Wednesday, May 24, 2023

ကပ္ပိယ ( ၃ )


 

( ၃ )

ကျောင်း ပေါ်  မှာ ဦးတင် က ချည်း လေးယောက် ရောက် နေကြပြီ ။ ဆရာတော် က ရောက် လာ သမျှ ဦးတင် တွေ ကို ဘာကိစ္စလဲ မေးတော့ ဦးတင် တွေ က ဆရာတော် ခေါ်တယ် ဆိုလို့ ချက်ချင်း လာခဲ့ကြကြောင်း လျှောက် ကြတယ် ။ ဆရာတော် က စံလှဘော် တော့ တလွဲ လုပ် လာပြန်ပြီ တဲ့ ။ ရောက် လာတဲ့ ဦးတင် တွေ က လက်သမား ဦးတင် ရယ် ၊ ဆေးဆရာ ဦးတင် ရယ် ၊ ဆယ်အိမ်ခေါင်း ဦးတင် ရယ် ၊ မောင်းဆိုင်း တီး တဲ့ ဦးတင် ရယ် ပါ ။ ဆရာတော် ခေါ် ခိုင်းတဲ့ မောင်တင် မပါဘူး ။ ဒါနဲ့ ဆရာတော် က စံလှဘော် ကို အခေါ်  ခိုင်း လိုက်တယ် ။ ကိုရင် တစ်ပါး က နောက်ဖေး မှာ သပိတ် ဆေး နေ တဲ့ စံလှဘော် ကို လာ ခေါ် တော့ လုပ်လက်စ ပစ် ချပြီး ကျောင်း ပေါ် တက်လာ ခဲ့ရော ။ ဝတ်ဖြည့် ပြီး ဆရာတော့် ကို ပြုံး ကြည့်တယ် ။ သေချာတယ် မဟုတ်လား ဘုရား ပေါ့ ။

“ စံလှဘော် … ၊ ငါ ခေါ်ခိုင်းသာ ကျောင်း ရှေ့ က မိဝက် ယောက်ျား ငတင့် ကို ခေါ်ခိုင်းသာ ဟဲ့ ၊ ဘယ်က ဦးတင် တွေ ခေါ် လာသာတုန်း ၊ ခမျာများ အလုပ်တွေ တန်းလန်း နဲ့ လာကြရသာပါကော ငဘော် ရဲ့ ၊ မင်း မလဲ လုပ် လိုက်ရင် တလွဲချည်း ပဲ ၊ နကျပကျ နားထောင်သယ် မရှိဘူး ”

“ တပည့်တော် က ထင်တော့ ထင်သား ဘုရား ၊ မိဝက် ယောက်ျား မောင်တင် တော့ ကျန်သားလို့ ၊ ဆရာတော် ဘာ ခိုင်းချင်သာတုန်း ဘုရား ၊ ရောက်လာတဲ့ ဦးတင် ထဲ က သင့်တော်တဲ့ ဦးတင် နဲ့ ခိုင်းလိုက်ပါလား ဘုရား ”

“ တယ် ... ၊ ငါ ထ ရိုက်ရ နာတော့မယ် ၊ ငါ က ယတြာ ချေသာ မဟုတ်ဘူး ဟဲ့ ၊ မိဝက် ယောက်ျား ငတင် ကို မှာသာက တောင်ရွာ သရက်ကုန်း ကို လွှတ် မလို့ ၊ သွား သွား .. ၊ လုပ်လက်စ လုပ်ချေတော့ ”

ဦးတင် တွေ က ရယ်ကြတာ ပါပဲ ။ ကျောင်း ရောက် လာ မှ တော့ ဆရာတော် နဲ့  စကားစမြည် ပြောကြတယ် ။ ရပ်ရေးရွာရေး ၊ သာရေးနာရေး တွေ နဲ့ ပတ်သက်လို့  ဆရာတော် မေးသမျှ ပြန် လျှောက်တင် ကြတယ် ။ သည် က နေ မှ ကပ္ပိယ စံလှဘော် အကြောင်း တစ်ပတ် လည် လာတယ် ။ ဆရာတော် က စံလှဘော် သူ့ ကျောင်း ရောက်လာပုံ ကို မိန့် တယ် ။ ကျောင်း မှာ ချည်းပဲ နေ လာ တာ နှစ်ပေါင်း နှစ်ဆယ် လောက် ရှိပြီ ဆိုတော့ သံယောဇဉ် လည်း ဖြစ် ရှာတယ် ။ သနား လည်း သနားတယ် ။ အခုပဲ စံလှဘော် အသက် သုံးဆယ် ကျော်ပြီ ဆိုတော့ ကျောင်း ကို စံလှဘော် ရောက် လာတာ ဆယ်နှစ်သား က ပေါ့ ။ ဆရာတော် က စံလှဘော် ကျောင်း ကို ရောက်လာတဲ့ နေ့ ကို သတိတရ ရှိတယ်နဲ့ တူပါ ရဲ့ ။ ဦးတင် လေးယောက် ကို ပြောပြတယ် ။

အဲသည်တုန်း က နယုန်လ ကြီး ။ နေ က လည်း ပူ လိုက်တာ ဝက်ဝက်ကွဲ လို့ ။ လက်ရှိ ကျောင်းထိုင် ဆရာတော်ကြီး ဦးဝါယမ က ကျောင်းထိုင် မဟုတ်သေး ဘူး ။ ခန်းနေ ဦးပဉ္စင်းကြီး ဘဝ ရှိသေး တာပါ ။ ကျောင်းထိုင် ဆရာတော်ကြီး က ဦးသာသန ။ သက်တော် က ရှစ်ဆယ် ရှိပြီ ။ ကျောင်း မှာ ရဟန်း ကိုရင် က လည်း များများစားစား မရှိသေးတဲ့ အချိန် ။ ကျောင်းအိပ် ကျောင်းစား မောင်ကျောင်းသား လေးငါးယောက် တော့ ရှိတယ် ။

“ နေ့လယ် ပူပူလောင်ကြီး ထဲ အမယ်အို တစ်ယောက် က မြေး ဆယ်နှစ်သား ကလေး လက် ဆွဲပြီး ကျောင်းဝ ဝင် လာ ကတည်း က ကျုပ် က မြင်သယ် ။ ပူလွန်း လို့ သပြေပင်ကြီး အောက် မှာ တရား စာအုပ် တစ်အုပ် နဲ့ စာဖတ် နေတုန်း ကျောင်း ဝင်း ထဲဝင် လာသာပဲ ၊ ဒါနဲ့ ကျုပ် က ကိုရင် တစ်ပါး နဲ့ ခေါ်ခိုင်း လိုက်သယ် ။ ဆရာတော်ကြီး က သက်တော် ကြီးလှပြီ ဆိုတော့ တော်ရုံ ကိစ္စ ကျုပ် ကပဲ စီစဉ် နေရသာ ကိုး ။ မြေးအဘွား နှစ်ယောက် အနား ရောက် လာတော့ ဘွားအေကြီး က ခေါင်း က တဘက်ကလေး ဖြုတ်ပြီး ဝတ် ဖြည့် သယ် ။ မြေး က ရေအိုးစင် က ရေ တစ်ခွက် သွား ခပ်ပြီး ဘွားအေ ကို ကမ်းတော့ ဘွားအေ က ငါ့မြေး သောက်လိုက်ဦး တဲ့ ။ ကျုပ် က ကြည့် နေ လိုက်တယ် ။ မြေး နဲ့ ဘွားအေ တစ်ဦး ကို တစ်ဦး မေတ္တာ ပြု နေ ကြ သာ ကို ကျုပ် က စိတ်ချမ်းသာ နေသာကိုး ၊ ပြီးမှ ကျုပ် ကို အကျိုးအကြောင်း လျှောက်သယ် ။ သူ့ မြေးကလေး ကို ကျောင်းအိပ် ကျောင်းစား အပ်ချင် လို့ ခွင့်ပြုတော် မူပါ ဘုရား တဲ့ ၊ သည်တော့ ကျုပ် က မေးရပြီ ”

အမယ်အို က အသက် ရ လှပါပြီ ။ လည်ပင်း မှာ စိတ်ပုတီး တစ်ကုံး ဆွဲထား တာ က လွဲလို့ ဘာမှ မပါရှာဘူး ။ ထဘီ က လည်း ရော် လို့ ။ မျက်နှာ ကလည်း ဥသျှစ်သီး လောက်ကလေး နဲ့ ပါးရေ နားရေ တွေ တွန့် နေ လိုက်တာ ရေ မရတဲ့ လယ်ကော သာ ကြည့် တော့ ။ ဘဝ ရဲ့ အရိုက်အပုတ် အထုအထောင်း ဒဏ် ကို ခံထားရတဲ့ လက္ခဏာ က ပေါ်လွင် နေတယ် ။ မြေး က ဦးစွန်းဖုတ်ကလေး နဲ့ ။ စွတ်ကျယ်ဟောင်း ကလည်း ညစ်ပေ နေ လိုက်တာ လက်နှီးစုတ် က မှ ပြောင် သေး တယ် ပြောပါတော့ ။ ပုဆိုး က အနားကွဲ နဲ့ ။ ဦးဝါယမ က ဆင်းရဲတဲ့ ကလေးတွေ ၊ စာ တတ်ချင်တဲ့ ကလေးတွေ ၊ လောကနီတိ အဆို အဆုံးအမ ခံယူချင်သူကလေး တွေ ၊ တစ်လ ကိုးသီတင်း ဘုရားရိပ် ကျောင်းရိပ် ထားချင်လို့ လာ ထားကြတဲ့ ကလေးတွေ စသဖြင့် တော်တော်များများ ကြုံ ဖူးတယ် ။ လက်ခံဖူးတယ် ။ ကျောင်း ဝေယျာဝစ္စ လည်း လုပ် ၊ ကျောင်းထမင်း ကျောင်းဟင်း လည်း စား ၊ စာကလေး ပေကလေး လည်း သင် ဆိုတာ လောက် ကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်း အတွက် မပင်ပန်းဘူး ကိုး ။ ဒါနဲ့ ဘွားအေ ကို ဘယ်လောက် အထိ အပ်ချင်တာ တုန်းလို့ မေးတော် မူတယ် ။ ဘွားအေကြီး က အသံ တောင် မနည်း ထွက်ရရှာ တာပါ ။

“ တစ်သက်လုံး အပ်ချင်ပါ ဘုရား ၊ တပည့်တော်မ က တော့ လူ့လောက ကြာကြာ မနေရ လောက်တော့ပါဘူး ၊ တပည့်တော် မျက်စိ မမှိတ်ခင် အရှင်ဘုရား တို့ ဆီ စိတ်ချလက်ချ အပ်ထားခဲ့ ချင်လို့ပါ ဘုရား ၊ အရှင်ဘုရား လက်ခံတော်မူ ရင် တပည့်တော် အသေ ဖြောင့် ပါပြီ ဘုရား ”

“ ကလေး မိဘများ က ကော ၊ အမေကြီး တို့ ဘယ်ရွာ က လာကြသာတုန်း ”

“ ကလေး နာမည် က စံလှဘော် ပါ ဘုရား ၊ မိဘ နှစ်ပါး စလုံး တိမ်းပါး ကုန် ကြပါပြီ ။ ဆွေရယ် မျိုးရယ် လောက်လောက်လားလား မရှိလေတော့ ဘုရား တပည့်တော် ရော မြေးကလေး ပါ အားကိုးမဲ့ရပါ သ ဘုရား ၊ တပည့်တော် က ရွှေလှေ က ပါ ဘုရား ၊ ရွာ ဇနပုဒ် ဆို တော့ ရွာသူရွာသားများ မလဲ အင်မတန် ဆင်းရဲကြ ရှာလို့ အပ်ရမဲ့ လူတောင် အနိုင်နိုင်ပါ ဘုရား ၊ ဒါနဲ့ မန်ကျည်းစုရွာ ဆရာတော်ကြီး ထံ အပ်နှံမယ် ဆိုပြီး တပည့်တော် တို့ မြေး အဘွား သုံးရက် ခရီး လျှောက် ခဲ့ရပါသ ဘုရား ”

မြေး ဖြစ်သူ စံလှဘော် က တော့ အမေကြီး ထားရာ မှာ နေတော့မယ် လို့ စိတ် ရှိပုံ ရတယ် ။ သည် ရွာကြီး မှာ မနေချင်ဘူး လည်း မပြောဘူး ၊ နေချင်တယ် လည်း မပြောဘူး ။ သူ့ ဘဝ သူ သိပုံ လည်း ပေါ်ပါရဲ့ ။ ဦးဇင်း ဦးဝါယမ က တော်တော့် ကို စိတ် ထိခိုက် သွားသလို နဲ့ သပြေပင်ရိပ် ကနေ အပူငွေ့ တွေ ချောင်းချောင်း ထ နေတဲ့ ကျောင်း ရှေ့ ကွင်းပြင် ကို ငေးနေလေရဲ့  ။ နေပူ ပြင်းပြင်း မှာ မြေး ကို ကျောင်း မှာ အပ် မပြီးမချင်း ငါ မသေဘူး ဆိုတဲ့ စိတ် နဲ့ လိုက် ပို့ တဲ့ အမေအို ကို ကြည့်ပြီး တော်တော် လည်း ကရုဏာ သက် မိ သွားတယ် ။

“ အမေကြီး ရွာ ပြန်တော့ ဘယ်သူ က လုပ်ကျွေး မလဲ ၊ မြေးကလေး အနား ရှိ သာ က ပိုမကောင်းဘူးလား ၊ နောင် လေးငါးနှစ် ဆိုရင် ခိုင်းလောက် စေလောက် ပြီပဲ ၊ မြေး က လုပ်ကျွေး မှာပေါ့ ”

အမေကြီး က အနား မှာ ထိုင် နေတဲ့ မြေးကလေး ခေါင်း ကို ပွတ်တယ် ။ မျက်ရည် တွေ လည်း ကျ လို့ ။ သွား မရှိတော့ တဲ့ ပါးစပ် က အပူ မိ လာလို့ နဲ့ တူပါရဲ့ ။ အသက် ဝ အောင် ရှူ နေရတာ နဲ့ ပဲ မေးခွန်း ကို တော်တော်နဲ့ မဖြေနိုင်ဘူး ။ ငါး တစ်ကောင် ကုန်း ပေါ် ပက်လက် တင် ထားတဲ့ အတိုင်းပဲ ။ မြေး ကလည်း ဘွားအေ ကို ကြည့်ရင်း မျက်ရည်တွေ နဲ့ ။ အမေကြီး က ဦးပဉ္စင်း မေး တဲ့ မေးခွန်း ကို တော်တော်ကြီး ကြာ မှ ဖြေနိုင် ရှာ တယ် ။

“ ရွာ က ဇနပုဒ် ပါ ဘုရား ၊ ကြွက်ထိုး ၊ ယုန်လိုက် ၊ ကျွဲသတ် ၊ နွားသတ် တွေ ဆိုတော့ မြေးကလေး ကို အကုသိုလ် တော ထဲ မှာ မထားခဲ့ နိုင်ပါဘူး ဘုရား ၊ မွေး ကတည်း က မအေ ဆုံး ရှာပါသယ် ၊ တစ်နှစ်က အဖေ ဆုံးရှာတော့ တပည့် တော်မ အရှင်ဘုရား တို့ လက်ထဲ အပ်ခဲ့ချင်သာပါ ဘုရား ၊ လက်ခံတော် မူပါ ဘုရား ”

မန်ကျည်းစုရွာ က ရွာကြီး ဆိုတော့ ဆွမ်းကွမ်းရေမိုး ပြည့်စုံတယ် ။ မြေး အဘွား နှစ်ယောက် အတွက် ထူးပြီး မပင်ပန်းဘူး ဆိုတော့ ဦးပဉ္စင်း ဦးဝါယမ က အမေကြီး ကို ရော မြေးကလေး စံလှဘော် ကို ပါ ရွှေလှေရွာ မပြန်ခိုင်း တော့ပါဘူး ။ ကျောင်း နား က ကျောင်းသင်္ခန်း ဟောင်းကလေး ထဲ မှာ မြေးအဘွား နှစ်ယောက် အတူ နေ စေတယ် ။ စားဖို့ သောက်ဖို့ နေဖို့ ပါ တာဝန် ယူ ထားတော့ မြေးအဘွား နှစ်ယောက် စိတ်ချမ်းသာ လက်ချမ်းသာ နေရပါတယ် ။ စံလှဘော် ကို တော့ ဘွားအေ နဲ့ အတူ နေ နိုင်အောင် ကိုရင် ဝတ် မပေး သေးဘူး ။ မောင်ကျောင်းသား အဖြစ် နဲ့ ပဲ စာသင် ဆွမ်းခံ ထားတယ် ။ ရွယ်တူ အဖော်တွေ ရှိတော့ စံလှဘော် လည်း ပျော်ပါ ရဲ့ ။ အမေကြီး ခမျာတော့ မြေး ကို စိတ်ချလက်ချ အပ်ခဲ့ပြီး လို့ စိတ်ဒုန်းဒုန်း ချ လိုက်ပုံ ရတယ် ။ ကျောင်း မှာ နေလို့ တစ်လ မပြည့် ခင် တစ်ည မှာ ဆုံးရှာတာ ပါပဲ ။ မန်းကျည်းစု သင်္ချိုင်း မှာ ပဲ သင်္ဂြိုလ် လိုက် ကြတယ် ။ သည်တော့ မှ စံလှဘော် ကို ကိုရင် ဝတ် သင်္ကန်း ဆီး ပေး လိုက်တယ် ။ ကွယ်လွန်သူတွေ ကုသိုလ် ရအောင် ရော ၊ သာမဏေ ဘဝ နဲ့ နေနိုင်အောင်ပါ စီစဉ် ပေး လိုက်တာပါ ။ စံလှဘော် ကို ကိုရင် ဝတ် ပေးတဲ့ နေ့ က တပည့်တော် ကိုရင် မဝတ်ချင်ပါဘူး ဘုရား တဲ့ ။ ကျောင်းသား ဘဝ နဲ့ ပဲ နေပါရစေ ဘုရား တဲ့ ။ ဦးဝါယမ က ခွင့် မပြုခဲ့ဘူး ။ သာမဏေ သုံးဝါ ဝတ် ရမယ် လို့ မိန့်တယ် ။ သည်လို ဆိုတော့ လည်း စံလှဘော် မငြင်းဆန် ပါဘူး ။ သည်လို နဲ့ စန္ဒိမ ဘွဲ့ နဲ့ သာမဏေ ဖြစ်ခဲ့ရတယ် ပြောပါတော့ ။

ကိုရင် စန္ဒိမ က ရပ် နဲ့ ရွာ နဲ့ ၊ ကျောင်း နဲ့ ရဟန်း နဲ့ ၊ စာ နဲ့ ပေ နဲ့ နီး လာတော့ အကြားအနာ များလို့ နဲ့ တူပါရဲ့ ။ မှတ်မှတ်သားသား ရှိ လာတယ် ။ ပြောတတ် ဆိုတတ် ရှိ လာတယ် ။ ချက်ချက်ချာချာ ရှိ လာတယ် ။ သို့ပေမယ့် ကယောက် ကယက် စိတ်ကလေး က မကုန်ချင်ဘူး ။ သူ ထင်ရာ သူ ကောင်းရာ ဇွတ်လုပ် တာမျိုးတော့ လည်း ရှိတယ် ။ ကျောင်းထိုင် ဆရာတော်ကြီး ကို ဝတ်ကြီးဝတ်ငယ် ပြုစုတယ် ။ နှိပ်နင်း ပေးတယ် ။ ကိုရင် ချင်း လည်း သူ က ပဲ ထိန်းတယ် ။ ကိုရင် ကလေးတွေ ကို ညဘက် ကြောက် တတ်အောင် ခြောက် တာတို့ ၊ မဟုတ်က ဟုတ်က ပုံတိုပတ်စ တွေ ပြောတာတို့ လည်း လုပ်ချင် လုပ်တယ် ။ ကိုရင် ဝတ်ပြီး သုံးနှစ် ပြည့် တော့ ကိုရင်စန္ဒိမ က လူ ထွက် ချင်ပါတယ် လုပ်ကရော ။ ဦးဝါယမ က ကတိ အတိုင်း လူဝတ် လဲ ပေးရတော့တာပါ ။

“ ကျောင်း မှာ သာမဏေ ဘဝ နဲ့ နေရသာ ပို မအပ်စပ်ဘူးလား စန္ဒိမ ရဲ့ ၊ လူ မထွက်ချင်ပါနဲ့ ကွယ် ၊ လူဝတ် လဲ ပြီး ဘာ လုပ်ချင်လို့တုန်း ”

“ ဘာမှ မလုပ်ချင်ပါဘူး ဘုရား ၊ ကျောင်း မှာ ပဲ နေမှာပါ ဘုရား ”

ဒါနဲ့ ဦးဇင်း ဦးဝါယမ က ကျောင်းသားကြီး ဘဝ နဲ့ ကျောင်း မှာ ပဲ ထားတယ် ။ လေးငါးနှစ် လောက် ရောက်တော့ ကျောင်းထိုင် ဘုန်းကြီးအိုကြီး ပျံလွန်တော် မူ လို့ ဦးပဉ္စင်း ဦးဝါယမ ကို ရွာ က ကျောင်းအပ်ကြတယ် ၊ ကျောင်းထိုင် ဖြစ် လာရော ဆိုပါတော့ ။ စံလှဘော် အသက် က လည်း ဆယ့်ရှစ်နှစ် လောက် ရှိပြီ ။ အသက် နှစ်ဆယ် ပြည့် ရင် ရဟန်းခံ ဖို့ မိန့် တော့လည်း မဝတ်ချင်ဘူး ဘုရား လို့ ချည်း ငြင်းတယ် ။ ဆရာတော် ဦးဝါယမ လည်း စံလှဘော် နဲ့ ကျမှ လက်လျော့ ရတော့တာပဲ ။ အသက် သာ ကြီးလာတယ် ။ မအူမလည် ကယောက်ကယက် က မပျောက်ချင် တော့ သူ သဘောကျ ထား ရတော့တာပဲ ။ သည်တော့ မှ ရွာ က ဦးတင် လေး ယောက်စလုံး စံလှဘော် ဘဝ ကို ကောင်းကောင်း သိကြရတော့တာပါ ။ ဆေးဆရာ ဦးတင် က လျှောက်တယ် ။

“ အခုတော့ ကော ဘုရား ၊ အသက် လည်း ရ လာပြီ ဆိုတော့ တစ်ခြား သွား ဖို့ မပြောဘူးလား ဘုရား ”

“ မပြောဘူး ဒကာကြီးရဲ့  ၊ ကျုပ် တစ်သက် ကျောင်း မှာ ကပ္ပိယ လုပ်မှာ လို့ ချည်း ပြောတာ ၊ ခိုင်း လည်း ခိုင်းရပါရဲ့ ၊ လုပ် လည်း လုပ်ရှာပါ ရဲ့ ၊ တောင် ဆို မြောက် ရောက် ၊ မြောက် ဆို တောင် ရောက် တော့ ရှိသာပေါ့လေ ၊ တစ်ခါတစ်ခါ ကျုပ် တောင် ဒေါသ ဖြစ်ရသယ် ၊ နောက်တော့ ဖြေရသယ် ၊ သူ့ အကြောင်း နဲ့ သူ ကိုး ”

“ ကျောင်း မှာ တော့ ပျော်ရှာသားပဲ ဘုရား ”

“ အဲသာပေါ့ ၊ တစ်ခါက ဘုန်းကြီး ကို မေးသယ် ၊ ကပ္ပိယ ဆိုတာ ဘာလဲ ဘုရား တဲ့ ၊ တပည့်တော် ကို ကပ္ပိယ လို့ ခေါ် ရင် ဝမ်းသာရ မှာလား စိတ်ဆိုးရ မှာလား ဘုရား တဲ့ ၊ ကျုပ် က ကပ္ပိယ ဆိုသာ လူတိုင်း မလုပ်နိုင် တဲ့ အလုပ် ၊ ကုသိုလ် ရတဲ့ အလုပ် လို့ ပြောပြရသယ် ”

အဲသည် နေ့ က ဒကာဦးတင် လေးယောက် ပြန် သွားလို့ တော်တော်ကြီး ကြာ မှ စံလှဘော် ကျောင်း ကို ရောက်လာခဲ့တယ် ။ ဆရာတော် က ကနဦး တော့ ဒကာတွေ နဲ့ စကား ကောင်း နေတော့ စံလှဘော် ကို အမှတ် မရဘူး ။ ဒကာ လေးယောက် ပြန် မှ သတိရ လို့ ခေါ်ခိုင်းတော့ ကိုရင်တွေ က မရှိဘူး ဘုရား တဲ့ ၊ အပြင် ထွက် သွားတာ တွေ့ လိုက်ပါတယ် ဘုရား တဲ့ လျှောက် ကြတယ် ။ ဆရာတော် က တော့ ဘယ်များ သွားပါလိမ့် ပေါ့ ။ မျှော်တယ် ။ မျှော်ရာ က စိတ်ပူ လာတယ် ။ စိတ်ပူ ရာ က ဒေါသ ဖြစ်လာတယ် ။ မကြာပါဘူး ။ ညနေကြီး စောင်း တော့ စံလှဘော် ကျောင်း ပေါ် တက် လာပြီး ဆရာတော် ကို ဝတ် ဖြည့်တယ် ။ ချွေးတွေသံတွေ နဲ့ ။ မျက်နှာ က ပြုံးဖြီးဖြီး ။

ဘုရား တပည့်တော် သရက်ကုန်း သွား သာ ဘုရာ့ ၊ ကုန်းကြောင်း သွား သာ ဆိုတော့ အချိန် လင့် သွားရပါသ ဘုရား ”

“ ဟေ ... ၊ သရက်ကုန်း ။ ငဘော် ... ၊ သရက်ကုန်း ကို ဘာကိစ္စ သွားသာ တုန်း ”

“ အရှင်ဘုရား ပဲ မိဝက် ယောက်ျား မောင်တင့် ကို သရက်ကုန်း လွှတ် မလို့ ဆို ဘုရား ၊ မောင်တင့် ရှာ မရသာ နဲ့ တပည့်တော် ပဲ သွား လိုက်သာ ဘုရား ”

“ အလို .. ၊ အကျိုး မသိ အကြောင်း မသိ ၊ ငါ လည်း ဘာမှ မမှာလိုက်ရဘဲ နဲ့ ၊ ငဘော် ရယ် ”

“ မသိဘူးလေ ဘုရား ... ၊ သရက်ကုန်း ကို လွှတ်မယ် ဆိုလို့ သွား သာပဲ ဘုရား ၊ သေချာအောင် ရွာတောင် တစ်ပတ် ပတ်ခဲ့သေးသယ် ဘုရား ”

“ အေး .. ကောင်းကွာ ၊ သွားတော့ သွားတော့ ... ၊ ငါ ထ ရိုက်မိတော့မယ် ”

စံလှဘော် ကျောင်း အောက် ဆင်း သွားတော့ ဆရာတော်ကြီး က ပြုံးတော် မူတယ် ။ စံလှဘော် မှာ က သည်လို အဖြစ်တွေ များ ပြီ ကိုး ။ စံလှဘော် က တစ်မျိုး ။ ပြောင်စင် နေတဲ့ ကျောင်းဝင်း ကို တံမြက်စည်းကြမ်း တစ်ချောင်း နဲ့ အထပ်ထပ် ပြန် လှည်း ချင် လှည်း နေတာ ။ ကျောင်းဝင်းကြီး အမှိုက်တွေ ပွနေသကောရယ် လို့ “ ငဘော်ရေ ကျောင်းဝင်း တံမြက်စည်း လှည်းပါဦးဟ ” ဆိုလို့ လည်း လှည်း ချင် မှ လှည်း တာ ကလား ။ ရေ ဖြည့်ပြီး သား သောက်ရေအိုး တွေ သွန်ပြီး ရေသစ် ထည့် ချင် ထည့် နေတာ ။ ရေ မရှိတဲ့ သောက်ရေအိုး တွေ ကျတော့ လှည့်တောင် မကြည့်ပြန်တာ လည်း ရှိပြန်ရဲ့  ။ “ ငဘော် သောက်ရေအိုးတွေ ကို စုံအောင် ရေ ဖြည့်ပါဟဲ့ ” ဆိုတော့ ဆင်ခြေ က ပေးသေးတာ ။ “ သောက် ရတယ် မရှိဘဲ စိမ့် တာ နဲ့ ကုန် တာပါ ဘုရား ၊ သောက်ရေအိုး အမြင်ကပ် လို့ မထည့်တာပါ ဘုရား ” တဲ့ ။ ဘုရားပန်း များ တော့ အညှိုး မခံဘူး ။ ကျောင်း ရှိတဲ့ ပန်းတွေ သပြေ လို ၊ ဇော်မွှား လို ၊ ဇော်ကျား လို ရွက်စိမ်းရွက်လှတွေ ထိုး တာ လည်း ရှိတယ် ။ ရွာ ထဲ က လှူကြတာ တွေ လည်း ရေမိုး ဆေးကြောပြီး ပန်းကပ် နေတာ အကြာကြီး ။ တစ်ခါ တစ်ခါ ခိုင်းချင် တာ တောင် စံလှဘော် ပန်းကပ် တာ မပြီးနိုင် လို့ စောင့်နေရတာ အကြာကြီး ဆိုတာ ရှိသေးတယ် ။ တစ်ခါ တစ်ခါ အသံ အကျယ်ကြီး နဲ့ ဘုရား ရှိခိုး နေ လို့ ဆရာ‌တော်ကြီး ကိုယ်တိုင် ငေါက် ရတာ ရှိသေးတယ် ။ သည်လို ငေါက်တော့ စံလှဘော် က ဘုန်းကြီးကျောင်း ဆို မှ တော့ ဘုရားသံ ၊ တရားသံ ရှိမှပေါ့ ဘုရား တဲ့ ။ အခုလည်း ကြည့်လေ ။ မိဝက် ယောက်ျား ငတင် ကို သရက်ကုန်း လွှတ်မယ် ကြားတာ နဲ့ သရက်ကုန်း ထ သွား လေ ရဲ့ ။ ဘာ သွား လုပ်တာတုန်း ဆိုတော့ မသိ ဘူးလေ တဲ့ ။

◾ခင်ခင်ထူး

📖 ကပ်ပိယ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment