( ၅ )
တောင် ရွာ အလှူ က နေ့ခင်း နှစ်ချက်တီး လောက် ရေစက် ချ ပြီးတော့ ဆရာတော် နဲ့ စံလှဘော် လှည်းယဉ် တစ်စီး နဲ့ ရွာ ပြန်ခဲ့ ကြတယ် ။ စံလှဘော် က လှည်းယဉ် ကလေး မောင်း လို့ ။ လှည်းပေါ် မှာ စိတ်တောင်း နဲ့ ဆန် အပြည့် ပါတယ် ။ ကြက်သွန် ၊ ငရုတ်သီးတွေ လည်း ပါတယ် ။ ဆီ တစ်ပုံး နဲ့ ငါးခြောက် တစ်ပြား လည်း ပါရဲ့ ။ အုန်းသီး တစ်လုံး ၊ ငှက်ပျော နှစ်ဖီး က လှည်း ဆောင်ပန်း ပေါ် မှာ ဝါးနှီးတောင်း နဲ့ ထည့် လို့ ။ ဆရာတော်ကြီး တစ်ပါး တည်း ဆို တော့ လှည်း က ချောင်ချောင်ချိချိ ပါ ။ ဆရာတော် က ဘုန်းကြီးဆောင်း ထီး နဲ့ ။ စံလှဘော် က တော့ သည် နေ ပူလောက် တော့ မမှုဘူး ။ အင်္ကျီရင်ဘတ် ဟပြဲကြီး နဲ့ ၊ ပုဆိုး ပေါင် ပေါ် ဒူး ပေါ် နဲ့ လှည်း ကို မှန်မှန်ပဲ မောင်း လာ ခဲ့တယ် ။ မန်ကျည်းစု နဲ့ တောင်ရွာ က လှမ်း တော့ အလှူတရား ပွဲ ပြီးတာ နဲ့ နေပူပူ ပြန် ကြွ ခဲ့ရတာပါ ။ နေချို မှ ပြန် ရင် ကျောင်းဝင် နောက်ကျ မှာ ကိုး ။ ဆရာတော် က လှည်းမောင်း နေတဲ့ စံလှဘော် နောက် ကျော ကို ကြည့် ပြီး သနားတော် မူ ပုံ ရ ပါရဲ့ ။ လမ်း မှာ စကား တပြောပြော နဲ့ လိုက်လာတော် မူတယ် ။
“ ငဘော် … ရွာ ထဲ က ဒကာကြီးစံဖေ သား မောင်အုန်း နဲ့ ထတော ထဲ ရန် ဖြစ်ကြ လို့ ဆို ၊ မောင်အုန်း မိဘတွေ က လာ တိုင်သယ် ။ မင်း က ဘယ့်နှယ် လုပ်ပြီး ထတော ထဲ ရောက် သွား ရသာ တုန်း ၊ ငါ မေးမယ် မေးမယ် နဲ့ ”
“ တပည့်တော် သွားမယ့် လမ်း မှာ ထတော က ကန့်လန့် ခံ နေလို့ ဖြစ်သွား သာပါ ဘုရား ”
“ အောင်မာ ထတော က များ ကန့်လန့်ခံ နေရသယ် လို့ ၊ မင်း က ထတော ရှောင် သွားပါလား ၊ ရန် မဖြစ် နဲ့ ။ နေပါဦး ငဘော် ရဲ့ ၊ မင်း က တစ်သက်လုံး ကပ္ပိယ ဘဝ နဲ့ နေသွားတော့ မှာ လား ”
“ အရှင်ဘုရား ပဲ ကပ္ပိယ ဆိုသာ ကောင်း ဆို ဘုရား ”
“ ဟကောင် ရဲ့ ၊ ကပ္ပိယ ထက် ကောင်းတဲ့ အလုပ်တွေ လည်း ရှိသာပေါ့ ဟဲ့ ။ ကျောင်း မှာ နေပြီး ရဟန်း ဘဝ နဲ့ အားထုတ်သာ က ပို အကျိုးကြီး တော့ မပေါ့ ။ မင်း ဟာ က ပျားရည်အိုးကြီး ပေါ် နား တဲ့ ယင်ကောင် လို တစ်ရှုတ် နှစ်ရှုတ် သောက် ရသာ နဲ့ ပြည့်စုံပြီ ထင် နေရော့လား ။ ငယ်ငယ် က သာမဏေ ဝတ် သာပဲ ရှိဖူးသာ မဟုတ်လား ”
“ တပည့်တော် ရဟန်း မဝတ်ချင်ပါဘူး ဘုရား ”
“ အလို ... ၊ နင့် မှာ ဘာ သံယောဇဉ် တွေ ရှိလို့တုန်း ၊ တစ်သက်လုံး မဝတ် တောင် တစ်နှစ် တစ်ဝါ လောက်တော့ ဝတ်ရမှာပေါ့ ”
“ တပည့်တော် မှာ သံယောဇဉ် ရှိပါသယ်ဘုရား ။ ပြော မဖြစ်သေးလို့ ”
“ အောင်မာကွာ ... ၊ မင်း ကြိုက်မယ့် လူ ရှိသေးရော့ လား ”
ဆရာတော် က သူ့ တူမ မြချစ် ကို စံလှဘော် က ချိတ်တိတ်တိတ် လုပ်နေ တယ် လို့ မထင်ဘူး ။ စံလှဘော် က လည်း ပြော မဖြစ်ဘူး ။ ဆရာတော် နဲ့ ကပ္ပိယ စကား တပြောပြော နဲ့ လာ လိုက် ကြတာ နေဝင် မှ ကျောင်း ရောက်တယ် ။ လှည်းယဉ် က ကျောင်းပိုင် ပါ ။ နွားနှစ်ကောင် က မြချစ် တို့ နွားတွေ ဆိုတော့ ကျောင်း ရောက် ရောက် ချင်း လှည်း ချွတ်ပြီး ခွထောက် ထောက် တယ် ။ နွား နှစ်ကောင် ကို ရေ တောင် မတိုက်ဘူး ။ ရွာ ထဲ ဆွဲ လာရော ။ နေဝင် ပြီ ဆိုပေမယ့် နေလုံး တော့ မပျောက်သေး ဘူး ။ မြချစ် ကို နွား အပ် ပြီး စကားလေး ဘာလေး ပြောဦးမယ် မှန်း ကာ မှ မြချစ် က အိမ် မှာ မရှိဘူး ။ စံလှဘော် က နွားချည်တိုင် မှာ သွား ချည်ပြီး အရီးအေးမေ ထိုင် နေတဲ့ နေရာ ကို လျှောက် လာ ခဲ့တယ် ။ အရီးအေးမေ ဘေး ဝင် ထိုင်တယ် ။
“ ဆရာတော် ကျောင်း ပြန် ရောက်ပြီလား ၊ နေပူကြီး ထဲ ဟယ် ”
“ ဆရာတော် က မိုး မချုပ်ချင်ဘူး ဆိုလို့ အလှူတရား နာပြီး တန်း မောင်းခဲ့ သာ အရီး ရဲ့ ၊ ဒါထက် မြချစ် ကော ”
“ မင်း နှမ ပဲပွဲစားကလေး နဲ့ ရွာ ထဲ သွား သတော် ၊ ပဲပွဲစားကလေး က ရွာ ထဲ က တောင်သူ အိမ်တွေ မသိတော့ မြချစ် က လိုက်ပို့ပေးသာလေ ။ ပြန်လာတော့မှာ ပါ ”
“ ကျုပ် သွားတော့မယ် ”
“ အေး အေး ၊ သွားရော့ ငါ့တူ ၊ မင်း နှမ က ပွဲစားလေး ကို ကျောင်း ခေါ် သွားဦးမယ် ပြောသယ် ”
စံလှဘော် က ကျောင်း ကို တန်း မပြန်သေးဘူး ။ ရွာ ထဲ လျှောက်လာ ခဲ့တယ် ။ မြချစ် နဲ့ ပဲပွဲစား ဘယ်လိုများ သွားလာ ဆက်ဆံ နေတယ် ဆိုတာ အကဲခတ် ချင် တာ လည်း ပါတယ် ။ စံလှဘော် စိတ် ထဲ ပဲပွဲစား ဆိုတဲ့ ကောင် ကို မြချစ် က ပစား ပေးလွန်းတယ် ထင် တာလည်း ပါတော့ သူ ကိုယ်တိုင် လိုက် ကြည့်ချင်တယ် ။ ရွာ ထဲ တစ်နေရာ မှာ မြချစ် နဲ့ ပဲပွဲစားကလေး ဆိုတဲ့ မြို့သား နှစ်ယောက် သား ရယ် ရယ်မောမော လမ်း လျှောက် လာ နေ ကြတာ ကို တွေ့တယ် ။ ရွာ ထဲ က ပဲ တောင်သူ အိမ်တွေ ကို တစ်အိမ် ပြီး တစ်အိမ် ပဲ ရောင်း ဖို့ ရှိ ၊ မရှိ လိုက် မေး နေပုံပါ ။ ပွဲစား ကလေး က မကြီးလှသေးဘူး ။ မြချစ် နဲ့ မတိမ်းမယိမ်း လောက် ရှိမယ် မှန်းတယ် ။ မြချစ် က ကြိုက်မယ် ဆို ကြိုက် လောက်တယ် ။ ရုပ်ရည် ကလည်း ဖြူးလို့ ဖြောင့်လို့ ။ စံလှဘော် စဉ်းစား မရတာ က ပဲပွဲစား ဆိုတဲ့ ကောင် နဂိုက သည် ရွာ နဲ့ အကူးအလူး မရှိပါဘူး ။ အခုမှ ဘယ် က ဘယ်လို ပေါ်လာတာ ပါလိမ့် ။ ရွာ က လူတွေ ပဲ ရောင်း ချင်ရင် ခါတိုင်း မြို့ တက် ရောင်း ကြတာပဲ ရှိတယ် ။ ပွဲစားတွေ ဘာတွေ ခံ မနေကြပါဘူး ။ အခုမှ ပွဲစား ဆိုပြီး ရွာ က ပဲတွေ လာ သိမ်းတာ လူလည် လာ ကျ တာပဲ ။ ရွာသူရွာသားတွေ အပေါ် အညွန့် ခူးချင်တာ က လွဲလို့ ဘာ ရှိလိမ့်မလဲ ။ မြချစ် နဲ့ ပွဲစားလေး အိမ် တစ်အိမ် ထဲ ဝင် သွားတော့ မှ စံလှဘော် ကျောင်း ကို ပြန် ခဲ့တယ် ။ စိတ် ထဲ တနုံ့နုံ့ နဲ့ ။ မိုးကြီး မချုပ်ခင် ကျောင်း လာကြလိမ့်မယ် လို့ လည်း ပြော နေတော့ စံလှဘော် ဘာ လုပ်ရမလဲ တွေးတယ် ။
ကျောင်း ရောက်ရောက်ချင်း ပါပဲ ။ ကျောင်း အောက် က ကျောက်သင်ပုန်း ခွက် ထဲ က မြေဖြူခဲ တစ်ချိုး ကို ယူခဲ့ပြီး ကျောင်းခါးပန်း လူ မြင် သာတဲ့ နေရာ မှာ စာတန်း နှစ်တန်း ရေးတယ် ။ ပြီး မှ မြချစ် နဲ့ ပဲပွဲစားလေး ကျောင်း အလာ ကို မျှော် တယ် ။ အလင်းရောင် ရှိ တုန်းမှာ ပဲ နှစ်ယောက် သား ဆရာတော့် ကျောင်း ဆီ လျှောက် လာ နေကြတာ တွေ့ပြီ ။ စံလှဘော် က ရေတွင်း အကွယ် က နေ သူ ရေး ထားတဲ့ စာတန်း နှစ်တန်း ဖတ် မဖတ် စောင့် ကြည့်တယ် ။ ကျောင်းခါးပန်း အောက် ရောက် တော့ နှစ်ယောက်သား ခါးပန်း က စာ မော့ ဖတ် ကြတာပါပဲ ။ မျက်စိ မျက်နှာတွေ ပျက် သွားကြတာ က လည်း အမှန်ပဲ ။ စံလှဘော် က သူ့ စာတန်း က တည့်တည့် ထိ သွားပြီ ဆိုတာ သိ လိုက် တော့ ဝမ်းတွေများ သာလို့ ။ သူ ရေး ထားတဲ့ စာ သူ ပြန် ဖတ် ကြည့် ရင်း အရသာ ရှိ လိုက်ချက်တော့ ။ ရေး ထား တဲ့ စာ က အကြီးကြီး တွေ ။ ထင်းထင်းကြီး ပေါ် လို့ ။ ရေး ထား တာ က ခပ်တိုတို ပါ ။
ပဲပွဲစား ငရဲ ၊ ကပ္ပိယ နိဗ္ဗာန် တဲ့ ။
မြချစ် တို့ ပြန် တော့ မိုးချုပ် လို့ ထင်ပါရဲ့ ။ ဆရာတော် က ကိုရင် တစ်ပါး ထည့် ပေး တာ တွေ့တော့ မှ စံလှဘော် စိတ် အေး ရ တော့တယ် ။ စံလှဘော် က ကျောင်းခါးပန်း ရေး ထားတဲ့ စာ ကို ရေစိုဖတ် နဲ့ သွား ဖျက် လိုက်တယ် ။ ဆရာတော် တွေ့ ရင် ကြိမ်း မှာကိုး ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment