( ၈ )
ထင်တဲ့ အတိုင်း ပါ ပဲ ။ ကောက်ဆွ ဆိုတဲ့ အတိုင်း ပြဿနာ ကို ဆွတဲ့ ဖွတဲ့ ရှာတဲ့ ကလေး ဆို တာ စံလှဘော် သဘော ပေါက်ပြီ ။ ကလေး က ဉာဉ် ဆိုး ရုံ မကဘူး ။ အပြောအဆို အမူအရာ က ပါ ရိုင်းပျ နေလေတော့ စံလှဘော် က အမြဲတမ်း အကဲခတ် နေရတယ် ။ ကောက်ဆွ က ရှိလှရင် ဆယ်နှစ် ဆယ့်တစ်နှစ် ပဲ ။ ဆရာတော် က မင်း စောင့်ရှောက် တဲ့ ။ ကျောင်း မှာ ကောက်ဆွ နဲ့ ရွယ်တူကလေးတွေ လေးငါးယောက် ရှိပါရဲ့ ။ ငဘော် စောင့်ရှောက်လေ လို့ မမိန့်ဖူးဘူး ။ မမိန့် ပေမယ့် စံလှဘော် က တော့ အကဲခတ် ရ တာပါပဲ ။ ကလေးတွေ ဆို တော့ ဗွေ ဆိုး ချင်တာ ၊ အနိုင်ကျင့် ချင်တာ တော့ ရှိတာချည်း ကိုး ။ ကောက်ဆွ ရောက် လာတော့ ကျန်တဲ့ ကလေးတွေ ပါ ငြိမ် သွား ကြတယ် ။ အလိုလို နေရင်း အုပ်စု ကွဲ သွား ကြတယ် ။ ကောက်ဆွ ကို မခင်ကြတာမျိုးတွေ ရှိ လာတယ် ။ အပြစ် က ကောက်ဆွ ရဲ့ အပြစ် တွေ ချည်း ပဲ ။ ထမင်းဝိုင်း မှာ ဟင်း ဝေပုံကျ ခွဲဝေ ပေး ထားတဲ့ ကြား က ကောက်ဆွ က သူ ရ လောက်မယ် ထင်တဲ့ ကလေး ရဲ့ ပန်းကန် ထဲ က ဟင်း ကို ဇိုးဇိုးဇတ်ဇတ် ပြောင် လု တာမျိုး ၊ တစ်ဘက်ကလေး က ပြန် လု ရင် ထမင်း သံပန်းကန် မှောက် ပစ်တာမျိုး ၊ ကစား ရာ မှာ ညစ်ပေါက်ကပ်ကျယ် လုပ်တာမျိုး ၊ ရုန့်ရုန့်ရင်းရင်း ဆဲတာမျိုးတွေ ရှိ လာတယ် ။ ကလေးတကာ က ဦးဘော် ခေါ် တဲ့ ကြား က ကောက်ဆွ က ဘုန်းကြီး ခေါ် သလို ငဘော် ခေါ် နေလို့ စံလှဘော် က ငေါက်ရသေး တာပါ ။
“ ကောက်ဆွ ငဘော် လို့ မခေါ်ရဘူး ကွ ၊ ဦးဘော် လို့ ခေါ်ရသယ် ။ ငရဲကြီး တတ်သယ် ၊ ကြားလား ”
“ ဘုန်းကြီး လည်း ငဘော် ခေါ်သာပဲဗျ ”
“ ဘုန်းကြီး လို့ မပြောရဘူး ၊ ဆရာတော်ဘုရား လို့ သုံးရသယ် ။ ဆရာတော် ဘုရား က ငဘော် လို့ ခေါ်လို့ ရသယ် ။ မင်း က ခေါ်လို့ မရဘူး ၊ ခေါ်ကြည့်စမ်းကွာ ၊ ဦးဘော် လို့ ”
“ ဦးဘော် ”
“ ဟုတ်ပြီ ၊ ဆရာတော်ဘုရား လို့ ခေါ်စမ်း ”
“ ဆရာတော်ဘုရား ”
“ ဒါပေါ့ကွ ၊ နောက် အဲသလို ခေါ် ၊ ကြားလား ကောက်ဆွ ”
“ မခေါ်ချင်ဘူး ”
“ ဟေ ... ”
ကပ္ပိယ တောင် ကောက်ဆွ ကျတော့ မှ လက် လန် ရ မလို ဖြစ်နေတော့ သည် ကလေး ကို တော်တော် ဆုံးမရဦးမယ် ဆိုတာ စံလှဘော် သဘော ပေါက် လာတယ် ။ မိ မအုပ် ၊ ဖ မအုပ် ဘယ်လောက် တောင် ပေပေတေတေ ရှိခဲ့တဲ့ ကလေးပါလိမ့် ။ မိဘ နှစ်ပါး မရှိကြတော့တာထား ၊ ပထွေး နဲ့ နေရတာ ထား ၊ ဘယ်လိုကြောင့် သည် ကလေး သည်လောက် တောင် မအုပ်နိုင် မဆီးနိုင် ဖြစ်ရတာလဲ ။ မွေး ကတည်း က အိမ်ထရံ ထောင် ထားတဲ့ ကောက်ဆွ ကို မြွေ တက်တယ် ဆိုမှ တော့ နိမိတ် က ပါ လာပြီ ထင်ပါရဲ့ ။ နောက်ပိုင်းမှာ တော့ စံလှဘော် က ကောက်ဆွ ကို သူ နဲ့ အတူ နေ စေတယ် ။ အိပ် စေတယ် ။ ညဘက် ကောက်ဆွ နဲ့ စကားတွေ ပြောတယ် ။ လိမ္မာရေးခြား ရှိအောင် လည်း သွန်သင်တယ် ။ တစ်ခါတစ်ခါ ကောက်ဆွ ဘဝ ကို မေး ကြည့် တော့ လည်း ဖြေသား ။
“ ကောက်ဆွ မင်းတို့ အိမ် မှာ ကောက်ဆွ ရှိသယ် ဆိုတော့ လယ် ရှိလို့လား ”
“ မရှိဘူး ၊ အဖေ သူရင်းငှား လုပ် တုန်းက အိမ် မှာ ကျန် နေသာ ”
“ မင်း အဖေ က သူရင်းငှား လား ”
“ အင်း ... ”
“ အင်း လို့ မပြောရဘူးကွ ၊ ဟုတ်ကဲ့ လို့ ပြောရသယ် ၊ ဟုတ်ကဲ့လား ”
“ အင်း .... ”
“ ဟာ ... ၊ ဒီကောင် ပြောနေတဲ့ကြား က ၊ ပြောစမ်း အင်း လို့ ”
“ အင်း .. ”
“ ဟာ ... ငါ ပါ ယောင်ကုန်ပြီ ၊ ခက်တဲ့ ကောင်ကွာ ”
ကောက်ဆွ အိပ်ပြီ ဆိုတော့ လည်း သနားစရာ ။ သည် ကလေး ရဲ့ ဆိုးခြင်း ၊ ရိုင်းခြင်း ၊ မသိနားမလည်ခြင်း တွေ ဟာ အိပ်နေ တုန်း မှာ တခြား ရောက် နေ သလို ပဲ လို့ စံလှဘော် ထင်တယ် ။ ရုပ်ရည် က ညစ်စုတ်စုတ် နိုင်ပေမယ့် ကလေး ပီပီ မျက်နှာလေး က အပြစ် ကင်း လှတယ် ။ ဆံပင်တွေ က ရှည်လွန်း နေပြီ ။ မျက်နှာ မှာ ရေ မချိုး တာ ဘယ်လောက်တောင် ကြာ ပြီလဲ မပြောတတ်ဘူး ။ ကြေးကြောင်း အရစ်အရစ် နဲ့ ။ သွားတွေ က ဝါလို့ ။ လည်ပင်း မှာ ပရိတ်ကြိုး လိုလို ကြိုး တစ် ချောင်း ပါ သေးတယ် ။ ပုဆိုးဟောင်း အောက်စ က တစ်တောင် လောက် ပြဲလို့ ။ စံလှဘော် သိ သလောက် ကောက်ဆွ မှာ အဝတ်အစား အပို မပါဘူး ။ မနက် ကျ မှ ရွာ ထဲ သွားပြီး ရွယ်တူ ရှိတဲ့ အိမ်တွေ လှည့် တောင်း ပေးရမယ် လို့ တွက်တယ် ။ မီးတိုင်ခွက် အောက် မှာ ခြေကားယား ၊ လက်ကားယား အိပ် နေတဲ့ ကောက်ဆွ ဆို တဲ့ ကလေး ဟာ ဆယ်နှစ် လုံးလုံး ဘယ်လိုကြီးပြင်း လာခဲ့ပါလိမ့် ။ ဘာကြောင့် များ သည်လောက် တောင် အသွန်အသင် အဆုံးအမ မှာ အချိုး မကျခဲ့သလဲ ။ အမြဲတမ်း ရန် လို နေတဲ့ စိတ် ၊ အမြဲတမ်း ဒေါသတကြီး တုန့်ပြန်တဲ့ စိတ် ဟာ ဘယ်က ရခဲ့တာလဲ ။ သည် ကလေး ကို ဘယ် က စ သွန်သင်ရပါ့မလဲ လို့ လည်း တွေးတယ် ။ စံလှဘော် မှာ အဖြေ မရှိဘူး ။
စံလှဘော် ရင် ထဲ မှာ ကောက်ဆွ နဲ့ ပတ်သက်ပြီး ခံစားရတာ တစ်ခု တော့ ရှိတယ် ။ ဒီ ကလေး နဲ့ သူ ဘဝ ပေး ကံချင်း တူရုံ မကဘူး ။ မိမဲ့ ဖမဲ့ ဘဝ နဲ့ သည် ကျောင်း ကို ရောက် လာတာ ချင်း လည်း တူတယ် ။ သည် နှစ်ချက် နဲ့ တင် ကောက်ဆွ ကို စံလှဘော် စိတ်ဝင်စား လာခဲ့တယ် ။ အိပ် နေတဲ့ ကောက်ဆွ ခေါင်း ကို ပွတ် ပေးတော့ ကောက်ဆွ က လူးလွန့် ရင်း က ပြုံး လိုက်တာ တွေ့ လိုက် ရတယ် ။ ကောက်ဆွ ရင် ထဲ နစ်ဝင် နေ တဲ့ သည် အပြုံး ကို တူးယူ ရမယ် လို့ စံလှဘော် ဆုံးဖြတ် လိုက်တယ် ။
◾ခင်ခင်ထူး
📖 ကပ္ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment