Thursday, May 18, 2023

ဘယ်ခွေး


 ❝  ဘယ်ခွေး ❞ 


နံနက် ၄ နာရီ ... ။ မလှမ်းမကမ်း ဘုန်းကြီးကျောင်း ဆီ မှ တုံးမောင်း လည်း မခေါက်ပါ ။ အနီးအနား ရွာတွေ မှ ကြက် တွန်သံ လည်း မကြားရပါ ။ သို့သော် အုတ်ဖို တစ်ကွင်း လုံး နိုး နေပြီ ။ လုပ်ငန်းခွင် ဝင်ဖို့ အသင့် ပြင်ကြပြီ ။ မနိုး ခံနိုင်ရိုးလား ။ ၁၂ ကောင် အား မီးစက်ကြီး ၏ တဒုန်းဒုန်း စက်ခုတ်သံ က ဘဝဂ် ညံအောင် မြည်ဟည်း နေပြီ ကိုး ။ စက်ခေါင်း ( အလုပ်သမားခေါင်း ) သည် မီးစက် နှိုးပြီး အသံ ပေးရုံ နှင့် အား မရသေး ။ အလုပ်သမား တဲတန်းလျား တစ်လျှောက် ဝါးလုံး ကို တဒေါက်ဒေါက် ခေါက် ပြီး စိတ်ရှည် လက်ရှည် လိုက် နှိုး နေ လိုက်သေး၏ ။ အားလုံး လိုလို အိပ်မှုန်စုံမွှား ၊ မထချင် ထချင် နှင့် ထကြ ရ လေ၏ ။ မျက်နှာ သစ် ၊ ထမင်းကျန် ဟင်းကျန်လေးတွေစား ပြီး တစ်နေ့ တာ လုပ်ငန်း စကြ ရ ပြန်ပြီ ။


အားလုံး လုပ်ငန်းခွင် ထဲ ရောက် ၊ လူ စစ် ပြီးပြီ ဆိုလျှင် စက်ခေါင်းကြီး သူ့ တဲ သူ ပြန် အိပ် ဦးတော့မည် ။ သူ က အလုပ် လုပ်စရာ မလို ။ လူ သုံးယောက် ၊ အုတ်ပေါက်ခုံ တစ်ခု ဆင်း လျှင် သူ့အတွက် တစ်ထောင် ရသည် ။ သူ့ လက်အောက် မှာ အုတ်ပေါက်ခုံ ၁ဝ ခုံ ရှိ လျှင် သူ က အသားတင် တစ်သောင်း ရ နေပြီ ။ ထို အယောက် ၃ဝ သည် သူ့ လက်အောက် ၊ သူ့ ငယ်သား ။ သူ ခေါ်ယူ ထားသော အလုပ်သမားများ ဖြစ်ကြ၏ ။ ထို လူ ၃ဝ အတွက် အုတ်သူကြီး ( အုတ်ဖိုပိုင်ရှင် သူဌေး ) ကို သူ က လက်မှတ်ထိုး အာမခံ ထား ရသည် ။ စာချုပ်ထားရသည် ။ ထွက်ပြေး လျှင် တစ်စုံတစ်ရာ ပြဿနာ ပေါ် လျှင် သူ့ တာဝန် ဖြစ်၏ ။ သူ က လည်း ပြဿနာ မပေါ်အောင် အလုပ်သမား ကို

စိစစ် ရွေးချယ်သည် ။ အားလုံး သည် သူ့ ရွာသား ၊ သူ နှင့် ဆွေမျိုး မကင်းသူများသာ ဖြစ်ကြလေ၏ ။


အများအားဖြင့် သူတို့ သည် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး ဘက် မှ လာသော သူများ ဖြစ်ကြ၏ ။ ရေရှား ၊ မြေရှား ၊ အလုပ်အကိုင် ရှားပါး ကြ သဖြင့် ရွာလုံးကျွတ် နီးပါး ဒီလိုပဲ လုပ်ကိုင်စားသောက် ကြ ရသည် ။ ကိုယ့် ရွာသား တစ်ယောက် အုတ်ဖို တစ်ခု မှာ စက်ခေါင်း ဖြစ် နေလျှင် တစ်ရွာလုံး ထို အုတ်ဖို မှာ မြဲ လေတော့၏ ။


သူတို့ လုပ်ငန်း စချိန် ၄ နာရီ သည် မိုး မလင်းသေး ။ အလင်းရောင် မရှိသေး ။ မှောင်နှင့်မည်းမည်း မို့ အုတ်သူကြီး က မီးစက် မောင်း ပြီး မီးထွန်း ပေး ရသည် ။ ၆ နာရီ အလင်းပျို့ မှ မီးစက် နားသည် ။ 


စကား ပြောသံ ၊ မြေ တူး သံ ၊ လှည်း တွန်းသံ ၊ ရွှံ့ ပေါက်သံများ ဖြင့် ကြွက်ကြွက်ညံ နေ သော်လည်း ၊ မီးစက်သံ တဒုန်းဒုန်း မြည်ဟည်း နေသော်လည်း စက်ခေါင်း က အိပ်ပျော် အောင် အိပ်လိုက်သေး၏ ။ အိပ်ပျော်စ မှာ ပဲ မီးစက် မောင်းသည့် တပည့် ကျော် က သူ့ ကို လာ နှိုးသည် ။ 


“ စက်ခေါင်း ထ ပါဦး ။ ကိုဘယ်ခွေးကြီး ပြန်လာပြီဗျ ” 


စက်ခေါင်း လည်း ငေါက်ခနဲ ထ မျက်နှာ ကို ပုဆိုးစ ဖြင့် ပွတ်ရင်း တဲ အတွင်း မှ ထွက်လာ ခဲ့ ရ၏ ။ ဟုတ်ပါရဲ့ “ ဘယ်ခွေး ”  ဆိုသော အမူးသမား သည် ဒယိမ်းဒယိုင် ၊ အမူး မပြေသေး သော ခြေလှမ်း ဖြင့် အုတ်ဖို အတွင်း သိုင်းကွက် နင်းပြီး ဝင် လာ ၏ ။ အနှီ ဘယ်ခွေး သည် မနေ့ ည က မူးယစ်ရမ်းကား ၊ ဆဲဆိုသော အမှု ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှာ တစ်ည ၊ အချုပ်ခံ ထိရာ ဥက္ကဋ္ဌ က ပဲ ပြန် လွှတ် လိုက်သလား ၊ ထွက် များ ပြေး လာတာလား ။ စိုးရိမ် သွားသည် ။ မနေ့ည က ခံဝန် လက်မှတ် ထိုးရသည့် အထဲ မှာ စက်ခေါင်း လည်း ပါသည် ။ 


ဘယ်ခွေး သည် သူ့ လက်အောက် က အုတ်ပေါက် အလုပ်သမား ဖြစ်၏ ။ ပြဿနာကောင် ဖြစ်၏ ။ အရက် ကို နေ့တိုင်း မသောက် သော်လည်း သောက် လျှင် သွေး ဆိုး၏ ။ မနေ့ ည က ဘယ်ခွေး တော်တော် သောင်းကျန်း ခဲ့သည် ။ ခါတိုင်း နှစ်ရာတန် အရက်ဖြူ တစ်လုံး သောက်နေကျ က ဘောက်ဆူး အားကိုး ဖြင့် လေးရာဖိုး သောက်ပစ် ခဲ့သည် ။ ထုံးစံအတိုင်း အော်ဟစ်ဆဲဆို ဟိုရမ်း ဒီရမ်း ။ ခွေး က ဟောင် လိုက် ၊ သူ က ဆဲလိုက် ။ 


အဆိုးဆုံး မှာ သူ ဆဲနေ ကျ လက်သုံး စကား ကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး ရှေ့ ကျ မှ ဆဲလုံး ထပ်မိ သွား ခြင်း ဖြစ်၏ ။


“ ဟေ့ ဘယ်ခွေး မှ လူ မထင်ဘူး ။ ဘယ်ခွေး မှ လူ မထင်ဘူး ဟေ့ ”  


သည်ကောင် က နည်းနည်း မူး လျှင် ပြုံးပြုံး ပြုံးပြုံး နှင့် ။ ရေချိန် ကိုက် သွားလျှင် စကားလုံး ထပ် လာ၏ ။ ရေချိန် လွန် သွားလျှင် “ ဘယ်ခွေး မှ လူမထင်ဘူး ”  ဟု ပဲ ထပ်ကာ ထပ်ကာ အော်ဟစ် နေတော့၏ ။ တဲ ထဲ ဆွဲသိပ် လှဲ အိပ် သွားသည့် အချိန် အထိ “ ဘယ်ခွေးမှ လူ မထင်ဘူး ” ဟု ဗလုံးဗထွေး အော်ဟစ် နေဆဲ ။ 


ထို့ကြောင့်လည်း အမေ ပေးသည့် နာမည် ပျောက် ။ “ ဘယ်ခွေး ” ဟူသော နာမည် ပေါက် ဖြင့် အုတ်ဖို တစ်ကွင်းလုံး သာ မက ရွာနီးချုပ်စပ် အထိ ကျော်ကြား နေခြင်း ဖြစ်တော့၏ ။


ဘယ်ခွေး ဝသီ ၊ ဘယ်ခွေး အထာ ကို မသိရှာ သော ကျေးရွာဥက္ကဋ္ဌ သည် သူ့ ရုံး ရှေ့ ကျမှ လူ မထင် ၊ သူ့ ကို ပင် စောင်းရော့ သလား အထင် မှား ကာ ဆွဲစေ့လေ တော့၏ ။ ညစောင့် နှင့် မီးသတ် တစ် ဖက် စီ ညှပ်ပြီး ရဲစခန်း ပို့မည် လုပ် နေ သေးသည် ။ မန်နေဂျာ ရော စက်ခေါင်း ပါ ခယ တောင်းပန် ၊ ဒဏ်ငွေ ပါ လှူဒါန်း လိုက်မှ ရုံး မှာ ပဲ တစ်ည ထားမည် ဖြစ်သွား၏ ။ 


မိန်းမ နှင့် ကလေးတွေ တစ်ည နားအေး ပါးအေး အိပ် ရ တာပေါ့လေ ဟု အကောင်း ဘက် ကတွေးကာ ဘယ်ခွေး ကို ထားပြီး ပြန်လာခဲ့ ရသည် ။ ခု မိုးပင် မလင်းသေး ။ ဘယ်ခွေး ပြန် လာပြီ ။ 


“ ဘယ်ခွေး လာဦးဟေ့ ” 


စက်ခေါင်း က သြဇာ သံ ဖြင့် လှမ်း ခေါ် လိုက်၏ ။ ဘယ်ခွေး က ဂရုမစိုက် ။ 


“ ဘာတုံးကွ ခေါင်းကြီး ရ ။ ဒီ အချိန် မင်း အိပ်နေ ရ မှာ ၊ ဘာလဲ ကြမ်းပိုး ကိုက် လို့လား ” 


ဘယ်ခွေး က မခန့် ။ တစ်ရွာတည်းသား ငယ်သူငယ်ချင်းတွေ ကိုး ။ ကကြီး ခခွေး ပဲ တတ်တာချင်း အတူတူ အုတ်သူကြီး နှင့် ရင်းနှီး လို့ ၊ အလုပ်သမား အရှာ ကောင်း လို့ စက်ခေါင်း ဖြစ် နေတာ ။ ကိုယ့် ထမင်း ကိုယ် ရှာ စား နေ ကြတာပဲ ။ သို့ကလို ဘယ်ခွေး က သူ့ ဘဝ သူ ကျားကန် ထား၏ ။


“ မင်း ထွက်များ ပြေး လာတာလားလို့ မေး မလို့ပါကွာ ” 


“ ဥက္ကဋ္ဌ ကိုယ်တိုင် ၄ နာရီ အလုပ် ဆင်း ရ မှာ မှန်း သိ လို့ ပြန် လွှတ်လိုက်တာဟေ့ ။ ငါ့ သဘော ဆို အိပ်ဦးမှာ ။ မိုးလုံလေလုံ ၊ ကြမ်းပိုး မကိုက် ၊ ခြင် မကိုက် ”  


“ အေးအေး ဟုတ်ပါပြီ ကွာ ၊ သွားသွား အလုပ် ဆင်း တော့ ။ ဟိုမှာ မင်း မိန်းမ နဲ့ ကလေးတွေ စောင့် နေတယ် ”  


ဘယ်ခွေး ကျောပြင်ကြီး ကို ကြည့် ပြီး စက်ခေါင်း သက်ပြင်း ချ လိုက်၏ ။ ဘယ်ခွေး က မူးလျှင် သွေးဆိုး သော်လည်း အလုပ်ကျ ဇွဲကောင်း သည် ။ ပြီး မိန်းမ ၊ ကလေး အကြီး နှစ်ယောက်နှင့် မအေအိုကြီး ပါ အလုပ် လုပ်ကြ သည် ။ အုတ်ရာသီ စတိုင်း ဘယ်ခွေးတို့ မိသားစု ကို အမြဲ ပါ အောင် ခေါ်ခဲ့ရသည် ။ အုတ်သူကြီး အတွက် ၊ စက်ခေါင်း အတွက်တော့ ဘယ်ခွေး တို့ မိသားစုသည် ( မနှိုင်းကောင်း နှိုင်းကောင်း ) သန္ဓေ ကောင်းသည့် ခြံပေါက် နွားများ တည်း ။


   •••••   •••••   •••••


ဘယ်ခွေး ဘယ် လောက် သွေး ဆိုးဆိုး ၊ လူဆိုး လူမိုက် မဟုတ်ဟု စက်ခေါင်း က သတ်မှတ်ထား၏ ။ ငွေ သုံး နှင့် ပတ်သက်ပြီး ငြင်းခြင်း ညစ်ခြင်း မရှိ ။ အခြား စက်သို့ လည်း ပြောင်း မသွား ။ အရက် သောက်သည် က လွဲ လျှင် လူမှုရေး အရှုပ်အထွေး မရှိ ။ စာရိတ္တ ကောင်းသည် ။ သစ္စာ ရှိသည် ။ ထို့ကြောင့်လည်း သူ တောင်းသည့် “ ကြိုသုံး ” ဖြစ် အောင် ပေးပြီး တစ်နှစ် တစ်ခါ အပါ ခေါ်ထားရခြင်း ဖြစ်၏ ။ တစ်ခု ပဲ ရှိသည် ။ အပေါက် ဆိုးသည့် ဘယ်ခွေး အမေ သည် သူ့ သား ကို အားမရ လေတိုင်း သူ နှင့် နှိုင်းနှိုင်းပြီး ဆဲသည် ကို မျက်နှာ ပူ နေရခြင်း ဖြစ်၏ ။ 


“ ဟဲ့ ဘယ်ခွေး ရဲ့ ။ တစ်ရွာတည်းသား ရွယ်တူ တန်းတူ ချင်း ဟိုက စက်ခေါင်း ၊ နင် က ကြက်ခေါင်း နင် မရှက်ဘူးလား ”  


ဆဲဖန် များတော့ ဘယ်ခွေး သူ့ ကို မနာလို မရှုဆိတ်များ ဖြစ်ရော့ သလား ။ ဘယ်ခွေး မှ လူမထင် သည့် အထဲ သူ လည်း ပါလေ မလား ။ စက်ခေါင်း တစ်ခါတစ်ခါ ခေါင်း စား ၏ ။


ဘယ်ခွေး က လည်း သူ့ အမေ ဆဲ ဆဲ စရာ ။ စက်ခေါင်း ရာထူး ဖြင့် လူ လေး ငါးဆယ် အုပ်ချုပ်ဖို့ နေနေသာသာ သူ့ မိန်းမ ကို ပင် မကိုင်တွယ် နိုင် ။ ဘယ်ခွေး မိန်းမ က ချဲ အလွန် ထိုး၏ ။ နှစ်လုံး လည်း ထိုး ၊ သုံးလုံး လည်း ထိုး ။ တစ်ခါတစ်ရံ တစ်လုံး ပင် ထိုးလိုက်သေးသည် ။ ဘာမှန်း မသိဘဲ “ မန်ချက် က ငါးရာ ဟေ့ ” လုပ် လိုက် သေးသည် ။ တစ်ခါမှ လည်း ဖိုးဖိုးဖန့်ဖန့် ပေါက် သည် မရှိ ။ “ ကိုဘယ်ခွေး ကို စက်ဘီးလေး ဝယ်ပေးချင်လို့ ပါ တော် ” ဟူသော စကား တစ်ခွန်း ဖြင့် ဘယ်ခွေး ပါးစပ် ပိတ် သွားသည် ။ 


ဘယ်ခွေး မှာ ကလေး တွေ က လည်း များ မှ များ ။ ဒါဇင်ဝက် ။ ခြောက်ယောက် ။ ပါးစပ်ပေါက် ကြွက်တွင်း တွေ ကို ထမင်းချည်း ဖြည့်ဖို့ ပင် အနိုင်နိုင် ။ ထမင်းဝိုင်း မှာ ထိုင် ကြလျှင် ခြောက်လုံးပတ် ဗုံတိုတွေ လို တစ်နှစ် တစ်သား ကျ ထားတော့ အရွယ်တွေ က မတိမ်းမယိမ်း ။ အကြီးနှစ်ယောက် က ရွှံ့လုံးမြေ သယ် ရ နေပြီ ။ အငယ် လေးယောက် မှာ ရောဂါသည် နှစ်ယောက် ပါ လိုက်သေး ။ တစ်ယောက် က ပန်းနာရင်ကျပ် အမော သည် ။ တစ်ယောက် က ဝမ်း တွင်းပါ ကျပ် မပြည့်သူ ။ 


ဘယ်ခွေး အမေက လည်း တစ်ခါတစ်ခါ ပန်းနာရင်ကျပ် ထ တတ်သည် ။ အမေ တစ်လှည့် ၊ သမီး တစ်လှည့် ဆေးရုံဆေးခန်း ပို့ နေ ရသည် ။ သေကောင်ပေါင်း လဲ နှုတ်ခမ်းတွေ ပြာနှမ်း မှ လာ ၊ ပိုက်ဆံ က လည်း မလုံ မလောက် ဆိုတော့ ဆရာ ၊ ဆရာမ အငေါက်အငမ်း အမြဲ ခံ ရသည် ။ ဘယ်ခွေး တစ်ယောက် ဘယ်လောက် သောက် ထားထား ၊ ဆေးရုံ မြေ နင်း မိလျှင် အမူးပြေ မြွေစွယ်ကျိုး ၊ ခြေသုတ်ပုဆိုး ဖြစ် သွား တော့၏ ။


သူ့ မိန်းမ က ဘယ်ခွေး ထက် ပို ဆိုးသည် ။ လူ တော မတိုး ။ ရွာ လည်း မစွာ ၊ ဈေးသည် တကာ အဆဲခံ ဖတ် ၊ ချဲသည် တကာ ၏ အဆဲခံ ဖတ် ဖြစ် တော့၏ ။




ဘယ်ခွေး အကြောင်း စဉ်းစားလို့ ကောင်းနေဆဲ မှာ ပင် အရှေ့ ဆီ မှ ရောင်နီ ပျို့ လာ၏ ။ ကွင်းပြင် အဝေး ရေးရေးထင်ထင် ရှိလာပြီ ။ မီးစက် က မပိတ်သေး ။ တပည့်ကျော် အိပ်ပျော်နေပုံ ရ၏ ။ စက်ခေါင်း ပြေး ပိတ်ရ ပြန်သည် ။ နောက်ကျ လျှင် မန်နေဂျာ က ဆဲမည် ။


မီးစက် ပိတ်ပြီး ပြန် ထွက် လာတော့ ၊ အလုပ်သမားတွေ အလုပ် ရပ်ပြီး ခြေ လက် ဆေးကြ ၊ အဝတ်အစား လဲကြ နှင့် တက်ကြွ နေကြပြီ ။ ဟုတ်သားပဲ ။ အရှေ့ဘက် ရွာ က အလှူ ထမင်းစား ဖိတ် ထားသည် ။ အနီးအနား ရွာ တွေက သဒ္ဓါတရား ကောင်း သည့် အလှူ့ရှင် ဆိုလျှင် အုတ်ဖို ကို ထမင်းစား လာ ဖိတ်တတ် သည် ။ ကလေးလူကြီး တစ်ယောက် မကျန် သွား စားကြ သည် ။ သူတို့ ဘဝ မှာ စားရ ခဲ လှသော ဝက်သားဟင်း နှင့် ထမင်းဖြူဖြူ ကို အလှူ ရက် လက် ချိုးပြီး စောင့်ခဲ့ရသည် မဟုတ်လား ။


“ အေး သွားကြ ၊ သွား ကြ ။ ရွှံ့တွေ စင်အောင် လည်း ဆေးကြော သွားကြဦး ။ သပ်သပ်ရပ်ရပ်လေး လည်း ဝတ် သွားကြ ” 


စက်ခေါင်း ခမျာ တဖွဖွ သတိပေး ရပြန်၏ ။ ငြိုငြင် စရာ ဖြစ် သွားလျှင် နောက် အလှူရှင် လက်တွန့် နှုတ်ဆွံ့ သွားလိမ့်မည် ။ 


အလှူအိမ် က ထမင်း စားပြီး အပြန်မှာ အားလုံး မျက်နှာတွေ ရွှင်လန်းလို့ ၊ အားရ လို့ ။ ထမင်းလေး က ဖွေးလို့ နုလို့ တဲ့ ။ ဝက်သားဟင်း က ဘယ်လို ၊ ကု,လားပဲနှပ် က ဘယ်လို ၊ ငရုတ်သီးကြော် က ဘယ်လို ကိုယ့် အကြိုက် ကိုယ် ချီးမွမ်းခန်း ဖွင့် နေကြသည့် အချိန် မှာ ဘယ်ခွေး မျက်နှာ သိပ်မကောင်း ။ မှိုင်းမှိုင်းညိုညို နှင့် ဘာကို အလိုမကျ ဖြစ်လာ ပါလိမ့် ။


စက်ခေါင်း က လည်း တစ်ယောက် ကို လက်ယပ် ခေါ် ပြီး တိုးတိုးတိတ်တိတ် မေးရ လေ၏ ။ 


“ ဘယ်ခွေး လား သူ့ သမီး ဟို ကျပ်မပြည့်တဲ့ ကောင်မလေး လေ ။ အလှူ ဧည့်ခံမဏ္ဍပ် ထဲ လျှောက်ပြေး နေလို့ ရွာ လူကြီးတွေ က ငေါက် ထုတ်တာ ၊ အဲဒါ စိတ်မကောင်း ဖြစ်သွားတာ နေ မှာ ။ ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘူး ”  


“ ဒါများကွာ ”  


အလှရှင် တွေ က ထမင်းစား ဖိတ် သော် လည်း အုတ်ဖို က သူတို့ တစ်တွေ ကို ဧည့်ခံမဏ္ဍပ် ထဲ အဝင် မခံပါ ။ ကျွေးရုံ မှာ တစ်ခါ တည်း ဝင် စား ၊ ပြီး ရင် ပြန် ။ ထုံးစံ လုပ် ထားကြ၏ ။ ကျပ်မပြည့် သည့် ကလေးမှန်း လည်း သိချင် မှ သိ ပေမည် ။


“ အေးကွာ ။ ညနေ ကျမှ ဘယ်ခွေး ကို ငါ ဖျောင်းဖျ လိုက်ပါ့မယ် ”  စက်ခေါင်း ခေါင်းစားရပြန်၏ ။


   •••••   •••••   •••••


ဘယ်ခွေး ကို ဖျောင်းဖျ မည် ဟု ကြံ ထား ကာ ရှိသေး ၊ ဘယ်ခွေး သတင်း က စက်ခေါင်း တဲ အတွင်း ရောက်ချ လာပြန်၏ ။ 


“ ခေါင်းကြီး ရေ ၊ ဘယ်ခွေး မူးပြီး ရမ်းနေပြန် ပြီ တဲ့ ” 


“ ဟာ ဒီကောင် ၊ မနေ့ကမှ တစ်ည အချုပ် က လွတ် လာ တာ ခက်တော့တာပဲ ”  


စက်ခေါင်း မနေသာ ။ ဘယ်ခွေး သား အကြီးကောင်လေး ခေါ်ပြီး ကမန်းကတမ်း လိုက်သွား ရသည် ။ ဘယ်ခွေး သောက်နေကျ အရက်ဆိုင် က အရှေ့ဘက် ရွာ ။ မနက် က အလှူ ပေးသည့် ရွာ ထဲ မှာ ရှိ သည် ။ ကျေးရွာအုပ်ချုပ်ရေး မှူးရုံး ကလည်း အပြန်လမ်း မှာ ။ မနေ့ က လို ဆဲဆို နေလျှင် ဒီတစ်ခါ သေချာပေါက် ရဲစခန်း ရောက်တော့မည် ။ 


အုပ် မိအောင် လိုက်သွားရ ကျိုး နပ်ပါ၏ ။ ဘယ်ခွေး အရက်ဆိုင် ထဲ က အထွက် လက်မတင်ကလေး ။ ဘယ်ခွေး က တော့ ထုံးစံ အတိုင်း “ ဘယ်ခွေး မှ လူမထင်ဘူး ” ဇာတ်လမ်း စ နေပြီ ။ ပါးစပ် ကို အတင်း ပိတ်ပြီး ချော့တစ်ခါ ခြောက်တစ်လှည့် ဖြင့် ဆွဲခေါ်ခဲ့ရသည် ။ ရွာလယ်လမ်း ကို ကွင်း ၊ အုပ်ချုပ်ရေးမှူးရုံး ကို ကွင်း ပြီး ကန်သင်းလမ်းတွေ က ကွေ့ပတ် ခေါ်ခဲ့ ရသည် ။ 


“ ဘယ်ခွေး မှ လူ မထင်ဘူး ဟေ့ ” 


ဗလုံးဗထွေး အာလေးလျှာလေး ဖြင့် တစ်လမ်းလုံး အော် ၊ အုတ်ဖို ရောက်တော့ လည်း အော် ၊ အသံတွေ တောင် ဝင် နေပြီ ။ 


အားလုံး ရုံးစု ၊ ရုံးစု ဖြင့် ချော့သည့် လူ က ချော့ ၊ ငေါက် သည့် လူ က ငေါက် ၊ တစ်ယောက် တစ်ပေါက် ဖြစ်နေ၏ ။ ကျပ် မပြည့်သည့် ကောင်မလေး က သူ့ အဖေ ရင်ခွင် ထဲ ဝင် တိုးသည် ။ စက်ခေါင်း လည်း လေပြေကလေး ဖြင့် ...




“ ဘယ်ခွေး သူငယ်ချင်း မင်း ကွာ ။ မသောက် နဲ့ မဟုတ်ဘူး သောက်ပါ ။ သောက်ပြီး အေးအေးဆေးဆေး ပေါ့  ။ ဘယ်ခွေး မှ လူမထင်ဘူး ဆိုတာကြီး မပြောစမ်းပါ နဲ့ ။ ဒါ လေး တစ်ခု တော့ ဆင်ခြင်ပါကွာ ” 


ဘယ်ခွေး သည် စက်ခေါင်း ကို ခေါင်းလှန် ပြီး ကြည့် လိုက်၏ ။ ပြီး ခေါင်း ငိုက်စိုက် ကျ သွားပြန်သည် ။ ဒေါသ ပြေလျော့စ ပြုသည့် လေသံ ဖြင့် -


“ ဒီမှာ ခေါင်းကြီး ။ ငါ ပြော တဲ့ ဘယ်ခွေး မှ လူ မထင် ဘူး ဆိုတာ တကယ့် ခွေးတွေ ကို လူ မထင်ဘူးလို့ ပြောတာကွ ” 


ဘယ်ခွေး အသံ က တုန်တုန်ယင်ယင် ဖြင့် ရှိုက်သံ စွက် လာ၏ ။


“ ငါ ခံစား နေရတာ ကြာပြီ ။ တကယ်တမ်းကျ ငါတို့ ဘဝ က ... ”  


ဘယ်ခွေး အသံ တိမ်ဝင် သွား ပြန်၏ ။


“ ငါတို့ ဘဝတွေ ကို ဘယ်သူ က မှ လူရာ မသွင်း ဘူး ၊ လူ မထင်ကြဘူး ။ နိမ့်ကျလိုက်တာ ကွာ ။ လူတမ်း မစေ့တဲ့ ဘဝ ၊ ဆင်းရဲ တဲ့ ဘဝ ၊ နုံချာ တဲ့ ဘဝ ။ လူ မဟုတ်တော့ဘူး ။ ငါတို့ ဟာ လူ

မဟုတ်တော့ဘူး ကွ ခေါင်းကြီး ရ ” 


ဘယ်ခွေး ငိုပါလေတော့၏ ။


စက်ခေါင်း လည်း ပါးစပ် ပိတ် ။ အားလုံး ငြိမ် ။ အုတ်ဖို တစ်ကွင်းလုံး ငြိမ် ။ လောကဓာတ် တစ်ခုလုံး ငြိမ်ကျ သွား လေ၏ ။


◾ ဂျိုဇော်


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၄  ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment