❝ နေ့ပြန်တိုး ❞
မကြွက် သည် အိမ် အလုပ်များ တရစပ် လုပ်ပြီး ဈေးတောင်းလေး ကို အသင့် ပြင်ထားသည် ။ ကလေးများ နှင့် အိမ်ဦးနတ် အရှင်သခင် ကိုခင်စိုး အတွက် နံနက်စာ ထမင်းပွဲ အဆင်သင့် ပြင်ပေး ပြီးလျှင် ခုနစ်နာရီ ထိုးပြီ ။ ကိုခင်စိုး သည် ဝါးကပ် ကြမ်းပြင် ပေါ် မှာ ဖျာ မပါ ခြုံစောင် တစ်ထည် တည်းဖြင့် စည်းစိမ် ခံ နေဆဲ ။ စည်းချက် ညီညီ လည်း ဟောက် နေသည် ။
မနေ့ ည က မကြွက် ၏ ဈေး ရင်း ငွေလေး ကို လုယက် သောင်းကျန်း ပြီး သောက် ထားသော သေရည် အရှိန် က ပြေသေး ပုံ မပေါ် ။ အရှိန် မပြေခင် နိုးသွား မှာ စိုးသဖြင့် မကြွက် သည် အသံ ကို တတ်နိုင်သမျှ တိတ်ဆိတ်စွာ လုပ် နေရသည် ။ ကလေးတွေ ကို လည်း မိုးလင်း ကတည်း က ဈေး ထဲ မှာ ဈေးဆိုင် အငှား ခင်း ဖို့ လွှတ် လိုက် သည် ။ အိမ် က ဝါးကြမ်း ကို ကွက်ကျော် ရိုက်ခင်း ထားသည် မို့ အသံ က တော့ မြည် နေပါသည် ။
ဒါကို ကျေးဇူးရှင် လင်တော်မောင် သည် အိပ် နေတုန်း ဆူတယ် ဆိုပြီး မထင်လျှင် မထင် သလို ရိုက်နှက် တတ်သည် ။ အရိုး ကွဲ အောင် ရိုက်၍ အသည်း စွဲအောင် ချစ်နေသည် တော့ မဟုတ်ပါ ။ နာတတ်သည် ပေါ့လေ ။ လူ ပဲ ။ သို့ပေမဲ့ မကြွက် က မိန်းမသား မဟုတ်လား ။ တစ်လင် က နေ နှစ်လင် မပြောင်း ချင်ဘူး ။ ပြီးတော့ ကလေးတွေ ၏ မျက်နှာ လည်း ကြည့် ရ သေးပါသည် ။ ဒါကြောင့် သူ လုပ် မကျွေးတာ ၊ နှိပ်စက် တတ်တာတွေ ကို စိတ် ထဲ ထား မနေပါဘူး ။ ကိုယ့် ဘက် က ဝတ္တရား ကျေ အောင် နေသည် ။ သို့နှင့် မကြွက် အလုပ် ပြီး လျှင် ကြိမ်ဈေးတောင်းလေး ခေါင်း ပေါ် ရွက်ကာ ဈေး ထဲ ထွက် ခဲ့သည် ။ မကြွက် ဈေးတောင်း ထဲ မှာ ဘာ တစ်ခု မျှ မပါပါ ။ မကြွက် အလုပ် က ကြွက် ဝယ်ပြီး ကင် ၍ ပြန် ရောင်း သော အလုပ် ။ ဒီနေ့ အရင်းက တစ်ကျပ် မျှ မရှိ တော့ တာ မို့ နေ့ပြန်တိုး ဝင် ယူ ရဦးမည် ။
လမ်း လျှောက် ရင်း ဘယ် သူဌေးမ ဆီ ဝင် ချေးရင် ကောင်းမလဲ ဟု လည်း တွေး နေမိသည် ။ ဈေး ထဲ မှ သူဌေး အတော် များများ ဆီ က မကြွက် နေ့ပြန်တိုး ယူ ထား မိသည် ။ သူဌေး တွေ က
လည်း အခက်သား ။ အတိုး ရ နေ လျက်နှင့် များ သွား လျှင် မပေးချင်ကြ တော့ပါ ။ မပြော
ချင်ပါဘူး တော် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီ ၊ ဆင်းရဲသားတွေ ပြေလည် တော့မည် ၊ သမဝါယမအသင်း ကနေ ပြည်သူ တစ်ဦး ငါးသောင်း ထုတ် ပေးမည် ဘာညာ ဆိုပြီး အရပ် စကား ကြား တော့ မျှော် လင့်မိ တာပေါ့ ။ ခုတော့ နောက် ရွေးကောက်ပွဲ တောင် စ,တော့မယ် ၊ ပေါ် မလာပါ ဘူး ။ ခုထိတော့ မကြွက် တို့ မှာ နေ့ပြန်တိုး နှင့် ချာချာ လည် နေဆဲ ။ မိုဘိုင်းဖုန်း တွေ တုန်း က လည်း မကြွက် တို့ ဘယ် မှာ ရ လို့လဲ ။ အုပ်ချုပ်ရေးမှူး တွေ သာ ချမ်းသာ ကုန်သည် ။
မကြွက် က ချမ်းသာဖို့ မမျှော်လင့် ပါဘူး ။ နေ့ပြန်တိုး လွတ်ချင် ရုံ လေးပါ ။ ခုတော့ လုပ်သမျှ က အတိုး ပဲ ဆပ် နေ ရသည် ။ သူဌေး အတော်များ များ က လည်း အတိုး လွတ် ဆိုတာ ချေး ဖို့ အဝေးကြီး ။ နှစ်ဆယ်တိုး တောင် နေ့ပြန်တိုး ပဲ ချေး ကြသည် ။ ငွေ တစ်သောင်း ယူ လျှင် တစ်လ အတွက် အတိုး နှစ်ထောင် ပေး ရသည် ။ တစ်နေ့ ကို အတိုးအရင်း ပေါင်း လေးရာ ပြန် သွင်း ရသည် ။ မကြွက် မှာ နေ့ပြန်တိုး တစ်သိန်း ရှိသည် ။ ဒီတော့ တစ်နေ့ လေးထောင် ပြန် ဆပ်ရသည် ။ ကြွက် ဝယ် ပြန်ရောင်း သည့် အလုပ် က ဒီ လောက် မမြတ်ပါ ။ နေ့စဉ် မိသားစု လေးယောက် စား ဖို့ က ရှိသေးသည် ။ ဒီကြား ထဲ ဗိုက် ထဲ က ခြောက်လ ဖြစ်နေ ပြီ ။ အကြွေး အကြောင်း က မတွေး တာ ဘဲ ကောင်းသည် ။ အကြွေး အကြောင်း တွေး နေရုံ နှင့် ဆန် ရမှာ မဟုတ်ဘူး ။
နေ့ပြန်တိုး အမြန် ဝင် ချေးပြီး ကြွက် အမြန် သွား ကောက် နိုင်မှ ညနေ စာ ဆန် ရ မည် ။ မကြွက် သည် ကြွေး ရှင်တွေ ထဲ မှာ အတော် သဘော ကောင်းပုံ ရသော အပျိုကြီး မမအေး ဆီ ပဲ အပူ ကပ်ဖို့ လာခဲ့သည် ။ မမအေး က ဘုရား ရှိခိုး နေတာ မို့ မကြွက် ထိုင် စောင့် နေရသေး သည် ။ တစ်နာရီ ထိုး ခန့် ကြာ သည် အထိ မမအေး က အပေါ်ထပ် မှ ဆင်း မလာပါ ။ မကြွက် ၏ ဖောက်သည်တွေ တခြား ရောင်း လိုက်မှာ ပြီး စိုးရိမ်ရ သေးသည် ။ မကြွက် တွေး နေစဉ် မမအေး က အပေါ်ထပ် မှ ဆင်းလာပြီး -
“ ဘာကိစ္စလဲ မကြွက် ”
ဟု ခပ်မာမာ မေး သည် ။ မမအေး သည် မျက်နှာ မှာ သနပ်ခါး အဖွေးသား ဖြင့် သန့်သန့်ခံ့ခံ့လေး ဖြစ် နေသည် ။ ဆင်းရဲခြင်း အပူအပင် လည်း မရှိ ။ လင် ယောက်ျား နှိပ်စက်ခြင်း အပူအပင် လည်း မရှိတာ မို့ အတော် အရွယ် တင်သည် ။ ခေါင်းမွေး စုတ်ဖွာ ၍ အိုးမဲ အချို့ ပေ လာသော မကြွက် သည် ကိုယ့် ကိုယ် ကို မလုံ မလဲ တော့ ဖြစ်မိသား ။ ဆံပင် တွေ ကို တစ်ချက်သပ် ကာ မမအေး ကို ရှေ့သွား တွေ အကုန် ပေါ် အောင် ရယ် ပြ လိုက်မိသည် ။
"ကျွန်မ နေ့ပြန်တိုး တစ်သောင်း လောက် ထပ် လို ချင်လို့ပါ မမအေး ရယ် ”
“ ညည်းတို့ က လည်း အေ စောစောစီးစီး ပိုက်ဆံ လာ ချေး ရတယ်လို့ ။ နင် ယူ ထား တာလည်း များ နေပြီ ။ မပေးနိုင်တော့ဘူး မိကြွက် ”
“ ဟုတ်ပါတယ် မမအေး ရယ် ၊ မကြွက် အရင်း ငွေ ကို ယောက်ျား က အရက် သောက်ပစ်လို့ပါ ။
မမအေး မပေး ရင် ကလေးတွေ လည်း ထမင်း စားစရာ မရှိဘူး ။ အတိုး လည်း ဆပ်စရာ မရှိလို့ ပါ မမအေးရယ် ။ ဒီတစ်ခါ လည်း ကူညီပါဦး နော် ၊ တောင်းပန်ပါတယ် ”
“ ညည်း ယောကျ်ား အရက်ဖိုး မရှိ ရင် အရိုက် ခံရမယ် ဆိုတာ လည်း ထည့် ပြော ပါလား မကြွက် ရယ် ။ ညည်း အကြောင်းပြချက်တွေ က မကုန်နိုင်ဘူး ။ မကောင်းတဲ့ ယောက်ျား ယူ ထားပြီး သူ့ လုပ်စာ မစားရဘဲ အနှိပ်စက် ခံနေတယ် ”
မမအေး က အပျိုကြီးတို့ ထုံးစံ အတိုင်း ယောက်ျား မကောင်း ကြောင်း တရစပ် ပြော တော့သည် ။ ဩော် အပျိုကြီး ရယ် အစက ကြို သိခဲ့ရင် ယူမလား ဟု စိတ် ထဲ မှ ပြန်ပြော နေမိသည် ။ ယောက်ျား တွေ က ငါ အရက်သမား ၊ ငါ လောင်းကစားသမား ဆိုပြီး နဖူး မှာ စာ ကပ် ထားသည် မှ မဟုတ်ဘဲလေ ။ ဒါပေမဲ့ နှုတ် ကတော့ မကြွက် ဘာမျှ ပြန် မပြောရဲပါ ။ ဒီလောက်ဆို မမအေး ငွေ ပေးချင်လာတာ သိသည် ။ ပြော နေရင်း က မမအေး သည် ပိုက်ဆံ သွား ယူလာပြီး -
“ ရော့ ၊ ဒါနောက်ဆုံးပဲ နော် မကြွက် ၊ နေ့ပြန်တိုး ကို ကျေအောင် သွင်း ။ ဒါတောင် နင့် သနားလို့ ပေးတာ ”
ဟု ခပ်မာမာ ဆိုသည် ။ မကြွက် သည် ထုံးစံအတိုင်း ကျေးဇူးတင် စကား အခါခါ ဆိုကာ မမအေး အိမ် မှ ထွက် ခဲ့သည် ။ ကဲ လူ အောက်ကျို့ ၍ မသေပါဘူး ။ အဓိက က ငွေ အရင်း ရဖို့ပဲ မဟုတ်လား ။
မကြွက် သည် နောက်ကျ နေ၍ မြို့ အပြင် လယ်ကွင်းစပ် ဆီ သုတ်ခြေ တင် ထွက်လာ ခဲ့သည် ။
••••• ••••• •••••
ဆောင်းလယ် ရောက်နေပြီ မို့ နှင်းများ ပိတ်သည်းစွာ ကျ နေသည် ။ သံလမ်း ကူး ပြီးသည် နှင့် မြို့ အခြေဘက် လမ်း သို့ အမြန် လျှောက် ခဲ့သည် ။ မြို့ အပြင် လယ်ကွင်းစပ် ရောက် လျှင် လေ က ပိုမို တိုက်ခတ် လာသည် ။ မမအေး ပေး ထားသော အပေါ် အင်္ကျီ အဟောင်းလေး ကို ဆွဲ စေ့ လိုက်မိသည် ။ ကိုယ်ဝန် စူစူ ကို တော့ အင်္ကျီ က မဖုံးမိပါ ။ မြို့ အပြင် ဘက် အနည်း ငယ် လျှောက် လာပြီး သစ်ပင် ရိပ် အောက် မှာ ထိုင် ကာ ချိန်ခွင် နှင့် အလေး ကို တောင်း ထဲ မှ ချသည် ။ ဟိုဒီ တွေးရင်း ကြွက် လာ ရောင်းသူတွေ ကို မကြွက် စောင့် နေသည် ။ ဒီ နယ် မှာ မတ်ပဲ အစိုက် များ သည်မို့ ကြွက် တွေ အလွန် ပေါ သည် ။ ကြွက်တူးသမားတွေ ၊ ကြွက်ထောင်သမားတွေ အတွက် ဒီအ ချိန် ဆို အလုပ် ဖြစ်သည် ။
မကြွက် သည် ကြွက် ထောင်သူ တွေ ဆီ က အကောင် လိုက် ပိဿာချိန် နှင့် ဝယ် သည် ။ ကြွက်တွေ ကို အရေ စုတ် ၊ ခေါင်း နှင့် ခြေလက် ဖြတ် ကာ ဗိုက် ခွဲသည် ။ နောက် မီးကင် ကာ ကြွက်ကင် အဖြစ် ပြန် ရောင်း သည် ။ မကြွက် အမည်ရင်း သည် မလှအေး ဖြစ်၏ ။ ဘဝ က လှ လည်း မလှ ၊ အေး လည်း မအေးချမ်း ခဲ့ပါ ။ လူမှန်း သိ တတ်စ အရွယ် ကတည်း က အမေ့ နောက် မှာ ကြွက်ကင် လိုက် ရောင်းနေခဲ့ သည် ။ အိမ်ထောင် ကျတော့ လည်း ကြွက် ပဲ ရောင်းဖြစ် နေတာ မို့ အမည် ရင်း ပျောက် ကာ မကြွက် ဖြစ် လာသည် ။ မကြွက် ကိုယ့် ဘဝ အကြောင်း တွေး နေစဉ် ကြွက်ရောင်းသမားတွေ ရောက် လာသည် ။ ပထမတစ် ယောက် ဆီ က ကြွက် တစ်ပိဿာ ကျော် ရသည် ။ ကြွက်တွေ ကတော့ အရွယ် မညီပါ ။ သေးသေး ပိန်ပိန်တွေ လည်း ပါသည် ။
“ မကြွက် ဈေး နည်း နည်း ပို ပေးပါဦးလားဗျ ၊ သူ များတွေ နှစ်ထောင်ဈေး ရ တယ် ။ မကြွက် ထောင့်ငါး ရာ က ကို မတက်ဘူး "
“ အမယ်လေး လှဌေး ရယ် နင့် ကြွက်တွေ ကို လည်း ကြည့်ပါဦး ၊ အစာ ဝအောင် စားပုံ မပေါ်ဘူး ၊ ပိန်လှီ နေတာ ပဲ ။ ကြွက် ဖြစ်ခါစတွေ က ပါ သေးတယ် ။ ဈေးတော့ ပို မပေးနိုင်ဘူး ဟေ့ ၊ ကြိုက်တဲ့ ဆီ သွားရောင်း ။ မကြွက် တို့ က အလေးပြည့် ချိန်ခွင်ပြည့် နဲ့ ကောက်တာ ။ သူများတွေ လို အလေး မခိုးဘူး ၊ နားလည် လား ”
ခပ်လှမ်းလှမ်း မှာ အခြား ကြွက်ဝယ်သူ တွေ လည်း ရှိတာ မို့ မကြွက် အော်ပြော လိုက်သည် ။
“ ကဲ .. မပေးချင် လည်းနေပါ မကြွက်ရာ ၊ ပြဿနာ မရှာပါနဲ့ ၊ ငွေ မြန်မြန်ရှင်း ”
လှဌေး က ဟိုဒီ ဝေ့ ကြည့်ကာ ဆိုသည် ။ မကြွက် မျက်စောင်း ခဲ ကာ ပိုက်ဆံ ထုတ် ရှင်းပေး လိုက်သည် ။ နောက် လူတွေ က တော့ ဈေး ပို မတောင်းပါ ။ တောင်း၍ လည်း မရဘူးလေ ။ ထောင့် ငါးရာ နှင့် ဝယ်တာပင် မကြွက် အတွက် ဘာမျှ သိပ် ကျန်တာ မဟုတ်ပါ ။ အခြား သူတွေ လည်း ထောင့်ငါးရာဈေး က ပို မပေးဘူး ဆိုတာ မကြွက် သိပြီးသား ။ ဒီ ကြွက်တွေ ကို ခေါင်း ခြေလက်ဖြတ် ၊ အရေစုတ်ပြီး မီးကင် လျှင် ဘာ ကျန်တော့လို့လဲ ။ အကင် တစ်ပိဿာ သုံးထောင်ဈေး ရ ပေမဲ့ ဘာမျှ သိပ် မြတ်တာ မဟုတ်ပါ ။ ကြွက် ခြောက်ပိဿာ လောက် ရ လျှင် နေမြင့်ပြီ ။ ကျန်သည့် ငွေ တစ်ထောင် ကို ဆန် နှင့် တိုလီမိုလီ ဝယ်ရဦး မှာ မို့ ချန်ရ ဦးမည် ။ ကြွက်တွေ တောင်းထဲ ကောက် ထည့်ကာ အိမ် ပြန်ဖို့ ပြင် နေစဉ် ဒယိမ်းဒယိုင် လာ နေသော ကိုခင်စိုး ကို မကြွက် လှမ်း မြင် လိုက်သည် ။
ကျေးဇူးရှင်ကြီး လိုက် လာ ချေပြီ ။ အိပ်ရာ က နိုးချင်း တန်ပြန် ဖို့ ပုလင်း ထဲ မှာ လက်ကျန် မရှိတော့ဘူး ထင်သည် ။ မကြွက် သည် လက် ထဲ ရှိ ထောင်တန်လေး ကို ဖျတ်ခနဲ ရင်ဘတ် ကြား ထဲ ထိုးထည့် လိုက်သည် ။ ကိုခင်စိုး က လည်း အမြန်နှုန်း ဖြင့် အနား ရောက် လာပြီး ခါး ထောက် ရပ်သည် ။
“ ဟဲ့ မိကြွက် ၊ နင် က လည်း ကြာ လိုက်တာ ။ ငါ အာဆွတ်စရာ တောင် ပိုက်ဆံ မထားခဲ့ဘူး ။ ပေးစမ်း ပိုက်ဆံ ”
“ မရှိတော့ဘူးလေ ကိုခင်စိုး ရဲ့ ၊ ကြွက် အကုန် ဝယ် ပစ်လိုက်ပြီ ။ ကျုပ် ရောင်းပြီး မှ ပေးပါ့မယ် ”
“ မိကြွက် စကား အပို မပြောနဲ့ နော် ။ နင် အသား နာ ချင် သလား ၊ ပေးစမ်း ရင် ဘတ်ထဲ က ပိုက်ဆံ ”
သူ မြင်သွားပြီ ဆို မှ တော့ မကြွက် မနေရဲတော့ ပါ ။ နောက်ထပ် ငြင်း နေလျှင် နားရင်း အုပ်ခံရမလား ၊ ခြေ အကန် ခံရမလား မသိနိုင်ဘူးလေ ။ ကွန်ဖူး တွေ ပါလာ လျှင် မကြွက် က ရှောင်တတ် တာ မဟုတ် ။ ဒါကြောင့် ရင်ဘတ် ထဲ မှ ငွေ တစ်ထောင် ကို ထုတ်ပေး လိုက်ရသည် ။
“ ငါးရာ လောက် ပြန် ပေးပါလား တော် ၊ အိမ် မှာ နေ့လယ်စာ ဆန် မရှိဘူး ကိုခင်စိုး ရဲ့ ”
မကြွက် ကို လှည့် တောင် မကြည့်ပါချေ ။ အိမ် မှာ ဆန် ချက်စရာ က တကယ် မရှိတော့ပါ ။ မတတ်နိုင်တော့ လည်း ကြွက်တောင်း ခေါင်းပေါ် ရွက်ပြီး အိမ် အမြန် ပြန်လာခဲ့သည် ။ မကြွက် ၏ ကိုယ်ဝန် သည် ခြောက်လ ကျော် ပြီမို့ လှုပ်ရှား ရတာ သိပ် မကောင်းပါ ။ ဗိုက် ထဲ က ကလေး အတွက် ရင် လေး မိသည် ။ ကလေး အတွက် အစာအာဟာရ နှင့် ဆေး ကောင်းကောင်း လည်း မမှီဝဲ ခဲ့ ရပါ ။ ကြွက်သား နှင့် သာ နှစ် ပါး သွား နေရသည် ။ ကိုယ်ဝန်သည် မိခင် သည် တွင်း အောင်းသား မစားရဘူး ဆိုပေ မဲ့ မကြွက် ကလေး နှစ်ယောက် လုံး ကြွက်သား စား ပြီး မွေး ခဲ့ရသည် ။ ဒါကြောင့် ကလေး နှစ်ယောက် သည် ခပ်နုံနုံ ထိုင်းထိုင်းလေး တွေ ဖြစ်နေ သလား မသိပါ ။ မကြွက် ကို လည်း တစ်ခါတလေ လူတွေ က စိတ် မမှန် ဘူး ဟု ဆိုကြသည် ။
အိမ် ရောက်လျှင် ကြွက် တွေ ကို အရေစုတ်သည် ။ ခေါင်းခြေလက် ဖြတ်ပြီး ဝမ်းခွဲကာ မီးကင် ဖို့ ပြင် သည် ။ မကြွက် ၏ အိမ် သေးသေးလေး ထဲ တွင် အညှီနံ့တွေ ဖုံးလွှမ်း နေလေ့ ရှိသည် ။ နောက်ဖေး မှာ လည်း ကြွက်ခေါင်းတွေ ၊ ခြေလက်တွေ ပုံ ထား တာ ယင်တွေ အုံခဲ နေတတ်သည် ။ မီးသွေး က လည်း ကုန်ခါ နီးပြီမို့ ရှိတာလေး စု ပြီး မီးမွှေး လိုက် သည် ။ နောက် ကြွက်တွေ ကို တံညှပ် နှင့် ကင်သည် ။ ကြွက် တွေ ကို ကျက်သည် အထိ မကင်ပါ ။ အနည်းငယ် ရဲလာ သည် နှင့် နောက်ထပ် ကင် သည် ။ အားလုံး ကင်ပြီး မှ တောင်းထဲ ထည့်ကာ ဈေး ထဲ သို့ အမြန် လိုက် ရောင်းရ သည် ။ နေ့လယ်စာ ထမင်း မချက်ရ သေး ၍ ဖြစ်သည် ။ ကလေးတွေ လည်း ဆာနေ လောက်ပြီ ။ ကိုခင်စိုး က ကလေးတွေ ထက် ဆိုးသည် ။ သူ့ ကို ချော့လို့ လည်း မရ ၊ ခြောက်လို့ လည်း မရပါ ။
ကြွက် ကင် ကတော့ မကုန် မှာ မပူရပါ ။ ပိုက်ဆံ လည်း လက်ငင်း ရသည် ။ အတိုးငွေ ဆပ်ရတာ နှင့် ကုန်သည် ။ မကြွက် လက်ထဲ ပိုက်ဆံ မြင်လျှင် နေ့ပြန်တိုး သမားတွေ က အတင်း လိုက် တောင်း သည် ။ လုယူ မတတ် ပါပဲ ။ မကြွက် လည်း တော်ရုံ စားစရာ မကျန် မှာ စိုး၍ ပြန် မဆပ်ချင်ပါ ။ ခုလည်း မတင်ငွေ ကို အရင်း ငွေ ချန်ပေးဖို့ တောင်းပန် နေရသည် ။
“ မတင်ငွေ ရယ် အတိုးပဲ ယူပါဦး ၊ အရင်းလေး ချန် ပေးပါဦးလားလို့ ၊ နောက်နေ့ ဆပ်ပါ့မယ် ”
“ မရဘူး မိကြွက် နေ့ပြန်တိုး ပေးပါတယ် ဆိုမှ အရင်း ချန်ပေး စရာလား ၊ မချန်နိုင်ဘူး အကုန်ပေး ”
မတင်ငွေ က မာမာ တင်းတင်း ပြော လာတာမို့ မကြွက် ပိုက်ဆံ ထုတ်ပေး လိုက်ရသည် ။ ဆန်တစ်ပြည် နှင့် ဆီတစ်ဆယ်သား ကို အလျင် ဝယ် ထားရသည် ။ နောက်နေ့ အရင်း ကို ကျစ်နေ အောင် လိပ်ပြီး ရင်ဘတ်ကြား ထိုး ထား လိုက်သည် ။ နောက်ထပ် သုံး,လေးဦး အတိုး သွင်း ပေးပြီးတော့ ငွေ က သိပ် မကျန်တော့ ။ မမအေး ကို အရင်း တော့ သွား သွင်းဦး မှ ဟု တွေးကာ ဈေး အပြင် ထွက် လာစဉ် အကြွေးရှင် မထားရီ နှင့် ပက်ပင်း သွား တိုးသည် ။
“ ဟေ့ မိကြွက် အဲဒါ ဘယ်လဲ ။ ပိုက်ဆံ လာ ကောက်တာ ထုတ် ထုတ် ခု တစ်ခါ တည်း ပေးလိုက် ”
“ ကျွန်မ အပြန် ဝင်ခဲ့မယ် မမထား ရယ် ၊ ခဏလေး စောင့်ပါ နော် ။ ဟို ဘက် သွား ချင်လို့ ”
“ မလိုချင်ဘူး ၊ နင့် ဉာဏ်နီဉာဏ်နက် တွေ ကို သိ ပြီးသား ။ ငါ့ ကို ပတ်ဖို့ မစဉ်း စားနဲ့ ။ နင် ပိုက်ဆံ မထုတ်ရင် ဒီ ဆန်အိတ် ယူထား မှာ နော် ”
မထားရီ က မကြွက် လက် ထဲ မှ ဆန်ထုပ် ကို ဆတ်ခနဲ ဆွဲ ယူ သွားသည် ။ သူ့ လက် မှ လက်ကောက်တွေ ရဲ့ တချွင်ချွင် မြည်သံ က မကြွက် ဆန်ထုပ်လေး ကို လှောင်နေ သည် ။ မကြွက် လက် ထဲ မှ ပိုက်ဆံ တစ်ထောင် ကို ထုတ် ပေး မှ ဆန်ထုပ် ကို ပြန် ပေးသည် ။ မမအေး အိမ် ရောက် လျှင် မကြွက် ရင်ဘတ် ကြား မှ ပိုက်ဆံ ငါးရာ ကို နှိုက် ယူ လိုက် သည် ။ အမှန်ဆို မမအေး ကို အတိုးအရင်း ပေါင်း ထောင့် နှစ်ရာ ပေး ရမည် ။ မတတ်နိုင် ပါ ။ ငါးရာ ပေးပြီး တောင်းပန် ရမည် ။ မမအေး က ပိုက်ဆံ ကို ကြည့် ကာ နှုတ်ခမ်း မဲ့ သည် ။
“ ဘယ်လိုလဲ မိကြွက် ၊ မနက် တုန်း ကတော့ အတိုး အရင်း ကျေစေရမယ် ဆို ၊ ခုတော့ ငါးရာ တည်း ပါလား ”
“ ဟုတ်ပါတယ် အေး ရယ် မနက်ဖြန် အတွက် အရင်း လေး ချန်ထား ချင်လို့ပါ ။ မမအေး တစ်ယောက် ပဲ နားလည် ပေးတာမို့ လို့ ချန်ထား တာပါ ရှင် ။ ကျန်တဲ့ သူ တွေ က အတင်း လု ယူကြတာ တော် ရေ ”
“ အေ ငါ က သဘော ကောင်း မှန်း သိတော့ ညည်း က လှည့်ပတ်တယ် မဟုတ် လား ။ ကဲ ကဲ ထားလိုက်ပါ တော့ မိကြွက်ရယ် ။ ဟိုမှာ ညည်း အတွက် ငါးပိရည် နဲ့ ပဲနှပ်ဟင်း ထည့်ပေး ထားတယ် ။ ယူသွားချေ ။ ပဲနှပ် ကို ညည်း စားနော် ၊ ယောက်ျား ကို ကျွေး မနေနဲ့ဦး ”
“ ကျေးဇူးပါ မမအေး ရယ် ၊ ကျေးဇူးပါ ”
မကြွက် သည် ဟင်း ထုပ်လေးတွေ ကို လက် က ဆွဲ ပြီး အိမ် ကို အပြေး ပြန် လာရ သည် ။ အိမ် ရောက် လျှင် ကြွက်ကင် တစ်ကောင် ကို တုံးပြီး ဆီ အနည်းငယ် နှင့် လှိမ့် ကြော် လိုက် သည် ။ နေ့လယ် နှစ်နာရီ ကျော် မှ မကြွက် တို့ သားအမိတွေ ထမင်း စား ရသည် ။ မမအေး က ကိုယ်ဝန်ဆောင် မို့ တွင်း အောင်းသားတွေ မစား နဲ့ ဆိုပြီး ပဲနှပ် ထည့်ပေး လိုက်ပေမဲ့ မကြွက် မစားဖြစ် ပါ ။ ကလေးတွေ သာ စား နေသည် ။ မကြွက် တို့ ထမင်း စား နေစဉ် ကိုခင်စိုး က ဝါးကပ် ကြမ်းခင်း ပေါ် ဝုန်းဒိုင်း ကြဲ နင်း တက် လာသည် ။ အိမ် ကလေး မှာ လှုပ်ခါယိမ်းနွဲ့ လို့ နေသည် ။
“ ဟေ့ မိကြွက် ၊ ဘာဟင်းလဲ ။ ထမင်း ခူးစမ်း ၊ ထမင်းပွဲ အဆင်သင့် ပြင် မထားဘူးလား ဟ ”
“ ခူးထားပါတယ် ကိုခင်စိုး ရယ် ၊ ကျုပ်တို့ သားအမိ တစ်တွေ လည်း ခုမှ စားရတာပါ ”
မကြွက် ပြောပြောဆိုဆို နှင့် ထမင်းပွဲ သွား ချပေး လိုက်သည် ။ ကိုခင်စိုး က ထမင်းပွဲ ကို ကြည့်ပြီး မျက်နှာ ရှုံ့မဲ့ သွားသည် ။
“ ဟင်း ကလည်း နေ့ တိုင်း ကြွက်သား ချည်းပါလား မိကြွက် ။ နင် တခြား ဟင်း မချက်တတ်တော့ဘူး လား ဟင် ”
“ မချက်တတ်ဘဲ နေ မလား ကိုခင်စိုး ရယ် ၊ ပိုက်ဆံ ရှိ မှ ချက်လို့ ရ မှာပေါ့ ။ ဒီ ထမင်းဟင်း တောင် ကျုပ် မပေါ့မပါးကြီး နဲ့ ရှာဖွေ နေလို့ ။ မီးဖွားခါ နီးရင် ဒီ ကလေးတွေ အတွက် စဉ်းတောင် မစဉ်းစားချင်ဘူး ”
“ မစဉ်းစားချင် နေ ၊ တစ်သက်လုံး ငါ ရှာ ကျွေး ထားတာ စား လာပြီး စကားကြီး စကားကျယ် မပြောနဲ့ ။ နင် ပါး ကွဲ သွားမယ် နော် ”
ကိုခင်စိုး က ထမင်း ကို ပလုတ်ပလောင်း စားပြီး မျက်ထောင့်နီကြီး နှင့် ကြည့် လာ သည် ။ တစ်ခါတလေ တော့ လည်း ဒီ လင် ဆိုး ကို မုန်း မိပါ သည် ။ မကြွက် တို့ ညားပြီး ကတည်း က ဘာအလုပ် မှ လုပ် မကျွေးပါ ။ မကြွက် လုပ်စာလေး သောက်စား မူးရူးပြီး လူ ကို ရန် လုပ် တတ်သေး သည် ။ ကလေး သာ သုံး ယောက် ဖြစ် လာတော့မည် ။ ဘာ စီးပွားမှ လက်ဆုပ်လက်ကိုင် ပြစရာ မရှိ ။ မကြွက် မှာ မိဘနှစ်ပါး အားကိုးစရာ လည်း မရှိတော့ပါ ။ ဆွေမျိုး ဆိုတာ လည်း ရွှေ ရှိ မှ မျိုး တော် ကြသည် ။ မကြွက် မီးဖွားမည့် အချိန် ကို တွေးပြီး ရင်မော မိပါသည် ။ သို့ပေမဲ့ အကြာကြီး မတွေး အားပါ ။ တစ်နေ့ အဆင် ပြေ လာလိမ့်မည် ။ ခုတော့ မမအေး အိမ် အဝတ်လျှော် ဖို့ ထမင်း အမြန် လက်စသတ် လိုက်သည် ။ ဒါမှ ညနေစာ ဆန် ရမည် ဖြစ်သည် ။
••••• ••••• •••••
မကြွက် သည် မီးဖွား ရ ခက်သော အမျိုးသမီး ဖြစ်၏ ။ ယခင် ကလေး နှစ်ယောက် ကို လည်း အသက် လုပြီး မွေး ထား ရသည် ။ ခုလည်း မနက် ကတည်း က ဗိုက်နာ နေရာ နေမွန်းတည့် သည်အထိ မမွေးသေးပါ ။ ကိုယ်ဝန်ဆောင် စဉ် ကာလ မှာ လည်း အာဟာရ ပြည့် အောင် မစားခဲ့ ရ၍ ခွန်အား က မရှိပါ ။ သားဖွား ဆရာမ လည်း မပင့်နိုင် ၍ အိမ် နား က ဒေါ်တုတ် တို့ပဲ လက်သည် လုပ်ပေး နေသည် ။ မကြွက် သည် အသက်ရှူ ကျပ် လောက် အောက် နာကျင် ၍ ညည်းညူ အော်ဟစ် နေပေ မဲ့ အနား မှာ အားပေးမည့် မိဘ မရှိ ။ ယောက်ျား က လည်း ဘယ် ရောက်နေမှန်း မသိပါ ။ ကလေး နှစ်ယောက် ကို တော့ မနက် ကတည်း က ဒေါ်တုတ် ပဲ ထမင်း ကျွေးပြီး ဈေး ထဲ ခိုင်းထား မှန်း သိ သည် ။
“ အား ... အမယ်လေး ... နာလို က် တာ ဒေါ်တုတ်ရယ် ၊ မမွေးနိုင် သေးဘူးလား မသိပါဘူးတော် ”
“ ညည်း မှာ ညှစ်အား မှ မရှိဘဲ မိကြွက် ရဲ့ ။ နည်းနည်း အားတင်း ပြီး ညှစ် စမ်းပါ ၊ ရေမြွှာ ပေါက်ထားပြီး အရမ်း ကြာရင် မကောင်းဘူး အေ့ ။ ညည်း တစ်ခုခု ဖြစ်ရင် ညည်း ကို ဘယ်သူ မှ ဆေးရုံ ပို့ပေးမှာ မဟုတ်ဘူး နော် ”
“ ဟုတ်တယ် ၊ ညည်း ကိုယ့်အား ကိုယ် ကိုး ရ မှာ မိကြွက် ၊ နည်းနည်း ညှစ် လိုက်ပါ အေ”
ဒေါ်တုတ် နှင့် မသန်းအေး က ဗိုက် ကို တအား ဖိ တွန်းကာ မကြွက် ကို မာန် လိုက် ချော့လိုက် နှင့် ပြော နေ သည် ။ ဟုတ်သည် ။ မကြွက် မှာ အားကိုးစရာ မရှိဘူး ။ မမွေး နိုင်လျှင် ဆေးရုံ တက်စရာ လည်း ပိုက်ဆံ မရှိဘူး ။ ငါ အားတင်း မှ ဖြစ်မည် ။ မကြွက် ကိုယ့် ကိုယ် ကို အား
ပေးကာ ခဲရာခဲဆစ် ဖွားရသည် ။ နား ထဲ မှာ ကလေး ငိုသံ ကြား မှ သက်မ မော ကို ချရ
တော့သည် ။ မကြွက် မီးတွင်း ထဲ မှာ ထမင်း စား ဖို့ အရပ် ထဲ မှ လာ ပေးသည် ။ ကလေး နှစ်ယောက် ကို တော့ ဈေး ထဲ က အဒေါ်ဝမ်းကွဲ ဆိုင် မှာ ဈေးအကူ ရောင်း ခိုင်းပြီး ဗိုက် အပ်ပေး ထားသည် ။ ကိုခင်စိုး ကတော့ တစ်ခါ တလေ အိမ် မှာ စား ။ အများ အားဖြင့် အပြင် ရောက် နေ တတ်သည် ။ ဒီနေ့ တော့ ကလေး က အရမ်း ငိုနေ သဖြင့် မကြွက် ထမင်း ပင် မစား ဖြစ်ပါ ။ ကလေး က မွေး ကတည်း က လေ , ပါ လာသည် ဟု ဆို ကြသည် ။
ဈေး ထဲ မှ ပြန် လာသော ကလေး နှစ်ယောက် လက် ထဲ မှာ ထမင်းထုပ်လေးတွေ ပါ လာ တာ မြင်သည် ။
“ အမေ ဒီ မှာ ဈေး ထဲ က အဒေါ်ကြီးတွေ က အမေ့ အတွက် ထမင်း ပေး လိုက် တယ် ။ ကလေး က ငိုလှချည့် လား အမေ ”
“ ဟုတ်တယ် ငတိုး ရေ ကလေး ဗိုက် နာ နေသလား မသိပါဘူး ။ ထမင်းထုပ် ထား လိုက် ၊ ဒေါ်တုတ် ဆီ လေဆေး သွား တောင်းစမ်းပါကွယ် ”
ငတိုး ထွက် သွားပြီး မကြာခင် ကိုခင်စိုး က မူးရူး အော်ဟစ် ပြီး ပြန်လာသည် ။ ကလေး က လည်း အသံ ပျောက်လု မတတ် ငို နေပါသည် ။
“ ဟေ့ မိကြွက် မိကြွက် ၊ ဘာ လုပ် နေတာလဲ ။ ထမင်း ခူး စမ်း ။ ကလေး က လည်း ငို လိုက်တာ ဆူညံ နေတာ ပါ ပဲလား ”
မွေးပြီး ကတည်း က တစ်ချက် မျှ ငုံ့ကြည့် ဖော် မရဘဲ ကလေး ကို လာ မာန်မဲနေ သည် ။ မကြွက် သည် ဒေါသ မဖြစ်ဖူး ဖြစ်လာ မိသည် ။
“ ဟို ကြွပ်ကြွပ်အိတ် ထဲ မှာ ထမင်းဟင်း ရှိတယ် ကိုခင်စိုး ၊ ဒီမှာ ကလေး အရမ်း ငို နေတယ် ”
“ အောင်မာ ငါ က ကြွပ်ကြွပ်အိတ် ထဲ က ထမင်း ကို စား ရအောင် သူတောင်းစား လား ဟင် ”
“ အဲဒါတော့ ကျုပ် မပြောတတ်ဘူး ကိုခင်စိုး ။ ဒီ ထမင်း ဟင်း တောင် ကလေး နှစ်ယောက် အလုပ် လုပ် ပေးလို့ ဈေး ထဲ က ပေး လိုက်တာ ။ ကျုပ် မီးဖွား ကတည်း က ဒီလို သူများ ကျွေးတာ စား နေရတာပဲ ။ တော် မစားချင် လည်း မတတ်နိုင်ဘူး ”
မကြွက် ခံစားချက်တွေ ပွင့်အန် လာပြီး မျက်ရည် ပင် ကျလာသည် ။ အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ် နေပြီး ဘာ တာဝန် ယူ ခဲ့သလဲ ။ ကိုခင်စိုး သည် အနာ ပေါ် တုတ်ကျ သလို ဆတ်ဆတ် ခါ နာ သွားပုံ ရသည် ။ မျက်ထောင့်နီကြီး နှင့် မကြွက် အနား ရောက် လာသည် ။
“ အောင်မာ နင့် လေသံ က မာ လှချည့်လား မိကြွက် ။ နင် ဘယ်တုန်းက ငါ့ ကို ပြန် ပြောဖူးလဲ ။ နင် သေချင်နေပြီ ပေါ့ ဟုတ်လား ”
“ အဖေ ... အဖေ ... မလုပ်ပါနဲ့ ”
“ ဟဲ့ ခင်စိုး ၊ မီးတွင်း ထဲ မှာ မလုပ်ပါ နဲ့ ။ နင့် လက်ထဲ က တုတ် ကို ချထားလိုက် စမ်းပါ ”
အကြီးကောင် နှင့် ဒေါ်တုတ်ကြီး အပြေး ဝင် တား သော်လည်း မမီပါချေ ။ ကိုခင်စိုး သည် မီးဖိုဘေး မှ တုတ်ချောင်း ကောက်ပြီး မကြွက် ခေါင်း ကို ရိုက် ချ လိုက်သည် ။ မကြွက် နားထင် မှ သွေးများ စီးကျ လာကာ ခေါင်း မှာ မူးဝေလာသည် ။
“ အမေ .. အမေ သေပါပြီ ။ သွေးတွေ ထွက်လာ ပြီ ။ အဖေ မလုပ်ပါနဲ့ ”
ကလေးတွေ အော်ငို မှ ကိုခင်စိုး သည် သွေးရူးသွေး တန်း နှင့် တုတ် ကို လွှတ်ချ လိုက်သည် ။ မကြွက် ရင်ခွင် မှ ကလေး လည်း မလှုပ်တော့ပါ ။ ဒေါ်တုတ် က ကလေး ကို လု ချီကာ ဆွဲ ခါပြီး ဟိုဒီ စမ်းသည် ။ ဘေးအိမ် မှ လူတွေ လည်း ရောက် လာ ကာ မကြွက် ကို ပြုစုကြသည် ။ အဒေါ်တုတ်ကြီး က -
“ ကလေး အသက် မရှိတော့ဘူး ”
ဟု အော် ပြော လိုက်လေသည် ။
••••• ••••• •••••
ခုတော့လည်း မကြွက် ၏ ဘဝ သည် အရာရာ ပြောင်းလဲ သွား၏ ။ မကြွက် မှာ လင်ဆိုး လည်း မရှိတော့ ပါ ။ မွေး ကတည်း က နားပူ လွန်း သည့် ကလေး မှာ လည်း သေဆုံး သွားသည် ။ အကြီး နှစ်ကောင် ကတော့ နေ့ဘက် ဆို ဘယ် ရောက် နေ မှန်း မသိ ပါ ။ ညဘက် ဆို မကြွက် နှင့် လာ အိပ်သည် ။ မကြွက် ၏ တဲစုတ်လေး သည် တိုက်အိမ် ကြီး ဖြစ်သွားသည် ။ ယခင် လို နေ့ပြန်တိုး ပေးစရာ လည်း မလိုတော့ပါ ။ မကြွက် က ပင် ဈေးထဲမှာ နေ့ပြန်တိုး များစွာ ပြန် ပေး ထားနိုင်သည် ။ ခုလည်း မကြွက် တစ်ယောက် တည်း ကြွပ်ကြွပ်အိတ် ထဲ မှ ထမင်း ကို ယူ စားရင်း အကြွေး စာရင်း ထိုင် တွက် နေသည် ။
မထားရီ က ငါးထောင် ၊ မတုတ်ကြီး သုံးထောင် ၊ မတင်ငွေ ခြောက်ထောင် ၊ မသန်းအေး နှစ်ထောင် ၊ မမအေး က အများဆုံး ဖြစ် သည် ။ အတိုးအရင်း ပေါင်း တစ်သောင်း တောင်း ရမည် ။ ဒီနေ့တော့ အကုန် ရ အောင် တောင်း မှ ဖြစ်မည် ။ လူတွေ က သဘော ကောင်း လျှင် ရောင့်တက် သည်လေ ။ ညနေ စောင်းလျှင် မကြွက် သည် ကြိမ်ခြင်းတောင်းလေး ဆွဲကာ ဈေးထဲ သို့ အကြွေး သိမ်း ထွက်ခဲ့သည် ။ လမ်း ထိပ် ရောက်လျှင် ဈေးဆိုင် တွေ က နှုတ်ဆက်ကြသည် ။
“ မကြွက် အကြွေး တောင်း သွားမလို့လား ။ အချိန်မှန် ပဲ နော် ”
“ အေးလေ ၊ မမှန် လို့ မရ ဘူးတော့ ။ အကြွေး ပေးရမယ့် သူတွေ က လူ မမြင်ရင် ပေး ချင်တာ မဟုတ်ဘူး ”
မကြွက် ဒါပဲ ပြောကာ ခပ်သွက်သွက် လျှောက်ခဲ့ သည် ။ ဈေးနား ရောက်လျှင် ကလေး တစ်သိုက် က မကြွက် ကို မြင်သည် နှင့် -
“ အရူးမ မကြွက် ... အရူးမ မကြွက် ... အရူးမ မကြွက် ”
ဟု သံပြိုင် အော်လေ သည် ။ ဒီ သေနာလေးတွေ တော့ ခက် နေပါပြီ ။ မကြွက် အကြွေး လာတောင်းတိုင်း ဒီ အတိုင်း အော် နေကြတော့တာ ပါပဲ ။ မကြွက် လည်း မရူးပါဘဲ နှင့် ဘာလို့ ဒီလို အော်နေ ကြပါလိမ့် ။ စိတ်တိုတို နှင့် နီးရာ အုတ်ခဲ နှင့် လိုက် ထု မှ ပါးစပ် က ပြောင်ရင်း ထွက် ပြေးကြသည် ။ မောပါ့ ။ အရင်ဆုံး ခရမ်းချဉ်သီး သည် မတင်ငွေ ဆိုင် ရှေ့ သွား ရပ် သည် ။ ဟွန်း ကောင်မ က လူ မြင်တော့ မျက်နှာ မဲ့ နေပြီ ။
“ ဟေ့ တင်ငွေ နေ့ပြန် တိုး ပေး ။ မြန်မြန်လုပ် ”
“ ကျွတ် ... ဈေး က ရောင်း မကောင်းရတဲ့ အထဲ ဒီ အရူး က တစ်မျိုး ရော့ ရော့ ”
“ ဘာအေ့ ၊ တောက် ... လူတွေ များ အကြွေး ယူပြီး ရင် မပေးချင်ပါလား ”
မကြွက် သည် အရူး ဟု ပြောတာ အမုန်းဆုံး ပါပဲ ။ မတင်ငွေ ထည့် ပေးသော ခရမ်းချဉ်သီး ကို မယူချင် ယူချင် ယူ ပြီး ငါးခြောက်ဆိုင် ဘက် ထွက်ခဲ့သည် ။
“ မကြွက် ဒီနေ့ နောက် ကျတယ် နော် ၊ ရော့ ဒီမှာ မကြွက် အကြွေး ရော ၊ မကြွက် စားဖို့ ရော အဆင်သင့် ထည့် ထားတယ် ”
ငါးခြောက်သည် မလှအေး က ပြေပြစ်သည် ။ အကြွေး ယူပြီးရင် ဒီလိုပဲ ဖြစ်နေ ရမယ်လေ ။ ငါးဆယ်တန် ငွေစက္ကူ နှင့် ထမင်းထုပ်လေး ပါ ပါသည် ။ တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် အကြွေးသိမ်း လာရာ ညနေစောင်း မှ လူ စုံ သည် ။ မကြွက် ကြိမ်ခြင်း ထဲ မှာ လည်း ပိုက်ဆံ နှင့် ထမင်း တွေ ပြည့် နေပြီ ။ အပြန်လမ်း မှာ ပိုက်ဆံ ရေ ရင်း ခရမ်းချဉ်သီး တစ်လုံး ကို လည်း ကိုက် စား လာသည် ။
“ အရူးမ မကြွက် - အရူးမ မကြွက် ... အရူးမ မကြွက် .. ပိုက်ဆံ ပြန် ပေးဦးလေ ”
ဟင် မကြွက် အသံ ကြား၍ မော့ ကြည့် တော့ ဈေး နား က ကလေး တစ်သိုက် ။ မကြွက် အတော် ဒေါသ ထွက် လာသည် ။ ဘယ်လို မိမဆုံးမ ဖမဆုံးမ သားသမီးတွေ ပါလိမ့် ဟု တွေးကာ
အနား မှာ တုတ် လိုက် ကြည့်သည် ။ တွေ့သည့် တုတ် ကောက် ကိုင် ကာ -
“ ငါ့ လို သူဌေးမ ကို အရူးမ လို့ ခေါ် နေကြတယ် ။ ထမင်း တော့ မရဘူး တုတ် ပဲ ရမယ် ”
ဟု ဆိုကာ လိုက် ရိုက် ပစ်သည် ။ ကလေးတွေ က ထွက် ပြေးသည် ။ မကြွက် က မီအောင် လိုက်သည် ။ သူတို့ ကို မမီခင် မကြွက် ခလုတ် တိုက်ပြီး လဲကျ သွားသည် ။ မကြွက် ခြင်း ထဲ မှ ပိုက်ဆံတွေ ၊ ထမင်းထုပ်တွေ ပြန့်ကျဲ ကျ ကုန်သည် ။
“ အမယ်လေး ကုန်ပါပြီ ငါ့ ပိုက်ဆံတွေ ၊ နေ့ပြန်တိုးတွေ တောင်း လာတာ ကုန်ပါပြီ ”
မကြွက် ဆိုရင်း က ပိုက်ဆံတွေ ကို အတင်း လိုက် ကောက် နေမိသည် ။
◾ယွန်းမြတ်မွှန်းသျှန်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ ဒီဇင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment