🔳 မင်္ဂလာ မီးပုံပွဲ
“ အရင်းရှင်စနစ် - ပုလင်းဖင် ဖြစ် – ဟောဒီလိုညှစ် ”
ဗိုလ်ဖုန်းလှိုင် တို့ အထက်ပါ အတိုင်း စကား ကောင်း နေကြစဉ် ၊ စောထွန်း သည် ပုလင်းခွံ ကို ဇောက်ထိုး ကိုင်၍ လက် နှစ်ဘက်နှင့် လိမ်ညှစ် ကာ နှုတ် မှ လည်း ဖေါ်ပြပါ အတိုင်း ရေရွတ် လာ သဖြင့် သူ့ ဘက် အားလုံး လှည့် ကြည့် လိုက်ကြလျက် ဗိုလ်ဖုန်းလှိုင် က -
“ ဟ ... ကုန်လာပြန်ပလား ဟ ... ”
“ ဟာ - မင့် ဟာ က တစ်ဝက် တောင် မပြည့်တာဘဲကွ ၊ ငါ ခု မှ အစာငြိမ် လောက် ရှိတော့ ထပ် သောက်မှ ဖြစ်တော့မယ် ... ပေးအုန်း ကွာ ”
“ တော်ရောပေါ့ စောထွန်း ရာ ”
မြင့်မြင့် - “ ရှင် တော့ - အရက် နဲ့ သေမှာဘဲ ”
စောထွန်း - “ အောင်မယ်လေး - အရက် နဲ့သေရမယ် ဆို သေစမ်းပါစေ ၊ တိုက် သာ တိုက်ကြစမ်းပါ မမ ၊ လူ တစ်ယောက် ကို သေအောင် အရက် တိုက် နိုင်တယ် ဆိုတဲ့ ဂုဏ်ထူးဆောင် လက်မှတ် တောင် ရေး ပေး ပစ်ခဲ့အုန်းမယ် ”
ကိုထွန်းအောင် - “ မင်း တော့ ငါ အိမ် မှာ တုန်း က ပြောခဲ့တဲ့ အတိုင်း ယစ်ထုပ် ဖြစ်တော့ မှာဘဲ ”
စောထွန်း - “ ကျွန်တော် ယစ်ထုပ် ဖြစ်ရင် သေရည်အိုး ရွက် လိုက် ဖို့ စိန္နမာနအလောင်း အကိုကြီး က ရှာပေးမယ် လား ”
ကိုထွန်းအောင် - “ မင်း အိမ် က မိန်းမ ရှိနေသားဘဲကွ ”
စောထွန်း “ ဟာ ... အိမ်က ကြက်မ တော့ ဘာလုပ်မလဲ နောက် တစ်ယောက်များ ရအုန်း မလား လို့ ”
ဒေါ်အေးလှိုင် - “ သူ့ အဖေ တုန်း မလဲ ဒီလိုဘဲ ဟဲ့ - သောက်သောက် ပျော်ပျော်နဲ့ ဘဲ သေသွားတာဘဲ ”
မြင့်မြင့် – “ သေတော့ အရက် သောက် လွန်း လို့ အသည်း ကျွမ်း ပြီး သေတာ မဟုတ်လား အမေ ”
စောထွန်း က မျက်နှာ ရှုံ့ လိုက်ကာ -
“ ဟား ... ဟား ပူပူနွေးနွေး အမေ တဲ့ ... ဂွီ ၊ ဒီမှာ မြင့်မြင့် ငါ့ အဖေ သေတာ က အရက် သောက်လို့ အသည်းကျွမ်း သေ တာ မဟုတ်ဘူးဟေ့ - သေတာ မှ အထက်တန်း ကျကျ ၊ နို့ပြီး နေရာ ဌာန ကလဲ ဒီလို သာမန် အရပ်ဒေသမျိုး မှာ မဟုတ်ဘူးဟေ့ ”
မြင့်မြင့် “ အောင်မယ် .. ဘယ်နေရာမှာ ဘယ်လိုများ သေလို့တုန်း ”
စောထွန်း ရင်ကော့ ၍ လက်မ ထောင် ကာ ...
“ မြန်မာလူမျိုးတွေ ရဲ့ အောင်မြေ တည်ရာ ငါးမည်ရ ၊ တိုင်းကျော် မော်ကွန်းတင် ရတဲ့ ပြည်ရွှေဘို မြို့တော် အနောက်ဘက် ထန်းတော ထဲ မှာ ထန်းပင် ပေါ် ထန်းရေ တက် သောက်ရင်း လိမ့်ကျ လို့ သေတာဟေ ”
အားလုံး ရယ်မောကြ ကာ ၊ ကိုထွန်းအောင် က -
“ စောထွန်း..မင်တော့ လူပျက် လုပ်ဘို့ ကောင်းသကွ ”
“ ခုန - ဘလှိုင် ပြောတဲ့ ဆိုရှယ်လစ်စံနစ် တည်ဆောက်တော့ သစ်စက်တွေ ပြည်သူပိုင် သိမ်းတဲ့ အခါ မှာ အကိုကြီး က အငြိမ့် ထောင် ပေါ့ ၊ ကျွန်တော် က လူပျက် လုပ်မယ်လေ ”
ဗိုလ်ဖုန်းလှိုင် က ရုတ်တရက် သတိရ ဟန် နှင့် -
“ ဟဲ့ ... အဆင်သင့်ဘဲ ဟေ့ ... ခု ည တို့ တော ထဲ မှာ အငြိမ့် က မယ် ဟေ့ .. တို့ ရဲနီမယ် ထဲ လဲ က , တတ်သူ ရှိတယ်ကွ ၊ စောထွန်း မင်း - တို့ ရဲဘော်တွေ နဲ့ လူပျက် ဝင် လုပ်ကွာ ကျောင်း က ပွဲတွေ တုန်း ကလဲ လုပ်ဖူးသားဘဲ ”
စောထွန်း - “ မင်းတို့ တောထဲ လဲ ဒီလိုဘဲ ကမြင်းကျော ထ နေကြတာဘဲလား ”
“ ဘယ်ဟုတ်မတုန်း တစ်ခုခု အကြောင်း ရှိတဲ့အခါမှပေါ့ ကွ .. ခု ည က ငါ နဲ့ မြင့်မြင့် မင်္ဂလာပွဲလေ ကွာ ၊ အခု အားလုံး စီစဉ်နေကြပြီ မီးပုံပွဲ နဲ့ လူမျိုးစုအက နဲ့ သီချင်းတွေ ဘယ်လို ခြားနားသလဲ ဆိုတာ သိသွားရမယ် ”
စောထွန်း - “ ဒီလိုဆို ငါ့ အရက်ပေး ”
ဗိုလ်ဖုန်းလှိုင် - “ နားအုန်းမှ ပေါ့ သူငယ်ချင် ရာ ”
စောထွန်း - “ ဒီလိုဆို ငါ့ ပြန်ပို့တော့ အရက် မှ ဝအောင် မသောက်ရသောဒေသ သည် မနေအပ် မထိုင်အပ် -ပစ္စန္တရာဇ် အရပ် ဟု ခေါ်အပ်၏ - တဲ့ ... ဘယ်ပညာရှိကြီးလဲ မသိပါဘူး ၊ ရေးပစ် ခဲ့တယ် ”
ဟု ပြောပြီး စောထွန်း သည် ခေါင်းကုတ် စဉ်းစားဟန် ပြုလျက်
“ ဒီ ပညာရှိကြီး နာမည် လွယ်လွယ်ကလေး နဲ့ ငါ မေ့နေပါတယ် ”
ဟု ဟန် နှင့် ပန် နှင့် ဆိုကာ သော်တာစိန် သို့
“ အော ... ဆရာ တော့ သိမှာပေါ့ ”
ဟု ဆိုလေ သဖြင့် စောထွန်း ပညာ စမ်း ပြီ ကို ရိပ်မိ ကာ သော်တာစိန် မနေသာတော့ဘဲ သူ နှင့် ရော နောက်လိုက် ရ တော့သည် ။
“ ဂရိ ပညာရှိ မရူးဘိ လေ ဗျာ ၊ နောက် မမေ့ အောင် မှတ်ထား အုန်း ”
ဟု ပြော လိုက်မှ စောထွန်း သဘောကျ သွားကာ
“ ဒါမှ တို့ ဆရာ ကွ ”
လက် ကို ဆွဲမြှောက် ၍ ဩဘာပြု လိုက်၏ ။ တဖန် စောထွန်း က
“ မြင့်မြင့် - နင် နားလည်ရဲ့လား ”
“ ငါ - ဒီလောက် မတုံးပါဘူး ဟယ် ... နင် ထပ် မှတ်ထားအုန်း အဲဒီ ပညာရှိကြီး နာမည် က “ မရှေပိ ” လို့ လဲ ခေါ်သေးတယ် ”
မြင့်မြင့် သည် စောထွန်း အား ငယ်သူငယ်ချင်း မို့ ရှင် - ကျမ လည်း ပြော၏ ၊ နင် - ငါ လည်း ပြောချင် ပြော၏ ၊ ထိုအခိုက် ရဲဘော် တစ်သိုက်သည် ဝက်သေ တစ်ကောင် ၊ ဂျီသေ တစ်ကောင် ၊ ဒရယ်လေး တစ်ကောင် ကို လေးဘက်တုတ် တံပိုး လျှိုပြီး ရှေ့နောက် ထမ်း လာကြလျက် ယုန်တစ်ထုပ် ကို နားရွက်ကိုင် တွဲလွဲ ဆွဲ လာသော ကချင်ရဲဘော် တစ်ယောက် က ဗိုလ်ဖုန်းလှိုင် အား -
“ ဟေ့ ... ဗိုလ်ကြီး နင်တို့ လင်မယား အားကြီး ကံကောင်း တယ် ဟေ့ - ကြည့်စမ်း တို့ ဒီနေ့ ရ လာ လိုက်တာတွေ ... ”
သူတို့ ဗိုလ်ဖုန်းလှိုင် မင်္ဂလာပွဲ တွက် အမဲလိုက် လာခဲ့ ကြခြင်း ဖြစ်ပေသည် ။
ထိုည ၌ ဗိုလ်ဖုန်းလှိုင် တို့ ၏ မင်္ဂလာမီးပုံပွဲ တွင် ၊ ဝက်ကောင်လုံး ကင် ၊ ဒရယ်သား ၊ ဂျီသား ၊ ယုန်သား ဟင်း တို့ ဖြင့် အလျှံပယ် သောက်ကြ , စားကြ ပျော်ကြပါးကြ ကုန်လေ၏ ။ တောခိုသူ ရဲဘော်တို့ တွင် အချို့သည် အညာကျေးတောသားများ ဖြစ်သည့် အားလျော်စွာ ကြက်တယ် , ချိုးတယ် , ခါတယ် တို့ လည်း တတ်ကြ သဖြင့် သူတို့ ပျော်ပွဲမှာ တောကြက်ကြော် ၊ ချိုးကြော် ခါကြော်တို့ လည်း ပါကြ သဖြင့် စားစရာ တို့ မှာ လွန်စွာ သိုက်မြိုက် ဝေဆာ လှပေ၏ ။
ပြည်ထောင်စု လူမျိုးစုံ အက လည်း ထူးခြားပါ၏ ။
အငြိမ့် မင်းသမီး ရဲနီမ ၏ ဆို သီချင်း မှာ လည်း “ အရင်းရှင်စနစ် ကိုတိုက်ဖျက်ပစ်ကာ ဆိုရှယ်လစ်စနစ်သစ် ဖြင့် မြန်မာပြည်ထောင်စု ကို ပြန်လည်ထူထောင်မှု ပြုပါမည် ”
အဓိပ္ပါယ် ပါ သော သီချင်း များ ဖြစ်၏ ။
ထို ပွဲ ၌ စောထွန်း သည် အရံ အငြိမ့် လူပျက် လုပ်၍ လက်တန်း ဆို လိုက်သော သီချင်း မှာ
“ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ၊ ဗြူရိုကရက် ကို ဆဲဆိုလျက် သာ နေ မဗျ ။ လစ်တာ နှစ်တာ ပဓါန လို့ ဆိုချင်ပါတယ် ခင်ရယ် - ခုလဲ လစ်ကြပါစို့ ” ဟု ဆိုပြီး မင်းသမီး လက် ကို ဆွဲ ခေါ်ရာ ပရိသတ် က ပွဲကျ သွား၏ ။
ထိုအခါ ရဲဘော် လူပျက် က ...
“ မွန်းစောထွန်း က ဒီကောင်မလေး ကို လိုချင်ဟန် တူပါ ရဲ့ ”
“ ဟာ - ခုရ - ခုယူပေါ့ - ထမီတောင် မလဲ နဲ့ တော့ ”
“ ဒါဖြင့် - တောခိုခဲ့ ပါ လား ”
“ ဟာ ဒါတော့ မဖြစ်နိုင်ဘူးဗျာ ”
“ ဘာကြောင့် ”
“ အမေ က အိမ်ပါ မှ ယူရမယ် ဆို လို့ ၊ နို့ပြီး ခင်ဗျားတို့ ဆီမှာ က အမေရိကန်ရုပ်ရှင် လဲ မကြည့်ရဘူး ။ ဟော်တယ် လဲ မတက်ရဘူး ”
“ ဒါဖြင့် ရဲဘော်ကြီး က မြို့ ပေါ် မှာ ကိုယ့် ကို ကိုယ် ဘာလို လက်ဝဲ ဆရာ လက်ဝဲဆရာ လို့ ကြွေးကြော်နေလဲ ”
“ ခေတ်မီအောင် လို့ပါ ”
“ ဒါဖြင့် မေးစမ်းမယ် ”
“ လီနင် ဆိုတာ ဘယ်သူလဲ ”
“ အမေရိကန် ရုပ်ရှင်မင်းသား ”
“ ဂေါ်ကီ ကော ”
“ ဂေါ်ကီ ဆိုတာ က နှဲ သံ ”
“ ချက်ကော့ ရော ”
“ ကိုယ်ဝန်ဆောင် မိန်းမ ”
“ ပွတ်ရှကင်း”
“ ကုတ်ကင်း ပွတ်တဲ့ လူ”
“ စတာလင် ဆိုတာကော ”
“ အင်္ဂလိပ် ငွေစက္ကူ ပေါင်သျှီလင် ”
“ အင်း - ကြေနပ်လောက် ပါပေတယ် ။ လက်ဝဲဘက် မတော့ တော်တော် ခေါက်မိတဲ့ လူ ”
“ ဟုတ်ကဲ့ - လက်ယာဘက် တော့ မခေါက်မိဘူး ခင်ဗျာ ၊ ယောက္ခမကြီး အခန်း ဖြစ်နေ လို့ ”
ဤတွင် မင်းသမီး က တစ်ကျော့ က လေသည် ။
“ ကျမတို့ရဲ့ အမိမြန်မာပြည် ၊ ဆိုရှယ်လစ်ဘောင် ထူထောင် ပါမည် ။ တူမောင်နှစ်ဖြာညီ ၊ လက်ရေ တစ်ပြင်စီး နဲ့ X တစ်ခရီးထဲ သွားကြပါစို့ ... အတည် x ”
သံပြိုင် ။ “ ဟေ့ ... လာပြီ ... လာပြီ ... ”
“ ကျမတို့ရဲ့ ... ဋ္ဌါနီ ၊ လက်ဝဲလက်ျာ နှစ်ဖြာ ကွဲတော့ ဘာလဲ ဟေ့ - အရင်းရှင်စနစ် X X ”
“ တခါထဲ ဟေ့ ပုလင်းဖင် ဖြစ် ”
စောထွန်း က မင်းသမီး သီချင်း ဖြတ် ဆို၍ မင်းသမီး လိုက် ရိုက် ၊ စောထွန်း အငြိမ့်စင် ပေါ် က ခုန်ချ ပြေး ခဲ့ကာ အရက် ခပ် ဆာဆာ နှင့် ထပ် သောက်ပြီး အိပ်မောကျ လေရာ နောက် တစ်နေ့ ၉ - နာရီ လောက် မှာ လာ နိုးပြီး သူ့ အား ကိုထွန်းအောင် နှင့် အတူ ပြန် ပို့မည် ။
သော်တာစိန် တို့ သားအမိ ကား ရှိသည် ဟု မထင်ခဲ့ ကြသော ညီအစ်ကို ၊ မမျှော်လင့်ဘဲ ခဲယဉ်း ထူးဆန်းစွာ တွေ့ကြသည် ဖြစ်၍ ညီအစ်ကို ချင်း တိုင်းရေး ပြည်ရေး ဆွေးနွေးရန် တစ်ရက် မျှ နေခဲ့ဦးမည် ။
ကိုထွန်းအောင် နှင့် စောထွန်း နွားလှည်း ပေါ် အရောက် တွင် ပို့မည့် ရဲဘော်များ က နှစ်ယောက်စလုံး မျက်နှာ အဝတ် စီး ပေး ရာ စောထွန်း က -
“ ဟေ့ .. ဘလှိုင် ငါ နောက်ထပ် မင်းတို့ ဆီ ဘယ်တော့မှ မလာပါဘူးကွာ ... လမ်း လဲ မမှတ်မိပါဘူး ကွာ .. စည်း မနေပါနဲ့တော့ ”
ဗိုလ်ဖုန်းလှိုင် - “ မဖြစ်ဘူးကွ တို့ မှာ တာဝန်ဝတ္တရား ရှိတယ်ကွ ၊ မင်းတို့ သာ မဟုတ်ဘူး - ငါ့ အစ်ကို ပြန်လဲ စည်း လွှတ် လိုက်ရမှာဘဲ ”
“ မင်းတို့ တောတွင်းသားတွေ က တယ်လဲ ခက်လိုက်ကြပါလား ကွာ .. ဘယ်ကျမှ ဖြေပေးမှာလဲ ”
“ တို့ ပိုင်နက် ဆုံးတော့ မင်း တို့ ကို ဖြေ လွှတ်လိုက်မှာပါကွာ .. တစ်နာရီ လောက် ကြာမှာပါ ”
“ ငါ့ လခွီးတဲ့ ၊ တစ်နာရီ တောင် မျက်ကန်း ဖြစ်ရမှာပါလား ၊ ဟ - ဟ ငါ့ ဗေဒင် က ဟောထားတာ မျက်စေ့ ခဏ ကွယ်ဘို့ ရှိတယ် တဲ့ ၊ အောင်မယ်လေး မှန် လိုက်တဲ့ ဗေဒင် နှယ် စည်းစည်း ” ဟု မျက်နှာ ထိုး ပေး၏ ။
မစည်း မနေရ တော့ပြီ ဖြစ်၍ ဟာသသမား တို့ ၏ ဉာဏ်ဖြင့် ပျော်ပျော် ရွှင်ရွှင်ဘဲ စည်းမည့် အဝတ် ကို ကိုင် ကြည့်ပြီး -
“ ဟဲ့- ဟဲ့ နေစမ်းပါအုန်း မင်းတို့ ဟာ က ထမီ အထက်ဆင် တွေ လား”
သူ နှင့် ည က အတူ လူပျက် လုပ်သော ရဲဘော် က -
“ မဟုတ်ဘူး ရဲဘော်ရ တရုတ်မ ဘောင်းဘီ အဟောင်း ရေ မြောင်း ထဲ က ရတာ ကို တို့ ဆုတ်ဖြဲ ထားတာ ”
စောထွန်း - “ အောင်မယ်လေး - ဒီလိုဆို ကောင်းတယ် ၊ ဒါကြောင့် တရုတ်ပဲငံပြာရည် ကြာညိုနံ့ သင်းတာကိုး .. စည်းစည်း ကာယသိဒ္ဓိ လဲ ပြီး လိမ့်မယ် ၊ ပီယသိဒ္ဓိ လဲ စွမ်း လိမ့်မယ် ... ဟင် - ဟုတ်ဘူးလား အကိုကြီးရ ”
ဟု ကိုထွန်းအောင် ကို ပြော ရာ ကိုထွန်းအောင် မှာ အရေးတော်ပုံ တွင် အရှုံး ဘက် ရောက်၍ စိတ် ညစ် နေသူ ဖြစ်သဖြင့် ၊
“ တော်ပါတော့ စောထွန်း ရာ .... ငါ့ ကို ဒီကောင် နဲ့ လှည်း တစ်စီး စီ ရင် လဲ ပို့စမ်းပါ ဟေ့ ”
စောထွန်း “ ဟာ .. ဘာလို့လဲ အကိုကြီး ရ - ကျွန်တော်တို့ နှစ် ယောက်လမ်း မှာ စုဠာသမ္ဘဝ ၊ မဟာသမ္ဘဝ လုပ်တန်း ကစား သွား ကြတာပေါ့ ”
ဟု ပြောဆိုစဉ် မှာပင် လှည်း ထွက် သွားကာ သော်တာစိန် တို့ လူသိုက် ရယ်မော ကျန်ခဲ့ ကြလျက် ဗိုလ်ဖုန်းလှိုင် က
“ သွားတော့ သူငယ်ချင်း ရေ ... ”
“ မသွားဘူး ဆိုတော့ မင်း ဘာလုပ်အုန်းမှာလဲ ”
မြင့်မြင့် - “ ဂွတ်ဘိုင် ... ကိုစောထွန်းကြီး ”
စောထွန်း - “ အေးပါ ဟာ - ဆရာတို့ အောက် အရပ် မှာ တော့ နှမ လင်နေ မောင် ဖင်ကြိမ်း သတဲ့ ၊ အခု ဒီမှာ တော့ ငါ ပါ အဆစ် ဝင် မျက်လုံး ကြိမ်း နေ ရတယ် ၊ နင် ကောင်းဘို့ အရေး ဟေ့ ”
ဟု ပြော နေစဉ် ရဲဘော် က လှည်း ကို ခတ်ကြမ်းကြမ်းလေး မောင်း လိုက်ရာ
“ အောင်မယ်လေး ဖင် လဲ ကြိမ်းပါလား ဟဲ့ ... ဆရာ ရေ ... ဆရာတို့ အောက် အရပ် စကား မှန်လှချေကလား မိမြင့်မြင့် ရဲ့”
ပါးစပ် က မပြတ် ပြော သွားလေရာ လှည်း ဝေး ပြီး ချုံ တစ်ခု ကွယ် သွားတော့မှ ဘဲ အသံ ရော လူ ပါ ပျောက်ကွယ် သွားပေ တော့၏ ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment