ဤသို့ဖြင့် ကေသီတာ့ ဘဝ ထဲ သို့ မိုးယံစိုး ဆိုသော လူ တစ်ယောက် ဝင်ရောက်လာခဲ့ လေသည် ။ အိမ်ပြန် ရောက် ၊ ရေမိုးချိုး ညီအစ်မ တစ်တွေ ထမင်းစား ပြီးတော့ မှ တရားထိုင် ပြီးသော မေမေကြီး အတွက် ထမင်း ပြင်ဆင် ပေးရသည် ။ မေမေကြီး သည် ညဘက်တွေ မှာ ထမင်း သိပ် မစားတော့ ၊ တစ်ချို့ ညမျိုး ဆိုလျှင် နို့တစ်ခွက် နှင့် ပြီးသည့် ညမျိုးပင် ရှိသည် ။
ပြီးတော့ မေမေကြီး သည် အရင်တုန်း က လို ဟိုဟာ စားချင်သည် ၊ ဒီဟာ ကို ဒီလို ချက်စမ်း ဆိုတာတွေ မရှိတော့ ။ အတ္တ ကို ဖြည်းဖြည်းချင်း လျှော့ ၊ ရသမျှ လျှော့ နေသည် ဟု ကေသီတာ တို့ နားလည် ကြသည် ။ ပြီးတော့ မေမေကြီး သည် သက်သက်လွတ် စားခြင်းမျိုး မဟုတ်သော်လည်း သားငါး နှင့် အသီးရွက် ယှဉ် လာလျှင် အသီးရွက် ကို သာ ပို စား လေ့ ရှိ လာသည် ။ ထို အသီးရွက် ကို သက်သက်လွတ် ချက်ပေးပါ ဟူ၍တော့ ဘယ်တော့ မှ မပြော ။ ကေသီတာ တို့ ချက်ပေး သမျှ စားသည် ။
ဒီနေ့လည်း ပဲပုတ် နှင့် ခရမ်းချဉ်သီးချက်ကလေး နှင့် မကျီးရွက်သုပ် ကို ထမင်း နှင့် တော်တော်များများ စား သဖြင့် ကေသီတာ တို့ ညီအမ တတွေ တော်တော် ဝမ်းသာ နေကြသည် ။ ထမင်း စားပြီးသည် နှင့် မေမေကြီး သည် ဝရံတာ တွင် စင်္ကြံ လျှောက်လေ့ ရှိ၏ ။
ထိုအချိန်တွင် ကေသီတာ တို့ ညီအမတွေ က မနက်ဖြန် မနက် ချက်ပြုတ်ရန် အတွက် ကြက်သွန်ဖြူနီ ကို ထောင်း ၊ ငရုပ်သီး အကျက်မှုန့် နှင့် ရော ထောင်းပြီး ဆီစိမ် ထား တတ် ကြသည် ။ ဂျင်း ၊ ကြက်သွန်ဖြူ စသည်တို့ ကို မနက် ခန့်မှန်းဟင်း အတွက် ကြိုတင် စီစဉ်သည် ။
ဥပမာ မနက် ငါးဘတ် မွှေမည် ဆိုလျှင် ဂျင်း နှင့် စပါးလင် ကို ရောကာ ထောင်း ထားပြီး အဆင်သင့် လုပ်ထားသည် ။ ပြီးတော့ သနပ်ရွက် နှင့် မန်ကျီးရွက် ချဉ်ရေ ဆိုလျှင် အရွက်များ ကို အနုအရင့် သင် ကာ သန့်စင်ထား တတ် ကြသည် ။ ထိုအလုပ်များ အားလုံး ပြီးလျှင်တော့ ကေသီတာ့ အခန်း တွင် ညီအစ်မ တတွေ စကား ပြောကြသည် ။ အခန်းတွေ ၏ ဖွဲ့စည်းပုံ အကျယ်အဝန်း က အတူတူ ပင် ဖြစ်သော်လည်း ငယ်စဉ် ကာလ ကတည်း က သူတို့ ထက် အသက် ကြီးသော ကေသီတာ က ညဘက် ဆို လျှင် သူတို့ ညီမတတွေ ကို အိပ်ခါနီး ပုံ ပြော ပြတတ်သည့် အကျင့် က ကြီးလာသည် အထိ စွဲသလို ဖြစ် နေကာ ယခု ချိန် ကျတော့ ပုံ မပြောတော့ပဲ ညီအစ်မ တစ်သိုက် ၏ စကားဝိုင်းလေး ဖြစ်လာ လေသည် ။
“ သူ ကတော့ ပူဆာ ပြီကွာ ၊ ဒါပေမယ့် မောင် က ဆ/မ လိုင်စင် အတွက် နယ် ( ၂ ) နှစ် သွားပြီးတော့ မှပဲ မင်္ဂလာဆောင် အတွက် စဉ်းစားပါရစေ ဆိုတော့ သူ က စေ့စပ်ထားပါရစေ တဲ့ ”
“ ဒါ .. သွယ်ဝိုက်တဲ့ နည်း နဲ့ မောင့် ကို စိတ်မချဘူးလို့ ပြောတာပဲ ”
“ ဟုတ်ချင် လည်း ဟုတ်မှာပေါ့ ၊ မောင် က လက်ထပ် လိုက်ရင် သံယောဇဉ် တန်းလန်းကြီး နဲ့ နယ် ကို မသွားချင်ဘူး ၊ စိတ်လွတ် ကိုယ်လွတ်နဲ့ ပဲ သွားချင်တာ ”
မောင် ပြောတာ ကို လည်း ညီအစ်မတွေ သဘောပေါက် ကြသည် ။
“ ဒါဆို လက်ထပ် ပြီးတော့ လင်တော်မောင် ကို ပါ ဆေးအကူ သင်တန်း ပေးပြီး ဝင် ကူခိုင်းပေါ့ ”
ရီရီ က ဝင်ပြီး အရွှန်း ဖောက် သည် ။
“ ရပါလိမ့်မယ် .. အားကြီးကြီး ၊ သူ့ အိမ် က သူ မရှိရင် သံပတ်ကုန်တဲ့ စက်ရုပ် လို ရပ် သွားမှာပေါ့ ”
ဟုတ်သည် ။ ကိုကျော်မြင့် ( မောင့် ချစ်သူ ) မှာ ကွမ်းသီး ၊ ကွမ်းစားဆေး ၊ လက်ဖက် ၊ လက်ဖက်ခြောက် နှင့် အကြော်စုံ ၊ နယ် မှ ပဲမျိုးစုံ ရောင်းသော လက်လီ လက်ကား ဆိုင်ကြီး ဖြစ်သည် ။ မောင် တို့ ငါးပိ ၊ ငါးခြောက်ဆိုင် တွင် လည်း ကုန်ခြောက် ဖြစ်သော လက်ဖက် ၊ကွမ်းသီး အကြော်စုံ နှင့် ပဲမျိုးစုံတို့ ကို ရင်းနှီး နေသော ကိုကျော်စွာ တို့ ထံမှ လက်ကား ယူရင်း မောင် နှင့် တွေ့ ၊ ချစ်သူများ ဖြစ်သွားကြခြင်း ဖြစ်သည် ။ ကိုကျော်စွာ သည် သာမန် မေဂျာ နှင့် ဘွဲ့ရပြီး ၊ ရိုးသားကြိုးစားသူ တစ်ယောက် ဖြစ်သည် ။ အသောက်အစား ကင်းပြီး ကတိ တည်သည် ။ အပြစ် ပြောစရာ ဆိုလျှင်တော့ ညီမ သုံးယောက် စလုံး က အားကိုး နေ ရသော အစ်ကိုကြီး တစ်ယောက် ဖြစ်ခြင်းကြောင့် ထို ညီအစ်မတွေ နှင့် မောင် မတည့် မှာ တစ်ခုပဲ စိုးရိမ် ရသည် ။မောင် က စိတ် ဆတ်သည် ။ ပညာ မာန နည်းနည်းလေး ရှိသည် ။ အနေအထိုင် ပွင့်လင်း ရဲတင်းသည် ။
“ သူ ပြောတာ လည်း မဆိုးပါဘူး မောင် ရဲ့ ၊ စေ့စပ် ထားလိုက်တော့ သူ့ စိတ် ထဲမှာ နှလုံး ငြိမ်သွားတာပေါ့ ၊ သူ လည်း ဒီမှာ အလုပ် လုပ်ရတာ စိတ်ဖြောင့် တာပေါ့ ”
“ ကဲ .. ထားပါတော့ ၊ အဲဒီ စေ့စပ်ဖို့ ကိစ္စ ကို မေမေကြီး က လက်ခံ အောင် ဘယ်သူ ပြောပေး မှာလဲ ”
ရုတ်တရက် ပြော လိုက်သော မောင့် စကား ကြောင့် ကေသီတာ မျက်နှာ တစ်ချက် ပျက် သွားသည် ။ သူ့ အမှား သည် သူ ချစ်ရပါသော ညီမလေး တစ်ယောက် ကို ဒုက္ခ ရောက်စေသည် ဆိုတာ ကို သူ စိတ်မကောင်း ဖြစ်ရလေသည် ။
“ မောင် နင် ဟာလေ ၊ စကား ပြောရင် ဘယ်တော့ မှ ရှေ့နောက် မကြည့်ဘူး ”
အောင် က ကေသီတာ မျက်နှာ ပျက်သွားတာ ကို တွေ့လိုက် သဖြင့် မောင့် ကိုဝင် ဟန့် လိုက်သည် ။ မောင် က လည်း သူ ပြောတာ မှား သွားကြောင်း ကို ပြောပြီး မှ သိသည် ။
“ ဆောရီးကွာ .. အဲဒါကိုလည်း သိ လို့ မောင် က သူ ပူဆာတာ ကို လှည့်ပတ် ရှောင် နေ ရတာပေါ့ ၊ ဘာပဲဖြစ်ဖြစ် မောင့် ဆုံးဖြတ်ချက် က တော့ နယ် က ပြန်ပြီး ပို့စတင် ကျ မှပဲ လက်ထပ်မယ် ၊ ဒါပဲ ”
“ မမကြီး ရော company မှာ အဆင်ပြေ ရဲ့လား ”
အောင် က စကား လမ်းကြောင်း ပြောင်းရန် ကြိုးစားသည် ။ ကေသီတာ သည် ဒီနေ့ သူ ကြုံခဲ့ရတာ ကို ပြောပြလျှင် ကောင်းမလား ၊ မပြောပဲ ထားလျှင် ကောင်း မလား ၊ ရုတ်တရက် ဝေခွဲမရ ဖြစ်နေမိသည် ။ မပြောပဲ ထားလျှင် တစ်ချိန်ကျ မှ သိသွားပါ က သူ့ အပြစ် ဖြစ်နိုင်သလို ပြောပြန် လျှင် လည်း လာပြန်ပြီလား တစ်ယောက် ဟူသော အကြည့်မျိုး ဖြင့် ကြည့် လျှင် ကေ ခံနိုင်မည် မဟုတ်ပါ ။
ဒီလို စဉ်းစားပြီး တော့ မှ မိုးယံစိုး ကို ဘာကြောင့် သူမ အပေါ် မရိုးသားသူ ဟု ယူဆပြီး ပြောလျှင် ကောင်းမလား ၊ မကောင်းဘူးလား တွေ စဉ်းစား နေရတာလဲ ဆိုသော အချက် ကို တွေးမိပြီး ကေသီတာ့ မျက်နှာ ရဲကနဲ တစ်ချက် ဖြစ်သွား၏ ။ အမှန်တော့ ယခု ဖြစ်သော အဖြစ်သည် သာမန် အဖြစ်ပျက်လေး တစ်ခု သာ ဖြစ်ပါသည် ။ အလုပ် ဝင်ကာစ မကျွမ်းကျင်သေးသူ ဝန်ထမ်းကောင်မလေးများ ဖြစ်နေကျ ထုံးစံ တစ်ခု သာ ဖြစ်ပါ၏ ။
“ ဒီနေ့ ကံကောင်းလို့ပေါ့ ”
ကေသီတာ သည် သူ ကြုံခဲ့ရသော အဖြစ် ကို လေးနက် တည်ကြည်စွာ ပြောပြဖြစ်သည် ။
“ ဒါဆို မမကြီး မနက် ကျ ရင် ဘယ်လို လုပ်မလဲ ”
“ သူ ကတော့ ပို က စတို ကိုင်တာ သူ က ဘဏ် နဲ့ ပစ္စည်းစာရင်း ကိုင်ရမှာ ဆိုတော့ မနက်ဖြန် စောစော ထွက်ပြီး တစ်နေ့ က လက်ကျန် စာရင်း နဲ့ မကေ ရောင်းပြီးသား စာရင်း ရယ် မကေ နောက် က ဆက် ရောင်းတဲ့ မူမူ ရဲ့ စာရင်းရယ် သုံးခု စစ် မှ ဘယ်နေရာ လွဲနေတယ် ဆိုတာ သိမှာတဲ့ ”
“ မမကြီး ကံကောင်းတာ ပေါ့နော် .. တစ်ယောက် တည်း ဆိုရင် ဘယ်လို လုပ်မလဲ ”
“ အစက ပြန် စစ်မယ်လို့ စိတ်ကူးထားတာ ၊ ဘောလ်ပင် တစ်ချောင်း က စပြီး ခဲဖျက် အထိ ”
“ အမယ်လေး .. စတိုးဆိုင် တစ်ဆိုင် ကို အဲလိုသာ စစ် ရ ရင်တော့ သေရချည်ရဲ့ ၊ ဟို အစ်ကို ကယ်ပေလို့ပဲ နော် ”
“ ဒီလိုပဲ ပြောရတော့မှာပေါ့ ”
“ ငွေ က ပိုနေတာ ဆိုတော့ ပြဿနာ မရှိဘူး မဟုတ်လား ”
“ စာရင်း နဲ့ မကိုက်ရင်တော့ ပြဿနာ တက်မှာပဲ ”
ရီရီ က ပခုံး ကို တွန့်ပြီး လျှာလေးကို တစ်လစ် ထုတ်သည် ။ ကြောက်စရာကြီး ဟူသော သဘော ထင်ပါသည် ။
“ ပို က စတို ကိုင်ပြီး သူ က ပစ္စည်း ကိုင် လို့သာ မကေ သက်သာတာ နို့မို့ဆို ဘယ် ချောင်မလဲ ”
“ အဲဒီ လူ နာမည် ဘယ်သူ .. ”
“ မိုးယံစိုး ”
“ မိုးယံစိုး .. ဟုတ်လား ”
မိုးယံစိုး သည် အင်မတန် သွက်လက် ဖျတ်လတ်ပြီး အကင်းပါးသူ ၊ အလိုက် သိတတ်သူ ၊ စကားပြော ကောင်းသူ .. ။ အင်္ဂလိပ် စကားပုံ အရ ဆိုလျှင်တော့ မိုးယံစိုး လို လူမျိုးကို “ ပေါင်မုန့် ကို ဘယ်ဘက် က ထောပတ် သုတ်ရမည် ဆိုတာ သိသောသူ ” ဟူသည် ။
မိုးယံစိုး သည် ကောင်တာ က မမကြီးတွေ ငိုင်ပြီး ပါးစပ်ကြီးတွေ ပြဲနေအောင် စကား ပြော ကောင်းသည် ။ အခုမှ အလုပ် စ ဝင်သော ကောင်မလေးတွေ က ခင်မင် လာအောင် ကူညီပေး တတ်သည် ။ ဘယ်ပစ္စည်း ကို ရွေးရမှန်း မသိသော ဈေးဝယ် သူ ကို အနား ကပ်ပြီး ပစ္စည်းများ အကြောင်း ရှင်းပြ တတ်သည် ။
ဆီးချိုသမားတွေ အတွက် အဆီ ထုတ်ထားသော နို့ ၊ ကလေးငယ်လေးတွေ အတွက် သံဓာတ် များများ ပါသော နို့ ၊ အရုပ် ဝယ်ချင်သည့် ကလေးတွေ အတွက် ပါဝါရိန်းဂျား နှင့် အန်ထွာမင်း .. စသည့် ပစ္စည်းပေါင်း များစွာ ကို သူ မသိတာ မရှိ ။ ဖြစ်နိုင်လျှင် သူ က အောက်ခံ ဘော်လီ ကို ပင် ဘယ်တံဆိပ် က ပို ကောင်းကြောင်း ပြောပြချင်နေသေး သူ ဖြစ်သည် ။
ထို့ကြောင့် မိုးယံစိုး ကို “ သင်္ကေတ ” စူပါမားကတ်ကြီး အတွက် ဂျိုကာ တစ်ကောင် ဟု အားလုံးက သဘောတူ ခေါ်ဆို ထားကြသည် ။ မိုးယံစိုး ၏ ဘဝပေး ကုသိုလ် က လည်း ရုပ်ရည် နှင့် ပတ်သက်၍ ဖြောင့်သည် ဟု ပြော၍ ရသည် ။ နှုတ်ခမ်းပါးပါး က ရယ် လိုက်လျှင် ပါးချိုင့်ခွက်ခွက် က ညာဘက် ပါး ပေါ် တွင် အထင်း သား ရှိသည် ။ နှာတံ ပေါ်ပေါ် မျက်ဝန်း က ကြည်လင် နေပြီး စူးရှသည် ။ မျက်ခုံးမွေး က အထူကြီး မဟုတ် သော်လည်း စိမ်းမြ နက်မှောင်ကာ နေသည် ။ ကိုယ်လုံး ကိုယ်ပေါက် ရှိပြီး ဒိုက်ထိုး ၊ အလေးမ နည်းနည်း လိုက်စားဖူး ၊ ဂျင်းဘောင်းဘီတွေ ဘာတွေ ဝတ်သည့် အခါ တွင် ကြည့် လို့ ကောင်းသည် ။
ဝန်ထမ်းဝတ်စုံ ဖြစ်သော စတိုင်ပန် အနက်ရောင် ၊ အပြာရောင် နက် ( ခ ) တိုင် နှင့် ရှုးဖိနပ် တို့ မှာ မိုးယံစိုး ဝတ် လိုက်လျှင် ပို ၊ ကြည့်ကောင်း သွား တတ်သည် ။ မိုးယံ ရောက်လာ လျှင် Roll တစ်ခုလုံး ကို နှုတ်ဆက်ရင်း စ သွား တတ်သည် ။ သူ့ အစ ကို ခံ လိုက်ရသော ကောင်မလေးတွေ က လည်း ပျော်ကြသည် ။ မိုးယံစိုး က နည်းနည်းပါးပါး စကား စ လျှင် ပါ လာမည့် အပျိုကြီး သုံးလေးယောက် နှင့် ရွယ်တူ နှစ်ယောက် သုံးယောက် လောက် ရှိသည် ။ သို့သော် မိုးယံစိုး က သူတို့ ကို သူငယ်ချင်း လို ၊ နှမ လို သာ ပေါင်း လေသည် ။ သူတို့ လို Plaza လုပ် ကောင်မလေးတွေ နှင့် ရည်းစား ဖြစ်ပြီး မတော်တဆ ယူ လိုက်ရလျှင် သွားပြီ ။
မိုးယံစိုး တို့ မိသားစု သည် ကျယ်ဝန်းသော ခြံကြီး ထဲ တွင် နှစ်ထပ်တိုက် နှင့် နေကြသည် ။ သို့သော် နှစ်ထပ်တိုက် က ပေါင် ထားသော နှစ်ထပ်တိုက် ဖြစ်မှန်း ကို တော့ ဘယ်သူ မှ မသိ ။ မိုးယံစိုး တို့ မောင်နှမ လေးဦး ရှိသည် ။ သူ က နို့ညှာ ဖြစ်ပြီး သူ့ အောက် မှာ အငယ်ဆုံး နန္ဒာစိုး တစ်ယောက် ရှိသည် ။ အစ်မကြီး နှစ်ယောက် စလုံး က သူ တို့ အခြေနေ ယိမ်းယိုင် နေပြီ ဆိုတာ ကို သူတို့ ကိုယ်တိုင် လက် မခံသေးသော အထည်ကြီးပျက်များ ဖြစ်သည် ။
မိုးယံစိုး တို့ မှာ ကြီးကြီးပိုင်း က လူတွေ နှင့် ဒွေးရော ယှက်တင် နေ တတ်သည် ။ ပါတီ ၊ဧည့်ခံပွဲ ၊ မွေးနေ့ ၊ ပျော်ပွဲစား .. အဲဒီ နေရာတွေ မှာ သာယာပြီ ပိုင်ပြီ ထင်သော ငတိ နှစ်ကောင် ကို အပိုင် ရွေး ယူခဲ့ကြ သော်လည်း ယူပြီး လေးငါးနှစ် ကြာမှ အိမ်ဆိုင် ပိုင်ရှင် တစ်ယောက်မျှ လောက်ပင် ငွေကြေးကိစ္စ ကို စိတ်မချသူတွေ ဖြစ်သည် ။ တစ်ခါတစ်ရံ ပွပေါက် တိုးသော အချီများ လည်း ရှိပါသည် ။ အဲဒီလို ကျတော့လည်း မိသားစုတွေ တက်ညီလက်ညီ သုံးဖြုန်း ကြသည် ။
မိုးယံစိုး အမေ နှင့် အစ်မတွေ က နှစ်လုံး ထိုးခြင်း နှင့် ရှမ်းကိုးမီး ဖဲရိုက် ငြိ နေ ကြသည် ။ ဒုတိယ အစ်မ ၏ ယောက်ျား က မိုးလင်းတာ နှင့် စ ကစ်တတ်သည် ။ သို့သော် ဆူဆူပူပူ တော့ မရှိ ။ သူ့ လစ်မစ် ရောက်လျှင် အိပ်သွား တတ်သည် ။ ဖခင် ဆုံးပြီး နောက် ယိမ်းယိုင် သွားသော စီးပွားရေး ကို ပြန် မတ်အောင် မလုပ်ပဲ ထင်သလို ပျော်ပါးကြ သဖြင့် မိုးယံစိုး တို့ အိမ်ကြီး သည် ခရုခွံ နှင့် တူ နေသည် ။
“ မိုးယံ .. ငါတို့ မိသားစု မှာ နင် က ရုပ် အဖြောင့်ဆုံးပဲ ၊ စကား လည်း အတတ်ဆုံးပဲ ၊ ဒီတော့ နင့် မှာ အားကိုးစရာ ဒါပဲ ရှိတယ် ၊ ချောတာ မချောတာ ထက် ထောတာ မထောတာ ကို နင် ရှာ ရမှာ ၊ ငါတို့ ကို ကြည့်စမ်း ၊ အယူ မှား တော့ ကု,လားမယား လိုတောင် သော့ မကိုင်နိုင်ဘူး ၊ ထော လည်း ထော ချော လည်း ချော ဆိုရင်တော့ ပို ကောင်းတာပေါ့ ဟာ ” ဟူသော သူ့ အစ်မ နှစ်ယောက် ၏ ဆုံးမ စကား မှာ မိုးယံစိုး နှလုံးသား ထဲ တွင် မြှား တစ်စင်း လို စွဲငြိ ၍ နေသည် ။
သို့သော် လူငယ်များ သဘာဝ သမီးရည်းစား တော့ ထားခဲ့ဖူး ပါသည် ။ ရည်းစားဦး ဆိုကြပါစို့ ။ ကောင်မလေး က ခပ်မိုက်မိုက်ကလေး ၊ သူ့ ကို လည်း တော်တော် ချစ် ရှာ ပါသည် ။ သူ့ ကို ဂျင်းဘောင်းဘီ နှင့် တီရှပ်တွေ ဘာတွေ ဝယ်ပေး တတ်သည် ။ နောက်မှ သိရသည် က သူမ က ငတိကြီး တစ်ယောက် ၏ လက်ထပ်စာချူပ် မရှိသော ဇနီး ၊ သူ အတန်တန် တောင်းပန်ပြီး ငတိကြီး ကို ဖြတ်ဖို့ ပြော သော်လည်း ကောင်မလေး က “ မင်း မသိပါဘူးကွာ ” ဟု သာ ပြော တတ်သည် ။ ပြတ်သွား ကြတော့ သူ တော်တော် ဆွေး လိုက် ရသေး၏ ။
နောက် သိပ်မကြာ မမကြီး တစ်ယောက် နှင့် ငြိ ပြန်သည် ။ ထို မမကြီး ကတော့ သူ့ ကို စည်းစံနစ်တွေ ဘာတွေ နှင့် နေစေ ချင်သည် ။ သူ ကိုယ်တိုင် က လည်း စည်းကမ်း ရှိသည် ။ မိုးယံစိုး က ပျော်ရာ မှာ သာ သူ့ နှလုံးသား ကို ထားချင်သူ ဆိုတော့ ခြောက်လ လောက် အကြာတွင် ပြတ်စဲကြ ပြန်သည် ။ ဒီတစ်ခါတော့ မိုးယံစိုး သိပ် မဆွေးတော့ ။ သမီးရည်းစား ပြတ်လျှင် ဘာလုပ်ရမည် ဆိုတာ ကို ပထမ အကြိမ် ကတည်း က သိပြီးပြီ ။
မိုးယံစိုး သည် အသောက်စား သိပ် မရှိသော်လည်း ပွဲ ကောင်း လျှင်တော့ သူဌေး သောက် သောက်တတ်သည် ။ အကင်း ပါးပြီး လူတွေ ခင်မင်လွယ်အောင် နေတတ်သည် ။ ရယ်စရာလေးတွေ ကို ပြောတတ် သဖြင့် မိုးယံစိုး ရှိသည့် နေရာတွင် ကောင်မလေး တွေ ရော ကောင်မကြီးတွေ ပါ ရယ် နေကြသော အသံ ကို ကြားရမြဲ ဖြစ်သည် ။
မိုးယံစိုး ဘယ်လောက် စကား ပြော ကောင်းလဲ ဆိုလျှင် ဟမ်ဘာဂါဆိုင် မှာ လူချင်း မသိကြပဲ အတူ ထိုင် ဖြစ်ကြသော မမကြီး တစ်ယောက် က ဟမ်ဘာဂါ အချဉ်ရေ ကို အဝ ပိတ် နေ သဖြင့် အား ထည့်ပြီး ဖိညှစ်ရာ မိုးယံစိုး အင်္ကျီလက်မောင်း ကို အချဉ်ရေ သုံးလေးစက် စင် သွားသည် မှ တောင်းပန်ရင်း စကား ပြော မိကြရာက ယခု “ သင်္ကေတ ” စူပါမားကတ်ကြီး ထဲ သို့ ရောက် လာခြင်း ဖြစ်သည် ။
မိုးယံစိုး သည် ဟမ်ဘာဂါ မမ ၏ လက်အောက် တွင် မပူမပင် မကြောင့်မကျ ၊ တစ်လ နှစ်သိန်း လစာ နှင့် အလုပ် လုပ်ရသည် ။ Market အတွင်း ရှိ ဝန်ထမ်းတွေ နှင့် တစ်ယောက် မှ အဆင် မပြေသော အပျိုကြီး ဟမ်ဘာဂါ မမ သည် မိုးယံစိုး ဆိုလျှင် ပြီးသည် ။ မိုးယံစိုး သည် မမကြီး ကို ညုသည် ။ ခရာသည် ။ စသည် ။ နောက်သည် ။ တစ်ခါတစ်ရံ သမီးရည်းစား ဆန်ဆန် ရန်ဖြစ် ကြပြီး သမီးရည်းစားတွေ လို စိတ်ကောက် လိုက် သေးသည် ။
ထို့ကြောင့် ကေသီတာ ဖြစ်သော ကိစ္စ မှာ ကေသီတာ က သာ တောင်ကြီးပြို သကဲ့သို့ ထင်မှတ် နေ သော်လည်း မိုးယံစိုး အတွက် က မူ ခဲလုံး နှင့် ခလုတ်တိုက် သလောက် သာ ရှိသည် ။ နောက် တစ်နေ့ တွင် ကေသီတာ ၊ ပိုပို နှင့် မိုးယံစိုး တို့ company သို့ စောစော လာပြီး ကက်ရှာ က အပ်သော စာရင်းငွေ နှင့် ပစ္စည်းတွေ ကို တိုက် သော အခါ အားကစားပစ္စည်း တစ်စုံစာ ဝယ် သွားသော ဘောင်ချာ ကို ကေသီတာ က ကောင်တာ မှား ပြီး စာရင်း သွင်း ထားကြောင်း သိရသဖြင့် အားလုံး ပျော်သွား ကြသည် ။
“ တော်ပါသေးရဲ့ .. အခုမှပဲ ရင် ထဲ က အလုံးကြီး ကျ သွား တော့တယ် ၊ ညတုန်း က ဘုရားရှိခိုးရင်း သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေ ကယ်ကြပါလို့ ဆုတောင်း လိုက်ရတာ အမောပဲ ၊ ကျေးဇူးနော် ပို နဲ့ ကိုမိုးယံစိုး ”
“ ရပါတယ် ၊ ကျွန်တော် က တော့ ည က အိပ်ပျော်တယ် ၊ ငွေ က ကိုယ့် လက်ထဲ မှာ ရှိနေပြီး ပစ္စည်း ပျောက်တာ ဆိုတာ ရှာရ အလွယ်ဆုံးပဲ ၊ အဲ .. ငွေ က လိုပြီး ပစ္စည်း က ကွက်တိ ဖြစ်နေရင် သာ စိတ်ပူ ရတာ ၊ ည က စိတ် မပူပဲ အိပ်တော့ အိမ်မက်တောင် မက်သေးတယ် ”
“ ဒါပေါ့ .. ကာယကံရှင် မဟုတ်တဲ့ သူ က ဘယ် စိတ်ပူပါ့မလဲ ”
“ မိုးယံ နင့် အိမ်မက် က ဘာလဲ ”
ထို စကား နှစ်ခွန်း ကို ကေသီ နှင့် ပို က တစ်ပြိုင်နက် တည်း ပြောမိခြင်း ဖြစ်ပါသည် ။ မိုးယံစိုး က ကေသီ့ စကား ကို အရင် ဖြေသည် ။
“ ကာယကံရှင် မဟုတ်လို့ စိတ် မပူတာ မဟုတ်ပါဘူး ၊ မကေသီတာ ရယ် .. ကျွန်တော့် လုပ်သက် ၊ ပြီးတော့ ကျွမ်းကျင်မှု နဲ့ တွေး လိုက်ရင် Base တွေ မှာ ရှာစရာ မလိုဘူး ဆိုတာ သိပြီး ပစ္စည်းတွေ ကို တွေ့မယ် လို့ သိထားလို့ စိတ် မပူတာ ၊ အဲဒီ နေ့ က အချိန် မရှိတော့လို့ ၊ နာရီဝက် လောက် သာ အချိန် ရရင် ချက်ချင်း တောင် ရှာလို့ ရတယ် ၊ နောက် ဝင်တဲ့ ကောင်မလေး က ကျွန်တော် နဲ့ တော်တော် ရင်းနှီးပါတယ် ၊ သူ့ ကို ပြောပြပြီး ရှာ လိုက်ရင် ရတာပေါ့ ၊ ဒါပေမယ့် နောင် ပိုက်ဆံ နဲ့ ပစ္စည်း လွှဲ တိုင်း မကေသီ ကို မသင်္ကာ ဖြစ်မှာ စိုးလို့ မလုပ် လိုက်တာ ၊ မကေသီ့ ကို တစ်ညလုံး အိပ်မရဘူး ဆိုတော့ ကျွန်တော် ညံ့သေးတာပဲ လို့ တွေးမိတယ် ၊ အဲဒါ စိတ် ထဲ က လာတဲ့ စကား ပါ ”
မိုးယံစိုး သည် စကားလေး တစ်ခွန်း ရ လျှင် ထို စကား ကို ဟုတ်သည် မဟုတ်သည် အပထား ၊ စကားတွေ အများကြီး ပွား ပစ် နိုင်သော စွမ်းရည် ရှိသူ ဖြစ်သည် ။ ပြီးတော့ မိုးယံစိုး စကား ပြောသည့် အခါ ပြောသည့် အသံ သည် ဘဝပေး ကုသိုလ် ကြောင့် လားတော့ မသိ ၊ တစ်ကယ့် ကို ရင် ထဲ က လာသော အသံ လိုလို တစ်ကယ်ပင် လှိုက်လှိုက်လှဲလှဲ ရှိလှသည် ။
အခုပင်လျှင် ကေသီတာသည် မိုးယံစိုး ၏ စကား ပြော ကျွမ်းကျင်မူ ထောင်ချောက် ထဲ သို့ ကျရောက် သွား၏ ။
“ အာ .. မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ကေ ဆိုလိုတာ က ကာယကံရှင် လောက် ဘယ်သူမှ စိတ် မပူနိုင်ဘူး ဆိုတဲ့ စကား က ကိုမိုးယံစိုး ပြော သလိုမျိုး မဟုတ်ပါဘူး ၊ စိတ်မဆိုးပါနဲ့ ”
ခေါင်း ခါရင်း ကေသီတာ သည် မိုးယံစိုး စကား ကို အတင်း ငြင်းသည် ။
“ စိတ်မဆိုးပါဘူး မကေသီတာ ရဲ့ ၊ ကျွန်တော် က ရင် ထဲ က ရှိတာ ပြောပြတာပါ ရပါတယ် ”
“ ဟဲ့ .. မိုးယံ ၊ နင် မက်တဲ့ အိမ်မက် က ဘာလဲလို့ မေး နေတယ်လေ ”
ငြိမ်းပို က လက်ထဲ တွင် ကိုင်ထားသော File ကြီး နှင့် လမ်းလျှောက် ရင်း မိုးယံစိုး ကို ရိုက်သည် ။ company ထဲ မှာ လမ်းလျှောက်ရင်း စကား ပြော ရ သဖြင့် ပထမဆုံး ရသော ချည်လုံးကလေး ကို ရပ် ပစ် လိုက်ပြီး နေရာ ပြောင်းဖို့ မိုးယံစိုး စီစဉ်သည် ။
“ သြော် .. အိမ်မက်လား .. အိမ်မက် ထဲ မှာ မကေသီတာ က ပျောက် နေတဲ့ပစ္စည်းတွေ ပြန် တွေ့တယ် တဲ့ ၊ အဲဒါ မကေသီတာ က ဝမ်းသာလွန်းလို့ ငါတို့ နှစ်ယောက် ကို လက်ဖက်ရည် နဲ့ ကော်ဖီ တိုက်တယ် တဲ့ .. ”
စကား ဆုံးတော့ သုံးယောက် သား ရယ် လိုက်ကြသည် ။
“ နင့် စကားတွေ က ရှေ့နောက် မညီဘူး ၊ ခုနက ပြောတော့ နင် အိပ်ပျော်တယ် ဆို .. မစိုးရိမ်ဘူး ဆို ”
“ အေးလေ .. စိုးရိမ် နေရင် အိမ်မက် မမက်ဘူးလေ ဟာ ၊ အိပ် လို့ မှ မရတာ ၊ အိပ်မက် မက်တယ် ဆိုတာ စိုးရိမ်လို့ မဟုတ်ပါဘူး ၊ စွဲလန်းလို့ မနေ့က ရုံး ဆင်းခါနီး ဖြစ်တဲ့ အဖြစ် ကို ငါ စွဲလန်း သွားလို့ နေမှာ ပေါ့ ”
မိုးယံစိုး စကား ဆုံးသည် နှင့် ခေါင်းငုံ့ လမ်းလျှောက် နေသော ကေသီတာ သည် မိုးယံ ကို ဖျပ်ကနဲ မော့ ကြည့် လိုက်တော့ သူ့ ကို ငဲ့ကြည့် နေသော မိုးယံစိုး မျက်ဝန်းတွေ နှင့် ဆုံသည့် အခါ ရင် ထဲ လှပ်ကနဲ ဖြစ်သွားရ သဖြင့် ကေသီတာ ကမန်းကတမ်း ခေါင်း ကို ပြန် ငုံ့ လိုက်ရလေသည် ။
ယမန်နေ့ ည က ဖူး နေသော ပန်းဖူးကလေး တစ်ခု ကေသီတာ တို့ ခြံ ထဲ မှာ ပွင့် နေသည် ။ မနေ့ က ပိုးမျှင်အိမ် ထဲမှာ အိပ် နေသော ပိုးတုံးလုံးကလေး တစ်ကောင် သူ့ အိမ်လေး ကို ဖောက်ခွဲ ကာ လိပ်ပြာလေး တစ်ကောင် အဖြစ် အပြင် လောက သို့ ရောက် လာသည် ။ နဂျယ်အိမ် သည် အပေါက်ကလေးများ ဖြစ် သွားပြီး နဂျယ်ကောင်လေးများ ဖြစ်သွား ကြသည် ။
◾ နီကိုရဲ
◾ မွေးစားသမီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment