❝ မုန်တိုင်း ရဲ့ ကျောရိုး ❞
ယောက်ျား အများစု ဟာ သိပ် ရယ်စရာ ကောင်းတယ် လို့ ကျမ ပြောရင် ရှင် က
မျက်လုံးပြူးတွေ နဲ့ ကျမ ကို မကျေမနပ် ကြည့်ဦးမှာပါပဲ ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် လောက် က ဆိုရင်တော့ ကျမ ကို မကျေမနပ် နဲ့ ရှင့် ရဲ့ ကြီးကျယ် ခမ်းနားတဲ့ စကားလုံး ပြင်းတွေနဲ့ ကျမ ကို ပစ်ပေါက် မှာ ပေါ့ ။ ခုတော့ မကျေမနပ် နဲ့ ကြည့်ပြီး ရှင် အခန်း ထဲ က လှည့် ထွက်မယ် ။ တံခါး ကို အပြင်းထန်ဆုံး တွန်းပိတ်မယ် ။နောက်ဆုံး ကား ကို အရှိန် အမြင့်ဆုံး နဲ့ မောင်းပြီး ကျမ နဲ့ ဝေးရာ အရက်ဆိုင် တစ်ခု ခု ဒါမှမဟုတ် မိန်းမငယ် တစ်ယောက် ယောက် ဆီ ရှင် သွားမယ် .. ဒါပဲမဟုတ်လား .. ကိုအောင်ရဲ ။ နှစ်နှစ် ကျော် ပေါင်းခဲ့တဲ့ ယောက်ျား တစ်ယောက် အကြောင်း သူ့ မိန်းမ သိတာ မဆန်းပါဘူးနော် ။ ဒါပေမဲ့ ရှင် စိတ်မဆိုးပါ နဲ့ ကိုအောင်ရဲ ။ ရှင်တို့ ယောက်ျား အများစု ဟာ တကယ့် ကို ရယ်စရာ ကောင်းတာပါ ။
ကြည့်လေ ၊ ရှင် ဆို ကိုယ်တိုင် က ထက်မြက်မာကျောတဲ့ မိန်းမ ကိုသဘောကျတယ် ဆိုပြီး
ကျမ ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ် ။ ဟော ... ဒီကနေ့ ကျတော့ “ မင်း ဟာ မာန ကြီးလွန်း ၊ မာကျောလွန်းတယ် ထရီဇာ ၊ ကိုယ် ဟာ ယောက်ျား ၊ အိမ်ထောင်ဦးစီး ၊ ပြီးတော့ မင်း ရဲ့ ရှေ့ က ရပ်တည်ဖို့ အရည်အချင်း အပြည့် ရှိတယ် ။ နေရာတကာ ကိုယ့် ကို လွှမ်းမိုး တာ ကိုယ် မခံယူနိုင်ဘူး ထရီဇာ ” လို့ ပြောလာ ပြန်တယ် ။ ကျမ ကို ရှင် အဲဒီလို ပြောတိုင်း ကျမ စဉ်းစားတယ် ။ ကိုယ့် ကိုယ် ကို ပြန်ကြည့်တယ် ။ ကျမ က တော့ နဂို ‘ ထရီဇာဘဦး ’ ကနေ ‘ ထရီဇာအောင်ရဲ ’ ဖြစ် လာတာ သာ ရှိမယ် ။ ကျမ ရဲ့ စရိုက် ၊ ဗီဇ ၊ အမူအယာ ၊ အပြင်အဆင်တွေ က တော့ ဘယ်လိုမှမ ပြောင်းလဲခဲ့ဘူး ထင်တာပဲ ။ ထင်တယ် ဆိုတာ ထက် ယုံကြည်တယ် ။ထရီဇာ ဆိုတဲ့ မိန်းမ က နဂို ကတည်း က ထုံထိုင်း တဲ့ မိန်းမ မှမ ဟုတ်ဘဲ ကိုအောင်ရဲ ။ ရှင် နဲ့ ရင်ပေါင် တန်းပြီး နိုင်ငံတကာရေးရာတွေ ၊ နိုင်ငံတကာစာပေယဉ်ကျေးမှုတွေ ၊ ဆွေးနွေး နေ ခဲ့တဲ့ မိန်းမ လေ ။ ရှင် အင်မတန်မက်မော မြတ်နိုးတယ် ဆိုတဲ့ အရည်အချင်းတွေ ရှိပါတယ် ဆိုတဲ့ ရှင့် ရဲ့ မိန်းမပဲ ။ ပိုပြီး တိတိကျကျ ပြောရရင် ရည်းစားတွေ အများကြီး ထဲ က ရှင် ဆန်ကာတင် ရွေးခဲ့တဲ့ မိန်းမ ပဲ ။ ခုတော့ ရှင် မြတ်နိုးပါတယ် လို့ ပြော ခဲ့တဲ့ ထက်မြက် မာကျောမှု ကို ပဲ ရှင် က မကြိုက်ပြန်ဘူး တဲ့ ။ ရှင် က သာ စိတ် မူမမှန် ခဲ့ တာပဲ ။ ဖေါက်ပြန် ခဲ့ တာပဲ ကိုအောင်ရဲ ရယ် ။ ကဲ .. ရှင် ရယ်စရာ ကောင်း မနေဘူးလား ... ကိုအောင်ရဲ ။ ကျမ ကတော့ ကိုယ် က မှန်ပါ လျက် နဲ့ မှ ယောက်ျား က အပြစ် မြင်ရက်တယ် ဆိုပြီး ထိခိုက် ကြေကွဲနေမယ့် မိန်းမ မျိုး မဟုတ် လေတော့ ရယ်ချင်တာပဲ သိတာပေါ့ ကိုအောင်ရဲ ရယ် နော ... ။
••••• ••••• •••••
ကျမ ဟာ စကား တစ်ခွန်း ကို ဘယ်တော့မှ လက်လွတ်စပယ် မပြောတတ်ဘူးလေ
ကိုအောင်ရဲ ။ ပြီးတော့ ကျမ စကား ကို သူများ လက်ခံအောင် အမြဲတမ်း အချက်အလက်ပိုင် မှ ပြောတတ်တယ် မဟုတ်လား ။ ( ကျမ သတိရ သေးတယ် ၊ အဲဒီလို ကျမ စကား ပြော ကျွမ်းကျင်တာ ကို လည်း ရှင် သဘောကျတယ် လို့ ဆိုခဲ့တာ ကိုး ) ။ ကျမ ရင် ထဲ မှာ လေ ရှင့် ကို ပြောချင်တဲ့ စကားတွေ အများကြီးပဲ ကိုအောင်ရဲ ရယ် ။ ခုလို စကား မှ ဟဟ မပြောကြ တော့ တဲ့ အခြေအနေ ကြာ လာလေ ပို ပြောချင် လာလေပဲ ။ မပြောရ တော့ လည်း အဲဒီ နာကျင် စကားလုံးတွေ က ကျမ ရင် ထဲ မှာ ပေါက်ကွဲ နေပြန်ရော ။
ကိုဝေလင်း ကို ရှင် မှတ်မိတယ် မဟုတ် လား ကိုအောင်ရဲ ။ ရှင် နဲ့ ကျမ အိမ်ထောင်သက်
တစ်နှစ် ကျော် ကာလ ၊ တိတိကျကျ ပြော ရရင် ရှင် နဲ့ ကျမ ရဲ့ပဋိပက္ခ ဘဝ စ နေပြီ ဖြစ်တဲ့
အချိန် မှာ ( ရှင့် ကို ရွဲ့ ပြီး ) ကျမ ပထမဦးဆုံး တွဲ ခဲ့တဲ့ အမျိုးသားလေ ။ ရှင် ကျမ ကို ကမ်းလှမ်း မလာခင် ကတည်း က သူ က ကျမ ကို ပရိုပို့စ် လုပ်ဖူးခဲ့တာ ။ နောက် ကျ မှ ပြန်တွေ့ ၊ တွဲဖြစ် ခဲ့ကြတာ ။ ကျမ က သိပ် လှတယ် လို့ ကျော်ကြားတယ် မဟုတ်လား ။ သူ က အလှ ကိုးကွယ် သူ လေ ။ ဆိုပါတော့ ... သူ က ကျမ ကို ချစ်နေတုန်းပါပဲ လို့ ပြောလာတော့ ကျမ က လည်း ရှင် နဲ့ အဆင်မပြေ လို့ စိတ်ရှုပ် နေတဲ့ အချိန် ။ကိုဝေလင်း နဲ့ ကျမ မွေးနေ့ပွဲတွေ ၊ ဧည့်ခံပွဲတွေ ၊ ရုပ်ရှင်တွေ ၊ ပစ်ကနစ်တွေ မှာ တွဲဖြစ် ခဲ့တယ် ။ တွဲ လာခဲ့ပြီး သုံးလ မပြည့် တပြည့် မှာ ရှင့် ကို ကွာရှင်းပြီး သူ့ ကို လက်ထပ်ဖို့ တောင်းဆို လာတယ် ။ ကျမ စဉ်းစားမယ် လို့ ပြန် ပြော ဖြစ်ခဲ့တယ် ။ အဲဒီ နောက်ပိုင်း သူ ကျမ အပေါ် နည်းနည်း ပိုင်စိုး ပိုင်နင်း ဆန် လာတယ် ။ ( ရှင်တို့ ယောက်ျား အများစု ရဲ့ ထုံးစံအတိုင်းပေါ့ ကိုအောင်ရဲ ) ။ ကျမ ဟာ ထူးပြီး ယိုယွင်း လျော့ရဲ စရာ မရှိတော့တဲ့ မိန်းမ ပဲ လို့ သူ ယူဆပြီး ကျမ ခန္ဓာ ကို ထိပါးဖို့ ကြိုးစား လာတယ် ။ ဒီတုန်းက ကျမ တော်တော် ရှက်သွားတယ် ။ ပြီးတော့ ရှင့် ကို သတိရ နေခဲ့တယ် ။ ကျမ အပြင်းအထန် ငြင်း ပစ် လိုက်တယ် ။ သူ လည်း ရှက် သွားပုံ ရတယ် ။
နောက်ပိုင်း ကျ တော့ ကျမ အလှ ပြင်တာကို သူ မကြိုက်ဘူး ။ ယောက်ျားတွေ နဲ့
စကား မပြော စေ ချင်ဘူး ဆိုတာတွေ ဖြစ်လာတဲ့ အချိန် မှာ တော့ ကျမ ရယ်ချင်စ ပြု လာခဲ့တယ် ။ နောက်ဆုံး “ ထရီဇာ့ ကို ဘယ်သူ ကြည့်တာမှ မကြိုက်ဘူးကွယ် ” လို့
တတွတ်တွတ် ( နားငြီး လောက်အောင် ) ပြောလာတဲ့ အခါလည်း ကျ ရော ... ကျမ သိပ် ရယ်ချင်သွားရော ။ ကြည့်ပါဦး ကိုအောင်ရဲ ရယ် ၊ သူ တောင် အပျို ဘဝ မှာ ရော ၊ အိမ်ထောင်သည် ဘဝ မှာ ပါ မက်မောခဲ့ပါတယ် ဆိုတဲ့ ကျမ ရဲ့အလှအပ ကို သူ ပဲ
ဖျက်လို ဖျက်ဆီး လုပ် လာတယ် ။ ကျမ မွမ်းမံ ထိန်းသိမ်းခဲ့ လို့ ပဲ သူ အပါအဝင် လူ အတော်များများ ကို လွှမ်းမိုးလွန်း တဲ့ သိပ် လှတဲ့ မိန်းမ လို့ နာမည် ကျော် ခဲ့တာပဲ ဟာ ။ နာမည်ရင်း အေးအေးဦး ထက် သီချင်း ဆိုတဲ့ ၊ ကဗျာ ရေး တဲ့ ( ငယ်နာမည် လည်း ဖြစ်တဲ့ ) ထရီဇာ ဆိုတဲ့ နာမည် က သာ ပိုပြီး ထင်ရှားခဲ့ တာရော ... ကျမ ကိုယ် ကျမ
အရောင် တင် နိုင်လွန်းလို့ ပဲ မဟုတ်လား ။ ကျမ ကိုယ် ကျမ ဘယ်လောက် မြတ်နိုးတယ် ဆိုတာ ကျမ အသိဆုံး ပဲ လေ ။ အဲဒီမှာ တင် ကျမ ကိုဝေလင်း ကို ပြတ်ပြတ်သားသား ခွဲခွာ ဖြစ်ခဲ့တယ် ။ ကျမ ထင် ပါတယ် ၊ အဲဒီတုန်းက ရှင် က သာ ယမင်း နဲ့ တွဲ မနေခဲ့ ရင် ကျမ လည်း ကိုဝေလင်း နဲ့ပ တ်သက်ဖြစ် မှာ မဟုတ်ဘူး လို့ ။
••••• ••••• •••••
ထရီဇာ ဆိုတဲ့ နာမည် ဟာ တက္ကသိုလ် ဝန်းကျင် မှာ သိပ် လွှမ်းမိုးဖူးခဲ့တယ် နော် ။ ကျောင်းသူ ဘဝ မှာ အလှဘုရင်မ လို့ ကျော်ကြားခဲ့တဲ့ ကျမ ဟာ လှတယ် ၊ ထက်တယ် ၊ ချမ်းသာတယ် ဆိုပြီး လူ စိတ်ဝင်စားတာ ကို ခံယူရ ရုံ နဲ့ အားမရ ၊ မကျေနပ် နိုင် လေတော့
ဖိုင်နယ်ရီးယား မှာ စာ အပြင်းအထန် ကျက်ပြီး ဂုဏ်ထူးတန်း တက်ခွင့် ရအောင် ရယူ နိုင် ခဲ့တယ် ။ ပြီး ကျ တော့ ကျူတာ ဝင် ဖြေပြီး အောင်ခဲ့ ပြန်ရော ။
ဆရာမ ဘဝ မှာ လည်း ထရီဇာ က နာမည် ကျော် ပြန်တာပေါ့ ။ တက္ကသိုလ် ရဲ့ ကဗျာ လောက ထဲ မှာ လည်း ထရီဇာ ဟာ မှတ်တိုင်လေး တစ်ခု ဖြစ်နိုင်ခဲ့တာပဲ ။ ကဗျာ လောက ထဲ မှာ ကဗျာသမား ပုံစံ နဲ့ နည်းနည်းလေး မှ မတူတဲ့ ကျမ ဟာ ထူးခြား နေ ခဲ့တယ် ။ ရှိတဲ့ မိန်းကလေး ကဗျာသည် တွေ က လည်း ဆံပင်ရှည်ကြီး တွေ နဲ့ ၊ သနပ်ခါး မလိမ်း ၊ နှုတ်ခမ်းပါးနီ မဆိုး ၊ ရှပ်အင်္ကျီ ခပ်နွမ်းနွမ်းတွေ နဲ့ ။ အဲဒီ အထဲမှာ ကျမ ထင်ပေါ် ခဲ့တာ မဆန်းပါဘူး ။ ဒါပေမဲ့ ဒါကိုပဲ ထူးဆန်း သလို လူတွေက ကြည့် ကြတယ် ။ တကယ် ထူးဆန်းတာ က ဒီလောက် အလှအပ ကြိုက်ပြီး ချမ်းသာတဲ့ ထရီဇာ ဆိုတဲ့ မိန်းမ ရဲ့ အသည်းနှလုံး နဲ့ ဦးနှောက် ထဲ မှာ ယောက်ျားတွေ နဲ့ ရင်ဘောင်တန်း နိုင်တဲ့ ကဗျာဗီဇတွေ ရှိ နေတာ ။ ပြီး ရှင်တို့ အဆိုအရ အင်မတန် ထက်မြက်မာကျော တဲ့ ၊ သွက်လက်တောက်ပ တဲ့
ထရီဇာ မှာ အင်မတန် သိမ်မွေ့ နက်ရှိုင်း တဲ့ အနုသန္ဓေ တွေ ရှိ နေတာ က မှ ထူးခြား သင့်တယ် လို့ ကျမ ထင်တယ် ။ ပြီးတော့ ကျမ က အဲလိုပဲ ဖြစ်စေချင်တယ် ။ အဲသလို ထူးထူးခြားခြား မိန်းမ တစ်ယောက် ဖြစ်အောင် ကျမ က ကိုယ့် ကိုယ် ကို ပုံသွင်း မွေးမြူ ခဲ့ တာကြောင့် လည်း ကျမ ရဲ့အရည်အချင်းတွေ ကို ဘယ်အရာ နဲ့ မှ မလဲနိုင်အောင် ( ရှင် နဲ့ တောင် မလဲနိုင်အောင် ) ကျမ မြတ်နိုး တွယ်ဖက်ထားတာပေါ့ ... ကိုအောင်ရဲ ရယ် ။
••••• ••••• •••••
ရှင် နဲ့ မိန်းမ တစ်ယောက် တွဲ နေတယ်လို့ သတင်း ထွက်လာပြန်တယ် ။ ထွေးထွေး ... တဲ့ ။ ဟိုး အရင် ကတည်း က ရှိ ခဲ့တဲ့ ရှင့် သတင်းမျိုး မို့ ကျမ သိပ်တော့ မစိုးရိမ်ခဲ့ဘူး ။ အဲဒီ တလောမှာ လက်ကမ်းကဗျာစာအုပ် တအုပ် ထုတ်ဖို့ ပြင်နေရတဲ့ ကိစ္စတွေ ထဲ မှာ နစ် နေခဲ့တယ် ။ ကိုယ်တိုင် ကားမောင်း ကျောင်းတက် နိုင်တဲ့ ကျမ ဟာ တစ်ကျပ် ပြည့် အောင် အရင်း မရှိတဲ့ လက်ကမ်းကဗျာ တစ်ရွက် ကို အင်မတန် မြတ်နိုးတာ ကို တော့ ရှင် ခုထိ သဘော ကျ ဦးမယ် ထင် တာပဲ ကိုအောင်ရဲ ။ ဘာလို့ဆို ဒီလို မြတ်နိုးတတ် လို့ လည်း ဘယ် ယောက်ျား ကို မှ ရင် မခုန် သဘော မကျ ခဲ့တဲ့ ကျမ က ရှင့် ကို ရှင့် ကဗျာတွေ ကြောင့် သာ ( သိပ် ရင်မခုန်ပေမဲ့ ) သဘော ကျ ခဲ့ရတာ မဟုတ်လား ။ ရှင့် ရဲ့ကဗျာစိတ် ကို တော့ ကျမ တကယ် မြတ်နိုးတာပါ ကိုအောင်ရဲ ။ ရှင့် ရဲ့ကဗျာ အယူအဆ ၊ ကဗျာ အပေါ်အမြင် နဲ့ ရှင် ကြိုးစား ဆန်းသစ်နေတဲ့ ကဗျာ ရေစီးကြောင်း တွေ ကိုကျမ သိပ် ကြိုက်ခဲ့တာပဲ ။
ရှင် နောက် တစ်ယောက် ပြောင်းသွား ပြန်တယ် ။ မေမီ တဲ့ ။ ကျမ စိတ်ထဲ နည်းနည်း ရိုး သွားတယ် ။ အဲဒီ ကာလ မှာ ကျမ တွေးတယ် ၊ ရှင် နဲ့ ကွာရှင်း လိုက် ရ ရင် ကောင်းမယ်ပေါ့ ။ လွတ်လပ်တဲ့ ဘဝ မှာ ကျမ ရဲ့ သရဖူ ကို ပိုပြီး အရောင် တင် လို့ ကောင်းမယ် လို့ ယူဆတယ် ။ ဒါပေမဲ့ နှစ်ဘက်မိဘများ ကို ငဲ့ကြည့် မိ ပြန်တယ် ။ နှစ်ယောက် စလုံး က
ကိုယ့် သဘော နဲ့ ကိုယ် လက်ထပ်မယ် လို့ ဆုံးဖြတ်တာ ကို လိုက်လျောညီထွေ ရှိတယ်လို့ အလွယ်တကူ ခွင့်ပြုခဲ့တဲ့ မိဘတွေ မို့ ကျမ ငဲ့ သင့်တယ်လေ ။ ဒါပေမဲ့ ရှင် အဲဒီလို တွဲ နေတာကြောင့် ကျမ ရဲ့ သိက္ခာ ပွန်းရတာ ကို လည်း စိတ် က သိပ် လက် မခံချင်ပြန်ဘူး ။
အဲဒီမှာ တင် ကဗျာသမားတွေ ထဲ က ကျော်ကျော် ဆိုတဲ့ ချာတိတ် နဲ့ တွေ့တယ် ။
ကဗျာရူးကလေး ကလည်း ဖြစ်တော့ ကျမ ရဲ့ အလှအပ ကို ကိုးကွယ်ချင်ပြန် သတဲ့ ။ ဒီလိုနဲ့
ကျမ အတွက် ကျော်ကျော် ဟာ အဖေါ်ကောင်း ဖြစ် လာတယ် ။ ကျမ လည်း ရှင့် ကို တုံ့ပြန် ရ လို့ ကျေနပ် ။ သူ လည်း မမ ကဗျာ တွေ တစ်လှေကြီး ရ ပေါ့ ။
ကြာတော့ ယောက်ျားတွေ ရဲ့အားနည်းချက် ဟာ အသက် ကြီးတာ ငယ်တာ နဲ့ မဆိုင်မှန်း သိ လာတယ် ။ နှစ်ဆယ့်သုံးနှစ် သာ ရှိသေးတဲ့ ကျော်ကျော် ဟာ ကျမ လို
အသက်၂၇ ခုနှစ် ရှိ နေပြီ ဖြစ်တဲ့ အိမ်ထောင်သည် မိန်းမ ကို သူ နဲ့ လက်ထပ်ရမယ် လို့ ခြိမ်းခြောက် လာရဲ့ ။ အသည်းကွဲသံ တွေ နဲ့ ကျမ ကို အရေး ဆို တာပေါ့ ။ အရက်တွေ မူးပြီး သူ ကျမ ရှေ့ မှာ လာ ငိုတဲ့ တစ်နေ့ ကျတော့ ကျမ သူ့ ကို အပြီးသတ် နှုတ်ဆက် ဖြစ် လိုက်တော့တယ် ။ ယောက်ျား ဆိုတာ ကို တော်တော် စိတ်ပျက် သွားခဲ့တယ် ကိုအောင်ရဲ ။
ကျမ ရဲ့စိတ် ဟိုး နက်နက် တစ်နေရာ မှာ တော့ သိမ်းထားတဲ့ အကြောင်းအရာ တစ်ခု ရှိ နေတယ် ။ အဲဒါဟာ တကယ်တော့ ရှင့် ကို ပြောလို့ မဖြစ်ဘူး ။ ဒါပေမဲ့ ရင် ထဲ မှာ လည်း ရှိနေတယ် ။ ဘာလဲ ဆိုတော့ သေချာတာ က ပေါ့ လေ ၊ ကျမ ဘဝ မှာ ရှင့် လောက်
သဘော ကျ ရတဲ့ ယောက်ျား မတွေ့ဖူးသေးဘူး ဆိုတာပါပဲ ။ အဲဒါကြောင့် ရှင် သိလို့
မဖြစ်ဘူးလို့ ပြော တာပဲ ။ ဘာလို့ဆို ရှင့် ကို ကျမ အတိုင်းအတာ တစ်ခု ထိ ရင် ထဲ မှာ ထားခဲ့တယ် ဆိုတာ ရှင် သိရင် စိတ်ပိုင်းဆိုင်ရာ အရ ကျမ ရှင့် ကို ရှုံးမှာပေါ့ ။ ထရီဇာ ဟာ ဘယ်တော့ မှ မရှုံးရဘူး ကိုအောင်ရဲ ... သိလား ။ ကျမ အရှုံး မခံနိုင်ဘူး ... ။
••••• ••••• •••••
ရှင် နဲ့ မေမီ ၊ ကျမ နဲ့ ကျော်ကျော် တို့ ရဲ့ကာလ မှာ ပဲ ရှင် နဲ့ ကျမ လုံးဝ စကား မပြောတော့ဘဲ တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်ကြတော့ တဲ့ အိမ်ထောင်ဖက် တွေ ဖြစ် သွားကြ တယ်နော် ။ တကယ်ဆို ဘာကြောင့်ရယ် လို့ ရေရေလည်လည် ပြောပြလို့ မရတဲ့ ကိစ္စ ကလေးတွေ ပါ ။ ကျမ အံ့ဩမိတယ် ။ရှင် နဲ့ ကျမ ပစ္စည်း ရှိတဲ့ ပမာဏလည်း အတူတူပဲ ၊ မိဘ အရှိန်အဝါ လည်း တန်းတူပဲ ။ ပညာအရည်အချင်း နဲ့ အလုပ်အကိုင်တောင် အတူတူပဲ ။ နောက်ဆုံး ကလေးဆန်ဆန် ပြော ရရင် ပေါ်ပြူလာ ဖြစ်တာချင်း တောင် အတူတူပဲ မဟုတ်လား ။ လူတိုင်း က ကျမတို့ နှစ်ယောက် ကို အားကျ ကျေနပ်ခဲ့ကြတာ လည်း ရှင် အသိပဲ ။ ရှင် နဲ့ ကျမ ဝါသနာ တူ ၊ ဗီဇ တူ ၊ ဘာ လိုသေးလဲ ကိုအောင်ရဲ ။ ဪ ... နောက်ဆုံး အကြိမ် ပြဿနာ ဖြစ်ကြတုန်းက ရှင် ပြောသလို “ မာန ပါ တူတာ ခက်တယ်
ထရီဇာ ” ဆိုတာပဲ ဖြစ်မယ်နော် ။
“ မင်း ဟာ မိန်းမ ၊ မိန်းမ ဟာ ယောက်ျား ရဲ့ နောက်လိုက် ပဲ ၊ မင်း ကို ကိုယ် အင်မတန် ချစ်ခဲ့ ၊ မြတ်နိုးခဲ့တယ် ၊ ဒါနဲ့ တပြိုင်တည်း ပဲ ကိုယ် မင်း ကို ယောက်ျား ပီပီ ဦးဆောင်ချင်တယ် ၊ တစ်ယောက်က ဗိုလ် ဆို ရင် တစ်ယောက် က နောက်လိုက် ပဲ ဖြစ်ရမယ် ၊ ဒီတော့ ပြောပါ ... ထရီဇာ မင်း ဗိုလ် လုပ်မလား ၊ နောက်လိုက် လုပ်မလား ”
အဲဒီလို ရှင် ပြော လာတော့ ကျမ သိပ် တုန်လှုပ်သွားတယ် ။ ကျမ ဘဝ မှာ ရှင့် ကို အိမ်ဦးနတ် အရာ ထား ခဲ့တာ ကျမ အသိဆုံး ပေါ့ ။ ကိုယ့် ယောက်ျား ကို “ မိုင်ပက်တ် ( My pet ) ” လို့ ပြောတတ်တဲ့ မိန်းမစားတွေ ၊ “ တို့ ယောက်ျား က တို့ သေ ဆို သေ ၊ ရှင် ဆို ရှင် ပဲ ” လို့ ပြောတတ်တဲ့ မိန်းမတွေ ကို အင်မတန် စက်ဆုပ်တဲ့ မိန်းမပဲ ။ ခု ရှင် က ဒီလို ပြော လာတော့ ကျမ အံ့ဩမှု ကြောင့် တုန်လှုပ် သွားတာပေါ့ ။
“ နေပါဦး ဒါလင် ၊ ခုချိန် ထိ ထရီဇာ ဒါလင့် ကို မတိုင်ပင် ဘဲ အိမ်ဖော် ခန့်တာ က အစ ၊
ကဗျာစာအုပ် ထုတ်တာ အထိ လုပ်ဖူးလား ၊ ပြီးတော့ ဒါလင့် ကို မစောင့်ဘဲ ထမင်း တောင်
စားဖူးရဲ့ လား ၊ စိတ်ဆိုးပြီးတော့ အော် ဖူးလား ၊ ယူတွေ အိုင်တွေ နဲ့ တောင်မပြောခဲ့ပါဘူး
ဒါလင် ... ၊ တစ်ယောက် နဲ့ တစ်ယောက် ဘဝ အဖော်တွေအ ဖြစ် လက်ခံခဲ့ပြီး ကတည်း က
ထရီဇာ ဒါလင့် ကို အိမ်ဦးနတ် အနေ နဲ့ ရိုသေခဲ့တယ် လို့ ယုံကြည်တာပဲ ”
လို့ ကျမ ပြန် ပြော တော့ ရှင် က ကျမ ကို မျက်လုံး ပြူး ပြီး ကြည့်လာ ပြန်ရော ။ ပြီးတော့ ...
“ မသိဘူးလား ထရီဇာ ၊ မင်း ကိုယ့် ကို ခွင့် တောင်းတာ မဟုတ်ဘူး ၊ တိုင်ပင်တာ မဟုတ်ဘူး ၊ အသိ ပေးတာ သက်သက် ပဲ ဆိုတာ ၊ ကဗျာစာအုပ် ထုတ်ရမလား လို့ ပြောတာမှ မဟုတ်ဘဲ ၊ ကဗျာစာအုပ် ထုတ်မလို့ လို့ အသိ ပေးတာပဲ ။ ပြောတာ က တော့ လေ အေးအေး နဲ့ ပါပဲ ၊ ဒါပေမဲ့ ခံရတဲ့ ကောင် က မသက်သာဘူး ထရီဇာ ၊ ဒီမှာ ကိုယ် လို ချင်တာ က ရက်စ် အော် နိုး ၊ ဘလက် အန် ဝှိုက်တ် ပဲ ။ ကဲ ... ပြောပါ ၊ ခင်ဗျား ဗိုလ် လုပ်မလား ၊ နောက်လိုက် လုပ်မှာ လား ”
ရှင် အဲလို ပြောရင် ကျမ ရဲ့ မခံချင်စိတ်တွေ ရောက် လာရော ။ အဲလောက်တောင်
နားမလည်ချက် ဆိုးလှချည် ကော လို့ တွေး မိရင်း ...
“ ဒါလင် ပြောတာကို ထရီဇာ လက်မခံ နိုင်သေးတာ ခက်တယ် ၊ တစ်ယောက် နဲ့ တစ်ယောက် အပေး အယူ မျှ ရမယ့် လင်မယား ဘဝ ပါ ဒါလင် ရဲ့ ။ တပ်ဖွဲ့ တစ်ဖွဲ့ မဟုတ်ပါဘူး ၊ ဗိုလ်တွေ ၊ ရဲဘော်တွေ မလိုပါဘူး ၊ထရီဇာ့ ကို စိတ်ညစ်အောင် မလုပ်ပါနဲ့ ”
လို့ ပဲ ပြန် ပြောခဲ့တယ် ။
ရှင် ကတော့ ဒေါသ မပြေပါဘူး ၊ နီရဲ ခက်ထန်တဲ့ မျက်လုံးတွေ နဲ့ ကျမ ကို စိုက်ကြည့်ပြီး .. ..
“ ပြီးတာပါပဲ ထရီဇာ ၊ ကိုယ် နဲ့ မင်း ညှိမရပါဘူး ၊ ဒီတော့ အကောင်းဆုံး ကို စဉ်းစားထားပါ ၊ တို့ တစ်ခု ခု ရင်ဆိုင် ပစ် လိုက်တာ ကောင်းပါတယ် ၊ ဟုတ်လား ”
လို့ ပြောပြီး ရှင် ထွက်သွား ခဲ့တယ် ။ နောက် တစ်လ နဲ့ ငါးရက် တိတိ ကြာမှ အိမ် ကို
ပြန်လာခဲ့တယ် နော် ။ ခရီး မထွက် ၊ အလုပ်သွား မပျက်ပါဘဲ နဲ့ ရှင် ကျမ နဲ့ အဝေး မှာ နေခဲ့တယ် ။ ခင်ပွန်းသည် ကို မျက်နှာချင်းဆိုင် တွေ့ရ လို့ မှ ပြုံးပြ မရ ၊ နှုတ်ဆက် မရ တဲ့
မိန်းမ တစ်ယောက် အနေ နဲ့ ကျမ ရှင် ပြန် အလာကို စောင့်နေခဲ့တယ် ။ သိပ်လည်း သတိရ နေခဲ့တယ် ကိုအောင်ရဲ ။ ( ရှင် ကတော့ မယုံဘူးလို့ ပြောဦးမှာ ပါ ပဲ) ။
အဲဒီ ပြဿနာ ဟာ ကျမတို့ နှစ်ယောက် ရဲ့အပြင်းထန်ဆုံး ပေါက်ကွဲမှု ဖြစ်ခဲ့တယ် ။ အဲဒီနေ့မှာ စတင် ခဲ့တဲ့ တိတ်ဆိတ် ခြောက်သွေ့မှု ဟာ ရှင် နဲ့ ကျမ ကြား မှာ ဒီနေ့ ထက် ထိ တည်မြဲ နေဆဲပဲ နော် ကိုအောင်ရဲ ။
••••• ••••• •••••
ကျမ ခဏခဏ စဉ်းစား ဖြစ်တယ် ။ ကျမ တို့ နှစ်ယောက် ဟာ သမားရိုးကျ မဟုတ်တာတွေကို သဘော ကျ တဲ့ နေရာ မှာ လည်း တူ ကြတယ် မဟုတ်လား ။ အဲဒါကြောင့် ပဲ ကျမ တို့ စိတ်သောက ရောက်နေကြရတာလား လို့ တွေးမိတယ် ။
ကြည့်လေ ၊ သမားရိုးကျ အနေနဲ့ ဆို ယောက်ျား နဲ့ မိန်းမ တစ်ယောက် ကို တစ်ယောက်
သဘောကျမယ် ၊ ပြီးရင် ပရိုပို့စ် လုပ်မယ် ၊ ချစ်သူတွေ ဖြစ်မယ် ၊ မိဘ သဘော တူတူ ၊ မတူတူ လက်ထပ် ကြမယ် ။ ဒါ က တစ်မျိုး ၊ နောက် တစ်မျိုး က တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို သဘောထားရမှန်း တောင် မသိခင် မှာ မိဘတွေ ကြောင့် စေ့စပ် လိုက်မယ် ၊ နောက် လက်ထပ် ကြမယ် ။ လင်မယား ဘဝ ရောက်တော့ ချစ်သွားကြရော ။ အဲဒီ နှစ်မျိုး စလုံးဟာ တစ်နည်းနည်း နဲ့ တော့ အဆင်ပြေ ကြတယ် ။ ရှင် နဲ့ ကျမ ကတော့ တစ်ယောက် နဲ့ တစ်ယောက် သဘော ကျ နေတုန်း ရှင် က လက်ထပ်ခွင့် တောင်း ၊ ကျမ က ခေါင်းညိတ် ၊ အိမ် ကို ဖွင့် ပြောပြ ၊ သဘော တူ တော့ လက်ထပ် ၊ အင်းလျားလိတ် မှာ ဧည့်ခံပွဲ လုပ် ၊ နှစ်ဖက် မိဘ လက်ဖွဲ့တဲ့ ခြံ နဲ့ အိမ် နဲ့ ကား တစ်စင်း စီ နဲ့ ။ ဒါပေမဲ့ အဆင်မပြေ ဖြစ်ခဲ့ ရတယ် ။
တကယ်ဆို ရှင် က လည်း ကျမ ကို ပရိုပို့စ် လုပ် ကတည်း က “ ကိုယ် ထရီဇာ့ ကို သဘောကျတယ် ၊ လက်ထပ်ချင်တယ် ” လို့ ပြောမယ့် အစား “ ထရီဇာ့ ကို သိပ်ချစ်တယ် ” လို့ မွတ်မွတ်သိပ်သိပ် ပြောခဲ့ဖို့ ကောင်းတယ် ။ အဲလိုသာ ပြော ခဲ့ရင် ကျမ လည်း ရင်ခုန် မိ ချင် ရင် ခုန်မိ ခဲ့ မှာပဲ ။ ဆိုရင် ... ကျမတို့ နှစ်ယောက် သမားရိုးကျ ချစ်သူတွေ လို သိပ် ပျော်စရာ ကောင်းမှာ ပဲ လို့ အခု ကျမ ယူဆ နေတယ် ။ ခုတော့ လက်ထပ် သက် အတော် ကြာ မှ “ ကိုယ် ထရီဇာ့ ကို ချစ်ပါတယ်ကွာ ” ဆိုတဲ့ အောင့်သက်သက် စကားသံ ကြောင့် သာ ၊ ဪ ... သူ ငါ့ ကို ချစ်တော့ ချစ်သားပဲ လို့ လက်ခံ နိုင်ခဲ့ရတာ မဟုတ်လား ။ ဒါမှ မဟုတ်လည်း ရှင် ကျမ ကို ပရိုပို့စ် လုပ်တဲ့ နေ့ နဲ့ ကျမတို့ လက်ထပ် နေ့ ဟာ ခြောက်လ လောက် ပဲ ကွာခဲ့ တာ ကြောင့်များ ကျမ တို့ အဆင်မပြေ ဖြစ်ခဲ့ရတာလား လို့ လည်း တွေးမိ သေးတယ် ။ မဟုတ်ရင် လည်း ရှင် နဲ့ ကျမ ချစ်သူ လို မနေခဲ့ဖူးလို့ ၊ ဒါမှမဟုတ် ပြေပြစ်ချောမွေ့တဲ့ အိမ်ထောင်ရေး ကို အလွယ်တကူ ရ ခဲ့လို့ ၊ ဒါတွေကြောင့် ပဲ လား ကျမ တွေးတယ် ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါလေ ၊ ခု အခြေအနေ လောက် ထိတော့ မဆိုးရွားသင့်ဘူး လို့ ကျမ ထင်တယ် ကိုအောင်ရဲ ရယ် .. နော် ။
••••• ••••• •••••
သားသမီး မယူခဲ့ကြ တာ ကတော့ နှစ်ဦး လုံး သဘောကျ ဆုံးဖြတ် နေခဲ့တာမို့ ပြဿနာ တည်ရာ ဖြစ်မယ် မထင်ပါ ဘူး ။ နှစ်ယောက် စလုံး ကလ ည်း မဟာဝိဇ္ဇာ ကျမ်းပြု မပြီး ကြသေးတော့ ကျောင်း ကိစ္စတွေ အားလုံး ပြီးမှ သားသမီး ယူမယ် လို့ ဆုံးဖြတ်ခဲ့ကြတာ မဟုတ်လား ။ တစ်ယောက် ကား တစ်စီး စီ ၊ ကျောင်းစာတွေ လုပ် ၊ ကိုယ့် ဝါသနာ တွေ အကောင်အထည် ဖော် ၊ ကဗျာ ရေး ၊ ပန်းချီ ဆွဲ နဲ့ ။ ကျမ ကျေနပ် သလို ရှင် လည်း ကျမ နည်းတူ စာဖတ် ၊ ကဗျာရေး ၊ အရက် သောက်ပြီး သူငယ်ချင်းတွေ နဲ့ ပျော်သလို နေ နေ ခဲ့ရတာပဲ မဟုတ်လား ။ လွတ်လပ်တဲ့ ဘဝ ကို ရှင် နှစ်သက်တယ် ဆို ... ။ ကျမ ချုပ်နှောင် ထိန်းသိမ်း မထားခဲ့တာ သေချာပါတယ် ။
••••• ••••• •••••
ရှေ့ပြော နောက်ပြော မညီတဲ့ နေရာမှာလည်း ရှင် က စံပြ ပါ ပဲ ။ ( တကယ်တော့ လည်း
ယောက်ျား တိုင်း လိုလို ပါပဲ) ။ ရှင် ကိုယ်တိုင် ကျ မရဲ့ ယောက်ျားလေး မိတ်ဆွေ ထဲ က
တစ်ယောက် ဖြစ်ခဲ့လျက် နဲ့ ကျမ ယောက်ျား မိတ်ဆွေ များ တာ ကို ခုမှ သဘော မကျပြန်ဘူး တဲ့ ။ ကျမ က ...
“ အဲလိုတွေ မပြောပါနဲ့ ဒါလင်ရယ် ၊ ထရီဇာ့ ကို ဒါလင့် မိန်းမ မှန်း ပတ်ဝန်းကျင် တစ်ခုလုံး က သိသား ပဲ ဟာ ။ ပြီးတော့ ထရီဇာ့ အပေါင်းအသင်းတွေ က လည်း အသစ်တွေ မှ မဟုတ်တာ ၊ ဒါလင် နဲ့ ထရီဇာ သူငယ်ချင်း ဘဝ ကတည်း က အတူ ဆက်ဆံခဲ့တဲ့ လူတွေ ပဲ ဟာ ”
လို့သာ လေသံအေး နဲ့ ချော့ ပြော ပြော တုံ့ပြန်ခဲ့ တဲ့ မိန်းမ ပါ ။ ရှင် ပြော သလိုသာ ကျမ ဟာ တကယ် မာနကြီး ၊ မာကျော တဲ့ မိန်းမ ဆိုရင် ...
“ ယူ စကား ပြောတာ ကြည့် ပြော နော် ၊ အိုင် တို့ က ကိုယ့် အဆင့် နဲ့ ကိုယ် နေတာ ၊ မစော်ကား နဲ့ ။ ဟိုး အရင် ကတည်း က အိုင် ဒီလို နေလာခဲ့တာ ၊ ခုမှ ဖောက်ပြန်တာ မဟုတ်ဘူး ၊ မှန်တာ လုပ်တာ ”
ဆိုတဲ့ စကားလုံး မျိုးတွေ နဲ့ ရှင့် ကို ပြန် အော်မှာပေါ့ ဒါလင် ရယ် ။ အခု ရှင် ၊ ကျမ လို့
သုံး နေရတာ တောင် ကျမ စိတ်ထဲမှာ တော်တော် ထိခိုက် ရပါတယ် ။ ဒါပေမဲ့ အရင် ကလို ဒါလင် လို့ သုံး ရမှာ ကို တော့ လည်း ရှက် နေ တယ်လေ ။
ယောက်ျားလေး မိတ်ဆွေတွေ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာ ၊ မဂ္ဂဇင်းတိုက် က လူတွေ နဲ့ စကားပွဲ တွေ ဖွဲ့တာ ၊ ထရီဇာ ရယ် လို့ နာမည် ကျော်လွန်းတာ တွေ ကို ရှင် မကြိုက်ဘူး တဲ့ ။ ' ယောက်ျား ကို ထမင်းဟင်း သေချာ ချက် ကျွေး တဲ့ ... ၊ ယောက်ျား ရဲ့ အဝတ်တွေ ကို
ကိုယ်တိုင် လျှော်ဖွတ် ၊ မီးပူတိုက် ပေးတဲ့ ၊ ယောက်ျား လုပ်သမျှ အထင်ကြီး ခေါင်းညိတ် တတ်တဲ့ ... ၊ ထုံထုံထိုင်းထိုင်း မိန်းမ တစ်ယောက် ကို ဇနီးမယား အဖြစ် ရွေးချယ် မိ ခဲ့ရင်တောင် ငါ စိတ်ချမ်းသာရဦးမှာ' တဲ့ ။ အရက် မူး လာတဲ့ တစ်ည မှာ ရှင် ပြောခဲ့တာလေ ။ ကျမ သွေးဆူ ခဲ့ရတဲ့ စကားပေါ့ ။အဲဒီ ည က စ လို့ ရှင် နဲ့ ကျမ ပဋိပက္ခတွေ စ ခဲ့ တာနော် ။ မှတ်မှတ်ရရ အိမ်ထောင်သက် တစ်နှစ် မပြည့်တပြည့် မှာ နော် ။
ကျမ က ပြော တယ် ။
“ ကျမ ဖြည့်ဆည်း ပေး မှ ပြည့်စုံမယ့် ကိစ္စ မှန်သမျှ မှာ ဒါလင် ဘယ်တုန်း က လိုအပ် နေရ ဖူးလဲ ၊ ဒါလင့် ဝေယျာဝစ္စ အသေးအဖွဲ တွေ ကို လုပ်ပေးမယ့် သူတွေ ရှိ နေတာပဲ ။ အမေစိုး ဆို ရင် ထရီဇာ ငယ်ငယ် ကတည်းက ထမင်းဟင်း ချက် ကျွေးလာတာ ၊ နီနီ ဆို လည်း
အဝတ် စင်အောင် လျှော် ၊မီးပူ ပြန့်အောင် တိုက် နိုင်တာပဲ ။ ထရီဇာ မပါ လည်း ဖြစ်နေတာပဲ ၊ ပြီး ဒါလင့် အတွက် ထရီဇာ လုပ်ပေး မှ ဖြစ်မှာ မှ လည်း မဟုတ်တာ ”
လို့ ပြန် ပြောတော့ ရှင် လက် မခံပြန်ဘူး ။ ရှင် လုပ်သမျှ ခေါင်းညိတ် ထောက်ခံ ဖို့ ဆိုပြန် တော့ လည်း ကျမ ကို အလုပ် ထွက် ခိုင်းတာ ၊ ကလေးတွေ မွေးပြီး ရှင့် ဝတ်ကြီးဝတ်ငယ် တွေ ပြုစု ဖို့ သာ လုပ်ခိုင်း တာ ကျတော့လည်း ကျမ ဘယ်လို ခေါင်းညိတ် နိုင်မလဲ ကိုအောင်ရဲ ရယ် ။ အဓိပ္ပါယ် လည်း မရှိလှဘူးလေ ရှင် ။ အဲဒါတွေ က ရှင် နဲ့ ကျမ ရဲ့လင်မယား ဘဝ အတွက် မရှိမဖြစ် လိုအပ်ချက်လား ပြောလေ ။
တကယ်တော့ ဘာမှ မပြောပလောက်တဲ့ ကိစ္စလေးတွေ ကို ပဲ ရှင် က ရေးကြီးခွင်ကျယ်
လုပ်ပြီး ခံစား ယူ နေတာ လို့ ကျမ ထင်တယ် ။ကျမ စိတ်ပျက် မိ ခဲ့တာ အမှန်ပါပဲ ။
••••• ••••• •••••
နောက်ပိုင်း ကျတော့ ရှင့် သတင်း တွေ ပို စိပ်လာတယ် ။ တပည့်မတွေ နဲ့ တောင် တွဲနေသတဲ့ ။ အိမ်ထောင်သည် ယောက်ျား တစ်ယောက် ဖြစ်ပြီး ပျက်စီး နေတဲ့ မိန်းမတွေ ဆီ မှာ လည်း အိပ် သတဲ့ ။ကျမ ရှင့် ကို ရွံ လာတယ် ။ ရှင့် သတင်း အားလုံး ကို နားပိတ် နေလိုက်တော့တယ် ။
နားပိတ် နေခဲ့တာ အကြာကြီး ကြာပြီး မှ နားပိတ် ဆန့်ကျင် နေလို့ မရတော့ လောက်အောင် ကျယ်လောင် တဲ့ သတင်း တစ်ခု ကျမ ကြား ရတယ် ။ ရှင် အခု ကောင်မလေး
တစ်ယောက်တည်း နဲ့ ပဲ တွဲတော့တယ် တဲ့ ။ အဲဒီ မိန်းကလေး နဲ့ တွဲ နေခဲ့တာ ခြောက်လ ကျော် လောက် ရှိပြီတဲ့ ။
ကျမ နည်းနည်း အံ့ဩ သွားတယ် ။ ဘာလို့ဆို ဘယ်သူနဲ့ မဆို ရှင် အကြာဆုံး တွဲ တာ
တစ်လ ပဲ မဟုတ်လား ။ ကျမ အဲဒီ မိန်းကလေး ကို မြင်ဖူးအောင် ကြည့်ခဲ့တယ် ။ ကြားရ
အောင် စုံစမ်းခဲ့တယ် ။“ ဖြူလဲ့ကျော် ” တဲ့ ။
တကယ်လည်း ဖြူဖြူလဲ့လဲ့ကလေး ။ ခါးလောက် ရှည်တဲ့ ဆံပင်ညိုညိုတွေ နဲ့ ၊ လှပါတယ် ။ ဒါပေမဲ့ ကျမ ထက် သာနိုင်တာတော့ မရှိပါဘူး ။ သူ က ငယ်ဂုဏ် သာတယ် ဆိုတောင်
ကျမ က ပကာသနဂုဏ် ၊ သမ္ဘာဂုဏ် သာတာပဲ မဟုတ်လား ။ ပြီးတော့င ယ်လှတယ်တော့
မဟုတ်ပါဘူး ။ နှစ်ဆယ့်တစ် ၊ နှစ်ဆယ့်နှစ် လောက် ပါပဲ ၊ သူ နဲ့ ရှင် တော်တော် တွဲနေကြတယ် တဲ့ ။ ရှင်တို့ တွဲ နေကြတာ ကိုးလ ကျော် ကြာ သွားတဲ့ အချိန် မှာ တော့ ကျမ စောင့်ကြည့် နေလို့ မရတော့ဘူး ။ ပတ်ဝန်းကျင် က ကျမ ကို လှုံ့ဆော် လာတယ် ။ ပတ်ဝန်းကျင် ရဲ့ အသံတွေ ထဲ မှာ ထရီဇာ့ ကို သနားတဲ့ အသံတွေ ပါ လာရင်တော့ ကျမ စိတ် ထဲမှာ အနာကျင်ရ ဆုံး ပါပဲ ။ ကျမ မာန က ကျမ ကို ပြန် သရော် တယ် ။ အရင် အခြေအနေ လို ကိုဝေလင်း ၊ ကျော်ကျော် တို့ ကို ခုတုံး လုပ်ပြီး ရှင့် ကိုပညာ ပြ နေခဲ့တဲ့ ထရီဇာ ဆိုရင်တော့ ခုချိန်မှာ ထရီဇာ လည်း အဆိုးပေါ့ ။ ခုတော့ ထရီဇာ က လည်း ကိုယ့် အလုပ် ကိုယ် လုပ်ပြီး အေးအေးဆေးဆေး နေ လေတော့ လူတွေ က ရှင့် အဆိုး သက်သက် ပေါ့ ။
ရှင့် ကို ယှဉ်ပြိုင်တာ မဟုတ်ပါဘူး ကိုအောင်ရဲ ။ ကျမ ကိုယ် ကျမ ရှင့် ထက် ပို ချစ်တယ်
ထင်တာ မို့ ကျမ အနိုင် ယူ ရပါမယ် ။ ကျမ ရှင့် ကို ပြောဖို့ ဆုံးဖြတ်လိုက်တယ် ။
“ ကိုအောင် ခု တွဲနေတဲ့ ဖြူလဲ့ကျော် ကို ဖြတ်လိုက်ပါ ၊ ထရီဇာ လည်း သည်း မခံနိုင်ဘူး ၊
ပတ်ဝန်းကျင် မှာ ထရီဇာ သိက္ခာ ကျ ပါတယ် ”
ရှင် က ကျမ ကို တည်ငြိမ်တဲ့ မျက်လုံးတွေ နဲ့ ပြန် ကြည့်တယ် ။ ကျမ အံ့ဩ သွားတယ် ။ ရှင် ကျမ ကို ဒေါသ နဲ့ တုံ့ပြန်မယ် ထင် ထားတာ ကိုး ။
“ ကိုယ်လည်း ထရီဇာ ကို ပြောဖို့ပါပဲ ။ အခြေအနေ ကြည့် နေတာ ... ကိုယ် ဖြူလဲ့ ကို လက်ထပ်ဖို့ အထိ ရည်ရွယ်ပါတယ် ။ အဲဒါ .. ထရီဇာ နဲ့ ... ကွာရှင်းဖို့ ... ”
ကျမ ရင်ထဲ မီးတောင် တစ်ခု ပေါက်ကွဲ သွားတယ် ။ တကယ်ပဲ ပူပြင်း လောင်မြိုက် သွားတယ် ။ ရှင် က ဖြူလဲ့ကျော် ကို ကျမ ထက် မက်မောတယ်လား ။ ဒါဆို ကျမ က ဖြူလဲ့ကျော် ကို ရှုံးရမယ်ပေါ့ ။ခေါင်း ထဲ မှာ ဦးနှောက် က အလုပ် လုပ် လွန်းနေတယ် ။ ကျမ ရှင့် ကို လှလှပပ ပြုံး ပြ လိုက်တယ် ။
“ ဘယ် ဖြစ်မလဲ ကိုအောင်ရဲ ရယ် ၊ ကျမ က လူ့ အရိုသေတန် တစ်ခုလပ် အဖြစ် ခံရမယ်လား ၊ ဘာ မဟုတ်တဲ့ မိန်းမငယ် တစ်ယောက် အတွက် ရှင့် ဘေး က ကျမ ရဲ့ နေရာ ကို ဖယ် ပေးရ မယ်လား ၊ ကျမ ကွာရှင်းခွင့် မပေးနိုင်ပါဘူး ”
လေသံအေး နဲ့ တုံ့ပြန် လိုက်တယ် ။ ရှင့် ဒေါသ မျက်လုံးတွေ ကို ခဏ တွေ့ လိုက်ရတယ် ၊
ပြီးတော့ ထုံးစံ အတိုင်း ရှင် ထွက်သွားတယ် ။
••••• ••••• •••••
ကျမ ရှေ့မှာ ဖြူလဲ့ကျော် ထိုင်နေတယ် ။ သူ့ ကို တစ်ခု ခု သောက်ပါ လို့ ပြောပေမဲ့ သူ
မသောက်ဘူး ။“ မမ ပြောစရာ ရှိတာ ပြောပါ ” တဲ့ ။ကျမ ကလည်း ပြော လိုက်ပါတယ် ။
“ ကိုယ် ဘာ ပြောမယ် ဆိုတာ မင်း သိပြီးသား ဖြစ်မှာပါ ”
ထူးထူးခြားခြားပဲ ကောင်မလေး က တုန်လှုပ် မနေဘူး သိလား ... ကိုအောင်ရဲ ။ ပြီးတော့ ကျမ ကို ပြန် ပြောတယ် ။
“ သိတာတော့ သိပါတယ် မမ ၊ ဒါပေမဲ့ စကားလုံး အတိအကျ နဲ့တော့ ဘယ် သိပါ့မလဲ ၊ လေသံချင်း ၊ ပြောတဲ့အ ဓိပ္ပါယ်ချင်း ကွာ နိုင်ပါတယ် ” တဲ့ ။
လေသံ တိုးတိုးလေး က ပြတ်သား နေတယ် ။ ကျမ ရင်ထဲမှာ ခုန်သွား သလိုပဲ သိလား ..
ကိုအောင်ရဲ ။ ကျမ ပြော ရ တော့တယ် ။
“ ကိုအောင်ရဲ နဲ့ မင်း ကိစ္စ ပြီးဆုံးပစ်လိုက်ဖို့ပါပဲ ”
သူ့ မျက်နှာကလေး က ပို တည်သွားတယ် ။ မျက်ရည်ကြည်တွေ ဝေ့ လာတယ် ။ မျက်လုံးတွေ က တောက်ပ လာတယ် ။
“ ဆရာ က မေတ္တာ ငတ်နေတယ် ၊ ဖြူလဲ့ က လည်း မေတ္တာ ငတ် နေတယ် ၊ ဖြူလဲ့ တို့ နှစ်ယောက် ရိုးရိုးကလေး ပဲ တွေ့ကြပါတယ် ။ ဖြူလဲ့ က ဆရာ့ တပည့် မဟုတ်ဘူး ဆိုတာ လည်း မမ သိပြီး ဖြစ်မှာပါ ၊ ဆရာ အလုပ် လုပ်တဲ့ လူ မို့ ရော ၊ မမ ရှေ့ မှာ မို့ ရော ဆရာ လို့ သုံးတာပါ ၊ ဖြူလဲ့ က သူ့ ကို ကိုကို လို့ ခေါ်ပါတယ် မမ ”
ကျမ မငိုဖူး သေးဘူး ကိုအောင်ရဲ ။ ဒါပေမဲ့ ဆို့နစ် ဖူးတယ် ။ ခံစား တတ်တယ် ။ ရှင် သိတယ်မဟုတ်လား ... ကျမ ရဲ့ အနုသန္ဓေ ကို ။ အခု ကျမ သိပ် စိတ်လှုပ်ရှား သွားတယ် ။ “ ထရီဇာ့ နာမည်ကလေး က သိပ် အေးတာ ၊ အေးအေးဦး ဆိုတဲ့ နာမည်ကလေး ကို
စိတ်ဝင်စား ခဲ့ တာ ။ ဒါပေမဲ့ ထရီဇာ ကိုယ်တိုင်က ‘ အေး ’ လို့ ပြင် ပြော မှ ကိုယ်လည်း ပြောလို့ ကောင်း မှာပေါ့ ၊ ပြီးတော့ ကိုယ့် ကို လည်း ‘ ကိုကို ’ လို့ ခေါ်လေ ၊ ဒါမှမဟုတ် ‘ မောင် ’ လို့ပဲ ဖြစ်ဖြစ်ပေါ့ ” တဲ့ ။ ရှင် ပြောခဲ့ဖူးတဲ့ စကားကို သတိရတယ် ။ “ ရှက်လို့ပါ ကိုအောင် ” လို့ ကျမ တုံ့ပြန်တော့ “ ကိုအောင် .. လို့ ကတော့ ဘယ်သူ မဆို လူတိုင်း က ကိုယ့် ကို ခေါ်တာပဲ ၊ အေး က ကိုယ့် ရဲ့ သာမန် လူ မှ မဟုတ်ဘဲ ” ဆိုတော့ ကျမ တော်တော် အားယူပြီး ‘ ဒါလင် ’ လို့ ခေါ်ဖြစ် ခဲ့ တာလေ ။ ကျမ က သိပ် ချစ်တယ်လို့ ပြောရ မှာ ကို တောင် ရှက်လို့ ဒီနေ့ထိ ပြော မှ မပြော ဖြစ်ခဲ့တာပဲ ။
“ အမြဲတမ်း ‘ ကိုကို ’ လို့ ရည်ညွှန်း ပြောနေကျမို့ ၊ မှား ပြောမိရင် မမ ထရီဇာ မကြိုက် မှာ စိုးလို့ ကြို ပြော ထားတာပါ ။ ဖြစ်နိုင်ရင် ဖြူလဲ့ နဲ့ ကိုကို့ အကြောင်း တော်တော်များများ ပြောပြချင် ပါတယ် ။ဘာလို့ ဆို မမထရီဇာ ဟာ ဖြူလဲ့ လေးစားတဲ့ သဘောကျတဲ့ အတု ယူချင် ခဲ့ တဲ့ ဆရာမ တစ်ယောက် ဖြစ်နေလို့ပါပဲ ”
ကျမ ခေါင်းညိတ် ပြ လိုက်တော့ မှ သူ စကား ဆက်ပါတယ် ။
“ ကိုကို က သိပ် နုနယ်ပါတယ် မမ ၊ သူ့ ကဗျာတွေ ကို ဖြူလဲ့ သိပ် ကြိုက်ခဲ့တာပါ ။ မမ ကဗျာတွေ ကို လည်း ဖြူလဲ့ သိပ် ကြိုက်ပါတယ် ၊ မမတို့ နှစ်ယောက် ဟာ ဖြူလဲ့ အတွက် အိပ်မက် တစ်ခု ပါပဲ ။ အဲဒီ အိပ်မက်ကလေး ကို ဖြူလဲ့ ထိုင် ကြည့်နေခဲ့တာ မမ လက်ခံလား မသိဘူး ။ အဖြစ်အပျက် က ကိုယ့် အဖြစ်အပျက် ပေမဲ့ ၊ ဘေး လူ ကသာ ပို မြင်နိုင်တယ် ဆိုတာ ကို ၊ ဒါပေမဲ့ အဲဒီ ဘေးလူ က အတ္တ တော့ ကင်း ရမှာပေါ့ လေ ။ ဖြူလဲ့ တစ်ခု တော့ မှား ခဲ့တယ် ၊ မမ နဲ့ တော့နီးစပ် အောင် မကြိုးစားခဲ့တာ တစ်ခု ပေါ့ ။ မမ ရဲ့အရှိန်အဝါ ကို ဖြူလဲ့ လန့် နေခဲ့တာကြောင့် ပါ ပဲ ။ ဖြူလဲ့ ကိုကို နဲ့ အနီးစပ် ခံခဲ့တာပါ ၊ ကိုကို မိန်းကလေးတွေ ၊ ပြီးတော့ ခပ်ပေါ့ပေါ့ မိန်းကလေးတွေ နဲ့ ပေါ့လေ ၊ သိပ် တွဲလွန်းလာတာ နဲ့ ကိုကို့ ကို ဖြူလဲ့ ငြိတွယ်ဖို့ ကြိုးစားခဲ့တာ ။ ချစ်သူ အဖြစ် မရည်ရွယ်ခဲ့ဘူး မမ ၊ မိန်းကလေး တစ်ယောက် ရဲ့ စိတ်သဘော ကို နားလည်အောင် ပြောပြ ၊ နေပြ ဖို့ သာ ရည်ရွယ် ခဲ့ တာပါ ။ ဖြူလဲ့ မမ ကို ကဗျာတွေ က တဆင့် နားလည်တယ် လို့ ထင် ခဲ့တာကိုး ”
ကျမ ငြိမ်ပြီး နားထောင် နေမိတယ် ။ သူ ကလည်း စိတ်ပါလက်ပါ ပဲ ပြော ပြတယ် ။ ကျမ ကို ရှင် နားလည်အောင် သူ ကြိုးစား ရှင်းပြခဲ့တယ် ဆိုတဲ့ အကြောင်းတွေပေါ့ ။ ဒါပေမဲ့ ရှင် က လက်မခံ ခဲ့ဘူး ဆိုတာ ရော ပေါ့ ။
“ နောက်ဆုံးတော့ မမရယ် ၊ စိတ်လေ နေတဲ့ ကိုကို့ ကို ထိန်းပေးရင်း ကိုကို က ဖြူလဲ့ ကို သိပ် တွယ်တာ လာတယ် ၊ ဖြူလဲ့ လည်း ကိုကို့ ကို ချစ် သွားတယ် ။ ကိုကို နဲ့ ဖြူလဲ့ ဘဝ ထဲ မှာ တော့ မာန မရှိပါဘူး မမ ”
ကျမ ဟာ စားပွဲ ပေါ် မှာ ရှိတဲ့ စပတ်ကလင်ခွက် ထဲ က ရေခဲတုံးကလေးတွေ လို အရည်ပျော် သွားချင်စိတ် ပေါ် မိ တယ် ။ သူ့ ရဲ့ နောက်ဆုံး စကား မှာ ကျမ ဒဏ်ရာ ရ သွား သလား ။ ရင်ထဲ မှာ နာကျင် သွားတယ် ။သူ စကား ပြောနေ တဲ့ တလျှောက်လုံး သူ့ အပေါ် ကရုဏာ ရှိနေခဲ့တဲ့ ကျမ ရင် ထဲ ကို နောက်ဆုံး စကား က အမုန်း အနေ နဲ့ ဝင် လာတယ် ။ကျမ သူ့ ကို စိမ်းစိမ်း ကြည့် ပစ်လိုက်တယ် ။ သူ ကလည်း ကျမ ကို မျက်လုံး ဝိုင်းတွေ နဲ့ ပြန် ကြည့်နေတယ် ။ သူ့ မျက်လုံးတွေ ထဲ မှာ အံ့ဩရိပ် တွေ တွေ့ တယ် ။ ကျမ ကိုယ် ကျမ သတိ မထားမိချိန် မှာ ပဲ ကျမ ဖြူလဲ့ ကို စကားတွေ အများကြီး ပြော ဖြစ် လိုက်တယ် ။
“ မိန်းမ တစ်ယောက် မှာ သည်းခံနိုင်စွမ်း အတိုင်းအတာ တစ်ခု တော့ ရှိတယ် ၊ မင်း မှာလည်း ရှိမှာ ပါပဲ ။ အဲဒီ အတိုင်းအတာ ဟာ အဲဒီ မိန်းမ ရဲ့ပိုင်ဆိုင်မှု ရလဒ် အပေါ် မှာ မူတည်တယ် ။ ပိုင်ဆိုင်မှု ပမာဏ များတဲ့ မိန်းမ တစ်ယောက် ရဲ့ သည်းခံနိုင်စွမ်း အတိုင်းအတာ ဟာ သာမန် မိန်းမ တစ်ယောက် ထက် တော့ နိမ့် မှာပဲ ။ အင်မတန် လှတယ် ၊ ထက်တယ် ၊ ပြည့်စုံတယ် ဆိုတဲ့ မိန်းမ တစ်ယောက် ဟာ ဘယ်လောက် မာနကြီးမယ် ၊ ကိုယ့် ကိုယ် ကို ယုံကြည်မှု ရှိမယ် ဆိုတာ အင်မတန် တော်ပါတယ် ဆိုတဲ့ ကိုအောင်ရဲ သိဖို့ကောင်းတယ် ။ ပြီးတော့ မင်း လည်း သိဖို့ ကောင်းတယ် ။ အထူးသဖြင့် ကိုယ့် လို မိန်းမ တစ်ယောက် ကို ပိုင်ဆိုင် ချင်တဲ့ ယောက်ျား တစ်ယောက် ဟာ ‘ မာန ’ ကို တော့ ရင်ဆိုင်ရမယ် ဆိုတာ ကို ပေါ့ ၊ ကိုယ် ပြောချင်တာ ၊ ဒါပါပဲ ”
ကျမ လှည့် ထွက် လာခဲ့တယ် ။ ထူးဆန်းစွာပဲ ဒီ စကားဝိုင်း မှာ ဘယ်သူ နိုင်တယ် ၊ ဘယ်သူ ရှုံးတယ် ကို ဆုံးဖြတ်တတ်တဲ့ ကျမ ရဲ့ ဗီဇ ကို ကျမ မေ့ နေခဲ့တယ် ။ အဲဒီနေ့ က အိမ် ပြန် ရောက်တော့ ကျမ ငိုတယ် ကိုအောင်ရဲ ။ သည်းသည်းထန်ထန် ငိုတယ် ၊ နား ထဲ မှာ “ ဖြူလဲ့ လည်း ကိုကို့ ကို ချစ်သွားတယ် ” ဆိုတဲ့ ဖြူလဲ့ကျော် ရဲ့ အသံ က ပဲ့တင် ထပ် နေတယ် ။ ငိုလို့ အားရတော့ မှ ကျမ ဘယ်သူ မှ မကြားအောင် တိုးဖွဖွကလေး ပြော လိုက်တယ် ။
“ ကိုယ် ရှုံးပါတယ် ဖြူလဲ့ ရယ် ” .. လို့ ။
( ဟုတ်တယ်လေ ၊ ကျမ ရ ရမယ့် အချစ် ကို သူ ပိုင်ဆိုင်ရပြီ ဆို ကတည်း က ကျမ ရှုံးခဲ့တာ
မဟုတ်လား ။ ပြီးတော့ သူ က မှားပါတယ် လို့ ဝန်မခံခဲ့ဘူးလေ )
••••• ••••• •••••
နောက်နေ့ မှာ တော့ ရှင် ကျမ ဆီ လာခဲ့တယ် ။ ( တစ်အိမ် တည်း အတူ နေပေမဲ့ မျက်နှာချင်း မဆိုင်ဖြစ်ကြဘူး မဟုတ်လား ) ကျမ ကို တည့်တည့် ကြည့်ပြီး
“ ခင်ဗျား ဖြူလဲ့ ကို ဘာတွေ ပြောသလဲ ”
“ ဟင့်အင်း ၊ ကျမ ပြောတဲ့ အထဲ မှာ မိုက်မိုက်ရိုင်းရိုင်း မပါဘူး ၊ ပြီးတော့ သူ က အများဆုံး
ပြောတာ ၊ စကားဝိုင်း ကလည်း အေးအေးဆေးဆေး ပဲ ပြီးသွားတာပါ ”
ရှင် က ကျမ ကို စိုက်ကြည့်မြဲ ကြည့် နေခဲ့တယ် ။ ပြီးတော့မှ “ အင်း ... ခင်ဗျား လိမ်တော့
မလိမ်တတ်ပါဘူးလေ ” လို့ ရေရွတ်တယ် ။ ရှင် မှတ်မိတယ် မဟုတ်လား ။ ပြီးတော့ ရှင် ထွက်သွားတယ် ။ နောက် မှ ကျမ သိရတယ် ။ အဲဒီနေ့ မှာ ဖြူလဲ့ က ရှင့် ကို ကျမကို
နားလည်အောင် ကြိုးစားပါ ... ပြီးတော့ သူ့ ကို မေ့ပစ်လိုက်ပါတော့ လို့ ပြောလိုက်တယ် တဲ့ ။
အဲဒီ နောက်ပိုင်း ရှင် အိမ်ပြန် မလာတော့ဘဲ နေ ပြန်တယ် ။ ကျမ ရင် ထဲ မှာ အဲဒီ ကာလတွေ တုန်း က စိတ် လှုပ်ရှား နေခဲ့တယ် ။ ရှင် ပြန်လာခဲ့ ရင် ကျမ ကွာရှင်းခွင့် ပေးလိုက်ရ ကောင်း မလား ။ ဒါမှ မဟုတ် ကျမ ဘက် ကို ပါ အောင် ပြန် ခေါ်ယူရ ကောင်းမလား ဆိုတာ မျိုး တွေ တွေး နေတယ် ။ အတွေ့ ဇာတ်ကား ထဲ က သီသီ ကို သတိရ နေ တတ်တယ် ။ ကျမ စိတ်တွေ ငြိမ်ဝပ် နေ သလို လည်း ဖြစ်နေခဲ့တယ် ။ ရှင် ကျမကို သဘောကျ ခဲ့တာပဲလေ လို့ လည်း ကိုယ့် ဘာသာ အားပေး သလို တွေးနေ မိပြန်တယ် ။ အိမ်ထောင်ဦး ဘဝ တုန်းက ရှင် နဲ့ ကျမ ဆက်ဆံရေး နွေးထွေး ခဲ့ ဖူးတာကို သတိ ရတယ် ။ ရုတ်တရက် ကျမ တစ်ခု သွား တွေးမိတယ် ။ နွေထွေးခဲ့ ပေမဲ့ ပျော့ပျော့ပျောင်းပျောင်း မှ ရှိခဲ့ရဲ့လား လို့ ။ ဖြူလဲ့ ကို သတိရ တယ် ။ သူ က လည်း ကျမ ကို ပညာ ပေး သွားခဲ့တာပဲ ။ “ ထမင်း လက်ဆုံ စားရုံ ၊ ဝါသနာ ပါ ရာ ဆွေးနွေးကြရုံ နဲ့ အိမ်ထောင်သည် ဘဝ ပြည့်စုံ သွားတာမှ မဟုတ်ဘဲ မမ ၊ ကိုကို က ယုယ တာ ကြိုက်တယ် ၊ ယောက်ျား တိုင်း ၊ ပြီးတော့ လူတိုင်းပါ ပဲ မမ ရယ် ” တဲ့ ။ ဖြူလဲ့ က လာ လာ ပြော နေ သလိုပဲ ။ ဟုတ်မှာ ပေါ့ ၊ ကဗျာ အယူအဆတွေ နှစ်ယောက် ပြောကြရင်း တစ်ကြိမ် မှာ နှစ်ယောက် အယူအဆ တူ သွား ဖူးတုန်း က ကျမ ရှင့် ကို လွှတ်ကနဲ နမ်း မိ သွားတယ် ။ ပြီးတော့ ရှက်တက်တက် နဲ့ “ ဒါလင် က သိပ် တော်တာပဲကွယ် ၊ အဲဒါတွေ ကို ထရီဇာ သဘောကျခဲ့တာ သိလား ” လို့ ပြော ဖြစ်ခဲ့တာလေ ၊ ရှင် မှတ်မိလား ။ မှတ်မိမှာပါ ။ အဲဒီတုန်း က ရှင် တောင် ကျမ ကို
စူးစူးစိုက်စိုက် ကြည့်ရင်းနဲ့ “ ကိုယ် ထရီဇာ့ ကို ချစ်ပါတယ်ကွာ ” လို့ ပြန် ပြောခဲ့တာလေ ။
ရှင့် အသံတွေ တုန်ယင် လို့ ။ကျမ တောင်ရ င်ထဲ နွေးထွေး သွား ခဲ့သေးတယ် ။
သေချာတာ က တော့ ကိုအောင်ရဲ ရယ် ၊သိက္ခာ ကြောင့် ပဲ ဖြစ်ဖြစ် ၊ဘဝ ကို မစွန့်ရဲ လို့ ပဲဖြစ်ဖြစ် ရှင် နဲ့ ကျမ ရဲ့ အိမ်ထောင်ရေး ဘဝ ကို တော့ မပြိုပျက်စေချင်တာ အမှန်ပါပဲ ။ ကျမ ရှင့် ကို မျှော်စောင့် နေခဲ့တယ် ။မျှော်နေခဲ့တဲ့ နေ့ ကလည်း ရောက် လာခဲ့တာပါပဲ ။
••••• ••••• •••••
ကျမ စာ ဖတ်နေတုန်း ကား ရပ်သံ ကြားလိုက်တယ် ။ ရှင့် ကားရပ်သံ မှန်း ကျမ မှတ်မိ လိုက်တယ် ။ ကျမ ပြင်ဆင် နေမိတယ် ။ “ ထရီဇာ တို့ အေးအေးဆေးဆေး
ဆွေးနွေးကြရအောင်လား ကိုအောင် ” လို့ စကား စ ရင် ကောင်းမယ် လို့ တွေးတယ် ။
အဲသည်တုန်း ရှင် အခန်းထဲ ဝင် လာတယ် ။ ရှင့် မျက်နှာ က တင်းမာ မနေဘူး ။ နောက်ပြီး
ဒေါသရိပ် လည်း မတွေ့ရဘူး ။ ကျမ စိတ် နည်းနည်း ပေါ့ သွားတယ် ။ အဲဒီ အချိန်လေးမှာ ပဲ ရှင် စကား စ တယ် ။
“ ဖြူလဲ့ နဲ့ ကိုယ် ဘယ်လို မှ ရှေ့ ဆက်လို့ မရတော့ဘူး ။ ဖြူလဲ့ ကိုယ့် ကို ငြင်းတယ် ၊ ခင်ဗျား သဘောကျတယ် မဟုတ်လား ”
ကျမ ခါးခါးသီးသီး ခေါင်း ကို သွက်သွက် ခါ နေ မိတယ် ။
“ မဟုတ်ဘူး ကိုအောင် ၊ မဟုတ်ဘူး ထရီဇာ ပြောမယ် ”
လေသံ ကို ပျော့ပျောင်းအောင် ဂရုစိုက်ပြီး ကျမ စကား စ လိုက်တယ် ။
“ တော်ပါ ထရီဇာ ၊ ကျနော် စိတ်မဝင်စားပါဘူး ”
အင်မတန် ရိသဲ့သဲ့ နိုင်တဲ့ အသံ ပါ ပဲ ။ ကျမ စိတ် တို သလို ဖြစ်သွားတယ် ။ ဒါပေမဲ့ ကျမ ထိန်းတယ် ။ နာကျင်တဲ့ ရင် က ခုန် နေတယ် ၊ မာန က ပြန်ပြီး ခေါင်းထောင် လာတယ် ။
“ ဖြူလဲ့ ကို ပြန် ခေါ်ပါ ၊ ကျမ ရှင့် ကို ကွာ ပေးမယ် ”
ရင် ထဲ မှာ သေသေချာချာကြီး ကို လှိုက်ခုန် နေတယ် ။ ရှင် က အော် ရယ်တယ် ။ ဟားတိုက် ပြီးတော့ ရယ်တယ် ။ ပြီးတော့ ...
“ ဖြူလဲ့ က ကလေး ပေါက်စန မဟုတ် သလို ခင်ဗျား လို ပဲ မာန ရှိတယ် မထရီဇာ ရဲ့သိလား ၊ အမှတ်သညာ လည်း ကြီးတယ် ”
ပြီးတော့ ဆက် ပြောပြန်တယ် ။
“ ဒါက ကျုပ်တို့ အပိုင်းပါ ၊ ခု လိုအပ်တာ က ခင်ဗျား ကွာရှင်းလက်မှတ် ထိုးပေးမယ့် နေ့ ကို ကျုပ် စောင့်နေတယ် ဆိုတာပဲ ”
ကိုအောင်ရဲ ရယ် ၊ ကျမ ဘယ်ဘက် ရင်အုံ ရဲ့ဟိုး အထက် နက်နက် တစ်နေရာ မှာ စူးကနဲ
အောင့် သွားတယ် ။ ခန္ဓာ ကိုယ် တောင် ယိုင်လဲတော့ မလို ဖြစ် သွားတယ် ၊ ရှင့် မျက်နှာ
အေးစက်စက် က ကျမ ကို ခြောက်လှန့် လာတယ် ။
“ စောင့်စရာ မလိုပါဘူး ၊ခု ကွာ ဆိုလည်း ရ ပါတယ် ”
လို့ ကျမ ပြန် ပြောတော့ ရှင့် မျက်လုံးတွေ တစ်မျိုး အရောင် တောက်လာတယ် ။ ကျမ နား မလည် နိုင်တဲ့ အရောင် တွေ ပါ ပဲ ။ ပြီးတော့ ကျမ ကို စိုက် ကြည့်ပြီး ...
“ ဖြူလဲ့ နဲ့ ကျုပ် ပြတ်စဲကြရင် ကျုပ် ခင်ဗျား ဘက် ပြန် ရောက်လာလိမ့်မယ် လို့ ခင်ဗျား
ယူဆ ရင် မှား တာပဲ မထရီဇာ ၊ ခင်ဗျားဘယ်နေရာ မှာ ဘယ်လောက် တော်တော် ကျုပ် ကို တော့ ခင်ဗျား တွက်ကိန်း ချ လို့ မရဘူး ဆိုတာ ခင်ဗျား ခု လောက် ဆို သိလောက်ရော ပေါ့ ၊ခင်ဗျား ကို ဦးစားပေး လက်စ နဲ့ ဆက်ပြီး တစ်ခု ဦးစား ပေးမယ် ၊ ခင်ဗျား စဉ်းစားပါဦး ၊ ပြီးလို့ ဆုံးဖြတ်နိုင်ပြီ ဆိုတာနဲ့ ကျုပ် ကို ခေါ်လိုက်ပါ ၊ ကွာရှင်းစာချုပ် နဲ့ အတူ ကျုပ် လာခဲ့မယ် ”
စကား လည်း အဆုံး လှည့် လည်း အထွက် ပါပဲ ၊ ကျမ ထင်တယ် ။ ကျမ ဟာ ရုပ်ဝတ္ထု အနေ နဲ့ တောင် ရှိသေးရဲ့လား လို့ ။ အသွေးအသားတွေ တစစီ ပေါက်ကွဲ ကုန်သလိုပါပဲ ။ ဘယ်သူ အထင်သေးတာ ကို မှ မခံခဲ့ရဖူးသေးတဲ့ ကျမ ၊ ခံမယ့် ခံရတော့ ကိုယ်တိုင် ရွေးချယ် ကြည်ဖြူ ခဲ့တဲ့ ယောက်ျား ရဲ့ အထင်သေးတာ ကို မှ ခံရတယ်လို့ ကျမ နာနာကျင်ကျင် တွေးတယ် ။ ရှင် ခဏခဏ ပြောဖူးတဲ့ “ မင်း က လူ သာ သေမယ် ၊ မာန ကျန်မယ့် မိန်းမ ပဲ ” ဆိုတာ ကို ဖျတ်ကနဲ သတိ အရ မှာ ကား ထဲ ရောက်သွားပြီ ဖြစ်တဲ့ ရှင့် ကို အော် ပြောဖြစ်လိုက်တယ် ။
“ ကိုအောင်ရဲ ... စာချုပ် ဝယ်ခဲ့ပါ ၊ ကျမ တို့ ဒီ ကနေ့ ပဲ ကွာရှင်း လိုက်တာပေါ့ ”
ရှင် တစ်ချက် ပြုံးတယ် ။ သတိထား လိုက် မိ ရဲ့လား ၊ ကျမ က တော့ သတိထား လိုက်မိတယ် ။ ရှင့် အပြုံး က မဲ့ နေ တာကိုး ။
••••• ••••• •••••
ကိုယ့် ကိုယ် ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီး ကျမ ရှင့် ကို စောင့် နေခဲ့တယ် ။ ဘာကိုမှ မတွေး မိ အောင် သိုးမွေး ထိုးရင်း စိတ်လှုပ်ရှားမှု ကို ထိန်းနေခဲ့တယ် ။ ကား ရပ်သံ ကြားတယ် ၊ ရှင် ဝင်လာတယ် ၊ ကျမ ရဲ့ ရှေ့ မှာ ထိုင်တယ် ။ ကျမ ကို စိုက် ကြည့် နေတယ် ဆိုတာ ကျမ သိ နေတယ် ။ ကျမ မျက်လွှာ လှန် ကြည့် လိုက်တယ် ၊ ရှင့် နှုတ်ခမ်းတွေ လှုပ် သွားတယ် ။
“ တကယ် ဆုံးဖြတ်လိုက်ပြီလား ထရီဇာ ”
ကျမ အံကြိတ် လိုက်တယ် ။ ပြီး ခေါင်းညိတ် လိုက်တယ် ။ ရှင် က စိုက်ကြည့် နေပြန်တယ် ။
ကျမ မတ်တတ် ရပ်တယ် ။ လှည့် ထွက်တယ် ။ ကျမ ကား ပေါ် အရောက်မှာ ရှင့် ကား ဆီ လှမ်း ကြည့် ဖြစ်တယ် ။ ရှင့် မျက်နှာ က ဖြူလျော် နေတယ် ။ ကျမ ပြုံး မိတယ် ။ခုတော့လည်း တုန်လှုပ် နေပြန်ပြီလား ကိုအောင်ရဲ ရယ် လို့ တွေး ပြီး ကား မောင်း ထွက် ဖြစ်ခဲ့တယ် ။ ဒီ တစ်ခါ တော့ နှစ်ဖက်မိဘ မပါ ၊ သူငယ်ချင်း သက်သေ မပါဘဲ ရှင် နဲ့ ကျမ နှစ်ဦး တည်း လက်မှတ် ထိုး ရ မှာပေါ့ ။
စားပွဲ ပေါ် ကို စာချုပ် တစ်စုံ ရောက် လာတယ် ။ တရားသူကြီး ရဲ့ မျက်လုံးတွေ က
မှုန်မှိုင်း နေ သလိုပဲ ။ ကျမ ဘောပင် ကိုင်တယ် ။ လက်တွေ တုန် နေတာ ပတ်ဝန်းကျင်
( အထူးသဖြင့် ရှင် ) သတိထား မိ သွား မှာ စိုး နေ မိတယ် ။ ရှင် တစ်စုံ ကောက် ယူတယ် ။
လက်မှတ်ထိုး အပြီး မှာ ကျမ ကို လှမ်းပေးတယ် ။ ရှင့် လက်ဖျားတွေ က လည်း တုန်ယင် နေ သလိုပဲ ၊ ကျမ နည်းနည်း ကျေနပ် သွားတယ် ။
••••• ••••• •••••
ကားသော့ ကို ဖြုတ်ပြီး အိမ် ထဲ လှမ်း အဝင် မှာ ရှင် ကျမ လက်မောင်း ကို လှမ်း ကိုင်တယ် ။ ကျမ ရှင့် ကို မော့ ကြည့်မိတယ် ။ ကျမ မျက်လုံးတွေ က တော့ မာန ကြောင့် တောက်ပြောင် နေဦးမှာ ပါပဲ ။ ရှင် က ပြောလာတယ် ။
“ မင်း ဟာ သိပ် ကို ခေါင်းမာတာ ပဲ နော် ၊ ထရီဇာ ရယ် ယောက်ျား က ပစ်ချင် လောက် အောင် ဘာဖြစ်လို့ မာန ကြီးချင် ရ တာလဲ ၊ ကိုယ် မင်း ကို တကယ် ချစ်ခဲ့တာပါ ”
ကျမ ရင် တစ်ချက် ခုန် သွားတယ် ။ ရင်ခုန်သံ ကို ကျမ ထိန်း ချင်တယ် ။ ထရီဇာ ပဲ အလျှော့ မပေးရပါဘူး လို့ တွေး ပြီး ခံစားချက် ကို ပြောင်း ယူတယ် ။ ရှင် ပဲ ကျမ ကို
မုန်းတယ် ဆို တဲ့ စကားမျိုးတွေ ပြောခဲ့ပြီး ဘယ်လောက် မှ မကြာ ဘူး ... ချစ်တယ် လို့
ပြောပြန်တယ်လို့ ကျမ တွေး ယူတယ် ။ အဲဒီအခါ ရယ်ပစ်ချင်လာဖို့ သတိ ရတယ် ။ ရယ်စရာ ကောင်းတယ် လို့ မှ မတွေးနိုင် ရင် လည်း ရှင့် ရဲ့အလှည့်အပတ် ထဲ မှာ ကျမ ကျွံဝင် သွား မှာ ကြောက်တယ် ။
ရှင် က ကျမ ပခုံး ကို ကိုင်ပြန်တယ် ။ ပြီး တစ်ချက် ဖျစ်တယ် ။နောက် လှည့် ထွက်တယ် ။ ကျမ ကို တစ်ချက် ပြန်လှည့် ကြည့်တယ် ။ ကျမ သွေးခုန်နှုန်းတွေ မြန် လာတယ် ။
လည်ချောင်း ထဲ မှာ တစုံတခု လာ ဆို့တယ် ။ လက်တွေ ထဲ မှာ အားယုတ် သွားတယ် ။
တံခါး နံရံ ကို လက် နဲ့ အားပြုပြီး ပြုံးပြ နိုင်အောင် ကြိုးစားတယ် ။ ကျမ ပြုံးပြတာ ကိုတွေ့ မှ ရှင် တကယ် ကျောခိုင်း သွားတော့တယ် ။
ကျမ မျက်လုံး တွေ ဝါး လာ သလိုပဲ ။ လက် ထဲ က ကွာရှင်းစာချုပ် က လေ မတိုက်ပါ ဘဲ
တဖျတ်ဖျတ် တုန်နေတယ် ။ ခုတင် ဘေး စားပွဲ ပေါ် ကို စာချုပ် လှမ်း တင် လိုက်တယ် ။
နှစ်ယောက်အိပ် ကုတင် ဆီ မျက်လုံး အရောက်မှာ ပါးပြင် နွေးကနဲ ဖြစ် သွားတယ် ။ အမလေး ... ကျမ မျက်ရည် ကျတယ် ။ မငိုရဘူး ... မငိုရဘူး ၊ ထရီဇာ ဟာ ကိုယ် မမှားတဲ့ အဖြစ်အပျက် တစ်ခု အတွက် ဘယ်တော့မှ မျက်ရည် မကျရဘူး ။ မျက်ခွံတွေ ကိုလက်ဖဝါး နဲ့ ပွတ် သုတ်ပစ် လိုက်တယ် ။ ခေါင်း ကို ဆတ်ကနဲ့ မော့ ပစ်တယ် ။ မျက်တောင်တွေ ကို
ခဏခဏ ခတ်ပြီး စိတ် ကို တင်းတယ် ။ “ ရှင်တို့ ယောက်ျားတွေ ဟာ သိပ် ကို ရယ်ရတာပဲ ” လို့ တတွတ်တွတ် ရွတ်ရင်း မျက်ရည် ကို ထိန်းတယ် ။ ခဏ ကြာ တော့ ဆောက်တည်ရာ ရပြီ လို့ ယူဆ တယ် ။ အားပါးတရ အော်ရယ် နိုင်ရင် သိပ် ကောင်းမှာပဲ လို့ တွေးပြီး ရယ်ဖို့
ကြိုးစားတယ် ။ မရဘူး ။ ပြုံး ကြည့်တယ် ၊ ခါတိုင်း ပြုံးနေကျ ထရီဇာ ရဲ့ နာမည်ကျော်
ယုံကြည်ပြုံး လေ ။ ကိုယ့် ကိုယ် ကို ယုံကြည်မှု ရှိလွန်းတဲ့ အပြုံး ပေါ့ ။ ပြုံး ပြီး စာချုပ် ကို ထပ် ကြည့်မိတယ် ။ ‘ အောင်ရဲ ’ တဲ့ ။ တဘက် မှာ ‘ အေးအေးဦး ’ ဘယ်ဘက် ရင်အုံ ထဲ မှာ စူးကနဲ အောင့်တယ် ။ မျက်လုံး အကြည့် မှာ ... အေးအေးဦး ... ဆိုတဲ့ စာလုံးတွေ က မှုန်ဝါး သွား တယ် ။
◾မေငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အတွဲ ၁ ၊ အမှတ်(၁)
ဇူလိုင်လ ၊၁၉၈၉ခုနှစ်
မဂ္ဂဇင်းဝတ္ထုရှည်စဆုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment