Saturday, May 27, 2023

ကပ္ပိယ ( ၉ )


 

( ၉ )

စံလှဘော် က ကျောင်းရှေ့ ဇရပ်ရိပ် မှာ အင်္ကျီစုတ် တွေ ၊ ပုဆိုးစုတ် တွေ ဖြန့် ပြီး အပ်ချည်လုံး တစ်လုံး အပ် တစ်ချောင်း နဲ့ အပြဲ ရှိ သမျှ ထိုင် ချုပ် နေတယ် ။ ချုပ်ပြီးသားတွေ ကို ဖြန့် ကြည့် ၊ အပြဲတွေ့  တော့ ချုပ် ၊ သည်မနက်က ပဲ ရွာ ထဲ ထွက် လည်ပြီး ကောက်ဆွ အတွက် ပုဆိုး ဟောင်း ၊ ဘောင်းဘီ ဟောင်း ၊ စွပ်ကျယ် ဟောင်း ရသမျှ လိုက် တောင်း လိုက်တာ တစ်ပွေ့ကြီး ရ လာခဲ့တယ် ။ တချို့ အင်္ကျီ က ကောက်ဆွ အတွက် အနေတော် ဆိုပေမယ့် ပွပွချောင်ချောင်ကြီး တွေ လည်း ပါ လေရဲ့ ။ ရောက်ရောက်ချင်း ကောက်ဆွ ကို ခေါ်ပြီး ဝတ်ကြည့် ခိုင်းတယ် ။ တော် တာ က တော် ၊ ကြီး တာ က ကြီး ၊ ဝတ် ရ ဖို့ သာ လိုရင်း ဆိုတော့ စံလှဘော် က တော့ ဝမ်းသာပါ့ ။ ကောက်ဆွ ရောက် လာတာ အဝတ် တစ်ထည် ကိုယ် တစ်ခု နဲ့ ဆိုတော့ သည်လို မှ လိုက် မတောင်းရင် လဲ စရာ ဖယ်စရာ မရှိဘူး ကိုး ။ အဝတ် ရယ် လို့ လည်း ကောင်းကောင်း ချုပ်တတ် တာ မဟုတ်တော့ သီမိ သလောက်ပေါ့ ။

“ ဦးဘော်ကြီး … ဘယ်က အစုတ်တွေ ချုပ် နေသာတုန်း တော့် ၊ မိန်းမကြီး ကျ လို့ ”

ကျော ကို ဖျန်းခနဲ ပုတ် လိုက် လို့ လန့် သွားတဲ့ စံလှဘော် က မော့ ကြည့် လိုက်တော့ မြချစ် ။ ဝမ်းလည်း သာ သွားတယ် ။ သည် ကလေး ကိစ္စ မှာ မြချစ် ကို ပါ အကူအညီ တောင်း ရ မှာ ဆိုတော့ မြချစ် ရောက် လာတာ အခန့် သင့်ပြီ ။

“ လန့်လိုက်သာ ဟာ ၊ ငါ့ ဖို့ မဟုတ်ပါဘူး ဟာ ၊ ကောက်ဆွ အတွက် ပါ ။ သည် ကောင် က ပုဆိုး အနား တစ်တောင် လောက် အပြဲ နဲ့ ရောက် လာတဲ့ ကောင် ဆိုတော့ မနက် က ရွာ ထဲ အဝတ်ဟောင်း လျှောက် တောင်း ရသေးသာ ”

“ ကောက်ဆွ … ၊ ကောက်ဆွ ဆိုသာ ဘယ်သူတုန်း ဦးဘော် ရဲ့ ။ ပုဆိုး အင်္ကျီ လဲ စရာ မရှိရ လောက်အောင်ပဲလား ”

“ ရော် ... မြချစ် နှယ် ၊ ငါ ဆယ်နှစ်သား သည် ရွာ ရောက် လာတော့ ကော ဘာ ထူး လို့တုန်း ။ ဝတ် လာတဲ့ တစ်စုံ ပဲ ဟာ ၊ ဆရာတော် က ရွာ ထဲ အလှူခံပေး လို့ ဝတ်ခဲ့ရသာ ဟ ၊ အခု ကောက်ဆွ ကျ တော့ ဆရာတော် က ငဘော် မင်း စောင့်ရှောက် ဆို လို့ ”

ကောက်ဆွ ရောက်လာပုံ ကို ပြော ပြတော့ မြချစ် က မျက်လုံးပြူးကလေး နဲ့ နားထောင် တယ် ။ သနား သွားပုံ လည်း ပေါ်ရဲ့ ။ ကောက်ဆွ ကို တွေ့ ရအောင် ဆိုပြီး အော် ခေါ်တော့ ကောက်ဆွ က အိုးမည်း ပေတူး နဲ့ ရောက် လာတယ် ။ သည်ကောင် မီးဖိုထဲ ရေနွေးအိုး မီးထိုး ခိုင်း ထား ခဲ့ တာကိုး ။ ကောက်ဆွ က မြချစ် ကို ပြူးတူးပြဲတဲ ကြည့်တယ် ။

“ ဘာတုန်း ”

“ ဟေ့ကောင် ဘာတုန်းလို့ မပြောရဘူး ၊ ဒါ မြချစ် တဲ့ ၊ ဆရာတော့် တူမ ၊ မင်း က မမ လို့ ခေါ်  ၊ မြချစ် က မင်း ကို စာ သင် ပေးလိမ့်မယ် ။ ငါ က စာ သာ ဖတ်တတ်သာ မသင်တတ်ဘူး ။ မင်း စာ သင်မယ် မဟုတ်လား ”

“ မသင်ချင်ဘူး ”

“ ကောင်းကွာ ၊ သွားတော့ သွားတော့ ၊ ရေနွေးအိုး ဆူအောင် မီး ထိုးချေ ”

မြချစ် က တော့ ရယ်နေတာပါ ။ ကောက်ဆွ က စကား မပြောတတ်တာ ၊ စရိုက် ဆိုး ချင်တာတွေ ကောက်ဆွ မရှိတော့ မှ ပြောပြ ရတယ် ။ ကျောင်း မှာ တခြား ကလေးတွေ ရှိ နေပါလျက် နဲ့ ကောက်ဆွ ကျ တော့ မှ ကပ္ပိယကြီး က အကဲ ပို နေတာ ကို မြချစ် က နားလည် ပုံ ပေါ်ပါတယ် ။ ကပ္ပိယကြီး နဲ့ သည် ကလေး နဲ့ ဘဝ ချင်း တူ နေ လေတော့ ကိုယ်ချင်းစာ တာ ရော ၊ သနားတာရော ၊ ပါ မှာပေါ့လေ လို့ လည်း တွေးတယ် ။ တခြား ကလေးတွေ က မိ နဲ့ ဖ နဲ့ ၊ ဆွေ နဲ့ မျိုး နဲ့ ရှိကြ သလို အတန်းကျောင်း မှာ စာ လိုက်ကြပြီး သား ။ ဆရာတော့် ကျောင်း မှာ လောကုတ္တရာ စာပေကလေး သင်အံ လေ့ကျက် ဖို့ အပ်နှံကြ တာ ကိုး ။ ကောက်ဆွ စာ မဖတ်တတ်ဖူး ဆိုတော့ ကပ္ပိယကြီး ကို ဘဘုန်း က စာ သင်ဖို့ တာဝန် ပေးတာ နေမှာပေါ့ ။ ဒါကို မသင် တတ်တော့ မြချစ် ကို တစ်ဆင့် အကူအညီ တောင်း တာ ဖြစ်လိမ့်မယ် ။ မြချစ် က လည်း သင် ပေးပါ့မယ် ပြော လိုက်တယ် ။ အားတဲ့ အချိန် ကျောင်း ဘက် လျှောက်လာ ခဲ့မယ် ၊ အားတုန်း သင် သင်သွား ရင် ဖြစ်လောက်မှာ ပါ လို့ ကတိ ပေး လိုက်တယ် ။

“ အေးပါ ငါ့ နှမ ရာ ၊ ဦးဘော် က သနားလို့ ပါ ။ လိမ္မာရေးခြား ရှိ အောင်တော့ တော်တော် လုပ် ယူရမှာပဲ ။ တစ်ည က ဒီကောင် ည အိပ်ရင်း ယောင်သာ အဖေ တဲ့ ၊ မအေ တော့ နောက် အိမ်ထောင် ပြုလို့ စိတ် ခု ပုံ ရသယ် ။ အမေ လို့ မယောင်ဘူး ”

“ အော် … ၊ သူ့ ရင်ထဲ စွဲ နေသာကို ယောင်သာ နေမှာပေါ့ ”

“ အေး .. အဖေ လို့ ယောင် လိုက်တော့ ငါ့ ကို ခေါ်လိုက် သလိုပါ ပဲ မြချစ် ရာ ၊ ငါ တောင် ဟေ လို့ ထူး လိုက် သေးသယ် ။ သည် ကောင့် ကို အဖေ လို့ ခေါ် ခိုင်းရမယ် ”

“ ဒါဆို အမေ ပါ ရှာတော့ ၊ အဖေ ရော အမေ ပါ ခေါ်ရ အောင်လို့ လေ ”

“ အေးဟ မြချစ် ၊ နင် ပြောတာ မဆိုးဘူး ။ ဟေး ဟေး ”

မြချစ် က စံလှဘော် အဝတ် ချုပ် နေတာ ကို အချိုး မကျ တော့ ပေးစမ်းပါ ဦးဘော်ရယ် ဆိုပြီး ထိုင် ချုပ် ပေး နေလေရဲ့ ။ ကလေးအင်္ကျီ တစ်ထည် ကြယ်သီး သုံးလုံး လို နေတော့ မြချစ် က သူ အိမ် ပြန် ယူ လိုက်ဦးမယ် ဆိုပြီး ထ ဖို့ ပြင်တယ် ။ စံလှဘော် က မြချစ် ကို အထ မခံဘူး ။ သူ့ အင်္ကျီ ကို ငုံ့ ကြည့် ပြီး ကြယ်သီး သုံးလုံး ဗြုတ်ဖြုတ် နဲ့ ဖြုတ် ပေးရော ။ စံလှဘော် ဝတ် ထားတဲ့ အင်္ကျီ က လည်း ကြယ်သီး သုံးလုံး ပဲ ပါတာ ဆိုတော့ အင်္ကျီ က ဟပြဲ ပေါ့ ။

“ ငါ က ဟပြဲ လည်း ဖြစ်ပါသဟာ ၊ ကောင်လေး ပြည့်စုံသချင်လို့ပါ ”

မြချစ် က စံလှဘော် ကို ကြည့် ပြီး သနား သွားတယ် ။ သည်ကလေး ကို ဦးဘော် တော်တော် သံယောဇဉ် ကြီးတယ်နော် ဆိုတော့ ကျောင်း မှာ လာ နေကြတဲ့ ကလေးတွေ ဆင်းရဲကြတယ် ဆိုပေမယ့် အဲသလောက် မဆိုးဘူးဟ တဲ့ ။ အချိန်တန် ဆွေရိပ်မျိုးရိပ် မိရိပ်ဖရပ် ပြန် ခိုကြလို့ ဖြစ်သေးတယ် တဲ့ ။ မြချစ် အဝတ် ချုပ် နေတာကို စံလှဘော် က ခိုးခိုးကြည့်တယ် ။ မရိုးမသား စိတ် နဲ့ မဟုတ်ပါဘူး ။ ရှင်းသန့်ဖြူစင် တဲ့ စိတ် မနောကလေး က မျက်နှာ မှာ ပေါ် လေတော့ မြချစ် က ချစ်စရာ ကောင်း နေတယ် ။ စံလှဘော် ခိုး ကြည့်တာကို မြချစ် သိတော့ မျက်စောင်း ထိုး လေ ရဲ့ ။ သည်မှာတင် ကျောင်းခါးပန်း မှာ တစ်ရက် က ရေး ထားတဲ့ စာကို မြချစ် သတိရ သွားတယ် ။ မေးမယ် ၊ မေးမယ် နဲ့ မမေးရသေးဘူး ။

“ အမယ် ပြောရဦးမယ် ၊ ဟို တစ်ရက် က ကျောင်းခါးပန်း မှာ ရေးထားသာ ဦးဘော် မဟုတ်လား ။ ပဲပွဲစား ငရဲ ၊ ကပ္ပိယ နိဗ္ဗာန် ဆိုတာလေ ၊ ဖတ်ပြီး မျက်နှာ ပူ လိုက် ရသာလေ ။ ကိုယ့် ရွာ လာတဲ့ ဧည့်သည် ကို အဲသလို ရေးရသလား ဦးဘော် ရဲ့ ”

“ မြချစ် ဧည့်သည် က လာလွန်းပါသဟာ ၊ ဧည့်သည် က နေ အိမ်ရှင် ဖြစ်မှာ စိုးလို့ ဦးဘော် ရေးသာဗျား ”

မြချစ် က ချုပ်လက်စ အပ် နဲ့ စံလှဘော် ပေါင် ကို ဇပ်ကနဲ ထိုး လိုက်တော့ အော် လိုက်တာများ ငယ်သံ ပါလို့ ။ ဆရာတော်ကြီး က တောင် ကျောင်း ပြတင်း က လှမ်း ကြည့်တယ် ။

“ ပေါက်ကရ ပြောဦး ၊ မြချစ် အပျို ပဲ ၊ ကြိုက်ချင် ကြိုက် မှာ ပေါ့ ။ ဘာဖြစ်တုန်း ”

“ မြို့သား တော့ မကြိုက်ချင်ပါနဲ့ ဟာ ၊ ကိုယ့် ရွာသူ ရွာသား အချင်းချင်း ပဲ ကောင်းပါသယ် ”

“ ဒါဆို ရွာ က သူဌေးသား မောင်အုန်း ကို ကြိုက်ရမယ် ပေါ့ ၊ အဲသလိုလား ”

“ ငအုန်း က ပို ဆိုးသေး ၊ နင့် ကို ပိုး နေတဲ့ လူ အကြောင်း နင် မသိသာများ အံ့ပါရဲ့ ”

စံလှဘော် က မြချစ် မျက်နှာ ကို ရွှန်းရွှန်းစားစား ကြည့်ပြီး ပြော လိုက်တော့ မြချစ် က ပေါင် ကို အပ် နဲ့ ထိုး ပြန်ရော ။ စံလှဘော် က အော် လိုက်တာ သီးပင် က သီးသီးမှည့်တွေ တောင် ပြုတ်ကျ ကုန်လေရဲ့ ။

◾ခင်ခင်ထူး

📖 ကပ်ပိယ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment