Tuesday, May 30, 2023

ခင်မျိုးချစ်


 

❝ ခင်မျိုးချစ် ❞

“ ကိုလွင် .. ကိုလွင် ရဲ့ … ဖြစ်နိုင်မယ် မထင်ဘူး နော် ၊ သိပ်ပြီး ဇွတ်တရွတ် မလုပ်စမ်း ပါနဲ့ ။ စဉ်းစားပါဦး ရှင် ။ ဒီ ကိစ္စမျိုး ဆိုတာ အမျိုးမျိုး လှည့်ပြီး စဉ်းစား ရ တာ နော် ၊ ကျွန်မ ဖြင့် စိတ်ညစ်တာပဲ ။ သိပ် စိတ်ညစ်တာပဲ ။ ကျွန်မတို့ မေတ္တာ ဟာ သိပ် မရင့် မလွန် သေး ခင် ကြိုတင် ပြီး ဖြတ် လိုက်တာ ကောင်းတာပဲ ကိုလွင် ရဲ့ ၊ ရှင် ပြောသလို ကျွန်မ တို့ အချစ် ဟာ အင်ကြင်းပင် နဲ့ တူ လေတော့ အခု ကျွန်မတို့ အချစ် မေတ္တာ ဟာ အညွန့် အခက် အရွက် အပွင့် အဖူး ဝေဝေဆာဆာ နဲ့ လှတော့ လှပါရဲ့ ၊ တော်တော်ကြာ လို့ အခါ ရှည်လာပလား ဆို မှ ဖြင့် ကျောက် ဖြစ် သွား တော့မယ် ။ အခုလို စိုစိုပျိုပျို အင်ကြင်းပင် ဘဝ က ဓား နဲ့ ခုတ် ၊ ပေါက်ဆိန် နဲ့ ပေါက် ၊ ပဲခွပ် နဲ့ ဖဲ့ပြီး ပစ်ရင် ဖျောက်ဖျက် လို့ ရ သေးတာ လို ကျွန်မ တို့ အခု လက်ရှိ အချစ် အကြိုက် တွေ ကို နှိမ်နင်း ပယ်ဖျက်လို့ ရနိုင်သေးပါရဲ့ ။ တော်တော်ကြာ သည့် ထက် ပိုပြီး အချစ် ဒီဂရီတွေ တက် ကုန် မှဖြင့် ကျောက် ဖြစ် လာတဲ့ အင်ကြင်း ဖျက် မရ သလို ကျွန်မ တို့ အချစ် ဟာ လည်း နှိမ်မရ ချိုးမနိုင် ဖျောက် မပစ်နိုင်သော အခြေ ရောက် သွားရင် ခွကျတော့ မှာပဲ ။ ကဲ ... ကဲ ကျွန်မ ပြောသလို ရှင် လည်း ရှင့် ဘာသာ နေ ၊ ကျွန်မ လည်း ကျွန်မ ဘာသာ နေ ပြီး မောင် လို နှမ လို မိတ်ဆွေ လိုသာ နေကြတာပေါ့ နော် ... နော် ... နော် ။ ကဲပါရှင် ပြောစမ်းပါ ၊ တုံဏှိ ဘောကြီး မနေစမ်းပါနဲ့  ၊ တော်တော်ကြာ အချစ် ဆိုတဲ့ ဆင်ကြီး မုန် ယို လို့ ချွန်း မအုပ်နိုင်ဘဲ ရှိလို့ ပေါ့လေ ၊ အိမ်ရာ ထောင်ကြပါရော တဲ့ ။ ဒီအခါ ကျ တော့ ရှင့် မှာ လည်း ဒုက္ခတွေ ရောက် ၊ တရားတွေ ဖြစ် ၊ ထောင်တွေ ကျ လို့ ။ ကျွန်မ မှာ လည်း ရှင့် အတွက် ရတက် မအေးဘဲ နေရတာ တစ်ဖက် ၊ ဆွေတွေ မျိုးတွေ တံတွေးခွက် မှာ ပက်လက် မျောလို့ က တစ်ဖုံ ၊ အရှက် ရ မှာ ကတစ်မျိုး ၊ တစ်သက်လုံး အကျိုးယုတ် မှာ က တစ်လမ်း ပဲ ရှင့် ။ ဘယ်နည်းနဲ့ မှ ပေါင်းလို့ မဖြစ်ဘူး ၊ ခင့် ကို သနား ရင် ဒီဘဝ ဒီမျှ နဲ့ တော်ကြပါစို့ရဲ့ ” ဟု ရာဇဝင် စာအုပ် ထူထူကြီး ကို ဖလတ်ဖလတ် နှင့် လှန်ရင်း ဆရာမလေး မခင်ထွေး က ပြော လိုက် မှ မောင်သိန်းလွင် မှာ လျှာ မရှိ သဖြင့် စကား မပြောနိုင်သော သူ ကဲ့သို့ မတုန်မလှုပ် ကျောက်ရုပ် အဖြစ် မှ ဆတ်ခနဲ ပြောင်းလဲ လာလေ၏ ။

အသက် ကို မှ မှန်မှန် မရှူရှာ အား သဖြင့် ဟီးဟီး နှင့် တစ်ခါ တစ်ခါ သက်ပြင်းကြီး ချ ကာ မနေတတ် မထိုင်တတ် ဖြစ်နေ လေ၏ ။ ဇောချွေးများ လည်း တဖြိုင်ဖြိုင် စီးကျ နေ၏ ။ တစ်အောင့် လောက် မျှ ကြာမှ လက်ဝါးနှစ်ခု ယှက်၍ ပွတ်ရင်း ...

“ ဒီ စကားမျိုး မပြောစမ်းပါနဲ့ ထွေးထွေး ရယ် ၊ အခုလို အခြေအနေ ရောက်ခါ မှ ကိုလွင် တို့ မေတ္တာ ကို မှိုချိုး မျှစ်စိမ်းချိုး ချိုးရမယ် ဆိုရင် ဘယ် နေရာ ကျမလဲ ၊ စစ်ကိုင်းတံတားကြီး အပြီး မဆောက်ဘဲ နဲ့ အခုနေ အတိုင်းပဲ ထား လိုက်ရင် ကိုးရိုးကားရား နေသလို ကိုလွင် တို့ ဒီလောက်နဲ့ ပဲ တင်းတိမ် ပြီး အချစ်ပင် အညွန့် တလူလူ ကို ဖြတ် ပစ်ရမယ် ဆိုတော့ မခဲယဉ်းဘူးလား ၊ ကိုလွင် တို့ အချစ်တံတားကြီး ပြီးအောင် ပဲ ဆက်လို့ ဆောက်ကြပါစို့ ရဲ့ ။ ဂိုး ဝင်ခါနီး မှ အောက်ဆိုက် ဖြစ်သွားမယ် ဆိုရင် မချင့်မရဲ ဖြစ်စရာကြီးပေါ့ ” ဟု လေးလေးကြီး ပြော လိုက် လေ၏ ။

ခင်ထွေး သည် စားပွဲ ပေါ် တွင် တံတောင်ဆစ် ထောက် လျက် လက်သည်းများ ကို ငေးစိုက် ကြည့်နေပြီး မှ -

“ ကိုလွင် ရဲ့ .. ကိုလွင် ဟာ ခွဲရေးဆရာ တစ်ယောက် ဖြစ်လျက် နဲ့ တွဲရေး လေ နဲ့ ပြော ပြော နေတာကိုး ။ တွဲရေးဆရာများ ဟာ တွဲရင် ခံစားရမယ့် အကျိုး နည်းနည်းကလေး ကို မြင်းမိုရ်တောင်ကြီး ထင်ပြီး ၊ အပြစ်တွေ အနန္တ ကို တော့ ဆီးစေ့ လောက် မြင် တာလို ကိုလွင်နဲ့ ထွေးထွေး ပေါင်း ရမှာ ခဏကလေး အကျိုး ကို သာ မြင်တယ် ။ စစ်ကိုင်းတံတား နာမည်တွေ အလျှိုလျှို ပေါက် လာတာလို ဒုက္ခတွေ အလျှိုလျှို လာကြမှာတော့ မမြင်ဘဲကိုး ရှင့် ” ဟု ခပ်သွက်သွက် အချက်ကျကျ ပြော လိုက်လျှင်

“ နို့ …. ဒီလို မဖြစ်နိုင်မှန်း သိလျက် နဲ့ ထွေးထွေး ဘာဖြစ်လို့ ချစ်ပါတယ် ကြိုက်ပါတယ် လို့ အစက လျှာ အရိုး မရှိတိုင်း ပြောတာလဲ ၊ တမင်သက်သက် ငသိန်း ကို တစ်ပတ် ရိုက်မယ် ကြံ တာလား ထွေး ရဲ့ ” ဟု ပြောပြီး သိန်းလွင် က ဆက်ပြန်၏ ။

“ ဒါပဲ ခက်သေးတာ ၊ ကိုလွင် တို့ သဘော က မြန်မာ ဆို ပြီးတာပဲ ၊ အမျိုး ကို ချစ်တယ် ၊ အစ္စလာမ် သော ခရစ်ယာန် သော သဘော မထားပါဘူး ။ မြန်မာစိတ် ရှိ လို့ မြန်မာပြည် အကျိုး ဆောင်ရွက် ရင် ကျေနပ်တာပဲ ၊ သမီးရည်းစား ချစ်ရာ မှာ ဘာသာ မရွေးချင်ပါဘူး ၊ ဘုရားစူးပါစေ ရဲ့ .. ထွေးထွေး မှာ မြန်မာပီပီကလေး မို့ ကိုလွင် ဖြင့် မခွဲနိုင် မခွာရက် နိုင် ဘဲ ပြုစုပြီး ဥယျာဉ် ကို ဖြင့် မဖျက်ပါစေနဲ့ ထွေး ရယ် စဉ်းစားပါ ” ဟု လေးလေးတွဲ့တွဲ့ နင့်နင့် ဖြင့် ခင်ထွေး နား တွင်း သို့ စကား ကို ရိုက်သွင်း လိုက်လေ၏ ။

စကား သွက်လက်စွာ ဖြင့် ပြောတတ်သဖြင့် မိတ်ဆွေ အပေါင်းတို့ ချီးမွမ်းခြင်း ခံရသော ခင်ထွေး မှာ လျှာ လေး ၍ သွားလေ၏ ။ ဘာ ပြောရမည် မသိတတ်ချေ ။ ကိုသိန်းလွင် ကို ချစ် ကား ချစ်၏ ၊ မပေါင်းနိုင် ။ သိန်းလွင် မှာ ပညာ မရှိ၍ ပေလော ၊ ရုပ် မချော၍ ပေလော ၊ ပစ္စည်း မရှိ၍ ပေလော ။

သိန်းလွင် မှာ ချို့ယွင်းချက် မရှိ ၊ ဘီအေ ဘီအီးဒီဘွဲ့ ကို ရပြီး လူငယ်များ ကြီးပွားရေးအသင်း ၏ ဥက္ကဋ္ဌ ၊ ဗုဒ္ဓဘာသာဝင်ဖြစ်၏ ။ ခင်ထွေး မှာ ‘ ဇေ ’ ဟု ခေါ်ကြသော တို့မြန်မာမူစလင်မကလေး ဖြစ်၏ ။ သိန်းလွင် သဘော အရ ဆိုလျှင် ဘာသာ မှာ အရေးမကြီး ။ မိမိ ကား ဗုဒ္ဓဘာသာ အတိုင်း ၊ ခင်ထွေး မှာ အစ္စလာမ်ဘာသာ အတိုင်း လင် ကို မယား ကို ပေါင်းသင်း နေ နိုင်သည် ။ ခင်ထွေး မှာ ကား သိန်းလွင် ပြောလို သဘော တူချင် ငြား လည်း မိဘဆွေမျိုး တို့ ၏ စည်းကမ်း ကို လိုက်နာရမည် ဖြစ်၍ သိန်းလွင် အား မပေါင်းနိုင် ဟု အောက်မေ့၏ ။ သို့ အောက်မေ့ငြား သော် လည်း ၎င်းတို့စည်းကမ်း ကို ဖောက် နိုင်၏ ။ သို့သော် သိန်းလွင် အား ဘာသာဖျက်မှု ဒုက္ခကြီး သို့ ပို့ဆောင်မည် ဖြစ်သဖြင့် သိန်းလွင် အတွက် သာ မိမိ တို့ ၏ မေတ္တာ ကို အမြစ် ဖြတ် ရန် ကြံစည် ရှာ သတည်း ။

တစ်ဦး သည် တစ်ဦး ၏ ရင်လှုပ်သံ ကို ကြားရလောက် သည့် တိုင်အောင် ဆိတ်ငြိမ်၍ သွားပြီး နောက် သိန်းလွင် က -

“ နို့ ထွေးထွေး ရယ် ဘာဖြစ်လို့ ကိုလွင့် မေတ္တာ အစ က လက်ခံခဲ့တာလဲ ” ဟု မေးပြန် လေ၏ ။

“ ကိုလွင် ... ၊ ကိုလွင် ရဲ့ အခြား အရည်အချင်းတွေ ၊ လက္ခဏာတွေ နောက် ဖယ်ထား လိုက်ပါဦး ၊ ကိုလွင် ဟာ မြန်မာပြည်သား အမျိုးသားများ အကျိုး ဆောင်ရွက်ချင်တာတွေ ၊ ဆောင်ရွက်ခဲ့တာတွေ ၊ နိုင်ငံရေးတရား ဟောတတ်တာတွေ ၊ မရှိတဲ့လူ မသိတဲ့လူ များကို ရှိအောင် သိအောင် အကြံပေးတာတွေ ၊ ချွေတာရေး အားပေးတာတွေ ၊ ကိုယ်ကျိုး မငဲ့ဘဲ သူများ အကျိုး ဆောင်ရွက်တာတွေ တိုတို ပြောမယ်ရှင် ၊ တိုင်းပြည် နဲ့ အမျိုး ချစ်တာ ကို ခင်ထွေး က သိမ်းရုံးပြီး ချစ်မိတာပဲ ကိုလွင်ရဲ့ ၊ ဒီ စိတ်ကောင်း ဆိုတဲ့ လေဟာ ချစ်ခြင်း ဆိုတဲ့ နေရာ ရောက် အောင် တိုက် ပေးလိုက်တာပဲ ။ နောက်ပြီး တော့ ကျွန်မ ကို ကိုလွင် ပိုးခါစ က ကိုမောင်မောင် တို့ ၊ ကိုသိန်းမောင် တို့ ၊ ကိုအေးမောင် တို့ ၊ ကိုဘထွန်း တို့ အခြား အစ္စလာမ် ဘာသာဝင် တွေ နဲ့ ခင် တို့ အိမ် ရှေ့ ဖြတ် ဖြတ် လာတော့ ရှင် လည်း ကျွန်မတို့ ဘာသာဝင် ထဲ က ဖြစ်မှာပဲ လို့ အောက်မေ့ မိတာပဲ ။ ကဲလေ .. ဒါတွေ အပေါ်ယံ က ထားပြီး ကျွန်မ လည်း ရှင့် မေ့ပစ်ဖို့ ကြံမယ် ။ ရှင် လည်း ကျွန်မ ကို ... ကျွန်မ ကို မေ့ မေ့ပစ် လိုက်ပါနော် ၊ ဖုတ်လေသည့် ငါးပိ ရှိသေးသည် လို့ မအောက်မေ့ပါ နဲ့ တော့ ။ ရှင့် လို လူ တစ်ယောက် မှာ ဗုဒ္ဓဘာသာ မြန်မာ ထဲ က ကျွန်မ ထက် သာတဲ့ မိန်းမ ကို ရနိုင်တာပါပဲ ။ ကဲပါ ကိုလွင် မေ့ပါနော် .… မေ့ပါနော် ... နော် ” ဟု ပြောချင်သမျှ စကားတွေ ကို အနိုင်နိုင် ညှစ်ထုတ် ပြီး နောက် မျက်နှာ ကို တခြား ဘက် သို့ လွှဲ ပစ် လိုက်လေ၏ ။ ကြည်လင် တောက်ပ သော မျက်လုံးများ တွင် ကြည်လင် တောက်ပသော မျက်ရည် များ သည် ကြည်လင် တောက်ပစွာ တည်ရှိ နေလေ၏ ။

“ ခက်တယ် ထွေးထွေး ရယ် ခက်တယ် ၊ သိပ် ခက်တာပဲ ကိုလွင် လည်း မေ့ပစ်မယ် ကြံတာပဲ မေ့လို့ ကို မရဘူး ။ လမ်း သွားရာ မှာ တစ်စက္ကန့် လောက် ဆတ်ခနဲ တွေ့ လိုက်ရတဲ့ ဟာမျိုး မှ မဟုတ်ဘဲကိုး ၊ ဒီလို သာ ဆိုရင် လှလှကြီး ခက်ကြပေါ့ ။ ဘယ်လို ကြံကြမလဲ ထွေး ရဲ့ ” ဟု ရှိုက်၍ ရှိုက်၍ ပြော ပြန်လေ၏ ။ လက်နှစ်ဖက် ကို ပူး၍ ပေါင်နှစ်ခု ကြား တွင် ညှပ်ထားလေ၏ ။

မဆည်းနိုင် မတားနိုင် မျက်ရည်များ လည်း တဖြိုင်ဖြိုင် ယိုကာကျ တော့၏ ။ လှပချောမွေ့  ပြကတေ့ ချစ်စရာ မျက်နှာကလေး ၏ နှင်းဆီရောင်စို့ ထွားထွားမို့မို့ ပါးအို့ကလေး နှစ်ဖက် ပေါ် တွင် လိမ့်ဆင်း လာကြသော မျက်ရည်ပေါက်များ ကား ရွှေတလင်းပြင် ပေါ်တွင် ပုလဲလုံးကလေးများ လိမ့်နေ သကဲ့သို့ ရှိပေတော့၏ ။ ထို့နောက် အင်္ကျီ လက် ဖြင့် မျက်ရည် ကို သုတ်ရင်း ...

“ ကိုလွင် ရယ် ကျွန်မ ဖြင့် ဘာမျှ မကြံတတ်တော့ဘူး ၊ ကျွန်မပြော သလိုသာ ကျွန်မ ပြော ... ပြောသလို သာ ဒုက္ခကြီး နဲ့ မတွေ့ ခင် က ဒုက္ခကလေး နဲ့ တွေ့ လိုက်ကြပါစို့ ရဲ့ ။ ခွဲကြစို့ ရဲ့ ရှင် ခွဲကြစို့ ရဲ့ ၊ ဒါမှပဲ ကိုလွင် မှာ ကိုလွင့် အကြံအစည် အထမြောက်မယ် ၊ ကျွန်မ မှာ တော့ ကိုလွင် လို မွန်မြတ်တဲ့ လူ တစ်ယောက် မရလို့ လွဲလည်း လွဲပါစေတော့နော် ။ အခါအခွင့် မသင့်လို့ ဟာပဲ ၊ ကိုယ် ချစ်တဲ့သူ နဲ့ အတူတူ နေရမယ် ဆိုတာ ကောင်းမှန်းတော့ သိပါရဲ့ ၊ သိပေမယ့် မဖြစ်ကြဘဲကို ရှင့် ။ ကိုလွင် နဲ့ ကွဲကြပေမဲ့ ကျွန်မတို့ တိုက် ရှေ့ တော့ ခဏခဏ ဖြတ်ခဲ့ ပါနော် ၊ မျက်နှာကလေး ပဲ မြင် နေ ရရင် ခင့် မှာ တော့ ကျေနပ်ပါပြီ ။ မျက်နှာကလေး တော့ ပြပါနော် ” ဟု ပြောပြီးသည့် အဆုံး ၌ ချုံးချ၍ ငိုရှာ သတည်း ။

သိန်းလွင် မှာ ရှေ့ တိုး ရ အခက် နောက် ဆုတ်ရ အကြပ် ဖြစ်နေ ရှာ လေ၏ ။ မပေါင်းရ ပေါင်းရ အောင် ထပ် ပြောဖို့ က လည်း မသင့်လျော် ၊ မစဉ်းစားတတ်သူ မိုက်ရိုင်းသူ ဉာဏ် မရှိသူ ဖြစ်သွား ချေမည် ။ ခင်ထွေး ပြောသမျှ သည် အမှန်ချည်း ဖြစ်နေ သဖြင့် ခွဲ ရမှာ အသည်း နာ သော် လည်း မလွှဲသာ ဖြစ်နေတော့သည် ။ ထို့နောက် နှစ်ယောက် သား ငေးထိုင် နေကြလေ၏ ။ အတန်ကြာ မှ သိန်းလွင် က ဟီးခနဲ သက်မကြီး ချပြီး ထ မည် ဟန် ပြုလေ၏ ။ မိမိ ကိုယ် ကိုယ် မိမိ ကု,လားထိုင် ၌ သံကြိုး ဖြင့် ချည်ထားဘိ သကဲ့သို့ ရှိနေသော ကြောင့် ရုတ်တရက် မထ နိုင် ရှာပေ ။ တစ်ဖန် လူမမာ နာလန်ထ မှာ မနိုင့်အနိုင် ထ သကဲ့သို့ ထ ရှာ လေ၏ ။

ခင်ထွေး ကား စူးစိုက် ကြည့်ရှု နေမိ၏ ။ မျက်ရည် လွှမ်း သော မျက်လုံးများ ကို သိန်းလွင် မျက်နှာ ပေါ် သို့ အာရုံစိုက် ထား လေ၏ ။ သိန်းလွင် သည် ခင်ထွေး အနီး သို့ ကပ်ပြီး ညာဘက် လက် ကို ဘယ်ဘက် ပခုံး ၊ ဘယ်ဘက် လက် ကို ညာဘက် ပခုံး ပေါ် သို့ တင် လိုက်လေ၏ ။ ခင်ထွေး လည်း သိန်းလွင် ၏ လက်မောင်းများ ကို တုန်လှုပ်ချောက်ချား နေသော လက်များ ဖြင့် ဖက်ထား လေ၏ ။ မော့ နေ သော သနားစရာ ချစ်စရာ မျက်နှာကလေး ဆီ သို့ သိန်းလွင် ၏ မျက်နှာ သည် တဖြည်းဖြည်း နီး သွား လေ၏ ။ တစ်ယောက် ကို တစ်ယောက် ကြည့် ကြသည် မှာ အားမရသော ကြည့်ခြင်း ၊ မရောင့်ရဲသော ကြည့်ခြင်း ၊ စိတ်နှလုံး ပူပန်သော ကြည့်ခြင်း ပင်တည်း ။ ခင်ထွေး ဝမ်းတွင်း အပူမီး အရှိန် ကြောင့် ညှိုးနွမ်း ရသော မျက်နှာ ၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော တရား ကြောင့် မရပ်မနား ထွက်၍ လာသော မျက်ရည်တို့ ဖြင့် စို့ရွှဲပြည့်လျှံသည့် မျက်စိ ၊ မခတ်ဘဲ ငြိမ် နေသော မျက်တောင် ၊ နီမြန်းသော မျက်လွှာ ၊ ကျောက်နီတွင်း နှင့်တူသည့် ဟထား သော ပါးစပ် ၊ သိန်းလွင် ၏ ငိုက်စိုက် ချထားသော ခေါင်း ၊ စူဠအပူ ၊ မဇ္ဈိမအပူ ၊ မဟာအပူ တို့ တွင် မဟာအပူ စက်ကွင်း မိသော မျက်နှာ ၊ နီကြင့်သော မျက်စိ ၊ ၎င်းတို့ အထဲ တွင် ဝဲ၍ လာသော မျက်ရည် ၊ အသက် မရှိတော့သော မျက်တောင် ၊ တင်းကျပ်စွာ ပိတ်အပ်သော နှုတ်ခမ်း များ ။ ၎င်းတို့ ကို ကြည့်ရခြင်း ဖြင့် မည်သို့သော မီး လောင် နေသည် ကို သိနိုင် ပေ၏ ။ ဒဂုန်ပန်းချီ ဆရာ ဘရင်ကြီး တို့ ကဲ့သို့ ပန်းချီ တတ်ချင် လှ၏ ။ သို့မှ အမှန် အတိုင်း ပုံဆွဲ ပြ နိုင်မည် ။ မည်သို့သော စိတ် ခိုင်သူ ဖြစ်လင့် ကစား ၎င်းတို့ နှစ်ယောက် ကို မြင် က မုချ ဝမ်းနည်းမည် မလွဲ ၊ ဦးဂန္ဒီ သည် အမြဲ ပြုံးသည် ဟု ပြောကြ သော်လည်း ၎င်းတို့ နှစ်ယောက် ကို မြင်ကြ ရ က မငိုသည့် တိုင်အောင် မဲ့ ဦးမည် ထင်ရ၏ ။

၎င်းတို့ နေကြပုံ ကို ရုပ်ရှင်ရိုက် ၍ မြန်မာအဆွေ ဇာတ်ကား ဖူးဘုရင် အခန်း ကို ကြည့် ၍ တဟားဟား နှင့် ပွဲကျ နေစဉ် ယှဉ်ပြ လိုက် ပါ က ပရိသတ် မှာ စိတ်ဓာတ် တစ်မျိုး ပြောင်းမည် အမှန်ပင် တည်း ။

မကြာမီ မျက်နှာ နှစ်ခု သည် ကပ် သွား လေ၏ ။ ခင်ထွေး ပါးစပ် ကား လှုပ်ရှား နေ၍ “ ကိုလွင် ... ကိုလွင် … ကိုလွင် ” ဟူသော လေသံ သဲ့သဲ့ အကြိမ်ကြိမ် ကြားရ၏ ။ သို့သော် ယနေ့ ရှင်ဘုရင် စည်းစိမ် ခံစားပြီး နက်ဖြန် သေရမည့် သူ နှင့် ပင် တူ တော့၏ ။ ထို့နောက် သိန်းလွင် မှာ မားမားကြီး ရပ်နေ ပြန် လေ၏ ။ စကားတစ်ခွန်း မျှ မပြောကြ ၊ ပြောချင်၍ လည်း စကား မထွက် ၊ နောက်မှ -

“ ထွေးထွေး ”

“ ကိုလွင် ”

“ သွားတော့မယ်နော် ”

ခင်ထွေး ကား ဘာမျှ မပြောဘဲ အကြောင်သား ငေးကြည့် နေမိပြီး ရှိုက်နေ ပြန်လေ၏ ။ ထို့နောက် မှ သိန်းလွင် သည် အား မရှိသော ၊ အကြော မရှိသော ၊ သွေး မရှိသော ၊ ငြင်းဆန် နေကြသော ခြေထောက်များ ကို အခန်းပြင် ဘက် သို့  မှိတ်၍ ဆွဲခဲ့ရလေ၏ ။ မှိုင်းမဝ သေးသော ဘိုးသူတော်ရုပ် မီးပုံးပျံကြီး ကဲ့သို့ ခေါင်းကြီး ကား ငိုက်စိုက်ကြီး ဖြစ် နေ၏ ။ မကြာမီ လှေကားဆင့် များ ပေါ်သို့ ရောက် ခဲ့၏ ။ ဒူးများ ကား တုန် ၍ နေ တော့၏ ။ ရင် ထဲ ၌ ဆို့ ၍ နေလေ၏ ။ မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီရောက် မင်းတရားကြီး နန်းတော် မှ ဆင်း၍ မွန်တို့ ထံ လိုက်ရ စဉ် က ပူ ရှာသော အပူမီး ထက် မပို သော် လည်း အောက် မကျသော အပူမျိုး ကို ခံစား နေရရှာ လေ၏ ။ တစ်ဦး ဦး က မချစ် ၍ ခွဲ ရသည် ထက် နှစ်ဦး ချစ်လျက် ကွဲခြင်း ကား အဆ များစွာ ပိုမို ဆိုးဝါး၏ ။ ခံနိုင်စရာ မျှ မရှိချေ ။

ခင်ထွေး မှာ မောင်သိန်းလွင်ကလေး စိတ် မပါဘဲ အားခဲ၍ ထွက်ခွာ ရသည် ကို မကြည့် ရက် မကြည့်ဝံ့ ဖြင့် ထိုင်ရာ မှ မထ ဘဲ တစ်ကိုယ်လုံး ဆတ်ဆတ် တုန်အောင် သာ ငို၍ နေ၏ ။ သို့ သော် ငြိမ်ငြိမ် ထိုင် ၍ မနေနိုင်ဘဲ ရပ်တည်ရာ မရ ဖြစ်နေရှာ လေ၏ ။ အတင်း ပြေး ကာ လိုက် လို လှ၏ ။ သိန်းလွင် အား မပြန်ပါနှင့် တော့ ဟု ပြောလို လှ၏ ။ သို့ပင်ငြား လည်း မိန်းမကောင်း တို့ ၌ သာ ရှိစွမ်း နိုင်သော စိတ် အား ဖြင့် အာသီသများ ကို နှိမ်နင်း လိုက် ရှာ၏ ။ နောက်ဆုံး အကြိမ် အဖြစ် ဖြင့် မျှော်ကာ ကြည့် ရန် ပြတင်းပေါက် ဆီ သို့ ပြေး၍ ကြည့် လိုက်ရာ သိန်းလွင် အား မြင်ရ လေ၏ ။

“ အို …. ကိုလွင် ရဲ့ မလွှဲသာ လို့ သာ ခွဲ ရတယ် ။ ဟိုတုန်းက များ ဖြင့် လေ စစ်ဗိုလ်ကြီးများ လမ်းလျှောက် သလို မားမားထောင်ထောင်ကြီး လျှောက်တယ် ၊ အခုတော့ ဖြင့် အာဏာသား လက်တွင်း သွားရတော့မယ့် ပုံလို ညှိုးညှိုးခွေခွေ သွားရရှာ ပကော ။ ကျက်သရေရှိ လှတဲ့ မျက်နှာကလေး လည်း အမယ်လေး  ...  ဘယ်လို ပြောင်းပါလိမ့် ၊ ဗိုလ်ကေကြီး ကလည်း ဖွာ လို့ ၊ အို .. လေ က လည်း တိုက်လိုက်တာ ၊ ဒုက္ခသည်ကလေး လမ်း သွား တာ ကောင်းကောင်း သွားပါစေတော့လား ၊ ကြည့် ပါလား အပေါ်အင်္ကျီ လည်း လန်သွားတာပဲ ၊ ရှိခိုးပါရဲ့ လေနတ်သားရယ် ငြိမ်စမ်းပါ ။ ဟော ...  ဟော ... ပုဆိုးမြိတ် လည်း လွင့်လွင့် သွားတာပဲ ၊ အမယ်လေး ခြေတုံ့ ပြီးများ လဲရချေ ရဲ့နော် ၊ သွားရော့ ကိုလွင် ရဲ့ အသည်း နာလှပေါ့ ” ဟု တိုးတိုးပြော ဆဲပင် သိန်းလွင် သည် လမ်း‌ထောင့် တစ်ခု တွင် ကွယ်သွား လေ၏ ။ ကွယ် လျှင် ကွယ်ချင်း ခင်ထွေး မှာ အဆွေးအလေးချိန် ကို မတ်တတ် နိုင်နင်းစွာ မရွက်ဆောင်နိုင်ဘဲ ကြိုးပြတ်သော အရုပ် ကဲ့သို့ ကြမ်းပြင် ပေါ် သို့ ခွေလျက် လဲ သွားရှာ၏ ။

ခင်ထွေးကလေး မှာ ညနေတိုင်း ညနေတိုင်း မိမိ ချစ်သူ ရည်းစားသည် မောင်သိန်းလွင် အား မျက်နှာ ပြ လာ ရှာ လိမ့်မည်နိုးနိုး ဖြင့် မျှော်လင့်ကာ နေလေ၏ ။ သို့သော် မှာသော အတိုင်း မလာ ၊ မလာသည့် အတိုင်း မသက်မသာ ရှိရှာ လေ၏ ။ မိမိ ကိုယ် ကို ပင် အပြစ် တင်မိ၏ ။ ‘ ငါ မှားလေခြင်း နောက်ခါ လာ နောင်ခါ ဈေး ပေါ့ ၊ ကိုလွင် ကို ဘာလို့ ဒီလို အတင်းအကျပ် ပြောမိ သလဲ ၊ ဟဲ့ ... မိခင်ထွေး မိန်းမလည်ကြီး ရဲ့ … အခုတော့ ကောင်းသေးရဲ့လား ၊ မြင်ချင်လို့ မှ မမြင်ရတော့ပါဘဲကလား ' စသည် ဖြင့် မိမိ ကိုယ် ကို မိမိ ဒေါသ ဖြစ်၍ နေလေ၏ ။ မြင့်လှစွာသော တောင်ကြီး ကို မဖြတ်ကျော် လို ၍ လမ်း တစ်ပါး လွှဲ ရာတွင် ကျယ်ဝန်းသော သဲကန္တာရကြီး ကို ဖြတ်ရ သကဲ့သို့ ခင်ထွေး မှာ အပူ ငြိမ်းစေတော့ ဟု ကြံဖန်ကာ ပြုလုပ်ခြင်း ပြီးသည် ၏ အခြားမဲ့ ၌ ပရိဒေဝ ဒုက္ခမီး တစ်ခု တောက်လောင် ပူပြင်းလှသော ကန္တာရကြီး ကို ဖြတ်ကျော်နိုင် ဖို့ ပင် ခဲယဉ်းလှလေ၏ ။ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်နှင့် ရည်းစား သည် ကို တမ်းတ ရင်း ပင် အချိန် ကုန် ခဲ့ပေ၏ ။ အချိန်ကား တစ်နေ ဝင် တစ်နေ ထွက် တစ်လ ဆန်း တစ်လ ဆုတ် ဖြင့် ပြောင်းလဲခဲ့ ပေပြီ ။ ခင်ထွေး ၏ စိတ် မှာ ကား မပြောင်းလဲ ဘဲ အချိန် ရှိသရွေ့ လွမ်းနာ ကျ နေ လေ၏ ။

မောင်သိန်းလွင် ကား ဆား နှင့်ချဉ်သီး မြင်သော လျှာ သည် ဂနာ မငြိမ်လေသော သဘော ဖြင့် လည်းကောင်း ၊ ဘိန်းဖြတ်ထားသော သူ သည် ဘိန်း ကို မြင်လျှင် ရှူချင် လာ တတ်သော သဘောဖြင့် လည်းကောင်း ၊ လောဘကြီးသော သူသည် ငွေ ကို မြင်လျှင် လိုချင်တတ်သော သဘော ဖြင့် လည်းကောင်း ၊ ခင်ထွေးကလေး ကို စွဲ မိသော မိမိ မှာ ၎င်း အနီး သို့ ချဉ်းကပ်မိလေ ၊ မရမနေ နိုင် ပိုင်ပိုင်စိုးစိုး လှိုင်လှိုင်ဖြိုးဖြိုး ချစ်သွေး တိုးသဖြင့် ခင်ထွေး ကို အမြဲ အသုံးပြုရန် လိုင်စင်များ လိုချင်မည့် တွက်တာကြောင့် ခွာ ၍ သာ နေရှာ တော့၏ ။ ခင်ထွေး ပြောသည့် အတိုင်း မျက်နှာပြ သွား ရမည် လည်း ခက်ခဲ လှ၏ ။ မျှော်တော်ဇောနှင့် မောရမည့် အခြေ ကြောင့် အနှောင့်အယှက် အပို ကပ်၍ မလိုအပ်ပြီ ဟူသော သဘော ပိုက်ကာ ‘ နီးလျက် နှင့် ဝေး ’ လုပ်နေရှာတော့၏ ။ မေ့ပစ် ဖို့ ကား လုံးလုံး မဖြစ် ၊ တကယ် မဖြစ် ၊ သိပ် မဖြစ်ပင် ။ သွားစဉ် ၊ လာစဉ် ၊ ထိုင်စဉ် ၊ လျောင်းစဉ် ၊ အိပ်စဉ် ၊ စာဖတ်စဉ် ၊ စကားပြောစဉ် များ ၌ ထွေးထွေး ၏ မျက်နှာကလေး သည် ၎င်း ၏ မျက်စိ ထဲ ၌ ဝဲလည်ကူးယှက် ခါ သာ နေတော့၏ ။ ခွဲခါနီး က “ ကိုလွင် ... ကိုလွင် ” ဟု တကြော်ကြော် လေပျော့ကလေး နှင့် ခေါ်ရှာ သော အသံ ကို အမြဲ ကြားယောင် ရှိ နေလေ၏ ။ ဖျောက်ဖျက် ၍ မရသော စကားများ ပင် ဖြစ်တော့၏ ။ အခါပေါင်း များစွာ ၌ လည်း ယခင် ယခင် အခါများ က ချစ်ခင် နှစ်သက် ဆက်ဆံခဲ့ပုံ အဖုံဖုံ ကို အာရုံ ဝင်စားရင်း ပျော်သလို လို ရှိသော် လည်း ကွဲရပြီ ဟု အမှတ်ရသည် နှင့် တစ်ပြိုင်နက် ဝမ်းနည်း ပက်လက် ပင် ဖြစ်ရ ပေတော့၏ ။

သို့ကလို ခင်ထွေး က ခွဲကြဖို့ တောင်းပန် ၊ သိန်းလွင် က တောင်းပန်သည့် အတိုင်း လိုက်နာ ၊ လိုက်နာ သော ကြောင့် အခြား အခြား အကြောင်းများ ၌ တောင်းပန် တိုင်း ဆောင်ရွက် လျှင် ဝမ်းသာဖို့ ဓမ္မတာ ဖြစ်သော်လည်း ခင်ထွေး မှာ ကား စိတ်ထားတော် ဗျာပါ ပို၍ မလာလို မလာရက် သူတစိမ်း အသွင်ပြု နိုင်သော သိန်းလွင် အား တမ်းတ ငိုမိ ရှာတော့၏ ။ “ ကိုလွင် ရေ ... ကိုလွင် တို့ စိတ် မှာ တော့ ယောက်ျား စိတ် မို့ ဖြတ်ဆို လည်း ဖြတ်ရဲတာပဲ ၊ စိတ် ကို လည်း နိုင်အောင် ဆုံးမနိုင်ပါပေရဲ့နော် ။ ယောက်ျားကောင်း ပီပီ လုပ်တဲ့ အလုပ်ပေပဲ နော် ၊ ဟောဒီက ထွေးထွေး မှာ ဒီလို နေရာ မှာ ယောက်ျား ပီသတာ ကို မခံနိုင်တာဘဲ ။ အမယ်လေး မှားကြပေါ့ ၊ ဘာ ဖြစ်ဦးမှာလဲ ဟင် ၊ နောင်ခါ လာ နောင်ခါ ဈေး ပေါ့ ဟဲ့ ... မိခင်ထွေး နင့် ကိုယ် နင် မိန်းမလည် ကြီး လုပ်ပြီး ခွဲ နိုင်တယ် ခွာ နိုင်တယ် ဆို ၊ စိတ်တင်း နိုင်ပါတယ် ဆို ။ အခုတော့ ဘယ့်နှယ် ရှိသေးသလဲ ၊ မနည်းကြီး လေးလံတဲ့ တာဝန် ကို ထမ်းတာ ကိုး ၊ ဒုက္ခ ရောက်တာပဲ ကောင်းတယ် ။ အို .… ကျွန်မ အချစ်ကြီး ကိုလွင် ရေ .… ကျွန်မ က တော့ ကိုလွင် နဲ့ ချစ်ခင်ခဲ့ကြ တုန်းက သမီးရည်းစား ဘဝ ကို စားမြုံ့ ပြန် ပြီး အခု လောလောဆယ် ဒုက္ခတွေ ကို ငုံ့ ခံ ရတော့မှာပဲ ။ ကိုလွင် ...  ရှင် ဟာလေ ရွှေပကတိ နှင့် လုပ်ထားတဲ့ သေတ္တာ ထဲ မှာ ပတ္တမြား မြကျောက် ဆိုတဲ့ အဖိုးတန် ရတနာတွေ ပြည့် နေတာလို ဉာဏ်ပညာ လုံ့လဝီရိယ နဲ့ အကျင့်စာရိတ္တ ကောင်း တွေ ပြည့် နေတဲ့ ကိုယ်ကာယကြီး ပိုင်ရှင် ပေပဲ ရှင် ။ မဖြစ်နိုင်တဲ့အကြောင်း မို့ သာ လွှတ် လိုက် ရတယ် ကိုလွင် ရယ် ၊ ကျွန်မဖြင့် ဘယ်နည်းနဲ့ မှ ဖြေဖျောက်လို့ မရတော့ပါဘူး ’ စသည် ဖြင့် တွေးတော ညည်းညူ ကာ ဖြင့် အချိန် ကုန်စေတော့၏ ။ သိန်းလွင် ကို စဉ်းစားခြင်းတည်း ဟူသော ရေငွေ့ တို့ သည် ခင်ထွေး တည်း ဟူသော တောင်ထိပ် ကို ဖြတ်ကျော်သော အခါ ရေပေါက် ရေစက် ဖြစ်၍ ကျတည်း ဟူသော မျက်ရည်အစက်စက် လှိုင်လှိုင်ကြီး ထွက်ခဲ့လေ သတည်း ။ ဘုရား ကို အောက်မေ့ ၊ ကိုရန်ကျမ်း ကိုဖတ် ၊ သခင်မဟာမက် တရားများ တွင် စိတ်ဝင်စား ၊ အစ္စလာမ်တရား ကို နာ ၊ ရုပ်ရှင် ကို ကြည့် ၊ သီချင်းဓာတ်စက် ကို ဖွင့် ၊ ဟဒယရွှင်ခန်း ဖတ် ၊ စိတ် အေးရန် အတန် တန် ကို ရှာကြံပါ သော်လည်း စိတ် မအေး ၊ ခင်ထွေး မှာ အစဉ် ဆွေးခြင်း ဖြင့်သာ မအားမလပ် ရှိရှာ လေ၏ ။

စိတ် ထောင်း က ကိုယ်ကြေ သဖြင့် ခင်ထွေး ကား ယခင် ကကဲ့သို့ အိအိစက်စက် ဝင်းဝင်းဝိုင်းဝိုင်း စိုစိုပြည်ပြည် ရွှန်းရွှန်းတောက်တောက် ထောင်ထောင်မောင်းမောင်း ထည်ထည်ဝါဝါ စက်စက်ရက်ရက် အလှသွေး တက်လှသော ကျက်သရေရှင်မကလေး မဟုတ်ရှာ တော့ဘဲ ၊ နွမ်းလျပျော့ခွေ စုတ်စွေစွေ နှင့် နေထိသော ပန်း ကဲ့သို့ မလန်းမဆတ် ရှိရှာ လေ၏ ။ တစ်နေ့ တခြား တိုး၍ သာ ကြုံလှီ လာ တော့ပေ၏ ။

ငါးလ ခန့် မျှ ကြာ လတ်သော် အချိန် ကုန်ခဲ့စေမူ အဆွေး မကုန်ခဲ့သော ခင်ထွေး မှာ တဖြည်းဖြည်း ပိန် သည် ထက်ပိန် ၊ ကျုံ့ သည် ထက် ကျုံ့ ၊ ချည့် သည် ထက် ချည့် ၊ နဲ့ သည် ထက် နဲ့ သောကြောင့် အဆုံး ၌ အိပ်ရာ မှ ပင် မထနိုင်ရှာတော့ဘဲ စိတ္တဇ ဝေဒနာ ကို ခံစား၍ သာ နေရှာတော့၏ ။ မိခင်ကြီး ဒေါ်ညွန့် မှာ အဖုံဖုံ ယုယ ပြုစု၍ ဆရာတစ်စု တို့ နှင့် ကုသ ပါ သော်လည်း ဝေဒနာ မှာ လျော့ခြင်း မရှိ ၊ တိုး ၍သာ နေညပေတော့၏ ။ ခင်ထွေး ...  ခင်ထွေး မိန်းမမြတ်ကလေး ၊ ယခု တောင် ကို ကျော်နိုင်ပါဦး မည် လော ၊ ကျော်နိုင်ဖို့ မမြင် ။ ယခု ပင်လယ်ကြီး တစ်ဖက်ကမ်း ရောက်အောင် ကူးနိုင်ပါမည် လော ၊ ကူးနိုင်ဖို့ အကြောင်း မရှိ ။ သိန်းလွင် နှင့် မပေါင်းရ သမျှ ကာလပတ်လုံး နာလန် ထ နိုင်ဖို့ ခဲယဉ်းလှ ပေစွ ။ စိတ်ပျက် စရာပင် ။ ၎င်း သည် မိခင် အား ဖြစ်စေ ၊ မိတ်ဆွေများ အား ဖြစ်စေ မိမိ ဒုက္ခ အကျိုးအကြောင်း ကွယ်ဝှက် ထားလေ၏ ။ တွေ့သမျှ ကို မှိတ် ၍သာ ခံစား နေရှာတော့၏ ။

ခင်ထွေး မှာ စိတ်ရင်း ကောင်းမွန်သူ ဖြစ်သဖြင့် လည်းကောင်း ၊ စကား အပြော အဆို ပြေပြစ် သဖြင့် လည်းကောင်း ၊ ဆရာမ ဖြစ်သဖြင့် လည်းကောင်း ၊ အဆင်းလှပခြင်း ကြောင့် လည်းကောင်း ၊ ယုယုယယ နှင့် ပြု မည့် စု မည့် သူ ၊ ထူ မည့် ထမည့် သူ ၊ မေး မည့် မြန်း မည့် သူ အလွန် ပေါလှ၏ ။ ၎င်းတို့ အထဲ ၌ ဒေါ်တင် ဆိုသူ ( ဗုဒ္ဓဘာသာ ) သည် အထူးအချွန်ဆုံး ဖြစ်၏ ။ ၎င်း သည် ခင်ထွေး ၏ အိမ်နီးနားချင်း မိတ်ဆွေရင်း ၊ ကိုသိန်းလွင် နှင့် ခင်ထွေး အကြောင်း ကို ကျကျနန သိ သူ ဖြစ်ပေသည် ။ အဆက်အသွယ် ၌ အနည်းငယ် ပင် စွက်ဖက် ခဲ့ဖူး၏ ။ ထို့ကြောင့်  နေ့ ရော ညဉ့် ပါ ခင်ထွေး အား စောင့်ကြပ် ပြုစု လေ၏ ။ မည်သို့ပင် ပြုစုကြပါ သော်လည်း ခင်ထွေး ကား မသက်သာ ၊ ဆေးဆရာများ တို့ လည်း ဝေးရာ သို့ သာ ကွင်းကြ ကုန်၏ ။

နေမင်းကြီး ကား ဝင် တော့မည် ။ ဝိုင်းစက် နီမြန်းသော နေဝန်းသည် ပတ္တမြားဘောလုံးကြီး ပင် လော ဟု အောက်မေ့ ရ၏ ။ ၎င်း ၏ ဝင်းလျှံ တောက်ပသော ရောင်ခြည်များ ကို ကမ္ဘာ လောကကြီး ပေါ် သို့ ဖြန့်ဖြူး နေဆဲ ဖြစ်၏ ။ စိမ်းလန်း စိုပြည်သော သစ်ပင်ဝါးပင် တို့ ၏ ထိပ်ဖျား တွင် နေခြည် နား နေလေရာ မြရတနာ ကို အထက် က ရွှေကွပ်ထား သကဲ့ သို့ ပင် ပနံရလှ တင့်တယ်လှ တော့၏ ။ ၎င်း သစ်ပင်များ ကို တောင်လေ က ကစား လိုက် သဖြင့် ငြိမ်ငြိမ်မတ်မတ် မနေနိုင် ဘဲ မြောက်ဘက် သို့ ယိမ်းကြ ရ လေ၏ ။ လေ ရပ်လျှင် တစ်ဖန် ပြန်ထောင် လာကြပြန်၏ ။ သို့ ငုံ့ လိုက် ထောင်လိုက် အားဖြင့် ဝင်မည့်ဆဲဆဲ နေမင်း ကို နှုတ်ဆက် နေ ကြတော့၏ ။

ထို သာယာသော ညနေခင်း အချိန်ဝယ် မောင်သိန်းလွင် သည် အိမ်ဦး ၌ စာ ဖတ် နေလေ၏ ။ စာ ဖတ်ရင်း စဉ်းစား နေ လေ၏ ။ သို့သော် စဉ်းစားရင်း စာ ဖတ်သည် ဆိုက သာ၍ မှန်ပေမည် ။ ယခုကား ထူးခြား၏ ၊ သိန်းလွင် ၏ စိတ် ရပ်တည်ရာ မရ ၊ စာ မှာ စိတ် မဝင် ၊ မည်သို့သော အကြောင်းကြောင့် ဟူ၍ မသိရဘဲ နေ့တိုင်း ထက် စိတ် ပို၍ မရွှင်ပျဘဲ ညှိုးနွမ်း နေ လေ၏ ။ ခင်ထွေး ကို အမြဲ အမှတ်ရ နေ၏ ။ ၎င်း ၏ မော့ကာ ကြည့်နေသော သနားစရာ မျက်နှာကလေး နှင့် “ ကိုလွင် .. ကိုလွင် … ကိုလွင် ” ဟု မိမိ အား တကြော်ကြော် ခေါ်သော လေသံကလေး တို့ ကို နေ့တိုင်း ထက် ထူးကဲစွာ အမှတ်ရ တော့၏ ။ စာအုပ် ထဲတွင် စာ ကို မမြင်ရ ၊ ၎င်း ၏ မျက်နှာကလေး ကို သာ မြင်ရ၏ ။ သစ်ပင် ပေါ်  ကြည့်ပြန် က လည်း ၎င်း ၏ မျက်နှာကလေးများ ၊ သစ်ပင် အောက် ကြည့်ပြန် က လည်း ၎င်း ၏ မျက်နှာကလေးများ ၊ အိမ်တွင်း သို့ ကြည့်ပြန် က လည်း ၎င်း ၏ မျက်နှာကလေးများ ၊ ယုတ်စွ အဆုံး မိမိ အင်္ကျီအိတ်ထောင် တွင်း မှာပင် ၎င်း ၏ မျက်နှာကလေးများ ကို မြင် နေ ရ၏ ။ ခင်ထွေး ၏ သာယာချိုမြသော အသံများ ကို ကြားယောင် ရှိ ရှာလေ၏ ။ ထိုအတွင်း လေများ က လည်း ၎င်းအား ဖြတ်ကျော် တိုက်ခတ် သွားလေ၏ ။

“ အို … လေများတို့ ၊ အသင်တို့  ခဏ ရပ်ပါဦး ၊ အသင်တို့ မှာ အလုပ် မရှိ သဖြင့် လွတ်လပ်စွာ လှုပ်ရှား နေကြသည် ။ အသင်တို့ မှာ ပျော်စရာ ပျက်စရာ ကလက်စရာ လောက် သာ ကြံစည် ဆောင်ရွက် နေကြသည် ။ အသင်တို့ ပျော်ကြသလို ကျွန်ုပ် လည်း ပျော်လိုပါ၏ ၊ သို့သော် မဖြစ်ပါ ။ ချစ်သူ နှင့် ကွေကွင်းရခြင်းတည်း ဟူသော စိတ် ဆင်းရဲ သည် ကျွန်ုပ် အား အဘယ် မှာ ရွှင်ပျ မြူးထူးစေပါအံ့နည်း ။ အသင်တို့ ကျွန်ုပ် အား ဖြတ်ကျော် ၍ အဘယ်ကို သွားကြပါမည်နည်း ။ လေများ တို့  ၊ ခိုင်းသည် ဟု လည်း မအောက်မေ့တော်မူကြပါကုန်လင့် ၊ သင်တို့ သည် လမ်း ၌ ကျွန်ုပ် ၏ အချစ် ခင်ထွေးကလေး နှင့် တွေ့ပါလိမ့်မည် ။ သို့ တွေ့သော အခါ အသင်တို့ ၏ အအေးဓာတ် ဖြင့် ပွတ်သီး ပွတ်သပ် တိုးဝှေ့ ၍ ၎င်း ၏ စိတ် ကို ရွှင်အောင် မစခဲ့ကြပါ ။ ခင်ထွေးကလေး မှာ လည်း ကျွန်ုပ် ကဲ့သို့ ပင် စိတ် မချမ်းမြေ့ ဘဲ ရှိရှာပါ လိမ့်မည် ၊ ကြည်လင် မြူးပျော်စေ သော ဆေး ကို ၎င်း အား မစခဲ့ပါကုန် ၊ အို ... အသင် လေ တို့  ၊ ကျွန်ုပ် စကား အနည်းငယ် ကို လည်း မှာပါရစေ ၊ ခင်ထွေး ၏ နား သို့ ပို့ဆောင်ပါလေ ။ ကျွန်ုပ် ၏ အချစ် သည် ကြာရှည်စွာ ခွဲရ သဖြင့် မညှိုး မခြောက်ဘဲ ပိုမို အားသန် လန်းဆတ်ပါသည် ။ ကျွန်ုပ် အချစ် သည် ကျွန်ုပ် အသက် နှင့် အမျှ ဆက်လက် နေပါမည် ။ စုတိပြန် ပါ လည်း အချစ် ကို အတူတူ ဘဝ တစ်ပါး သို့ ဆောင်နိုင် ပါ က ဆောင်ယူ သွား ပါမည် ။ ထွေးထွေး အား ဘယ်လို နည်းနှင့် မျှ မမေ့နိုင်ပါ ၊ အို … လေ တို့ ၊ ၎င်း စကားများကို ခင်ထွေးကလေး နား တွင်း သို့ သွတ်ခဲ့ပါလေ ၊ သင်တို့ ကျေးဇူး ကို မမေ့ပါ ” စသည်ဖြင့် မျှော်ရမ်းတွေးဆ ရင်း ပင် ခင်ထွေး အတွက် ရတက် မအေး ဖြစ်ပြန် သဖြင့် ' အို…လေမင်း တို့ ရှုပ်သည် ဟုလည်း မအောက်မေ့တော် မူကြပါနှင့် ၊ ခင်ထွေးလေး ကျန်းမာ ချမ်းသာ စိတ်ရွှင်ပါ စေကြောင်း ဆုတောင်း ပါသည် ဟု လည်း ပြောကြားတော် မူပါ ’ ဟု ဆက်လက် မှာ ပြန်လေ၏ ။ သို့နှင့်လည်း အားမရ ၊ ခင်ထွေးကို မြင် လို ၊ ခင်ထွေး အသံ ကြား လို ၊ ခင်ထွေး အကြောင်းကို သိ လို ချင်ခြင်းများ သည် ၎င်း ၏ စိတ် ထဲ ၌ သူ့ ထက် ငါ အလုအယက် ပေါ်ထွက် လာ ကြလေ ကုန်၏ ။ ထို့ကြောင့် ဒေါ်တင် တို့ အိမ် သို့ မှန်းဆ ၍ ထွက်ခဲ့ လေ၏ ။

ဒေါ်တင် တို့ အိမ် သို့ ရောက်သောအခါ ဒေါ်တင် က ဆီး၍ မကြို ဘဲ ပူပန် မကင်းသော မျက်နှာ ဖြင့် ကြည့်၍ သာ နေလေ၏ ။

“ ဒေါ်ဒေါ် ကျွန်တော်တို့ တော့ ခွဲကြည့် ကြတာပဲ ၊ စိတ် ကို ဖြတ်လို့ မရဘူးဗျာ ၊ ဒီနေ့ တော့ နေ့တိုင်း ထက် ထူးပြီး ခင့် ကို အမှတ်ရ နေတာပဲ ၊ စိတ် လည်း သိပ် လေးတာပဲ ၊ မနေ့ည က ဆို လည်း အိပ်မက် မကောင်းဘူး ဗျ ၊ နောက် မိုးလင်း လည်း သူ့ မျက်နှာကလေး မြင်နေတာပဲ ၊ သူ့ အသံကလေး ကြား နေတာပဲ ၊ သူ့ ချည်း အမှတ်ရ နေတာပဲ ဗျ ။ ဒါနဲ့ ဒီနေ့ တော့ သူ့ မမြင်ရ တောင် ဘဲ သတင်းကလေး ဖြစ် တော့ သိရစေ ဆိုပြီး ဒေါ်ဒေါ့် ဆီ လာခဲ့တာပဲ ။ သူ့ ခမျာ လည်း မခွဲချင် ဘဲ ခွဲရတာ ဗျ ၊ အခု မာမာဆာဆာရှိရဲ့လား ” ဟု မေးသည့် တိုင်အောင် လည်း ဒေါ်တင် မှာ မလှုပ်မရှား ငြိမ်သက်စွာ နေ လေ၏ ။ ထို့ကြောင့် ဆက်လက်၍ “ ကျန်းကျန်းမာမာ ပဲ ရှိရဲ့လား လို့ မေးပါတယ် ဒေါ်ဒေါ် ၊ ပြောစမ်းပါဦး ” ဟု သိချင်ဇော နှင့် မေး ပြန်လေ၏ ။

“ သူ့ အကြောင်း ပြောပဲ မပြောချင်ပါဘူးကွယ် ” ဟူသော အသံ ကို ကြားရ သဖြင့် သိန်းလွင် မှာ တုန်လှုပ်ချောက်ချား နေ လေ၏ ။

“ ဟယ် .. ငသိန်း ကို မေ့ပြီး သဘောတွေ့ ကြည်ဖြူတဲ့ လူ နဲ့ များ ပေါင်း နေကြရော့လား ၊ ဒီလိုမှ မဟုတ်ဘဲ ငသိန်း အတွက် အခက် ကြုံပြီး ဘယ်လိုများ ဖြစ်လို့လဲ ” ဟု မိမိ ကိုယ် မိမိ မေးခွန်း ထုတ်ပြီးနောက် မှ “ ပြောစမ်းပါ အဒေါ်ရယ် ၊ ထိတ်လှပါပြီ ”

“ ကွယ် … တစ်ယောက် နဲ့ တစ်ယောက် ကွဲကြပြီး မှ ဖြင့် မသိချင်ပါနဲ့ တော့ ၊ အပူအငုတ် တုံး ပြီး မှ ဖြင့် လည်း တုံးပါစေတော့ ” ဟု လေးလေးကြီး ပြောလိုက် လျှင် သာ၍ပင် ဝိတက် ဝိစာရ များ လာ ကာ -

“ မဟုတ်ပါဘူး ဒေါ်ဒေါ် ရယ် ၊ ပြောသာ ပြောပါ ။ ကွဲ ပေမဲ့ မုန်းလို့ ကွဲကြတာ မှ မဟုတ်ဘဲ ။ ရှေး အချစ်ဟောင်း အကြောင်း ကို သိချင်တာပဲ အဒေါ် ၊ ကဲ ... ဘာမှ ထိမ်ဝှက် မထားပါနဲ့ ”

ဟု ရှုံ့မဲ့ ကာ မေးရှာ လေ၏ ။

“ လှံ ထမ်းလာတာ ကို သာ မြင်ရတယ် ၊ ကံ ဆန်းလာတာ မမြင်ရဘူး ဆိုတာ လိုပဲ ၊ ကံ ရဲ့ ပြုမူပုံ ကို ကြိုတင် ပြီး မြင်နိုင်ကြတာ မဟုတ်ဘူး နော် ။ သဗ္ဗေ သတ္တာ ကမ္မသကာ ဆိုကပဲ မောင် ရယ် ၊ နောက် နောက် ဘဝတုန်း က မောင့် ကို ဘယ်လိုပြုခဲ့ကြတဲ့ ဝိပါက အကြွင်း လည်း မပြောတတ် မတွေးတတ်အောင် ဘဲ ရှိတော့တယ် ။ မင်းတို့ မှာ လေ ရှင်ကွဲ ကွဲရတာပဲ စိတ်ဆင်းရဲ ဒုက္ခ ကြီးလှပြီ နော် ၊ သို့သော် ကံ ကို က ရှင် ကွဲကွဲ ရုံ နဲ့ ” ဟု ပြောသည် နှင့် တစ်ပြိုင်နက် သိန်းလွင် မှာ ဣန္ဒြေ မဆောင်နိုင်တော့ ဘဲ အသည်း လှိုက်ဖို ဗျာ ပို၍ ငိုတော့မည့် အသွင် မျက်နှာ တွင် ထင်ခဲ့လေ သတည်း ။

“ အင်း ... ရှင်ကွဲ ကွဲရုံ နှင့် မကျေနပ်သေးဘူးကွယ် ၊ သူ့ ခမျာ မှာ လည်း မောင့် စိတ် နဲ့ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်ဖြစ်ပြီး ”

သိန်းလွင် မှာ မူကား ယောက်ျား ... ယောက်ျား ဟူသော သဘာဝ အားဖြင့် ခိုင်မာသော စိတ်ဓာတ် ရှိ၏ ။ သိန်းလွင် ၏ ပင်ကို မူလစိတ် သည်လည်း တင်းမာ ခိုင်ခံ့လှပေ၏ ။ ယောက်ျား သဘာဝ နှင့် ခိုင်မာသော ပင်ကို စိတ် ကို ပေါင်း သော် အတိုင်း ထက် အလွန် ခိုင်မာသော စိတ် ရှိ၏ ။ သို့သော် သံမဏိ သည် မီး ဖြင့် ဖို တင်၍ ထိုးသော် အရည်ပျော်ရသေး သကဲ့သို့ ဤ မျက်မှောက် ဒုက္ခမီး နှင့် အမြိုက် ခံ ရသော သိန်းလွင် ၏ စိတ်တင်း စိတ်မာ စိတ်ခိုင် တို့ သည် အရည် ပျော် ၍ မျက်ရည် အဖြစ် ဖြင့် ပြူးကျယ် စူးစိုက် နေသော မျက်လုံးများ မှ ကျဆင်း လာခဲ့ကြလေ သတည်း ။

မိခင် ဝမ်းတွင်း မှ ဖွားမြင်သည့်ကာလ မှ စ၍ ခင်ထွေး နှင့် ကွဲကွာသည့် အချိန် တိုင်အောင် ပစ္စည်း ချို့တဲ့ သဖြင့် ခံစားရသော ဒုက္ခ ၊ ဆွေမျိုးသားချင်းချင်း မကောင်း သဖြင့် ကြုံရသော ဒုက္ခ ၊ ရန်သူမျိုး ငါးပါးတို့၏ အတိုက်အခိုက် မှ ခံရသော ဒုက္ခ ၊ ဤ ဒုက္ခ အတန်တန် တို့ ကို ဘယ်သော အခါ က မျှ မခံစားရဘူး ။ ယခု ပင် လျှင် ခင်ထွေး နှင့် ပတ်သက်၍ ကြုံဖူးသော စိတ် ဆင်းရဲခြင်း သည် ကား နင့်နင့်တွဲတွဲ လေးလံစွာ ခံရသော ဒုက္ခ ပင် ဖြစ်၏ ။ ဒုက္ခ နှင့် မကြုံ မတွေ့ ဖူးသော သိန်းလွင် အဖို့ယခု ပစ္စက္ခဒုက္ခ သည် ဆိုးဝါးကြမ်းကြုတ် ထိုက် သည် ထက် ပိုမို ဆိုးဝါး ကြမ်းကြုတ်တော့ ၏ ။ လမင်း သည် အရောင်အဝါ တဝင်းဝင်း နှင့် လောကကြီး တစ်ခုလုံး ကို အေးမြသော အရောင်ဖြင့် တန်ဆာ ဆင် နေဆဲ ၌ တိမ်ညိုတိမ်ပုပ်များ ဖုံးလွှမ်း သွား သကဲ့ သို့ သိန်းလွင် အား ကံဆိုးမိုးမှောင် တိမ်ပုပ်ကြီး ဖုံးဖိထားလေ သတည်း ။

ထို့ကြောင့် ယောက်ျား တန် မဲ့ ငိုသကွဲ့ ဟု ကဲ့ရဲ့ လျှင် ကား သိန်းလွင် အား ကိုယ်ချင်း မစာ ရာ ရောက် တော့၏ ။ သိန်းလွင် မှာ ဘာကို လုပ်ရမည် မသိ ၊ စိတ်ထဲ ၌ ဒေါင်ချာ ရမ်း ၍ ဒေါင်ချာ စိုင်း နေ လေ၏ ။ ဘာကို မျှ မပြောနိုင် မကြားနိုင် တော့ဘဲ တအိအိ နှင့် သာ ငိုယိုနေ လေ၏ ။

ထိုနေ့ သည် ကား လဆန်း ၁၂ ရက် နေ့ ဖြစ် သဖြင့် အချိန် မှာ မိုးမချုပ် လှ သေးသော်လည်း လမင်း သည် ကောင်းကင်ခရီး ကို အတော်ပင် ပေါက်ရောက် ခဲ့ လေပြီ ။ လရောင် သည် ပြတင်းပေါက်များ ထဲ မှ တိုးဝင် ၍ လာလေ၏ ။ လရောင် အောက် ၌ ညှိုးနွမ်းပျော့ခွေ ခါ ငိုကြွေး နေသော သိန်းလွင် အား မြင်ရသော သူတိုင်းပင် သနား ၍ ဆုံးနိုင်တော့မည် မဟုတ်ပင် ...  ။

“ ကွယ် … ယောက်ျားကပဲ ... ငိုမနေပါနဲ့ ၊ သဗ္ဗေသင်္ခါရ အနိစ္စတဲ့ ၊ ဘယ်သူ မဆို အနိစ္စ သဘောတရား လွန်ဆန် လို့ ရတာမျိုး မဟုတ်ဘူး တဲ့ ။ သူ့ ခမျာ မှာ လေ မင်း နဲ့ အချစ် မေတ္တာ တူကြပါ လျက် နဲ့ မပေါင်းမသင်း ရ တာ ကို ဘဲ ဝမ်းနည်း ပြီး ဖြစ်ရတဲ့ ဘဝ ကို ပဲ ရွံရှာပြီး နေတယ် ။ ဒီလိုနဲ ပေါ့ ကွယ် စိတ်လက်ညှိုးငယ် လို့ ဒေါ်ဒေါ် တို့ သူ့ အမေ ကို လည်း မင့် အတွက် ဒီလို ဖြစ်တယ် ဆိုတာ ဘာမှ မပြောဘူး ။ အတွင်း ဆွေး ဆွေး နေတာပဲ ၊ ကြာတော့ ဖျားပါရော မောင်ရယ် ၊ ဝေဒနာ ကလည်း တစ်နေ့ တခြား ရင့်ရင့်လာ ပြီးတော့ ဘယ် ဆေးဆရာ မှ လည်း မနိုင်တော့ဘူး မောင်ရေ ...  ၊ မနေ့ ည ကတော့ သူကလေး က လေ ဒေါ်ဒေါ့်  ကို ဒေါ်ဒေါ် ဘယ်မှ မသွားပါနဲ့ ၊ ကျွန်မ အနား မှာ ပဲ နေ ပါနော် ၊ ဒေါ်ဒေါ့်  ကြည့်ရတာ အလွမ်းပြေ သလို ရှိပါတယ် ၊ အား လည်း ကိုးပါတယ်နော်တဲ့ သိလား ” ဟု ပြောပြီး ကျဆင်းသော မျက်ရည်များ ကို သုတ်ရင်း စကား ဆက်ပြန် သည် မှာ -

“ ဒါနဲ့ ဒေါ်ဒေါ် က လည်း ဘယ်မှ မသွားပါဘူး ကွယ် စိတ်ချပါ ၊ ကောင်းကောင်း နေနော် စိတ် မပူပါနဲ့ လို့ ပြောတယ် ။ သူကလေး က လေ မျက်ခွံကလေး လန် ပြီး ဒေါ်ဒေါ့် ကို ကြည့်တယ် ၊ ဒီတော့ ဒေါ်ဒေါ့်  မှာ ဘာ ဖြစ်သွားမှန်း မသိဘူး ၊ တလှိုက်လှိုက် နဲ့ ဝမ်းနည်းပြီး သူ့ ကို သာ သနားတာ ပဲ ၊ သူ ဝမ်းမနည်း အောင် သာ မျက်ရည် အတော်ပဲ ထိန်း ထား ရတယ် ။ ဒေါ်ဒေါ် မေမေ ရှိသလား တဲ့ ၊ မရှိဘူးလို့ ပြောတော့ သူ က ခေါင်းအုံးအောက် ကို လက် နဲ့ ပြပြီး ၊ ဒီအောက် မှာ စာကလေး ရှိတယ် ယူ လိုက်ပါတဲ့ ၊ ဒါနဲ့ သာသာကလေး ခေါင်းအုံး မ ပြီး ယူတာကို ၊ ယူ ပြီး သူ့ ကို ပေး လိုက်တယ် ၊ စာ ကို ဒေါ်ဒေါ့် ဆီ ပြန်ပေးပြီး ဒေါ်ဒေါ် ရယ် ဒီ စာကလေး ကို ကိုကိုလွင် ကို ပေးလိုက်ပါရှင် ဆိုပြီး တစ်ခါတည်း အားရပါးရ ဒေါ်ဒေါ့်  မျက်နှာ ကို သေသေချာချာ ကြည့် ပြီး ပြုံး ရှာတယ် ။ ဝေဒနာ အလယ် မှာ ပြုံး ရှာတော့ မနည်း ဘဲ အား စိုက်ပြီး ပြုံး ရှာတာပဲကွယ့် ၊ မင်း နဲ့ ကွဲ ကတည်း က ဒီ တစ်ခါပဲ ပြုံး ဖူးတယ် ၊ ဒေါ်ဒေါ် တော့ ဟို အရင် က ပြုံး တာမျိုး ပြုံး တာ ဒီ တစ်ခါပဲ မြင်ဖူးတယ် ၊ ဒါနဲ့ စာကလေး ဒေါ်ဒေါ် က ဖတ်ကြည့် တာကို ။ သူ က သူ့ ကိုယ် သူ မမျှော်လင့်တဲ့ အနေမျိုး နဲ့ ကွယ့် ၊ အမယ်လေး ပြောရင်း ပြောရင်း ဆို့ ... ဆို့ ” ဟု ပြောပြီး မျက်ရည် အဖြိုင်ဖြိုင် ယိုဆင်း နေလေတော့၏ ။ နောက်မှ ဆက်လက် ပြောပြန်သည် မှာ

“ ဒေါ်ဒေါ်  က လည်း ဒီလို စိတ်လက် မလျှော့ ဖို့ လို့ ပြော ၊ အမျိုးမျိုး ချော့တာပဲ ၊ သူ က လည်း ငြိမ် လို့ နားထောင် နေတယ် ။ တစ်အောင့် လောက် ကြာတော့ မှ မှေးမှေး နဲ့ အိပ်သလား မဆိုနိုင်ပါဘူး ၊ မောင်ရယ် နောက် ဘာမှ မကြာခင်ဘဲ ကိုလွင် ... ကိုလွင် ၊ ဪ ... ကိုလွင် နဲ့ ညည်းညူ နေတယ် ။ ဒီလိုနဲ့ နှစ်နာရီ လောက် ကြာအောင် စောင့် နေရော ကွယ့် ၊ နောက်တော့ ဒေါ်ဒေါ် ရယ် ရေ တစ်ခွက် လောက် သောက် ချင်တယ် ဆိုလို့ ရေ တိုက်တာ ကို ။ ရေ တိုက်ပြီး တော့ ဒေါ်ဒေါ် ၊ ဒေါ်ဒေါ် လက်မောင်း ကျွန်မ ခေါင်း အောက် သွင်းစမ်းပါ တဲ့ ၊ ဒေါ်ဒေါ် က လည်း သွင်း ထား တာပေါ့ ၊ လက်မောင်း ပေါ် ခေါင်း အုံး ပြီးတော့ ဒေါ်ဒေါ့် ကို ဖက် ထားတယ် ။ ပြီးတော့ မေမေ ဘယ်မှာလဲ တဲ့ ။ သူ့ အမေ က အနား ရှိတယ်လို့ ထူးတယ် ။ မိန်းမကြီး မှာ ပျာ နေတာပဲ ၊ ထိုင်လိုက် ထလိုက် သူတို့ ဘုရား တ လိုက်နဲ့  ၊ အကြံ အိုက် ပြီး မျက်နှာငယ် နေရှာတာပဲ ၊ မွှန် နေ ရှာတာလေ ၊ ဘာမှ မမှုတတ်တော့ဘူး ၊ ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေ ရှာတာပဲ ။ ဒီလိုနဲ့ … မေမေ ကျွန်မ သွားဦးမယ် တဲ့ ပြောတော့ ၊ မိန်းမကြီး က ကျိတ်သာ ငို နေတယ် ။ ဒေါ်ဒေါ့် ကို ဖက်ပြီး မေမေ့ ကို စောင့်ရှောက်ပါ နော် ... ဒေါ်ဒေါ်  ကိုလွင် ကို လည်း ... လို့ ပြောပြီး ဘာမှ မကြာခင် ဆုံးရှာတာပဲ မောင်ရေ ” ဟု ပြောပြပြီး နောက် ချုံးချ ကာ ထပ်၍ ငိုရှာလေတော့၏ ။

သိန်းလွင် မှာ လည်း ယူကျုံး မရ တသမျှော်တွေး ငိုကြွေးရှာလေ သတည်း ။ နာရီဝက် မျှ ကြာ မှ သတိရ ပြီး “ ခင်ရေ - ခင် ရဲ့ မိန်းမကောင်း ပီပါပေ့နော် ၊ ဘာပဲဖြစ်ဖြစ် ဇွတ် နှစ်လို့ ပေါင်းကြပါစို့ ရဲ့ဆိုတော့ လည်း သဘော မတူ ၊ တမင် ကွဲအောင် လုပ် တယ်နော် ၊ ကဲ ... ကွဲချင်တာ အခုတော့ သေကွဲ ကွဲရပြီ ခင် ရဲ့ … ကောင်းသေးရဲ့လား ၊ ခင့် မှာ တော့ ဒုက္ခ ဆုံးပြီး ငသိန်း ကို လည်း အပါ ခေါ်ပါတော့ လား ၊ ခင် မရှိလျှင် ဘာလုပ်ဖို့ ဒီ လောကကြီး မှာ နေတော့ မှာလဲ ၊ ခင် က မှ သေရဲသေးတာ ကိုသိန်း ဘာကြောက်ရမလဲ ။ ကဲ ...  ခင့် နောက် လိုက်မယ် ၊ သေတာပဲ အေးတယ် ” ဟု သဘော ထားပြီး ထိုင်ရာ မှ ထ ၍ ခင်ထွေး ပေးခဲ့သည့် စာကလေး ရင်ခွင် မှ ကျသွား မှ စာ ကို ကောက်၍ ဖတ် လေ၏ ။

စာ ကို တွေ့ ရ လျှင် တစ်ဖန် ဖိုလှိုက် ၍ ရှိုက်ခါ ရှိုက်ခါ နှင့် မျက်ရည် လည် ပြန်လေ၏ ။ ကောင်းကင် ရှိ ကျက်သရေရှင် လမင်းကြီး ကို မော်ကြည့် နေလေ၏ ။ မျက်ရည်များ သည် လမင်း ၏ အရောင် ထဲ ၌ စိန်များ ကဲ့သို့ တောက်ပ နေလေ၏ ။ “ ဪ.….တယ်တော်တဲ့ ခင် ၊ အို ... ခင်မျိုးချစ်ကြီး ရဲ့ ၊ ကိုလွင် လေ ခင် ခိုင်းသလို လုပ်တော့မယ်နော် ၊ ဟုတ်ပါရဲ့ ကိုယ့် တာဝန် ကိုယ် ကျေပွန်ရင် တို့ မြန်မာ ကြီးပွားရေး ဘာခဲယဉ်းမှာလဲ ” ဟု စိတ် ကို တင်းပြန် လေ၏ ။ “ လွတ်လပ်ခြင်း ကို မျှော်လင့် တောင့်တသူ များ မှာ ကိုယ့် တာဝန် ကိုယ် သာ ယူကြရ ပေသည် ။ နိုင်ငံ အသီးသီး တို့ ၌ ရှိနေကြသမျှ သော နိုင်ငံသူ နိုင်ငံသား အပေါင်း တို့ မှာ ကိုယ် နှင့် တကွ လောက ၏ ကောင်းကျိုး ကို ရည်ရွယ်ချက် ထား၍ ကိုယ်တတ်နိုင် သလောက် နှင့် အဆင့်ဆင့် တိုးတက် ရွက်ဆောင်ရမည့် ဝတ္တရား အသီးသီး ရှိကြပေသတည်း ” ဟူသော မန္တလေးမြို့ မြို့တော်ဝန် ဟောင်း ဦးဘဦး ရေးသား သော နိုင်ငံရေးပညာ စာအုပ် မှ စကားများ ကို အမှတ် ရ လာ ပြန် လေ၏ ။ မြန်မာပြည်ကြီး ၏အကျိုး ၊ မြန်မာအမျိုးသား တို့ ၏ အကျိုး ကို ဆထက် တိုး၍ ဆောင်ရွက်တော့မည် ဟု စိတ် ကို ပိုင်းဖြတ် လိုက် လေ၏ ။

ကျွန်ုပ်တို့ မြန်မာပြည် တွင်း ရှိ မြန်မာလူမျိုးများ မှာ ကား နှမ်းစေ့ နှင့် တူ၏ ။ နှမ်းစေ့ အဖြုန်း နှင့် တူသော လူညံ့ လူဖျင်း ၊ ကိုယ့် အကျိုး ကို သာ ငဲ့ နေ၍ ပြည်ကျိုး အများအကျိုး ကို မကြည့်လို မဆောင်ရွက်လိုသူများ ပေါ က ‘ ဆီ ’ တည်းသော လွတ်လပ်ရေး ရဖို့ မရှိပေ ။ တစ်ဖန်တုံ လည်း ကျွန်ုပ်တို့ အမျိုးသားများ သည် စက်ကြီး တစ်ခု ပင် တည်း ။ မြန်မာ တစ်ယောက် ယောက် ကား စက် ၏ အစိတ်အပိုင်း ဖြစ်သော ဘီးကြီး ၊ ဘီးလေး ၊ ဝင်ရိုး ၊ ခွေးသွားစိတ် စသော အရာများ ပင် တည်း ။ ၎င်း အစိတ်အပိုင်း အသီးသီး တို့ က မိမိတို့ တာဝန် ကို ကျေပွန်စွာ ဆောင်ရွက် မှ စက်ကြီး လည် ၍ ဆီ လို က ဆီ ၊ ဝါဂွမ်း လို က ဝါဂွမ်း ၊ ဆန် လိုက ဆန် အကြိတ် ခိုင်း နိုင် သကဲ့သို့ ကျွန်ုပ်တို့ မြန်မာများ က တစ်ယောက် လျှင် အသီးသီး ပြည်ကြီး နှင့် အမျိုးကောင်းမွန် တိုးတက်၍ ကျွန်ဘဝ မှ ထွက် နိုင်အောင် ကြိုးစားပါ မှ လွတ်လပ်ရေး ရချေမည် ဟူ သော သဘော ကို သိန်းလွင် နားလည် သဖြင့် ရှေးက ထက် ပိုမို၍ တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက် ရန် အားတက် လာ လေ၏ ။ ၎င်း နောက် လမင်း ကို ကြည့်၍ ‘ အသင် ငွေစန္ဒာ လမင်း ၊ အသင် ၏ အရောင်အဝါ အေးမြ ချမ်းသာသလို မြန်မာပြည်ကြီး အေးမြ ချမ်းသာ ပြီး တော့ အသင် ၏ အရောင်အဝါ ဝင်းဝင်းတောက်သလို မြန်မာတွေ ဘုန်းတန်ခိုး နဲ့ ဝင်းဝင်းတောက် စေဖို့ အလုပ် မှာ ကူညီပါနော် ” ဟု တိုင်တန်းလေ သတည်း ။

ထိုနောက် ခင်ထွေး ထံ မှ ပေးသော စာကလေး ကို တစ်ဖန် ဖတ်ရှု ပြန် လေသည် ။

စာ မှာ ကား -

‘ ကိုလွင် …  ရှင် နဲ့ ကျွန်မ ကွဲကြပြီး နောက်၌ ဘယ်နည်းနဲ့ ကွဲကွဲ ၊ ဝမ်း မနည်းပါလေနဲ့ နော် ...  ခင့် ကို တကယ် ချစ်ရင် ခင့် လမ်းကို မလိုက်ခဲ့ဘဲ လူ့ပြည် မှာ နေရသမျှ အတောအတွင်း မြန်မာပြည်ကြီး ကောင်းကျိုး ကို ဆောင်ရွက်ပါ နော် ။ တိုင်းကျိုးနှင့် အမျိုး ကို ထောက်ထားကြ၍ ခင် နှင့် လွင် တို့ ခွဲခဲ့ကြတာ ဖြစ်သောကြောင့် ရည်ရွယ်ရင်း စေတနာ အတိုင်း ဆောင်ရွက်နိုင် ပါစေ ။ နှမ်းစေ့တစ်စေ့ တည်း မှာ ဆီ မထွက် ၊ အများ ပေါင်း မှ ဆီ ထွက် သလို ကိုလွင် တစ်ယောက် တည်း မြန်မာပြည်ကြီး ဟာ ကျွန် ဘဝ က လွတ်ပြီး ကြီးပွားအောင် မဆောင်ရွက် နိုင် ပေမဲ့ ကိုလွင် လို လူတွေ ပေါင်းပြီး ဆောင်ရွက် ရင် အောင်မြင် ဖို့ ရှိပါတယ် ။ ကိုလွင့် တာဝန် သာ ကုန်အောင် ထမ်းရွက်ပါ နော်  ... ခင့် ကို ချစ်ရင် ဒီလို လောက အကျိုး ကို သာ လုပ်ရစ်ပါလေ ။ ဤကဲ့သို့ အကြောင်းရင်း ကြောင့် ရှင်ကွဲ သေကွဲ ကွဲကြသည် ကို ကွဲရကျိုး နပ်ပါလိမ့်မည် ။
        ခင်ထွေး / ကိုလွင့်အချစ်

စာ အောက် မှ ‘ ခင်ထွေး ’ ဟူသော လက်မှတ် ကို မိမိ နှာခေါင်း ပေါ်  မှာ တင် လျက် လက် တစ်ဖက် ဖြင့် ခပ်နာနာ ဖိပြီး လျှင် ပြင်းပြစွာပင် အသက် ကို ရှူရှိုက် လိုက် လေ သတည်း ။

◾ဝနေ - ငဘေ တက္ကသိုလ်

📖 ဒဂုန်မဂ္ဂဇင်း
      ဧကရသမတွဲ
      အတွဲ - ၁၄ ၊ အမှတ် - ၁
      စက်တင်ဘာ ၊ ၁၉၃၃ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment