Friday, May 26, 2023

ကပ္ပိယ ( ၇ )


 ( ၇ ) 


ဗြက်ကြီးကြီး ပုဆိန်သွားကြီး က သရက်သားတုံး တွေ ပေါ် အား နဲ့ ကျ လာတဲ့ အခါ သရက်ပေါက်ခြမ်းကြီးတွေ အဖြစ် ဟက်ခနဲ ဟက်ခနဲ ကွဲကျ ကုန်တယ် ။ စံလှဘော် က ထင်း ပေါက် လည်း ဖြစ်တော့ တော်ရုံ သရက်တုံး လေးငါးတုံးများ ခဏကလေး နဲ့ ထင်းပုံကြီး ဖြစ် ကရော ။ ကျောင်းဝင်း ထဲ မှာ သရက်ပင်အိုကြီး တွေ တော်တော် များများ ရှိတော့ ထင်း တော့ မရှားဘူး ။ ပင်အိုကြီးတွေ ကို ရွာ က လှဲ ပေးတယ် ။ ငါးမန်းစွယ် နဲ့ တုံးပြတ်တွေ ဖြစ်အောင် ဖြတ်ပေး ကြတယ် ။ ကိုင်းဖျား ကိုင်းနား သင်ဖျင် ပေး ကြ တယ် ။ တုံး က နေ ထင်း ဖြစ် အောင် တော့ စံလှဘော် ပဲ ပေါက်ရ ခြမ်းရ တာပါ ။ ဘုန်းကြီးကျောင်း ဆို တော့ ရဟန်း အာဂန္တု ၊ လူ အာဂန္တု ၊ မပြတ် တော့ ရေနွေးတည်အိုး မီး ပြတ် လို့ ဖြစ်တာ မဟုတ်ဘူး ကိုး ။ ထင်းတုံးတွေ ကို တခွမ်းခွမ်း ပေါက်ခြမ်း ပြီး ပုံတိုက်ကြီး ဟီး နေအောင် စီ ထား တာပဲ ။ ကနေ့ လည်း ထင်း နည်း နေမှန်း သိတော့ မနက် စောစော ကတည်း က သရက်တုံး တွေ ရွှေ့ပြီး ခွဲ နေ လိုက်တာ တုံးတွေ တော်တော် ကျ နေပြီ ။ ချွေးတွေ လည်း နစ် နေပြီ ။ ခါးပုံစ ဖြုတ်ဖြုတ် ပြီး သုတ်တာ နဲ့ တင် ပုဆိုး တောင် ရေညှစ် ချလို့ ရ နေပြီ ။ 


ဆရာတော်ကြီး က ကျောင်း ပြတင်း ကနေ စံလှဘော် ကို လှမ်း ကြည့် နေရာ က ကျောင်း ကို စံလှဘော် ရောက် လာတဲ့ နေ့ ကို သတိရ နေ မိတယ် ။ နေချောင်းချောင်း ပူ တဲ့ နယုန်လကြီး ထဲ မြေးဘွားအေ နှစ်ယောက် ရောက် လာ ခဲ့ကြ ရာ က ဘွားအေကြီး လည်း သည်ရွာ မှာ ပဲ ခေါင်း ချ ၊ မြေးကလေး က ကျောင်း မှာ ကပ္ပိယ လာ ဖြစ်ရတဲ့အကြောင်း က ပြောရင် ယုံလောက် စရာ မရှိဘူးကိုး ။ စံလှဘော် က သူ့ ဝါသနာ ဝသီ ဗီဇ အရ တစ်ခါတစ်ခါ တုတ်ထိုး အိုးပေါက် ရှိတတ် ပေမယ့် ကျောင်း နဲ့ ရွာ ကို သံယောဇဉ် ရှိတာ ကို လည်း သိပါရဲ့ ။ ဆရာတော် က တစ်ခါတလေ ရဟန်း တစ်ဝါ နှစ်ဝါ ဝတ်ပေး ချင် ပေမယ့် စံလှဘော် က ကပ္ပိယ ပဲ လုပ်ချင် သတဲ့ ။ ကျောင်းကြီး ပေါ် မှာ ရဟန်းသံဃာတော် တွေ နဲ့ နီးနီးကပ်ကပ် နေရပေသိ သူ ကိုယ်တိုင် က ရဟန်းသံဃာ ဘဝ ကို မတွယ်တာဘူး ဆိုတော့ လည်း ခက်သားပဲ  ။ ဆွမ်းဆန် ခံ တော့ ဖြစ် ရဲ့ ။ ကျောင်း ဝေယျာဝစ္စ များ မှာ လည်း ဖြစ် ရဲ့ ။ ဆွမ်းချက် ဆွမ်းခံ လည်း အားကိုး ရ ရဲ့ ။ ရပ်ရေး ရွာရေး မှာ လည်း အားကိုး ရ ရဲ့ ။ ရဟန်း ဝတ်ဖို့ ကျ ငြင်းပြန် နေလို့ ဆရာတော် ကိုယ်တိုင် နား မလည်နိုင်ဘူး ။  


“ ငဘော် ၊ သံဃာ့ ဂုဏ်တော် ကိုးပါးမယ် အဉ္ဇလီ ကရဏီယော ဆိုတာ လူမင်း နတ်မင်း ဗြဟ္မာမင်း တို့ ရဲ့ လက်အုပ် ချီ ရှိခိုးခြင်း ကို ခံယူတော် မူထိုက် သော ဂုဏ်တော် ကို ပြောတာ ၊ သီလ သမာဓိ သိက္ခာ ပညာ နဲ့ ပြည့်စုံခြင်း ဆို တဲ့ ဂုဏ်ရည် ရှိတဲ့ အတွက် ရှိခိုးခြင်း ကို ခံယူထိုက်တယ် ဆိုတဲ့ ဂုဏ်တော် ပဲ ။ မင်း စာ လည်း တတ်ပြီး ၊ ကျောင်း မှာ ပဲ ရဟန်း ဘဝ နဲ့ ကျင့်ကြံ ကြိုးကုတ်ပါတော့လား ။ မြင့်မြတ် တဲ့ ဘဝ ကို ခံယူ တော့ ”


“ တပည့်တော် ကပ္ပိယ ပဲ လုပ်ချင်ပါသယ် ဘုရား ၊ တပည့်တော် က ကချင် ခုန်ချင်သာ ၊ ဆွမ်းခံ ဆွမ်းချ သွားချင်သာ ၊ ဘုန်းကြီး နဲ့ လှူဖွယ် အပ်စပ် အောင် လုပ်ပေး ချင်သာပါ ဘုရား ၊ တပည့်တော် ထင်းပေါက် ချင်သယ် ၊ ရေခပ် ချင်သယ် ၊ တုံးမောင်း ခေါက် ချင်သယ် ၊ နိဗ္ဗာန်ဆော် ချင်သယ် ၊ သူများ အတိဒုက္ခ ရောက်ရင် ကိုယ်တိုင် လုပ်ကိုင် ပေး ချင်သယ် ၊ ပြီးတော့ တပည့်တော် က ရွာ ထဲ ရပ် ထဲ လည်း လည်ချင် ပတ်ချင် သေးသာ ဘုရား ၊ သည် ဘဝ တော့ ကပ္ပိယ နဲ့ တော် လောက် ပါပြီ ဘုရား ”


ဆရာတော်ကြီး က ဘယ် အချိန် မေးမေး စံလှဘော် က သည်လို ဖြေတာ ချည်း ပဲ ။ ကြာတော့ လည်း ဆရာတော် က သည်လို မမိန့်တော့ပါဘူး ။ ကပ္ပိယ ဘဝ နဲ့ ပျော်တော့ လည်း တစ်သက် ပေါ့ ၊ မပျော်တော့ လည်း တစ်ဝက် ပေါ့ လို့ သဘော ထား ရ တော့တယ် ။ စံလှဘော် က ဆရာတော် ကြည့် နေတာ ကို မသိဘူး ။ သရက်သား တုံးပေါ်ထိုင်ရင်း မန်ကျည်းပင် တွေ ကြား တိုင်ပုတ်တမ်း ကစား နေကြတဲ့ ကိုရင် ပေါက်စ ၊ ကျောင်းသားပေါက်စ တွေ ကို လှမ်း ကြည့်ရင်း သဘောကျ နေလေ ရဲ့ ။ မန်ကျည်းစုကျောင်း ကို သူ ရောက် လာ တုန်း က လည်း သည် အရွယ် ပဲ ဆိုတာ ချက်ချင်း သတိ ရ လိုက်တယ် ။ စံလှဘော် မွေး ပြီးပြီးချင်း မီးတွင်း ထဲ အမေ ဆုံးတယ် ဆိုတာ အကြား ပဲ ရှိခဲ့တာ ဆိုတော့ စံလှဘော် သိတတ် စ အရွယ် မှာ အမေ့ မျက်နှာ ဘယ်လို ရှိမယ် ဆိုတာ မှန်းတောင် မမှန်းတတ်ဘူး ။ အမေကြီး က ငါ့ မြေး နဲ့ တူတယ် ဆိုတာ လောက် နဲ့ ပြီးခဲ့ရတယ် ။ အဖေ က တော့ ပင်ပန်း ရှာတယ် ။ ရွာ က ဆင်းရဲ တော့ တခြား ရွာ မှာ အလုပ် သွား လုပ် ရတယ် ။ လေးငါးရက် တစ်ခါ ပြန် လာ မှ အဖေ့ တွေ့ ရတာ ဆိုတော့ အမေကြီး ကို ပဲ ဖအေ ၊ အမေကြီး ကို ပဲ အမေ လုပ်ခဲ့ရတာကို လည်း သတိ ရ မိတယ် ။ အမေကြီး သာ သည် ကျောင်း ကို မပို့ ရင် သူ ခုချိန် လောက် ဆိုရင် ဘာဖြစ် နေ မှာ ပါလိမ့် လို့ တစ်ခါ တစ်ခါ တွေး မိတာ ရှိ ပေမယ့် ရုပ်လုံး မပေါ်ဘူး ။ တစ်ခါတော့ ဆရာတော့် ခြေသလုံးတွေ ကို နှိပ်ရင်း ဆရာတော် ကို မေးလျှောက် ဖူးတယ် ။


“ ဘုရား တပည့်တော် ကို အမေကြီး က ဆရာတော့် ကျောင်း မပို့ ခဲ့ ရင် တပည့်တော် ဘာ ဖြစ် နေ မှာပါလဲ ဘုရား ၊ တပည့်တော် တွေး မရလို့ပါ ဘုရား ” 


“ ငဘော် ရဲ့ ၊ ဘဝ ကို စီမံ ဖန်တီး ပေးတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေ ရှိ သယ် ၊ ကံရဲ့ အကျိုးပေးမှု ကို ကြံစည်ဖို့ အင်မတန် ခက်သယ် ၊ မိမိ အလို အတိုင်း မဖြစ်လို့ အနတ္တ ခေါ်ကြသာပဲ ၊ မင်း မှာ တော့ ကျောင်းသင်္ခန်း ကို ရောက် ရမယ့် ကံ ပါလာတော့ ကုသိုလ် နဲ့ နီးရတဲ့ ဘဝ မှာ ရှိရသယ် ၊ ဒါကိုပဲ နှလုံး သွင်းရမယ် ” 


ကိုရင်တွေ ကျောင်းသားတွေ ပြေးလွှား ဆော့ကစား နေတာ ကို ကြည့်ရင်း အမေကြီး က သူ့ လက် ကို ဆွဲ ရင်း သုံးရက် ခရီး လာ ခဲ့ရ တာ ကို သတိ ရ မိတယ် ။ သူ့ မျက်စိ ထဲ မှာ မြေးကလေး ကို လက် ဆွဲ လာတဲ့ ဘွားအေကြီး ကို မြင်ယောင် နေတုန်း မှာ ပဲ ဆယ်နှစ် အရွယ် ကလေး တစ်ယောက် ကို လက်ဆွဲ လာတဲ့ လူကြီး တစ်ယောက် သူ ရှေ့ရောက် လာတာ ကို သတိ ထား မိ လိုက်တယ် ။ သစ်တုံး ပေါ် ထိုင် နေရာ က ထ ၊ ပုဆိန် ကို ပြန် ကောက်ပြီး ထင်း ပေါက်ဖို့ ပြင် နေတုန်း မှာ ပဲ လူကြီး က ဆရာတော် ရှိ သလား လို့ မေး လို့ ရှိတယ် ၊ ကျောင်း ပေါ် မှာ လို့ ဖြေလိုက် တယ် ။ လူကြီး လည်း ကလေး လက် ဆွဲပြီး သရက်ကင်း လှေကားကြီး အတိုင်း တက် သွား ကြလေ ရဲ့ ။


ထင်းတွေ ကုန် အောင် ပေါက် ပြီးတော့ ဆွမ်းစား ကြေးမောင်း တောင် ထိုးပြီ ။ စံလှဘော် က ဝတ် ထားတဲ့ အင်္ကျီစုတ် ကို ချွတ်ပြီး တစ်ကိုယ်လုံး က ချွေးတွေ သုတ်ရင်း ခဏ နားတယ် ။ ချက်ချင်း ရေချိုး လို့ မဖြစ်သေးတာ နဲ့ သရက်ကင်း လှေကားကြီး အောက်ထစ် မှာ ထိုင်ချ လိုက်တယ် ။ ခဏ နေတော့ ဆရာတော်ကြီး နဲ့ အတူ စောစော က လူကြီး ဆင်း လာ လို့ မတ်တပ် ရပ် ပေး လိုက်တယ် ။ ကလေး တော့ ပါ မလာဘူး ။ ဆရာတော် က အောက် မဆင်းတော့ ဘဲ မိန့် နေတာ ကို စံလှဘော် ကြား နေ ရတယ် ။ 


“ စိတ်ချလက်ချ သာ ထားခဲ့ပါ ဒကာကြီး ၊ ကျုပ် ကျောင်း က ကလေးတွေ က လည်း ဘဝ အမျိုးမျိုး ပါ ပဲ ၊ တချို့လည်း သည် ရွာ ထဲ က ၊ တချို့လည်း တခြား ရွာတွေ က ရောက် လာတော့ လည်း စောင့်ရှောက်ရသာပါပဲ ၊ ဒကာကြီး တို့ လည်း ခရီး ကြုံတိုင်း ဝင်ခဲ့ကြပေါ့ ”


“ တင်ပါ့ဘုရား ၊ ခွင့်ပြုတော် မူပါ ဘုရား ၊ လှည်းကြုံ က ရွာထိပ် က စောင့် နေလို့ပါ ဘုရား ” 


“ သွား ... သွား ၊ ဒါ့ထက် ကလေး နာမည် က ဘယ်သူ တဲ့ ”

 

“ ကောက်ဆွ ပါ ဘုရား ၊ သည် ကလေး မွေးတဲ့ နေ့ က အိမ်ထရံ ထောင် ထား တဲ့ ကောက်ဆွ ကို မြွေ တက် လို့ သည် နာမည် ပေး လိုက်ကြသယ် လို့ ပြောသာပဲ ဘုရား ”


စံလှဘော် က ကလေး ကို ကျောင်း လာ အပ်မှန်း သိပြီ ။ ဆရာတော့် ကျောင်း ကို သည်လို ကျောင်းသား လာ အပ် ကြတာ က ဆန်း မှ မဆန်းပဲ ကိုး ။ ကိုရင် ၊ ကျောင်းသားတွေ ဆိုတာ ဝင် လာ လိုက်ကြ ၊ ထွက် သွား လိုက်ကြ ။ သည်ကလေး လည်း သည်လိုပဲ ကျောင်း လာအပ်တာ နေမှာပေါ့ လို့ ပဲ စံလှဘော် တွေး မိတယ် ။ ဆရာတော် က ဘာမှ မမိန့်ဘဲ ကျောင်း ပေါ်  ပြန်ကြွ သွားတယ် ။ ခဏ နေတော့ ကစား နေတဲ့ ကလေးတွေ ရှိရာ ဘက် ကောက်ဆွ ကို လွှတ် လိုက်တယ် ။ ကောက်ဆွ လည်း လှေကား အတိုင်း ဆင်း ပြေးလေ ရဲ့ ။ ဆရာတော် က လှေကား အတိုင်း ဆင်း လာ ရင်း က စံလှဘော် ကို ကြည့် တယ် ။


“ ငဘော် … မင်း ရောက် လာ သလို ရောက် လာတဲ့ ကလေး ပဲ ၊ ဖအေ သေ တော့ မအေ က နောက် အိမ်ထောင် ပြု သတဲ့ ။ ပထွေး က အိမ် မှာ နေ မဖြစ်အောင် ရိုက်နှက် နေလို့ ရွာ က ဝိုင်းဝန်း စောင့်ရှောက် ထားရတဲ့ ကလေးတဲ့ ၊ ပထွေး က မအေ ကို ပါ နှိပ်စက်လို့ ပထွေး အိပ်ပျော် နေတုန်း သည် ကလေး က ထင်း ခုတ်တဲ့ ဓားမ နဲ့ ဝင်ခုတ် သတဲ့ ၊ ကလေး ဆိုတော့ သေ လောက်အောင် မဖြစ်ဘူးပေါ့ ၊ ဒါနဲ့ ရွာ က ပဲ သူတို့ ရွာ နဲ့ ဝေးတဲ့ မန်ကျည်းစု ကို လာပို့သာတဲ့ ၊ အခုန လူ က ရွာလူကြီး ပဲ ”


“ မအေ က ကော ဘုရား ”


“ သူ့ ရွာ မှာ ပဲပေါ့ ။ အကုသိုလ်များ ဟာ အင်မတန် ကြောက်စရာ ကောင်း ပါလား ။ မင်း ဒီကလေး ကို လိမ္မာရေးခြား ရှိ အောင် စောင့်ရှောက် ၊ ကြားလား ငဘော် ။ ကလေး က စရိုက် ဆိုးချင် ပုံ ရသယ် ။ ဒကာကြီး က ကလေး အပ်ဖို့ လျှောက် နေတုန်း ဘုရားဆွမ်းတော် တင် ထားတဲ့ မာလကာသီး ပြေး ယူပြီး စားသယ် ။ စားပြီးသား ထွေး ထုတ်သယ် ”


“ တပည့်တော် ထိန်းပါ့မယ် ဘုရား ”


“ အေး မင်း လည်း ရေ ချိုးတော့ ငဘော် ” 


စံလှဘော် ရေချိုး ရင်း လှမ်း ကြည့် တော့ ကောက်ဆွ က သပ်သပ် ၊ ကလေး တွေ ကိုရင်တွေ က သပ်သပ် ။ စောစောက ပျော် နေကြတဲ့ ကလေးတွေ အားလုံး ငြိမ်လို့ ။ ကောက်ဆွ တစ်စခန်း ထ နေပြီ ထင်ပါရဲ့ ။ 


◾ခင်ခင်ထူး


📖 ကပ္ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment