Tuesday, May 23, 2023

ဆေးဆရာ


 

❝ ဆေးဆရာ ❞

တိမ်မြုပ် လျက် ရှိသော မြန်မာ ကုထုံးနည်း နှင့် မြန်မာ ဘယဆေးများ ကို အနောက်နိုင်ငံ စနစ်အရ ပြုပြင်ရန် အလို့ငှာ မြန်မာ သမားတော်များ နှင့် အင်္ဂလိပ် ဆေးပညာ တတ်မြောက်သူ ပညာရှိများ ပူးပေါင်း ကာ ကြံစည် ကြသည် ဟူ၍ ကြား လိုက်ရ ဖူးသည် ။ ယခုအခါ ထို ကိစ္စ မှာ မြန်မာ ကုထုံးနည်း နှင့် ဆေးပညာများ ကဲ့သို့ ပင် တိမ်မြုပ် လျက် ရှိပေ သေးသည် ။ မြန်မာ့ ဆေး ကို မြန်မာ တို့ မယုံကြည် သည် မှာ မြန်မာများ ၏ အပြစ် ချည်း မဟုတ်ချေ ။ လောက တံထွာ တစ်ရွာသား ကို မှ ရည်းစား လုပ် ချင်သည် ။ ဤ ရွာသား သည် ဤ ရွာသူ ကို မှ ကြိုက်ရမည် ဆိုသော် ၊ ကောလိပ်ကျောင်းသူ တို့ သည် ကောလိပ်ကျောင်းသား တိုင်း အဖို့ ဖြစ်ရ ပေ တော့မည် ။ သို့သော် ကျွန်ုပ် ဆိုလိုရင်း ကား ဆေး အကြောင်း ဖြစ်သည် ။

တစ်ခါသော် ကျွန်ုပ် သည် ၄၇ မိုင် မျှ ရှည်လျားသော မြန်အောင် ရေကာတာ ကို စောင့်ရှောက် ရန် အလုပ် ဝတ္တရား ဖြင့် ညောင်ကျိုး ခေါ် သော ရွာကလေး သို့ မရောက်စဖူး ရောက် လာ ရသည် ။ ဧရာဝတီ မြစ်ရေ သည် ဆုတ်ကန် ဆုတ်ကန် ပြုလုပ် ၍ ရေကာတာ ၏ ခြေရင်း သို့ ဝပ်စင်း ခစားလျက် ရှိသည် ။ တစ်ခါတစ်ရံ ဓမ္မတာတရား သည် ပင်လျှင် လူ တို့ ၏ ဉာဏ်စွမ်း ကို ပူဇော်သမှု ပြုရ ချေ သေးသည် တကား ဟု တရားများ ကျမိတော့သည် ။ လယ်ယာ ကိုင်းကျွန်း တို့ ကို မိမိ ၏ ခြေအောက် သို့ ခိုလှုံ စေသော ဧရာဝတီ မြစ်ရေ အထု သည် ပန်ချာပီလူမျိုး တို့ ကြီးစိုးရာ ဖြစ်သော ပီဒဗလျူဒီ ဌာန ၏ လက်စွမ်း ကို သြချ ရသော အနေ ဖြင့် ရေကာတာကြီး ဘေး တစ်လျှောက် တွင် ဦးတိုက် မျက်စောင်း ထိုး လျက် ရှိသည် ။ သို့သော် လ မပြည့်မီ အတော အတွင်း မနိုင်ပုံ ပေါ်၍ လေလား မသိ ၊ ကြောက်ဆုတ် ကြောက်ဆုတ် နှင့် နောက်သို့ တွန့် ၍ သွားသည် မှာ သုံးလက်မ ခန့် မျှ ရေ လျှော ကျသွား ပေပြီ ။

ရေကာတာ စောင့် ရသည် မှာ ပျင်းလွန်း လှသည် ။ ထို့ကြောင့် တစ်နေ့ သော် မိုင် ၄၀ ရှိ ပျိုးကုန်းရွာ သို့ အလည်အပတ် ထွက် ခဲ့သည် ။ မိုးတွင်း အခါ ဖြစ် ရကား ရွာ အဝင် မှာ ရွှံ့ညွန် ထူထပ် ညစ်ပတ် လျက် ရှိလေ သောကြောင့် နီးရာ အိမ် တစ်ဆောင် သို့ အိမ်ရှင် အား ခွင့်ပန် ပြီးလျှင် ဝင်ရ လေ တော့သည် ။ အိမ်ရှင် နှင့် အိမ်ရှင်မ တို့ သည် ဝတ်ကြီး ဝတ်ငယ် ပြုပြီး နောက် အိမ် ရှေ့တွင် လူးလာ ခတ် ၍ နေသော အသက် လေးဆယ် နီးနီးခန့် ရှိ လူ တစ်ယောက် ကို “ ဆရာ ဧည့်ခံ စကား ပြော ရအောင် ကြွပါ ” ဟု ပင့်ဖိတ် လေသော် ဆရာ အခေါ်ခံသူ သည် ကျွန်ုပ် ရှိရာ သို့ လာပြီး လျှင် ဧည့်ခံ လေသည် ။

တောရွာ ဆို သဖြင့် လည်း နှယ်နှယ်ရရ မမှတ်သင့် ။ သစ်ကောင်း ဝါးကောင်း ကျောက်သံပတ္တမြား တို့ သည် တော မှ သာ လျှင် ထွက် သည် ။ ပညာရှိ သုခမိန် တို့ ကို တော ၌ တွေ့  နိုင်သည် ။ ရက်ရက်စက်စက် လှပသော မိန်းကလေးများ လည်း တော ၌ ရှိပါသည် ။ အစွမ်းကုန် ဆို ရသော် တောတွင်းသား တို့ ပင် လျှင် ဤ ကမ္ဘာကြီး ကို အုပ်စိုး နေရသည် မဟုတ်ပါ လော ။ ထို့ကြောင့် အမြင် ကျယ် ကုန်သော သူတို့ သည် တောရွာကျေးလက် တို့ ကို ပြုပြင် ပေး နေကြသည် မဟုတ်လော ။ ယင်းသို့ ဖြစ် ရကား ကျွန်ုပ် သည် တော သို့ ပင် ရောက် သော်လည်း မြို့သားတို့ ၏ ဟန်ဓာတ် ကို မခုတ်ဝံ့ပါ ။ စင်စစ် ကျွန်ုပ် သည် ပင် လျှင် တောတွင်းသား ဖြစ် ပါသည် ။ ထို့ကြောင့် တောသား သည် တောသား ကို တွေ့သော အခါ တောဓလေ့ တောစရိုက် အလျဉ်း သင့်ရာ ပြောကြ ဆိုကြ ကုန်သည် ။

ဆရာ အခေါ် ခံ သူ က သူ သည် ကျောင်းဆရာ မဟုတ် ၊ ဆေးဆရာ ဖြစ်ကြောင်း ပြော သည် ။ သူ သည် ကနောင်မြို့ သား ဇာတိ ဖြစ်သည် ။ အမည် မှာ ကိုဖိုးအို ဟု တွင် သည် ။ ပျိုးကုန်း တွင် အိမ်ထောင် ကျရင်း နေထိုင် လာသည် မှာ ဆယ့်လေးနှစ် ခန့်ရှိပြီ ဆိုသည် ။ ကနောင် ဆရာပို ၏ တပည့် ၊ တောင်သာဆရာ ၏ တပည့် ၊ ခြောက်လုံး ဆရာမှို ၏ တပည့် စသည် ဖြင့် တပည့် ခံ ခဲ့ရသော ဆရာ များ အကြောင်း ပြော ပြသည် ။

“ နေပါဦး ဆရာ ရယ် ၊ ဆရာတို့ ဆေးပေး ဆေးယူ နည်းနိဿယ က တယ်ပြီး ရှေးကျ နေတာ ကလား ။ ဆေးတွေ ကို အမှုန့် ပြုပြီး ကျွေးမည့် အစား အဆီ ချက် ရင် မကောင်းဘူးလား ”

“ အင်း ဒါတော့ သူ ခေတ် နှင့် သူပေကိုး ။ ဒါတွေက အနောက်နိုင်ငံ စနစ်တွေ ပဲ ။ နို့ပေမယ့် အနောက်နိုင်ငံသားတွေ နှင့် မတွေ့ ရ ခင် က ကျွန်ုပ်တို့ ဘိုးဘွား ဘီဘင် တွေ သည်လို နှင့် ပျောက်ကြတာတွေ လည်း ရှိသေးတာ ကလား ။ ဆေးဆရာ ဆိုတာ လူနာ အကဲ ခတ် တတ်ပြီး ဉာဏ် သွား ရင် ဆရာ လုပ် နိုင်ပါတယ် ”

“ ဆရာ လုပ်တာ လွယ်လှချေ ကလား ” ဟု ကျွန်ုပ် အထင် သေးမိ သည် ။ ဆရာ ကို ကြည့်ရသည် မှာ အားမရ ၊ ဆေးကျမ်းတွေ စုံအောင်မျှ ကြည့်ဖူး မည် မထင် ။

“ ဘာ ဆေးကျမ်းများ ကြည့်ဖူး ပါ သလဲ ”

ဆရာ က တိုတိုပင် ပြန် ဖြေသည် ။

“ နရသုခိကျမ်း တစ်ကျမ်း ပဲ ကျေအောင် ကြည့် ဖူးတယ် ” ဟု ပြော၏ ။

လွယ်လွန်း လှသည် ။ ကျွန်ုပ်တို့ ကောလိပ်ကျောင်း မှာ ဆေးပညာ ကို ခြောက်နှစ် လုံးလုံး ဆည်းပူး ရသည် ။ ပါရမီ မရှိသူများ ဖား မခွဲ တတ် သဖြင့် ဆရာဝန် မဖြစ်ဘဲ နေကြရ သေးသည် ။ ယခု ဤ ဆရာ က တော့ ဖား ခွဲ ရသည် ဆိုလျှင် ဓာတ်စာ ကျ ၍ ကြော် စား ဖို့လား ဟု မေးကောင်း မေး ပေလိမ့်မည် ။

“ ဆရာရယ် ၊ ဒါကလေး နှုတ်ငုံရရုံ နှင့် ဘယ့်နှယ် လုပ် ကု မှာလဲ ”

ဤ စကား ကား ဆရာ့ ဟိတ် ကို ဖော်ထုတ် စေရန် ဆွ ပေးသော စကား မျှ သာ ဖြစ် လေသည် ။

သို့သော် ဤ ဆရာ သည် ဟန်ရေး ဝါရေး များတတ်သူ မဟုတ် ဟု ကျွန်ုပ် ယုံကြည် သည် ။ သို့နှင့် လည်း မခံချင်သော စိတ်ကလေး မှာ ဆရာ ၏ သဏ္ဌာန် ၌ ပေါ်၍ လာ လေသည် ။

“ နှုတ်ငုံ ရ လို့တော့ အလကား ပေါ့ မောင်ရယ် ။ ကျုပ်တို့ အဖေ ၊ အဘိုး ၊ အဘေး လက်ထက် ကတည်း က မျိုးရိုးကို က သမားမျိုး မို့ သူတို့ ကု တာတွေ ကို အနှစ်နှစ် အလလ ကြည့် ပြီး မှ ဒီ အတတ် ကို ရတာ ကလား ။ ဒီလို ကြည့်ရုံ နှင့် ရနိုင် သလား တဲ့ ။ မဟုတ်သေးဘူး ။ လိုရင်း က ဉာဏ် နဲ့ ပါရမီ ပဲ ”

ထိုနောက် ခြောက်လုံးဆရာမှို ထံ တွင် မည်သို့ ပညာ ဆည်းပူး ရကြောင်း ပြောပြ သည် ။ ကျွန်ုပ် ၏ ဆရာအို မှာ ပစ္စည်းဥစ္စာ ချို့တဲ့သူ ဖြစ် ရကား ငွေ လေးငါးရှစ်ဆယ် မျှ နှင့် ဆေးဆရာ အတတ် သင်ရန် ဆရာမှို ထံ ရောက်ရှိ သည် ။ ဆရာမှို သည် ဆရာအို အား ခြောက်ရက် မျှသာ အိမ် တွင် လက်ခံ ထား ၍ ခြောက်ရက် မြောက်သောနေ့၌ “ ကဲ ငါ့ တပည့် ၊ ဆရာ့ ဆီ နေလို့ အကျိုး မထူးပါဘူး ။ ဒီ တစ်သက် မှာ အရပ်ကောင်း ကို မှီခို မိ ရင် ငါ့ တပည့် ထမင်း မငတ်တော့ဘူး ” ဟူသော သြဝါဒကလေး ကို သာ ပေး ၍ ပြန်လွှတ် လိုက်သည် ။ ဆရာအို မှာ များစွာ အရှက်ကြီး ရှက် ရသည် ။ သူ ၏ စိတ် ၌ ပူဇော် ကန်တော့ သော ငွေအား နည်း၍ ဤသို့ ပညာ မပေးဘဲ လွှတ်လိုက်သည် ဟု အောက်မေ့ ကာ ပျိုးကုန်း အရပ် တွင် လာရောက် နေထိုင် သည် ။ သူ ကား ဓာတ်ဆရာ သက်သက် ဖြစ်ရကား ဓာတ်စာ အပေးအကမ်း တွင် တော်ပါပေသည် ဟု ဝေးနီး အရပ်များတွင် ထင်ရှား ကျော်စော လာသည် ။ ဆရာမှို ကား တပည့် ဖြစ်သူ ဆရာအို ထံ နရသုခိ နှင့် ပတ်သက်၍ မရှင်းမလင်း သည် ရှိ လျှင် စာ လှမ်း ရေး ဖို့ အတန်တန် မှာ သည် ။ သို့သော် ရှက်သော ဆရာအို မှာ ခပ်မဆိတ် နေ လိုက်လေသည် ။

“ မောင်ရယ် ၊ ဟိုတုန်း က ပစ္စည်းဥစ္စာ မပြည့်စုံ တော့ ရှက် လိုက်တာ မပြောပါနဲ့ တော့ ။ ကျုပ် နဲ့ အတူတူ လူရည်တတ် သုံးဦး က လည်း ပါ လာတော့ သူတို့ ကို လက်ခံပြီး ကျုပ် ကို တော့ ခြောက်ရက် ထဲ မေးစမ်းပြီး ပြန် လွှတ် တော့ သိပ် ရှက် တာပေါ့ ။ အဲဒီလို နဲ့ နေ လာ လိုက်တာ ဆရာမှို မသေခင် တစ်နှစ် မှာ ခြောက်လုံးပလိပ်ကပ် ကုထုံးကျမ်း နဲ့ ခြောက်လုံးဋီကာ ရယ် လို့ စာ နှစ်စောင် ဖွဲ့ပါလေ ရော ။ အဲဒီ ဆေးကျမ်းထဲ မှာ ကနောင်မြို့ ၊ ကြက်ဆူတောရပ် ၊ ဆရာအို ကုထုံး ဆိုပြီး ကျုပ် လက်တွေ့ ကုထုံးနည်းတွေ ကို ထည့်သွင်း ရေး လိုက် တော့ မှ ဆရာမှို ရဲ့ အာဘော် ကို တွေး မိတယ် ။ သူ့ သဘော က ကျုပ် အတွက် ဆိုရင် ဆေးကျမ်းစာစောင်တွေ နှံ့စပ်ခဲ့ပြီ ၊ ထိုးထွင်းဉာဏ် သုံးပြီး လူနာ ကို ကု ပေတော့ ဆိုတဲ့သဘော နဲ့ ပြန် လွှတ် တာကိုး ဆိုတာ သိရတော့ မှ ခြောက်ရက် မျှ သင်ခဲ့ရတဲ့ ပညာ ကို ကျေးဇူး ဆပ်သော အားဖြင့် ငါးပိ ၊ ငါးခြောက် ၊ ငါးခြမ်း လှူဒါန်း လိုက်ရတာပဲ ”

သည် ဆရာ ကို ကြည့် ရတာ ခပ်ကုပ်ကုပ် ပဲ ။ သို့သော် သူ့ အကြောင်း ကို ပြောပြ နေသည် မှာ လေလုံး ထွား နေ သလား ။ ဤသို့ လည်း ဟုတ်နိုင်မည် မထင် ။ ရုပ်ရည် လက္ခဏာ တည်ကြည် ရိုးသားပုံ ရသည် ။ သူ့ စကား ထဲ တွင် လည်း ယုတ္တိ ကင်းသော လေသံ မပါ ။ ထို အတွင်း လူနာရှင် တစ်ယောက် လာ၍ ခေါ်  နေသည် ။ ဤသည်ကို ထောက် လျှင် မဟုတ်ဘဲ နှင့် ကျော်နိုင်မည် မဟုတ် ဟု တွေးဆ ရသည် ။

“ ဪ ဆရာ့ ကို တီးခေါက် ကြည့်ပြီး ငါ့ တပည့် ပညာ စုံပြီကိုး လို့ ပြန် လွှတ် လိုက်တယ် ဆိုပါတော့ ။ အနို့ ဆရာ ရဲ့ ကုထုံးနည်း ဆိုတာ က ဘယ်လိုများ ပါလိမ့် ”

ကျွန်ုပ် ၏ လေသံ ထဲ တွင် မယုံကြည် နိုင်သော ဒွိဟ စိတ်တွေ တစ်ပြုံ တစ်ခေါင်းကြီး ပါ သွားသည် ။

“ ကျုပ် ကုထုံးနည်း က အထူးအဆန်း တော့ မဟုတ်ပါဘူး ။ သို့ပေမယ့် ခဲရာခဲဆစ် မှာ စဉ်းစားဉာဏ် သုံး လိုက်တာပါပဲ ။ ဆရာမှို နဲ့ တွေ့ စ က ဆရာမှို မှာ အစိတ် သုံးဆယ် အရွယ် ဆရာကတော် ကလေး မျက်နှာ မြင် မယ့် ကိစ္စ တန်းလန်း နှင့် သွား တွေ့တာကိုး ”

ဆရာအို ပြောပြချက် အရ ဆရာမှို ၏ အိမ် တွင် အမြဲတမ်း အားဖြင့် တပည့်တပန်း အစိတ် သုံးဆယ် ခန့် ရှိသည် ။ ဆရာမှို ၏ မိန်းမ မှာ ဤ အကြိမ် ပထမ အဦး မီးနေ ရခြင်း ဖြစ်သည် ။ ဆရာမှို သည် ဂရုဓမ္မ ကြီးစွာ မိမိ ၏ ဇနီးသည် ကို ကြည့်ရှု ဆေးဝါး ပေးသည် ။ သို့သော် ဓမ္မတာ မှာ ထုံးစံ ထက် နှစ်နာရီ ပို၍ ကြာ သဖြင့် ဆရာမှို သည် စိုးရိမ်မကင်း ဖြစ် လာ လေသည် ။ ဆရာမှို သည် ဆရာအို အား အနား သို့ ခေါ်၍ ကြည့် ခိုင်း သည် ။ ဆရာအို လည်း မီးနေသည် အား ကြည့် သည် ။ မီးနေသည် ၏ အခြေအနေ မှာ ခွန်အား ဆုတ်ယုတ်ပုံ လည်း မရ ။ မျက်နှာ လည်း ပြည့်ပြည့်ဖြိုးဖြိုး ပင် ။ သွေး လေ လည်း မှန်သည် ။ သို့သော် အချိန် စေ့ လျက် နှင့် အဘယ်ကြောင့် မီး မဖွားနိုင် သည် ကို စဉ်းစား၍ မရနိုင် ဖြစ်ရ လေသည် ။ ဆရာအို သည် အတန် ကြာ မျှ တွေဝေ နေလေသည် ။ ပြီးလတ်သော် ဆရာမှို အား “ ဆရာ ၊ ကျွန်တော် ရေမိုး ချိုးပြီး အကြံ ထုတ်ပါရစေဦး ။ ဆရာ့ တပည့်တွေ က လည်း အိမ် ပေါ်  မှာ တင်းကျမ်း ပြည့် နေတာ ၊ ကျွန်တော် ခေါ်သွား ပါရစေ ။ လူမမာ အားနာ ပါတယ် ” ဆို၍ ဆရာအို သည် အိမ် ပေါ် မှ ဆရာလောင်း တို့ အား တစ်ပြုံတစ်ခေါင်းကြီး ခေါ်ငင် ၍ ဆင်း သွား လေသည် ။ များမကြာမီ ဆရာမှို ၏ ဇနီးသည် သည် ကျန်းမာ သော ကလေး မအေ ဖြစ်လာလေသည် ။

“ အဲဒီ အခါမှာ မှ ဆရာကြီး က ကျုပ် ကို အကဲခတ် မိတာ ကလား ။ ကျုပ် နည်း က ဉာဏ် ထုတ်ပြီး ကုတဲ့ နည်း ပဲ ”

“ နေပါဦး ဆရာကြီး ရဲ့ ၊ ဆရာ လည်း ဘာ ဆေးတွေ မှ မပေးသေးပါဘဲ ကလား ”

“ အို မောင်ရင့် နှယ် ၊ စဉ်းစား ကြည့် မှ ပေါ့ ။ ဆေး လိုတာ မှ မဟုတ်ပါဘဲ ကလား ။ ဖြစ်ရပုံ က ဆရာမှို ရဲ့ ဇနီး က အပျိုသားမွေး ပဲ ။ ယောက်ျား တွေ ရှိတော့ သားဦး မို့ အလွန် ရှက်တာပေါ့ ။ ရှက် တဲ့ သဘော က ဓမ္မတာ ကို ထိန်းထား တာ ကလား ။ ဆရာမှိုကြီး က ဒါကို ကျုပ် ရေချိုး ဆင်းမယ် ဆိုတော့ မှ ရိပ်မိပြီး ကျုပ် ကို အတော် သဘော ကျ သွားဟန် တူပါ ရဲ့ ”

ကျွန်ုပ် လည်း ဆရာမှိုကြီး ကဲ့သို့ ပင် အတော် သဘော ကျ သွား လေသည် ။ အင်း သူ့ ဟာ က လည်း အဟုတ်ကြီးပါ ကလား ။ အင်္ဂလိပ် စနစ် အရ ဒေါက်တာဘွဲ့  ရ ပြန် ပါလျှင် လည်း သူ ဒီလို ဉာဏ်မျိုး ထွက်ချင် မှ ထွက်ပေမည် ။ အဟုတ်ကြီးပါ ကလား ။

“ နောက်ပြီး ကျုပ် အခက်အခဲ တွေ့ ရတာ က မန္တလေး မှာ ဆယ့်သုံးနှစ် အရွယ် လောက် သူငယ်မကလေး ကို ကု တုန်းက အတော်ပဲ ပင်ပန်း ခဲ့တယ် ။ နောက် ဉာဏ် ထုတ် ပြီး သုံးလိုက် ပြန်တော့လည်း အဟန်သား ပဲ ”

“ ဆိုစမ်းပါ ဆရာ ရယ် ၊ ဆရာ့ ပညာ က အတော် ပေါက်ရောက် နေတာပဲ ။ အကြောင်း ရှိ ရင် ကျွန်တော်တို့ လည်း အားကိုးပါ ရစေ ” ဟု ကျွန်ုပ် လည်း ကိုယ့် ဘက် ကိုယ် ယက် ၍ ပြောရ လေ တော့သည် ။

ဤ ကုထုံး ကား ဆရာအို သည် တောင်သာ သို့ သွားရင်း ကြုံခဲ့ရသော ကုထုံး ဖြစ် လေသည် ။ တောင်သာဆရာ ၏ တပည့်ခံရင်း တစ်ရံရော အခါ မန္တလေးမြို့ မှ သူငယ်မ တစ်ယောက် လေရောဂါ ဖိစီး ၍ ဆရာအို အား ပင့်ခေါ် သွားသည် ။ ဆရာအို သည် သူငယ်မ ၏ ရောဂါ အခြေအနေ ကို စုံစမ်းရာ မြန်မာဆေးဆရာ တို့ အလို ဝါယော ငုပ် ၍ နေသည် ကို တွေ့ ရသည် ။ ဝါယော ကို လှုပ်ရှား အားပေး စေသော ဓာတ်စာများ ပေးကြသည် မှာ နည်းမျိုးပေါင်း စုံ ချေပြီ ။ မြန်မာဓာတ်ဆရာ တို့ နှင့် အားမရ သေး၍ အင်္ဂလိပ် ဆေးဆရာတို့ နှင့် လည်း ကုပေါင်း များလှပြီ ။ သို့သော် လူနာရှင် သူငယ်မ ၏ မျက်လုံး အိမ် သည် အတွင်း သို့ နက်ရှိုင်း ခေါက်ဝင် လျက် ရှိသည် ။ မျက်တွင်း ဟောက် ၍ နေသည် မှာ မျက်စိ ပင် မရှိတော့ပြီ ဟု အောက်မေ့ ရသည် ။ ဖြစ်စ က သူငယ်မကလေး မှာ အကြော တွေ တက်ရင်း မျက်လုံး နိမ့်ဝင် သွားသည် ဆိုသည် ။ ဆရာအို မှာ သူငယ်မ ကို ကြည့် ရင်း လက် လွှတ် လိုက် ချင်လာ၏ ။ သို့ရာတွင် အဖန်ဖန် ဉာဏ် ဖြင့် သုံးသပ်ရင်း စိတ်ကူး တစ်ခု ပေါ် ပေါက် လာလေသည် ။ ပေါ်ပေါက်သည့် အတိုင်း ပူဖောင်း သုံးခု အဝယ် ခိုင်း သည် ။

“ ဆရာရယ် ၊ မသိလို့ မေးပါရစေ ။ ပူဖောင်း ဆိုတာ ဘယ်လို ဆေးမျိုး လဲ ”

“ အို ပူဖောင်း ဆိုတာ ကလေးတွေ မှုတ်ပြီး ကစား တဲ့ ရာဘာ ဘောလုံးကလေးတွေ ပေါ့ ။ အဲဒီ ပူဖောင်းတွေ ကို သူငယ်မကလေးကို ပေးပြီး “ ကဲ ငါ့ တူမကြီး ၊ ဟောဒီ ပူဖောင်း သုံးခု ကို တအားကုန် သုံးကြိမ် မှုတ် ၊ ဖောင်း လာ ရင် ငါ့ တူမကြီး ရောဂါ ပျောက်ပြီ ။ မှုတ် တော့ ” ဆိုပြီး ပေး လိုက်တာ ကလား ”

ဆရာအို သည် လက်ဖက်ရည်ကြမ်း တစ်ပန်းကန် ကို ငှဲ့ ၍ သောက်၏ ။ လာရောက် ခေါ်ငင် နေသော လူနာရှင် ဘက် သို့ လှည့် ၍ လိုက်ခဲ့မည် ဟု ဆိုကာ ခေါင်း ကို ညိတ် လိုက်၏ ။ ထို့နောက် ဆက်လက် ၍ -

“ မောင်ရင့် နှယ် ၊ သူငယ်မကလေး က လည်း ပျောက်ချင် တဲ့ ဇော နဲ့ ပူဖောင်း တစ်ခုတည်း ယူပြီး မှုတ် လိုက်တာ တစ်ချက် တည်း နဲ့ ပူဖောင်း လည်း ဖောင်း လာ ရော ၊ သူ့ မျက်စိ လည်း နဂို အတိုင်း ထွက် လာရော ”

ဆိုခဲ့သော လူနာရှင် မှာ ဆရာအို အား မရမက ခေါ် နေသည် ။ ဆရာအို လည်း စကား ကို လက်စ မသတ်နိုင် သေးဘဲ ကောက်ကာ ငင်ကာ လိုက်ပါသွားရှာသည် ။ ကျွန်ုပ် လည်း အံ့အား သင့် ကာ ပါးစပ် ဟောင်းလောင်း နှင့် ကျန်ရစ် ခဲ့ လေသည် ။

◾မောင်ထင်

📖 ဂန္ထ လောက ၊ ၁၉၃၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment