Monday, May 8, 2023

မီးစိမ်း ပြ လို့ ရထား ရပ်တယ်


 ❝ မီးစိမ်း ပြ လို့ ရထား ရပ်တယ် ❞


ချစ်တာတွေ × ×× တို့ နှစ်ကိုယ်တည်း သိတယ် × ×× သစ္စာတွေ မေ့မနေနဲ့ အချစ်ရယ် × ×× တစ်နေ့တော့ မောင် ပြန်လာမည် × ××


မင်းအောင် ရဲ့ ရန်ကုန်သူ လွမ်းမှာစိုး သီချင်း ကို ညည်းရင်း စက်ရုံ ထဲ က ထွက် လာ ခဲ့တယ် ။ ချစ် နဲ့ တွေ့ ရတော့မယ် ။ ချစ်ရယ် မတွေ့ရတာ လည်း ကြာပြီ ။ ကြာဆို ငါးလ လောက် ရှိပြီ ။ စာ မရေး ဖြစ်တာတော့ သုံးလ လောက် ပဲ ရှိဦးမှာပါ ။ ဒီနေ့ နေ့လယ် မှ မောင် တို့ ရထား ရောက်တာ ကိုး ။ ရန်ကုန် မြေ ကို ခြေ ချတာ နဲ့ ချစ် ဆီ ပြေးလာခဲ့ ချင်တာပေါ့ ။ ဒါပေမဲ့ ချစ်ရယ် .. မောင့် ရဲ့ စက်ခေါင်း နဲ့ ပတ်သက်တဲ့ အလုပ်တွေ စစ်ဆေး ၊ အပ်ရ နဲ့ ဆိုတော့ ခုမှပဲ နားတွဲ ကို ပြန်ခဲ့ ရတယ်လေ ။ စိတ် ထဲ က သာ ကြိုတင်ပြီး ချစ် ဆီ ကို သတင်း ပို့ နေမိတာ ပေါ့ ။


စက်ဆီ ပေ နေတဲ့ လက် ကို ကပျာကယာ ဆပ်ပြာ နဲ့ ဆေး လိုက်တယ် ။ သေတ္တာ ထဲ က အကြိုက်ဆုံး အင်္ကျီလုံချည် တစ်စုံ ကို ထုတ် လိုက်တယ် ။ ပြီး တော့ မှ စိတ်ကူး တစ်မျိုး ရတာ နဲ့ တန်း ပေါ် က ပုဆိုး ခပ်ဟောင်းဟောင်း တစ်ထည် ယူ လဲ လိုက်တယ် ။ အပေါ် က တက်ထရက် နက်ပြာ ယူနီဖောင်း ကို ချွတ်ပြီး အိတ်ကပ် မပါ တဲ့ စပို့ရှပ် အဟောင်းလေး ကို ကောက် ဝတ် လိုက်တယ် ။ စောင်းကောက် တံဆိပ် သားရေဖိနပ် ကို ခုံအောက် ပြန် ထားပြီး ပလတ်စတစ် ဂေါက်ဂက်ဖိနပ် ကို စီး လိုက်တယ် ။ ဘယ်သူ ကျန်ခဲ့မှန်း မသိတဲ့ ရှမ်းခမောက်လေး ကောက် ဆောင်းပြီး နာရီ နဲ့ လက်စွပ် ကို သေတ္တာ ထဲ ပြန် ထည့် ထား လိုက်တယ် ။ ဒီ ပုံ နဲ့ ချစ် ဆီ ကို သွားရင် ချစ်က ရယ် မလားပဲ ။ အံ့သြ နေ မှာ တော့ သေချာတယ် ။ ဒီလို ဆို အရင် က လို ချစ်သေးရဲ့ လား လို့ မေးရ ချွဲရ ဦးမယ် ။


အရေးကြီးတာ တစ်ခု ကျန် သေးတာပဲ ။ မှတ်ပုံတင် နဲ့ အလုပ်သမားကတ် ကြား ထဲ ကို ရာတန် သုံးရွက် ခေါက် ထည့် လိုက်တယ် ။ ကျပ်တန် သုံးရွက် ပါ ပလက်စတစ်အိတ် နဲ့ စုပြီး အင်္ကျီ ရင်ဘက် ကြားထဲ ထည့် လိုက်တယ် ။ တွဲ ပြတင်းပေါက်တွေ သေသေချာချာ ပိတ်ပြီး တံခါးမ ကို ပါ သော့ ခတ်လိုက်တယ် ။ နားနေတွဲ တစ်တွဲ မှာ စက်ဗိုလ် နှစ်ယောက် ၊ မီးထိုး နှစ်ယောက် လိုက် ရတာ ဆိုတော့ တစ်ခန်း မှာ ဆရာ တပည့် နှစ်ယောက် စီ နေ ကြတာ ပေါ့ ။ တပည့် က သူ့ အမျိုးတွေ ရှိတဲ့ ဥက္ကလာ ကို သွားနှင့် ပြီ ။ တွဲသော့ ကို တစ်ဖက် ခန်း က စက်ဗိုလ် ကို ပေးထားခဲ့ မှ ။ သူ က တော့ ဘယ်မှ လည်မယ့်သူ မဟုတ်ဘူး ။ တံခါးတွေ ပိတ်သံ ကြား ကတည်း က အပြင် ထွက် တော့မယ် ဆိုတာ သိ နေတာကိုး ။


“ စက်ဗိုလ်လေး အင်းစိန် ဘက်ရောက် အောင် သွားနော် ။ ရွှေတိဂုံ နောက် မှ ဖူးလို့ ရပါတယ် ။ မနက် စစ်ရထား ပြန်ရမှာ တဲ့ ။ အင်းစိန် သင်တန်းကျောင်းကြီး အလွမ်းပြေ သွားကြည့်ခဲ့ဦး နော ”


“ အစ်ကိုကြီး က သိသားနဲ့ နောက် နေ ပြန်ပြီ ။ အင်းစိန် က တော့ ရောက်အောင် ကို သွားရမှာ ခင်ဗျ ။ ကျွန်တော့် ကောင်လေး လာရင် သော့ ပေး လိုက်ပါ နော် ” 


ဒီတော့မှ ဝတ်စား ထားတဲ့ ပုံစံကို သူ မြင် သွား တာကိုး ။


“ ဟ ... ဒါက ဘယ်လိုပုံ လဲ ... ကိုယ့် ဇယ် ဆီ သွားမှာ များ အကောင်းစား ဝတ် သွားစမ်းပါ ။ ဘယ့်နှယ် အဟောင်းတွေ ဝတ်သွား ရတာတုံး ”


“ စိတ်ကူး ပေါက်လို့ပါ အစ်ကိုကြီး ရဲ့ သွားမယ် နော် ”


စက်ဗိုလ် တော့ ကြောင်စီစီ ကျန်ရစ် ခဲ့ တာပဲလေ ။


မလွှကုန်း တွဲစီဝင်း ထဲ က နေ ဘူတာ ထိ လျှောက်ရ မှာ ဆိုတော့ သူငယ်ချင်း တွေ တွေ့ ရင် အမေးအမြန်း ထူ နေ ဦးမှာ ။ ပုဇွန်တောင် ဘူတာ ဘက် ကို သွား စီး တာပဲ ကောင်းမယ် ။ ရှမ်းခမောက် ကို ခပ် ငိုက်ငိုက် ဆောင်း ပြီး လျှောက် သွား ခဲ့တယ် ။


ချစ် နဲ့ တွေ့ ရင် ပျော် နေ မလားပဲ ။ ဒီ ပုံစံ နဲ့ ဆို ရယ်မလား ၊ အထင် သေး မလားပဲ ။ အလုပ် မအား လို့ စာ မရေး ဖြစ်ရင် ခွင့်လွှတ်ကြ စတမ်း တဲ့ လေ ၊ အသက်တွေ လည်း မငယ်တော့ တာ မို့ စိတ် လည်း ခဏ ခဏ မကောက်နဲ့ တဲ့ ၊ ဟုတ်တယ် လေ ၊ အလုပ် ထဲ မှာ စက်ဗိုလ် ဆိုပြီး သိက္ခာ နဲ့ ပြောဆို ဆက်ဆံ နေ ရတာ ။ ချစ်သူ နဲ့ တွေ့ တဲ့ ခါတော့ ငယ်နေ  ၊ ချွဲနေ ၊ စိတ်ကောက်နေ ပြ တာပေါ့ ၊ ဒါကလည်း ချစ် ရဲ့ အကြင်နာ အလိုလိုက်မှု လေး တွေ ကို ခံစားချင် လို့ပါ ။


“ ဈေးသည် မို့ ယောက်ျားလေး တွေ နဲ့ စကား ပြော တိုင်း လည်း သဝန် မတို နဲ့ မောင် ရာ ” တဲ့ ။


ဒီတော့ တစ်ခါ “ မင်းခယောက်ျား ကမ်းနားသစ်ပင် ဘဝ ပါ ။ မောင် တို့ ရထား လိုက် အမှုထမ်း ဆိုတာ အန္တရာယ် အမျိုးမျိုး နဲ့ ကြုံရတတ် တာ မို့ တစ်နေ့ ဒီ ရာထူး ဒီ ဘဝ မရှိတော့ ရင် ကော ချစ်ပါ့ဦး မလား ” ဆိုတော့ သူ့ အချစ် ကို အထင် သေး ရက်တယ် လို့ မျက်ရည် တောင် လည် လာ သေးတယ် လေ ။


ဒါကြောင့်လည်း လူချင်း မတွေ့ ရတဲ့ ငါးလ လောက် ရယ် ၊ စာ မရေးဖြစ် ခဲ့တဲ့ နှစ်လ လောက် ကို သူ နားလည် ခွင့်လွှတ် နေ မှာပါ ။ အမြဲလို ပါး မှာ ပါးကွက် တင် ထားတတ်တဲ့ ချစ် ကို မြင် နေတယ် ။ မြို့ပတ်ရထား ကို တောင် နှေး လှတယ် ထင် မိ တယ်လေ ။


မလွှကုန်း ဘက် က မြို့ပတ်ရထား တစ်စင်း ဆိုက် လာပြီ ။ ဒီဘက် ပလက်ဖောင်း မှာ ဆို သေချာပေါက် အင်းစိန် သွားမယ့် ကောင်ပဲ ။ ဟိုဘက် က လာ တာ ဆို ရန်ကုန် က နေ သင်္ဃန်းကျွန်း ၊ တိုးကြောင်ကလေး ကို ပြန် လှည့် မှာ တွေ သင်တန်း တစ်နှစ်ခွဲ နေခဲ့တာ ဆိုတော့ မှတ်မိ သေးတာပေါ့ ။ စက်ခေါင်း ပေါ် မှာ စက်ဗိုလ် သူငယ်ချင်း နဲ့ တွေ့ တယ် ။ ကိုယ့် ပုံစံ နဲ့ အေးအေးဆေးဆေး လက်မှတ် ပဲ ဝယ် စီး ခဲ့တယ် ။


ရန်ကုန်ဘူတာကြီး ကို ဝင်ပြီး အင်းစိန် ဘက် ကို ဆက် မောင်းသွားတယ် ၊ ချစ် နဲ့ သွားခဲ့ လည်ခဲ့ တဲ့ သမ္မတရုံ ၊ ဗိုလ်ချုပ်ဈေး တစ်ပိုင်းတစ်စ ကို ရထား ပေါ် က လှမ်း ငေးရင်း လိုက်ခဲ့တယ် ။ ထုံးစံ အတိုင်း တွဲ ပေါ် မှာ တော့ ရှာမီး ချိုချဉ် ၊ ဒူးယား စီးကရက် ၊ ပရုတ်လျက်ဆား ၊ ငါးမျိုး တစ်ကျပ် မတ်တတ် ဈေးသည်လေး တွေ စုံ  ။ မျက်မမြင် ၊ ခြေကျိုး လက်ကျိုး ၊ ထမင်းဖိုး ၊ လမ်းစရိတ် မရှိလို့ ပါ ဆိုတဲ့ အလှူခံ တွေ လည်း အရင် က လို စည်ကားပါ ပေရဲ့ ။


သမိုင်းဘူတာ ရောက်တော့ မယ်ဒလင်သမား မျက်မမြင် တစ်ယောက် တက် လာတယ် ။ မင်းအောင်သီချင်း တွေ ပေါ်ကာစ ချစ် နဲ့ လျှောက်လည် ခဲ့တဲ့ နေ့ တွေ မှာ တွေ့နေကျ လူ ပါပဲ ။ ‘ ရန်ကုန်သူ လွမ်းမှာစိုး ’ သီချင်း ဆို ပြတော့ ချစ် က ပိုက်ဆံ ထည့် ရင်း “ အဲဒီလို လွမ်း ကျန်ရစ် မှာ စိုးတယ် မောင်ရယ် တဲ့ ” သိပ် ချစ်ဖို့ ကောင်းတဲ့ ချစ်သူ ပါလေ ။ အခုလည်း ဒီ လူ ဘာ သီချင်း ဆို မလဲ မသိဘူး ။ မယ်ဒလင် လက်ကွက် စမ်းပြီး ဆိုတော့မယ် ... ဘာတဲ့ ... ။


“ ဪ … မောင်တို့ အညာ မှာ × ×× တမာပင်တန်းတွေ နဲ့ × ×× ထန်းပင် ထန်းတော× × × လွမ်းမော စရာပဲ × ×× ရန်ကုန်သူ ရယ် × ××ရန်ကုန် သူရယ် × ×× ... ”


မင်းယျာ သီချင်း ပါ လား ။


အင်းစိန် တောင် ရောက် လာပြီ ။ ချစ် ရှိမယ့် လေဟာပြင်ဈေး ကို ပြေး လာခဲ့တယ် လေ ။ ဒါပေမဲ့ ရုတ်တရက် ချစ် ကို ဝင် မတွေ့သေးဘူး ။ သူတို့ ဆိုင် မျက်စောင်း ထိုး က ရေခဲခြစ် ဆိုင်နား မှာ ထိုင် ပြီး သံပရာရည် တစ်ခွက် မှာ သောက် ရင်း ချစ်တို့ ဆိုင်ကို ကြည့် လိုက် မိတယ် ။ ချစ် ရဲ့အမေ နဲ့ အစ်မ လည်း မတွေ့ဘူး ။ ပါးကွက်ဖွေးဖွေး နဲ့ ချစ်မျက်နှာလေး ကို မှန်ဗီရိုတွေ ကြား ထဲ က လှမ်း မြင် ရတယ်လေ ။ သိပ် လှတဲ့ ချစ်သူ ပါ လား ။


သူ့ ရှေ့ မှာ အမျိုးသား တစ်ယောက် နဲ့ စကား ပြော နေတယ် ။ ဈေးဝယ် ထင် ပါရဲ့ ။ လူရှင်း မှ အံ့သြသွား အောင် သွား တွေ့ ရမယ် ။ ချစ် က ကိုယ် နဲ့ အတူ ချုပ်ထားတဲ့ အင်္ကျီအစင်းလေး နဲ့ ။ ပစ္စည်းတွေ ကွယ် နေတော့ လုံချည် ဘာရောင် ဝတ်ထား သလဲ မမြင်ရပါဘူး ။ ဈေးဝယ် နေတဲ့ ကောင် က လည်း ကြာလိုက်တာ ၊ သံပရာရည် တစ်ခွက် ပဲ ကုန် တော့မယ် ခုထိ မသွားသေးဘူး ။ ဘာမှလည်း ဝယ်မယ့် ပုံ မပေါ်ပါဘူး ။ ပြုံးကာ ရယ်ကာ နဲ့ နှစ်ယောက်သား စကား ပြောနေ လိုက် ကြတာ ။ အမယ် ဒီကောင် က ချစ် ကို စိုက် ကြည့်ပြီး ရင်းရင်းနှီးနှီး ပုံစံ နဲ့ ကို စကား ပြော နေကြတာပါလား ၊ ဟင် ...


ချစ် က လည်း ကိုယ့် ကို ကြည့်တတ် တဲ့ ချစ် မျက်စောင်းလေးမျိုး ထိုးပြီး ကြည်ကြည်ဖြူဖြူ လက်ခံ စကား ပြော နေ ကြတယ် ။


သံပရာ နှင့် ရေခဲ အရသာ အေးတာ ချဉ်တာ မသိတော့ဘူး ။ ပိုက်ဆံ ရှင်း ပြီး ချစ် ဆိုင် ရှေ့ ကို လာ ခဲ့တယ် ။ အနား ရောက်တော့ အမျိုးသား က အပျံစား ကောင်ပါလား ဆိုတာ သိရ တော့တယ် ။ လက်ရှိ ကိုယ် ဝတ် လာ တဲ့ ပုံစံ နဲ့ က တော့ သိပ် ကို ကွာခြား နေပြီ ။ ဒီ ကောင့် ဘေး နား မှာ ချိတ် ထားတဲ့ ပို့စကတ်လေး တစ်ခု ကို ကိုင်ရင်း က ..


“ ဒါလေးတွေ ဘယ်လောက် ရောင်းသလဲ ခင်ဗျား ”


“ တစ်ခု တစ်ကျပ်ခွဲ ပါ ရှင် ဒီ့ပြင် ပုံစံတွေ လည်း ရှိပါတယ် ”


“ ဆယ်ခု ဆို ... လျှော့ပါ ဦးလား ”


ရှမ်းခမောက် ကို အပေါ် ပင့် ပြီး မျက်နှာ ပြ လိုက်တော့ မှ ...


“ ဟင် .. ဘယ်တုန်းက ရောက်တာလဲ ”


“ နေ့လယ် က မှ ရောက် တာပါ ။ ရောက် ရောက်ချင်း လာ ခဲ့တာပဲလေ ။ ဒေါ်ဒေါ် တို့ ကော မမြင်ပါ လား ”


ခုန အမျိုးသား က တို့ ကို တစ်ချက် ကြည့် ပြီး ချစ် ကို လှည့်ပြောတယ် ။


“ မနက်ဖြန် မင်္ဂလာဒုံ မှာ ရုပ်ရှင် ကောင်းတယ် … လာ ခေါ်မယ် နော် ”


ချစ် က မျက်နှာ ပျက်ပျက် နဲ့ ကိုယ့် ကို တစ်ချက် ကြည့်ပြီး


“ အို ... မလိုက်တော့ပါဘူး ကိုစောထူး ၊ ကိစ္စ ရှိသေးလို့ပါ ”


“ ဘာ အရေးကြီးတာ ရှိလို့လည်း ။ မရဘူး ... လာ ခေါ်မှာပဲနော် ... ဟိုနေ့ က ကြည့်တဲ့ ကား က ကောင်း မှ မကောင်း ဘဲ ။ သွားမယ် နော် ”


သူတို့ နှစ်ယောက် ကို အကဲခတ်ပြီး စောင့် ကြည့် နေမိတယ် ၊ မျက်စိ မျက်နှာ ပျက် နေတဲ့ ချစ်သူ ကို လည်း တအံ့တသြ ငေး နေ မိတယ် ။ ဟိုလူ ထွက် သွားတော့ မှ တို့ ကို ခပ်တည်တည် နဲ့


“ အကြောင်းထူး ရှိလို့ လာ တာလား ”


“ ဘယ်လို ... ချစ် ဘာ ပြော လိုက်တယ် ။ မောင့် ကို တော့ မှတ်မိပါတယ် နော် ၊ ချစ် ဆီ ကို အကြောင်း ထူး ရှိ မှ လာ ရမယ့်သူ လား ဟင် ”


ချစ် က တို့ ကို တစ်ချက် ကြည့် ပြီး ဘာ ပြော ရမလဲ စဉ်းစား နေတယ် ထင်ပါရဲ့ ။ ပြီးတော့ မှ ...


“ မလာတာ လည်း ကြာပြီ ၊ စာ လည်း မထည့်တာ ဘယ်နှ နှစ် ရှိ ပြီလဲ ၊ အိမ်ထောင် ကျ သွားပြီ လို့ လည်း ကြား နေတယ် ” 


သည် က သာ မောင်တွေ ၊ ချစ်တွေ နာမ်စားဟောင်း တွေသုံးပြီး ပြော နေ ပေမဲ့ ချစ် စကားတွေ ထဲ မှာ တော့ တစ်လုံး မှ မပါ အောင် ပြောတတ် နေပြီ လေ ။ မျက်နှာ ကို မကြည့် တော့ ဘဲ မှန် ပေါ် က သူ့ လက် ဖြူဖြူတုတ်တုတ်ကလေး ကို သာ စိုက် ကြည့် နေတယ် ။ ဒီတော့မှ သတိ ထား လိုက် မိတယ် ။ တို့ ပေး ထားတဲ့ မောင်နှံ ခုနစ်ဖော် ငွေလက်စွပ်ကလေး မရှိတော့ ပါ လား ။ ချစ် ရဲ့ နီလာလက်စွပ်ကလေး အပြင် တခြား ရွှေလက်စွပ်ကလေး တစ်ကွင်း အစား ရှိ နေတယ် ။ အခြေအနေ လေယူ လေသိမ်း တွေ ကြည့်ပြီး တို့ ရဲ့ လက်ရှိ ဝတ်စား လာတဲ့ ပုံစံ နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်း တစ်ပုဒ် လုပ်ကြံ ပြော လိုက် ရ တော့တယ် ။


“ မောင် မရောက် လာ တာ က အလုပ် ထဲ မှာ ပြဿနာ ဖြစ် နေလို့ပါ ချစ် ရယ် ။ အခုလည်း အလုပ် မဆင်း ရ သေးပါဘူး ။ ခဏ ရာထူး ချ ခံ ထား ရတယ် လေ ။ အသိတွေ နဲ့ လိုက်ပြီး ထင်း တို့ ၊ မီးသွေး တို့ အရောင်း အဝယ် လုပ် နေရတာ ။ စာ ရေး ရင် လည်း ချစ်  စိတ် ဆင်းရဲ မှာ စိုးလို့ပါ ။ ချစ် က လွဲလို့ ဘယ်သူ မှ လည်း မချစ်ခဲ့ ၊ မယူခဲ့ ပါဘူးလေ ၊ တစ်ယောက် နဲ့ တစ်ယောက် အနေ ဝေးလို့ စာ မရေး ဖြစ်ကြ ရင် လည်း နားလည် ခွင့်လွှတ်ကြရမယ် လို့ ချစ် ပြောခဲ့တာလေ ။ ကဲပါ … ချစ် ရယ် ညနေ ဆိုင် သိမ်း ရင် အရင် က လို မောင် လိုက် ပို့မယ် ၊ မနက် ကျ ရင် ဘုရားတွေ သွားမယ် ။ မြို့ပတ် ပေါ် ကျ ရင် မောင့် လက်သည်း တွေ ညှပ် ပေး ဦး နော် ”


စိတ် တင်းပြီး ဆက် သာ ပြောနေ ရတယ် ။ ချစ် မျက်နှာ က မကြည်လင် လာ ပါ ဘူးလေ ။ ချစ် ရဲ့ အမူအရာ ပျက် နေပုံ က စိတ် မကောင်း စရာ ဖြစ်နေ ရပြီ ။


“ အခု မှ လာ ညာ မနေပါနဲ့ ။ မိန်းမ ရ နေတာ သိပါတယ် ။ လေးငါးလ စာ မလာ ၊ လူ မလာ ၊ ဒီကို မေ့ ထား လိုက်ပြီ ထင်လို့ ”


“ အချစ် သစ် ရွေးလိုက် ပြီး ပြီ ဆိုပါတော့ ၊ ဟုတ်လား ချစ် ”


စကား ပြန် မရတော့ ။ ဆိတ်ဆိတ် နေခြင်းသည် ဝန်ခံခြင်း ဖြစ် မှာပါ ။ ချစ် မျက်ရည် ဝေ့ နေပြီလေ ။ ဈေးဝယ် သူ မိန်းမကြီး နှစ်ယောက် လည်း ရောက် လာ နေပြီ ။


“ စိတ် အနှောင့်အယှက် မဖြစ်ပါနဲ့ ချစ် ရယ် ။ ရင် ထဲ က ထုတ်ပစ် ထားတာ မသိသေး လို့ လာ မိ တာပါနော် ။ လက် ရှိ မောင့် ဘဝ နဲ့ လည်း ချစ် ကို စိတ် ဆင်းရဲ စေ မှာပါ .…. ပြန်တော့မယ် နော် ”


ခေါင်း မညိတ် ၊ ခေါင်း မခါ မျက်နှာ စိမ်းစိမ်း နဲ့ ကျန်ရစ် ခဲ့တယ် ။ စိတ် သက်သာမှု ရ သွားပြီ ထင်ပါရဲ့ ။


ချစ်သူ ရှေ့ မှောက် က ဆုံးရှုံးပြီဆိုတဲ့ အသိ နဲ့ ထွက် ခဲ့တာ ။ ဘယ်က ဘယ်လို အင်းစိန် ဘူတာ ရောက် လာတယ် မသိတော့ပါဘူး ။ ခုံးတံတား ပေါ် မှာ ထိုင်ပြီး ငိုင် နေ မိတယ် ။ ချစ်ခဲ့ ဖူးတာ တွေ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိတယ် ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


ချစ်သူ နဲ့ တွေ့ရင် အရင် က လို စမယ် ၊ နောက်မယ် ၊ လျှောက်လည်ကြမယ် လို့ မျှော်လင့် ထားခဲ့ ပေမဲ့ လက်ရှိ အခြေအနေ လေသံ ဟန်ပန် တွေ ကြောင့် ဇာတ်လမ်း တစ်ပုဒ် ခင်း ပြ လိုက်တယ် ။ ချစ်အတွက် ဒီဘက် ကို ခွာစရာ အချက် တစ်ခု ပို ရသွားတယ် ထင်ပါရဲ့ ။ တကယ်သာ မေတ္တာစစ် နဲ့ သစ္စာ ရှိရှိ ချစ်တဲ့ သူ ဆို ဘာမှ ပြောင်းလဲ သွားစရာ မရှိပါဘူး ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


မျက်ရည် က ဝေ့ လာ ပြန်တယ် ။ ရှမ်းခမောက်လေး ပါ လို့ သာပေါ့ ။ ဖော့ကံရွာမ ဘက် က မြို့ပတ် တစ်စင်း ဝင် လာပြီလေ ။ ခုံးတံတား ပေါ် က နေ သင်တန်းဆောင် နဲ့ စက်ရုံ ဘက်ကို တစ်ချက် ငေး ကြည့်ရင်း ဆင်း လာ ခဲ့တယ် ။ မြို့ပတ် စက်ခေါင်းမောင်း သူငယ်ချင်း တစ်ယောက် က မြင် သွားတယ် ။


“ ဟေ့ကောင်ကြီး ။ မင်းတို့ စစ်ရထား လာတာ ဆို ၊ ငါ ထင်သားပဲ ၊ အင်းစိန် ကို သွားပြီ ဆိုတာ ။ တွေ့ ခဲ့လား မင်း ချစ်ချစ် ။ ဟင် … ရည်းစား နဲ့ လာ တွေ့ တဲ့ ကောင်ကလည်း ဘယ်လို ပုံ လဲ ကွ ။ Rest Van ပေါ် က အဝတ်အစားတွေ အခိုး ခံခဲ့ရ လို့ လား ”


“ မဟုတ်ပါဘူး သူငယ်ချင်း ရာ ။ ဒီ အဝတ်အစားတွေ ကျေးဇူး ကြောင့် လည်း ငါ့ ရည်းစား ရဲ့ စိတ်ထား အမှန် ကို သိခဲ့ရတာ ကွ ”


“ အေးကွာ ၊ မင်း ကို စာ လှမ်း မရေးရက် လို့ နေ နေတာ ။ အမျိုးသား တစ်ယောက် နဲ့ တွဲ သွား တာတော့ မြင် မိသား ။ မင်းတို့ ချင်း သိပ် ချစ်ခဲ့ကြတော့ ဒီလို ဖြစ်မယ် မထင်ဘူးလေ ကွာ ၊ ဟော ... မီး ပေးထားပြီ သူငယ်ချင်း ၊ လာ ... စက်ခေါင်း ပေါ်  က လိုက်ခဲ့ ”


“ ငါ့ ပုံစံ နဲ့ မလိုက်တော့ ပါ ဘူးကွာ ။ နောက်တွဲ က ပဲ စီးခဲ့ပါ့မယ် ”


လက်မှတ် တစ်စောင် ဝယ်ပြီး နီးရာ တွဲ ပေါ် တက်လာ ခဲ့တယ် ။ တွဲထောင့် က ခုံ မှာ ပေါ့ ၊ စုံတွဲ တစ်တွဲ ပူးကပ် ပြီး စကား တွတ်ထိုး နေကြတယ် ။ ချစ်သူတွေ ထင် ပါရဲ့ ၊ သူတို့ ပျော်ကြပါစေလေ ။ ဒီဘက် လွတ်လွတ် မှာ ပဲ ထိုင် တာ ကောင်းပါတယ် ။ အသည်း မပါ တဲ့ ရင် ဗလာ နဲ့ ချည့် နဲ့ မောဟိုက် စွာ ထိုင်ချ လိုက် မိတယ် ။


“ ချစ်ရယ် ရက်စက်လိုက်တာ ”


“ ကဲ လာပြီနော် လာပြီ ၊ အရသာ ရှိတဲ့ ရေခဲမုန့်  ၊ နို့ ပါတယ် ၊ မြေပဲ ပါတယ် ၊ စတော်ဘယ်ရီ ပါ တယ် ၊ စား ကြည့် လို့ မှ အရသာ မရှိရင် ပိုက်ဆံ တစ်ပြား မှ မပေးနဲ့ ခင်ဗျ ။ လူငယ်တွေ က တော့ သိပ် ကောင်းတဲ့ ရေခဲမုန့် လို့ ပြောကြ ပါတယ် ။ ဒီ လမ်း မှာ ဒီ ပုံး နဲ့ ရောင်း တာ ဒီ လူ တစ်ယောက် တည်း ရှိတယ် နော် ၊ ပြားငါးဆယ် ပါ ၊ စားကြဦးမလား ”


ဟုတ်ပါတယ် ၊ ချစ် နဲ့ လာရင် အမြဲ စားနေကျ ၊ ချစ် ကြိုက် တတ်တဲ့ ရေခဲမုန့်သည် ။ ဒီ အသည် မှ မတွေ့ ရင် ဒီပြင် မှာ မဝယ်စားဘူး ၊ အပြောင်းအလဲ မလုပ်တတ် တဲ့ သူ့ အကျင့် ကို တောင် ဥပမာ ပေး လိုက် ခဲ့သေးတယ် ။ ခုတော့ ချစ် ရယ် ရက်စက်လိုက်တာ ။


ဟံသာဝတီ ရောက် တော့ မျက်မမြင် အဘိုးကြီး နဲ့ ၁၀ နှစ် အရွယ် ကောင်မလေး သားအဖ ထင်ပါရဲ့ တက် လာကြတယ် ။ မယ်ဒလင် နဲ့ ဘာများ ဆိုကြ တီးကြ မှာ ပါလိမ့် ။


“ သီတာ ခုနစ်တန်  × ×× ရေစီးနှင့် မုန်တိုင်း ကို ဆန်၍ ဖြတ်ကာ × ×× လက်ပစ် ကူးရသလို × ××


ညွန့်ညွန့်စိန် ရဲ့ မင်္ဂလာသတင်း သီချင်းလေး ပါ လား ။ တစ်နေ့ ဒီလို သတင်း မျိုး ကြား ရတော့မယ် ၊ တခြား တစ်ချစ် ရှိတာ သိ ရရုံလေး တောင် မှ ဒီလောက် ခံစား ရတာ ။ သူ တစ်ပါး ပိုင်ဆိုင် သွားပြီ ဆို ရင်တော့ ရင် ကွဲ မယ် ထင်ပါရဲ့ ။


“ အပြစ်ယူ မထားပါဘူး တကယ် × ×× ချစ်သူ မရှားပါဘူးကွယ် × × × ချစ်ရက် ရှည်စွာ × ×× ချစ်နေ ကြပြီ ဆိုတဲ့ ... ”


ဟုတ်တယ် ၊ ချစ်သူ မရှားပါဘူး ချစ် ရဲ့ ။ ဒါပေမဲ့ အပြစ် တစ်ခု ဖြစ်လောက် အောင် မောင် သစ္စာ မဖောက်ခဲ့ ပါ ဘဲ ရက်စက် သွား တာ ရုတ်တရက် မို့ ခံစား နေ ရ တာပါ ။ အံ ကို တင်းတင်း ကြိတ် ထားပေမဲ့ မျက်ရည် ကျ လာ ပြန် ရော ။ ခမောက်ဟောင်းလေး ရှိ နေ လို့ သာပေါ့ ။


နားနေတွဲ ( Rest Van ) ကို ပြန် ရောက် တော့ မိုးချုပ်ပြီ ၊ မီးတိုင်တွေ က မီး လင်း နေပြီ ။ တပည့် မီးထိုး လည်း ပြန် မရောက် သေးဘူး ။ တစ်ဖက်ခန်း က သော့ တောင်း ပြီး တွဲ ဖွင့် လိုက်တယ် ။ တစ်ဖက်ခန်း က စက်ဗိုလ် က


“ အပါ ခေါ်ခဲ့ပါ ဆို ၊ ဘယ့်နှယ် တစ်ယောက် တည်း ပြန် လာရတာလဲ စက်ဗိုလ် ရ ”


“ ခေါ်ဖို့ နေနေသာသာ ကျွန်တော့် အသည်း တောင် ထားရစ်ခဲ့ရတယ် ဗျို့ ” 


သူ က အသံပြာကြီး နဲ့ ထ ဆိုတယ်လေ ။


“ အညာပြန် အသည်း မပါပေမဲ့ × ×× ငိုမယ် မထင်နဲ့  × ×× ရန်ကုန်မြို့သူ မိ အညာကြီး ရေ × ×× အေ့ဟေ အေ့ဟေ ...”


အင်းပေါ့လေ ။ ကိုယ့် ဝမ်းနာ ကိုယ် သာ သိ သတဲ့ ။ ဒီက ခံစား ရတာ သူတို့ ဘယ် သိပါ့မလဲ ၊ တွဲပြတင်းပေါက် တွေ ဖွင့် လိုက်တော့ လရောင် က ဝင် လာတယ် ။ ဖယောင်းတိုင် မထွန်း ဘဲ ဒီအတိုင်း အိပ်ရာ ပေါ် ပစ်လှဲ လိုက်တယ် ။ လှဲ နေ လို့ လည်း မရ ၊ ထိုင် နေ လို့ လည်း မရ ၊ ထမင်း လည်း အမှတ်မရဘူး ။ ရင် မှာ ဆို့နင့် နေတယ် ။ လသာ ည မှာ တွေ့ခဲ့ရ တာတွေ ၊ ချစ်ခဲ့ရ တာတွေ တွေးရင်း ညနေ က ဖြစ် ခဲ့တဲ့အဖြစ်တွေ နဲ့ ယှဉ် ကြည့် မိတယ် ။ မျက်ရည်က ကျ လာ ပြန်ရော ။ ကြိတ်မနိုင် ခဲမရ ဘယ်လိုမှ မခံစား နိုင် တဲ့အဆုံး ခေါင်းအုံး ပေါ် မျက်နှာ အပ်ပြီး ကလေး တစ်ယောက် လို ပဲ ရှိုက်ငို ပစ်လိုက်တယ် ။


“ ချစ်ရယ် .. ရက်စက်လိုက်တာ ”


ငို လိုက်တော့ မှ ရင် မှာ ပေါ့သွားတယ် ။ ဘယ်သူမှ မသိအောင် ကြိတ် ငို လိုက်တော့ ရင် မှာ ဆို့ နေတာ နည်းနည်း သက်သာတယ် ။


“ မန္တလေးအဖွဲ့ ၊ မနက် ငါးနာရီ စစ်ရထား ပြန်တက်မယ် ဗျို့ ” 


မလွှကုန်းစက်ရုံ က အခေါ် လုလင် ( call boy ) လာ ပြောတယ် ။ နာရီ ကြည့် လိုက်တော့ ည ၁၁ နာရီ ရှိ သေးတယ် ။ စဉ်းစား လိုက် ၊ မျက်ရည်ကျ လိုက် နဲ့ မနက် လေးနာရီ ထိုးတော့တာပဲလေ ။ ဘဝ ဆိုတာ ရုန်းကန်ရ စမြဲ မဟုတ်လား ၊ အချိန်တန် တော့ လည်း မျက်ရည် သုတ်ပြီး ခရီး စ ဖို့ ပြင်ဆင် လုပ်ကိုင် ရ တာပေါ့ ။


လုပ်ဆောင် သွားရမယ့် စက်ခေါင်း ကို စစ်ဆေး လက်ခံပြီး စက်ရုံ က မောင်း ထွက် ခဲ့တယ် ။ မလွှကုန်း ဝင်းအတွင်း မှာ တပ်မတော်သားတွေ အပြည့် ရှိနေတဲ့ တွဲဆိုင်း ကို စက်ခေါင်း နဲ့ သွား ချိတ် လိုက်တယ် ။ အချက်ပြ မီးတိုင် ရှိ ရာ ကို ဆွဲလာပြီး အချက်ပြ မီး ပေး တာ ကို စောင့် နေ ရတယ် ။


စက်ခေါင်း ဥဩ ဆွဲ လိုက်ပြီး အဆင်သင့် ဖြစ်တဲ့ အကြောင်း အချက် ပေး လိုက်တယ် ။ မိုင်နှုန်းပြဒိုင်ခွက် ထဲ က နာရီစက္ကန့်တံလေး တချက်ချက် မြည် နေတယ် ။ ချစ်သူ နဲ့ ဝေးရာ ကို သွားဖို့ သတိပေး နေတာ ထင်ပါ ရဲ့ ။ ည က ကောင်းကောင်း မအိပ် လို့ မျက်လုံးတွေ ဖန်စပ် နေတယ် ။ ကိုယ့် ရှေ့ က အချက်ပြ မီးတိုင် က မီးနီကလေး ကို ကြည့် နေ မိတယ် ။


မီး နီ ရာ က ဝါ ရင် ရထား ထွက် ရမယ် လေ ။ ဒါပေမဲ့ သတိပေး အဆင့် သာ ရှိတာမို့ သတ်မှတ် မိုင်နှုန်း ထက် လျှော့ ပြီး သတိ နဲ့ မောင်း ရ မှာ ။ မီး အစိမ်း ပြ မှ စိတ်ချ လက်ချ မောင်းခွင့် ရှိတာ ။ ဒါက အလုပ်ဥပဒေ ။ ချစ် ကတော့ မီးဝါ မပြ ဘဲ တစ်ခါ တည်း စိမ်း လွှတ် လိုက်ပြီလေ ။ ချစ် ဇာတ်လမ်းလေး တစ်ခန်း ရပ် ပြီပေါ့ ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


မီးခြစ်စက်ရုံ အရှေ့ဘက် က စောစောစီးစီး သီချင်းသံ ကြား လိုက်ရတယ် ။ မာမာအေး ရဲ့ ပိတောက်လမ်း ပေါ့ ။


“ အချစ်ရေ × ×× အချစ်ရေ × ×× ကိုယ်က ခေါ် သော်လည်း × × × မင်းကတော့ မကြားပါဘူးလေ × ×× ”


မျက်ရည် ဝေ့ချင်သေး ပေမဲ့ လွမ်း ရတော့မယ့် အချိန် မဟုတ်တော့ပါလား ။ တိုင်းပြည် အတွက် အသက်စွန့် ချစ်သူ ခွဲထားပြီး လာခဲ့ရတဲ့ ရဲဘော်တွေ တောင်မှ တက်ကြွရွှင်လန်း နေသေးတာ ။ ငါ့ ရဲ့ မဖြစ်စလောက် နှလုံးသား ကိစ္စလေး အတွက် သောကဝေဒနာ ကို ဒီ စက်ခေါင်း ပေါ် အထိ ယူ လာ ခံစား နေမယ် ဆိုရင် ဒုက္ခ တွေ့ တော့မယ် ။ ငါ့ ကြောင့် ပြည်သူပိုင်ပစ္စည်းတွေ နဲ့ အဖိုးတန်အသက်တွေ အန္တရာယ် မဖြစ်စေရဘူး ။


မလွှကုန်း အမှိုက်ပုံ အထက် နား က တစ်ဝက်တစ်ပြက် မှုန်ဝါးဝါး ဖူး ရတဲ့ ရွှေတိဂုံစေတီ ကို စက်ခေါင်း ပေါ် က နေ လက်အုပ် ချီ ကန်တော့ လိုက်တယ် ။


“ ဘဝ ဆက်တိုင်း အချစ် ကြောင့် ဝေဒနာ မခံစား ရသော ကိုယ် ဖြစ်ရပါလို၏ ဘုရား ”


သွား ရမယ့် ခရီးလမ်း အန္တရာယ် ကင်း‌ စေရာ ဂါထာတွေ လည်း တစ်ပုဒ် ပြီး တစ်ပုဒ် ရွတ်ဆို လိုက်မိတယ် ။


“ မီး ပေး ထားပြီ ဆရာ ”


ဥဩ အရှည် ဆွဲပြီး နောက်ဆုံးတွဲ က ရထားထိန်း ( Guard ) ကို အချက်ပေး လိုက် ပါ တယ် ။ နှင်းဖွဲ့ဖွဲ့ ကြား က မီးရောင်စိမ်းစိမ်းလေး လှုပ်ယမ်း ပြ တာ မြင် ရတော့ ရှေ့ က သံလမ်း အဆက်အစပ် ၊ လမ်းခွဲတွေ မှန် မမှန် မျက်စိ ကို ဖွင့် နား ကို စွင့်ပြီး သတိ နဲ့ မောင်းလာ ခဲ့တယ် ။ “ ချစ်ရယ် ရက်စက်လိုက်တာ ” လို့ တော့ မရေရွတ် အားတော့ပါဘူးလေ ၊ သစ္စာ မရှိတဲ့ ချစ်သူ ကို ရုတ်တရက် မမုန်း မမေ့ နိုင် သေးပေမဲ့ တာဝန် ချိန် မှာတော့ သောက ကို ခဏ မေ့ထား ရ တော့တယ် ။


ငမိုးရိပ်တံတား ရဲ့တစ်ဖက် မှာ အချစ် ဝေဒနာတွေ ထားခဲ့ပါပြီ ။ မကြင်နာ လို့ စိမ်း လွှတ် လိုက်မှ တော့ နေရစ်ပေါ့လေ ။ သီချင်းလေး တစ်ပုဒ် တော့ တီးတိုး ညည်း လိုက် မိ သေးတယ် ။


“ ဖြည်းဖြည်းလေး ပြေးတဲ့ ရထား x x x နှုတ်ဆက်ကာ ထွက်သွား xxx ချစ်တဲ့သူ စီးသွား × ×× သံဆန်ခါ အလယ် မှာ တို့ နှစ်ယောက် တစ်ယောက် တစ်ဖက်ခြား ”


မီးစိမ်း ပြလို့ ဘဝ ရထား ပြေးခဲ့ပါပြီ ။ ဒါပေမဲ့ မီးစိမ်း ပြလို့ အချစ် ရထား အမှန်တကယ် ရပ်ခဲ့ရ ပါပြီ အချစ် ရယ် ။


◾မြင့်ခေါင်ကြည် ( ဒီဇယ် )


📖 သပြေ မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၁၉၈၄


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment