Sunday, May 7, 2023

သိန်းဘောမယ်


 

❝ သိန်းဘောမယ် ❞

ပင်ကို လှသူ များ ဟာ ဘာပဲ ဝတ်ဝတ် ၊ ဘယ်လိုပဲ နေနေ ကြည့် လိုက်တိုင်း လှ လှ နေတာပဲ လို့ ကျွန်တော် က ပြောတဲ့ အခါ ကျွန်တော် ၏ မိတ်ဆွေများ က ရယ်မော ကြ ပါသည် ။ သူတို့ ရယ်မော ကြသည် ကို လည်း ကျွန်တော် အပြစ် မတင် လိုပါ ။ အကြောင်းမူ ကား ကျွန်တော် က အလွန် လှတဲ့ ကောင်မလေး ဟု အပြော ခံရ သူ မှာ “ သိန်းဘောမယ် ” ခေါ်  ကချင်မလေး ဖြစ် ၍ နေသော ကြောင့် ဖြစ်ပါသည် ။ အခြား သူ တို့ အဖို့ မှာ မည်သို့ ထင်မြင်မည် ဟု အတပ် မပြောနိုင် သော်လည်း “ ကောင်မလေး လှ လိုက်တာ ” ဟု ကား မြင်တွေ့ သူ တိုင်း ၏ ပါးစပ် မှ နားဆတ်ဆတ် ကြား ရသော အသံ ဖြစ်ပါသည် ။ ကျွန်တော့် အဖို့ မှာ ကား လက် လေးလုံးခန့် အနက် နှင့် အနီစင်း ကန့်လန့် ရက်လုပ် ထားသော ဂျပ်ထည်အဝတ် လုံချည်ကလေး နှင့် အလွန် လိုက်လျောသည် ဟု ထင်မိ ပါသည် ။ အဝတ်အစား မှာ ဒူး မှ မလုံ့တလုံ ဖုံးလွှမ်း ထား လေရာ တစ်မျိုး ကြည့်၍ ကောင်းလှ ပါသည် ။ မြန်မာမိန်းမ ကိုယ်ကျပ် အင်္ကျီ ကဲ့သို့ အနက်ရောင် အင်္ကျီ ပါးကလေး မှာ လည်း သူ ၏ ဝါဝင်းသော အသား နှင့် များစွာ ပနာ ရ ပါသည် ။ အင်္ကျီ က ခပ်ပါးပါး ၊ အသား က စိုစိုပြည်ပြည် အသက် အရွယ် အနေ ကလည်း ၁၅ - ၁၆ နှစ် ဆိုတော့ ကျွန်တော် ၏ စိတ် ကို အထူး ယိုဖိတ် စွဲလမ်း စေလျက် ၊ ဤကာလ အသက်အပိုင်း ကို အခြား သူများ ကျွန်တော် ကဲ့သို့ မမြင်ပါစေ နှင့် ဟု ပင် မနာလို စိတ်များ ပေါ်ပေါက် မိပါသည် ။ သိန်းဘောမယ် အပျိုတို့ ၏ ထုံးစံအတိုင်း ခေါင်း တွင် အဝတ် မစည်း ၊ မဖီး မလိမ်းဘဲ ချ ထားသော ဆံတိုကလေး မှာ အင်္ဂလိပ်မကလေးများ ၏ ( ဘော့ဒ်ဟဲယား ) ခေါ် ဆံတို ခပ်ထူထူ ထင်ရှား ပြတ်သားသော မျက်လုံး ၊ မျက်ခုံး နှင့် အထူး လိုက်လျော ပါသည် ။ ထိုကြောင့်  ဤ ပင်ကို လှ သိန်းဘောမယ်ကလေး အား လွန်စွာ စွဲလမ်း ခဲ့ပါသည် ။ အမျိုး မတူ လျှင် မယူဘူး ဆိုသော စကား မှာ ကျွန်တော့် အတွက် ဟုတ်မည် မထင်ပါ ။

ကျွန်တော် သည် မြစ်ကြီးနား မြို့နယ် တစ်ဖက်ကမ်း ဝိုင်းမော်ရွာ တွင် ယစ်မျိုး အင်စပက် အဖြစ် နှင့် နေခိုက် ဖြစ် ပါသည် ။ ကျွန်တော် ၏ ထံ တွင် ဝံသာနုစိတ် သန် ပြီးလျှင် အလုပ် မရ နိုင်သော ကျောင်း နေဖက် သူငယ်ချင်း တစ်ဦး အမြဲ လာရောက် နေထိုင် ပါသည် ။ စကား စပ်မိ ၍ ရေးရပါ ဦးမည် ။ ကျွန်တော် တို့ မှာ မြစ်ကြီးနား နယ်ခြား တွင် နေ ရ၍ အောက် အရပ် က လုပ်ကိုင်ပုံတို့ ကို သတင်းစာ များ တွင် ဖတ်ရှု ကာ အလွမ်း ဖြေရပါသည် ။ နယ်ခြား ဖြစ်၍ ဝံသာနု လုပ်ငန်း ကို အရပ်သားများ ပင် မတွင်ကျယ် ဝံ့ ဖြစ်လေရာ ကျွန်တော်တို့ ကဲ့သို့ အစိုးရအမှုထမ်းများ ကား မည်ကဲ့သို့ မျိုးချစ်စိတ် ရှိစေကာ မူ ကြိတ်၍ သာ နေရ ပါသည် ။ ဤမျှလောက် မိမိတို့ ကိုယ် ကို စောင့်ထိန်း နေရသည့် အထဲ ၊ မောင်မင်းကြီးသား သူငယ်ချင်း က နယ်ခြား တောတောင် ထဲ ငွေစက္ကူတွေ ထုပ်ပြီး အောက် အရပ် က ဝံသာနုတွေ ထောက်ပံ့ ချင်တယ် ။ တရုတ်ပြည် က လှည့်ပြီး လက်နက်တွေ သွင်း ချင်တယ် နဲ့ လုပ် နေလို့ မောင်မင်းကြီး သား အကြံ မအောင် ခင် မင်း တို့ ငါ တို့ ထောင်ကျ ကုန်လိမ့်မည် လို့ မနည်း ကန့်ကွက် ထား ရပါသည် ။

ကျွန်တော်တို့ သည် အဆိုပါ သူငယ်ချင်း လှအောင် နှင့် အတူ ပျော်ပါးစွာ နေခိုက် ကျွန်တော် ၏ ပြာတာ နှင့် စာရေး သည် ဘိန်းချ သော ကချင် တစ်ယောက် ကို ဖမ်းဆီး လာ ကြ ပါသည် ။ ကချင်ကြီး မှာ ဘိန်းတိုလာ ၅၀၀၀ ကျော် ဖြစ် သဖြင့် ကျွန်တော် လည်း ဆိုင်ရာ မြစ်ကြီးနားရုံး သို့ တင် လိုက်ရာ ကချင်ကြီး မှာ ထောင် တစ်နှစ် ကျ သွား ပါသည် ။ ဤသို့ ဘိန်းချသူ များ ကို ဖမ်းဆီး ထောင်ချ သော အလေ့ မှာ ကျွန်တော်တို့ ၏ ဝတ္တရား ပင် ဖြစ် သဖြင့် အထူးအဆန်း မဟုတ်တော့ပါ ။ သို့ရာတွင် ကချင်ကြီး ၏ သမီးပျိုကလေး ( ဤ၀တ္ထု အစ က ဖော်ပြသူ ) ကိုယ်တိုင် သူတို့ မှာ ဒီ အဖေ တစ်ယောက် ရှိတော့ ၍ ငတ်သေရတော့မည် နှင့် ငိုယို ပြော ဆိုသော အခါ ထောင်ကျ သူ အတွက် ဘာမျှ မတတ်နိုင် သဖြင့် ကျွန်တော့် အိတ် ထဲ က ငွေ ၂၅ိ လောက် ပေးကမ်း လိုက်မိ ပါသည် ။

ကချင်ကြီး နှင့် ကချင်မကလေး မှာ ( ဆတုံဆက ) ဟု နာမည် ကြီး သော ကချင်ရွာများ မှ ( ဆတုံး ) ရွာသူကလေး ဖြစ်ပါသည် ။ ကျွန်တော် သည် ကချင်မကလေး အား မြင်လျှင် မြင်ခြင်း အလွန်အကျူး စွဲလမ်း သောကြောင့် ငွေကြေး ပေးကမ်းပြီး မှ တစ်ဖန် နင်တို့ ကို စစ်မေး ရ ဦးမယ် ( စိန်နကူး ) ဗိုလ်တဲ သို့ လာရမည် ဟု ရက်ချိန်း ကို ပြောလိုက် မိ ပါသည် ။ မဟုတ်မခံ သူငယ်ချင်း လှအောင် က

“ ဟေ့ .. ဘထူး .. မင်း က ဆင်းရဲသားတွေ ကို မညှဉ်းချင်ပါနဲ့ ကွာ ” 

“ အို .. ငါ ညှဉ်းတာ မဟုတ်ပါဘူး ၊ သူတို့ ကို မေးရဦးမယ် ကွဲ့ ”

“ ငါ့ ကို ဖြီးမနေ စမ်းပါနဲ့ ကွာ ၊ မင်း ကောင်မလေး နဲ့ နောက် တစ်ခါ တွေ့ချင်သေး လို့ ဉာဏ် ဆင် တာ မဟုတ်လား ”

ထိုအခါ၌ ကျွန်တော့် မှာ မငြင်းကွယ် နိုင် သဖြင့်  “ ဟဲ ဟဲ ” ဟူသော ပြုံးရယ်ခြင်း ဖြင့် ကျွန်တော် ၏ လော်မာမှု ကို ဖြေဖျောက် ဝန်ခံ လိုက်ရပါသည် ။ 

“ စိန်နကူး ကို သွားချင် သွားတာပေါ့ ။ ဒါပေမဲ့ ငါ ဝရှောင် ကို သွားချင် သေးတယ် ။ လော့အာဝင်း တို့ ရောက်ဖူးတဲ့ နေရာလေးတွေ ကို မြင်ချင်တယ် ”

ပြော သဖြင့် သူ့ အလို ကို အလျင် လိုက်လျော ရပါ ကြောင်း ။

တစ်နေ့ ကား ကျွန်တော် နှင့် အတူ သူငယ်ချင်း လှအောင် ၊ ကျွန်တော့် ထမင်းချက် မာ့နောင် ခေါ် ကချင်ကလေး နှင့် အတူ ကား တစ်စီး နှင့် ဝရှောင် ဘက် သို့ နေ့ခင်း တစ်နာရီ ခန့် တွင် ထွက်ခဲ့ကြ ပါသည် ။

ကားလမ်း ပေါက်သည် မှာ မကြာသေး၍ သွားလာရာ ၌ တစ်မျိုး ဖြစ်နေပါသည် ။ ဝိုင်းမော်က ခရီး စ ထွက်လျှင် ထွက်ချင်း လမ်း အတော်ကလေး ကြမ်း သော ကြောင့် ကားကလေး မှာ ယိမ်းထိုး ခုန်လွှား၍ သွားရ ရှာလေသည် ။ ခရီး ၈ မိုင် နှင့် ၆ ဖာလုံ သို့ ရောက်သော အခါ ( နမ့်ဝါ ) ခေါ် ရှမ်းရွာကလေး တစ်ရွာ သို့ ရောက်ကြပါသည် ။ ဘောင်းဘီ ခပ်ကျပ်ကျပ် ဝတ်ဆင် ထားသည့် ရှမ်းတရုတ်များ နှင့် ၊ မြောက်မြားစွာသော ဝက် တို့သည် ကျွန်တော် တို့ အား ထူးဆန်းသည့် အနေ ဖြင့် ဝိုင်းအုံ ကြည့်ရှု ကြပါသည် ။

ကျွန်တော်တို့ သည် ထို ရွာ မှ ကျော်လွန် ပြီး နောက် ၉ မိုင် နှင့် ၄ ဖာလုံ ခန့် ၌ လွဲစော် ( ခေါ်  ) ရွာကလေး သို့ ရောက်ရှိ ကြ ပါသည် ။ ထို ရွာ နံဘေး မှ ဖြတ်သန်း ၍ လာကြရာ ၊ ၁၀ မိုင် ကျော်ကျော် လောက် တွင် အဆိုပါ လွဲစော်ရွာ ၌ တစ်ဆက် တည်း ဖြစ်သော ဝရှောင်ရွာ တွင်း သို့ ရောက်ကြ ပါသည် ။ သူငယ်ချင်း က

“ ဟေ့ ဘထူး လွဲစော် တုန်း ကတော့ ရှမ်းတရုတ် တွေ ချည်း တွေ့ရတယ် ။ ဒီ ဝရှောင် ကျတော့ ကု,လားတွေ ၊ တရုတ်တွေ ထက် ပိုပြီး များလာပါလား ကွဲ့ ၊ မြန်မာ တော့ မရှိ သလောက်ဘဲ ၊ ကု,လားမရေခံ မြင်းမိုရ်တောင် ထင်ပါရဲ့ကွယ် ”

“ အစစ်ပေါ့ကွယ် ”

ဟု ပြန်ပြောစဉ် ၊ ကား သည် ဆက်လက် ထွက်ခွာခဲ့ရာ ဝိုင်းမော် မှ ၁၀ မိုင် ၆ ဖာလုံ ခန့် အကွာ ကုန်းမြင့် ပေါ်  တွင် ဆောက်လုပ် ထားသော ဗိုလ်တဲ သို့ ရောက်ရှိကြ ပါသည် ။ ဗိုလ်တဲ ၏ အရှေ့ဘက် တွင် ကား တသွင်သွင် စီးဆင်း နေသော ချောင်း ပေါ်  ၌ ကြိုးတံတားများ ကို တွေ့မြင်ရ ပါသည် ။ ဗိုလ်တဲ ၏ အရှေ့ဘက် မြေပြင်ကလေး တွင် ကျောက်စားပွဲ တစ်လုံး နှင့် ကျောက်ကုလားထိုင် လေးလုံး ထုလုပ် ထားသည် ကို မြင်ရရာ..

“ လော့အာဝင်း မြစ်ကြီးနား နယ်စပ် လာ တုန်း က ဒီနေရာ မှာ စတည်း ချ ငါးမျှား သွားတာပေါ့ သူငယ်ချင်း ရဲ့ ”

“ အလောင်းမင်းတရားကြီး ရဲ့ ဒုတိယ သားတော် ဆင်ဖြူရှင် လက်ထက် က ဒီ နေရာတွေ ဟာ မြန်မာတပ်မတော်များ ခြေရာ တရစပ် ရောက်ခဲ့တဲ့ နေရာ ဖြစ်မှာပေါ့ကွဲ့ ”

ဤသို့ပင် သူငယ်ချင်း က တစ်မျိုး ၊ ကျွန်တော် က တစ်ဖုံ ထင်ရာတွေ ကို ပြောဆို ကြ ပြီး လျှင် ကျွန်တော်တို့ သည် ဝိုင်းမော် သို့ ပြန်ခဲ့ ရာ ည ၇ နာရီ မထိုး မီ ရောက်ရှိကြ ပါသည် ။ ဤအကြောင်း မှာ ကျွန်တော် ရေး လိုသော ကိစ္စ နှင့် မပတ်သက် သော်လည်း နောင် တစ်နေ့ ကျွန်တော် သွား လိုသော စိန်နကူး ကို သူငယ်ချင်း လှအောင် လိုက်ခဲ့ခြင်း မှာ သူ့ အလို ကို လိုက် သောကြောင့် ဖြစ်ကြောင်း ဆက်စပ် ဖော်ပြ ရ ခြင်း ဖြစ်ပါသည် ။

နောက် ၃ ရက် ခန့် ကြာသော အခါ ကျွန်တော်တို့ သည် စိန်နကူး ဗိုလ်တဲ သွားရန် ပြင်ဆင်ကြ ပါသည် ။ နေ့ ၁ နာရီ ခန့် တွင် ကားဒရိုင်ဘာ ၊ ကျွန်တော် ၊ လှအောင် ၊ မာ့နောင် တို့ နှင့် အတူ ဝိုင်းမော် က ထွက် ကြရာ တစ်နေ့ က ရောက် ခဲ့သော ဝရှောင် သို့ ရောက်ကြ ပါသည် ။ ဝရှောင် မှ တစ်ဖန် ခရီး ထွက်ကြရာ ဝိုင်းမော် မှ ၁၂ မိုင် ၇ ဖာလုံ ခန့် အကွာ တွင် ဆဒုံး သို့ သွားသော လမ်း ကို စာ ဖြင့် ပြထား ပါသည် ။ ၁၃ မိုင် ခန့် ကျော်လွန်သော အခါ နေမင်း သည် ကျွန်တော်တို့ ကားကလေး ၏ ဝဲယာ ဟို တစ်လှည့် သည် တစ်လှည့်စီ ရောက်ရှိ နေခြင်း ဖြင့် လမ်း မည်မျှ ကောက်ကွေ့ နေသည် ကို သိသာ နိုင်ပါသည် ။

ထို လမ်းများ မှာ တောင် နံဘေး ကမ်းပါးယံ တစ်လျှောက် တွင် လှည့်ပတ် ၍ ဖောက်လုပ် ထားခြင်း ဖြစ်သဖြင့် မာ့နောင် မှာ ဒရိုင်ဘာ အနား ကပ်လျက် ဟွန်း ကို တဗော်ဗော် မြည်အောင် အမြဲ နှိပ်၍ ပေးနေ ရ ပါသည် ။

ကမ်းပါးယံစောင်း မှ ဗီဇပင် ( ခေါ် ) ဇာမဏီပင်များ မှာ ကား အတွင်း သို့ တဖျပ်ဖျပ် နှင့် ရိုက်ခတ် လျက် ရှိ သော ကြောင့် ဘေးဘက် သို့ လက် နှင့် တားကာ အထူး ဂရုစိုက်၍ လိုက်ကြရပါသည် ။ ၁၈ မိုင် ခန့် တွင် နမောရန် ခေါ် ရှမ်းတရုတ်ရွာ တစ်ရွာ သို့ တွေ့ရှိ၍ ကျော်လွန် ပြီး နောက် မိုင် ၂၀ ခန့် တွင် ဗိုလ်တဲ တစ်တဲ ကို တွေ့ရှိ သော်လည်း ရွာ တစ်ရွာ မျှ မရှိပါ ။ အဆိုပါ ဗိုလ်တဲ ကို မိုင် ၂၀ ဗိုလ်တဲ ဟု ခေါ်ကြပါသည် ။ ထို ဗိုလ်တဲ မှ ဆက်လက် မောင်းနှင် ခဲ့ ကြရာ လမ်း မှာ အမြဲပင် ကွေ့ကောက်စွာ တောင်နံဘေး မှ ပတ်လျက် မြောက်ယွန်းယွန်း ဆီ သို့ တတ်အား သမျှ ရုန်း ပြေး လျက် ရှိပါသည် ။

“ လှအောင် ရေ .. ယခု တို့ ရောက် တဲ့ တောင် ဟာ ဝိုင်းမော် နဲ့ ဝရှောင် က နေပြီး ကြည့်ရင် တောင်ချွန်းချွန်း နှစ်လုံး ရဲ့ အရှေ့ဘက် အင်မိုင်ခ မြစ် တောင်ဘက် သွားရမယ့် ခရီး ကွယ့် ”

“ တောတောင် များ ဟာ လူ့စိတ်ဓာတ် ကို ပြုပြင်တတ်တယ် ထင်ပါရဲ့ ကွာ ”

“ ကိုယ်ခံစိတ်ဓာတ် လိုက်လို့ ထင်ပါရဲ့ကွယ် ”

ကျွန်တော်တို့ ကားကလေး မှာ လမ်းဖြောင့်ဖြောင့် မိုင်ဝက် ပြည့် အောင် သွား ရသည် မရှိဘဲ ကွေ့ကောက်စွာ ဖြင့် ဝိုင်းမော် မှ ၂၅ မိုင် ကွာ သော တြိဂံပုံ တောင်များ ၏ ခြေရင်းသို့ တိုင်အောင် မောင်းနှင် လာရာ မန်ဝိုင်းရွာ သို့ ရောက်ရှိ ကြ ပါသည် ။ မန်ဝိုင်းရွာ ၌ ဈေးရောင်း သည့် မြန်မာအိမ်အနည်းငယ် နှင့် တရုတ် ၊ ကု,လားများ အိမ်တွေ ကို တွေ့ရ ပါသည် ။ ကချင်များ လည်း ရှိ၏ ။ နေ မှာ အတော်စောင်း နေပြီ ဖြစ်၍ မန်ဝိုင်းရွာ တွင်း သို့ မဝင်ကြ တော့ဘဲ တောင်များ ၏ တောင်ဘက် တောင်ကုန်း ကလေးများ ကို တစ်တောင် ကျော် နင်း ၊ တစ်တောင် ဆင်း လျက် လာ ကြရာ ၂၇ မိုင် နှင့် ၂၈ မိုင် ကြား တွင် ကား အတော် ဖြောင့်ဖြောင့်သွား ရပါ၏ ။ ၂၉ မိုင်တိုင် ကို မြင်ပြီးသော အခါ ကွေ့ကောက်စွာ နှင့် ပင် တောင် ၁၅ လုံး ခန့် ကို ကျော်လွန် ပြီး လျှင် စိန်နကူးရွာ ရှိသော တောင်ပေါ်  သို့ တက်ကြ ရ ပါသည် ။

စိန်နကူးရွာ ၌ ကား ကချင်အိမ် ၄ - ၅ အိမ် မျှ ရှိ၍ ၊ ဝိုင်းမော် နှင့် ၃၁ မိုင် ၆ ဖာလုံ ဝေး ပါသည် ။ စိန်နကူးရွာ မှ လှမ်းမျှော် ကြည့်ရှု လိုက်သော အခါ အလွန် သာယာသော စိန်နကူးဗိုလ်တဲ သို့ မြင်ရကြပါသည် ။

ထိုမှ တစ်ဖန် ခရီး ၃၂ မိုင် ခန့် တွင် စိန်နကူး ဗိုလ်တဲ သို့ တက် ရန် လမ်းအစ သို့ ရောက်ပြီဖြစ်၍ တောင်နံဘေး မှ ကျဉ်းမြောင်းစွာ ဖောက်လုပ် ထားသော လမ်း ကို ကြည့်ရှု ရန် ကား ကို ခေတ္တ ရပ် ထား ခဲ့ပြီးလျှင် သွားရောက် ကြရပါသည် ။ လမ်းပန်း အတွက် စိုးရိမ်ဖွယ် မတွေ့သော အခါ ကား ကို တဖြည်းဖြည်း တက်ရောက် စေပါသည် ။ ကျွန်တော်တို့ မှာ ကား ကား ပေါ် တွင် မလိုက်ရဲကြ ။ ခြေလျင် တက်ကြပါသည် ။ ထို လမ်း အထက် ၌ လမ်း တစ်လမ်း ရှိရာ ၊ ဘုရင်ခံချုပ် လော့အာဝင်း လာစဉ် က အသစ် ဖောက်လုပ် ထားသော လမ်း ဖြစ်ပါသည် ။ တောင်ကမ်းပါးယံ ကို လက်ဝဲ လက်ယာ ကွေ့ ချိုး ၍ တစ်မိုင် ကျော်ကျော် လောက် တက် မိသော အခါ စိန်နကူးဗိုလ်တဲ ရှိရာ တောင်စွယ် တစ်ခု ၏ ထိပ်သို့ ရောက်ရှိကြ ပါသည် ။ ဆက်လက် တက်ကြသော အခါ လက်ယာဘက် ၌ ထော့ဂေါ သို့ ( To Htaw Gaw) ဟု အင်္ဂလိပ်စာ နှင့် တောင် အောက် ဆင်းသော လမ်း တစ်လမ်း ကို ညွှန်ကြား ထားသည် ကို တွေ့ရ ပါသည် ။

ဗိုလ်တဲ သို့ ရောက်ကြ သော အခါ သူငယ်ချင်း လှအောင် က “ ရှေး က မြန်မာဘုရင်တွေ ဒီ အရပ် ထိအောင် စိုးပိုင် ခဲ့တာပဲ နော် ” ဟု ဝမ်းနည်းသံ နှင့် ပြောပါသည် ။ ကျွန်တော် သည် သူ့ အား စကား ပြန် မပြောဘဲ ၊ တောင်မြောက် ဝဲယာ ၊ ဘယ်ညာ လှည့်ပတ်၍ ကြည့်ရှု ရန် ခေါ် ခဲ့ ရပါသည် ။ ရှုမျှော်ခင်းများ မှာ အလွန် သာယာ၍ တြိဂံ ပုံ တောင်ကြီးများ မှာ လည်း စိန်နကူး ဗိုလ်တဲ ၏ အနောက်ဘက် တွင် ကျန်ရစ် သည် ကို မြင်ရ ပါသည် ။ ထို တောင် နှင့် ဗိုလ်တဲ ၏ အကြား တွင် ကျယ်ဝန်းနက်ရှိုင်း လှသော ချောက်ကြီးဖြစ်၍ မြောက်ဘက် သို့ ကြည့်ရှု သော အခါ မရေမတွက် နိုင်အောင် ပေါများလှသော တောင် အထပ်ထပ် နှင့် ကမ္ဗလာစိမ်းပြာများ ကို ခင်းထား သကဲ့သို့ ညီညာသော သစ်ပင် တောအုပ်များ ကို မြင်ကြရပါသည် ။ ဗိုလ်တဲ ၏ မြောက်ဘက် ၈ မိုင် ခန့် အကွာ တွင် မေလိခံ တောင်ဝ ( မေလိခ ) မြစ် နှင့် မပေါင်းဆုံသေးသော အင်မိုင်ခ ( မေခ ) မြစ် ကို သစ်ပင်တွေ အကြား မှ ထင်ရှားစွာ မြင်ရပါသည် ။ ထိုနေရာ သို့ လော့အာဝင်း ခက်ခက်ခဲခဲ ငါး သွား မျှား ခဲ့ ဖူးပါသည် ။ အရှေ့ဘက် တစ်ခွင် ၌ ကား ကချင်လူမျိုး တို့ ၏ လက်ချက် ဖြင့် အမာရွတ် သဖွယ် တောင်ယာ ခုတ်ထားသော ဘူးသီး ကြွက်ကိုက် ပမာ တောင်ကမ်းပါးယံများ ကို တွေ့ရ ပါသည် ။

ထိုနေ့ ည ၌ ကျွန်တော်တို့ သည် ဗိုလ်တဲ တွင် အိပ်ကြရာ ၊ ကျွန်တော့် မှာ သိန်းဘောမယ်ကလေး ၏ မျက်နှာ ကို သာ ကွက်ခနဲ မြင် ၍ နေပြီး တော်တော် နှင့် အိပ် ၍ မပျော်ပါ ။ သူကလေး ကို ပိုင်အောင် ဘယ်လို ကြံပုံ ရမည် ကို လည်း အမျိုးမျိုး စဉ်းစား၍ နေမိပါသည် ။ အစိုးရ အလုပ် ဝတ္တရား နှင့် ဆိုလျှင် အလွန် အရေးကြီး မှ လာမည် ဖြစ်သော် လည်း ချစ်သူကလေး အတွက် မူ လွယ်လင့်တကူ နှင့် လာ မိသော ကျွန်တော် ၏ စိတ်ဓာတ် ကိုလည်း အံ့ဩ ၍ နေ မိ ပါသည် ။ နောက် တစ်နေ့ တွင် ချိန်းထားသည့် အတိုင်း နံနက် မိုး မြန်မြန်လင်း ရန် လည်း အထူး တောင့်တ နေ မိ ပါသည် ။

နောက် တစ်နေ့ နံနက် သို့ ရောက်သော အခါ သာယာသော ရှုမျှော်ခင်းများ ကို ကြည့်ပြီး နောက် သီချင်း တစ်ပုဒ် ကို သီဆို မိရာ ၊ သူငယ်ချင်း လှအောင် က လှောင်ပြုံး ပြုံး၍ နေပါသည် ။ ကျွန်တော် တို့ သည် နံနက် ၁၀ နာရီ ခန့် တွင် ထမင်းများ စားသောက် ပြီး နောက် စောင့်ဆိုင်း နေရာ သိန်းဘောမယ် တို့ မရောက်ရှိ သေးပါ ။ ၎င်းတို့ လာကြမည် ဧကန် ဟု ယုံစားမိ ပါသည် ။ မွန်းလွဲ သည့်တိုင်အောင် မပေါ်လာ သော အခါ စိတ်နှလုံး အထူး လေးလံ၍ သွား ပါသည် ။ သို့နှင့်ပင် ကျွန်တော် တို့ သည် ညနေ အချိန် သို့ တိုင်ခဲ့ရာ  အရိပ်အယောင် မျှ မပေါ်လာ ကြ သဖြင့် ခပ်အေးအေး ရှိသည် နှင့် ပါလာသော ဝီစကီများ ကို သောက်ကြ ပါသည် ။ အကျန် ကို မာ့နောင် နှင့် ဒရိုင်ဘာ အား ပေး လိုက်ရာ သူတို့ လည်း စောစောစီးစီး မူး ပြီး လျှင် အိပ်ကြ ပါသည် ။ ကျွန်တော် ကား များစွာ မမူးလှ သဖြင့် ကလေးမ ဘာကြောင့် မလာတာ ပါလိမ့် ဟု စဉ်းစား ရင်း ခပ်မှိန်းမှိန်း နေခိုက် ၉ နာရီ ခန့် တွင် မော်တော်ကား တွင် အိပ် နေသော ဒရိုင်ဘာ က အရေးတကြီး ဗိုလ်တဲ ပေါ် သို့ တက် လာ ကာ “ ဆရာ ဆရာ ” ဟု နှိုး ပါသည် ။

“ ဟေ့ .. ဘာလဲဟေ့ ”

“ လူသံ တွေ ဆရာ ၊ တယ် မသင်္ကာဘူး ”

“ ဟင် .. ဟုတ်လား ၊ ဒါဖြင့် မင်း ဗိုလ်တဲ အခန်း ထဲ မြန်မြန်ဝင် ။ ဟေ့ .. မာ့နောင် ၊ လှအောင် ထ ကြဦး ။ အို .. ကချင်က ဘာ ယောင် နေ တာလဲ ၊ ဟေ့ .. လှအောင် သမ်း မနေနဲ့ .. ထကွ .. မြန်မြန် ”

ဟု ပြောပြီးနောက် ကျွန်တော် တို့ တွင် ပါသော ခြောက်လုံးပြူး တစ်လက် ၊ နှစ်လုံးပြူး တစ်လက် ကို ယမ်းတောင့်များ ထည့်လျက် နားစွင့် နေ ကြပါသည် ။ သို့ရာတွင် လူသံ ကား ဆက်လက် ၍ မကြားရ ၊ တိတ်ဆိတ် ၍ နေပါသည် ။ ကျွန်တော် လည်း လေသံတိုးတိုး ဖြင့် ဒရိုင်ဘာ အား

“ ဟေ့ကောင် .. မင်း စိတ် ထင် တာ နဲ့ ပြော တာလား ”

“အဟုတ် ဆရာ .. ကျွန်တော့် နားဆတ်ဆတ် ကြား ရပါတယ် ”

လပြည့်ကျော် ၁၀ ရက် ည ဖြစ်သဖြင့် ကောင်းကင် တစ်ခုလုံး မည်းမှောင် ၍ နေရာ ၊ ကြယ်တာယာများ ၏ အရောင် သာ လျှင် တတ်အားသမျှ ထွန်းလင်း လျက် ရှိပါသည် ။ ကျွန်တော် လည်း ဒရိုင်ဘာ ၏ စကား အရ ဗိုလ်တဲ ထရံပေါက် မှ ချောင်းမြောင်း ကြည့်ရှုရာ မထင်မရှား သော မည်းမည်းအရာများ တွား လျက် ဗိုလ်တဲ ဆီ သို့ ကပ်ရောက် လာသည် ဟု ထင်မိပါသည် ။ ကျွန်တော် တို့ တွင် လက်နှိပ်ဓာတ်မီး တစ်ဖက် ၊ ခြောက်လုံးပြူး တစ်ဖက် ကိုင် ကာ အသင့် စောင့် ၍ နေ ပါသည် ။

ထိုအခိုက် တံခါးမ မှာ ပြင်းထန်စွာ ရိုက်နှက်သံ ကို ကြားရ သဖြင့် ကျွန်တော်တို့ လည်း စားပွဲခုံများ ကို လှဲ ၍ ထောင် ကာ တံခါး ဆီ သို့ ကြည့် ၍ နေကြပါသည် ။ မာ့နောင် အားလည်း “ ဘယ်သူလဲ .. အပေါ် မတက်ခဲ့ကြ နဲ့ ၊ သေနတ် နှင့် ပစ်သတ်မည် ” ဟု ကချင်ဘာသာ ဖြင့် အော် စေ သည် ။ သို့ရာတွင် မရရှိဘဲ တံခါး လုံးဝ ပွင့်ထွက် သွားရာ ကျွန်တော် နှင့် လှအောင် တို့ မှာ ဝင်ရောက် လာသော ကချင် သုံးဦး အား သေနတ် နှင့် ပစ်ခတ် တိုက်ခိုက် ရ ပါသည် ။ ကချင် သုံးယောက် ကျဆုံး လျှင် ဗိုလ်တဲ ပေါ် မှ ဆင်းပြေး ကြ ပြန်ပါသည် ။ ၎င်းတို့ အထဲ မှ “ မဆုတ်နဲ့ .. ဒို့ က လူ အများကြီး ” ဟု အော်ဟစ်သံ ကို လည်း ကြား ရ ပါသည် ။ ကျွန်တော် တို့ မှာ ရှေ့တံခါးပေါက် ဆီ ကို သာ မဲလျက် စောင့်စား နေရာ သူငယ်ချင်း လှအောင် သေနတ် လက် မှ လွတ်ကျ ကာ ကော့လန် သွား တော့ မှ လက်နှိပ်ဓာတ်မီး နှင့် ထိုးကြည့် သော အခါ ကျော တွင် မြား တစ်စင်း စိုက် ၍ နေသည် ကို တွေ့ရပါသည် ။ ထိုအခါ မှကျွန်တော်တို့ ကျောဘက် မှ ပြတင်းပေါက် ဆီ သို့ သေနတ် နှင့် လှမ်း ပစ်ပြီးနောက် သူငယ်ချင်း ကို ပွေ့ယူ ပါသည် ။ ထိုသို့ ယူဆဲ မှာ ပင် ကချင်များ အားတက် လာ ကြ သဖြင့် မာ့နောင် အား နှစ်လုံးပြူး ကို ကိုင်စေ လျက် ဝဲယာ လှည့်ပတ် ပစ်ခတ် ခုခံနေကြ ရပါသည် ။

ကချင်များ ကား လူ ၂ဝ ကျော် လောက် ရှိမည် ဟု ခန့်မှန်း မိ ရာ ၊ ၎င်းတို့ တွင် မြား နှင့် ဓားများ ၊ လှံများ ကို စွဲကိုင် လျက် ရှိကြပါသည် ။ ဗိုလ်တဲ မှာ များစွာ ခိုင်မာလှသည် မဟုတ်သော ကြောင့် သူငယ်ချင်း လှအောင် အား ပွေ့ယူ ကာ စမ်းသပ် ခိုက် “ သူငယ်ချင်း ဘထူး .. ငါ မနေရတော့ဘူး ” ဟု စကား တစ်ခွန်း သာ ပြော ဆိုပြီး အသက် ပျောက် သွားရာ အလွန် ချစ်လှသော သူငယ်ချင်း ဖြစ်သဖြင့် ကျွန်တော့် မှာ မျက်ရည်များ ပင် ကျမိ ပါသည် ။ မိနစ်ခန့် တွေဝေသည် အတွင်း မာ့နောင် နှင့် ဒရိုင်ဘာ တို့ လည်း ကချင်များ လက်နက် ဖြင့် ကျဆုံး ပါသည် ။ ကျွန်တော် သည် သူငယ်ချင်း အလောင်း ကို ပွေ့ချ၍ ခေါင်းမော့ လိုက်သည် နှင့် တစ်ပြိုင်နက် စူးရှသော အရာတစ်ခု သည် ကျွန်တော် ၏ ခါး ကို ထိလျက် နေသဖြင့် ကြည့်ရှု ရာ .. ကချင်များ မှာ ကျွန်တော့်အား လှံ နှင့် ထောက်လျက် ဝိုင်းဝန်း ထားကြောင်း သိရပါသည် ။ ကျွန်တော် လည်း ခြောက်လုံးပြူး ကို ဘောင်းဘီအိတ် တွင် ကပျာကယာ ထည့်သွင်း ရာ ကချင် တစ်ယောက် က အတင်း လုယူ လိုက် သဖြင့် အလျှော့ ပေးကာ ၎င်းတို့ ယူဆောင်ရာ သို့ ပါ သွားပါသည် ။

ကျွန်တော် ၏ ဓာတ်မီး မှာ ၎င်းတို့ ခရီးသွား အတွက် လွယ်ကူ သကဲ့သို့ ဖြစ်၍ နေရာ ၎င်းတို့ဘာသာ ဗိုလ်တဲ အောက် ရှိ ကား ကို ထိုး ကြည့် သော အခါ ကားကလေး မှာ ဓားရာ တို့ ဖြင့် အသက်မြော့မြော့ ဖြစ်၍ နေသည် ကို မြင်ရ ပါ သည် ။ ကျွန်တော် လည်း အများ နှင့် တစ်ယောက် ဖြစ် သဖြင့် ဘာမှ မခုခံ နိုင်ဘဲ တစ်နာရီ ခန့် ဗိုလ်တဲ မှ ဆင်း လျက် ၎င်းတို့ ဆွဲ ခေါ်ရာ သို့ လိုက်ပါသွားရာ တစ်ခု သော ကချင်ရွာ သို့ ရောက်ရှိ ကြပါသည် ။ ကျွန်တော့် အား သစ်ပင် တစ်ပင် ၏ အောက် တွင် ကြိုး နှင့် တုပ်နှောင် ထား ကာ ကချင် လေးဦး လက်နက် ကိုယ်စီ နှင့် စောင့်၍ နေ ကြပါသည် ။ ဘေးတွင် လည်း မီးပုံကြီးများ ဖို ၍ ထားသော ကြောင့် ဝါး နှစ်ရိုက် ၊ သုံးရိုက် ခန့် ကို ကောင်းစွာ မြင်ရ ပါသည် ။

ထို့နောက် ကချင်ကြီး တစ်ယောက် သည် နောက်ပါ ကချင်များ နှင့် ထား၍ သိန်းဘောမယ် ၏ ဖခင် ကချင်ကြီး အား ချက်ချင်း လွှတ် ပေးရန် တောင်းဆို ကြပါသည် ။ အကယ်၍ လွှတ် မပေးပါက ကျွန်တော့် အား သတ်ပစ်မည် အကြောင်း ပြောဆို ကြ ပါသည် ။ ထိုအခါကျ မှ ကချင်များ ဘာကြောင့် ဖမ်းဆီးသည် ကို သိရပါတော့သည် ။ ကချင်များ သည် ကျွန်တော့် အား ထောင်ချ နိုင်သူ တစ်ဦး ဟု ထင်မှတ် နေခြင်းမှာ တစ်နည်း အား ဖြင့် ကျွန်တော် လွတ်ရန်အတွက် အတော် ဟန်ကျ နေရကား ကချင်ဘာသာ ဖြင့် ..

“ မင်းတို့ လွှတ်ဆို လွှတ် ပေးမယ် ။ ငါ ဒီမှာ ရှိရင် ဘယ်နှယ့် လုပ်ပြီး လွှတ်နိုင် မှာလဲ ၊ ငါ့ ကို မြစ်ကြီးနား ပို့ မှ လွှတ်နိုင်မှာ ပေါ့ ”

ဟု ပြောဆို ရာ ၊ ကချင်ကြီး သည် ခေါင်းခါ လျက် ..

“ နင် ... ဒီက စာ ရေးပေး ၊ ငါတို့ သွား ပို့မယ် ။ နင့် စာ မြင် လို့ ဟို က လွတ်ပေါ် ရင် နင့် ကို ငါတို့ လွှတ် ပေးမယ် ။ ဒီလို ဟိုက မလွှတ်ရင် နင့် ကို သ,တ်ပစ်မယ် ”

ဟုပြောဆိုရာ ထိုအခါကျ အခက်ကြုံ ၍ နေပါတော့သည် ။

အကယ်၍ ကျွန်တော် စာ ရေး ပေးစေ ကာမူ တရားဥပဒေ အရ မည်သူ က လွှတ်ပါ မည်နည်း ။ ထောင်ချ သူ ကား တရားသူကြီး ဖြစ်၍ ကျွန်တော့် မှာ ယစ်မျိုး ပုလိပ် တစ်မျိုး လို ဖမ်းဆီး ရ သူ မျှ ဖြစ်ပေ၏ ။ သို့ရာတွင် အချိန် ရလျှင် သက်သာခွင့် ကြုံ နိုင်သည်ဟု သဘောထား ကာ .. အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော် အတိ ဒုက္ခ ရောက် နေပါသည် ။ တပ်မတော် ဖြင့် စိန်နကူးဗိုလ်တဲ အရှေ့ ဘက် ၅ မိုင် အကွာ ကချင်ရွာ သို့ လာရောက် ကူညီပါ ဟု ရေးသား ပြီး လျှင်....

“ ဟောဒီ စာ ကို အရေးပိုင် ပေး ၊ နင်တို့ သိသလား ”

ဟု အရေးပိုင် ၏ ရုံး ကို ညွှန်ကြား လိုက်ပါသည် ။ အရေးပိုင် ကား ကျွန်တော့် စာ ကို ရလျှင် ကူညီမည် ကား မလွဲချေ ။ သို့ရာတွင် ကချင်များ မှာ ၎င်းတို့ လူ မလွတ် လျှင် ကျွန်တော့် အသက် ကို သတ်ပစ်မည် ဖြစ်ရကား လွတ်မြောက်ရေး အတွက် ကိုယ့် ကိုယ် ကို အားကိုး ရမည့် အကြောင်း ယုံကြည် စိတ်ချ မိ ပါသည် ။

အချိန် မှာ ၁၀ နာရီခွဲ သာသာ ခန့် ရှိ လေရာ ၊ ကချင် အကြီးအကဲများ ၎င်းတို့ တဲ အိမ် တွင် သွားရောက် အိပ် နေကြလျက် ကျွန်တော့် အနား ၌ ကချင် လေးဦး သာ မီးဖို ဘေးတွင် စကား တပြောပြော နှင့် စောင့် ၍ နေကြ ပါသည် ။ ထိုအခိုက် သိန်းဘောမယ် သည် ရုတ်တရက် ပေါ်ပေါက် လာရာ ကျွန်တော့် မှာ ဝမ်းသာအားရ နှင့် ...

“ ဟေ့ .. နတ်ပါး ...ငါ့ ကို .. မကယ်ဘူးလား ကွယ်  ”

ဟု တောင်းပန် မိ ရာ - 

“ နင် .. ငါ့ အဖေ ကို ထောင်ချ ၊ နင့် ကို မုန်းတယ် ၊ နင့် ကို သ,တ်ပစ်မယ်  ”

ဟု ပြောပြီး နောက် ၊ ကချင်များ ဘက်သို့ လှည့် ကာ -

“ ဒီ လူ ကို ဘာလို့ မသ,တ်သလဲကွဲ့ ၊ ငါ က ဝမ်းသာတယ် ”

ဟု ရယ်မော ပြောဆို ပြီးလျှင် ၎င်း တွင် ပါလာသော ဝါးကျည်တောက် မှ ခေါင်ရည်များ ကို တိုက်၍ နေ ပါသည် ။

သိန်းဘောမယ် အား ကျွန်တော် စွဲလမ်း ချစ်ခင်စိတ် သည် လုံးဝ ပျောက်ကွယ်လု မတတ် ဖြစ်၍ သွားသည် ။ အလွန် ရက်စက်တဲ့ ဟာကလေး ၊ ဒင်း ကို သနား မိတာ မှားလေခြင်း ဟု

“ ဟေ့ကွယ် .. ငါ .. နင့် ကို သနား လို့ ငွေ ၂၀ ပေးတာ မေ့နေ ပလား ၊ နင့် အဖေ ကို ငါ .. ထောင်ချ တာ မဟုတ်ဘူး ဟဲ့ ၊ အစိုးရ ကချတာ ၊ ငါ့ မှာ သူတို့ က ဖမ်းခိုင်း လို့ ဖမ်းရတာ ဟဲ့ ”

ဟု ပြောသော် လည်း ကချင်မကလေး မှာ လုံးဝ ဂရု မစိုက်တော့ပါ ။

ထိုအခါ၌ ကျွန်တော်သည် အခြား အားကိုးဖွယ် မမြင် သဖြင့် ခွန်အား ရှိသမျှ ညှစ်၍ ရုန်းကန် နေရာ ခိုင်မာသော သံကြိုးများ သည် ကျွန်တော့် အား ပြောင်လှောင် သကဲ့သို့ တဖျစ်ဖျစ် မြည်သော အသံ ဖြင့် လျော့ချည် တင်းချည် ပြု၍ နေကြသည် ။

ကချင်များ လည်း ခေါင်ရည် မူး ၍ ခေါင်းငိုက်စိုက် ကျကြ ပြီ ဖြစ်ရာ သိန်းဘောမယ် သည် ကျွန်တော့် အနား သို့ ပြေးကပ် လာသော အခါ အထူး အံ့အား သင့် ၍ နေ ပါသည် ။ သူ ၏ ခါးမှ ဓားမြှောင်ကလေး ကို ထုတ်ပြီး လျှင် ကြိုးများ ဖြတ် လျက် ကျွန်တော့် လက် ကို ဆွဲ၍ မှောင် ထဲ သို့ ပြေးရှာ သော အခါ ကျွန်တော့် မှာ မြေကြီး ခြေချ ရမှန်း မသိတော့ပါ ။ ခရီး တစ်မိုင် ခန့် ရောက်သော အခါ သူ့ ကို ပါ မြစ်ကြီးနား ခေါ် ပါ ။ ဒီမှာ နေရစ် ရင် သ,တ်ပစ်ကြတော့ မှာဟု ပြောဆို လေရာ ကျွန်တော် သည် ငြင်းနိုင် ပါ မည် လော ။

ကျွန်တော်တို့ သည် ညတွင်း ချင်း  တအား ပြေးလွှား လျက်ရှိရာ သန်းခေါင် ကျော်ပြီ ဖြစ်၍ ၁၀ ရက် လကလေး သည် တတ်အား သမျှ အရောင် ပေးလျက် ရှိပါသည် ။ တောတိရစ္ဆာန် ဘေး ထက် ကချင်များ ဘေး ကို သေပြေး ရှင်ပြေး လု ၍ ပြေးကြ ရရာ ဝေလီဝေလင်း တွင် ဝရှောင် သို့ ရောက်ရှိ ပါသည် ။

ထိုနေရာ ကျ မှ သက်သာခွင့် ရပြီ ဖြစ်သဖြင့် ခြေထောက် နာ နေ သည်ကို နှိပ်နယ် အနား ဖြေရင်း တရုတ်မုန့်ဆိုင် တွင် မုန့်များ စားသောက် နေ ကြရာ အမော ပြေ လျှင် ခရီး ဆက်၍ ထွက်ခဲ့ ကြ ပါသည် ။

ဘေးရန် အတွက် လည်း ကျွန်တော် မစိုးရိမ် တော့ သဖြင့် သစ်ပင် အရိပ် ကောင်းကောင်း တွင် သိန်းဘောမယ်ကလေး အား ပွေ့ဖက် နမ်းရှုပ်ပြီး  “ နင် .. ငါ့ မယား လုပ်ရလိမ့်မယ် ၊ ငါ .. နင့် ကို တစ်သက်လုံး မယား အဖြစ် နဲ့ ကျွေး ထားမယ် ၊ စိန်တွေ ၊ ရွှေတွေ ဆင် ထားမယ် ” ဟု ပြောရာ တစ်သက်လုံး မယား အဖြစ် နဲ့ ကျွေး ထားမယ် ဆိုသော စကား မှာ သူ အနှစ်ခြိုက်ဆုံး ဖြစ်၍ စိန်တွေ ၊ ရွှေတွေ ဆင်ထားမယ် ဆိုသော စကား မှာ သူ့ အဖို့ ဘာမျှ မထူးခြား ၊ နားလည်ဟန် လည်း မရှိပါ ။ ကျွန်တော့် မှာ ဒုက္ခ တွေ့သမျှ ချစ်သူကလေး နှင့် ချမ်းသာစွာ တွေ့ရ ပြန် သဖြင့် သူ့ ကို ဗမာ လို မနှင်းရွှေ ဟု နာမည် ပေးပြီး ပျော်ပျော်ပါးပါး နေ မည် ။ ဗမာစကား နှင့် ဗမာစာ ကို တတ် အောင် သင်ကြား ပေးမည် ။ ဗမာ လို များ ဝတ်ထား လိုက် ရ ရင် ဘယ်သူ မီ နိုင်မှာလဲ စသည် ဖြင့် အမျိုးမျိုး စိတ်ကူး ရင်း ခရီး တွင် လေသည် ။

နေ့ ၁ဝ နာရီ ခန့် ၌ ဝိုင်းမော် သို့ ရောက်ရှိ ရာ လူ ၂ဝ ပါ သော တပ်မတော် ချီတက် သွားကြောင်း သိရ သော်လည်း ကျွန်တော် တို့ မှာ ဖြတ်လမ်း က ပြေးလာ ရ ၍ မတွေ့ လိုက်ပါ ။ သိန်းဘောမယ်ကလေး ကား ဝိုင်းမော် ဘက် တွင် နေ က ဘေးရန် များမည် ဟု ပြော သဖြင့် သူ့ အလို လိုက်လျော ကာ မိုးကောင်း သို့ ပြောင်းရွှေ့ ရန် ကြိုးစား ပါသည် ။ ယခုအခါ ၌ မနှင်းရွှေကလေး မှာ ဗမာရည် လည် ၍ ရိုးသားသော အပြုအမူ ကို ပြောင်းလဲ မရခြင်း မှ အပ အခြား နေရာ၌ အစ ခပ်သိမ်း မြန်မာမကလေး ကဲ့သို့ ကျွန်တော် ပြော သမျှ မြေဝယ် မကျ နားထောင် ကာ ပေါင်းသင်း ဆက်ဆံလျက် ရှိပါသည် ။

ဤအကြောင်း များ ကို မိတ်ဆွေကြီး ထံ စာ ရေးမည် ကြံ ရာ မိတ်ဆွေကြီး က ဟိုပြောင်း ဒီရွှေ့ များ သော ကြောင့် ယခု မှ စာ ရေးလိုက်ရ ပါကြောင်း ။

◾မဟာဆွေ

📖 ကြီးပွားရေးမဂ္ဂဇင်း 
       ၁၉၃၆ ၊ ဧပြီလ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment