ချေမွှ နိုင်တာ သေချာခဲ့ပြီ ။ ရင် မှာ နာကျင်မောပန်း ။ မေ့ဖို့ ကြိုးစားနေတာ ကို က မေ့ မရတာ ။ ထွက်ပြေးသူ အတွက် ရှေ့ မှာ ....
‘ ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်တောင်
လေးလံ ..’ ။
••••• ••••• ••••• •••••
‘ ထွက်ပြေးတဲ့အခါ
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက
ကာဆီးတောင်တန်း
ကျရတဲ့မျက်ရည်တွေက
ပင်လယ် ...’
အင်မတန် ကံ ဆိုးတဲ့ မိန်းမ တစ်ယောက် ရဲ့ သောကမီး အတွက် ပတ်ဝန်းကျင် ဟာ လောင်စာ သာ ဖြစ်တယ် ။ အဲဒီ ပတ်ဝန်းကျင် ဆိုတာ ကို ကားစင်တင်ပြီး မီးရှို့သ,တ်ရရင် သိပ် အရသာ ရှိမှာပဲ ။ အဲဒီ တခုလပ် မိန်းမ က ကိုယ် ဟာ အားအင် ချိနဲ့သူ ပါ လို့ တိုးလျှိုးရင် အဲဒီ ပတ်ဝန်းကျင် က အဲဒီ တောင်းပန် စကား ကို အာသာပြင်းပြင်း နဲ့ မြည်းကြ မယ် ... ဘယ်လောက် ဆိုးရွားတဲ့ ပတ်ဝန်းကျင်လဲ ... တွေ့လား ။ အဲဒီ ပတ်ဝန်းကျင် ထဲ မှာ ကျမ ရှိတယ် ။ မိန်းမ တစ်ယောက် ဟာ ‘ ပြစ်ဒဏ် ခံရသော သတ္တဝါ ဖြစ်စေ ’ လို့ ဘယ် အစဉ်အလာ ယဉ်ကျေးမှု က ဖန်ဆင်းခဲ့ သလဲ ။ ကျမ ဆဲရေးစမ်းပါရစေ ။ အိမ်ထောင်ကွဲ မိန်းမ ဟာ ကံ အဆိုးဆုံး သတ္တဝါ ပေ ပဲ ။ ဘယ် မိန်းမ မှ မလိုချင်တဲ့ အဲဒီ ကံဆိုးမှု ကို ခံယူရပြီး ယောက်ျား မကောင်း လို့ ဒီလို ဖြစ်ရလည်း ‘ ဒီ မိန်းမ ကို က ညံ့တာကိုး ’ လို့ ပြစ်ဒဏ် ခံရတဲ့ သတ္တဝါ လေ ။ ပတ်ဝန်းကျင် ရဲ့ မျက်လုံးတွေ ထဲ မှာ အဲဒီ တခုလပ် မိန်းမ ဟာ သိပ် ထင်ရှား နေ လိမ့်မယ် ၊ ကဲ့ရဲ့စရာ ဖြစ်နေလိမ့်မယ် .. ။ ရယ်ရင် လည်း ဟဟ မရယ်ရဘူး ဆိုပဲ ။ ဘယ်သူ ချမှတ်တဲ့ ဘောင်တွေလဲ ကွယ် ။ ရင် ထဲ မှာ ငိုရလွန်းတဲ့ အခါ ပြင်ပ မှာ ရယ်မောရင်း ဖြေဖျောက် ချင် တဲ့ မိန်းမ အတွက် တော့ အဲဒီ ဘောင်တွေ ဟာ ကာဆီး ထား တဲ့ တောင်တန်းတွေ ပဲ ။ ထွက်ပြေး မရ ။ အဲဒီ ပတ်ဝန်းကျင် ထဲ မှာ ပဲ သူ ရောက် လာတယ် ။
ကြေကွဲစရာ ကောင်းလိုက်ပုံများ ..... သူ ဟာ ချစ်ခြင်းတွေ ကို ပွေ့ပိုက် လို့ ကျမ ဆီ ရောက် လာတယ် ။ ကံ ဆိုးလိုက်ပုံများ ... ကျမ ခမျာ သူ့ ခြေသံ ကို တောင် ကြို မကြားခဲ့ရ လို့ မို့ ရှောင်ရှား ချိန် မရ ။ အချစ် မှာ မျက်ရည် ပါတယ် ။ သောက ပါတယ် ။ဒါကို ကျမ သိတယ် ၊ ဒါ့ထက် ပို ဆိုးတာ က ကျမ တွေ့ရတဲ့ ဒီ အချစ် မှာ ‘ အရှုံး ’ ဆိုတဲ့ အဖြေ က ပါပြီး ဖြစ် နေတာပဲ ။
တန်ဖိုး ဆိုတာ ကို တခါတရံ မှာ မရယူလိုက်ခြင်း နဲ့ ပေးချေ ရတယ် ။ အဲဒါဟာ အဲဒီ တန်ဖိုး ရဲ့ မြင့်မြတ်ကြီးကျယ်မှု ကို သတ်မှတ်ပေးခြင်း ပဲ ဖြစ်တယ် ။ သူ ဟာ ... အခုမှ ဘဝ ဆိုတာ အပေါ် လှမ်း တက်ဖို့ ဟန်ပြင်နေတဲ့ သူ .. ။ ပြီးတော့ ကြိုးစား တက်ကြွခြင်းတွေ နဲ့ဘဝ ခရီး ကို ဖြတ်မယ့် သူ ။ ကျမ အမြင် မှာ တော့ သူ က မင်းသားလေး တပါး လို ခမ်းနားပြည့်စုံ သူ လည်း ဖြစ်တယ် ။သူ့ ရဲ့ တန်ဖိုး အတွက် ပေးချေ စရာ ဆတူ တန်ဖိုး ကျမ မှာ ရှိ မနေတဲ့ အခါ ၊ သူ့ ကို ရယူဖို့ မကြိုးစားခြင်း သာ ထိုက်တန်သော ပေးချေမှု ဖြစ်လိမ့်မယ် ။ ကျမ ရ လိုက်တဲ့ အရှုံး ဟာ သူ့ အတွက်တော့ လှပတဲ့ အနာဂတ် ဖြစ်မယ် ။ အဲဒီအခါ သူ နဲ့ ကျမ ရဲ့အကြား မှာ မျက်ရည် ပင်လယ် ခြား တော့တယ် ။ ဒီ မိန်းမ ဟာ အစဉ်အလာ အကျဉ်းထောင် ထဲ မှာ တသက်စာ အကျဉ်းကျ ခံရသူ ။ မိန်းမ တစ်ယောက် အတွက် တခုလပ် ဆိုတဲ့ ဝေါဟာရ ဟာ ကြိုးမိန့်တစ်မျိုး ပါ ပဲ ။
••••• ••••• ••••• •••••
‘ ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်လုံးပြူးနဲ့
ရုန်းထ
သူ့ဘဝကို
ပိုရုပ်ကြွလာစေပြန်တယ် ’ ။
ဘယ်ကို ပြေးရမှာလဲ ... နောက်မှာ အရိပ် လို ထပ်ချပ် မကွာ လိုက်လာတာ ကိုယ့် ရဲ့ အတိတ် ပဲ ။ အတိတ် ဆိုတာ ခွာချ ထားခဲ့လို့မရတဲ့ အရိပ် ။ကျမ က အတိတ် နဲ့ ၊ ပစ္စုပ္ပန် နဲ့ ၊ ဖြစ်နိုင်ရင် အနာဂတ် နဲ့ ပါ ဝေးအောင် ထွက်ပြေးချင် လိုက်တာ မဖြစ်နိုင်ဘူး ဆိုတဲ့ အခြေအနေ ဆိုက ကျမ ကို တသက်လုံး ကြေမွအောင် ညှစ်သတ်မယ့် မြွေဆိုးတွေ ပဲ ။ မုန်းတယ် ... ဘဝ ဆိုတာ ကို မုန်းတယ် ။ဟိုး မှာ လိမ့်လာတဲ့ လှိုင်းလုံးတွေ သာ ကမ်း ကို ပြန် မကပ်ဘူး ဆိုရင် အဲဒီ လှိုင်းလုံးတွေ နဲ့ ကျမ လိုက်ပါရစေ ။ ကြေကွဲစရာ
ကောင်းလိုက်ပုံ များ ၊ ကျမ ကို တားဆီး ခေါ်မယ့်သူ မရှိဘဲ တစ်ယောက် တည်း ခွဲထွက်ရမယ့် ဘဝ လေ ... ၊ ဒီတော့လည်း သည်းသည်းမည်းမည်း ဟားတိုက် ရယ် လို့ ကံကြမ္မာ ဆိုတာ ကို လည်း နာခဲ့ပြီ ။
တကယ်တော့ အဲဒီ အတိတ် ကို လည်း ကိုယ်တိုင် ပဲ နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးခဲ့တာပဲ ။ မျှော်လင့်ချက်တွေ .. အားမာန်တွေ အများကြီး နဲ့ .. ချစ်ခဲ့တဲ့ သူ နဲ့ အတူ အိမ်ကလေး တစ်လုံး ဆောက်ကြမယ် ပေါ့ ။ ဘယ်သူက လိုချင်မှာလဲ ကွယ် ... ကိုယ် တပင်ပန်း ဆောက်ခဲ့ ရတဲ့ အိမ်ကလေး ပြိုကွဲ ပျောက်ပျက် သွားမှာကို ။ ဘယ်လောက် ပြုပြင် ဖန်တီးခဲ့ သလဲ ။ ဘယ်လောက် ကျားကန်ခဲ့ သလဲ ။ မိန်းမ တစ်ယောက် အနေ နဲ့ ဘဝ ပျက်တာ ကို ဘယ်သူက လက်ခံချင်ပါ့ မလဲ ။ ဒါပေမဲ့ ဘယ်လို မှ ကျားကန် မရ ။ မွမ်းမံ မရ ။ ဒါနဲ့ပဲ အားလုံး ကို လက်လျှော့ ။ ခြေကုန်လက်ပန်း ကျ ။ အဲဒါ တခုလပ်မ တဲ့ ။ “ သူ့နှယ် ... ယောက်ျား ကို နိုင်အောင် မှ မထိန်းဘဲ ။ တနေ့ တနေ့ ကလေး ကို ပဲ အလုပ် တခု လုပ်နေတာ .. ငွေ နောက်ပဲ လိုက် နေတာ ... အလုပ် နောက်ပဲ လိုက် နေတာ ... ဖြစ်တာတောင် နည်းသေး ” သတဲ့ ။ ဘယ်လောက် ပျို့အန်ချင်စရာ ကောင်းတဲ့ စကားသံတွေ လဲ ... ၊ ကျမ ရဲ့ချွေးစက်တွေ ... ဂုဏ်သိက္ခာတွေ ၊ မိခင်မေတ္တာတွေ ... လုပ်အားတွေ ... စေတနာတွေ အားလုံး ကို တခုလပ် ဆို တဲ့ စကားလုံး နဲ့ လဲ ပစ် လိုက်ရတာ ဘယ်သူ့ကြောင့် လဲ ... ၊ မုန်းတယ် .. အတိတ် ကို မုန်းတယ် ။ မီးရှို့ ပစ်လိုက်လို့ ပြာ ဖြစ်သွားမယ် ဆိုရင်တောင် အဲဒီ အတိတ်ပြာတွေ ကို ရေမှာ မျောပြီး အစ ဖျောက် ပစ် ချင်တာ ၊ အဲလို တွေး ကာမှ အတိတ် ထဲ က ဇာတ်ကောင်တွေ က ရုပ်လုံး ကြွကြွ လာပြီး ကျမ ကို ခြောက်လှန့် လာ ပြန်တယ် ။ ဟင့်အင်း ... ကျမ အတွက် အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဆိုတဲ့ ကာလ တွေ ကို မေ့ပါရစေ ။
••••• ••••• ••••• •••••
‘ ထွက်ပြေးတဲ့အခါ
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့အသည်းက
မေ့ထားသမျှကိုပိုပိုသတိရ
အဲဒီအခါ
‘ နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင် ’ လို့
ကိုယ့်ကိုယ်ကိုဆဲရေးရ .... ’
တခါတုန်းက တောင့်တခဲ့ဖူး သမျှ လတ်ဆတ်သစ်လွင်တဲ့ ချစ်ခြင်း တွေ ... ။ မျှော်လင့်ရင်း နဲ့ အတိတ် တစ်ခု ကို ဖြတ်ခဲ့ဖူး ။ ဒါပေမဲ့ အပေး သာ ရှိပြီး အယူ မရှိခဲ့ရတဲ့ ဘဝ ဟာ ကျမ ရဲ့ အားလျော့စရာ ကောင်းတဲ့ အတိတ် ပေါ့ ။ ခု ကျတော့ အချစ် ဆိုတာ အသစ် ဖြစ်ပေါ်တယ် ဆိုတဲ့ ခပ်ညံ့ညံ့ ဆင်ခြေ တစ်ခု ကို ကိုးကား လို့ ရူးသွပ်ရတော့မယ် ။ ဘယ်လောက် မိုက်မဲ လိုက်တဲ့ မိန်းမ .. ပါလိမ့် ကွယ် ။ အချစ် ကြောင့် ပဲ ပြိုလဲခဲ့ ပြီးပြီ ၊ ပြီးတော့ အချစ်ကြောင့် ပဲ .. ရှင်သန်ထမြောက် လို့ ။ အချစ် ထဲ မှာ နစ်မြုတ် ပင်ပန်း ဖူးပြီ ။ ခုလည်း မေ့ထား ကာ မှ အချစ် ဆို တာ ကို ပြန် ပြန် သတိရ ရ ။ မလာခဲ့ပါနဲ့တော့ လို့ တားမြစ်လည်း ချည့်နဲ့ နေတဲ့ အသည်း က ရနိုင်သမျှ ကို တောင့်တ တတ် နေ ခဲ့ပြီ ။ ပစ္စုပ္ပန် ထဲ မှာ သူ့ မျက်လုံးတွေ ပဲ ကျမ သိ တော့သည် ။
“ ငါဟာ
ငါပျောက်ဆုံးခဲ့တဲ့ကဗျာ
မာရ်နတ်ခိုးယူသွားခဲ့
‘ အရွယ် ’ နဲ့အတူ ။
ဘုရားသခင်သိမ်းယူသွားခဲ့
‘ နာကျည်းမှု ’ နဲ့အတူ ။
ငလျင်တို့ထူပြောတဲ့
ဘဝထဲ
ခဏလေးပဲ အငြိမ် .. ”
ဘဝ ထဲ မှာ .. နှလုံး ထဲ မှာ ... ဘာမှ မရှိတော့ ၊ ဘာကို မှ မလိုတော့ ၊ ဘာကို မှ ခံစားမရတော့ ဘူး ... လို့ ထင်ထားခဲ့တဲ့ ကာလ မှာ ပဲ သူ က ကျမ ဆီ တိုးဝင် လာ တာ ။ ဘယ်သူ ရက်စက်တာလဲ ကွယ် ။ ‘ ကိုယ့် ဆီမှာ ဘာမှ မရှိတော့ဘူး အချစ်ကလေး ရဲ့’ လို့ မြည်တမ်း ညည်းညူရင်း ပဲ ၊ သူကလေး ရဲ့ ဖျော့တော့တော့ အပြုံး မှာ ကျမ ရဲ့ကုန်ခန်းသွားပြီ လို့ ယူဆ ထားခဲ့တဲ့ အားအင်တွေ ပြန် သစ် လာတယ် ။ မျက်လုံးတွေ ပြန်လည် တောက်ပ ။ နှုတ်ခမ်းခြောက်သွေ့တွေ ပြန်လည် စိုစွတ် ။ နှလုံးသွေး တို့ ပူနွေး ...
“ ဟောဒီမှာမင်းနှုတ်ခမ်းက
မျိုးယူပျိုး ၊လှူတဲ့ပန်း ...
သစ္စာတွေ
ငါမြတ်နိုးတဲ့အကြည့်တစ်စုံ
မဆုံချင်လိုက်နဲ့ကလေးရေ ... ”
ဒါဟာ ရက်စက်တဲ့ စီရင်ချက် တစ်ခု ပဲ ။ ကိုယ့် မှာ မင်း နဲ့ ဆုံဆည်းခွင့် မရှိ ။ ချစ်ခွင့် မရှိ ။ တခုလပ် မိန်းမ တစ်ယောက် ဟာ ဘဝ ရဲ့ အရသာတွေ ကို တပျော်တပါး ဆက်လက် စားသုံးခွင့် မရှိ ။ “ အားလုံး ပြန်ယူသွားပါ ... ဟေး ... ကြင်နာသူလေးရေ ... အဝေးဆုံး ကမ္ဘာ့အပြင်ဘက် ကိုယ့်ရဲ့ဘဝ ... ” အဲလို သီချင်း အော် ဆိုပြီး ပေါ့ပါး လိုက် နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ နော် ။ မင်း လို သမျှ အင်အား .. အချစ်.. သာယာမှု .. ကြင်နာခြင်း တွေ ကိုယ် အပြည့်အဝ ပေးနိုင်ပါရဲ့ကွယ် ။ဒါပေမဲ့ ပေးခွင့် မရှိ ။
မင်းဖို့အိမ်ကလေးဆောက်ခဲ့
ပြိုခဲ့ရှာ
စိမ်းသစ်စွာသော ခေါင်မိုးများ
နံရံများ ကြမ်းခင်းများ
အရောင်မဲ့သစ်ပင်တို့ကြားမှာ ။
••••• ••••• ••••• •••••
တကယ်တမ်းကျ
‘ ထွက်ပြေး ’ ရတာကိုက
“ ထွက်ပြေးမရ ” တာ ... ။
သေမိန့်ကျပြီးသား လူ တစ်ယောက် ဟာ ... သူ့ ရဲ့ နောက်ဆုံး အချိန်တွေ ကို ဘယ်လို ကျော်ဖြတ် မလဲ ။ သေနေ့ ကို စောင့်ရင်း ထိတ်လန့်တုန်လှုပ် ကြေကွဲ နေ မလား ။ ဒါမှမဟုတ် နေ့ရက်တွေ ကို တပျော်တပါး စားသုံး မလား ။ ကျမ က တော့ ကိုယ် ရနိုင်သရွေ့ ကို အဲဒီ ဘဝ ထဲ ကနေ ယူ ယူ ပြီး နောက်ဆုံး အချိန်တွေ ကို အားပါးတရ စားသုံးချင် ပါတယ် ။ ဒါဟာ ကျမ စွမ်းနိုင်သလောက် ဘဝ ကို အနိုင် နဲ့ ပိုင်းခွင့် မဟုတ်လား .. ဟင် ။ ဒါဖြင့် ကျမ ဘာ လုပ်ရ မလဲ ။ သူ့ ကို အိပ်မက် ... စိတ်ကူးယဉ် .. ကြည်နူးသာယာ .. ။ နေ့တွေ ဟာ အငွေ့တွေ နှင့် ပင် ချိုမြိန် ။ ပြီးရင်တော့ ရင်ကွဲခံ ဖို့ ရက်တွေ ၊ မသေမချင်း လွမ်းဆွတ်ခြင်းများ နဲ့ ဖိသတ်ခံရ မတဲ့ ။ ပြစ်ဒဏ် က မကြီးလွန်းဘူးလား ကွယ် ။ကြောက်ရပြန်ပြီ ။ဒါနဲ့ ပဲ ...
ဟော ... ဟိုမှာ ။ မျက်ခုံးထူထူ အောက် က တောက်ပတဲ့ မျက်လုံး တွေ .. ပြေး လာ နေကြပြီ ။ ကျမ ရင်ဆိုင် ကြိုဆိုရ မလား .. ထွက်ပြေးရ မလား ... ဟင် ၊ ကျောခိုင်း လှည့်ပြေး ။ ဘုရားရေ ... ဟိုး ရှေ့ မှာ မြား တစ်စင်း အရှိန်ဟုန် ပြင်းပြင်း နဲ့ ဝင်လာ ။ ရင်ထဲ ကို စူးစူးရဲရဲ ထိုးဖောက် သွားခဲ့ပြီ ။ အခိုင်အမာ ။ အသေခံ နှုတ် မှ ရတော့ မလို စွဲမြဲ လို့ ။ နာကျင်ပြင်းပြတဲ့ ဝေဒနာ နဲ့ ငုံ့ ကြည့်လိုက်တော့ ... မြားတံ ရဲ့ အဆုံး မှာ ပြုံး နေတဲ့ မျက်လုံး တစ်စုံ က ကျမ ကို လှောင်ပြောင် လို့ ။
“ တကယ်တမ်းကျ
‘ ထွက်ပြေး ’ ရတာကိုက
‘ ထွက်ပြေးမရ ’ တာ ... ”
◾မေငြိမ်း
📖 ရွှေအမြုတေမဂ္ဂဇင်း
ဖေဖေါ်ဝါရီ ၊ ၁၉၉၆ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment