Saturday, May 13, 2023

မွေးစားသမီး ( ၅ )


 အခန်း ( ၂ ) မိုးယံစိုး


အရင်တုန်းက “ မိကေသီ ၊ အောင်ရေ  ”  ၊ “  မောင် ဘယ်ရောက်နေလဲ ၊ ရီရီရေ ..ငါ့ဆီ ခေါ်လာခဲ့ စမ်းပါဦး  ” ၊ “ မေမေကြီးရေ.. အောင် ဒီမှာ သူ့ ရည်းစားအကြောင်း ပြောလို့ လိုက် ရိုက်နေတယ် ၊ လုပ်ပါဦး ” စသော အသံများ နှင့် အမြဲ ပျော်စရာ ကောင်းခဲ့သော အိမ်ကြီး သည် တိတ်ဆိတ် ၍ နေသည်မှာ မိမိကြောင့် ဟု လုံးဝ ထင်မြင် ထားမိ သဖြင့် ကေသီတာ မှာ စိတ်ဆင်းရဲခြင်း ကြီးစွာ ညိုးခြုံး ၊ ပိန်ကျ သွားရာ ထို ကိစ္စ မတိုင်ခင် တစ်ကြိမ် နှစ်ကြိမ် သာ မြင်ဖူးသူ တို့မှာ မှတ်ပင် မမှတ်မိတော့ချေ ။


ယခင်က စနေ တနင်္ဂနွေ ဒါမှ မဟုတ် ဈေးပိတ်သော ဝါတွင်း ဥပုသ်နေ့မျိုး ဆိုလျှင် လက်သုပ်စုံလေး လုပ် စားလိုက် ၊ လက်ဖက်သုပ်လေး လုပ် စားလိုက် ၊ ကြာဇံချက် ၊ ကျောက်ကျော နှင့် သာကူ လုပ်စားနေကြ အိမ်ကြီး မှာ ယခု ထိုကဲ့သို့ အပျော်များ မရှိတော့ ။


မေမေကြီး သည် မည်သူ့ ကို မျှ သိပ် စကား မပြောတော့ ။ ကေသီတာ့ ကိစ္စ ကို လည်း မေးမြန်း ပြောဆိုခြင်း အလျင်း မရှိ ရအောင် အားလုံးကို တင်းကျပ်စွာ ပိတ်ပင် ထားသည် ။ ကေသီတာ မှာ ယခင်တုန်းက အချိန် ကို ထ ၍ ယခင်တုန်းက အလုပ်တွေ ကို ပင် လုပ် နေသော်လည်း တစ်စုံတစ်ယောက် က ကေသီတာ့ ၏ ဝိဉာဉ် ကို ထုတ်ယူ ထားပြီး ထို ထုတ်ယူ ထားသူ ခိုင်း သမျှ ၊ အမိန့် ပေး သမျှ လိုက် လုပ်နေရသူ လို ဖြစ် နေသည် ။


အချင်းချင်း စကား ပြောကြသည့် အခါတွင် လည်း မည်သူ က မျှ အမိန့် ပေး မထားပါပဲ ခပ်တိုးတိုး သာ ပြောဆို နေမိကြသည် ။ တစ်နေ့တွင် မေမေကြီး ထံ သို့ ဒေါ်မြနွယ် ရောက်လာသည် ။


“ ထက်ရယ်  .. အဆင် မပြေခဲ့တာတွေ အတွက် တို့ လည်း တောင်းပန်ပါတယ် ဟိုကောင့် ကို လည်း မေးတာ ခုထိ မေးလို့ မရတာ ဘာကြောင့်များ လဲ ဆိုတာ စဉ်းစားမိတိုင်း စိတ် ထဲ မှာ တနုံ့နုံ့ နဲ့ ခံရ သိပ်ခက်တာပဲ ”


“ မမေးပါနဲ့ တော့ မြရယ် ၊ ဆရာတော် ဘုရား ပြောတာ သိပ်မှန်တယ် ၊ ဒါ ငါ့ခြေ ၊ ဒါ ငါ့လက် ၊ ဒါ ငါ့ မျက်လုံး ၊ ငါ့ ကိုယ်လုံး ထင်နေကြတာ တဲ့ ၊ တစ်ကယ် က တော့ ကိုယ် ပိုင်တာ ဘာမှ မရှိဘူးတဲ့ ၊ ကိုယ်တို့ က ကိုယ် ပိုင်တယ် လို့ ထင်ပြီး လုပ်ကြတာကိုး ၊ ဒီ ကိစ္စ ဟာ ကိုယ့် ကို တရား ပြတယ်လို့ပဲ မြင်တယ် ၊ ဒါ့ကြောင့် တရား နဲ့ ပဲ ဖြေတယ် ၊ ဘယ်သူ့ ကို မှ အပြစ် မတင်ဘူး ။ ငါ့ ကိုယ် ငါ တောင် မပိုင်တာ ၊ သူ့ ကို ငါ ပိုင်ဖို့ အတော် ဝေးပါလား လို့ လေ .. ”


“ ကောင်းတယ် .. ထက်ရယ် ၊ ထက်က သမီးတွေ  မွေးထားတော့ မီးဖိုချောင် လှည့် မကြည့်ရတော့ ဘာသာရေး အတွက် တပန်း သာ တာပေါ့ ၊ ဒါ့ကြောင့် မိကေ ကို ကိုယ် က လိုချင်တာ ၊ အခုတော့ ကံ စီမံရာ ပေါ့လေ ၊ ဒါ့ထက် မိကေ က ရော အဲဒီနေ့ က ဘာဖြစ်တယ် ဆိုတာ ပြော ပြလား  ”


“ မပြောဘူး ၊ မြ ၊ တို့ လည်း မမေးရတော့ဘူး လို့ တား ထားတယ် ၊ သူ လည်း ဒီကိစ္စ အတွက် တော်တော်လေး နောင်တ ရပြီး မျက်နှာချင်း တောင် မဆိုင်ဝံ့လောက် အောင်ပဲ ”


ထိုသို့ ဧည့်ခန်း ထဲ တွင် ပြော နေကြသော စကားများ ကို အပေါ်ထပ် တွင် ကြမ်း တိုက် နေသော ကေသီတာ ကြား နေရသော အခါ မျက်ရည်များ ဝဲရာ မှ စီးကျ သည် ။ နှာခေါင်းများ လည်း နီရဲ ပြီး ကြမ်းတိုက် နေရာမှ ကုန်းကုန်းကလေး တစ်အစ်အစ် နှင့် အသံ မထွက်ရဲ ပဲ ငိုရှာသည် ။


“ ကလေးမ ကို လည်း အပြစ် မဆိုပါနဲ့ ၊ သူ က လည်း သူ့ အမှား ပြော ၊ ဟို ကလည်း သူ့ အမှားပြော နဲ့ ပါ ၊ ဒါနဲ့ ထက်ရေ ဘယ်လိုမှတော့ သဘော မထားနှင့်နော် ၊ ကိုနိုင့် ကိုတော့ သူ့ အလုပ် ထဲ က နွေးနွေးလှိုင် နဲ့ ပဲ လက်ထပ် ပေးဖို့ ဆုံးဖြတ် လိုက် တော့တယ် ၊ အခုလ ၂၈ - ရက် နေ့ မှာ ၊ သူငယ်ချင်း မြ အပေါ် မှာ ဘယ်လို မှ သဘော မထားပါဘူး ဆိုရင် မင်္ဂလာဆောင် လာခဲ့ပါလား သူငယ်ချင်း ရယ် ”


“ တို့ ရောက်အောင် လာခဲ့ပါ့မယ် သူငယ်ချင်း စိတ်ချပါ ”


ဒေါ်မြနွယ် ထွက် သွားတော့ မျက်စိ မှုန်နေပြီး မျက်မှန် တပ် မှ သွားလို့ လာလို့ ရသော ဒေါ်ထက်မေအောင် က မောင့် ကို ခေါ်ပြီး ဖိတ်စာ ကို ဖတ် ခိုင်းသည် ။ ဖိတ်စာ ကို ဖတ်ပြီးတော့ မောင် က ဒေါသ ဖြင့် ပြောသည် ။


“ မေမေကြီး အဲဒီ မင်္ဂလာဆောင် ကို သွားစရာ မလိုဘူး ၊ ဒါ သက်သက် လာ ရိ သွားတာ မေမေကြီး ရဲ့ ”


“ သမီးတို့ လူငယ် အတွေး မှာ တော့ မှန်ပါတယ် ၊ မေကြီး တို့ အတွေး အရတော့ သွား ရမယ် ၊ မြနွယ် ဟာ မေမေကြီး နဲ့ သူငယ်တန်း ကတည်း က ခင်ခဲ့တဲ့ ငယ်သူငယ်ချင်း အစစ် ၊ ဒါကို အခု ဖြစ်တဲ့ ကိစ္စ နဲ့ လဲပစ်လို့ မရဘူး သမီး ၊ သမီး တို့ တော့ မလိုက်ပါနဲ့ ၊ မေကြီး နဲ့ ရီရီ သွား လိုက်ပါ့မယ် ၊ သဘောထား ကြီးတယ် ဆိုတာ ခန္တီပါရမီ ရဲ့ အချက် တစ်ခု ပဲ သမီး ”


ဒေါ်ထက်မေအောင် စကား ကြောင့် ကေသီတာ က စပြီး ခေါင်း ကို အောက်သို့ ငုံ့ချ ထား လိုက်သည် ။


“ ကဲ သမီးတို့ အောက်ထပ် မှာ တီဗွီ ကြည့်ချင်လဲ ကြည့်ကြ ၊ နားချင် လဲ နားကြတော့ ၊ မေမေကြီး ပုတီး စိတ် တော့မယ်  ”


ကေသီတာ တို့ မေမေကြီး ကို ရှောင်ပြီး အောက်ထပ် သို့ ဆင်းလာခဲ့ကြသည် ။ မည်သူမျှ တီဗွီ မကြည့်ကြပါ ၊ အငယ်ဆုံး မောင် က သူ့ ဆေးပညာ စာအုပ် ကို ကောက် ကိုင်သည် ။


“ မေမေကြီး က မမေးနဲ့ ဆိုပေမယ့် အောင် က တော့ မေးရဦးမှာပဲ ၊ အခု ကိုနိုင် လက်ထပ်တဲ့ နွေးနွေးလှိုင် ဆိုတာက မမကြီး သူ့ ကား နဲ့ သူတို့ ရုံး ကို သွားနေ ကတည်း က ကိုနိုင် နဲ့ ကြိုက်နေ ကြတာလား  ”


“ ကိုယ် က ပဲ ရိုးရိုး ကြည့် လို့လား ၊ သူတို့ က ပဲ အနေအထိုင် ပိရိကြလို့လား တော့ မသိဘူး ၊ ချစ်သူရည်းစား ပုံစံ လုံးလုံး မရှိဘူး ”


“ မကြီး နဲ့ ကား အတူ စီးကြတာ ကို နွေးနွေး က မမေးဘူးလား ”


“ မမေးဖူးဘူး ”


“ မဖြစ်နိုင်ဘူး ၊ မမကြီး ၊ သူ မကြီး နဲ့ မတွေ့ခင် ကထဲ က သူ နဲ့ ငြိနေတာ ဖြစ်မှာ ၊ လူကြီးတွေ စီစဉ်နေတာ ကို ရုန်းလို့ မရလို့ လိုက်နာ နေပြီး အနား ရောက်မှ ကပ် ဖြုတ်သွားတာ ၊ မကြီး ရဲ့ အရှက် ကို တမင်ခွဲ ၊ ခုတုံး လုပ်ပြီး ဟိုငတိမ ကို ယူ သွားတာ ”


“ မဟုတ်ဘူး ၊ အောင် ၊ အပြစ် က သူ့ အပြစ် မဟုတ်ဘူး ၊ ဣန္ဒြေသိက္ခာ ကို ကိုယ့် အသက်လို့ ငယ်ငယ်လေး ကတည်း က ယုံကြည် မြတ်နိုးခဲ့တဲ့ မကေ ရဲ့ အပြစ်ပါ ”


“ ကဲ .. အဲဒါဆို ဘာဖြစ်လဲ .. အဲ့ဒီ နေ့ က ဘာတွေ နှစ်ယောက် တည်း ကြိတ် ဖြစ်လိုက်ရတာလဲ ပြော .. ”


ကေသီတာ က ပြုံးရင်း ထ ရပ် လိုက်သည် ။


“ အခြေနေတွေ အားလုံး ပြီးသွားတော့မှ ဘာဖြစ်လို့ ဒါတွေ ကို သိချင် နေရတာလဲ ညီမတို့ ရယ် ၊ အခုချိန်ဟာ မမ ကိုယ် မမ ပြန် ရအောင် မနည်း ကြိုးစားနေရတဲ့ အချိန်ပါ ၊ အဲဒီ အကြောင်းတွေ ကို အမေး ခံရတာပဲ ဖြစ်ဖြစ် ၊ ဖြေရရင်ပဲ ဖြစ်ဖြစ် မကြီး အတွက် ရင်နာစရာတွေ မဆုံးအောင် ဖြစ်ဖြစ် လာလို့ မမေးကြပါနဲ့ တော့ ညီမတို့ရယ် နော် .. ”


ကေသီတာ သည် သူ့ ညီမတွေ ၏ အဖြေ ကို မစောင့်တော့ပဲ ပန်းခြံ ထဲ က ခုံကလေး မှာ တစ်ယောက် တည်း သွား ထိုင် နေလေသည် ။


“ မကြီး သနားပါတယ် အောင် ရာ .. နောက်ကို သွား မေးမေး မနေပါနဲ့တော့ ၊ပြောလို့ မရတာမို့ သူ မပြောတာပါ  ”


“ အေးပါဟာ .. ငါ ကလည်း အဲဒီလို ကိစ္စမျိုး ဆို သိပ် သိချင်တာ ၊ ဒါပေမယ့် မမေးတော့ပါဘူး ဟာ .. ”


“ ရီ က တော့ မမကြီး ကို မကြည့်ရက်လို့ မေး ကို မမေးတာ ၊ ဟော .. မောင် .. မောင် နင့် သူငယ်ချင်း ပို လာနေပြီ ၊ မမကြီး ကို တွေ့ပြီး သွား မေးနေ ဦးမယ် ၊ ဒီ ကို နင် လှမ်း ခေါ်လိုက် မောင်  ”


ရီရီ ပြ ရာ သို့ ကြည့် လိုက် တော့ ငြိမ်းငြိမ်းပို ဆိုသော မောင့် သူငယ်ချင်း သည် တံခါး ကို ပြန် စေ့ရင်း လမ်း အတိုင်း လျှောက် လာ နေသည် ။ စင်္ကြာပန်းပင်တွေ ကို ကျော် လျှင် မမကြီး နှင့် တွေ့တော့မှာမို့ မောင် က ..


“ ငြိမ်းပို .. ဟေ့..  ၊ ငြိမ်းပို လာ.. လာ.. ဒီကို လာ .. ”


မောင် လှမ်း အခေါ် ပြီး မှာ ပင် ပိုက ကေသီတာ ကို တွေ့သွားသည် ။ သို့သော် မောင် က အခေါ်  ဦး သဖြင့် မောင် တို့ ရှိရာ သို့ သာ ပို လျှောက် လာသည် ။


“ မိန်းမ လမ်းကြုံလို့ ဝင် လည်တာ မဟုတ်လား ၊ ရီ ရေ သူ့ ကို ရေတိုက် ၊ ရေတောင် မှ ရေခဲသေတ္တာ ထဲ က ရေ မတိုက်နဲ့ ၊ သဲအိုး ထဲ က ရေ ပဲ တိုက် .. ”


“ အောင်မယ် .. တမင် လာ လည် တာပါနော် .. ဟိုကိစ္စကို သိချင်လို့ ၊ မကေသီတာ စေ့စပ်ပွဲ ကိစ္စလေ ”


မောင် က နှုတ်ခမ်း ကို ကျွတ်ကနဲ မြည်အောင် စုတ်လိုက်ရင်း နှုတ်ခမ်းတို့ ကို ဆွဲဆန့်သည် ။ ပြီးတော့ ခေါင်း ကို လည်း ခါ သည် ။ သို့သော် ငြိမ်းငြိမ်းပို က မရမက ကို အတင်း မေးနေသည် ။ လုံးဝ မပြောပဲ နေ လိုက်လျှင် ထင်ချင် ရာ ထင် သွားနိုင်သည့် အတွက် မောင် က ဖြစ်သမျှကို အမှန်အတိုင်း ပြောပြသည် ။


“ ဘာဖြစ်လို့ အဲလို ဖြစ်ကြတယ် ဆိုတာ နင်တို့ တစ်ကယ် မသိကြတာပေါ့ ”


“ တို့ က အပေါ် က မကြီး အခန်းမှာပဲ မိတ်ကပ် အလိမ်း ခံနေတာလေ ”


“ မဟုတ်ပါဘူးကွာ ၊ မင်းတို့ တစ်ခုခု ကို ညာ နေတာပါ  ”


“ ဒီမှာ ပို .. မင်း နဲ့ ငါ နဲ့ က ငယ်သူချင်းတွေပါ ၊ ဒါ့ကြောင့်မို့ မင်း မေးတာကို ငါတို့ သိသမျှ အမှန်အတိုင်း ပြောပြတာပါ ၊ အဲဒါကို မင်း က မယုံပဲ ငါတို့ က တစ်ခုခု ညာထား လိမ်ထား တယ် ထင် နေရင် မင်း .. ငါတို့ အိမ် ကို နောက် မလာနဲ့တော့ .. ”


“ ဟဲ့ .. မောင် ၊ နင် ဘယ်လို ပြောလိုက်တာလဲ ၊ နင် ဟာ လေ .. ရှေ့စကား နောက်စကား ဘယ်တော့မှ မကြည့်ဘူး ”


“ ရပါတယ် .. မမအောင် ရယ် ၊ သူ က ကျောင်းမှာလဲ ဒီလိုပါပဲ ၊ ဒါအမှန်ပဲ ဆိုရင်တော့ ငါ မကေ ကို အရမ်း သနားတာပဲ ၊ ဒါ ငါတို့ မိန်းကလေးတွေ အကြောက်ဆုံး ကိစ္စမျိုး မဟုတ်လား ”


ငြိမ်းငြိမ်းပို သည် စင်္ကြာပန်းပွင့်လေးတွေ နှင့် ကစား နေသော ကေသီတာ ကို လှမ်း ကြည့်ရင်း ပြောသည် ။


“ မမကြီး က ကျန်တာတွေ အကုန်လုံး ဟိုး အရင် က အတိုင်းပဲ ၊ ဒါပေမယ့် သူ့ မှာ အသက်ဓာတ် မပါသလိုပဲ ၊ တစ်ယောက် ယောက် က ခိုင်း ထားလို့  ၊ ဒါမှ မဟုတ် အခြေနေ တစ်ခု ခု ကြောင့် အကျင့် ပါ နေလို့ လုပ်ကိုင် နေရသလို မျိုး ဖြစ်နေတယ် ”


“ အဲဒီလို ဖြစ်တာ ရေရှည်တော့ မကောင်းဘူး ၊ မောင် .. မင်း က ဆရာဝန် ဆိုတော့ ငါ့ ထက် ပို သိမှာပါ  ”


“ အေး .. ငါ လည်း ဘာ လုပ်ပေးရရင် ကောင်းမလဲလို့ စဉ်းစား နေတာ ”


“ ငါ သာ ဆိုရင်တော့ မင်းတို့ မမကြီး ကို လူတွေ များများနဲ့ မနားတမ်း လုပ်ရတဲ့ အလုပ် တစ်ခု ခုမှာ သွင်းပေး ချင်တယ် ”


“ ဒီ တစ်ခါတော့ ပို ပြောတာ မှန်တယ် အောင် ၊ မောင်တို့ မေ့နေကြတာ  ”


“ ခွေးမ ၊ ဒီတစ်ခါတော့ မှန်တယ် ဆိုတော့ ငါ အရင် က စကားတွေ က အာဖျံကွီး ရွှီး နေတယ်ပေါ့ ဟုတ်လား .. ”


ပို့ ရန်တွေ့ စကားကြောင့် အားလုံး ရယ်ဖြစ်ကြသည် ။


“ ဟုတ်တယ် ၊ စိတ်ညစ်တဲ့ အချိန်မျိုး မှာ အလုပ် လုပ်တာဟာ အကောင်းဆုံး ဖြေဆေးပဲ ၊ ကဲ .. ဒီတော့ မကေ ကို ဒီလို စီစဉ်ထားတယ် ၊ ဘယ် အလုပ် လုပ်ချင်လဲလို့ မေးရမယ် ”


“ အမလေး .. ရှာတော်မူ မနေပါနှင့် ၊ ဟောဒီက အမိုက်မဲကလေး မိပို မှာ အလုပ်ပါ တစ်ပါတည်း ပါ ပါတယ် ရှင့် ၊ မကေ က B.A (Business Management ) နော် .. ဒါဆို အိုကေပဲ ”


“ ကဲ .. ဒါဆို .. မကေ ကို အရင် ပြောပြီးမှ မေမေကြီး ကို ပြောရမယ် ”


“ ဟာ .. အောင် က လည်း .. မေမေကြီး ကို အရင် ရှင်းပြ ပြောပြ ပြီးမှ မေမေကြီး က မိကေ ညည်း ဒီလို နေမယ့် အစား ဒါလုပ် ဆို ပြတ်ပြီပေါ့  ၊ မေမေကြီး ကို အရင် ပြောရမယ် ”


“ မကေ ကို အရင် ပြောရမယ် ဟုတ်တယ် မဟုတ်လား ရီရီ ”


“ မေမေကြီး ကို အရင် ပြောမှ ဖြစ် မှာ အောင် ရ  ”


“ တစ်ကယ် လုပ်ရမယ့် ကာယကံရှင် က မကေ မို့ မကေ ကို အရင် ပြောရမှာ ”


“ ကဲ .. ဒီလို လုပ်ကြပါလား ကွယ် တို့ ၊ မကေ ရော .. မေမေကြီး ကို ရော အောင် ၊ မောင် နဲ့ ရီရီ အပြင် ဟောဒီက အမိုက်မ ပါ တစ်ခါတည်း ပြောကြတာပေါ့ ”


“ ဟယ်.. အခု ပြောမလို့လား  ”


“ အာ .. အခုတော့ ဘယ် ဟုတ်မလဲ .. မနက်ဖြန် မနက် ပေါ့ ၊ ပို လာခဲ့မယ်လေ  ”


“ ကောင်းတယ် သမီး ၊ မေမေကြီး သဘောတူ ပါတယ် ၊ သမီး မှာ အခု ဖြစ်နေတဲ့ ဝေဒနာ က စိတ် ကို အခြေပြု ပြီးတော့ ဖြစ်တဲ့ ဝေဒနာ ပဲ ၊ ငါတို့ မြတ်စွာဘုရား က တော့ “ အကြောင်း မှန်သမျှသည် စိတ်ကြောင့် ဖြစ်ကုန်၏ ” “  အကျိုး မှန်သမျှသည်လည်း စိတ်ကြောင့် ပင် ဖြစ်ကြကုန်၏  ” လို့ ဟောခဲ့တယ် ”


ဒေါ်ထက်မေအောင် က မောသွား ဟန် ဖြင့် ရှေ့ တွင် ရှိသော ရေနွေးအိုး မှ ရေနွေး တစ်ခွက် ကို ငှဲ့ ၍ထည့်ပြီး သောက်သည် ။


“ အခု ငါ့ သမီးလေး မှာ ခံစား နေရတဲ့ ဝေဒနာ က စိတ် မှာ ဖြစ်တဲ့ ဝေဒနာ ပါ ၊ ဒီ ဝေဒနာမျိုး က ခေတ်ပညာဆေးဝါး နဲ့ ကုလို့ မရဘူး ၊ နေရာ ရယ် ၊ အချိန် ရယ် ၊အလုပ် ရယ် နဲ့ ပဲ ကုလို့ ရတာ ၊ အလုပ် လုပ်ရင် စိတ် က အလုပ် ထဲ မှာပဲ ရှိ နေတဲ့ အတွက် သူ့ အလိုလို ကို ကုစားပြီး သား ဖြစ်တာပေါ့ ၊ ကောင်းတယ် ၊ မေမေကြီး သဘော တူတယ် ၊ဒါနဲ့ အလုပ် က ဘာ လုပ်ရမှာလည်း  ”


“ အဲဒါတော့ ဘယ်နေရာ ရယ်လို့ ကိန်းသေ ပြောလို့ မရသေးဘူး အန်တီ ၊ လူရွေး စာမေးပွဲလေး ဖြေရဦးမယ် ၊ ပြီးတော့ .. အင်တာဗျူးကလေး တစ်ခု ဖြေရဦးမယ် ၊အဲဒါတွေ ပြီးတော့မှ ဘယ်သူက ဘယ်နေရာ ဆိုတာ သိရမှာ အန်တီ  ”


ငြိမ်းငြိမ်းပို က သွက်သွက်လက်လက် ပင် ရှင်းပြသည် ။


“ သြော် .. ဒီလိုလား .. ဒါဆိုရင် လည်း ဖြေပေါ့ ၊ ငါ့ သမီးကြီး အောင် မှာပါ ၊ အောင်လည်း အောင်ပါစေကွယ် ၊ မီးဖိုချောင် ကိစ္စ ကို တော့ ရီရီ က အောင် နဲ့ အတူတူ တွဲပြီး တာဝန်ယူပေါ့ ၊ ဈေး ထဲ က ဆိုင် ကိုတော့ တစ်ပတ် တစ်ယောက် အလှည့်ကျ ဝင်ကြ ပေါ့ ”


ဒေါ်ထက်မေအောင် တို့ ၏ အဓိက စီးပွားရေး မှာ လက်ဖက် နှင့် အကြော်စုံများ ကို သိမ်ကြီးဈေး တွင် ဆိုင်ကြီး ဖွင့် ၊ လက်လီလက်ကား ရောင်းဝယ်ခြင်း ပင် ဖြစ်သည် ။


ထို အလုပ် ကို ကေ့ အား မခိုင်းရခြင်း မှာ ကိုနိုင့် အမေ “ မြ ” ၏ ရွှေဆိုင် နှင့် နီးသော ကြောင့် ဖြစ်သည် ။


“ အလုပ် က ရရင် တောင် မှ ကိုးနာရီ လောက် မှ သွား ရမှာပါ မေမေကြီး ၊ သမီး လိုအပ်တာလေးတွေ ကို တော့ ဝင် လုပ်ဖို့ အချိန်ရ ပါ သေးတယ် ”


“ ကောင်းပြီလေ .. အဲဒါဆို သမီး တို့ အချင်းချင်း ညှိ လိုက်ကြပေါ့ ဟုတ်လား ”


“ ဟုတ်ကဲ့ မေမေကြီး ”


ဒီလိုနှင့်ပင် ကေသီတာ သည် အလုပ် အတွက် ပြင်ဆင် ရ တော့သည် ။ မေမေကြီး ပြော တာ သိပ် မှန်တာပဲ ဟု ကေသီတာ မကြာခဏ တွေး မိသည် ။ စာမေးပွဲလေး တစ်ခု ပါသည် ဆိုတော့ ပြိုင်ဆိုင် ရ လျှင် အနိုင် ရ မှ ကျေနပ်လေ့ ရှိသော ကေသီတာ သည် စာမေးပွဲ အတွက် ပြင်ဆင် ရ သည် ။ ဖြေ ရမည့် ဘာသာရပ်တွေ က အင်္ဂလိပ်စာ နှင့် အထွေထွေ ဗဟုသုတ တို့ ပင် ဖြစ်သည် ။ စာ နဲ့ တော်တော်လေး ( ၂ နှစ်နီး ပါး ခန့် ) ဝေး နေသော ကေသီတာ သည် အင်္ဂလိပ်စာ ကို အစ က ပြန် ကောက် ရသည် ။ အထွေထွေဗဟုသုတ ကို တော့ မြန်မာနိုင်ငံ အနှစ်ချူပ် ( ၂၀၀၈ ) ကို ကိုင်ရသည် ။ ရေးရ ၊ မှတ်ရ ၊ ဆိုကြည့်ရ နှင့် သူ့ ကိုယ် သူ ကျောင်းသူလေး တစ်ဦး လို ပြန် ခံစားရသည် ။ ပို က လည်း နေ့တိုင်း လိုလို အိမ် ကို လာသည် ။ အဲဒီနေ့ က မောင် က မေး ၊ ကေသီတာက စာ ဆို နေတုန်း ပို ရောက် လာသည် ။


“ အမယ်လေး .. အဲဒီလောက် လည်း ကြိုးစား မနေပါနှင့် မကေ ရယ် ၊ ဒီ အလုပ် က မကေ ရဲ့ အလုပ်ပါ ၊ မကေ ရ မှာပါ ”


“ လုပ်စရာတွေ လည်း အကုန် လုပ်ပြီးပြီ ဆိုတော့လေ အပျင်းပြေ လုပ်နေကြတာပါ  ”


“ ရှေ့အပတ် လေးရက် နေ့ ဖြေရမှာ မကေ ၊ ပို ကြည့်လာခဲ့ ပြီးပြီ ၊ အင်္ဂလိပ်စာ က ပထမ ရက် ၊ ဒုတိယ ရက် က အထွေထွေ ၊ သူတို့ ကပ် ထားတဲ့ လူစာရင်း အရ ဆိုရင် ဖြေမယ့် လူ ၅၄ ယောက် ရှိတယ် ၊ မကေ ရဲ့ နံပတ် က လေးဆယ့်သုံး မကေ သွား ကြည့် မနေနဲ့ တော့ ၊ ဟုတ်ပြီလား ”


“ ကျေးဇူး တင်ပါတယ် ပို ရယ် ၊ ပို့ ကို ဘယ်လို .. ”


“ ဘယ်လိုတွေ ဘယ်ဒင်းတွေ  ပြော မနေနဲ့ ၊ ဒီကလည်း အကြံ နဲ့ ကူညီနေတာ ၊ အခု ရုံးသွားဖော် မရှိတော့ တစ်ယောက် တည်း ဘယ်လောက် စိတ်ညစ်ဖို့ ကောင်းလဲ ၊ မကေ အလုပ် ရရင် ရုံးသွားဖော် ရပြီ ဆိုပြီး ကူညီ နေတာ ၊ အဲဒါ အမှန်အတိုင်း ပြောတာ ”


ပို့ စကား ဆုံးတော့ အားလုံး ဝိုင်း ရယ် ကြသည် ။ ပို သည် ချစ်ဖို့ ကောင်းသော ပိုးကရင်မလေး ဖြစ်သည် ။ စကားပြော ပွင့်လင်းသည် ။ အမြဲတမ်း သွက်လက်ပြီး ပျော်ပျော် နေ တတ်သည် ။ ကေသီတာ က ပြက္ခဒိန် မှာ ကြည့်တော့ စာမေးပွဲ ဖြေမည့် ရက်တွေ က စနေ နဲ့ တနင်္ဂနွေနေ့ တွေ ဖြစ် နေသည် ။


“ မကြည့်နဲ့ မကေ ၊ စနေ က ရုံးဆင်းရတယ် ၊ တနင်္ဂနွေ တစ်ရက်ပဲ ရုံးပိတ်တာ ၊ ဒီတော့ စနေ နေ့ ပို နဲ့အတူ သွား ၊ တနင်္ဂနွေ ကျ ရင် လဲ ပို အဖော် လိုက် ပေးမှာပေါ့ ”


“ ဟင်.. မောင် လည်း လိုက်မယ်လေ .. ”


“ OK .. ”


စာမေးပွဲ ရော လူတွေ့ ကို ပါ ကေသီတာ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည့် အတွက် အလုပ် ရ သည် ။ ကေသီတာ ရသည့် နေရာ က ပို့ ထက်ပင် တဆင့် မြင့် သေးသည် ။ ကေသီတာ အလုပ် သည် ပလာဇာကြီး တစ်ခုလုံး ၏ တစ်နေ့တာ ရောင်းရငွေ မှန်သမျှ နှင့် ကုန်သွားသော ပစ္စည်းများ ကို ပြန် ဖြည့်ရန် စာရင်း တင် ရသည် ။


ထို့ကြောင့် ကေသီတာ့ အလုပ် သည် အလုပ်ဝင်ကာ စ က မကျွမ်းကျင်သေး သဖြင့် ၊ ငိုချင် သလိုလို ဘာလိုလို ဖြစ်ပြီး အလုပ် မှ ထွက်ချင် စိတ် ပင် ပေါ်သည် ။ သို့သော် အလုပ် နှင့် ပတ်သက် လာ လျှင် ဇွဲ မလျှော့ချင်သော ကေသီတာ သည် ငိုချင်စိတ် ကို ဘေးချိတ်ပြီး company ပေါ် မှ ကိန်းဂဏန်းများ နှင့် ရန်ဖြစ်ရသည် မှာ အခြား လူ ကို မဆိုထား နှင့် ကိုယ့် နာမည် ကိုယ် တောင် မေ့ချင်ချင် ဖြစ်ခဲ့သည် ။


တစ်နေ့ တော့ ကေသီတာ ဒုက္ခ တစ်ခု ဖြစ်သည် ။ ညနေစောင်း မှာ ရောင်းရငွေ နှင့် ပစ္စည်းစာရင်း မကိုက်ခြင်း ပင် ဖြစ်သည် ။ ကက်ရှာရာများ က သွင်းသော ငွေ အမောင့် က ကေသီတာ့ လက် ထဲ တွင် ရှိသော ငွေ အမောင့် နှင့် ညီသော်လည်း ရောင်းရသော ပစ္စည်း စာရင်း နှင့် ကျတော့ ကွာ နေသည် ။ ကွာ နေတာ က လို နေတာ မဟုတ် ၊ ပို နေခြင်း ဖြစ်သည် ။


ငွေ ဆယ့်နှစ်သိန်း လောက် ကေသီတာ့ လက် ထဲ တွင် ပို နေ၏ ။ ကေသီတာ ချွေးပြန် နေပြီ ဖြစ်သည် ။ နောက်ဆုံး လုပ်စရာ တစ်ခု သာ ရှိတော့သည် ။ ကောင်တာ ဆယ့်နှစ်ခု စလုံး က ဒီနေ့ ရောင်းရသော ပစ္စည်းများ စာရင်း ကို တစ်ခုစီ လိုက် ရုံပဲ ရှိသည် ။ ဘောလ်ပင် တစ်ချောင်း က အစ ၊ ခဲတံ တစ်ချောင်း အချိုရည် တစ်ဗူး က အစ ပြန် လိုက် ရ ပေတော့မည် ။


ကေသီတာ သည် သူ့ အလုပ် ကို စိန်ခေါ် လိုက်သည် ။ ပို နာရီ သေးသေးလေး ကို ငုံ့ ကြည့်တော့ သုံးနာရီ လေးဆယ့်ငါး တောင် ရှိ နေပြီ ၊ မကေ ဘာကြောင့် ထွက် မလာရသေးသနည်း ။


“ ဟဲ့ မိပို .. နင် ဒီမှာ ဘာ လုပ်နေတာလဲ  ”


ပခုံး ကို ပုတ်လိုက်ပြီး အမေး ခံလိုက်ရသဖြင့် ငြိမ်းပို လန့် သွားသည် ။


“ နင် က လည်းဟာ ကောင်းကောင်း မေးစမ်းပါ ၊ နာ လိုက်တာ ”


“ ဘယ်သူ့ ကို စောင့် နေတာပါလဲ ခင်ဗျာ .. ကဲ .. ကောင်းကောင်း မေးပြီ ”


“ မိန်း ကက်ရှ်ရှာ က ငါ့ မိတ်ဆွေ ကို စောင့်နေတာ  ”


“ သြော် .. အသစ် ဝင်လာတဲ့ အထဲ က လား ၊ အဲဒါများ အထဲ ဝင် စောင့်ရောပေါ့ ”


“ အမယ်လေး .. နင်တို့ ကက်ရှ်ရှာတွေ က ဖင်ခေါင်း က ခပ်ကျယ်ကျယ် ၊ အထဲ မဝင်ရဘူး ဆို ”


ပို က ရန် တွေ့သည် ။


“ မဟုတ်ပါဘူး ဟာ .. အဲဒါက သူစိမ်းတွေ ကို ပြောတာပါ ၊ အမှတ်တမဲ့ ဝင်ပြီး ခလုတ်လေး တစ်ချက် နှိပ် လိုက်တာနဲ့ ငါတို့ ဂျေး ထဲ ရောက် မှာ စိုးလို့ပါ ၊ ကိုယ့် လူခံ ရှိရင် ဝင်ပေါ့ ဟ ”


“ အေး .. ဒါဆို ဝင်မယ် ၊ ဒါပဲနော် .. နင် ဝင်ခိုင်း လို့ ငါ ဝင်တာနော် ”


အခန်း ထဲ သို့ ပို ရောက်သွားတော့ ကေသီတာ စစ် နေတာ ကောင်တာ တစ်ခု ပင် မရသေး ၊ ကေသီတာ့ မျက်နှာ မှာ ချွေးပျံ နေပြီ ၊ လေးနာရီ မှ ကိုးနာရီ ထိ ဝင်မည့် ကက်ရှ်ရှာ ကို မည်သို့ လွှဲပေးရ မည်နည်း ။


“ ပို ရယ် ... ကေ တော့ ဒုက္ခပဲ ... နောက်လူ ရောက် လာရင် ပြဿနာ ပဲ  ”


“ ဒါဆို ခဏ နေဦး မကေ ၊ အပြင် မှာ ပို့ သူငယ်ချင်း ရှိတယ် ၊ သူ့ ကို အကူညီ တောင်းရင် ရနိုင်မယ် ထင်တယ် ”


“ သူ က ဒီ ကက်ရှ် က ပဲ လား ”


“ ဟုတ်တယ် သူ က ပစ္စည်း အဝယ် နဲ့ ဘဏ်ကိစ္စတွေ ကိုင်တာ ၊ computer ကို ဟောဒီလို ဟောဒီလို ကျွမ်းတယ် ၊ မကေ ခဏစောင့် ”


“ ကူပါဦး ဟယ် .. စောင့်ပါ့မယ် ”


ပို အခန်း ထဲ က ထွက် သွားပြီး ချက်ချင်း ပြန် အဝင်လာ တွင် လူ တစ်ယောက် ပါ လာသည့် အတွက် ကေ တော်တော် အံ့သြ သွားသည် ။ လမ်း ရောက်တော့ မှ မေးမယ် ဟု စိတ်ကူး လိုက်သည် ။ ကေ က သူ ဖြစ်နေတာ ကို ရှင်းပြ လိုက်သည် ။


“ ဟာ .. ဒီလို ဘေ့စ် က စစ် နေရင် ဘယ်ဖြစ်မလဲ ၊ နောက်တနေ့ ကူးသွား မှာပေါ့ ၊ ဒီ ပြဿနာမျိုးတွေ က ဖြစ်နေကျ ပါ ၊ ကက်ရှာ က ကောင်မလေး တွေကို သူတို့ အပ်ငွေ အတွက် လက်မှတ်ထိုး ယူထား ပြီးတော့ နောက် တစ်ယောက် ကို .. ဒီက.. ဘယ်သူ.. ”


“ ကေသီတာ ပါ  ”


“ ဗျာ ... ”


“ ကေသီတာ ပါလို့ .. ”


“ သြော် .. ဟုတ်ပြီ ၊ နာမည်က နည်းနည်း ဆန်း နေလို့ ၊ စိတ် မရှိပါနဲ့ ၊ ကျွန်တော် က မိုးယံစိုး ပါ ၊ ပို့ သူငယ်ချင်း ၊ အတူ ဝင်ကြတာ ၊ ခဏ စောင့် ၊ ကက်ရှာ တွေ ကို ကျွန်တော် သွား ခေါ်လိုက်မယ် ”


ကက်ရှာတွေ ရောက် လာတော့ အချို့က လက်မှတ် မထိုးနိုင် ဟု ငြင်း ကြသည် ။


“ ကျွန်တော် ရှင်းပြမယ်ဗျာ ၊ အခု လက်မှတ်ထိုး ခိုင်းတယ် ဆိုတာ တစ်ခြားလူ ရဲ့ငွေ ကို ထိုးရမှာ မဟုတ်ဘူး ၊ ကိုယ့် ငွေ ကိုယ် လက်မှတ် ထိုး ရုံပါ ၊ ကိုယ် က တစ်ရာ အပ် ထားရင် တစ်ရာ အပ်ပါကြောင်း ဒါပဲ ဘာမှ မစိုးရိမ်နဲ့ ၊ ပိုက်ဆံ က လို နေတာ မဟုတ်ဘူး ၊ ပို နေတာ ၊ ပစ္စည်းစာရင်း ကွာ နေတယ် ၊ ငွေ အမောင့် က ပို နေတယ် ဒါပဲ ၊ အဲဒီတော့ ကျေးဇူးပြုပြီး ကိုယ့် အပ်ငွေ ကိုယ် တာဝန်ယူ ပေးကြပါဗျာ ”


ဒီလိုနှင့်ပင် လက်မှတ် ထိုး သွားကြပြီး ညနေ လေးနာရီ ဝင်သူ ကို လွှဲနိုင်ခဲ့သည် ။


“ တော်ပါသေးရဲ့ ကျေးဇူး တင်ပါတယ် ရှင် ၊ ကေ တစ်ယောက် တည်း ဆို ဘာ လုပ်ရမယ် ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး ”


“ ရပါတယ် ၊ ဒါမျိုး က ဖြစ်နေကြပါ ၊ အရေးကြီးတာ က ကက်ရှာ က အပ်တဲ့ ငွေစာရင်း မှန်ဖို့ပဲ ၊ အဲဒီ ငွေစာရင်း မှန်ရင် ကျန်တာ ဆက် လုပ်လို့ ရသွားပြီ ”


“ ပို .. မနက်ဖြန် ကေ ဘယ်လို လုပ်ရမလဲ ဟင် ”


“ အာ .. ပို ဘယ် သိမှာလဲ ၊ ပို က စ တိုဘက် က ဆိုတော့ ကက်ရှာတွေ နားမလည်ဘူး ၊ မိုးယံ ကို ပဲ မေး ”


ကေသီတာ သည် မိုးယံ ဘက် သို့ မျက်နှာ မူ လိုက်သည် ။ မိုးယံ က အပြုံး နှင့် ခေါင်း တစ်ချက် ညိတ်ရင်း “ မနက် သူ ပစ္စည်း စာရင်း အပ်တဲ့ အခါ ကိုယ့် စာရင်း နဲ့ မပေါင်းနဲ့ ဦးပေါ့ ” ဟု အပြုံး နှင့် ပြောသည် ။


“ ပြီးတော့ ရော.. ”


“ ပြီးတော့ မကေသီ နဲ့ ကျွန်တော် စာရွက်တွေ ကိုင်ပြီး ပစ္စည်းစာရင်း စစ်ကြတာပေါ့ ၊ စိတ်ချပါ ၊ စတို က ပိုပို တို့ အရာရှိ ကို ပစ္စည်း ထပ် ထည့် မထားဖို့ ပြောထားပေး ပါ့မယ် ”


ကေသီတာ အမော ပြေပြီး သက်ပြင်း ကြီး ချ မိသည် ။ ပြီးတော့ မိုးယံစိုး ဆို သူ ကို ကျေးဇူးတင်ခြင်း နှင့် အားကိုးခြင်း ဆိုသော အကြည့် နှင့် ကြည့်သည် ။ မိုးယံ ကတော့ လိမ္မာပါးနပ်စွာ ဖြင့် ကေသီတာ့ အကြည့် ကို “ အချစ် ” ဆိုသော အကြည့် ဖြင့် ပြန်လည် လက်ခံ လိုက် လေသည် ။


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment