Monday, May 29, 2023

ကပ္ပိယ ( ၁၄ )


 ( ၁၄ )


“ ငဘော် ”


“ ဘုရား ”


“ တောင်ရွာ က ထန်းလက် တွေ လှူ ထားသာ ရှိတယ် ။ ပေသီး လှည်း အား တုန်း မင်း သွားတိုက် ချေပါလား ။ ပေသီး က နှစ်မောင်း တီးရင် လှည်း အားပြီလို့ လျှောက်ထားသယ် ”


“ တောင်ရွာ က ဘယ်သူ့ ထန်းတဲ သွားရမှာလဲ ဘုရား ”


“ ငကြီး ထန်းတော ။ ခုတ်ပြီးသား ကောက် တင်ရုံပဲ ။ ဆွမ်းချက်ဆောင် တစ်ဆောင်စာ ဆိုတော့ ထခလက် နှစ်ရာ လောက် ကောင်းပါရဲ့ ” 


“ လောက်လောက်ပါသယ် ဘုရား ”


“ အေး … သွား ၊ မိုး မချုပ်စေနဲ့ ။ ငကြီး ချင်း လည်း မမှားစေနဲ့ဦး ”


“ တင်ပါ့ဘုရား ” 


ဆရာတော် က ပြတင်းပေါက် က လှမ်း မိန့်တာ ဆိုတော့ စံလှဘော် က လှည်း လက်စ တံမြက်စည်း ချပြီး မြေကြီး ပေါ် မှာ ဆောင့်ကြောင့် ထိုင်ရင်း လက်အုပ်ချီ လျှောက် နေတာပါ ။ စိတ် ထဲ မှာလည်း တောင်ရွာက ငကြီး ထန်းတော ဆိုတာ လည်း မှတ်ထား လိုက်တယ် ။ ကိုပေသီး ကို တော့ မန်ကျည်းစုသား ဆိုတာ စံလှဘော် သိတယ် ။ ကိုပေသီး လှည်းကြမ်း က ကျောင်း ကိစ္စတွေ မှာ ကူ နေကျ ။ စံလှဘော် လည်း ကောက်ဆွ ခေါ်ပြီး ရွာ ထဲ ထွက်လာ ခဲ့တယ် ။ ကိုပေသီး လည်း အထူး ပြော မနေရပါဘူး ။ သည်လို ယူ နေကျ ဆိုတော့ လှည်းကောက် ၊ ကောက်ဆွ တင်ပြီး တောင်ရွာ ထွက် လာခဲ့တယ် ။ တောင်ရွာ ရောက် တော့ သုံးနာရီ သာသာ ။ ငကြီး ထန်းတော ဆိုတာ တော့ စံလှဘော် က သိတယ် ။ ငကြီး ဆိုသူ ကို သာ မသိတာ ကိုး ။ ရောက်ရောက် ချင်း လှည်း ချွတ်ပြီး အကျိုးအကြောင်း ပြောတော့ ငကြီး က ထန်းလက်ပုံ ပြတယ် ။ နိုင် သလောက် တင်သွားတဲ့ ။ ငကြီး ချ ကျွေးတဲ့ တောမုန့် သုံး လေးခု ရေ နဲ့ မျှော ချပြီး ထန်းလက် တွေ တင်တယ် ။ ကောက်ဆွ က အောက် က နေ လှမ်း ပေးတာ ကို စံလှဘော် က အလိုက်သင့် ထပ် ထပ်တင် ရတာပါ ။ တော်တော် ကြီး တင် မိတော့ ထန်းလက်တွေ မောက် နေပြီ ။ တောင်ရွာ ထန်းတော က ထွက် တော့ နေစွယ် ကျိုးစ ပြုပါပြီ ။ စံလှဘော် က လှည်း မောင်း လို့ ။ ကောက်ဆွ က ဘေးက ။ ထန်းလက်တွေပေါ် ထိုင် လာ တာ ဆိုတော့ လေကလေး တဖြူးဖြူး နဲ့ မှန်မှန်မောင်း လာ ခဲ့ကြတယ် ။ တောင်ရွာရိပ် က လှည်း ထွက်တော့ လူ တစ်ယောက် ပြေး လာနေလို့ ခဏ ရပ် ပေးရ ရော ။ ဘာများပါလိမ့် ။


“ မန်ကျည်းစု က လှည်း ဆိုလားလို့ ”


“ ဟုတ်ပါ့ဗျာ ၊ ပြော ”


“ မန်ကျည်းစု က မှတ်ကြီး ကို မှာ ချင်လို့ပါ ဗျာ ။ သည်ကောင် သုံးလေးရက် ကြက်ပွဲ မှာ လက်စွပ် ထားသွားသာ စကား မပြန်လို့ ၊ ပေါင်သာလား ၊ ရောင်းသာလား ၊ စကား မပြတ်သေးတော့ ကျုပ်က ဒီကောင့် စောင့်စောင့် နေသာရယ် ၊ လက်စွပ် ကိစ္စ လာ ဖြတ်ပါဦးလို့ မှာချင်လို့ပါဗျာ ”


“ ရပါ့ဗျာ ၊ မနက်ဖြန် ကျုပ် ရှာပြော လိုက်ပါ့မယ် ။ မှတ်ကြီး က ဖမ်းရ ခက်သယ် ။ သည်ဆို ဟိုရောက် တဲ့ ကောင် ။ စိတ်သာချရော့ နော့ ”


“ အေးဗျာ ... မန်းကျည်းစု လှည်းလို့ ငကြီး ပြောလို့ ပြေး လိုက်လာသာ ... အခန့်သင့် လိုက်လေဗျာ ”


စံလှဘော် က လှည်း ဆက် ထွက်လာခဲ့တယ် ။ တောင်ရွာနဲ့ မန်ကျည်းစု က ကုန်းကြောင်း သွားရင် ဖြတ်လမ်း က ဆိုတော့ မဝေးလှပါဘူး ။ ရွာချင်း ကူးကြသူ တွေက သည်လို ကွင်းကြိုကွင်းကြား တောကြိုတောင်ကြား က ဖြတ်သွား ကြရ တာချည်းပဲ ။ လှည်း နဲ့ ကျတော့ အဲသလို သွားလို့ မရဘူး ။ လှည်းလမ်း ပေါက်တဲ့ အတိုင်း မောင်း ရတာ ဆိုတော့ ခရီးနည်းနည်း ရှည်တယ် ပြောပါတော့ ။ လှည်းလမ်း က ဆိုးတဲ့ နေရာ တော်တော် ဆိုးတော့ သူများ လှည်း ကို လည်း ညှာရသေးတာနဲ့  ၊ နွားတွေ ကလည်း ဝန် နဲ့ ရုန်းရတာ ဆိုတော့ စံလှဘော် က ဖြည်းဖြည်းပဲ မောင်း တယ် ။ ကျောင်း ကို မိုးချုပ် မှ ရောက် လည်း ဖြစ်တယ် ။ ထန်းလက် ချ ပြီး ဖိုးပေသီး လှည်း သွား ပို့ ရုံပဲ ။ ကိုယ့် ရွာ ကိုယ် ဆိုတော့ လည်း အကြောင်း မဟုတ်ဘူးကိုး ။ လမ်း တစ်နေရာ ရောက်တော့ ကောက်ဆွ က တစ်ခုခု သတိရ သလို ပြော လိုက်တယ် ။


“ အဖေ ”


“ ဟေလကွာ .. ”


“ မှတ်ကြီး ဆိုသာ ကျုပ် သိတယ်ဗျ ၊ ကြက်ပွဲ မှာ ကျုပ် က သစ်ပင် ပေါ်  တက် ကြည့်သာ ။ အခုနက လူကြီး နဲ့ အဲသည် မှတ်ကြီး နဲ့ လက်စွပ် နဲ့ ပိုက်ဆံ လဲ နေကြ သာ ကျုပ် တွေ့သယ် ”


“ ကြက်ဝိုင်း ကိုး ကွ ။ သွေးကြွ နေတော့လည်း ပါသာ ထုတ် လောင်းကြတော့ သာပေါ့ ”


“ အခုန လူကြီး က မှတ်ကြီး ကို မယုံဘူးဗျ ။ ကျုပ် က ကြားနေရသာရယ် ။ မှတ်ကြီး ကို ခိုးလာသာလားတဲ့ ။ မဟုတ်ဘူး ငအုန်း က ပေးသာတဲ့ ”


“ ငအုန်း က မှတ်ကြီး ကို လက်စွပ် ပေးသာ ဟုတ်ကဲ့လားကွာ ။ ငအုန်း က လက်စွပ် တစ်ကွင်း အလကား မပေးလောက်ပါဘူး ”


“ ပေးပါသယ် ဆိုဗျာ ။ ကျုပ် က ကြားလာတဲ့ဟာ ကို ”


“ အေးပါကွာ ပေးချင် လည်း ပေးမှာပေါ့ ။ ငအုန်း က လည်း အလောင်း အစား ဆို ပါသာချည်းကိုးကွ ”


ဒါပါပဲ ။ ကောက်ဆွ ကလည်း စကား ရပ်သွားတယ် ။ သူ ကြားလာတာ သူ ပြောတာ ဆိုတော့ နောက်ထပ် လည်း ပြောစရာ မရှိတော့ဘူး ။ စံလှဘော် က လည်း လှည်းလမ်း ဂရုစိုက်ရတာ နဲ့ ကောက်ဆွ စကား ခေါင်း ထဲ မထည့်အား ဘူး ။ သည်လိုနဲ့ မောင်း လာ လိုက်တာ မန်ကျည်းစုရွာ တောင် လှမ်း မြင်နေရပြီ ။ လှည်းလမ်း က မန်ကျည်းစုရွာ ထဲ တန်း ဝင်လို့ မရတော့ လျှိုကမ်းပါး နဲ့ မလှမ်း မကမ်း ပန်းကွေ့ ရသေးတာပါ ။ နေစွယ် ကျိုးပြီ ။ မိုးကြီး တောင် မှောင် လှပေါ့ ။ ဆရာတော် က တော့ မှာတော် မူသား ။ စောစော ပြန်ခဲ့ကြ ဆိုပေမယ့် ဒါ အစောဆုံးပဲ ။ စိတ် သွားတိုင်း ကိုယ် ပါတာ မဟုတ်တော့ မှန်မှန် ပဲ မောင်းလာခဲ့တယ် ။ သည်မှာ တင် မိန်းကလေး တစ်ယောက် ရဲ့ အော်သံ လိုလို ကြား လိုက် ရတယ် ။ လှည်းသံ နဲ့ ထန်းခလက် လှုပ်သံ နဲ့ ဆိုတော့ သဲသဲကွဲကွဲ တော့ မဟုတ်ဘူး ။ ကောက်ဆွ က ဘေးဘီ ကို လှမ်း ကြည့်တယ် ။ သူ လည်း ကြားပုံ ရရဲ့  ။


“ ဗျို့ ... လှည်းဆရာကြီး ၊ လှည်းဆရာကြီး ၊ လှည်းဆရာကြီး ရယ် ခဏလေးပါ ။ လာပါဦး တော် ... ” 


သေချာသွားပြီ ။ မိန်းကလေး သံ ။ ခပ်ဝေးဝေး မမှောင့်တမှောင် က အော် လိုက်တဲ့ အသံ ထဲ မှာ မထိတ်သာ မလန့်သာ ကြုံနေရတဲ့ အသံမျိုး ။ ငယ်သံများ တောင် ပါလို့ ။ ဘာဖြစ်လို့ပါလိမ့် ။ စံလှဘော် က လှည်း ကို တုန့်ခနဲ ရပ် လိုက်တယ် ။ ထန်းလက်တွေ ပေါ် ကနေ ချက်ချင်း ခုန်ချ လို့လည်း ဖြစ်တာ မဟုတ်တော့ နွားကြိုး ကို အသာ လျှော့ပြီး လှည်းဘီး ကို ခြေကန် ဆင်း လိုက်တယ် ။ ကြိုး ကို လှည်းရံတိုင် မှာ ချည် ခဲ့ပြီး ပြေး လာတော့ ကောက်ဆွ ပါ ပါ လာခဲ့တယ် ။ ဟုတ်ပါ့ ။ မိန်းကလေး တစ်ယောက် ။ မတ်တပ် ရင်းပြီး စူးစူးဝါးဝါး အော်နေတာက လွဲပြီး ဘာမှ ကောင်း ကောင်း မကြားရဘူး ။ စံလှဘော် က ခေါင်းပေါင်းကြီး ပေါင်း ထား တော့ ကောင်း ကောင်း ကြား ရအောင် ခေါင်းပေါင်း ဖြည် လိုက်တယ် ။


“ ဘာတုန်း ဘာဖြစ်လို့တုန်း ကလေးမ ”


“ အမေ ကမ်းပါးထိပ် မှာ မူးလဲ သွားလို့ပါ ။ ဧည့်သည် မျှော်ရင်းက လဲ သွား သာပါ ။ ရွာ နဲ့ လည်း ဝေး ၊ လူ ကလည်း မရှိ ကယ်ကြပါဦး ”


မိန်းကလေး က လှည်းသမား သားအဖ ကို ပြောပြ နေတုန်းမှာပဲ ကောက်ဆွ က မှတ်မိ လိုက်ပြီ ။


“ မမမြချစ် ”


“ ဟယ် ... ကောက်ဆွ ... အော် ... ”


မြချစ် ဘယ်လိုမှ ထင် မထားတဲ့ စံလှဘော် နဲ့ ကောက်ဆွ ။ မြချစ်က ဆက် ပြောရ မလိုလို ၊ ရှိပစေတော့လို့ နောက်ပြန် ဆုတ်ရတော့ မလိုလို ။ ဒါပေမယ့် မြေ ပေါ် မှာ ပုံလဲ နေတာက မအေ ။ သည်နား မှာ နောက်ထပ် ဘယ်လို လူ မှ လည်း လာစရာ မရှိဘူး ဆိုတာ လည်း သိတယ် ။ စံလှဘော် တို့ ကောက်ဆွ တို့ တောင် မထင်တဲ့ ထောင့် က ပေါ် လာတာ မဟုတ်လား ။ သည်အချိန် မှာ အနာဟောင်း ကို နာ နေရင် အမှောင် ထဲ မှာ သားအမိ နှစ်ယောက် တည်း ရှိရ တော့မယ် ။ ပြီးတော့ မအေ က မေ့လဲ နေသူ ။ မြချစ် လက်ညှိုး ထိုး ပြတဲ့ နေရာ ကို စံလှဘော် ပြေး လာခဲ့ တယ် ။ အရီးအေးမေ မြေ ပေါ် မှာ ပုံ လဲ နေတာ မြင် လိုက်ရတော့ ထူပူ သွားတယ် ။ သည် သားအမိ သည်နေရာ မှာ သည်လို ပုံစံမျိုးနဲ့ တွေ့ ရလိမ့်မယ် လို့ စံလှဘော် လည်း တွက် မထားဘူး ။ အရေး ကြီး တာ က လူနာ ရွာ မြန်မြန် ရောက် ရေးပဲ ။ သည်တော့ လှည်း နဲ့ တင်ရ အောင် လည်း လှည်း ပေါ်မှာ ထန်းလက် တွေ အပြည့် ။ ဒါတွေ ချ နေ ရင်လည်း ကြာတော့မယ် ။ သည်တော့ အရီးဒေါ်အေးမေ ကို ကောက် ပွေ့ပြီး နှစ်မိုင် လောက်ဝေးတဲ့ ရွာဆီ သူ ပဲ ထမ်း သွားမယ် ။ လှည်း ကို ကောက်ဆွ ဆက် မောင်းသွား ။


“ ကောက်ဆွ လှည်း ဆီ ပြန် သွားတော့ ။ လှည်း ကို ထိန်း မောင်းခဲ့ ။ အဖေ အရီး ကို ပွေ့ သွားမယ် ။ ကျောင်း ရောက် ရင် ဆရာတော် ကို အကျိုးအကြောင်း လျှောက် နှင့် ။ အဖေ က အရင် ရောက်မယ် ထင်ပါရဲ့ ။ ကိုင်း ... သွားတော့ ” 


မြချစ် က စံလှဘော် စီစဉ် နေတာ ကို ကျေးဇူး တင် မိပေမယ့် ကောင်းသည် ဆိုးသည် မပြောဘူး ။ ကောက်ဆွ လှည်း မောင်းသွား လို့ ဖြစ်ပါ့မလား ။ မြချစ် က ကောက်ဆွ ကို ထန်းလက်တွေ နဲ့ ဖြစ်ပါ့မလား လို့ လှမ်း မေးတယ် ။ ကောက်ဆွ က ကျုပ် လည်း ကပ္ပိယပါဗျာ တဲ့ ။ စံလှဘော် က မြချစ် ကို စောင့် မနေပါဘူး ။ ဒေါ်အေးမေ ကို ကောက်ခနဲ ပွေ့ပြီး ခြေလှမ်း သွက်သွက် လှမ်း တော့တာပဲ ။ အမှောင် ရိပ် ထဲ မှာ စံလှဘော် က သုတ်သုတ်ကြီး လှမ်းနေတော့ မြချစ် က စံလှဘော် ခြေလှမ်း ကို မီ အောင် မနည်းကြီး အပြေး လိုက်ရတယ် ။ စံလှဘော် က သုတ်သုတ် လှမ်းရင်း မြချစ် ကို ရွာ ရောက် နှင့် အောင် အပြေး ခိုင်းတယ် ။ ဆေးဆရာ ပင့်နှင့်ချေ ပေါ့ ။ ဟုတ်သားပဲ ။ ရွာ က ဆေးဆရာ ဆရာမှည့် ကို ပင့် ရမှာ ခုမှ သတိရ သွားတယ် ။ မြချစ် က စံလှဘော် ကို ကျော် ပြေး လေရဲ့ ။ စံလှဘော် က နှစ်မိုင် လောက် ခရီး ကို ကလေး ပွေ့ သလို ပွေ့ပြီး ပြေးရမှာ မသက်သာမှန်း သိပေမယ့် လူ တစ်ယောက် ရဲ့ အသက် နဲ့ ရင်း ရတဲ့ အခြေအနေ မှာ စံလှဘော် နှလုံး ကွဲရင် ကွဲပစေတော့ ရွာ ရောက်အောင် သယ်ဖို့ ပဲ ရှိတော့တာကိုး ။


အမှောင်ထု က မန်ကျည်းစုရွာကလေး ကို ငုံ ပစ်လိုက် လေရဲ့ ။


◾ခင်ခင်ထူး


📖 ကပ်ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment