Wednesday, May 31, 2023

ဆုံကြဦးမည့် ညပေါင်းများစွာ


 ❝ ဆုံကြဦးမည့် ညပေါင်းများစွာ ❞


ကိုစိုးလှိုင် ပြုံး လိုက်မိသည် ။ ပြုံး လိုက်မိ တာ က သဘော ကျ လို့ မဟုတ် ၊ သဘော မကျလို့ ပြုံး လိုက်မိတာ ဖြစ်သည် ။ မဖြူလေး ပြောလိုက် ၊ ဆိုလိုက် သမျှ စကားတွေ မှာ သဘော မကျ စရာတွေ က များ သည် ။ ဒါပေမယ့် နှစ်ပေါင်း နှစ်ဆယ် ကျော် ပေါင်းသင်း လာခဲ့လို့ သားသမီး သုံးယောက် မွေးဖွား ပေးခဲ့သည့် ဇနီး ဖြစ် လို့ သည်းခံပြီး ပေါင်းသင်း နေရတာ ဖြစ်သည် ။ မဖြူလေး စကား ပြော တာတွေ တော်တော်များများ ဟာ ကိုစိုးလှိုင် သဘော မကျတာတွေ ချည်း ဖြစ် နေသည် ။ အခုလည်း သဘော မကျတာ ပြော လို့ ပြုံး လိုက် ရတာ ဖြစ်သည် ။ 


“ ဒီနေ့ အရေးကြီးတဲ့ စကား ပြောစရာ ရှိတယ် ၊ ရွှေတိဂုံဘုရား ပေါ် သွားမယ် ” 


အဲဒါသာ ကြည့် ။ အရေးကြီးတဲ့ စကား ပြော တာပဲ ကိုယ့် အိမ် မှာ ပြော လည်း  ရ ရက်သားနဲ့ ရွှေတိဂုံဘုရား ကုန်းတော် ပေါ် ကို သွားပြီး ပြောမည် ဟု ဆိုသည် ။ “ ရွှေတိဂုံဘုရား ကို သွား စရာ မလိုဘူး ၊ အိမ် မှာ ပဲ ပြောပါ ” ဆိုလျှင် ဒေါသ ထွ က်မည် ။ စိတ် ကောက်မည် ။ ပြဿနာ တစ်ခုကြောင့် မဖြူလေး စိတ်ကောက် မှာ ကို တော့ ကိုစိုးလှိုင် က မလိုလား ၊ သူ့ မယား အကြောင်း သူ သိသည် ။ စိတ် ကောက်ပြီ ဆိုလျှ င် အတော် အချော့ရ ခက်သည် ။ မဖြူလေး ကောက် နေသည့် စိတ် ဟာ ည အိပ်ရာ ဝင်တဲ့ အ ထိ ပါ လာသည် ။ တစ်နေကုန် နှုတ် မဆက် ၊ စကား မပြောဘဲ နေရုံသာ မက ၊ ခြင်ထောင် ထဲ မှာ တစ်ဖက် စောင်း အိပ် သည် ။ တစ်ဖက် စောင်း ပြီး မှောက် အိပ်သည် ။ အိပ်ချင်ယောင် ဆောင်နေ တာ ဖြစ် လို့ နှိုးရ ခက်သည် ။ ကိုယ့် ဘက် ကို ဆွဲ လှည့် လို့ မရ ၊ ရုန်းကန် တွန်း ပစ်လုပ်သည် ။ ကို စိုးလှိုင် အတွက် ညရေး ညတာ အတော် ခက် သွားတော့သည် ။ အခုလည်း အရေးကြီးသည့် စကား ပြောစရာ ရှိလို့  ရွှေတိဂုံဘုရား ကို သွားမည် ဆိုသည့် ကိစ္စ ကို မဆန့်ကျင်ရဲ ၊ အတွန့် မတက်ရဲ ဖြစ်နေသည် ။  သူ သွားချင်တာ မို့ လိုက် ပို့ ရတော့မည် ဖြစ်သည် ။ ဘုရား ပေါ် ရောက် တော့မှ သူ ပြောချင်သည့်  အရေးကြီး စကား ဆိုတာကို နား ထောင် ရတော့မည် ဖြစ်သည် ။


ရွှေတိဂုံစေတီတော် ၏ အရှေ့ဘက်မုခ် စောင်းတန်း ထိပ် မှာ အငှားယာဉ် ကို ရပ် ခိုင်းပြီး ကား ပေါ် က  ဆင်း လိုက်ကြသည် ။ စောင်းတန်း ခြေရင်း မှ ကုန်းတော်ပေါ် ရောက်အောင် လှေခါး ထစ်ပေါင်း များစွာ ကို နင်း တက်ရသည့် အခါ အသက် ၅ဝ ကျော် ပြီ ဖြစ်သည့် ကိုစိုးလှိုင် ညောင်း လာသည် ။ မော လာသည် ။ အသက် ၄၀ ကျော် မျှ သာ ရှိသေးသည့် မဖြူလေး တောင် ညောင်းလာ ဟန် တူသည် ။ မောလာဟန် တူသည် ။ ကိုစိုးလှိုင် ၏ လက်မောင်း ကို တွဲခို တက် လိုက်နေသည် ။ အိမ်ထောင်သက် နှစ်ပေါင်း ၂၀ ကျော် ပေါင်း လာသည့် ဇနီး ဖြစ်လို့ ဆိုးတာ ၊ ကောင်းတာ အသာထား ၊ ယုယုယယ လက်တွဲ ခေါ်ရမည် ဆိုသည့် အသိ ဖြင့် ဇနီး ကို တွဲ ခေါ်သည်  ။ အမောမဆို့ မီ ဘုရား ကုန်းတော် ပေါ် ကို ရောက် သွားကြသည် ။


“ အင်္ဂါထောင့် မှာ နေရာ ယူမယ် ” 


မဖြူလေး က ဘုရား ဝတ်ပြုရ မည့် နေရာ ကို သတ်မှတ် လိုက်သည် ။ အင်္ဂါထောင့် သည် ကိုစိုးလှိုင် ၏ မွေးနံ ထောင့် ဖြစ်သည် ။ ဒီနေရာ သည် ပင် အရေးကြီးတယ် ဆိုသည့် စကား ကို ပြောမည့် နေရာ ဖြစ် နိုင်သည် ။ သူ့ အတွက် အရေး ကြီးသည့် စကား ကို ပြောဖို့ နေရာ ရွေးခြင်း သည် သူ့ မွေးနံထောင့် ဖြစ်သည့် ကြာသပတေး ထောင့် ကို ရွေး သင့်သည် ။ ယခု အင်္ဂါထောင့် ကို ရွေးတာသည် ပင် ကိုစိုးလှိုင် ကို ဦးစားပေး သည့် သဘော ဖြစ် နိုင်သည် ။ ဘာပဲဖြစ်ဖြစ် ကို စိုးလှိုင် ကျေနပ် သွားသည် ။ အင်္ဂါထောင့် က လူ သူ ရှင်းသည့် နေရာ တစ်ခု မှာ နေရာယူ ထိုင်ချကြပြီး ဘုရား ဝတ်ပြုကြသည် ။ အရေးကြီး သည့် စကား ကို ပြောကြမည် ဖြစ်လို့ လူသူ ရှင်းသည့် နေရာ ကို ရွေးချယ် လိုက်ကြ တာ ဖြစ်သည် ။


ကိုစိုးလှိုင် နှင့် မဖြူလေး တို့ ဇနီးမောင်နှံ လင်စုံ မယားဖက် ဘုရားဝတ်ပြု ကြတာ ဖြစ်လို့ ဘေးချင်း ယှဉ် ထိုင်ပြီး ဘုရား ဝတ်ပြု ကြသည် ။ ဘုရား ရှိခိုး ကတော့ ကိုယ် ရတာ ကိုယ် ဆိုကြ တာ ဖြစ်သည် ။ ကိုစိုးလှိုင် မှာ ဘုရားရှိခိုး ရှည်ရှည် ရထားတာ မရှိလို့ တိုတိုပဲ ရှိခိုး ပြီးသွားသည်  ။ အစိန္တေယျ ၊ အပ္ပမေယျ ၊ ကျေးဇူးတော် အစုံ ၊ ဂုဏ်တော် အနန္တ နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား ကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား ၊ ရှိခိုးရသော အကျိုးအားကြောင့် အပါ ယ်လေးပါး ၊ ကပ်သုံးပါး ... စသည့် ဘာညာ သာရကာတွေ မှ ကင်းလွတ် ရပါလို၏ ဘုရား ဟု အဆုံး သတ်လိုက်တာ ဖြစ်သည် ။ ဘုရားရှိခိုး တို လွန်းသည် ။ ရပ်ပြစ် ၊ ရန်သူမျိုး ၊ ဝိပတ္တိတရား ဆိုတာ တွေ ကို လည်း အပါး အရေအတွက် မှန်အောင် မသိသည့် အတွက် တိုတိုဖြင့် ဖြတ် ချလို က်တာ ဖြစ်သည် ။ ဘုရား ကို ရိုရိုသေသေ ရှိခိုး ဦးချ ဖို့သာ လိုရင်း ဖြစ်သည် ။ ရှိခိုး ရသောအကျိုး အားကြောင့် လိုချင်တာတွေ တောင်း ခြင်းသည်  အရေးမကြီး ဟု ယုံကြည်လို့ လည်း တိုတိုဖြင့် ဖြတ် လိုက်တာ ဖြစ်သည် ။


မဖြူလေး ကတော့ သြကာသကန်တော့ချိုး ဖြင့် ကန်တော့ ပြီး ငါးပါးသီလ ယူသည် ။ ပြီးတော့မှ သူ အထူး ကျက်မှတ်ထားသည့် အစိန္တေယျဘုရားရှိခိုး ၊ သမ္ဗူဒ္ဓေ ဘုရားရှိခိုး ၊ နှစ်ကျိပ်ရှစ်ဆူ နှင့် ဂင်္ဂါဝါဠု သဲစု မက ပွင့်တော် မူကြ ကုန်သော ဘုရားရှင်တွေ ကို ရှိခိုးသည့် ရှယ် ဘုရားရှိခိုး ဖြင့် ရှိခိုး နေသည့် အတွက် အတော် ကြာသည် ။ သူ ဘုရားရှိခိုး ကျွမ်းတာ ကို ကိုစိုးလှိုင် သိပြီး ဖြစ်သော်လည်း ပို၍ သိအောင် ကြား စေလို လို့ အသံ ထွက်ပြီး ရှိခိုးသည် ။ နှစ်ယောက် ပူးကပ်ပြီး ဘေးချင်း ယှဉ် ထိုင် နေ ကြ သဖြင့် ပီပီသသ ကြား နေရသည် ။ သူ ဟာ ရတနာသုံးပါး ကြည်ညိုတယ် ၊ မိကောင်း ဖခင် သမီး ဖြစ်တယ် ၊ လင်သား အပေါ် မှာ သစ္စာ ရှိတယ် ဆိုတာတွေ ကို ပြချင် တာလည်း ပါသည်  ။ ကိုစိုးလှိုင် က သဘော ပေါက်လို့ သည်းခံ စောင့် ရသည်  ။ ဘုရား ရှိခိုး ပြီးမှ အရေး ကြီးသည့် စ ကား ကို ပြော မည် ဖြစ်သည် ။ 


ဘုရားရှိခိုး အရှည်ကြီး ပြီး ပြန် တော့လည်း အရေးကြီး သည့် စကား ကို မပြောသေးဘဲ တရား ရှုမှတ် နေပြန်သည် ။ တရား ရှုမှတ်နေတာ ထွက်လေ သိ ၊ ဝင်လေ သိ ဆိုတဲ့ မိုးကုတ် နည်း လား ၊ ဖောင်းတယ် ၊ ပိန်တယ် ဆိုတဲ့ မဟာစည် နည်းလား ၊ ဘာနည်း ဆိုတာ မသိ ရပေမယ့် ငြိမ် နေတာ တွေ့ရသည် ။ ရုပ်နာမ် ၊ ခန္ဓာတို့ စက္ကန့် မလပ် ဖြစ်ပြီး ပျက် နေတာတွေ ကို မြင်အောင် ရှု မှတ် နေတာလား ၊ အရေးကြီးတဲ့ စကား ကို ဘ ယ်က စပြီး ပြောလျှင် ကောင်း မလဲ စဉ်းစား နေ တာလည်း ဖြစ်နိုင်သည် ။ 


“ ပြုသမျှ ၊ ကုသလကို အမျှ အမျှ အမျှ ယူ တော်မူကြပါကုန်လော့ ” 


မဖြူလေး တရား ရှုမှတ်ရာ မှ ပြီးဆုံးပြီ  ဖြစ် လို့ ဦး သုံးကြိမ် ချပြီး အမျှ ဝေ လိုက်သည် ။ ကိုစိုးလှိုင် တောင် စိတ် ထဲက သာဓု ခေါ်လိုက်မိပါသည်  ။ ကိုစိုးလှိုင် သည် မဖြူလေး အကြောင်း ကို

ကောင်းကောင်း သိ သူ ဖြစ်သည် ။ ပင်ကိုယ် စိတ်ရင်း ကောင်း သူ ဖြစ်သည် ။ ရတနာသုံးပါး ကိုလည်း တကယ် ရိုသေသူ ဖြစ်သည် ။ သူ မရိုသေချင် ယောင် ဆောင် နေတာ ကိုစိုးလှိုင် ကို သာ ဖြစ်သည် ။ ကိုစိုးလှိုင် က အရေးကြီးတဲ့ စကား ကို ကြားချင်လှပြီ ဖြစ်သည်  ။ 


“ အရေးကြီးတဲ့ စကား ပြောစရာရှိတယ် ဆို တာ... ဘာလဲ ၊ ပြော ” 


“ အစ်ကို ဘုရား ရှိခိုးပြီး ဘာ ဆု တောင်းလဲ ” 


“ ထုံးစံအတိုင်း ဘဝတိုတိုဖြင့် မဂ်ဖိုလ် ရပါ လို၏ ပေါ့ကွာ ၊ ဘာဖြစ်လို့ လဲ ” 


“ သိချင်လို့ ပါ ၊ ညီမ ကတော့ ဆုတောင်းတာ တွေ အများကြီး ပဲ ... ၊ ဒါပေမယ့် အစ်ကို သဘောထား ကို သိချင်လို့ တစ်ခုတော့ ချန်ထားတယ် ”


“ ဘာများ တုန်းဟ ” 


“ အစ်ကို နဲ့ ညီမ နဲ့ နောင် ဘဝ မှာ ပြန် ပေါင်းရ ပါလို၏ ဆိုတာကို ချန် ထားတယ် ၊ အစ်ကို က ရော နောင် ဘဝ မှာ ညီမ နဲ့ ပြန် ပေါင်း ချင်သလား ဟင် ”


ဟာ ... သောက်ကျိုးနည်း ၊ ပြဿနာ ပဲ ။ ဒီ ဘဝ မှာ တကျက်ကျက် နဲ့ စကားများ  ၊ ရန်ဖြစ် ၊ စိ တ်ကောက် ၊ ချော့ရ ၊ မှောက်အိပ် ၊ ဆွဲလှန် မရ လို့ ဒေါသ ထွက်ရသည့် အကြိမ်ပေါင်း မရေမတွက် နိုင် ဖြစ်နေသည်  ။ နောက် ဘဝမှာ လည်း ဒီလို ပဲ စိတ် ညစ် နေရဦးမယ် ဆိုလျှင် မနိပ် ။ ဒီ ဘဝ မှာ တော့ သားသမီးလေးတွေ မျက်နှာ ကို ထောက် ပြီး လင်မယား မကွဲအောင် အောင့် ခံ ပေါင်းသင်း နေရသည်  ။ သံသရာ တစ်လျှောက် လုံး ဒီလိုသာ စိတ် ကောက် နေလို့ ချော့ နေရမည် ဆိုလျှင် အတော် စိတ်ညစ်စရာ ကောင်းမည် ။ နောက် ဘဝ မှာ ပြန် ပေါင်းရေး ကိစ္စ ကို အတော် စဉ်းစားပြီး အဖြေ ပေးရမည်ဖြစ်သည် ။ 


“ အစ်ကို ... မေး နေတယ်လေ ၊ နောက် ဘဝ မှာ ညီမ နဲ့ ပြန် ပေါင်းချင်သေးလားလို့ ”


မေးနေပြီ ဖြစ်လို့ ဖြေ ရ တော့မည် ဖြစ်သည်  ။ ဒီ မေးခွန်း ကို မဖြေလျှင် စိတ် ကောက်ဦးမည် ။ စိတ် ကောက်ပြီ ဆိုလျှင် ချော့ မရ ၊ မော့ မရလို့ ဒီ ည လည်း ပြဿနာ တက် ဦးမည် ။ ကိုယ့် ဘက် က “ နောက် ဘဝ မှာ ညီမ နဲ့ ပြန် ပေါင်းချင်ပါတယ် ” လို့ ပြော လိုက် လျှင် သူ့ ဘက် က ဈေး တက်ပြီး လူပါး ဝ မှာ ကို လည်း စိုးရိမ် ရသေးသည်  ။ နှစ် ပေါင်း နှစ်ဆယ် ကျော် ပေါင်းသင်း လာ သည့် ဇနီး “ နောက် ဘဝ မှာ ပြန် မတွေ့ချင်ဘူး ၊ ပြန် မဆုံ ချင်ဘူး ” လို့ ပြော ရမှာ က လည်း အတော် ခက်သ ည့် ပြဿနာ ဖြစ်သည်  ။ သူ က ပြန် ဆုံ ချင်ပါတယ် ။ ပြန် ပေါင်းချင်ပါတယ် ဆို လျှင် လည်း သည်းခံ လက်စ နဲ့ ပြန်ဆုံ ၊ ပြန်ပေါင်း ရုံသာ ရှိ တော့သည် ။ သူ့ သဘော ကို အရင် သိအောင် မေး ကြည့် လိုက်သည် ။


“ ညီမ ကရော ... နောက် ဘဝ မှာ အစ်ကို နဲ့ ပြန်ဆုံ ၊ ပြန်ပေါင်း ချင်သေးလား ”


“ အစ်ကို ... အရင် ပြော ” 


“ နင် ... အရင် ပြော ” 


အဲဒီမှာ ပြဿနာ စ တော့သည်  ။ ဒီလို ဖြစ်နေ တာ ကို က နှစ်ဦး နှစ်ဖက် မရိုးသားကြဘူး ဆိုတာ ပြ နေသည်  ။ “ နင် ပြော မှ ငါ ပြောမယ် ” ဖြစ် နေသည်  ။ “ နင် က ဆုံချင်တယ် ဆိုမှ ငါ က ဆုံမ

ယ် ။ ရှင် က ဆုံချင်တယ်ဆိုမှ ကျွန်မကလည်း ဆုံချင်တယ် ” ဖြစ်နေသည် ။ တစ်ဦး နှင့် တစ်ဦး နှစ်နှစ်ကာကာ မရှိ ၊ ရိုးသားမှု မရှိသည့် အတွက် အပေးအယူ လုပ်ပြီး ဈေး ဆစ် နေကြရတာ ဖြစ်သည် ။ ဒါကို နှစ်ယောက် စလုံး က သဘော ပေါက် နေကြသည်  ။ ကိုစိုးလှိုင် က စပ်ဖြဲဖြဲ အမူအ ရာ ဖြင့် ပြော နေ သော်လည်း မဖြူလေး က ဒေါသ မျက်လုံး ဖြင့် မျက်နှာကျော တင်း သွား တော့ သည် ။


“ တော်ပြီ ၊ သိပြီ ...  ၊ သဘောပေါက်ပြီ ...  ၊ လာ ပြန်မယ် ”


ဘုရား ကို ပေါက်ဆိန် ပေါက် ဦးချ ကန်တော့ပြီး ထိုင် ရာ က ထ လိုက် တော့သည် ။ ကိုစိုးလှိုင် ကို လက် မတွဲ တော့ ဘဲ ဘုရား ကုန်းတော် ပေါ် က ဆင်း ခဲ့ကြသည် ။ အိမ် ကို အပြန် Taxi ပေါ် မှာ လည်း တစ်ဦး ကို တစ်ဦး စကား မပြောကြဘဲ အိမ် ကို ရောက်ခဲ့ ကြသည် ။ ဘုရား ပေါ် ရောက် မှ ပြောမည် ဆိုသည့် “ အရေးကြီးစကား ” မှာ လည်း ဘယ် ရောက်လို့ ဘယ် ပေါက် သွားသည် မသိ ။


.....   .....   .....


အိမ် ကို ရောက်တော့ လည်း ထုံးစံ အတိုင်း ဖြစ်ပြန်သည် ။ ကိုစိုးလှိုင် ကို ထမင်း ခူးခပ် ပေးသည် ။ ကိုစိုးလှိုင် တစ်ယောက် တည်း ညစာ စား ရသည် ။ ည အိပ်ရာ ဝင် တော့လည်း မဖြူလေး က စောစော အိပ်ရာ ဝင်ပြီး တစ်ဘက် စောင်း အိပ် နေသည် ။ နှစ်ယောက် ကြား မှာ ဖက်လုံးကြီး ဖြင့် ခြား ထား လိုက် သေးသည် ။ ဒီ အဖြစ် မျိုး က ရိုး နေပြီ ဖြစ်သည် ။ သူ တစ်ည လုံး အိပ် မပျော်တော့ ဘဲ တစ်ဘက် တည်း စောင်း အိပ် နေ တော့မည် ဖြစ်သည် ။ မဖြူလေး ၏ အကျင့်စရိုက် ကို ကိုစိုးလှိုင် သိ သည် ။ အချော့ ခံ ချင် သည် ။ ချော့ တာ မှ အတော် သည်းခံ ကြိုးစားပြီး ချော့ မှ ကိုယ် လိုရာ ကို ရ လေ့ ရှိသည်  ။ ဒါမျိုး မကြာခဏ ဖြစ် နေတော့ ကိုစိုးလှိုင် စိတ်ပျက် လာသည် ။ မချော့ချင် လို့ တမင် ပစ် ထားလိုက် တဲ့ အခါ တွေ လည်း ရှိခဲ့သည် ။


ကိုစိုးလှိုင် က သူ့ နေရာ မှာ ဝင် လှဲ ချလိုက်သ ည်  ။ အိပ်ချင်ယောင် ဆောင် နေသည့် မဖြူလေး က သိ သည် ။ ကိုစိုးလှိုင် လှဲ အိပ် ချလိုက်ပြီ ဆိုတာ သိလို့ တုတ်တုတ်တောင် မလှုပ်ဘဲ အိပ် မောကျ နေ သယောင် ဟန်ဆောင် နေသည် ။ ကိုစိုးလှိုင် စိတ် ထဲ က ပြုံး လိုက်မိသည် ။ နင် အိပ်ချင်ယောင် ဆောင် နေတာ ကို ငါ သိပါတယ် ဆိုသည့် အတွေး ဖြင့် ပြုံး လိုက် မိတာဖြစ်သည် ။ မဖြူလေး ဆယ်တန်း ကျောင်းသူ ဘဝ မှာ မိမိ နှ င့် အကြောင်း ပါ ခဲ့ပုံ ကို ပြန်လည် အမှတ် ရ နေသည် ။


မဖြူလေး သည် ကိုစိုးလှိုင် နှင့် ဆွေမျိုးနီးစပ် တော်သည် ။ ရွာ ကျောင်း မှာ ရှစ်တန်း တက် နေ စဉ် စာမေးပွဲ ၂ ခါ ကျ လို့ ရန်ကုန် ကို ပို့ပြီး ကျောင်း ထား ရာမှ ကိုစိုးလှိုင် နဲ့ ညား ခဲ့တာ ဖြစ်သည် ။ ရန်ကုန်မြို့ မှာ အခြေချ နေထိုင် ကြသည့် ကိုစိုးလှိုင် တို့ အိမ် က ကျောင်း တက် ခဲ့တာ ဖြစ်သည် ။ အသက် ၁၉ နှစ် အရွယ် ဆယ်တန်းကျောင်းသူ ဘဝ မှာ တစ်အိမ် တည်း အတူ နေသည့် အစ်ကို ဝမ်းကွဲတော်သူ လူပျို ကိုစိုးလှိုင် နှင့် လက်ပွန်းတတီး နေကြရာ မှ ညား ခဲ့ကြတာ ဖြစ်သည် ။ ကိုစိုးလှိုင် က မိမိ ထက် ဆယ်နှစ် လောက် ငယ် သည့် ညီမ ၊ ဇနီး မဖြူလေး ကို အလို လိုက်ခဲ့သည် ။ မဖြူလေး က အသက် ငယ်သည် ။ ရုပ် ချော သည်  ။ မိဘတွေ ကလည်း အထိုက်အလျောက်

ချောင်လည်သည် ။ အဲဒီ အားသာချက်တွေ ကို အသုံး ချပြီး သူ့ ပညာရေး အားနည်းချက် ၊ ဗဟုသုတ အားနည်းချက် တွေ ကို ဖုံးကွယ် ဖို့ ကြိုးစား သည့် အနေဖြင့် ကိုစိုးလှိုင် အပေါ် မှာ အနိုင် ယူ ချင်သည် ။ ကိုစိုးလှိုင် ကို ချစ်လို့  ၊ ကြိုက်လို့ ယူခဲ့ရတာ မဟုတ် ၊ သတိ လစ်ပြီး တစ်ချက် မှား မိတာ နဲ့ မထူးတော့ဘူး ဆိုပြီး နောက် မဆုတ်နိုင် လို့ ယူ လိုက်ရတာ ဆိုတဲ့ ပုံစံ ပြ ထားသည် ။ သူ ဆိုးသမျှ ကို ကိုစိုးလှိုင် က ခံ ရမည် ။ ချော့ ရမည် ။ ငါ လို အသက် ငယ်ငယ် ၊ ဥစ္စာပေါ ၊ ရုပ်ချော ကို ရ ထားတဲ့ လူ က ငါ့ ကို မချော့ လို့ ရမလား ဆိုတဲ့ ခံယူချက် ဖြင့် ရပ်တည် လာ ခဲ့တာ ဖြစ်သည် ။


ကိုစိုးလှိုင် က လည်း မိမိ ထက် များစွာ အသက် ငယ်သည့် ဇနီးချောလေး ကို သည်းခံပြီး

ချော့ ခဲ့ပါသည် ။ ကြာ လာတော့ သည်းမခံနိုင် ဖြစ် လာသည် ။ ကွာရှင်းပစ်ဖို့ အထိ စဉ်းစား ခဲ့ ဖူးသည် ။ သားသမီးတွေ တစ်ယောက် မှ နှစ်ယောက် ၊ သုံးယောက် ဖြစ် လာသည့် အခါ သား သမီးတွေ ရဲ့ မျက်နှာ ကို ထောက် ပြီး မကွဲမကွာ တော့ဘဲ သည်းခံလက်စ နဲ့ ဆက်ပြီး သည်းခံ တော့မည် ဟု ဆုံးဖြတ် ခဲ့သည် ။ ဒါပေမယ့် နောက် ဘဝ မှာ တော့ ပြန် မဆုံချင်တော့ဘူး ဟု ဆုံးဖြတ်ထား ခဲ့ တာ ဖြစ်သည် ။ နောက် ဘဝ မှာ ပြန် မဆုံချင်တော့ သော်လည်း ဒီ ဘဝ မှာ မကင်း နိုင်သေး ဖြစ် နေသည် ။ မိမိ က လွဲလို့ ချစ်သူ အဖြစ် ရည်းစား တောင် မရှိခဲ့ဖူးသည့် အပျိုစစ်စစ် မဖြူလေး နှင့် မိမိ တို့ ၏ အချစ်ရေး အစ နှင့် အိမ်ထောင်သည် ဘဝ အစ ပုံရိပ်တွေ ကို ပြန်လည် မြင်ယောင်လာသည် ။ မဖြူလေး စိတ်ကောက် တာတွေ ကို ချော့လိုက် လို့ စိတ်ကောက် ပြေ သွားတဲ့ အခါ ချစ် စိတ် ဖြင့် ပျော်ခဲ့ပုံတွေ ကို ပြန်လည် အမှတ် ရ လာသည် ။ နှစ်ယောက် လုံး သွေး ပူပြီး အရမ်းချစ် ၊ အရမ်းဖက် ၊ အရမ်းပျော် ခဲ့ကြ တာတွေ ကို ပြန်လည် တွေးမိလာသည် ။ ကိုစိုးလှိုင် ၏ ငယ် စိတ်တွေ ပြန် ပေါ်လာသည် ။ အိပ်ချင် ယောင် ဆောင်ပြီး တစ်ဘက် လှည့် အိပ် နေသည့် မဖြူလေး ဘက် ကို လှည့် ကြည့် လိုက် သည် ။ အမှောင် ထဲ မှာ မှုန်ဝါးဝါး မြင် ရသည် ။ ဒီ အခြေအနေ မှာ ချော့မည် ဆိုလျှင် နည်းနည်း တော့ ခက်မည် လို့ သိ ထားသည် ။ နှစ်ယောက် ၏ အလယ် မှာ စည်း ခြား ထားသည့် ဖက်လုံးကြီး ကို ဖယ် လိုက် သည် ။ ဒါ ပထမ အဆင့် ဖြစ်သည်  ။


မဖြူလေး ဘက် ကို စောင်း အိပ် လိုက် ပြီး မဖြူလေး ၏ ကျော ကို လက် ဖြင့် ထိ ကြည့်လိုက်သည် ။ တွန့်ခနဲ ဖြစ် သွားတာ သိ လိုက်သည် ။ အိပ်ချင်ယောင် ဆောင် နေပြီး အသား ကို လာ ထိ တော့ လည်း တွန့်ခနဲ ဖြစ် သွားသည် ။ ဖက်လုံးကြီး ဖယ် လိုက် တာက စ ပြီး သိ နေသည့် အတွက် အသားချင်း ထိ လာ တော့မည် ဆိုတာ ကို ကြိုတင် မျှော်လင့် ထား ပုံ ရသည်  ။ မဖြူလေး ကို ချော့နည်း ဒုတိယ အဆင့် အနေ ဖြင့် မဖြူလေး ၏ ယာဘက် ပခုံး ပေါ် ကို ကိုစိုးလှိုင် က

ယာ ဘက် လက် တင် လိုက်သည် ။ တွန့်ခနဲ မဖြစ်တော့ဘဲ ငြိမ် ခံ နေသည် ။ ငြိမ် ခံနေသည့် အတွက် အလုပ် ဖြစ်ပြီ ဆိုတာ ကိုစိုးလှိုင် သိ လိုက် သည် ။ 


တတိယ အဆင့် အနေဖြင့် မိမိ ဘက် ကို လှည့်လာ စေရန် ပခုံး ကို ဆွဲ ယူလိုက်သည် ။ မဖြူလေး သည် အလိုက်သင့် ပါ လာပြီး ပက်လက် အနေအထား ဖြစ် သွားသည် ။ စောင်း နေသည့် လောင်းလှေ ကို ဆွဲ လှန် လိုက် သလို ပက်လက် ဖြစ် သွားသည် ။ သူ အိပ်ပျော် နေသည့် အတွက် ဘာမှ မသိ သည့် ပုံမျိုး လုပ် နေသည် ။ ကိုစိုးလှိုင် က မိမိ ၏ ဝဲဘက် လက်မောင်း ပေါ် မှ သူ့ ဦးခေါင်း တင် နိုင်ရန် ဆန့်ခင်း ပေးထားပြီး သူ့ ခါး ကို ဖက်ကာ ဆွဲ လှည့် ယူ လိုက်သည် ။ အခ က်အခဲ မရှိဘဲ အလိုက်သင့် ပါ လာသည့် အတွက် နှစ်ယောက် မျက်နှာချင်း ဆိုင် ၊ ရင်ဘတ်ချင်း  ကပ် သွားသည် ။ သူ အိပ် ပျော် နေ သည့် အတွက် ဘာ မှ မသိဘဲ လိုက်ပါ နေရ တာ ဆိုသည့် ပုံ လုပ် နေ သေးသည် ။ ကိုစိုးလှိုင် က ဘယ် လက် ဖြင့် ကျော ကို သိုင်း ဖက်ရင်း ယာ လက် ဖြင့် သူ့ ခါး ကို ဖက် လိုက်သည် ။ သူ့ အတင် ခံ လိုက်ရသည့် မဖြူလေး ၏ လက် သည် ကြိုး ပြတ် သွားသော ရုပ်သေးမင်းသမီး ၏ လက် လို ကိုစိုးလှိုင် ၏ ကိုယ် ပေါ် ကို ဘုတ်ခနဲ ကျ လာသည် ။ သူ အိပ်ပျော် နေသည့် အတွက် ဘာ မှ မသိဘဲ လုပ် သမျှ ခံ နေရတာ ဆိုတဲ့ ပုံစံ လုပ် နေတာ ဖြ စ်သည် ။ ကိုစိုးလှိုင် က အထာ ပေါက် သည် ။ မဖြူလေး ၏ အကြော ကို သိ နေလို့ အမှောင် ထဲ မှာ ပြုံး လိုက် သည် ။ ဒီ အခြေအနေ မှာ လုပ်ချင်တာ လုပ်လို့ ရနေပြီ ဆို တာ သိသည် ။ မဖြူလေး ၏ တစ်ကိုယ်လုံး ကို လက် နှစ်ဘက် ဖြင့် တင်းတင်း ဖက် ပြီး နဖူး ၊ ပါးနှစ်ဘက် နှင့် လည်ပင်း ပါ မကျန် ခပ်ကြမ်းကြမ်း နမ်း ပစ်လို က်သည် ။ အဲဒီလို နမ်း လိုက် တော့ စောစောက ကြိုး ပြတ် ကျ နေသည့် ရုပ်သေးမင်းသမီး က လက်ကြီး ဖြင့် ကိုစိုးလှိုင် ၏ ခါး ကို တင်းတင်း ပြန် ဆွဲ ဖက် နေတော့သည်  ။ အိပ်ပျော် နေတယ် ဆိုပြီး ဘယ့်နှယ် ဟာ ပါလိမ့် ဟု တွေး ရ တော့သည် ။ ကိုစိုးလှိုင် နှင့် မဖြူ လေး တို့ ဇနီးမောင်နှံ သည် နောက် ဘဝ မှာ ပြန် ဆုံ မလား ၊ မဆုံလား တော့ မသိပါ ။ ဒီ ဘဝ မှာ တော့ ညပေါင်းများ စွာ ပြန် ဆုံ နေကြဦး မှာ သေချာသည် ။  


◾အဏ္ဏဝါစိုးမိုး


📖 သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း

      အမှတ် - ၄၃ ၊ 

      ဒီဇင်ဘာ ၊ ၂၀၁၅


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment