❝ ရှင်းရှင်း ရေးပါလား ❞
“ ဦးလေးချမ်းသာ ရှိလား ”
“ အေး ရှိတယ် လာကြလေ ၊ အထဲကို ”
မြင့်မြင့် နှင့် စိန်စိန် တို့ ညီအစ်မ အိမ် ထဲ ဝင် လာ ကြတယ် ခင်ဗျာ့ ။
“ ဦးလေးချမ်းသာ ဒီမှာ အဖေ့ စာရင်းစာအုပ် ထဲ မှာ ဦးလေး က အုတ် ၉၅ဝ ယူ သုံးတယ် လို့ ရေး ထားတယ် ”
ကလေးမလေးတွေ က ဗလာစာအုပ် ထိုးပေး ၊ ကျွန်တော်ယူ ကြည့် ၊ ဘကြီးချို လက်ရေး နဲ့ ရေး ထားသော စာကြောင်းများ ။ မနှင်းအိ ၁၅၀၀ ။ မောင်ချမ်းသာ အုတ် ၉၅ဝ ယူ သုံး ။ မလှကြီး ပေါင် ပုဆိုး တစ် ။ ဝေဝေ ဒန်အိုး ၂၅ ကျပ် ၊ အဖုံး မပါ ။ စာရင်း ကအရှည်ကြီး ခင်ဗျာ့ ၊ အတိုကောက် တွေ ရော ၊ အရည်ကောက် တွေ ရော ။ သည်ထဲ မှာကျွန်တော့် နာမည် ပါ နေတယ် ။ မောင်ချမ်းသာ အုတ် ၉၅ဝ ယူ သုံး တဲ့ ဗျာ ။ လွန်ခဲ့သော ၁၀နှစ် ၊ ၁၉၉၂ ခုနှစ် မေလ က ဖြစ်ခဲ့တဲ့ အဖြစ် ခင်ဗျာ ။ ကျွန်တော် နှစ်လုံးတွဲ ရေအိမ်သာ ဆောက်တယ် ။ အဲသည် ရေလောင်းအိမ်သာ ဆောက် တော့ အုတ် ၈၀၀ဝ ဝယ် ပုံထားတာ ဗျာ ၊ ဆောက် နေရင်းတန်းလန်း အုတ် က မဖြစ်စလောက်ကလေး လို နေတယ်ဗျာ့ ။
“ ဟေ့ကောင် ... ချမ်းသာ ၊ မဖြစ်စလောက်ကလေး ဝယ် မနေပါနဲ့ကွာ ၊ ငါ့ ဆီ က ယူသုံး ”
အခန့်သင့် ချင် တော့ ခြေရင်း အိမ် က ဘကြီးချို က သူ့ တိုက် ဆောက်ဖို့ ဝယ်ပုံ ထားတဲ့ အုတ်ပုံကြီး ကို လက်ညှိုး ထိုး ပြတယ် ။ အဲဒါနဲ့ ပန်းရံဆရာ ဦးထွန်းအေး ကို ပြော ၊ ပန်းရံ တပည့်လေးများ သွား သယ် ။
“ ၉၅ဝ ရောက်ပြီ တော်တော့ ဟေ့ ”
ရေလောင်းအိမ်သာ ဆောက်ပြီး မကြာဘူး ခင်ဗျာ့ ။ မေလကြီးနေ အလွန် ပူတဲ့ လကြီး ။ နေ့လည် ၂ နာရီ လောက် ။
“ ဦးလေး ... ဦးလေး ... လာကြည့်ပါဦး ၊ ဘကြီးချို ဘာဖြစ်သွားမှန်း မသိဘူး ”
သူ့ မြေးမလေး အပုစိန် ပျာပျာ နဲ့ ပြေး လာ ပြော ။ ကျွန်တော် ကပျာကယာ လိုက် ကြည့် ။ ဘကြီးချို အသက် မရှိတော့ပါ ။ မနက် ၈ နာရီ လောက် က အကောင်းကြီး ဗျာ့ ၊ ကျွန်တော် နဲ့ စကား ပြော နေသေး ။ အရပ်ကူပါ ၊ လူဝိုင်းပါ ၊ လမ်း ထဲ က လူကြီးတွေ ပြေး ခေါ် ၊ လူငယ်လေး တွေ ခေါ် ၊ သူ့သားသမီးများ ထံ ကြေးနန်း ရိုက် အကြောင်း ကြား ။ ( အဲသည်တုန်းက အောင်လံ မှာ တယ်လီဖုန်း သိပ် မများသေး ၊အသုံး လည်း နည်းသေး ။ )
ဘကြီးချို က မုဆိုးဖို ။ သူ့ မြေးမလေး အပုစိန် နဲ့ အတူ နေတာ ။ သားသမီးများ ကပုသိမ် မှာ ၊ ရန်ကုန် မှာ ၊ တောင်ငူ မှာ ။ တာဝန်ကျ ရာ မှာ နေရသော ဝန်ထမ်းများ ။ သားသမီးများ ရောက်လာ ၊ နာရေးကိစ္စ ဆောင်ရွက်ကြ ၊ ရက်လည်ဆွမ်း သွပ် ။ ခွင့်ရက်စေ့ တော့မည် ၊ ကိုယ့် လုပ်ငန်းခွင် ပြန်ကြရတော့မည် ။ အဖေ မရှိတော့ဘူး ဆိုတော့ အမွေ ခွဲကြရ တော့မည် ။ သေတ္တာ ဖွင့် ကြည့် ၊ အိပ်ရာခင်း အောက် ရှာ ၊ ခေါင်းအုံး ထဲ မှာ စိန်တွေ ရွှေတွေများ ကျန်သေး လား ။ ရှာကြ ၊ ဖွေကြတော့ ခေါင်းအုံး အောက် က ဗလာစာအုပ် တွေ့ ရှိ ။ပေးရန် ၊ ရရန် စာရင်းများ ၊ သည် အထဲ မှာ မောင်ချမ်းသာ က ပါနေ ။
“ အေး ... ဟုတ်တယ် ၊ အုတ် ၉၅၀ ၊ ဦးလေး ယူ သုံးတယ် ”
“ အဖေ့ ကို ပိုက်ဆံ ပေးပြီးသားလား ”
သူတို့ က မဝံ့မရဲ မေး ။
“ ပေးပြီးသား ကွ ၊ အဲဒီတုန်းက အနား မှာ ဘယ်သူ ရှိပါလိမ့် ၊ အဲ ... အဲ ... သမီးတို့ ခဏ နေကြဦး ၊ ဟေ့ ... စိန်သောင်း ပန်းရန်ဆရာ ဦးထွန်းအေး သွား ခေါ်စမ်းကွာ ”
အိမ် မှာ အဆင့်သင့် တွေ့ရ ၊ သူ့တပည့် မောင်ပု နဲ့ အတူ ဦးထွန်းအေး ကန့်လန့်ကန့်လန့် ပါ လာ ။
“ ကိုချမ်းသာ ဘာ အလုပ် အပ်မလို့လဲ ဗျာ ”
“ အယ် ... ဟို ဦးထွန်းအေး ကျွန်တော်တို့ ရေလောင်းအိမ်သာ လုပ်တုန်း က ဘကြီးချို ဆီ က အုတ် ယူသုံးသေးတယ်နော် ”
“ဟုတ်တယ်လေ ... ယူ သုံးတယ် ၉၅၀ ၊ ဒီကောင်တွေ သွားသယ်တာပဲ ” ( သူ့ တပည့် ဘက် မေး ငေါ့ပြ ။ )
“အဲဒါ အုတ်ဖိုး ချေတယ်နော် ”
“အဲဒီ နေ့ ညနေ အလုပ် သိမ်း တော့ ခင်ဗျား နဲ့ ကျွန်တော် ပဲ သွား ချေတာလေ ၊အုတ် တစ်ခဲ တစ်ကျပ် နှုန်း နဲ့ အုတ် ၉၅၀ ၊ ငွေ ၉၅ဝ ကျွန်တော် သေချာ ရေ ပြီး ဘကြီးချို လက် ထဲ ထည့် ခဲ့တာ ”
ဘကြီးချို သမီးများ ပြန် သွားကြ၏ ။ သံသယ မရှိ ကြည်လင်သော မျက်နှာများ နှင့် ။တော်တော် ဆိုးတဲ့ ဘကြီးချို ဗျာ ၊ ဘယ်နှယ့်ဗျာ ၊ သူ ပေးထားတာတွေ ကို တော့ ရေးထား ၊ သူ ရတာ ကျ ရေး မထားဘူး ဗျာ ။ ဆရာဦးထွန်းအေး က အပ်ချမတ်ချ ပြောပြ နိုင် ပေလို့တော်သေးတာ ပေါ့ ။ နို့မို့ဆို ကလေးတွေ ယုန်ထင် ကြောင်ထင် ဖြစ်သွား မကောင်းဘူးဗျာ ။ဘကြီးချို အသက် ရှင်လျက် ရှိသေးရင် တော့ ရှင်းရ လွယ်တာပေါ့ ။ ခုတော့ သူ သေသွားပြီ ။ အကောင်း ပကတိကြီး က ရုတ်တရက် ဖြစ်သွား ။ သေခြင်းတရား ဘယ်သူ ကြို သိပါ့မလဲ ။ ကျွန်တော် သည် ထို အကြောင်း ကို အမြဲ ဆင်ခြင် နေ မိ၏ ။ ဒါ သင်ခန်းစာပဲ ၊ တန်ဟ ၊နောက် ဘယ်တော့ မှ အလွတ် သဘော မလုပ်ရဲ တော့ဘူး ။
“ သူငယ်ချင်း စာ နဲ့ ရေး ၊ သေချာ ပီပီပြင်ပြင် ရေး ”
သည်နေ့ ရက်စွဲ နဲ့ ဩဂုတ်လ ( ၁၅ ) ၊ ၂၀၀၂ ကြာသပတေး ၊ ကိုချမ်းသာ ယူ ငွေ ငါးသိန်း ၊ အတိုးနှုန်း ၊ ပေး ပိုက်ဆံ ၊ ထိုးလက်မှတ် ၊ သူ လည်း ထိုး ၊ ကျွန်တော် လည်း ထိုး ၊ ငွေထုပ် ပိုက် ပြန်ခဲ့ ရှင်း လို့ ။ ကျွန်တော့် သူငယ်ချင်း မောင်တိုး ထံ မှ ငွေချေး ယူသည့် အခါတိုင်း စာ နဲ့ ရေး လက်မှတ် ထိုး ပေး ၊ လက်မှတ် ထိုး ယူ ။ ကျွန်တော် က ချေးငွေ ပြန် ဆပ်သည့် အခါတိုင်းငွေ ကို ပေး ၊ သူ့ လက်မှတ် ထိုး ယူ ၊ ကျွန်တော့် လက်မှတ် ထိုး ။ သူငယ်ချင်း က သူငယ်ချင်း ၊ငွေ က ငွေ ပဲ ဗျာ့ ။ အပေးအယူ စာရင်းဇယား ရှိတော့ ရှင်းရ လွယ်တယ် ဗျာ့ ။ ဖွ ၊ မဆိုစကောင်း တစ်ယောက် ယောက် မတော်မဆ တစ်ခု ခု ဖြစ်ဦး ၊ ရှုပ်စရာ မရှိ ။ ဘကြီးချို ထံ မှ ယူ သုံးသော အုတ် ၉၅၀ ၊ ကျွန်တော့် ဘဝ မှာ သင်ခန်းစာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသ နည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment