Friday, May 5, 2023

ဝိဘစ္ဆ ရာသီ


 ❝ ဝိဘစ္ဆ ရာသီ ❞


“ ကတိ တည်ပြီး သစ္စာ ရှိပါ ”


စကားသံ က နားစည် ထဲ မှာ အခါမလပ် လာ ရိုက် နေသည် ။ သည် စကား က ဘိုးစဉ် ဘောင်ဆက် အမွေ ပေး ခဲ့သည့် စကားပေပဲ ။ ရိုးတွင်းချဉ်ဆီ ထဲ ထိ စွဲထင် ခဲ့သည့် စကား ။ စိတ် အတောင် ပေါက် ၍ လေလွင့်မည် ဆိုလျှင် တိုးညင်း သက်သာ ကြား ရသည့် အသံ ။ စိတ်နောက် ကိုယ်ပါ ရွက်လွှင့်မည် ပြင်တိုင်း နားဝ မှာ ကြား ရသည့် သတိပေး သံ ။ ခု ကြားရသည် က သံစဉ် တစ်မျိုး ဖြစ် နေသည် ။ 


ခါတိုင်း ကြား ရသည် က ကိုယ့် ကို သတိ ပေး သံ ၊အမိန့် ပေး သံ ။ ခုတော့ သည်လို မဟုတ် ။ အားရကျေနပ် နေသံ ၊ ရင်ခေါင်း ထဲ မှ လှိုက်လှဲ ကြွေးကြော်သံ ။ ရင်ထဲ က လာ သည့် လှိုင်းတွေ က ရွှင်ချို ဖိုလှိုက် နေသည် ။ “ ကတိ တည်ပြီး သစ္စာ ရှိသည် ” ဟု ကြွေးကြော် နေသည့် အသံ တွေ ။ 


“ ညီလေး ၊ အိပ်လို့ မပျော်ဘူးလား ”


ကိုတင်စိုး က ခပ်တိုးတိုး မေးသည် ။ အင်း ဟု သာ ခပ်တိုတို ပြန် ဖြေပြီး တစ်ဖက် စောင်း ပြီး ငြိမ် နေ လိုက်သည် ။ ခဏ နေ တော့ ကိုတင်စိုး ဟောက်သံ က ထွက် လာသည် ။ နား ထဲ မှာ အသံတွေ ပြန် ကြား လာ ရပြန်သည် ။  တစ်ဆက် တည်း အိတ် ထဲ ကို စမ်း လိုက် မိသည် ။ ရှုံ့ အိတ် ထဲ ထည့် ထားသည့် ပုလင်းတွေ က ခိုးလို့ ခုလု ဖြစ် နေသည် ။  ပုလင်းတွေ ထဲ မှာ ကတိ တွေ ရှိသည် ။ သစ္စာ တွေ ရှိ သည် ။ ဂုဏ်သိက္ခာ တွေ ရှိ နေသည် ။ သည် ပုလင်းတွေ ပျောက်သွားလို့ က မဖြစ် ။ မနက်ဖြန် သည်လည်း ပုလင်းတွေ ထဲ မှာ သာ ရှိ နေသည် မဟုတ်လား ။ 


အပြန်ခရီး အတွက် မနက် အစောဆုံး နိုး နေသူ မှာ သူ ။ 


“ သိပ် ပြန်ချင် နေပြီလား ကွ ။ အလုပ် လုပ် နေတော့လည်း ဘာမှ သတိ မရ သလိုဘဲ ။ ခုတော့လည်း အိမ် ကို ချက်ချင်း ပြန် ပြေးတော့မယ့် ပုံ ပဲ ”


“ ပြန်ချင်တာပေါ့ ဗျာ ၊ ခု ချက်ချင်း တောင် ရောက်ချင် နေတာ ”


“ မင်း တော့ မရိုးတော့ဘူး ထင်တယ် ။ ဖိတ်စာ တန်း ရိုက်တော့ မှာ လား ကွ ”


“ မဟုတ်ပါဘူး အစ်ကို တို့ ရာ ။ ကျွန်တော့် အကြောင်း နဲ့ ကျွန်တော် ပါ ”


အလာ တုန်း က တော့ မျှော်လင့်ချက် အိပ်မက်တွေ နှင့် မို့ တောင် တွေ ကို မြင့် သည် မထင်ခဲ့ ။ တော တွေ ကို လည်း နက် သည် မထင်ခဲ့ ။ အပြန် ခရီး မှာ လည်း ဝမ်းသာ စိတ် ကြောင့် ပတ်ဝန်းကျင် ကို ဂရု မထားနိုင် ပြန် ။ ကိုယ် ပေါ်က ဝန်ထုပ်တွေ ကို လည်း လေးသည် မထင် ရ ။ သူတို့ အားလုံး အိပ်မက်တွေ အကောင်အထည် ဖော် နိုင်တော့ မှာ ပဲ လေ ။ 


သူတို့ အားလုံး ဒီ အလုပ် ကို အများကြီး လုပ်ဖူးခဲ့ ပါပြီ ။ သစ်မွှေး လည်း ရှာ ခဲ့ ဖူးသည် ။ ရှမ်းရိုးမ တစ်ကြော သူတို့ အလျား လိုက် သစ်မွှေးမုဆိုး လိုက်ခဲ့ ဖူးကြပြီ ။  သလင်းကျောက် ဆိုတော့ လည်း တောင်ခြေ တစ်ကြော အမော ခြေရာ ထပ်ခဲ့ ကြ ပြီးပြီ ။ လူတိုင်း မှာ အိပ်မက်တွေ ရှိကြတာ မို့ အိပ်မက်တွေ ကို အရာ ထင် ဖို့ စွန့်စား နေကြရ တာပါပဲ ။ သူတို့တွေ လျှောက်သော လမ်း က တော့ တူကြသည် ။ ဖြတ်လမ်း ကို မှ ရွေး လျှောက် နေကြသူများ ဖြစ်သည် ။ ဖြတ်လမ်း ဆိုတော့ လည်း ခက်ခဲ ကြမ်းတမ်းသည် က ဓမ္မတာ ။ 


သူတို့ ယခု လျှောက် လာသည့် လမ်း က ဖြတ်လမ်း ပေမယ့် သူတို့ အခါများစွာ လျှောက်ဖူးခဲ့သော လမ်း ဖြစ်သည် ။ ရွှေ ၊ ရွှေ ။ ရွှေ ရှာသည့် လမ်း ။ လျှောက်ဖူးသော လမ်း ဆိုသော် လည်း ခု လမ်း က လမ်းသစ် ။ ဘယ်သူ မှ မသွားဖူး သော လမ်း ။ စွန့်ပြီး အသစ် ဖောက် ခဲ့သည့် လမ်း ။ တောင် လေးငါးလုံး ကို ကျော် ပြီး မှ ရောက် ရသည့် နေရာ ။ ကံအားလျော်စွာ သူတို့ အရွေး မှန် ခဲ့သည် ။ မမျှော်လင့် လောက် အောင် အကျိုး ခံစားခဲ့ ရသည် ။ 


သူတို့ ထဲ မှာ သူ က ကံ အထူးဆုံး ။ ယာယီတဲ ထိုး ဖို့ မြေတူးရင်း အတုံးအခဲတွေ ရ ခဲ့သည် ။ အိတ်နက် တွေ ကို ဝယ်နိုင်လောက်အောင် မများ ပေမယ့် ကတိ တည် ဖို့ ၊သစ္စာ ရှိဖို့ တော့ လုံလောက် ပါသည် ။ သူ နှစ်ပေါင်း များစွာ စောင့်နေခဲ့သည့် ပမာဏ ပေ ပဲ ။ 


“ ဘာလို့ ဒီလောက် အလောတကြီး ပြန် ချင် ရတာလဲကွာ ။ နားနားနေနေ ဆင်းကြတာပေါ့ ”


“ သိပ် ကို အမြန်ဆုံး ရောက်ချင်လို့ ပါ ဗျာ ။ အရင့်အရင် အခေါက်တွေ တုန်း က အိမ် သာ ပြန် ရတာ ။ မပြန်ချင့် ပြန်ချင် ပြန်ရတာ ချည်းပဲ ။  ဒီ တစ်ခေါက် သာ လိုလိုလားလား ပြန်ချင်တာ ”


အားလုံးက နားလည်စွာ ပဲ မပြောကြတော့ ။ သူတို့ တွေ လည်း ခြေလှမ်းတွေ က မသိမသာ သွက် နေကြတာ ပါပဲလေ ။ တောင်တက် တောင်ဆင်း လုပ် နေပေမယ့် သူ့ စိတ် က အိမ်ကို ပြန် ရောက် နေသည် ။ အိမ် ဆို သည် ထက် သူတို့ လယ်ကွင်း ထဲ ကို ပြန် ရောက် နေသည် ။ ငှက်ပျောပင်အုပ်  ကြား ထဲ က သူတို့ တဲ ။ တဲဘေး က အုန်းညီနောင် ။ တဲရှေ့ မနီးမဝေး က စမ်းပေါက်ကလေး ။ အရှေ့ အနောက် တစ်ခေါ် လောက် ဆီ ဝေး တဲ့ လယ်ကွက်တွေ ။  လယ်ကန်သင်းတွေ ပေါ် က ဆီးပင်အုပ်အုပ်တွေ ။ သရက်ပင် မြင့်မြင့်ကြီးတွေ ။ 


“ အကြွေး နဲ့ အပ်ထား ရ တဲ့ မြေ ကွ ။ တို့ မိသားစု ကို အခြေမပျက် ဆက် လုပ်ခိုင်း ထားတာ ။ တို့ နာမည် နဲ့ စာရင်း ပေါက် ပေမယ့် တကယ်တော့ တို့ ဟာ သူရင်းငှားတွေ ပါပဲ ကွာ ”


အဖေ ရှင်း ပြတော့ ရုတ်တရက် နားမလည် ။ အဘိုး ဆုံး သွားစဉ် က အဖြစ်အပျက် ကို အဖေ က ပြောပြသည် ။ အဘိုး ဆုံး သည် က လည်း ရုတ်တရက် ကြီး ။ အဘိုး အလောင်း မြေ ကျပြီး ဘယ်တုန်းက အဘိုး ယူခဲ့ မှန်း မသိသည့် အကြွေး စာရင်း က ရောက် လာသည် ။ အကြွေးတွေ အတွက် ကတိ က ဒီ လယ်ကွင်း ။ အဘိုး က ကတိ တည်သူ ၊သစ္စာ ရှိသူ ၊ အဘိုး ၏ သား အဖေ က လည်း အဖေ တူ သား ။ 


“ အဖေ ကတိ ထားခဲ့တယ် ဆိုလည်း လယ်တွေ ယူ လိုက်ပါလို့ ပေးခဲ့တယ် ”


“ ဘယ်တုန်းက ဘာအတွက် ဘယ်လောက် ယူခဲ့မှန်း မသိတဲ့ အကြွေး ကို ဘာမှန်း မသိဘဲ လယ်တွေ အသိမ်း ခံလိုက် ရ တာပေါ့နော် အဖေ ”


အဖေ က ခပ်ဝေးဝေး ကို ငေးရင်း စကား ကို ခပ်လေးလေး ပြောသည် ။ 


“ ကတိ ကွ ၊ ကတိ က အရေး ကြီးတယ် ။ ကတိ တည် ရမယ် ။ အဖေ တို့ တစ်သက်လုံး စောင့်ထိန်း လာတာ ကွ ။ သေ သွား တဲ့ ကတိ ကို ငါ တည်အောင် လုပ်ပေး ရမယ် ။ အဖေ့တာဝန် ကို သစ္စာ ရှိရှိ ယူ ရဲ ရမယ် ”


အဖေ က အကြွေးရှင် ကို ကျေးဇူး စကား လည်း ပြောသည် ။ လယ်တွေ ကို ဆက် လုပ်ခွင့် ပေး ထားသည့် ကျေးဇူး ဖြင့် အကြွေးရှင်တွေ ကို အပြစ် မမြင်တော့ ။ ဦးပိုင်စာရင်း မှာ အဖေ့ နာမည် မပျက်သေး တာ ကို ဘဲ အကျေနပ်ကြီး ကျေနပ် နေသည် ။  ကျေနပ်မည့် သာ ကျေနပ် နေသည် ။ သည် မြေ ပေါ် မှာ အဖေ စိုက် ချင်တာ စိုက်ခွင့် ရ တာ မဟုတ် ။ 


မြေရှင် စိုက် ခိုင်းသော စပါး သီးနှံ တို့ ကို သာ စိုက် ရသည် ။ အထွက် မကောင်းမှန်း သိလျက် ကောက်ကြီးစပါး ကို စိုက် ပေးရသည် ။ စိုက် ၍ ရ လာသည့် စပါး ကို လည်း ကိုယ် စားရ တာ မဟုတ် ။ ပြောင်းလေး စိုက်ဦး ၊ ပဲလေး စိုက်ဦး နှင့် ဝင်ငွေ ကောင်းမည့် အသီးအနှံ ကို များများ စိုက်ခွင့် မရ ။ စိုက် သမျှ ရ တော့လည်း ပြန် စွန့်ကြဲတာ လေး ပဲ စား ရသည် ။ ငရုတ် ဈေးကောင်း မိ ပြီး အထွက် ကောင်းလျှင် ဤ မြေ ကို ပြန် ရွေးနိုင် စရာ ရှိသော် လည်း ငရုတ် ကို ဖြစ်ဖြစ်မြောက်မြောက် မစိုက် ခဲ့ ရ ။ 


မပိုင် သည့် မြေကြီး မှာ ၊ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရသည့် လယ်မြေ ထဲ မှာ အဖေ လည်း ပျော်ပုံ မရ ။ စိတ်ချမ်းသာပုံ မရ ။ နှစ်ကာလ တောင် အတော် ကြာ ခဲ့ပြီပဲ လေ ။ သည် မြေ ပေါ် မှာ တစ်ခု တည်း သော မျှော်လင့်ချက်ကလေး နှင့် သာ အဖေ ဖက်တွယ် နေ ပုံ ရသည် ။ 


“ မြေပိုင်ရှင် အစစ် က ခင်ဗျားတို့ ပါ ။ ခင်ဗျားတို့ ပြန် ရွေးနိုင်တဲ့ နေ့ ခင်ဗျားတို့ လယ် ခင်ဗျားတို့ ပြန် ယူပါ ။ ဒါကို ကတိ လို့ မှတ် ထားပါ ။ ဒီလိုပဲ မရွေး နိုင်ခင် စပ်ကြား မှာ သစ္စာ လည်း ရှိပါ ”


အားလုံး အဖြစ်မှန် ကို သိခဲ့ပြီး နောက် သည် လယ်တွေ ထဲ နေထိုင် ရသည် ကို စိတ် မသန့်တော့ ပါ ။ သည် မြေ ကို မချစ် ၍ တော့ မဟုတ် ။ မက်မက်စက်စက် မြတ်နိုးတာ က အမှန် ။ အဖေ က ဆို ထုတ် မပြောသော်လည်း မျက်နှာ က အရှင်းသား ပေါ် နေသည် ။ လယ် ပြန်ရွေး နိုင်ရေး စိတ္တဇ တောင် ဖြစ်နေပုံ ရသည် ။ အဖေ့ မျက်နှာ က ကွယ်လွန်သူ အဘိုး ကို မြေတွေ ပြန် ရွေး ပေးဖို့ ကတိ ပေး ထားပုံ ရသည် ။ အဘိုး က မတောင်းဘဲ အဖေ့ ဟာအဖေ ပေး ထားသည့် ကတိ ဖြစ်မည် ။ 


သည်လိုပါပဲ ။ အဖေ မတောင်းဘဲ အဖေ့ ကို လည်း ကတိ ပေးထားသည် ။  အဖေ တောင် မှ ထို ကတိ ကို သိချင် မှ သိမည် ။ ဒီ မြေတွေ ကို ရွေး ဖြစ် အောင် ရွေး ပေး ရမည် ။ ရွေးနိုင်အောင် ကြိုးစားမည် ။ ကတိပါ အဖေ ။ သည် မြေ ဟာ သားတို့ ဆွေစဉ် မျိုးဆက် မှ လွဲ၍ ဘယ်သူမျှ မပိုင်ရ ။ ဒါ သစ္စာတရား ပါ အဖေ ။ 


“ ဘာတွေ စိတ်ကူး ယဉ်ပြီး လျှောက် နေတာလဲ ကွ ။ စကား မပြော ဘာ မပြော နဲ့ ။ တောင်ခြေ တော့ ရောက်ပြီ ။ နေလည်း ပူ ပါ့ကွာ ”


ဟုတ်ပါရဲ့ ။ အတွေး ကောင်းကောင်း နှင့် အမှုမဲ့ အမှတ်မဲ့ ဆင်း လာ လို့ သာ ။ သူ တစ်ကိုယ်လုံး ချွေးတွေ နစ်နေပြီ ။ နားကြရ ဦးမည် ။ အိပ်ရေး မဝတာ နှင့် ၊ အလုပ် ပင်ပန်းတာ နှင့် ၊ ခရီးပန်းတာ နှင့် သူတို့တွေ နုံးချိ  နေကြပြီး သူ တစ်ယောက် ပဲ အိမ် ရောက်ချင်ဇော နှင့် မောရမှန်း မသိခဲ့တာ ထင်ပါရဲ့ ။ 


ခရီး ဆက် ထွက်တော့ နေ က သိသိသာသာ ပူ နေပြီ ။ ပူ သည်မှ ချစ်ချစ်တောက် ။ လေ ကလည်း မတိုက် ။ တစ်ခါတလေ မှ မျက်စိ လည် လာသော လေကြော တစ်ခု တလေ သာ ရှိသည် ။ ပူ လိုက်သည့် ဖြစ်ခြင်း ။ အသားတွေ ကို မီးစ ကပ် ထား သလို ပူသည် ။ 


သူ ကတော့ အတွေး တွေ ဆက်ဝေ နေသည် ။ ပုလင်းတွေ နှင့် ရှုံ့ အိတ် ထဲ က အခဲလေး တွေ ချ ပြလိုက်စဉ် ပြောင်းလဲ သွားမည့် အဖေ့ မျက်နှာ ကို မြင်ယောင်သည် ။ ပြီးတော့ သူစိမ်းတွေ လို နေခဲ့ ရသည့် ငှက်ပျောပင် တွေ ၊ အုန်းပင် တွေ ၊ သရက်ပင် တွေ ကို အပင်စေ့ ဖက် ပြီး အဝ နမ်းပစ်မည် ။ လယ်ကွက် တွေ ထဲ လူးလှိမ့် ပစ် လိုက်မည် ။ ပြီးတော့မှ “ ငါတို့ လယ် ငါတို့ မြေ ” ဟု အကျယ်ကြီး မနားတမ်း အော် ပစ်မည် ။ 


လမ်း လျှောက်ရင်း ကျောင်း နေစဉ် က နေ့တိုင်း ဆို ရသော သီချင်း တစ်ပိုင်းတစ်စ က ဝင် လာသည် ။ 


“ ဒါ တို့ပြည် ၊ ဒါ တို့မြေ ၊ တို့ ပိုင်တဲ့ မြေ ”


သည်အပိုဒ် ကို ပဲ ထပ်တလဲလဲ ဆို လိုက် မိသည် ။ တကယ်ကို အာတွေ့တွေ့ နှင့် ဆို နေ မိခြင်း ။ ဘယ်လောက် လေးနက်သည့် စာသားတွေ ပါ လဲ ။ ဒီ စာသားတွေ ရဲ့ အတိမ်အနက် ကို တစ်ခါ မျှ ခုလောက် မတွေးမိခဲ့ ၊ ခုလို ထိထိရှရှ မခံစားဖူးခဲ့ ။ ထပ်ကာ ထပ်ကာ ဆက်၍ ဆို မိ ပြန်သည် ။ 


“ နေ ပူ ရတဲ့ ထဲ က မင်း က သီချင်း တောင် ဆိုလို့ ”


“ အပူဒဏ် မေ့အောင်လို့ ပေါ့ဗျာ ။ အစ်ကို တို့ ရေ ရှိသေးလားဗျာ ”


“ မရှိတော့ဘူးကွ ။ ခုနတင် သောက်လိုက် လို့ ကုန်သွားပြီ ။ မင်း ရေဘူး ရှိသေးတာပဲ ဆိုပြီး သောက်လိုက်ကြတာ ”


“ ဒါမှ ခက်တာပဲ ။ ကျွန်တော်လည်း ရေ ဖြည့်ဖို့ မေ့ လာတာ ”


“ တဲ တစ်လုံး လုံး တွေ့ မှ ဝင်သောက်ကြတာ ပေါ့ ကွာ ။  ကဲ ဆက်လိုက်ကြဦးစို့ ”


ရေ မရှိတော့မှ ရေ က ပို ငတ် လာသည် ။ ရှေ့ ခရီး မျှော် ကြည့် လိုက်တော့ တကယ့် ကွင်းခေါင်ခေါင်ကြီး ။ နား စရာ သစ်ပင် အရိပ် ပင် မမြင်ရ ။ သစ်ရိပ် ရမည့် ကွင်းအဆုံး ကို လှမ်းကြည့် တော့ နှစ်မိုင် လောက် ဝေး သေးသည် ။ ကွင်း ထဲ မှာ တော့ နေ အရှိန် နှင့် တံလျှပ်တွေ ထ နေသည် ။ ရေပြင် လို ပါပဲ ။ ရေပြင် ဖြစ် လျှင် ဘယ်လောက် ကောင်း လိုက် မလဲ ။ တံလျှပ်ပြင် အဆုံး အဝေး က တောရိပ် အဝင် မှာ တဲလေး တစ်လုံး တွေ့ လိုက်ရသည် ။ ရေ .... ရေ ၊ ရေ တော့ သောက် ရ မှာပဲ ။ 


သူတို့ သွားရမည့် လမ်း က ထိုတဲ ဆီ မရောက် ။ တဲ ဆီ သပ်သပ် သွား ရမည် ။ ရေပြဿနာ ကြောင့် သူ တို့ တဲ ဆီ ဦးတည် သွား ကြသည် ။  ရောက်ချင် ဇော နှင့် ခရောင်းတော တွေ ထဲ က ဖြတ် ကြသည် ။ တံလျှပ်တွေ ကြောင့် မျက်လုံးတွေ ပြာ လာသည် ။ နဖူး က ချွေးစက်တွေ မျက်လုံး ထဲ စီး ဝင် လာသည် ။ ပခုံး ပေါ် က အထမ်းတွေ က လည်း ပို လေး လာ သလို ခံစား ရသည် ။ မြေ က အပူ ၊ မိုး က အပူ ။ အပူ အိုးကြီး ထဲ လမ်းလျှောက် နေ ကြသည် ။ 


ဘဝ တစ်လျှောက် သည် အချိန်လောက် ပင်ပန်းတာ မကြုံဖူးခဲ့ ။ ခြေလှမ်း တိုင်း ဟာ လေးလံလွန်း လှသည် ။ ရေ - ရေ ၊ ရေကြည် တစ်ပေါက် သောက် ရမှ အား ပြည့် လာမှာ ။ တဲ ကို မရောက်သေး ဘူးလား ။ ရောက်ချင် လွန်း မှ ခရီး က ဝေး လိုက်တာ ။ အာခေါင်တွေ လည်း ခြောက်ကပ် နေပြီ ။ နှုတ်ခမ်းတွေ က လည်း ကွဲအက်လုလု ။ တံတွေး ဆွတ်စရာ ပင် မရှိချင်တော့ ။ 


တဲ ကို ရောက် လျှင် သောက် ရမည့် ရေ တစ်ခွက် ။ ဘာ နှင့် လဲရ လဲရ လဲ လိုက်မည် ။ မောဟိုက် လာပေမယ့် တဲ နှင့် နီးလေ ခြေလှမ်းတွေ က သွက် လာ လေလေ ။ ရေ က တော့ ပို ငတ်လာသည် ။ 


နောက်ဆုံးတော့ တဲ ဆီ ရောက် လာသည် ။ တဲ နား ရောက် မှ ပို မော သွားသည် ။ တဲ တံခါး ကို ပိတ် ထားသည် ။ လူရိပ် လူခြေ မမြင်ရ ။ လူ မရှိကြတော့ဘူးလား ။ 


“ တဲရှင်တို့ ။ လူ မရှိကြဘူးလားဗျာ ။  သောက်ရေလေး တစ်ခွက် လောက် တိုက်ကြပါ ”


တဲ တွင်း က ဘာသံ မှ မကြားရ ။ ကိုတင်စိုး က ထပ် ပြော ပြန်သည် ။ 


“ ရေ တအား ငတ်လာလို့ ပါ ဗျာ ။ ရေ သောက်ချင်လို့ပါ ”


သည်တစ်ခါ တော့ တဲ တွင်း မှ လှုပ်ရှားသံ ကြား ရသည် ။ သူတို့ အားလုံး မျက်နှာ ဝင်း လာကြသည် ။ ရေအိုးဖုံး ဖွင့်ပြီး ရေခပ်သံ လည်း ကြား လိုက်ရသည် ။ သူတို့ အားလုံး မျှော်လင့် နေသည့် ရေ ။ ရေ ရေ ရေ ။ သူတို့ အခု သောက် ရ တော့မည် ။  မျှော်လင့်တကြီး တဲ တံခါး ကို ကြည့် နေ မိကြသည် ။ တံခါးမ က မပွင့်ဘဲ ကဲလားလေး သာ လှုပ် လာသည် ။ ကဲလား ခပ်ဟဟလေး မှ ရေခွက် နှင့် လက် တစ်ဖက် ထွက် လာ သည် ။ 


“ ညီလေး မင်း အရင်ဆုံး သောက်ကွာ ”


ရေခွက်ဆီ အငမ်းမရ တိုးသွား လိုက်သည် ။ ခွက် ထဲ မှာ ဘောင်ဘင် ခတ် နေသည့် ရေတွေ က ရွှေထက် တောက်ပ နေသလိုပါပဲ ။ ရေခွက် ကို လှမ်း ယူ လိုက်တော့ တစ်ကိုယ်လုံး သွေးတွေ ရပ် သွားသည် ။ ရေခွက် ကမ်း ထားသည့် တစ်ဖက်တည်း သော လက်ကြီး ။ လက်ချောင်းတွေ က အတိုတွေ ၊ သွေးစ ၊ ပြည်စ တွေ က လည်း ပေရေ လို့ ။ ညှပ် ထားသည့် ရေခွက်ကိုင်း မှာ လည်း သွေးစ တွေ ။ ယင်ကောင် သုံးလေးကောင် က လက် ပေါ် မှာ ဝဲ နေ သေးသည် ။ 


ယူ မိ ပြီး သား ရေခွက် ကို ဘယ်လို လုပ်ရမည် မသိ ။ ဘေး က လူတွေ လှည့် ကြည့် တော့လည်း သူတို့ အားလုံး ကြက်သေ သေနေ ကြသည် ။ တစ်ယောက် မျှ မလှုပ် ။  ဘယ်သူ က မျှ ဘာမှ မပြော ။ အာသာငမ်းငမ်း တောင့်တခဲ့ သည့် ရေ ။ ရေ ရေ ရေ ။ ရေ ရပြီလေ ။ ဘာ လုပ်ကြမှာလဲ ။  ရေ သောက်ချင်လှချည့် ဆို ။  သောက်လိုက်ကြပါတော့လား ။ 


တစ်ယောက် စီ ဆီ ရေခွက် ကမ်း ပေးတော့ အားလုံး ခေါင်းယမ်း ကြသည် ။ သူ ကော သောက်လိုက် ရ မလား ။ ဟင့်အင်း ။ ရေတွေ ကို ခပ်လှမ်းလှမ်း ဆီ ပက် ပစ် လိုက်သည် ။ ပြန် မရုပ် သေးသည့် လက်ကြီး ထဲ ရေခွက် ပြန် ပေး လိုက်သည် ။ ထူးထူးခြားခြား ခံတွင်း ထဲ မှာ လည်း အရည်တွေ ပျို့ လာသည် ။ သူတို့ အားလုံး နှုတ် မဆက် ဘဲ ထွက်လာ ခဲ့ကြသည် ။ 


မောမော နှင့် စကား ပင် မပြောမိကြ ။ လမ်းခွဲကြတော့ မှ ပဲ နှုတ်ဆက် စကား ဆို ရသည် ။ 


သူ မြေ အစပ် တောင် ရောက် ပြီပဲ ။ စမ်းရေပေါက် က လည်း ဘာမှ မဝေးတော့ ။ မြေ အစပ် ရောက်တော့ အားတွေ က ပြည့်လာသည် ။ တို့ လယ် ၊ တို့ မြေ ၊ တို့ ပိုင်တဲ့ မြေ လေ ။ မျက်လုံးတွေ က ပို ကြည် လာသည် ။ တဲဘေး က ငှက်ပျောအုပ် စိမ်းစိမ်းလေး က အမောဖြေ ပေးနေ သလိုလို ။ စမ်းပေါက် ထဲ ဆင်း ပြီး ရေ ကို တဝ သောက် လိုက်သည် ။ ပြီးတော့ ခြေ ဆေး သည် ။ လက်တွေ ဆေး သည် ။ မျက်နှာ သစ် သည် ။ အိတ်ရှုံ့လေး ကို စမ်းရင်း ခွန်အားတွေ ပို တက် လာသည် ။ 


ဪ .... ငါတို့ ပိုင်တဲ့ ငါတို့ မြေ ၊ ငါတို့ လယ် ၊ ငါတို့ အပင်တွေပါလား ။  အမောတွေ မရှိတော့ ။ အားသစ် ခွန်သစ်များ ပြည့်၍ လန်းဆတ် နေသည် ။ 


တဲဆီ ခပ်သွက်သွက် ဝင် ခဲ့သည် ။ ရမ်ဘို က အမြီး နှန့် ပြီး လာ ကြိုသည် ။ အဖေ နှင့် ညီ ၊ ညီမ တွေ မမြင်ရ ။ တဲ ထဲ မှာ အဖေ တစ်ယောက် တည်း ထိုင်ပြီး ကြိုး ကျစ် နေသည် ။ ကြိုးထဲ အာရုံ ရောက် နေ၍ တဲ ထဲ ဝင် လာသည် ကို ပင် အဖေ မမြင် ။ ဒယ်ပိုင်း တွေ ၊ ပေါက်ပြား တွေ ၊ထမင်းအိုး တွေ ချ လိုက် မှ အဖေ မြင် သည် ။ 


“ ဒီ တစ်ခေါက် အဆင်ပြေတယ် အဖေ ”


အဖေ့ ရှေ့ မှာ အိတ်ရှုံ့လေး ကို ဖွင့် လိုက်သည် ။ ပုလင်းလေးတွေ ထုတ် ပြသည် ။ စက္ကူ နှင့် ထုတ် ထားသော အတုံးလေးတွေ ကို ချ ပြသည် ။ စကား နည်းသည့် အဖေ့ မျက်နှာ မှာ အရောင် တွေ လက် လာသည် ။ ပုလင်းတွေ ကို ကိုင်ကြည့် သည် ။ အတုံးလေးတွေ ကို မြှောက် ကြည့်သည် ။ 


“ ဒီလောက် ဆို ရင် ကျွန်တော်တို့ လယ်တွေ ကို ပြန် ရွေးနိုင် မှာပါ ။ ဟုတ်တယ် မဟုတ်လား အဖေ ”


အလောတကြီး ပြော လိုက် မိသည် ။ အဖေ က တွေ သွား၏ ။ မျက်နှာ လည်း အရောင် ပြောင်း သွားသည် ။ မျက်လုံးထဲ မှာ လည်း အရောင်လက်လက် မရှိတော့ ။ မှိုင်းညို့ရိပ် သာ တစ်စ တစ်စ ဝင်လာသည် ။ ဘယ်လို ဖြစ် တာလဲ ။ ဘယ်လို ဖြစ်တာလဲ အဖေ ။ ခု ပေါက်ဈေး နှင့် ဆိုလျှင် လယ်ဖိုး မ က ရမှာပါ ။ အဖေ ဘယ်လို ဖြစ် နေတာလဲ ။ ဝမ်းသာ ရ မှာ လေ ။ ဝမ်းသာရမှာ ။ လယ်တွေ ပြန် ရတော့ မှာ ကို ဝမ်းသာ ရ မှာ ။ 


“ နောက်ကျ သွားပြီ ကွာ ။ နောက်ကျ သွားပြီ ။ သူတို့ လယ်တွေ ကို ပြန် ရောင်း ပစ် လိုက်ပြီ ”


“ ဟာ ဘယ်တုန်းကလဲ ။ ဘယ်သူ့ ကို ရောင်း လိုက်တာလဲ ။ ကျွန်တော်တို့ ကို ယူ ထားတဲ့ အကြွေး ပဲ ပြန် ဆပ်ပါဆို ။ လယ် မသိမ်းဘူး ဆို ။ အဖေ မပြောဘူးလား ဗျာ ”


အလောတကြီး ပြန် ပြော ပေမယ့် အဖေ က ခပ်လေးလေး ပြန် ဖြေသည် ။ 


“ မနေ့ က မှာ လို့ အဖေ မြို့ ကို သွားတယ် ။ သူတို့ လည်း သိပ် ကျပ်တည်း နေတာ နဲ့ မောင်နှမချင်း ကို ရောင်း လိုက်တယ် တဲ့ ။ ငါ တို့ ရိုးသားတာ ၊ ကတိတည်တာ ၊ သစ္စာရှိတာ ကို သိလို့ ဝယ်တဲ့ သူ ကလည်း ဝယ် လိုက်တာ ။ ဝယ်တယ် ဆိုပေမယ့် တို့ ပဲ လယ်တွေ ဆက် လုပ်ပါ တဲ့ ။  အရင်လို ပဲ ပေါ့ကွာ ။ အရင်အတိုင်း ပဲ ပေးစရာ ရှိတာ ပေးရမှာ ပေါ့ ”


“ မဟုတ်ဘူးဗျာ ။ မဟုတ်သေးဘူး ။ လယ်တွေ ကို ကျွန်တော်တို့ ပဲ ပြန် ဝယ် မယ် အဖေ ။ ဒီလမ်း ဒီမြေ ဒီရေ တွေ အားလုံး ကျွန်တော်တို့ ပိုင် ပဲ ဖြစ်ရမယ် ။ ပြန် ဝယ်မယ် အဖေ ”


“ ဘယ်လိုလုပ် ပြန် ဝယ် နိုင်မှာလဲကွာ ။ သူတို့ ရောင်း လိုက်တဲ့ဈေး က တို့ ပေး ရမယ့် အကြွေးထက် ဆယ်ဆ ရှိတယ် ။ ခု လယ်တွေ ပေါက် တဲ့ ဈေး ကို လည်း မင်း သိသားပဲကွာ ။ ပေါက်ဈေး ရ မှ သူတို့ ပြန်ရောင်း မှာပေါ့ ။ မင်း ရှာလာတာ နဲ့ လယ် တစ်ပွဲလုံး ဘယ်လို ရ မှာလဲကွာ ။ ခုအတိုင်းပဲ ပြန် လုပ်ရမှာပဲ ။ မဆိုးပါဘူး ”


“ ဘာ ထူးလို့လဲ အဖေ ရယ် ။ အရင် က လည်း သူတို့ ပိုင် တာပဲ ။ ခုလည်း သူတို့ ပိုင်တာပဲ ။ မောင် နဲ့ နှမ နာမည် ပဲ ပြောင်းသွား ကြတာပါ ။ ကျွန်တော်တို့ ကျတော့ ကတိတည် လို့ ၊ သစ္စာရှိ လို့ တဲ့ ။ သူတို့ ကျ တော့ ဘယ်မှာ လဲ ကတိ ။ အကြွေး ပဲ ဆပ်ပါ ။ ပြန်ပေးမယ် ဆိုပြီး ကတိ မတည်ဘူး ။ သစ္စာ မရှိဘူး ။ ကျွန်တော်တို့ ကို ခိုင်းစား နေဦးမှာ ။ ဘာမှ မထူးပါဘူး ။ အတူတူ ပါပဲ အဖေ ”


အဖေ က ဘာမျှ မပြော ။ ငိုင်ငိုင်ကြီး သာ ထိုင် နေသည် ။ ဒေါသ နှင့် တစ်ဆက် တည်း ပြောလိုက်၍ လား မသိ ။ အာခေါင်တွေ ခြောက် လာ သည် ။ ချွေးတွေ က လည်း ထွက်လာသည် ။ ခွန်အားတွေ လည်း ရုတ်ချည်း ပျောက်ကွယ် ကုန်သည် ။ ရင် ထဲ မှာလည်း ကတုန်ကယင် ဖြစ်လာသည် ။ အာသာ တစ်ခု ကို စူးစူးရဲရဲ မွတ်သိပ် လာ မိသည် ။ ရေ ရေ ရေ ။ ရေ ငတ် လာသည် ။ 


စကား ဆက် မပြောဘဲ စိတ်ပျက် လက်ပျက် နှင့် ရေအိုးစင် ဆီ ထ သွားသည် ။ ရေခွက် နှင့် ရေ အပြည့် ခပ်လိုက်သည် ။ ရေ သောက်မည် အပြု မှာ လက် က မရွေ့ဘဲ တွန့် သွားသည် ။ 


ရေခွက် ကို ကိုင် ထားသော လက် က ကိုယ့် လက် မဟုတ် ။ အခြားသော လက် တစ်ဖက် ။ လက်ချောင်းတွေ က အတိုတွေ ၊ သွေးစ ၊ ပြည်စတွေ က လည်း ပေရေ လို့ ။ 


◾ကိုခေး


📖 သရဖူ မဂ္ဂဇင်း

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment