❝ မွေးစားသမီး ❞
အခန်း ( ၁ ) နိုင်ဝင်းထွန်း
ကေသီတာ သည် မုန့်ကြာစေ့ အရွယ် လုံး ထားသော ငါးဖယ်လုံးကလေး များ ကို ခပ်ပျစ်ပျစ် ဖျော် ထားသော ဂျူံမှုံရည် ထဲ သို့ ညင်သာစွာ ထည့်သည် ။ မီး မျှင်းမျှင်းကလေး သာ ပေး ထားသော ဂက်စ် မီးဖို ပေါ် တွင် ရှိသော ဒယ်အိုး မှာ ဆီဥကလေးတွေ ဥ နေပြီ ဖြစ်သည် ။ ဒယ်အိုး တွင် ကပ် နေသော ဆီဥကလေး သုံးလေးဥ အပေါ် သို့ တက်လာသည် ။
ကေသီတာ က ပြုံးပြီး ဂျူံမှုန့် နှင့် စိမ် ထားသော ငါးဖယ်လုံးကလေးများ ကို တစ်လုံးချင်း အသေအချာ ထည့်သည် ။ အားလုံး ပြုံ ထည့်လိုက် လျှင် ပူးကပ် သွားမှာ စိုး၍ ဖြစ်သည် ။ ဒယ်အိုး ထဲ မှာ စီစီရီရီ ရှိနေသော ငါးဖယ်လုံးကလေးများ ကို ကြည့်ရင်း ကေသီတာ ပျော်ရွှင် ကျေနပ် နေမိသည် ။
ကေသီတာ့ ကို ပထမ ဆုံး အကြိမ် မြင်လျှင် တအံတသြ နှင့် ချောသည် ဟု မည်သူကမျှ ပြောလိမ့်မည် မဟုတ်ပါ ။ ဒုတိယ အကြိမ် တွေ့လျှင် ကေသီတာ လှုပ်ရှားပုံ ၊ အလုပ် လုပ်ပုံ ၊ နေပုံ ထိုင်ပုံ တို့ ကို တွေ့ပြီး ယဉ်သားပဲ ဟု မှတ်ချက် ချလိမ့်မည် သာ ဖြစ်သည် ။
တတိယ အကြိမ် ကေသီတာ နှင့် အလုပ် တစ်ခု ကို အတူများ လုပ် ဖြစ်သည် ဆိုလျှင် ကေသီတာ ၏ သွက်လက် တိကျပုံ ၊ အလုပ် အပေါ်တွင် ဂရုတစိုက် ရှိပုံ ၊ စည်းစနစ် ကြီးပုံ တို့ ကို မည်သူမျှ သတိ မထားပဲ မနေနိုင်အောင် ရှိကာ ကေသီတာသည် အရည်အချင်း ပြည့်ဝသော မိန်းကလေး တစ်ယောက် ဆိုသည် ကို လူတိုင်း လက်ခံကြမှာ သေချာပါသည် ။
ယခုလည်း ကေသီတာ သည် ထမင်းစားပွဲ တစ်ခု အတွက် ကိုယ်တိုင် ချက်ပြုတ် နေခြင်း ဖြစ်ပါသည် ။ထို ထမင်းစားပွဲ သည် ကေသီတာ့ ဘဝ အတွက် အရေးကြီး ဆုံးသော ပွဲ တစ်ပွဲ လည်း ဖြစ်သည် ။
ထို ထမင်းစားပွဲ သည် ကေသီတာ နှင့် နိုင်ဝင်းထွန်း ဆိုသော လူ နှစ်ယောက် လက်ထပ်ရန် အတွက် ရည်စူး ကာ စေ့စပ်ရန် ရက် ရွေးကြမည့် ပွဲ ဖြစ်ပြီး စေ့စပ်ရက် ရွေးပြီး လျှင် နှစ်မိသားစု ထမင်း လက်ဆုံ စားကြမည် ဖြစ်သည် ။ ယနေ့ ထမင်းစားပွဲ ကို ကျောင်းသား တစ်ယောက် အမြင် နှင့် ကြည့်မည် ဆိုလျှင် ပထမ အစမ်း စာမေးပွဲ နှင့် တူပြီး ၊ တရားဝင် စေ့စပ်သော နေ့ မှာ ဒုတိယအစမ်း စာမေးပွဲ နှင့် တူသည် ။ လက်ထပ်သည့် နေ့ က တော့ နောက်ဆုံး အတန်းတင် စာမေးပွဲကြီး ပင် ဖြစ်သည် ။
ယခု ကေသီတာ သည် သူ့ ပထမ အစမ်း စာမေးပွဲ ကို ကောင်းမှန်စွာ ဖြေဆိုနိုင်ပြီ ဟု တစ်ထစ်ချ ယုံကြည် ပါသည် ။ ထို လူ နှင့် လက်ထပ် ရ ရေး အတွက် အစားအသောက် များ ကို ကောင်းမွန်အောင် ပြင်ဆင်နေခြင်း မျိုး မဟုတ်ပဲ ၊ သူ့ ဝါသနာ အရ ရော မေမေကြီး ၏ သွန်သင် ဆုံးမမှုကြောင့် ရော ကေသီတာ သည် စားစရာများ ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် နေမိခြင်း ပင် ဖြစ်သည် ။
“ စနေနေ့ ကို မမြနွယ် တို့ မိသားစုတွေ အိမ် ကို ထမင်းစား လာ ကြလိမ့်မယ် ၊မောင်နိုင်ဝင်းထွန်း လဲ ပါလာလိမ့်မယ် ၊ အဲဒီ ထမင်းစားပွဲ ဟာ စေ့စပ်မယ့် နေ့ ကို ရွေးတာ ဆိုရင် လည်း မမှားဘူး ၊ ဒီတော့ တို့ စားမယ့် ထမင်း နှင့် ဟင်း ကို သမီးကြီး ကေသီတာ က ပဲ ချက်ရမယ် ”
“ ဟင် .. ဘာဖြစ်လို့လည်း .. မေမေ ကလဲ ”
သမီးငယ် မူယာမောင် က တအံ့တသြ မေးသည် ။
“ ငါ့ သမီးဟာ အိမ်ထောင်မှု ဘယ်လောက် နိုင်နင်းတယ် ၊ မီးဖိုချောင် ကို ဘယ်လို အုပ်စိုးနိုင်တယ် ဆိုတာ သိအောင်ပေါ့ ”
“ ဒါဆို အောင် တို့ ကတော့ ဇိမ်ကလေး နဲ့ နှပ်ပြီး လျှာသွေး ထားဖို့ပဲ လိုတာပေါ့ ၊ မကေ လက်ရာ ဆို ပြီးပြီ ”
သမီးလတ် ဖြစ်သူ ခင်မေအောင် က လက်သီးလက်မောင်း တန်းရင်း ပြောသည် ။ ခင်မေအောင် သည် သူ တို့ တစ်အိမ်လုံး တွင် အကောင်း အကြိုက်ဆုံး သူ ဖြစ်သည် ။
“ ဒါမျိုးတော့ ဘယ်ရမလဲ သမီးတို့ ရဲ့ ... သမီး ရဲ့ ဘေးက ဝေယာဝစ္စတွေ ကို တော့ ဝိုင်း ကူ ရမှာပေါ့ ၊ ချက်ဖို့ တာဝန် ကို သာ သမီးကြီး ကို ပေးတာ ”
ဒေါ်ထက်မေအောင် စကား ဆုံးတော့ အောင် နှင့် မောင် သည် ပါးစပ်ကြီးတွေ ပြဲ သွားသည် ။
“ ရပါတယ် မေမေကြီး ၊ ဧည့်သည် က လေးယောက် ၊ သမီးတို့ က လေးယောက် ရှစ်ယောက် စာ က တော့ သမီး တစ်ယောက် ထဲ နဲ့ ရပါတယ် ၊ သမီး စီစဉ်ထားတဲ့ ဟင်းတွေ ကို သမီး နိုင် ပါတယ် မေမေကြီး ”
“ သမီး က ဘာဟင်းတွေ စီစဉ်ထားလို့လဲ ”
“ ကြက်သားအဆာသွပ် နှင့် လုပ်ထားတဲ့ အာလူး ကတ်တလိပ် မေမေ ၊ ပြီးတော့ ဝက်စတူး ၊ ဝက်နံရိုး ကို စပ်စပ်ကလေး ပေါင်း ထားတယ် ၊ ပြီးတော့ မလေးရှား ဟင်းချို ၊ ကြက်တစ်ခြမ်း ကို ရို့စ် လုပ် ထားတယ် ၊ ပြီးတော့ အခု ချက်နေတဲ့ ဂျုံကပ် ငါးဖယ် အုန်းနို့ဆမ်း မေမေကြီး ”
“ အံမယ်လေး ၊ မိရွှေကေသီမ ရဲ့ ၊ ဒီလောက် ဟင်းတွေ ကို ညည်း တစ်ယောက် ထဲ ဘယ်လိုလုပ် ချက်နိုင် မှာ တဲ့တုန်း ”
“ ရပါတယ် ၊ မေမေကြီး ၊ ကြိုပြီး စီစဉ်စရာ ရှိတာတွေကို သမီး ည ကထဲ က စီစဉ်ထားမှာပါ ၊ မနက် လင်းတော့ တစ်ခုစီ ကောက် ချက်သွားရုံပါပဲ ၊ အပန်း မကြီးပါဘူး မေမေကြီး ရဲ့ ”
“ မလိုချင်ဘူး ၊ ဟို နှစ်ယောက် ဝင် ကို ကူညီရမယ် ”
“ ရပါတယ် မေမေကြီး ရယ် ၊ ညီမလေးတွေ လည်း တစ်အိမ်လုံး ရှင်းရ လင်းရ နဲ့ ပင်ပန်းရောပေါ့ နားကြပါစေ ”
ဒေါ်ထက်မေအောင် သက်ပြင်း ကို ချသည် ။ ဒီ ကေသီမ နှင့်တော့ မလွယ် ...
“ မေမေ ကလည်း .. မမကေ က သူ့ လက်ရာ စစ်စစ် ကို အစွမ်း ပြချင် နေတာ ၊ သမီး တို့ ဝင်ပါတော့ ရှုပ် သလို ဖြစ် နေမှာပေါ့ မဟုတ်ဘူးလား မောင် ရာ .. ”
ခင်မေအောင် က မူယာမောင် ကို ပြုံးဖြဲဖြဲ အမူအယာ နှင့် ပြောသည် ။ မူယာမောင် ကလည်း ခေါင်း ကို ခပ်သွက်သွက် အကြိမ် နှစ်ဆယ် လောက် ညိတ် ပစ်လိုက်၏ ။
“ သမီးတို့ အဲလို စကားမျိုး ပြောတာ မေမေ မကြိုက်ဘူး ၊ နောက် ဘယ်တော့ မှ မပြောနဲ့ ၊ ကဲ ... ကေသီ ၊ သမီး က ခင်လွင်ရီ ကို တော့ လက်တို လက်တောင်း ခိုင်းဖို့ အတွက် ခေါ်ထားရမယ် ၊ ဒါ နောက်ဆုံး စကားပဲ ... ခင်လွင်ရီ ... ”
“ ဟုတ်ကဲ့ .. မေမေကြီး ”
“ ကြားတယ်နော် ၊ အိမ်ရှေ့ က ကိစ္စတွေ ကို သမီး ခေါင်း ထဲ က ထုတ်ထား လိုက်တော့ ၊ သမီးက ကေသီ အနား မှာ ပဲ ရှိရမယ်.. ဒါပဲ ”
ထိုနေ့ည က မေမေကြီး ၏ မှတ်ချက် အတိုင်းပင် ...
ဒီနေ့ မနက် မှာ ခင်ရီလွင် နှင့် ကေသီတာ တို့ နှစ်ယောက် သာ မီးဖိုချောင် မှာ ရှိ နေသည် ။ ခင်ရီလွင် မှာ ဆယ်နှစ်နှစ် သမီး အရွယ် ကထဲ က ဒေါ်ထက်မေအောင် တို့ အိမ် တွင် အိမ်ဖော် အဖြစ် ခေါ်ထား သူ ဖြစ်သည် ။ ခင်ရီလွင် ၏ အဖေ နှင့် အမေ ကွဲသွားကြပြီး ခင်ရီလွင် က အဖွား ဖြစ်သူ နှင့် နေ ရသည် ။ သူမ ၁၀ နှစ် သမီး အရွယ် တွင် ဖခင် ဖြစ်သူ ကွယ်လွန် သွားပြီး ဒုတိယ ယောက်ျား မှာ လည်း အမြဲ မူးနေသူ ဖြစ် သဖြင့် မနေဝံ့ပဲ အဖွား နှင့် အတူပင် ပင်ပန်း ဆင်းရဲစွာ နေထိုင် စဉ် အခြေအနေ တွင် ဒေါ်ထက်မေအောင် နှင့် တွေ့ ၊ အိမ်ဖော် အဖြစ် အဖွား ဖြစ်သူ က ကြည်ဖြူစွာ ထည့် လိုက် သဖြင့် ဒေါ်ထက်မေအောင် ၏ အိမ် သို့ ရောက်ရှိ လာခြင်း ဖြစ်သည် ။
ခင်ရီလွင် သည် ဘဝ နာခဲ့သူ မိန်းကလေး ဖြစ်သည့် အလျောက် ငယ်ရွယ် သော် လည်း အသိတရား ရှိသည် ။ အလုပ်အကိုင် ကျိုးနွံသည် ။ ဒေါ်ထက်မေအောင် ဆုံးမသည့် အတိုင်း တသွေ မတိမ်း လိုက်နာသည် ။ သို့သော် ကံကြမ္မာ သည် ရိုးသား
ကြိုးစားသူ များ ကို တမင်တကာ ပင် ရွေး ရွေးပြီး အပြစ် ပေးလေ့ ရှိသလား မသိ ။ ဒေါ်ထက်မေအောင် ၏ အိမ်သို့ ခင်ရီလွင် ရောက်လာပြီး လေးလကျော် တွင် အဖွား ဖြစ်သူ ဆုံးသည် ။ထို့ကြောင့်ပင် ခင်လွင်ရီ ၏ ဘဝသည် ဒေါ်မေထက်အောင် ၏ ဘဝ နှင့် တစ်ဆက်တည်း ဖြစ်သွားပြီး ဒေါ်မေထက်အောင် ၏ သမီး တစ်ယောက် ဖြစ် လာလေသည် ။ ဒေါ်မေထက်အောင် သည် ခင်ရီလွင့် ကို သမီး တွေ ကျွေး သလို ကျွေးသည် ၊ သမီး တွေ ကို ဆူ သလို ဆူသည် ။ ပြီးတော့ သမီးတွေ ကို ဆင် သလို ဆင်သည် ။ သို့သော် ခင်ရီလွင် သည် သူ့ ကိုယ် သူ အိမ်ဖော် တစ်ယောက် လို သာ နေသည် ။
“ ငါးဖယ်လုံးကလေးတွေ တစ်ခု နဲ့ တစ်ခု ကပ် မသွားအောင် အသာလေး ဖယ် ဖယ် ပေးနော် ရီရီ ”
“ ဟုတ်ကဲ့ မမကြီး ”
ခင်ရီလွင် က ပြောရင်း မျက်နှာကလေး က စပ်ဖြဲဖြဲကလေး ဖြစ်နေ သဖြင့် ကေသီတာ စိတ်တို သွားသည် ။
“ ဘာဖြစ်လို့ စပ်ဖြဲဖြဲ ဖြစ်ရတာလဲ ရီရီ ”
“ ဘာမှ မဟုတ်ပါဘူး ၊ မမကြီး ၊ မမကြီး ဂရုစိုက်တာ ကို သဘောကျ လို့ပါ ”
“ နင့် စကား က ဘယ် အဓိပါယ် က လာတယ် ဆိုတာ ငါ သိတယ်နော် ၊ ရီရီ ၊ ငါ က အလုပ်တစ်ခု လုပ်ပြီ ဆိုရင် ကောင်း မှ ကြိုက်တယ် ၊ သူတို့ ကို မှ အထူးတလည် ဂရုစိုက် နေတာ မဟုတ်ဘူး ၊ ဘယ်သူ့ အတွက်ပဲ ဖြစ်ဖြစ် ငါ ဂရုစိုက်နေကျ မဟုတ်ဘူးလား ”
“ အဲဒီလို ဆိုရင်လည်း စိတ်ဆိုး မနေပါနှင့် မမကြီး ရယ် ၊ ရီရီ့ အမှား ပဲ ထားလိုက်ပါ ၊ ဒီမှာ ပုစွန်ထုပ်ကြီးတွေ မီးအုံး ထား တာ ဘာလုပ်ဖို့လဲ ”
“ ဟယ် .... ကံကောင်းလို့ပါလား .. ရီရီ ရယ် .. ငါ မေ့နေတာ ကြည့်စမ်း ၊ ပုစွန်ထုပ်သုတ် မလို့ ဟေ့ ၊ ငါ အခွံ နီရုံပဲ မီးအုံး ထား တာ ၊ အဲဒီ အခွံ ကို ခွာ ၊ ပြီးရင် ကြက်သွန်နီ ဥကြီး တစ်လုံး လောက် နွှာ ၊ ပူစီနံ ကို နုတ်နုတ်လေး စင်းထား ၊ ဒီ ငါးဖယ် နို့ဆမ်း ရော ၊ ပုစွန်သုတ် ရော က စားခါနီး မှ လုပ်ရတာ မို့ တော်ပါသေးရဲ့ .. ”
ကေသီတာ နှင့် ရီရီ ပြောနေသော စကားတွေ ကို ဒေါ်မေထက်အောင် ကြား ပါသည် ။ ထိုစကားတွေ က ဒေါ်မေထက်အောင် ၏ နှလုံးသား ကို ပိတိဖုံးစေသည် ။ ကေသီတာ တွင် ရှိသော အရည်ချင်း ကောင်းမှန်သမျှ သည် ဒေါ်မေထက်အောင် ၏ ဂုဏ်ပုဒ် များ သာ ဖြစ်သည် ။ အဘယ့်ကြောင့် ဆိုသော် .. ကေသီတာ သည် သူ့ သမီးရင်း မဟုတ်သော ကြောင့် ဖြစ်ပါသည် ။
“ မောင် .. နင် မကေ နဲ့ အဲ့ဒီ လူကြီး ကို သဘောတူလား ”
“ မတူတော့ရော ဘာ တတ်နိုင်မှာ မို့လို့လဲ ၊ မေမေ က စီစဉ်ပြီးနေပြီ ၊ မေမေ့ စကား ဆို မကေ က ရော ဘယ်တုန်းက ငြင်းဖူးလို့လဲ .. ကဲ ”
ခင်မေအောင် က ပန်းခြံ ထဲ က သစ်ရွက်နုလေး တစ်ခု ကို ခူးပြီး လက်သီးဆုပ်လေး ပေါ် တင်ကာ ညာလက်ဖဝါး ဖြင့် အားရပါးရ “ ဖြောင်း ” ကနဲ နေအောင် ရိုက်ပစ်လိုက်သည် ။ ပြီးတော့ နှုတ်ဖျားကလေး စူရင်း “ မမိုက်ဘူးကွာ ” ဟု ရွေရွတ်သည် ။
“ ဦးနိုင်ဝင်းထွန်း က တော့ သဘောထား ပြည့်ပုံ ရပါတယ် ၊ သူ့ မျက်နှာ မှာ မာန်မာန အရိပ်တို့ ၊ ကောက်ကျစ်ရက်စက် မယ့် စိတ်ထား တို့ ရှိပုံမရပါဘူး ”
“ ငါ က အဲဒီ လူကြီး ကို မကျေနပ်လို့ ပြောတာ မဟုတ်ပါဘူး ၊ အဲဒီ လူကြီး နဲ့ အိမ်ထောင် ကျသွားရင် မကေ က သူတို့ အိမ် ကို လိုက် သွားရမှာ .. အဲဒါကို ပြောတာ ... ”
ခင်မေအောင် ၏ စကား ကြောင့် မူယာမောင် လည်း အသံ တိတ်သွားသည် ။ ကေသီတာ သည် သူတို့ ၏ အစ်မ ရင်း မဟုတ် ၊ သွေးသား လည်း မတော်စပ် သော်လည်း သူတို့ ကို အမြဲ သည်းခံသော ၊ သူတို့ အလိုကို အမြဲ ဖြည့်ဆီး ပေးသော ၊ သူတို့ နှစ်ယောက် အတွက် ဆိုလျှင် ဘယ်အရာ ကို ဖြစ်စေ ဘယ်တော့မှ နောက် မတွန့်သော ကေသီတာ ကို အစ်မ အရင်း လို သူတို့ ချစ်ကြသည် ။ခုတော့ ကေသီတာ သည် အိမ်ထောင် ပြု တော့မည် ။သျှောင် နောက် ဆံထုံး ပါ ဆိုသည့် စကားအတိုင်း သူ့ ခင်ပွန်း နောက် ကို လိုက်ရ တော့မည် ။“ ငါ့ စိတ် ထင်တော့ မကေ က အဲဒီ လူကြီး ကို မချစ်ဘူးလို့ ထင်တာပဲ ”
“ အေး .. မောင် လည်း အဲလို ထင်တာပဲ မေမေကြီး ကြောင့်သာ မကေ ခေါင်းငြိမ့် တာ ဖြစ်ရမယ် ၊ မေမေ က လည်း ဘာဖြစ်လို့များ မကေ ကို ယောက်ျား ပေးစား ရတာလဲ မသိဘူး ၊ ”
မောင် က အရှုံး ပေး လိုက်ရသော စိတ်ညစ်သံလေး ဖြင့် ပြောသည် ။
“ မကေ ကို မေမေ ပြောတဲ့ နေ့ က ငါ အခန်း ထဲ ကနေ ကြားရတာ က မေမေ့ ကို မကေ က သူ အိမ်ထောင် မပြုဘဲ နေလို့ မရဘူးလား လို့ မေးတယ် မောင် ရ ၊ မေမေ က မကေ ကို ဒီ အရွယ် ထိ ရောက်အောင် ပြုစုပျိုးထောင် ပေးခဲ့ပြီ တဲ့ ၊ ပညာ လည်း စုံပြီ တဲ့ ၊ ဒီတော့ ကိုယ့် ဘဝ ကိုယ် ကိုယ်တိုင် လျှောက်ဖို့ လုံလောက်တဲ့ အရည်အချင်း လည်း ရှိ ပြီ ဆိုတော့ တစ်ကယ့် ဘဝသစ် ကို ကိုယ့် မိသားစု နဲ့ ကိုယ် တည်ဆောက် တော့ လို့ ပြောတော့ မကေ က ငိုပြီး မေမေ ကို ကန်တော့တာ မောင် ရဲ့ ”
“ အဲဒါကို မောင့် ကို ဘာဖြစ်လို့ စောစောစီးစီး က မပြောတာလဲ ”
“ အောင်မာ .. ပြောတော့ရော ၊ မောင် က ဘာ တတ်နိုင်မှာ မို့လို့လဲ ”
“ မေမေ့ ကို ပူဆာမှာပေါ့ကွ ”
“ ရလိမ့်မယ် .. အားကြီးကြီး .. ၊ ကဲ တို့တွေ မကျေမနပ် ဖြစ် နေလည်း ကိစ္စက သူတို့ ဘာသာ ပြီး သွားမှာပဲ ၊ ဧည့်ခန်း မှာ ပန်းထိုး ဖို့ နှင်းဆီ ကောင်းကောင်း သာ ရှာတော့ ... ”
ကေသီတာ သည် အချိုပွဲ ကို ပြင်ဆင်ပြီး နောက် အားလုံး အဆင်သင့် ဖြစ်ပြီ ဟု စိတ်ကို ဒုံးဒုံးချ နိုင်တော့မှ ပင် သူ့ အခန်း ထဲ သို့ ခဏ ဝင်ပြီး လှဲ သည် ။ မနက် ငါးနာရီ ကတည်း က ထ ပြီး ချက် ပြုတ် နေရသော သူမ သည် နုံး နေတာ မဟုတ်သည့် တိုင် လန်းဆန်းခြင်း တော့ သိပ်မရှိ ။
ပြီးတော့ .. ဒီနေ့ ထမင်းစားပွဲ အကြောင်း ကို လည်း သူ တစ်ယောက် တည်း အေးအေးဆေးဆေး စဉ်းစား ချင်ပါသေးသည် ။ “ အချစ် ” ဆိုသော စကားလုံး ကို သူ သေသေချာချာ နား မလည်ခဲ့ဘူး ဆိုတာ ကတော့ သေချာသည် ။ ကျောင်း တက် တုန်းက ရည်းစားတွေ သုံးလေးယောက် ထားခဲ့ဖူးသော သူ့ သူငယ်ချင်း နုနုဝင်း က တော့ “ အချစ် ” ဆိုတာ ခံစားမူပေါ့ ဟာ ၊ ကိုယ် က သူ့ အကြောင်း ကို အမြဲ စဉ်းစား နေချင်တာ ရယ် ၊ သူ နဲ့ တွေ့ရင် ပျော်ရွှင်တာ ရယ် ၊ သူ က ယုယတဲ့ အခါ ကျေနပ်တာရယ် ... အဲဒါ “ အချစ်ပေါ့ ” တဲ့ .. ။
ဒီ စကား အတိုင်းသာ အမှန် ဆိုလျှင် သူ နှင့် ဦးဝင်းနိုင်ထွန်း တို့ တစ်ယောက် ယောက် တော့ ဒုက္ခ ရောက် တော့ မှာ သေချာသည် ။ နှစ်ယောက် စလုံး လည်း ဒုက္ခ ရောက် သွားနိုင်သည် ။ ဦးနိုင်ဝင်းထွန်း သည် သူ့ ထက် အသက် လေးနှစ် ကြီး သဖြင့် ရိုသေစွာ သူ ဆက်ဆံခဲ့သည် မှ တပါး အခြားသော စိတ် ခံစားမူ တစ်စုံတစ်ရာ မရှိ ။ ကိုယ့် ဘက် ကအနေအထိုင် မမှားအောင် ဂရုတစိုက် နေခဲ့တာ တောင် မှ လွန်ခဲ့သည့် လ တုန်းက ဦးဝင်းနိုင်ထွန်း နှင့် သူ့ သူငယ်ချင်း တစ်ယောက် အိမ် လာလည်သည့် နေ့ တွင် မေမေကြီး က အပြင် သွားခိုက် နှင့် ကြုံ ၍ သူမ ကိုယ်တိုင် ဧည့်ခံ ရသည် ။
လက်ဖက်သုပ် နှင့် ရေနွေးကြမ်း ဖြင့် ဧည့် ခံရင်း “ ကျောင်း ပြီး သွားရင် ဘာလုပ်မလဲ ” ဆိုသော ခေါင်းစဉ်ကလေး အောက် မှာ စကား ပြော ဖြစ် ကြသည် ။
“ ကျွန်မ က တော့ အစိုးရ အလုပ် လုပ် ဖို့ ထက် ကိုယ်ပိုင် အလုပ် ကို ပဲ လုပ်ချင်တယ် ၊ အစိုးရ အလုပ် က တိုးဖို့ မလွယ်တာရယ် ၊ ရ ရင်လဲ နယ် သွားရမှာ ဘာညာ နဲ့ ဆိုတော့ .. အိမ် မှာ မေမေကြီး ရဲ့ ကျန်း မာရေး အခြေနေ က ကျွန်မ ရှိ မှ ဖြစ်မှာ... ”
“ မကေသီတာ ရဲ့ ဘယ်ဘက် ခြေသန်းလေး က တစ်ချောင်း အပို ပါ ပြီး ပူး နေတယ် နော် ”
“ ရှင် ... ”
ဦးနိုင်ဝင်းထွန်း နှင့် အတူ ပါလာသော သူငယ်ချင်း ၏ စကား ကြောင့် သူမ မျက်နှာ ပေါ် ကို မိုးကြိုး ပစ်ချ တာ ခံ လိုက် ရ သလို သူမ အကြီးအကျယ် တုန်လှုပ် ရှက်ရွံ သွားခဲ့သည် ။ ဘယ်လောက် ထိ ရှက်သွားလဲ ဆိုလျှင် သူမ မြင် နေရသော အရာဝတ္ထုတွေ အားလုံး အပြာရောင်တွေ ချည်း ဖြစ်သွားသည် အထိ ရှက်သွား ခဲ့သည် ။
ဦးနိုင်ဝင်းထွန်း ၏ သူငယ်ချင်း ပြောတာ မှန်ပါသည် ။သူမ ၏ ဘယ်ဘက် ခြေထောက် တွင် ခြေပူးကလေး ပါသည် ။ ခြေသန်းကလေး နှစ်ခု က ပူး နေခြင်း ဖြစ်သည် ။ ခြေချောင်း အနေ နှင့် ငါးချောင်း ရှိ သော်လည်း ခြေသည်း ကတော့ ခြောက်ခု ရှိသည် ။ ထို ခြေပူးကလေး ပါ နေခြင်း ကို သူမ ငယ်စဉ် ကထဲ က အရမ်း ရှက်ခဲ့သည် ။ အပျိုဖော် ဝင်တော့ ထို ခြေပူးကလေး ကို မည်သူမှ မတွေ့ မမြင် အောင် အသေချာ ဂရုစိုက် ခဲ့သည် ။
တစ်ချို့ မိတ်ဆွေ သူငယ်ချင်း တွေ ဆိုလျှင် သူမ နှင့် ခင်ပြီး ဝေး သွားကြ ၊ မတွေ့ကြ ရသည့် အထိ သူမ မှာ ဒီ ခြေပူးကလေး ရှိနေသည် ဆိုတာ သိ မသွားသူတွေ တော်တော် များ ပါသည် ။ ကေသီတာ ရှက် သွားကြောင်း ကို နိုင်ဝင်းထွန်း က ရိပ်မိ သွားသည် ။
“ ဟေ့ကောင် .. ဘာတွေ လျှောက် ပြော နေတာလဲ ၊ မင်း က ကွာ .. ခက်တော့တာပဲ .. မင်း ကွာ ... ”
နိုင်ဝင်းထွန်း မှာ ကေသီတာ ရှက် သွားတာ ကို လဲ အားနာ ၊ သူ့ သူငယ်ချင်း နှုတ် မဆင်ခြင်တာ ကို လည်း ဒေါသ ဖြစ် ဖြစ် နှင့် ဘယ်လို မျက်နှာ ထားပြီး ဘယ်လို စကား ပြောရမယ်မှန်း မသိအောင် ဖြစ် သွားသည် ။
“ ငါလဲ ခုမှ တွေ့တော့ အမှတ်တမဲ့ ပြောမိတာပါကွာ .. ”
“ မင်း ကွာ.. ခက်တာပဲ.. မင်း ကွာ .. ၊ မကေသီတာ စိတ် မဆိုးပါနှင့် ၊ ဒီကောင် က ဘာရယ် ညာရယ် မဟုတ်ဘူး ၊ သူ့ စိတ် ထဲ ရှိရာ ပြောတဲ့ ကောင်ပါ ”
သူမ က တော့ ငိုချင်တာပဲ သိသည် ။
သူ့ မှာ ဒီလို ခြေသန်းလေး ပူး နေတာကို လူ သိမှာ အင်မတန် ကြောက် လည်း ကြောက် ရှက် လည်း ရှက်တတ် သူမို့ တည့်တည့်ကြီး အပြော ခံ လိုက် ရသောအခါ ငိုချင်ခြင်း ကို သာ မှတ်မိတော့သည် ။
ဧည့်ခန်း မှာ သုံးယောက် ထိုင် နေ ကြသော်လည်း ပြောရမည့် စကား က မရှိတော့ သလို ဖြစ် နေသည် ။ တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်း အသက်ရှု ကြပ် သထက် ကြပ် ၍ လာနေ၏ ။ တစ်ယောက် နှင့် တစ်ယောက် လည်း မျက်ဝန်းချင်း မဆုံအောင် ကြိုးစား နေရကာ ပင်ပန်းလွန်းသည် နှင့် နိုင်ဝင်းထွန်း က ပင် ပြန်ဖို့ ကိစ္စ ကို နှုတ်ဆက်ရသည် ။
“ မကေသီတာ .. ကျွန်တော်တို့ ပြန် လိုက်ပါဦးမယ် ၊ ကိစ္စ တစ်ခု လည်း သွားစရာ ရှိလို့ပါ ”
“ ဟုတ်ကဲ့ပါရှင့် ”
“ အန်တီထက် လာ ရင် သာ ကျွန်တော် လာ လည်သွားတယ် လို့ ပြောပေးပါ ”
“ ဟုတ်ကဲ့ရှင့် ”
အဲဒီတုန်းက ရှက်ခဲ့ ရတာတွေ ကို အခု ပြန် တွေးတော့လည်း အခု ထိ ရှက်တုန်းပင် ဖြစ်သည် ။ သူမ နှင့် နိုင်ဝင်းထွန်း တို့ နောင် တွေ့ကြသော အခါ နှစ်ယောက် စလုံး ညှိထားကြ သကဲ့သို့ ထို ကိစ္စ ကို ပြန် မပြောဖြစ်တော့ချေ ။
သူမ နှင့် ကိုနိုင် တို့ တွေ့ကြရသည် မှာ လည်း အကြိမ် အနည်းအကျဉ်း သာ ရှိပါသည် ။ ထိုစဉ်က အခုလို စေ့စပ်မည် ၊ လက်ထပ်ရမည် ဆိုတာတွေ နှစ်ဦး စလုံး က မသိသေး သဖြင့် ရိုးရိုး တွေ့ ရိုးရိုး စကား ပြော ရုံသာ ရှိသည် ။ ဒီလို စကား ပြော ကြည့်တော့မှ နိုင်ဝင်းထွန်း ဆိုသော ကိုနိုင် သည် တော်တော် ရှက် တတ်ပြီး စကား တစ်ခွန်း ကို သူ့ ဘက် က
မကျိန်းသေ လျှင် ဘယ်တော့ မှ တာဝန် ရမ်း ယူ တတ်သူ မဟုတ်မှန်း သိရသည် ။သူမ က ပထမ အကြိမ် တွေ မှာ စကား ပြောသည့်အခါ “ ဦးနိုင်ဝင်းထွန်း ” ဟု ခေါ် သော်လည်း စကား ပြောကြရင်းနှင့် နိုင်ဝင်းထွန်း က သူ့ ကိုယ် သူ “ ကိုနိုင် ကလေ .. ” “ ကိုနိုင် က ” ဟူသော အသုံးအနှုန်း ကို သုံး သဖြင့် ကေသီတာ က လည်း “ ကိုနိုင် ” ဟု ခေါ်ဖြစ် သွားသည် ။
သူမ နှင့် ကိုနိုင် သည် အပြင် မှာ တွေ့တာ မရှိသလောက် ပင် ၊ ကိုနိုင် အိမ် လာ လည်လျှင် ဧည့်ခန်း မှာ ၊ ဒါမှမဟုတ် ပန်းခြံ ထဲ မှာ ၊ ခြံ ထဲ က မန်ကျီးပင်ကြီး အောက် မှာ စသဖြင့် သာ တွေ့ကြလေ့ ရှိသည် ။ ကိုနိုင့် ပုံစံ သည် ခေတ်ဆန် ပြီး အဝတ်စား ၊ အနေအထိုင် ၊ အပြောအဆို တို့ ဖြင့် ရင်ခုန်အောင် ဆွဲဆောင် နိုင်သည့် ယောက်ျားလေးမျိုး မဟုတ်ပါ ။
ကိုနိုင် သည် လှိုင်းတွန့် ပါသော ဆံပင် ကို ဘေးခွဲခွဲ ၊ သပ်သပ်ရပ်ရပ် ဖြီးထား တတ်ပြီး ၊ အင်္ကျီ ကို ကြယ်သီး အပြည့် တပ် ကာ အမြဲတမ်း ပုဆိုး ဝတ် ထားတတ်သူ ဖြစ်ပါသည် ။ ကိုနိုင် သည် အသားအရေ လှသူ ဖြစ်ပြီး စကား ပြော လျှင် လေသံ က အားနာသံ အလိုလို ပါနေ တတ်သည် ။ ကိုနိုင် ၏ ကိုယ် ပေါ် တွင် ဒီနေ့ ခေတ် ၏ ဒီဇိုင်း အပြင်အဆင် ကို လုံးဝ တွေ့ရလိမ့်မည် မဟုတ်ပါ ။
ကိုနိုင် နှင့် သူမ တစ်ကြိမ် တည်း သာ အပြင် သို့ အတူ သွားခဲ့ကြဖူးသည် ။ ထို တစ်ကြိမ် မှာ မေမေကြီး က ထိန်သား ဖြင့် ထု ထားသော ဘုရားဆင်းတုတော် ကို ရွှေတိဂုံ ဘုရား တွင် ဝယ်ယူရန် သူမ ကို လွှတ်ခြင်း ဖြစ်သည် ။သူမ သွားရန် ပြင်ဆင် နေစဉ် မျှော်လင့် မထားပါပဲ ကိုနိုင် က အိမ် သို့ အလည်အပတ် ရောက် လာသည် ။
“ အတော်ပဲ မောင်နိုင် ရေ .. မင်း အမေ အတွက် ဆီးချို ကျ ဆေးရွက် ပေးမလို့ ၊မိကေ ရေ မေမေကြီး ကြောင်အိမ် ပေါ် က ဆီးချိုရွက်ခြောက်ထုပ် ယူလာခဲ့ ဟေ့ ”
“ ပြီးခဲ့တဲ့ အပတ်ကတော့ မေမေ ဆီးချို နည်းနည်း ပြန် တက်တယ် အန်တီမေ ”
“ အေး .. အဲဒီ အရွက် ကို လက်ဖက်ခြောက် ခပ် သောက် သလို သာ သောက် ၊ ဒါ ကြက်လည်ဆံရွက် လို့ ခေါ်တယ် ။ တစ်ထုပ် ဆို နှစ်လ လောက် တော့ အနည်းဆုံး သောက် လို့ ရတယ် ၊ ငါ တော့ ဒီ ကြက်လည်ဆံ နဲ့ တော်တော်လေး အဆင် ပြေတယ် ၊ စမ်း သောက်ကြည့်ခိုင်းပါ ”
“ ဟုတ်ကဲ့ အန်တီမေ ”
ဒေါ်ထက်မေအောင် က သူမ ပေးသော ကြက်လည်ဆံ ဆေးထုပ် ကို ကိုနိုင့် အား ပေးသည် ။ ပြီးတော့ ..
“ မင်း သွားစရာ ရှိသေးလား မောင်နိုင် ”
“ မရှိဘူး အန်တီမေ ၊ ဘာ ခိုင်းစရာ ရှိလို့လဲ ”
“ အေး.. အခုပဲ မင်း နှမ က ငါ့ အတွက် ထိန်သား နဲ့ ထုထားတဲ့ ဘုရား တစ်ဆူ ရွှေတိဂုံဘုရား မှာ သွား ဝယ်မလို့ ၊ မင်း အားမယ် ဆိုရင် အဖော် လိုက် ပေးစမ်းပါကွယ် ”
စကားဝိုင်း သည် အသံတိတ် ၍ သွားသည် ။ နိုင်ဝင်းထွန်း က ကေသီတာ့ ကို ကြည့်သည် ။ သူမ က လည်း ပြန် ကြည့်ပြီး နောက် မျက်လွှာ ကို ချထား လိုက်မိသည် ။
“ ကျွန်တော် အိမ် က ကား ပြန် ယူ လိုက်ရမလား အန်တီမေ ”
“ အို .. အဲဒီ လောက်လည်း မဟုတ်ပါဘူး ၊ လမ်းထိပ် က သာ ကား ငှားပြီး သွားလိုက်ပါ ၊ မောင်နိုင် အဖော် ပါ တော့ သာတောင် အဆင် ပြေသေး ၊ မိကေ .. မေမေကြီး အတွက် စနေထောင့် မှာ ရေသက်စေ့ ပါ ပူဇော်ခဲ့ ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ပါ မေမေကြီး ”
◾ နီကိုရဲ
📖 မွေးစားသမီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment