❝ နောက်ဆုံး အဖြေ ❞
အမေ သည် ဆေးပေါ့လိပ် မီးခိုး တလူလူ နှင့် ကျွန်မ အိမ် ထဲ ဝင် လာသည် ကို ငေးကြည့် နေသည် ။
ကျွန်မ ရုံးဆင်း ကို အမေ က ကြိုလေ့ ရှိသည် ။ ယနေ့ အမေ သည် ကျွန်မ ကို အထူး ကြို နေသည် ။ အထူး ကြိုနေ သည် ဟု ကျွန်မ ထင်သည် ။ အမေ သည် ကျွန်မ ကို တစ်ခု ခု ပြောချင် နေပုံ ရသည် ။ အမေ သည် သောက ကြောင့် တုန်လှုပ် နေသည် ။
ကျွန်မသည် အမေ့ အလို ပြည့် စေရန် ဆွဲခြင်း နှင့် ထီး ကို သိမ်းပြီး အမေ့ အနီး တွင် ထိုင် လိုက်သည် ။
“ အမေ .... ထမင်း စားရအောင် ဘာဟင်းလဲ ”
အမေ သည် ကျွန်မ ကို လိုက်ပြီး မျက်စိ တစ်ဆုံး ကြည့် နေ သဖြင့် ဆေးလိပ်မီး သေသည် ထင်ပြီး ဆေးလိပ် ကို မီး ထပ် ညှိသည် ။
“ စားတာပေါ့ သမီး ရယ် ၊ ဟင်း က တော့ မနက် က ကျန်တဲ့ ငါးစင်ရိုင်းဟင်း ပဲ ရှိတယ် ။ အမေ နေ့ခင်း က ဒေါ်နု ဆေးလိပ်ခုံ ဘက် ရောက် သွား သေးတယ် ။ မခင်မြိုင် နဲ့ တွေ့ လို့ မခင်မြိုင် က မောင်ဖေမောင် ပြန် ရောက် နေ ပြီလို့ ပြော လိုက် တယ် ”
“ အစ်ကိုမောင် ”
ကျွန်မ သည် ကိုဖေမောင် ဟူသော အမည် ကို ကြား လိုက် ရ လျှင် ပင် တုန်လှုပ် သွားသည် ။ ရင်ခုန် လာသည် ။ အမေ့ ရှေ့ တွင် ပင် ဟန် မဆောင် နိုင်အောင် ဖြစ် သွားသည် ။
ကိုဖေမောင် ဆို တဲ့ “ အစ်ကိုမောင် ” က ကျွန်မ ရဲ့ အချစ်ဦး အသည်း သခင်လေ ။
“ ဟုတ်တယ် မောင်ဖေမောင် ပြန် ရောက် နေတယ် ”
အမေ သည် ကျွန်မ လှုပ်ရှားမှု ကို ကြည့်ပြီး ဒေါသသံ ပါ လာသည် ။ ကျွန်မ အမေ့ ကို သနား သွားသည် ။ ဟန်ဆောင်ရန် ပြင်ဆင်သည် ။
“ ဪ ... အမေ ရယ် ၊ သူတို့ သူဌေးတွေ ပဲ ။ ရန်ကုန် နဲ့ မန္တလေး ဆိုတာ အိမ်ဦး နဲ့ ကြမ်းပြင် ပေါ့ ”
“ အခု မောင်ဖေမောင် လာတာ အလည် မဟုတ်ဘူး ၊ အပြီး ပြောင်း လာတာ ၊ ရန်ကုန် ကို ပြန်လာ တာ စီးပွားရေး လုပ်ငန်း လုပ် မလို့ တဲ့ ။ သူ့ အမေ မနု ကို ငွေ တောင်း နေ တယ်လို့ မခင်မြိုင် က ပြော လိုက်တယ် ”
“ အမေ ဒေါ်ခင်မြိုင်လည်း အသက် ကြီးလှပြီ နော် ။ ဆေးလိပ် လိပ် ရတုန်းပဲ ”
“ အေးကွယ် သူ့ မှာ လုပ်ကျွေးမယ့် လူ မရှိတော့ အလုပ် လုပ်ရ ရှာတာပေါ့ ။ လင် က လည်း မမာ ၊ သားသမီး က လည်း မရှိ နဲ့ ။ မခင်မြိုင် ဘဝ မတွေးဝံ့အောင် ပဲ ။ ဒါနဲ့ သမီး ကို အမေ မေးရဦးမယ် ”
အမေ က မေးခွန်း မေးမည် ဆို၍ ကျွန်မ ရင် တုန် လာ သည် ။ ရင် တုန်သော အမေ မေးမည့် ပုစ္ဆာ ကို ကျွန်မ သိသည် ။
“ အမေ ဘာ မေး မလို့လဲ ”
“ မောင်ဖေမောင် ကိစ္စ ”
ကိုဖေမောင် ကိစ္စ ဆိုလျှင် ကျွန်မ ဟန်ဆောင် ရမည် ။ အမေ့ ကို မလိမ်ချင် သော်လည်း အမေ စိတ်ချမ်းသာ ရန် လိမ် ပြော ရတော့မည် ။
“ ဪ ... အမေ ရယ် ၊ အစ်ကိုမောင် အကြောင်း အမေ မို့ မေးတယ် ။ အစ်ကို မောင် က
သမီး ကို ထားခဲ့ ပြီး ထွက် သွားတယ် ။ ထွက်သွား ပြီး ကတည်း က သမီး ကို မဆက်သွယ် ဘူး ။ သမီး နဲ့ အဆက် ပြတ် နေတယ် ။ အခုလည်း အဆက်အသွယ် မရှိဘူး ”
“ နောင် ကော ”
“ ဪ အမေ ရယ် ၊ ဟိုတုန်းက သမီး က ငယ် တော့ မသိတတ် လို့ပါ ။ သမီး သိတတ် ရင် မမှားနိုင်ပါဘူး ။ သမီး အခု မှ စဉ်းစား ကြည့်တယ် ။ ဟိုတုန်း က သာ သမီး နဲ့ အစ်ကိုမောင် အိမ်ထောင်ပြုမိ ကြ ရင် ကြီးတော်ဒေါ်နု က ဆေးလိပ်သမ သမီး နဲ့ သူ့ သား ကို သဘော တူ မှာ မဟုတ်ဘူး ။ ကြီးတော်ဒေါ်နု က သဘော တူတယ် ဆိုရင် လည်း အလုပ် လုပ် စားဖို့ နှစ်ယောက် စလုံး ပညာ မစုံ သေးတော့ မလွယ်ပါဘူး အမေ ။ အမေ လည်း ဆေးလိပ်ခုံ က ထွက်ရ မှာ ကို မဟုတ် ဘူး ။ သမီး လည်း ယောက္ခမ မျက်နှာ ကြည့် နေ ရမှာ ။ သမီး တောင် ဆေးလိပ်ခုံ မှာ ဝင် လုပ်ချင် လုပ်နေရမှာနော် ”
“ သမီး ပြောတာတွေ ဟုတ်တယ် ၊ အမေ လည်း စဉ်းစားမိပါတယ် ။ ဘုရား မ,လို့ အမေ့ သမီးလေး ပညာ ဆက် သင် နိုင်ခဲ့တယ် ။ ပြီးခဲ့တာတွေ တော့ ပြန် ပြော မနေပါနဲ့ တော့ သမီး ရယ် ။ အမေ အခု စိတ်ပူတာ က မောင်ဖေမောင် နဲ့ ပြန် တွေ့ ရင် သမီး စိတ် ပြောင်း မှာ ကို ပဲ ”
“ သမီး ကိုမြင့်အောင် နဲ့ သူ စာမေးပွဲ အောင် ပြီး ရင် လက်ထပ်ကြဖို့ ကတိ ပေး ပြီး ပြီပဲ အမေ ”
ကျွန်မ သည် အမေ စိတ်ချမ်းသာ ရန် ပြော သာ နေရ သည် ။ အမေ စိတ်ပူ သလို ကျွန်မ ကိုယ် ကျွန်မ စိတ်ပူ သည် ။ ဦးနှောက် နှင့် အသည်းနှလုံး ဆိုသည်မှာ စရိုက် သဘာဝ တခြား စီ မဟုတ်ပါလား ။
“ ကတိ က တော့ ကတိ ပေါ့ အေ ။ ဒါပေမဲ့ အခု ခေတ် အိမ်ထောင်ရေး တွေ မှာ ကတိ ကို သိပ်ပြီး ဂရုစိုက်ကြတာ မတွေ့ရပါဘူး ။ နောက်ပြီး မနု က လည်း သမီး အခုလို ပညာ တွေ တတ် ပြီး အလုပ်အကိုင် နဲ့ ဆိုတော့ သမီး ကို ချွေးမ တော် ချင်နေပုံ ရတယ် လို့ မခင်မြိုင် က ပြော လိုက်တယ် ။ မနု က အခု တစ်ခါ သူ့ သား ကို အရင် က လို အိမ် က ထွက်သွား မှာ စိုး လို့ အရိပ် တကြည့်ကြည့် ဖြစ်နေတယ် တဲ့ ။ အရင် ငယ်ငယ် က ထက် တောင် အလို လိုက်သေးတယ် တဲ့ ။ သူ့ သား က စီးပွားရေး လုပ်မယ် ဆိုလို့ သူ့ မှာ ရှိသမျှ ပုံအပ်မယ့် ပုံပဲ တဲ့ ။ မခင်မြိုင် တို့ က တောင် ဒေါ်နု ဆေးလိပ်ခုံ ပျက် သွား မှာ စိုးရိမ် နေ တယ် ”
“ အမေ နဲ့ ကြီးတော်ဒေါ်နု တွေ့ သေးလား ”
“ အမေ လည်း မခင်မြိုင် ဆီ က မောင်ဖေမောင် သတင်း ကြား ရတာနဲ့ လှည့် ပြန် ခဲ့တယ် ။ မနု ကို မတွေ့ တော့ဘူး ။ လိမ္မာပါ သမီးရယ် ၊ မောင်မြင့်အောင် နဲ့ မောင်ဖေမောင် က ဆီ နဲ့ ရေ လို ကွာပါတယ် ”
“ ဟုတ်ကဲ့ အမေ ”
အမေ့ ကို စိတ်ချမ်းသာ ရန် သာ ကျွန်မ ဟန်ဆောင် နေ ရသည် ။ ကျွန်မ စိတ်များ သည် ကိုဖေမောင် ဆီ သာ ရောက် နေသည် ။ အမေ နှင့် ထမင်း စားကြသော အခါ အမေ မရိပ် မိ စေရန် ထမင်း တစ်ပန်းကန် ကုန်အောင် မနည်း စား ယူ ရ သည် ။ ထမင်း စားလို့ မရ သလို ကျောင်းစာ ဖတ်၍ လည်း မရတော့ပေ ။ အမေ မသိ စေရန် ထုံးစံ အတိုင်း စာအုပ် ကို ဖွင့် ဖတ် နေ လိုက်သည် ။ အမေ တစ်ယောက် ဘုရား ဝတ်ပြု ပြီး အိပ်ရာ ဝင် သွားသည် နှင့် ကျွန်မ လည်း အိပ်ရာ ထဲ ကို ဝင် လိုက်သည် ။ အိပ်ရာ ထဲ ရောက် သော်လည်း ကျွန်မ အိပ် မပျော် ။
အိပ်မပျော် ဖြစ်ရခြင်း မှာ ကိုဖေမောင် ကို သတိ ရ၍ ဖြစ် ရ ခြင်း ။ ကျွန်မ သည် အမေ က ကိုဖေမောင် အမည် ပြော လိုက် ကတည်း က ရင်ခုန် နေသည် မှာ ယခု အထိ ။ ကိုဖေမောင် နှင့် ပတ်သက်လျှင် ကျွန်မ အမြဲ ရင်ခုန် ရသည် ။ နှလုံး တုန် ရသည် ။ ဤ အဖြစ် သည် ကျွန်မ ဆယ့်ငါးနှစ်သမီး က စ ခဲ့သည် ။
ထိုစဉ်က ကျွန်မ သည် စိန့်ဖလိုမီနာ ကျောင်းသူ ။ သူ က ဘဝသစ်ကျောင်း မှာ ကျောင်းသား ။ ကျွန်မ က ကိုး တန်း ၊ သူ က ဆယ်တန်း သုံးခါ ကျ ကျောင်းသား ၊ ကျွန်မ အမေ က ဆေးလိပ်ခုံ အလုပ်သမ ၊ သူ့ အမေ က ဆေးလိပ်ခုံ ပိုင်ရှင် ။ ကျွန်မတို့ က မုန့်လုပ်ဆောင်းကုန်း ကွက်သစ် တွင် နေသည် ။ သူတို့ က ကျွန်းတောလမ်း လမ်းမကြီး ပေါ် တွင် နေသည် ။ ကျွန်မ က အသက် နှစ်ဆယ့်ငါးနှစ် ၊ သူ က အသက် နှစ်ဆယ် ။
ကိုဖေမောင် သည် ကျွန်မ ထက် အသက် ငါးနှစ် ခန့် ကြီးသည် ။ အသက် ကြီး သော်လည်း သူ က ကျွန်မ ထက် ကလေး ဆန် သည် ။ သူ့ အမေ က လည်း ကိုဖေမောင် ကို တစ်ဦးတည်း သော သား ဖြစ်၍ အလွန် အလို လိုက်သည် ။ ကိုဖေမောင် ဘဝ သည် လိုတရ သော ဘဝ ။ သူ လိုချင်သော အရာ ဆိုလျှင် အကုန် ရသည် ။
ကျွန်မ အချစ် က လည်း စေတစ်လုံး ပိုင်ရှင် ကိုဖေမောင် အတွက် အသင့် ဖြစ် နေသည် ။ ကိုဖေမောင် က ကျွန်မ ကို တစ်ခါ သာ ချစ်ရေး ဆို ရသည် ။ သူ ချစ်ရေး ဆိုပါစေ ဟု ကျွန်မ က ပင် ဆုတောင်း နေ ရသည် ။
ကိုဖေမောင် သည် ခံ့ညားသူ တစ်ယောက် ဖြစ်သည် ။ သူ သည် အရပ် ရှည်သည် ။ အသား ညိုသည် ။ မျက်နှာ က အစဉ် ပြုံး နေသည် ။ သူ သည် ဘောင်းဘီရှည် နှင့် ဂျာကင် အဖိုးတန်များ ကို ဝတ်လေ့ ရှိသည် ။ ဂျာကင် မဝတ် လျှင် စပို့ရှပ် အကောင်းစားများ ကို ဝတ် တတ်သည် ။
ကိုဖေမောင် တို့ အမေ ၊ ကြီးတော်ဒေါ်နု အိမ် တွင် ဝင် ထွက် နေရာ မှ ကျွန်မ ကို တွေ့ ဖူး ပြီး ကျွန်မ ကို သူ က ချစ် ရေး ဆိုခြင်း ဖြစ်သည် ။ ကျွန်မ က လည်း သူ ချစ်ရေး မဆိုမီ က ပင် သူ့ ကို ချစ်နေ မိသည် ။ သူ ချစ်ရေး ဆိုတော့ သူ့ ကို ပွင့်ပွင့် လင်းလင်း ချစ် ရသည် ။
အမေ က အလုပ်ရှင် သား ဖြစ်သော ကိုဖေမောင် နှင့် ကျွန်မ ကို သဘော မတူ ။ အလုပ်ရှင် က မတူမတန် ဟု ဆိုပြီး ခွဲ လိုက် လျှင် သူ့ သမီး ဖြစ်သော ကျွန်မ စိတ်သောက ရောက် ရမည် ကို စိုးရိမ်ရှာသည် ။
ကျွန်မ ဆယ်တန်း ကို ( ခ ) စာရင်း မှ အောင်သော နှစ် တွင် ကိုဖေမောင် မန္တလေး သွားသည် ။
“ အေးအေး ၊ အစ်ကိုမောင် မန္တလေး ကို ခဏ သွား လိုက်ဦးမယ် ။ ဟိုက ပြန် လာရင် အစ်ကိုမောင် စီးပွားရေး လုပ်ငန်း တစ်ခု ခု လုပ်မယ် ။ အေး ကို လည်း အစ်ကိုမောင် လက်ထပ်မယ် ။ အစ်ကိုမောင် ဆယ်တန်း မဖြေချင်တော့ ဘူး ။ စာ သင်လို့ စာမေးပွဲ အောင်လည်း လခစား ဘဝ နဲ့ အရိုးထုတ် ရမယ် မဟုတ်လား ။ ဒါကြောင့် အစ်ကိုမောင် မန္တလေး က ပြန် လာရင် အလုပ် လုပ်တော့မယ် ။ အစ်ကိုမောင် ဟိုမှာ မကြာပါဘူးအချစ်ရယ် ” ဟု ကိုဖေမောင် ပြော သွားသည် ။
ဟိုမှာ မကြာပါဘူး ဆိုသော်လည်း မန္တလေး တွင် ကိုဖေမောင် လေးနှစ် ကျော်ကျော် ကြာသည် ။ ကျွန်မ က တော့ ကိုဖေမောင် ပေါ်လာ နိုး နှင့် မျှော် နေသည် ။ ကိုဖေမောင် က ကျွန်မ ကို သတိ ရဟန် ပင် မရှိ ။ လေးနှစ် အတွင်း သူ ရန်ကုန် သို့ ခဏ ဆင်း လာ လျှင် လည်း ကျွန်မ ထံ သို့ လာရန် သတိ မရ ။ ကျွန်မ ကို သတိ ရ စရာ လည်း မလို ။ သူ့ တွင် ခင်ရ ချစ်ရ သူတွေ ပေါသည် ။
ကျွန်မ ဆယ်တန်း ကို ( ခ ) စာရင်း မှ အောင်မြင်ပြီး နောက်ပိုင်း တွင် လက်နှိပ်စက် သင် ၍ လက်နှိပ်စက် စာရေးမ ဝင် လုပ်သည် ။ ကျွန်မ အဖေ သည် ရဲကြပ် အဖြစ် တာဝန် ထမ်းဆောင်စဉ် ကျုံပျော် အနီး ၌ ဓားပြ သ,တ် ၍ ကွယ်လွန် ခဲ့ သည် ။ အဖေ့ ပင်စင် ဖြင့် ကျွန်မ ကျောင်း နေသည် ။ အမေ့ အစ်မကြီး က သူ့ အိမ် အဖီကလေး တွင် ခေါ်ထား သဖြင့် မုန့်လုပ်ဆောင်းကုန်း မှ တဲ ကို ရောင်းပြီး ပြောင်း ခဲ့သည် ။ ကျွန်မ သည် အဖေ ကို မမှတ်မိ ။ ကျွန်မ အမေ သည် သမီးလေး ကို ဆေးလိပ် လိပ်ပြီး ကျွေး ခဲ့သည် ။
ကျွန်မ သည် လက်နှိပ်စက်စာရေးမ တစ်ဖက် လုပ်၍ တစ်ဖက် က ညကျောင်း တက်သည် ။ ဆယ်တန်း အောင်ပြီး ပြီ ။ လုပ်သားကောလိပ် တွင် တတိယနှစ် မြန်မာစာ အဓိက ကျောင်းသူ ဖြစ်နေပြီ ။ အလုပ် က လည်း ဌာနသစ် တစ်ခု တွင် အထက်တန်းစာရေး ရာထူး ကို ရ နေပြီ ။ ကျွန်မလခ ဖြင့် သားအမိ နှစ်ယောက် စားလောက် သဖြင့် အမေ့ ကို ဆေးလိပ် အလိပ် မခိုင်းတော့ပေ ။
ကျွန်မ လုပ်သားကောလိပ် တက် စဉ် ကိုမြင့်အောင် ကို တွေ့ ရသည် ။ ကိုမြင့်အောင် သည် အသား ဖြူသည် ၊ အရပ် က အနေတော် ဖြစ်သည် ။ သူ့ မျက်နှာ အမြဲ မျက်မှောင် ကုတ် ထားသည် ။ သူ သည် ပင်နီတိုက်ပုံ နှင့် ချည်ပုဆိုး ကို ဝတ်သည် ။ တိုက်ပုံ မဝတ်သော အခါ ညိုမှိုင်းနီကြောင်နေ သာ ရှပ်လက်ရှည်အဖြူများ ကို ဝတ် တတ်သည် ။ ကိုမြင့်အောင် သည် လောက တွင် ဘယ်အရာ မဆို ကြိုးစား မှ ရ မည် ဆိုသော အဘိဓမ္မာ ဖြင့် အသက် ရှင် နေသည် ။ သူ သည် ဆယ်တန်းမအောင်မီ ကပင် အလုပ် ဝင် လုပ်ခဲ့ရသည် ။ ဆယ်တန်း အောင် အပြီးတွင် စက်ရုံ ၌ ဝင် လုပ်ခဲ့သည် ။ စက်ရုံ တွင် ယခု အထိ အလုပ် လုပ် နေသည် ။ နောင် ကို လည်း ဆက် လုပ် ရဦးမည် ။ လောကကြီး တွင် ကိုမြင့်အောင် တို့ ၊ ကျွန်မ တို့ လို လူစားတွေ အဖို့ အလုပ် လုပ်နေခြင်း မှ တစ်ပါး အခြား ထွက် ရာ လမ်း မရှိ ။
ကိုမြင့်အောင် သည် ယခု စာသင်နှစ် ပြီး လျှင် ဝိဇ္ဇာဘွဲ့ ရ တော့မည် ။ ကိုမြင့်အောင် ဘွဲ့ ရ ပြီးလျှင် ကျွန်မတို့ လက်ထပ် ကြရန် သဘောတူ ထားသည် ။ ကိုမြင့်အောင် ဘွဲ့ ရ မှ ကျွန်မတို့ လက်ထပ်၍ ဖြစ်မည် ။ ကိုမြင့်အောင် တွင် ညီငယ် များ ကို ကျောင်းထား ပေး နေရသော တာဝန် ရှိသည် ။ ဘွဲ့ ရ လျှင် စက်ရုံ တွင် ကိုမြင့်အောင် ရာထူး တက်ဖို့ ရှိသည် ။ လခ တိုး၍ ဝင်ငွေ တိုး ရလာ မှ ကျွန်မတို့ လက်ထပ်နိုင်ကြ မည် ။ ယခု အခြေအနေ နှင့် ကား ကျွန်မ နှင့် ကိုမြင့်အောင် လက် မထပ်နိုင် ။
လက် မထပ် နိုင်သော အခြေအနေ က ကျွန်မ အဖို့ ကံ ကောင်း သည် ဟု ဆိုချင်ပါသည် ။ လက်ထပ် နိုင် ပါ က ကျွန်မ အဖို့ ခက်သည် ။ ကျွန်မ အဖို့ ခက်ခြင်း ထက် ကျွန်မ အသည်းနှလုံး အဖို့ ဆိုလျှင် ပို မှန်သည် ။ ကျွန်မ အသည်း နှလုံး က အချစ် တွင် အစား ထိုး ၍ မရသေး ။ ကိုဖေမောင် ကို ချစ်စိတ် မှ တစ်ပါး တစ်ခြား မရှိ ။ ဦးနှောက် နှင့် စိတ် က ကို မြင့်အောင် ကို မဲ ပေးသည် ။ အသည်းနှလုံး က ကိုဖေမောင် ဘက် မှ ဖြစ်သည် ။ ကိုဖေမောင် ကို အရင် က ချစ်ခဲ့သည် ။ ယခု လည်း ချစ်နေသည် ။ နောင် ကို လည်း ချစ်မည် ။ ချစ် နေ မည် ။
ကိုမြင့်အောင် ကို တွေ့ရလျှင် ကျွန်မ မကြည်နူး ။ ကိုမြင့်အောင် နှင့် ထွက် လျှင် လည်း ကျွန်မ မပျော် ။ ကိုမြင့်အောင် စကား ပြော လျှင် ကျွန်မ နားထောင် မရ ။ ကိုမြင့်အောင် သည် ပျင်းစရာ ကောင်းသော အဖော် ။
ကိုဖေမောင် ကို တွေ့ ရ လျှင် ကျွန်မ ကြည်နူးသည် ။ ကိုဖေမောင် နှင့် ထွက်လည် လျှင် ကျွန်မ ပျော်သည် ။ ကိုမောင် စကား ပြောလျှင် ကျွန်မ နားထောင် ၍ မငြီးနိုင် ။ နား ထောင် ၍ ကောင်းသည် ။ စိတ်ဝင်စားဖွယ် ဖြစ်သည် ။ ကိုဖေမောင် သည် ပျော်စရာ ကောင်းသော အဖော် ။
သို့သော် ကျွန်မ ကိုမြင့်အောင် ကို အားကိုး လို့ ရ သည် ။ ကိုဖေမောင် ကို အားကိုး လို့ မရ ။ သို့သော် ကျွန်မ ကိုမြင့်အောင် ကို ချစ်လို့ မရ ။ ကိုဖေမောင် ကို ချစ်လို့ ရသည် ။
ကိုဖေမောင် မန္တလေး မှ ပြန်ချိန် တန် ၍ ပြန် မလာသော အခါ ကျွန်မ ငိုသည် ။ သူ့ ကို လွမ်း၍ မျက်ရည် နှင့် ကြို သည် ။ ကြို သာ ကြိုရသည် ။ သူ က ကျွန်မ ကို မလို ။ ငိုသာ ငို ရသည် ကြိုသူ ကို သူ မလွမ်း ။ ကျွန်မ သည် မျက်ရည်စိုစို နှင့် သူ့ ကို ကြိုသည် ။ သူ က ပေါ် မလာ ။ နှစ်တွေ သာ ကြာ လေပြီ ။
သူ့ သတင်းတွေ က လည်း အမျိုးမျိုး ။ မန္တလေး တွင် မိန်းမ ရ နေပြီ လိုလို ၊ မိုးကုတ် တွင် ကျောက်တွင်း တူး နေပြီ လို လို ၊ မော်လမြိုင် တွင် မှောင်ခို လုပ်နေပြီ လိုလို ၊ လိုလို အမျိုးမျိုး တွေ ကို သာ အမျိုးမျိုး ကြား နေ ရသည် ။ ဘာမျှ အသေအချာ ကျွန်မ မသိ ။ သူ့ သတင်းများ ကို ကြားနိုင် သမျှ ကြား နိုင်ရန် နားစွင့် ရုံ မှ တစ်ပါး ကျွန်မ ဘာမျှ မတတ်နိုင်ခဲ့ ။
ကျွန်မ သည် ကိုဖေမောင် ကို လွမ်း လျှင် ငိုသည် ။ ငို သည် က လွဲလို့ ကျွန်မ ဘာမျှ မကြံတတ် ။ ငို ရ လွန်းတော့ လည်း မျက်ရည် ကုန် သွားသည် ။ မျက်ရည် ခြောက်သွား သော်လည်း အသည်းနှလုံး တွင် စွဲကပ် နေသော သူ့ ကို ချစ်သည့် ဝေဒနာ က မပျောက် ။
ကိုဖေမောင် ကို အချစ် ပို သော ကြောင့် ကျွန်မ ကိုမြင့်အောင် ကို အမြဲ အသာ ရသည် ။ အမြဲ အနိုင် ရသည် ။ တကယ် ချစ်သူ သည် အရှုံး ကို ရင်ဝယ် ပိုက်ရသည် မဟုတ် လား ။ အနိုင်ကျင့်မှု ကို ခေါင်းငုံ့ ခံရသည် မဟုတ်ပါလား ။ ချစ်သူ အလိုကျ စေရန် အမျိုးမျိုး အလို လိုက် ရသည် မဟုတ် ပါလား ။ ကိုမြင့်အောင် က ကျွန်မ ကို အချစ် ပို သောကြောင့် ကိုဖေမောင့် ကို အချစ် ပို သော ကျွန်မ က ကိုယ်ချင်းစာ ပြီး အနိုင် ယူ နေသည် ။
ကျွန်မ သည် ကိုဖေမောင် အကြောင်း တွေး ရလျှင် မအိပ်နိုင် ။
••••• ••••• •••••
ည က အိပ် မပျော်၍ ကျွန်မ ခေါင်း နည်းနည်း ကိုက် နေသည် ။ ခေါင်းကိုက် နှင့် အိပ်ငိုက်ပျောက် သွားရန် ကျွန်မ ဆေး သောက် လိုသည် ။ ဆေး သောက် လို ၍ ကိုဒါနင် ဝယ် ရန် ရုံး ရှေ့ ရှိ ကွမ်းယာဆိုင်ကလေး သို့ ကျွန်မ ထွက် ခဲ့သည် ။ ကွမ်းယာဆိုင် နှင့် မလှမ်းမကမ်း လက်ဖက်ရည်ဆိုင် တွင် ထိုင် နေသော လူ တစ်ယောက် ကျွန်မ အနီး ရောက်လာသည် ။
“ အေး ”
“ ရှင် ”
“ အေး အစ်ကို မောင် လေ ”
ကိုဖေမောင် သည် ကျွန်မ အနီး လာ ရပ်သည် ။ လူ က လည်း ထုံးစံ အတိုင်း တောက်ပြောင် နေသည် ။ ကိုဖေမောင် သည် နောက်ဆုံးပေါ် ဖော့ခရစ်မီးခိုးရောင် ရှပ်လက်ရှည် ၊ သားရေဂျာကင် နှင့် တက်ထရက်ဘောင်းဘီရှည် ကို ဝတ် ထားသည် ။ ဆံပင် က လည်း ရုပ်ရှင်မင်းသားများ ကဲ့သို့ ဆံပင်ရှည်ကြီး နှင့် ဖြစ်သည် ။ လက် ထဲ တွင် နိုင်ငံခြား စီးကရက်ဘူး နှင့် မီးခြစ် ကို ကိုင် ထားသည် ။
”ကဲ .. လာ ဟိုနား က သစ်ပင် အောက် က ကြံရည် ဆိုင် မှာ သွား ထိုင်မယ် ”
ကျွန်မ သည် စက်ရုပ် ကဲ့သို့ ကိုဖေမောင့် အမိန့် ကို နာ ခံပြီး ကြံရည်ဆိုင် တွင် ထိုင် သည် ။ ကြံရည်ဆိုင် တွင် လူ ရှင်း နေသည် ။
“ အေး ”
“ ရှင် ”
“ ဘာတွေများ အံ့ဩ နေတာလဲ ”
“ အစ်ကိုမောင့် ကို လေ ”
“ အစ်ကိုမောင် ဘာဖြစ် နေလို့လဲ ”
“ ဘာမှ မဖြစ်ပါဘူး ၊ ဘာမှ မပြောင်းလဲလို့ ”
ကျွန်မ သည် သူ့ ကို စကား သာ ပြောနေ ရသည် ။ ရင် က ခုန် လာသည် ။ ရင် ထဲ တွင် ရှိ နေသော သူ့ ကို ချစ်သည့်စိတ် က နိုးကြား လာသည် ။
“ အေး လက်ထပ်တော့မယ် ဆို ”
“ ဘယ်သူ ပြောသလဲ ”
“ အမေ့ ဆေးလိပ်ခုံ က ပေါ့ ။ အေး ရဲ့ လူ က စက်ရုံ မှာ လုပ်တယ် ဆို ။ အစ်ကိုမောင့် ကို ပြောစမ်းပါဦး ။ ဘယ်လို လူမျိုးလဲ ”
“ လူရိုးလူကောင်း လူအေး တစ်ယောက်ပါ ပဲ ”
ကိုဖေမောင် မှာ ထားသော ကြံရည် နှစ်ခွက် ကို ကျွန်မ တို့ ထိုင် နေသော စားပွဲကလေး တွင် လာချသည် ။
“ အစ်ကိုမောင် နဲ့ တူလား ”
“ အစ်ကိုမောင် နဲ့ နည်းနည်းကလေး မှ မတူဘူး ”
“ အစ်ကိုမောင် နဲ့ မတူရင် အေး မချစ်ပါဘူး ။ ဒါနဲ့ အစ်ကိုမောင့် ကို ကော အေး ချစ်သေးရဲ့လား ”
သူ့ ကို ကျွန်မ မဖြေလို ။ ဖြေရန် လည်း လိုမည် မထင် ။ အဖြေ က နှစ်ယောက်စလုံး သိပြီး ဖြစ်သည် ။ သူ့ ကို ကျွန်မ ချစ်သည် ။
”အစ်ကိုမောင် မန္တလေး မှာ ဘာ လုပ်နေသလဲ ”
“ ဘာမှ မလုပ်ဘူး ”
“ လေးနှစ် တောင် နေတာ ဘာမှ မလုပ်ပဲ ကို ”
“ လုပ်စရာ မလိုပဲကိုး အေး ရဲ့ ။ အစ်ကိုမောင့် ဘကြီး နဲ့ အဒေါ် က အစ်ကိုမောင့် ကို သိပ်ချစ်တာ ။ ဘာမှ မလုပ်ဘူး ဆိုတော့ မုသား ဖြစ်မယ် ။ ဘကြီးသနပ်ဖက်ပွဲရုံ က ကား တွေ နဲ့ လျှောက် လိုက် မိတယ် ။ ကုန်ကားတွေ နဲ့ လိုက်တော့ အနှံ့ ရောက် ခဲ့တယ် ”
“ အခု ဘာ ကိစ္စ ရှိလို့ ပြန် လာတာလဲ ”
“ အေး ကို တွေ့ချင်လို့ ”
“ အေး ကို တွေ့ချင်လို့ ဟုတ်လား ။ အခုမှပဲ တွေ့ချင် တော့တယ် ။ လူ တစ်ယောက် ကို လေးနှစ် ကြာ မှ တစ်ခါ တွေ့ ရတယ်လား ”
“ အေး ကို တွေ့ ချင်လို့ ဆိုတာ ထက် အေး ကို လက်ထပ်ချင် လို့ ပြန် လာတယ် ဆိုရင် ပိုပြီး မှန်လိမ့်မယ် ။ အမေ့ ဆီ က စာ ထဲ မှာ အေး တစ်ယောက် လက်ထပ်တော့မယ် လို့ ပါ လာတယ် ။ နောက်ပြီး ဟိုမှာ လည်း အစ်ကိုမောင် ဆက် မနေချင်တော့ဘူး ”
“ ဟိုမှာ ရှိတဲ့ အစ်ကိုမောင့် ချစ်သူ က လက်ထပ် သွား လို့လား ”
ကိုဖေမောင် သည် ပြုံး နေရာ မှ မျက်မှောင် တစ်ချက် ကုတ် လိုက်သည် ။ ချက်ချင်းပင် ပြန် ၍ ပြုံး လိုက်သည် ။ ကိုဖေမောင် သည် ပြုံး လိုက်လျှင် အလွန် ကြည့် ကောင်းသည် ။ ကိုဖေမောင့် အပြုံး တွင် ကျွန်မ ကြည်နူး မူးယစ် ခဲ့ရသည် မှာ အကြိမ်ကြိမ် ။
ကျွန်မ သည် ကြံရေ ကို ယူ သောက်သည် ။ ကိုဖေမောင် သည် ကြံရေခွက် ကို ချ ၍ စီးကရက် မီးညှိ သည် ။
“ အစ်ကိုမောင် ဟိုမှာ ချစ်သူ မရှိတော့ပါဘူး ။ ချစ်သူ ရှိလည်း အရေး မကြီးပါဘူး ။ အစ်ကိုမောင် သူတို့ ကို လက်ထပ် မှာ မဟုတ်ဘူး ။ အစ်ကိုမောင် လက်ထပ် မှာ က အေး ပါ ”
“ အလာ ကောင်း ပေမဲ့ အခါ နှောင်း မနေဘူးလား အစ်ကိုမောင် ”
“ အခါ မနှောင်းသေးပါဘူး ။ အေး တစ်ယောက် ကျောင်း အတူတူ တက် နေတဲ့ ကိုမြင့်အောင် နဲ့ လက်ထပ် တော့မယ် ဆိုတဲ့ အဆင့် ပဲ ရှိသေးတယ် ။ တကယ် လက်မထပ်ရ သေးဘူး ။ အချိန် မနှောင်းသေး လို့ အေး ကို အခု တွေ့ နေရတာပေါ့ ။ မဟုတ်ဘူးလား အေး ”
“ ဒါနဲ့ အစ်ကိုမောင် အေး ကို လက်ထပ် ရင် ဘာနဲ့ ထမင်း ကျွေး မလဲ ”
“ ဆယ်တန်း အောင် မှ ၊ လခစား ဖြစ် မှ ထမင်း ကျွေး နိုင် တာ မဟုတ်ပါဘူး ။ အစ်ကိုမောင် က မငတ်ရုံ တမည် စား နေ ရတဲ့ ဘဝ မျိုး ကို မကြိုက်ဘူး ။ အစ်ကိုမောင် ကုန်ကား ထောင် စားမလို့ ”
“ ကုန်ကား ထောင်စား ဖို့ အခုမှ စိတ်ကူးတာ မဟုတ်လား ”
“ ဟုတ်တယ်လေ အခုမှ စိတ်ကူးတယ် ။ အခု စိတ် ကူးဖို့ လိုလာလို့ စိတ်ကူးပြီ ။ အရင်က စိတ်ကူးဖို့ မလိုဘူး ။ အမှန် မှာ တော့ အခုလည်း မလိုပါဘူး ။ အမေ့ ရဲ့ ဒေါ်နုဆေးလိပ်ခုံ က ဝင်ငွေ မနည်းပါဘူး ။ ဘကြီး က လည်း ကျွေး ထား နိုင်ပါတယ် ။ အမေ က လည်း သား တစ်ယောက် သာ မက ဘူး မြေး ဆယ်ယောက် လောက် ကျွေးထား နိုင်တယ် ။ အေး လည်း သိသားနဲ့ ”
“ အေး သိပါတယ် ။ ဒါပေမဲ့ အစ်ကိုမောင် ပိုင်သေး တာ မှ မဟုတ်ပဲ ။ အစ်ကိုမောင့် ကိုယ်ပိုင် ဝင်ငွေ ကို အေး ပြော နေတာ ”
“ ဟုတ်တယ်လေ ဒါကြောင့် ကုန်ကားထောင်မယ် လေ ”
“ အစ်ကိုမောင် ဆယ်တန်း အောင်ပြီး သွားပြီလား ။ တစ်နေ့ လောကဓံ နဲ့ ကြုံတွေ့ လာရင် လခစား လုပ်စားနိုင် အောင် မေးတာပါ ”
“ ဆယ်တန်း ဟုတ်လား ၊ ဆယ်တန်း မဖြေတာ ရန်ကုန် က ထွက်သွား ကတည်း က ။ အဲဒါတွေ အသာ ထား လိုက်စမ်းပါ အေး ရယ် ။ အစ်ကိုမောင် ကုန်ကားကြီးတွေ သုံးစီး လောက် ဝယ်ဖို့ စီစဉ် နေပါတယ် ။ အေး ထမင်း မငတ် စေရပါဘူး ”
ကိုဖေမောင် သည် ကြံရည်ဆိုင်ရှင် ကို ပိုက်ဆံ ရှင်းပေး သည် ။ ကျွန်မ သည် ကြံရည်ဆိုင် မှ ထသည် ။
ကျွန်မ သည် ကိုဖေမောင် ကို ချစ်သည် ။ ချစ်ခဲ့သည် ။ ချစ်နေမည် ။ ငယ်ချစ်ဦး အချစ်ဆုံး ချစ်သူ ကို မမုန်းနိုင် ၊ မမေ့နိုင် ။ သက်ဆုံးတိုင် ချစ်သွား ချင်သည် ။
“ အစ်ကိုမောင် မန္တလေး သွားနေတုန်း က အေး သတိရရဲ့လား ”
“ အစ်ကိုမောင် မို့ မေးရက်တယ် ။ အေး အစ်ကိုမောင့် ကို လွမ်းလို့ ခဏခဏ ငိုတယ် ”
“ အခု ငိုစရာ မလိုတော့ဘူး ။ နောင် ကိုလည်း ဘယ်တော့ မှ မငိုရတော့ဘူး ။ အေး ကို အစ်ကိုမောင် တစ်သက် ဘယ်တော့မှ မခွဲတော့ဘူး ။ အစ်ကိုမောင် ကြီးပွားအောင် ကြိုးစားမယ် ။ အေး ဂုဏ် မငယ်အောင် အစ်ကိုမောင် ထား မယ် ။ အေး ဖြေစေချင်တဲ့ ဆယ်တန်း လည်း ပြန် ဖြေမယ် ဟုတ်လား ”
ကျွန်မ သည် ဘာမျှ မပြော ။ သူ့ ကို ငေးကြည့်နေမိသည် ။
“ အေး အစ်ကိုမောင့် ကို ချစ်တယ် မဟုတ်လား ”
“ ချစ်ပါတယ် ”
“ အခုကော ချစ်သေးရဲ့ လား ”
“ အခု လည်း ချစ်ပါတယ် ၊ အရင် က လည်း ချစ်ပါတယ် ”
ကိုဖေမောင် သည် ကျွန်မ လက်များ ကို စိုက် ကြည့်သည် ။
“ အေး အစ်ကိုမောင့် ကို လက်ထပ်မယ် မဟုတ် ... မဟုတ်လား ”
ကျွန်မ က ခေါင်း ခါ လိုက်သည် ။
“ အေး အစ်ကိုမောင့် ကို ချစ်တယ် မဟုတ်လား ၊ ချစ်ရင် လက်ထပ်ပါ ”
ကျွန်မ ခေါင်းခါ မြဲ ခါ လိုက်သည် ။
“ အေး သေသေချာချာ စဉ်းစားပြီးပြီလား ”
ကျွန်မ က ခေါင်းညိတ် လိုက်သည် ။
“ ဒါ အေး ရဲ့ နောက်ဆုံး ... နောက်ဆုံး အဖြေလား ... ”
ကျွန်မ ခေါင်း ညိတ်မြဲ ညိတ် လိုက်သည် ။
ကျွန်မသည် ကိုဖေမောင် နှင့် လက်တွဲ ဖြုတ် ၍ ရုံး ဘက် သို့ ထွက် ခဲ့သည် ။
ကျွန်မ ဘာကြောင့် ခေါင်း ခါ ရသည် ၊ ကျွန်မ ဘာကြောင့် ခေါင်း ညိတ် ရသည် ကို ရှင်းပြ ရန် လိုမည် မထင် ။
◾တက္ကသိုလ်မြစိမ်း
📖 ဟန်သစ် မဂ္ဂဇင်း
၁၉၉၀ ၊ ဒီဇင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment