Wednesday, May 10, 2023

မွေးစားသမီး ( ၂ )


 

လမ်းထိပ် ကို ရောက်တော့ ကိုနိုင် က ကား ငှားရန် လုပ်သည် ။ သူမ က တော့ ဒီ ခရီး လောက် ကို ပိုက်ဆံ အကုန် ခံပြီး အငှားကား နှင့် မသွားချင်ပါ ၊ ၁၃ - ကားလေး စီး လျှင် ရွှေတိဂုံဘုရား သို့ တန်း ရောက်သည် မဟုတ်လား ။

“ ကိုနိုင် ကားငှား မနေနဲ့ ၊ ၁၃ - ကားလေး နဲ့ ပဲ သွားမယ် ”

“ ကက ပဲ ငှားလိုက်ပါ ၊ သုံးထောင် ပဲ ရှိတဲ့ ဟာ ”

“ ကိုနိုင် က လိုင်းကား စီးရတာ ရှက်ဖို့ ကောင်းတယ် ထင်လို့လား  ”

“ အာ .. အဲဒီလို မဟုတ်ရပါဘူး ၊ အန်တီမေ က ပြောလိုက်လို့ပါ ၊ ကျွန်တော် မကြာခဏ လိုင်းကား စီးတတ်ပါတယ် ”

“ ဒါဆိုရင် ၁၃ - နဲ့ ပဲ သွားမယ် ”

ရွှေတိဂုံ ဘုရား တောင်ဘက်မုခ် ကို ရောက်တော့ ဖိနပ် အသီးသီး ချွတ် ကြပြီးချိန် တွင် သူမ က ကိုနိုင့် ဖိနပ် ကို ကိုင်ပေး ရမလား .. ဆိုသော ပြဿနာ က တက် လာသည် ။

“ ဖိနပ် အပ်ခဲ့မလား  ”

သူမ က “ ဖိနပ် အပ်ခဲ့မလား .. ” ဟု မေး သော်လည်း မျက်လုံးတွေ က တော့ ဖိနပ် အပ်ခဲ့တာ ကောင်းတယ် ဟူသော ပုံစံမျိုး ဖြစ်နေသည် ဆိုတာ ကိုနိုင် သဘောပေါက် သဖြင့် ခေါင်း ညိတ် လိုက် သည် ။ ကိုနိုင် ခေါင်းညိတ် ပြီးပြီးချင်း ပင် သူမ က
ကိုနိုင် ဖိနပ် ကို ကောက်ယူ ပြီးသား ဖြစ် နေသည် ။

“ ဟာ.. မလုပ်ပါနဲ့ ၊ ကျွန်တော့် ဘာသာ ကိုင်ပါ့မယ် ”

“ သြော် .. ရပါတယ် ၊ ပေးပါ ၊ အိတ် ထဲ ထည့်ရုံပဲ ဟာ လွှတ် လိုက်လေ ”

ဖိနပ် အပ် ပြီးတော့ စောင်းတန်း ကို စ တက်သည် ။ ကေသီတာ သည် ပန်းပုဆိုင် တိုင်း ကို တွေ့တိုင်း ထိန်သား ဖြင့် ထုထားသော ဆင်းတုတော် ၏ ဈေး ကို မေး ၍ သွားသည် ။

ဆိုင်တွေ က လည်း တစ်ဆိုင် နှင့် တစ်ဆိုင် ဈေးတွေ က မတူ သဖြင့် ဒီလို ဆိုင် တိုင်း ကို မေးရတာ ကို သူမက ကောင်းသော စုံစမ်းခြင်း ဟု သဘော ထားသည် ။

သို့သော် သုံးလေးဆိုင် လောက် မေး ပြီးတော့ ကိုနိုင့် ပုံစံ က မဝယ်ပဲ ဈေးမေး နေတာ ကို အားနာ နေပုံ ရသည် ။ သူမ ဆိုင် တစ်ဆိုင် ထဲ ဝင် လိုက် လျှင် လိုက် ဝင်မလာတော့ပဲ အခြားဆိုင် က အရုပ်တွေ ၊ ပုတီးတွေ ၊ လင်ကွင်းတွေ ကို သာ လျှောက်ကြည့် နေတော့သည် ကို သူမ သတိထား မိသည် ။ ကိုနိုင့် မျက်နှာ သည် အားနာစိတ် နှင့် သွေးရောင် လွှမ်းနေသည် ။

စောင်းတန်းဆုံး ၍ ရင်ပြင်တော် ပေါ် ကို ရောက်တော့ မှ ပင် ကိုနိုင့် မျက်နှာ သည် နဂို ပုံစံ အတိုင်း ပြန် ဖြစ် လာသည် ။

“ မေမေကြီး အတွက် စနေထောင့် မှာ ရေ အရင် သွား လှူ ရအောင် နော် ”

ကိုနိုင် က ဘာမျှ ပြန် မပြောပဲ သူမ သွားရာ နောက် သို့ သာ လိုက်ခဲ့သည် ။

စနေထောင့် မှာ ရေလှူ ပြီးတော့ သူမ က မေမေကြီး အတွက် ဘုရား ရှိခိုးပြီး ဆုတောင်း ပေးသည် ။ မေမေကြီး အတွက် အားလုံး လုပ်ပြီး မှ သူမ သတိရသည် က ကိုနိုင် လည်း စနေသား ဖြစ်လိမ့်မည် ဆိုတာ ကို ပင် ဖြစ်သည် ။

“ ကိုနိုင် လည်း စနေသား ပဲ မဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ အံမယ်လေး .. ကိုနိုင် ရယ် စောစောက တော့ မပြောဘူး ၊ ကဲပါ ရောက်မှပဲ ရေသွား လှူ လိုက်ပေါ့ ”

“ ကျွန်တော် မလုပ်တတ်ဘူးဗျ ၊ တစ်ခါမှ လည်း မလုပ်ဖူးဘူး ”

“ အံမယ်လေး .. ဘာ ခက်တာမှတ်လို့ ၊ ဘုရား ရယ် ၊ နဂါး ရယ် ၊ ဂြိုလ်တိုင် ရယ် ကို ရေသက်စေ့ သပ်ပယ်လိုက် ၊ သွား သွား ၊ ကျွန်မ ဒီကပဲ စောင့်နေမယ် ”

ကိုနိုင် က သူမ စကား အတိုင်း လိုက်နာတာ ကို တော့ စိတ် ထဲက ကျေနပ် သလိုလို ခံစား ရသည် ။ မိန်းကလေး ဆိုတာမျိုး က လည်း ယောက်ျားလေး တစ်ယောက် အပေါ်  သြဇာ နည်းနည်းကလေး သက်ရောက် လျှင် ကို ကျေနပ် တတ်သည့် သတ္တဝါ မဟုတ်ပါလား ။ ကိုနိုင့် ကိစ္စ ပြီးတော့ သူမ ၏ တနင်္လာထောင့် မှာ ရေသွား လှူလိုက် သေးသည် ။

ဒီလိုနှင့် ပင် သူမ နှင့် ကိုနိုင် တို့ ရွှေတိဂုံဘုရား ကို တစ်ပတ် ပတ်ပြီး သား ဖြစ်သွားသည် ။ တောင်ဘက်မုခ် က ပဲ ပြန် အဆင်း တွင် အတက်တုန်း က မေး ခဲ့သည့် ဈေးနှုန်းများ ထဲ က ဈေး အနည်းဆုံး ဆိုင် ကို သူမ ပြန် ဝင်သည် ။

“ သောင်းနှစ်ထောင် တော့ များပါတယ် ၊ တစ်သောင်း ပဲ ထားပါလား ရှင့် ”

“ ထိန်သား က ရှား လည်း ရှားလို့ပါ ၊ ပြီးတော့ ဘုရား ဝယ် ရင် ဈေး မဆစ်ရဘူး ညီမ ရဲ့ ၊ ဒါကြောင့်မို့ အစ်ကို တို့ က မတရား မဖြစ်ရအောင် ရောင်းနိုင်တဲ့ အနိမ့်ဆုံး ဈေး ကို ပေးထားတာပါ ၊ ဒါနဲ့ အစ်ကို စနေသား လား ”

ဈေးရောင်းသူ က ကိုနိုင့် ကို ကြည့် ၊ မေးသည် ။

“ ဟုတ်ကဲ့ ၊ ကျွန်တော် စနေသား ပါ ”

“ ဒီက ညီမလေး က ရော ”

“ တနင်္လာ ပါ ”

“ ဟာ .. စနေ နဲ့ တနင်္လာ ဆို ဘာကြောင့် ထိန်သား ကို ကိုးကွယ်ရမှာလဲ ၊ သစ်ကနက်သား ဘုရား ကိုးကွယ် ရတယ် ၊ ယောက်ျား ရော မိန်းကလေး ပါ နာမ် နှစ်ခုလုံး ပါ တဲ့ ဘုရား မှ မိသားစု စီးပွားရေး ကို ထိရောက်အောင် ကာကွယ်ပေး နိုင်တာ ၊ ကနက်သား ပဲ ယူ တော့ ”

ဈေးရောင်းသူ ၏ စကား အဆုံးတွင် ကိုနိုင် မျက်နှာ ရဲတွတ် သွားသည် ။ အသားရည် လှ သူမို့  ရှက်လျှင် ချက်ချင်း ကို သိသာသည် ။

“ အစ်ကို .. ဘာတွေ လျှောက် ပြော နေတာလဲ ၊ ကျွန်မတို့ က မိတ်ဆွေ တွေ ၊ ဒီ ဘုရား က ကျွန်မ အမေ မှာ လိုက်လို့ ဝယ်တဲ့ ဘုရား ၊ ကျွန်မတို့ အတွက် မဟုတ်ဘူး ”

ဒီလို နေရာမျိုးမှာ ကျတော့ ယောက်ျားလေးတွေ ထက် မိန်းကလေးတွေ က အမြဲ သာသည် ။ သူမ သည် ထို ရှင်းလင်းသော စကား ကို အမှားအယွင်း မရှိ ၊ တိတိကျကျ ပြောနိုင်ခဲ့သည် ။

ဘုရား ဝယ်ပြီး ပြန် ဆင်း လာတော့ ၁၃ - ရပ် သည့် မှတ်တိုင် အထိ သူမ နှင့် ကိုနိုင် ဘာ စကား မှ မပြောနိုင်ခဲ့ ၊ ကိုနိုင် က ဘုရား ကို ရင်ဝယ် ပိုက်ရင်း သူ့ အနား မှာ ဘယ်သူမှ မရှိသလိုမျိုး မျက်နှာ နှင့် ရပ်နေသည် ။ သူမ က လည်း ကိုနိုင့် ကို ပြောစရာ စကား ဘာမျှ မရှိသဖြင့် နံဘေး မှာ ဘာ စကားမျှ မပြောပဲ ရပ်နေ မိသည် ။

၁၃ - ကားလေး လာ တော့ ကား တစ်ဝက် ခန့် ရှိသော လူများ ဆင်း ပြီး လူ ၁၀ - ယောက် လောက် တက်ရမည် ဖြစ် သဖြင့် နောက်ဆုံး ဆင်းသူ ပြီးသည် နှင့် တက်သူများ က အလုအယက် တိုးဝှေ့ တက်ကြ တော့သည် ။ ကိုနိုင် က လည်း ဘုရား ကို ပိုက်ရင်း အတင်း တိုး တက် သည် ။ ကိုနိုင့် နောက် က ကပ်လျက် က သူမ ဖြစ်သည် ။ ကား ထဲ မှာ ရောက် နေပြီး သူတွေ နေရာ မကျသေး ခင် ကား က တိုး ထွက်တော့ ယိုင်ထွက် သွားသော သူမ သည် ရှေ့မှာ ရှိ နေသော ကိုနိုင့် ၏ ခါး မှ ပုဆိုးစ ကို လှမ်း ဆွဲ ပြီး ထိန်း လိုက်ရ၏ ။ သူမ က ဆွဲသည့် အရှိန် ၊ ကား ကအတင်း တိုးဆောင့် ထွက်သည့် အရှိန် တို့ ကြောင့် ကိုနိုင့် ပုဆိုး ကို နောက် က နေ ဆွဲ ချွတ်လိုက် သလို ဖြစ်သွား လေသည် ။

ကျွတ် လည်း ကျွတ်သွား ပါသည် ။

အောက်ခံ ဘောင်းဘီ ပါ၍ သာ တော်ရော့သည် ။ ကိုနိုင့် အဖြစ် က လည်း သူ့ ပုဆိုး ကို ထိန်းရန် မဖြစ်နိုင်ပါ ၊ ဘယ်ဘက် လက် က ဘုရားဆင်းတုတော် ကို ပိုက် ထား ရပြီး ညာ ဘက် လက် က ကားအမိုး နှင့် ကပ်လျက် ရှိသော သံတန်း ကို ကိုင်ထား ရသည် ။

ငါး စက္ကန့်လောက် လူတွေ ကြောင် သွား ကြပြီး နောက် ဘေးတန်း မှ ဦးလေးကြီး
တစ်ယောက် က ကိုနိုင့် လက် ထဲ မှ ဘုရားဆင်းတုတော် ကို လှမ်းယူ ပေးလိုက် သဖြင့် အခြေအနေ က ဆိုးဆိုးဝါးဝါး ဖြစ် မသွားပဲ တစ်ကားလုံး ပြုံး ရုံမျှ လောက် နှင့် ကိစ္စ ပြီး သွားသည် ။ သို့သော် ကာယကံရှင် သူမ တို့ နှစ်ယောက် က တော့ တစ်ယောက် ကို တစ်ယောက် လည်း မကြည့်ရဲ စကား လည်း မပြောရဲကြ တော့ ပဲ တိတ်တဆိတ် သာ စီးလာ ကြသည် ။ ကားစပယ်ယာ က ပိုက် ဆံ တောင်း တော့ သူမ က နှစ်ယောက် စာ ပေး သည် ။

“ တစ်ယောက် က ဘယ်သူလဲ အစ်မလေး ”

“ နောက်မှာ .. ”

“ သြော် .. ပုဆိုး ကျွတ်တဲ့ လူလား ၊ ဟုတ်ပြီ ၊ ကဲ ... ဒါဆို .. နှစ်ယောက် ကျန်မယ် ၊ လက် မတို့ပါရစေနဲ့ ခင်ဗျာ ”

မှတ်တိုင် လေးမှတ်တိုင် လောက် စီး ပြီးတော့ ကိုနိုင် က သူမ ကို ပြောသည် ။

“ ကျွန်တော် ဆက် မလိုက်တော့ဘူး ၊ မကေသီတာ ၊ သူငယ်ချင်း တစ်ယောက် အိမ် ဝင်ချင် လို့ ပါ ”

“ ဟုတ်ကဲ့ ”

ထိုနေ့ က စပြီး သုံးလ ခန့် ကိုနိုင် သည် သူမ တို့ အိမ် သို့ မလာတော့ပါ ။ ကိုနိုင့် မေမေ ဒေါ်မြနွယ် နှင့် မေမေကြီး တို့ တရားစခန်း ဝင် လျှင် အရင် က ကိုနိုင် ကား လိုက် မောင်းပို့ ပေး နေကျဖြစ် သော်လည်း အခုတော့ ဒရိုင်ဘာ နှင့် ပင် မေမေကြီး ကို လာ ခေါ်တော့ပါသည် ။

ထို ကိစ္စ ကို ကေသီတာ က ခင်မေအောင် နှင့် မူယာမောင် တို့ ကို ပြော မပြ ဖြစ် သလို ကိုနိုင် က လည်း ဘယ်သူ့ ကို မျှ ပြောပြမည့်ပုံ မပေါ်ပါ ။ သုံးလ ကျော်ပြီးသည့် နေ့ တစ်နေ့ တွင် မိဘ နှစ်ယောက် နှင့် နိုင်ဝင်းထွန်း တို့ အိမ် သို့ ရောက်လာကြသည် ။ ကိစ္စ က တောင်ငူ မှ မေမေကြီး တို့ ကိုးကွယ်သော ဆရာတော်ကြီး မျက်စိ ခွဲရန် ကိစ္စ ဖြစ်သည် ။ ဧည့်သည် လာပြီ ဆို ကတဲ က သူမ က နက်စ် ကော်ဖီ သုံးခွက် ဖျော် ပေးသည် ။ ခင်ရီလွင် သွား ချပေးတော့ သူ့ မိဘ နှစ်ယောက် သာ မေမေကြီး နှင့် စကား ပြော နေတာ တွေ့ ရပြီး သူ့ ကို တော့ မတွေ့ရဟု ဆိုသည် ။

ဒါနှင့် ကေသီတာ က အခန်း ထဲ မှ နေ ကား ထိုး ရပ် ထားသော ဆင်ဝင် အောက် ကို ချောင်း ကြည့် လိုက်သည် ။ ( သူမ ဘဝ တွင် ပထမဆုံး အကြိမ် ယောက်ျား တစ်ယောက် ကို ခိုးကြည့်ခြင်း လည်း ဖြစ်ပါသည် ။ ) ကား ထဲ မှာ ရော ၊ ကား နား မှာ ပါ သူ့ ကို မတွေ့ရ ။ပန်းခြံ ထဲ ကို ကြည့်တော့ မှ ဂမုန်းပင်တွေ နား မှာ လက် ကို နောက် ပစ်ပြီး လမ်းလျှောက် နေတာ ကို တွေ့ ရသည် ။

လိုက်ကာ ကို ပြန် ပိတ် လိုက်ပြီး သူ ဘာ လုပ်ရလျှင် ကောင်းမလဲ ဟု စဉ်းစားသည် ။

ပြီးတော့ အခန်း ထဲ က ထွက် လာပြီး ခင်ရီလွင့် ကို ခေါ်သည် ။

“ ဘာ ခိုင်းမလဲ မမကြီး ”

“ ကော်ဖီ တစ်ခွက် ကို ပန်းခြံ ထဲ က အစ်ကို့ ဆီ သွား ပို့ပေး ”

သူမ စကားကြောင့် ဆရာတော်ကြီး အကြောင်း ပြော နေကြသော မေမေကြီး တို့ စကားဝိုင်း ခဏ ရပ် ၍ သွားသည် ။

“ ဟဲ့ .. ဟုတ်ပါရဲ့ ၊ ကိုနိုင် က ဘာဖြစ်လို့ အပေါ် တက် မလာရတာလဲ  ”

“ သြော် .. မြရယ် .. လူငယ်တွေ ဆိုတော့ သူတို့ နဲ့ မဆိုင်တဲ့ ကိစ္စ ကို ငုပ်တုတ် ထိုင်ပြီး ဘယ် နားထောင်ချင်ပါ့ မလဲ ၊ ပန်းခြံ ထဲ မှာ သူ့ ဘာသာ နေပါစေ ၊ မိကေ .. ကော်ဖီ ကို သမီး ကိုယ်တိုင် သွား ပို့ လိုက် ၊ ဟုတ်ပြီလား ”

သူမ စိတ် ထဲ မှာ “ ဂိန် ” ကနဲ အော်လိုက် မိသည် ထင်သည် ။ ကိုယ် ထွင် တဲ့ အပေါက် ကိုယ့် ဆီ ပြန် ရောက်တော့ ဘာမှ ငြင်းမရတော့ ၊ ကေသီတာ သည် မေမေကြီး ၏ စကား ကို အကျိုး နှင့် အကြောင်း နှင့် သော် လည်းကောင်း ၊ အကျိုး အကြောင်းမဲ့ သော် လည်းကောင်း ငြင်းလေ့ မရှိ သဖြင့် ကော်ဖီပန်းကန် ကို ယူ အောက် သို့ ဆင်းခဲ့ရလေသည် ။

ပန်းခြံ ထဲ ရောက်တော့ ကိုနိုင် က သစ်ခွပန်း တစ်ပွင့် ကို လက် နှင့် ကိုင် ကြည့် နေ၏ ။ သူမ ကို ကျောပေး လျက် အနေထား တွင် ရှိသည် ။ နာမည် ကို ခေါ်လိုက်ရမလား ၊ ဟင့်အင်း မဟုတ်သေးဘူး ဟု သူ့ ကိုယ် သူ ကာကွယ် လိုက်၏ ။ ဒါဆို ဘယ်လို စကားလုံးမျိုး က အကောင်းဆုံး ဖြစ်မှာလဲ ...  ။

“ ဒီမှာ .. ကော်ဖီ ”

ကိုနိုင် သည် ရုတ်တရက် လန့်သွားသော အမူအယာ မျိုး နှင့် လှည့် ၍ ကြည့်သည် ။

သူမ ကို မြင်တော့ မျက်နှာ က ရဲကနဲ ဖြစ်သွားတာ တွေ့ရ သည် ။

“ ဟာဗျာ .. အားနာ လိုက်တာ ဗျာ”

“ မေမေကြီး က ပို့ခိုင်း လိုက်တာ .. ရော့ ”

သူ ကော်ဖီခွက် ကို လှမ်း ယူပြီး မနီးမဝေး ဆီ က ခုံတန်း ဆီ သို့ သွားသည် ။ ပြီးတော့ ကော်ဖီခွက် ကို ခုံ ပေါ် ချရင်း အနေရ ခက်ပြီး အားနာ နေသော မျက်နှာ ဖြင့် သူမ ကို ကြည့်သည် ။

“ ဆရာတော် ဘုရားကြီး ကိစ္စ ဆိုတော့ မေမေ တို့ အေးအေးဆေးဆေး စကား ပြောပါစေ ဆိုပြီး .. ”

“ မေမေကြီး က လဲ အဲဒီ အတိုင်း ပြောပါတယ် ၊ ဒီတော့ ဖျော် လည်း ဖျော်ရ ၊ ရှိတဲ့ နေရာ ကို လည်း လိုက် တိုက်ရပေါ့ ၊ ကောင်းပါတယ် ”

“ ဒုက္ခပါပဲဗျာ  ၊ ကျွန်တော် ဘယ်လို ပြောရမှန်းကို မသိတော့ဘူး ”

ကေသီတာ သည် ကိုနိုင့် ကို မျက်စောင်း တစ်ချက် ထိုး ပြီး ထွက်လာခဲ့သည် ။ အိပ်ခန်း ထဲ ရောက် ၍ လှဲချ လိုက်မှ ကေသီတာ သည် သူ့ ကိုယ် သူ ရင်ခုန် နေမှန်း သိရသည် ။ ဘာဖြစ်လို့ သူ့ ရင်တွေ ခုန်နေ ရတာလဲ ... ကိုယ့် ကို ကိုယ် မေး မိသော မေးခွန်း ကို စံနစ်တကျ ပြန်စဉ်းစား ဆင်ခြင် ကြည့်တော့ မှ သူမ သည် ဘယ် ယောက်ျားလေး ကို မှ ခနဲ့တဲ့တဲ့ ပြောတတ်သော ၊ ပြောခဲ့ဖူးသော မိန်းကလေး တစ်ယောက် မဟုတ် ။ အခု ခနဲ့တဲ့တဲ့ နဲ့ ခနဲ့ ခဲ့သည့် အပြင် မျက်စောင်း ပါ ထိုးခဲ့မိသည့် အတွက် ရင်ခုန် နေခြင်းသာ ဖြစ်ရမည် ဟု သူမ ကိုယ် သူမ နှစ်သိမ့် လိုက်သည် ။

နာရီ ကို လှမ်း ကြည့် လိုက် တော့ ကိုးနာရီ ရှိနေပြီ ။ သူ့ ဘက် က တာဝန် လည်း လစ်ဟင်းမူ မရှိ ၊ အားလုံး ပြည့်စုံ နေပါပြီ ။ ဆယ်နာရီ ဆိုလျှင် ကိုနိုင် တို့ ဘက် က လူကြီးတွေ နှင့် ရောက်လာ ကြ တော့မည် ။ စကား ပြောကြ ရယ်ကြ မောကြပြီး စေ့စပ်မည့် နေ့ ကို ရွေးကြမည် ။ နှစ်ဦး နှစ်ဖက် သဘော တူ လျှင် ထမင်း စားကြမည် ။ ပြန်ပြီး စကားတွေ ပြောကြဦးမည် ။ ဒီလို ဆိုတော့ သူမ အိမ်ထောင် ကျ တော့မည် ။

နံဘေး က ဖက်ခေါင်းအုံးကြီး ကို အားရပါးရ ဖက် လိုက်တော့ ဖက်ခေါင်းအုံးကြီး ထဲ က “ ဒုတ် .. ဒုတ် .. ဒုတ် ” ဆိုသော အသံ ကို ကြားနေ ရသည် ။ လောက မှာ “  ဒုတ် .. ဒုတ် .. ဒုတ်  ” ဟု မည်သော ဖက်ခေါင်းအုံး မျိုး လည်း ရှိတတ်ပါသည် ။

ဒေါ်ထက်မေအောင် သည် သမီး နှစ်ယောက် နှင့် ဧည့်ခန်း ကို ပြင်ဆင်ပြီး နောက်ဖေး မီးဖိုချောင် ကို ဝင် ၊ ကေသီတာ ပြင်ဆင် ထားခဲ့ သမျှ ကို တစ်ခု စီ စစ်ဆေးသည် ။ ပထမ အချိုပွဲတွေ ကို ကြည့်သည် ။ ဆနွင်းမကင်း ၊ ငှက်ပျောသီးမုန့် ၊ အုန်းနို့ကျောက်ကျော ၊ ဖရဲသီး ၊ ပဲခူးသခွားသီး နှင့် လက်ဖက်သုံးပွဲ ။ ထမင်းပွဲ အတွက် ချက် ထားသော ဟင်းတွေ ကို ကြည့် တော့ လည်း အားလုံး အဆင်သင့် လျက် ရှိသည် ။

“ ပုစွန် က မီးဖုတ်ပီး အခွံခွာ ထားပြီး သား မေမေကြီး ၊ မမကေ က စားခါနီး မှ သုပ်မယ် တဲ့ ၊ ကြို သုပ်ထားရင် ကြက်သွန်တွေ ရော်ကုန်မှာ စိုးလို့ တဲ့ ၊ ပြီးတော့ ဂျုံလုံး ငါးဖယ် ကို လည်း စားခါနီး မှ နွားနို့ ကို နွှေးပြီး နွေးနွေးလေး ဖြစ်အောင် လုပ်မှာတဲ့ ၊
ကျန်တာတွေ က တော့ အားလုံး အဆင်သင့်ပဲ မေမေကြီး ”

ခင်ရီလွင် က ဟင်းတွေ ကို လျှောက် စစ် နေသော ဒေါ်မေထက်အောင် ကို ရှင်းပြ နေသည် ။ အားလုံးကို ကြည့်ပြီးသော အခါ ကေသီတာ့ အပေါ် မှာ အပြစ် ပြောစရာ မတွေ့ပါ ။ ထို့ကြောင့် ဒေါ်မေထက်အောင် ၏ ရင် ထဲ တွင် ငြိမ်းချမ်း သွားသည် ။ ပီတိ သည် နှုတ်ခမ်း သို့ တိုး ဝင်ကာ အပြုံး ကို ပေးသည် ။ ပြီးတော့ ဒေါ်မေထက်အောင် ရင် ထဲ မှာ “ နင့် ” ကနဲ တစ်ချက် ဖြစ်သွား ပြန်သည် ။ ဒီလောက်တောင် အောက်ခြေသိမ်း က အစ ကိစ္စ အဝဝ တို့ ကို မျက်နှာ လွှဲ ရသော သမီး တစ်ယောက် အား သူ စွန့်လွှတ်ရတော့မည် ဖြစ်သောကြောင့် ဖြစ်ပါသည် ။

လူ့ ဘဝ ဆိုသည် က လည်း ကံကြမ္မာ အတိုင်း တွေ့ကြ ၊ ကံကြမ္မာ အတိုင်း နေရပြီး ကံကြမ္မာ အတိုင်း ခွဲခွာကြရသည့် နေရာ မဟုတ်ပါလား ။ သူ နှင့် ကေသီတာ တို့ တွေ့ဆုံ ကြရသည့် ကံကြမ္မာ က ဆန်းကြယ်ကြောင်း ဒေါ်မေထက်အောင် သိပါသည် ။ အိမ် က သွားလေသူ ခင်ပွန်း ဦးမျိုးမင်း က သူ့ ရောဂါ သည် ကျွမ်းနေပြီး ဒီတောင် ကို မကျော်နိုင်တော့ပြီ ဆိုတာ ကို သိသည့် အခါ သူ့ မွေးရပ်မြေ ဇာတိ ဖြစ်သော ဧရာဝတီတိုင်း က ချောင်းဆုံရွာ ကလေး တွင် ရှိသော ရွာဦးစေတီ ငှက်ပျောဖူး ကို ရွှေ ချ ချင်သည် ဟု တောင်းဆိုသည် ။

ထို စေတီ မှာ သူ့ ခင်ပွန်း ဦးမျိုးမင်း ၏ အဖိုး ဦးခိုင်တင် ဆိုသူက တည် ခဲ့သော ဆွေဘုရား ၊ မျိုးဘုရား ဖြစ်သောကြောင့် သူ့ခင်ပွန်း က ငှက်ပျောဖူး ကို နောက်ဆုံး ရွှေချချင်ခြင်း ဖြစ်သည် ။ ခင်ပွန်း ၏ ဆန္ဒ ကို ဒေါ်ထက်မေအောင် က မငြင်းပါ ။ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် ၍ ထို ချောင်းဆုံရွာ ကလေး သို့ ထွက်ခဲ့ကြသည် ။ ရွာ ကို ရောက်တော့ သူ့ ခင်ပွန်းမှာ ရန်ကုန် မှာ နေတာ ထက် ပို လန်း လာ ကြောင်း တွေ့ ရ သည် ။

ကိုယ့် မွေးရာ ကိုယ့် အရပ်ဒေသ သည် ဦးမျိုးမင်း ၏ အဆုပ်ရောဂါ ကို တစ်ဝက် လောက် သက်သာ စေသော ဆေးကြီး တစ်ခွက် ဖြစ် နေသည် ။ ဒေါ်မေထက်အောင် တို့ မိသားစု ရွာ တွင် တဲကြီး တစ်လုံး ထိုး ၍ နှစ်လ ကျော် ကြာ နေခဲ့ကြ ခြင်း ဖြစ်သည် ။ ပထမ စေတီ ၏ ရင်ပြင် ကို ပြုပြင် မွမ်းမံခဲ့သည် ။ ဒုတိယ ဂြိုလ်တိုင် နှင့် အရံ ဘုရားတွေ ကို ပြုပြင်သည် ။ တတိယ စေတီ အတွက် လျှပ်စစ်မီး ပူဇော် နိုင်ရန် စီစဉ်သည် ။

သူ့ ခင်ပွန်း ဖြစ်သူ ဦးမျိုးမင်း ၏ အဆိုအရ သူ ဒီ ချောင်းဆုံ ရွာကလေး က မထွက်ခွာ မီ ထို ဆွေမျိုး စေတီ သို့ လာ ကာ မိမိ ရန်ကုန် တက် ပြီး စီးပွား ရှာမည် ။ အကယ်၍ ကြီးပွား တိုးတက် ခဲ့ ပါ က ထို စေတီ ကို ပြုပြင် မွမ်းမံမည် ဟု သစ္စာ ဆိုခဲ့ဖူး သော ကြောင့် ကတိ ထားခဲ့ဖူး သော ကြောင့် ယခုကဲ့သို့ ပြုပြင်ရခြင်း ဖြစ်သည် ။ငှက်ပျောဖူး ၊ ငှက်မြတ်နား တို့ ကို ရွှေ ချပြီး ကျန် ဖောင်းရစ်များ ကို ထုံး သင်္ကန်း ကပ်မည် ဖြစ်သဖြင့် စေတီ ကို ငြမ်း ထိုးရာ ငှက်ပျောဖူး အထိ ပြီးစီး ၍ ငှက်မြတ်နား ကို ငြမ်းဆင်ချိန် တွင် ငြမ်း လုပ်သား တစ်ဦး ငြမ်း ပေါ် မှ ပြုတ်ကျ ခဲ့သည် ။ ဦးခေါင်းခွံ ကွဲအက် သွားပြီး ဆေးရုံ ရောက် ရန် နေ့ ဝက် ခန့် လှည်း နှင့် သွားရသော ကြောင့် လမ်းခရီး တွင် ပင် အသက် ကုန်လေသည် ။

ဒေါ်မေထက်အောင် ရော ဦးမျိုးမင်း ပါ ယူကြုံး မရ ဖြစ်ကြရသည် ။ စိတ် အနှောင့်ယှက် လည်း ဖြစ်ကြရ၏ ။ နောက်ဆုံး ကွယ်လွန်သူ ၏ မိသားစု ကို စုံစမ်းသော အခါ ကွယ်လွန်သူ မှာ ဦးကေ ဟု ခေါ်ပြီး သူ့ တွင် ခြောက်နှစ် အရွယ် ကေသီတာ ဆိုသော သမီး ကလေး တစ်ယောက် သာ ကျန် ခဲ့ ကြောင်း သိရသည် ။ ကွယ်လွန်သူ ဦးကေ မှာ ဇနီး လည်း ဆုံး ၊ မိခင် ဖခင် တို့ လည်း ဆုံး ၊ ညီအစ်ကို မောင်နှမ ကလည်း တစ်ယောက် မှ မရှိသည့် တစ်ဦးတည်း သော သား ဖြစ်သည့် အတွက် ရွာ ထဲ တွင် ဟို က ခိုင်း ၊ ဒီ က ခိုင်း ကိစ္စလေး တွေ ကို လုပ်ရင်း သမီးကလေး နှင့် နှစ်ယောက် နေရသူ ဖြစ်သည် ။ ထိုသို့သော ဘဝ နှင့် နေရင်း ဘုရား ငြမ်းထိုး သည့် အခါ ကျွမ်းကျင်မူ မရှိပဲ ဝင်ရောက် လုပ်ရင်း ကြမ္မာ ငင်ရခြင်း ဖြစ်သည် ။

အကြောင်းစုံ အလုံးစုံ ကို သိပြီး သော အခါ ဒေါ်မေထက်အောင် ရော ၊ ဦးမျိုးမင်း က ပါဆုံးဖြတ်ချက် ချလိုက်သည် မှာ မကေသီတာ ကလေး အား အမွေစား အမွေခံ အဖြစ် မွေးစားကြ ရန် ဖြစ်သည် ။ ထိုအချိန်က သမီး အရင်းများ ဖြစ်ကြသော ခင်မေအောင် က လေးနှစ် ၊ အငယ် မူယာမောင် က သုံးနှစ် သာ ရှိသေးသည် ။ ငှက်ပျောဖူး ရွှေသင်္ကန်း ကပ်ပြီးသည် နှင့် ပွဲခံကာ ဘုရားပွဲ ၃ - ရက် တိတိ ကျင်းပ ပြီးသောအခါ ရွာဦး ဆရာတော် နှင့် ရွာခံ လူကြီးများ ရှေ့ တွင် တရားဝင် စာချူပ်စာတမ်း နှင့် ကေသီတာ့ ကို မွေးစား ပြီး ရန်ကုန် သို့ တစ်ပါ တည်း ခေါ်လာခဲ့လေသည် ။

ကေသီတာလေး ရန်ကုန် သို့ ရောက် ကတည်း က ဒေါ်မေထက်အောင် ၏ စိတ် ထဲ တွင် ရည်မှန်းချက် တစ်ခု ကြီးကြီးမားမား ထား ခဲ့သည် ။ ကိုယ့် ကြောင့် ကေသီတာ သည် တစ်ကောင်ကြွက် တစ်မျက်နှာ မဖြစ်စေရ ။ မိမိ တွင် ရှိသော သမီး နှစ်ယောက် နှင့် တန်းတူဖြစ်စေရမည် ။ ကေသီတာ က အသက် ခြောက်နှစ် မို့ မိမိ မွေးထားသော သမီးများ ၏ အစ်မကြီး တစ်ယောက် ဖြစ်ရမည် ။ ပညာတတ် ဖြစ်ရမည် ။အချိန် တန် လျှင် သင့်တော် လျှောက်ပတ်သော သူ နှင့် အိမ်ထောင် ချပေးခြင်း ဖြင့် ကေသီတာ့ ဘဝ ကို ပြည့်စုံစေမည် ဟု စိတ်ကို ပိုင်းဖြတ် ၍ ထားသည် ။

ထိုသို့ ရည်ရွယ်ချက် ဖြင့် ကေသီတာ့ ကို ပြုစု ပျိုးထောင် ခဲ့ သဖြင့် ကေသီတာ သည် ဒေါ်မေထက်အောင် ဖြစ်စေ ချင် သလို ဖြစ်လာ ခဲ့သည် ။ အခု နောက်ဆုံး အဆင့် သင့်တင့် လျှောက်ပတ်သော အိမ်ထောင်ရေး အထိ ကို ရောက်ခဲ့ပြီ ဖြစ်သည် ။ မမြနွယ် ၏ သား နိုင်ဝင်းထွန်း သည် အေးဆေးရိုးသားသူ တစ်ယောက် ဆိုတာ မျက်နှာ ကြည့်ရုံ နှင့် ပင် သိသာသည် ။ မမြနွယ် တို့ က ပြည့်စုံ ချမ်းသာသည် ။ ရွှေချည်ထိုး လုပ်ငန်း တစ်ခုတည်း နှင့် ပင် အေးချမ်းစွာ ပြည့်စုံ ကြွယ်ဝကြသူများ ဖြစ်သည် ။ ပြီးတော့ မောင်နိုင် က တစ်ဦး တည်း သော သားလည်း ဖြစ်သည် ။ ကေသီတာ အတွက် အသင့်တော်ဆုံး မိသားစု တစ်စု ပင် ဖြစ်သည် ။

မမြနွယ် က လည်း ကေသီတာ မီးဖိုချောင် နိုင်နင်းပုံ ၊ ရိုးသားတည်ကြည်ပုံ  ၊ လောကဝတ် ၊ ဓမ္မဝတ် ကျေပွန်ပုံ တို့ ကို အသေအချာ လေ့လာပြီး မှ သူတို့ ဘက် က စကား စခဲ့ခြင်း ဖြစ်သည် ။ ဒေါ်မေထက်အောင် က လည်း နဂို ကတည်း က ရည်ရွယ်ထား ခဲ့ သဖြင့် လူကြီး ချင်း အဆင် ပြေ ကြပြီး ကလေးတွေ ကို ဖွင့် ပြောတော့လည်း မငြင်းကြပါ ။ဒါပေမယ့် ခက် နေတာက လူငယ်ချင်း မရင်းနှီးကြခြင်းပင် ဖြစ်သည် ။

ထို့ကြောင့် ဒီနေ့ စေ့စပ်ရက် ကို ရွေးသည်ဆိုသည် မှာ မမြနွယ် နှင့် သူ လူငယ်များ ရင်းနှီးမူ ရှိစေရန် အကွက် ဆင်ခြင်း သာ ဖြစ်သည် ။ မင်္ဂလာ တို့ ၏ ထုံးတမ်းစဉ်လာ မှာ စေ့စပ်ပြီး လျှင် လက်ထပ်မည် ။ စေ့စပ်ရက် ကို ကြိုတင် ရွေးသည် ဆိုဆိုတာ ထုံးစံ မရှိ ။ အခုတော့ မရှိတာ ကို ရှိအောင် လုပ် ရခြင်းသာ ဖြစ်ပါသည် ။

“ ရီရီ .. နင်တို့ မမ ရော ”

“ အခန်း ထဲ မှာ မေမေကြီး ၊ သွား ခေါ်ပေးရမလား ”

“ မခေါ် နဲ့ နားပစေဦး ၊ ကိုးနာရီခွဲ တော့ မှ ရေမိုး ချိုးပြီး အသင့်ပြင်ထား လို့ ပြောလိုက် .. အောင် နဲ့ မောင် ကို လည်း ပြော ၊ သမီး တို့ အားလုံး ကိုးနာရီ လေးဆယ့်ငါး မှာ အားလုံး အဆင်သင့် ဖြစ်နေရမယ် ဟုတ်ပြီလား ”

“  ဟုတ်ကဲ့ မေမေကြီး ”

ရီရီ အိမ်ရှေ့ခန်း သို့ ထွက် သွားသည် ။ ငှက်ပျောသီးမုန့် ကို နည်းနည်း မြည်း ကြည့်တော့ အချို မကဲပဲ စိမ့်စိမ့်ကလေး ခံစား ရသည် ။ သူ လည်း မီးဖိုခန်း ထဲ က ထွက် ကာ ဆယ့်ငါးမိနစ် လောက် နား ရန် အခန်းထဲ သို့ ဝင်ခဲ့ လေသည် ။

“ သား.. ရေချိုးတော့လေ ၊ ကိုးနာရီ တောင် ထိုးပြီး နေပြီ ”

ဒေါ်မြနွယ် က အနည်းငယ် စိုးရိမ်သံ နှင့် ပြော သော်လည်း နိုင်ဝင်းထွန်း သိပ် အတုန်လှုပ်ကြီး မဖြစ်မိပါ ။ ဒီနေ့ သွားရမည့် ပွဲသည် သူ့ အတွက် တော်တော်လေး အူကြောင်ကြောင် နိုင်သည့် ပွဲဆိုသော ခံစားမူကြီး က ဖျောက် ၍ မရသောကြာင့် ဖြစ်သည် ။ ဒေါ်မေထက်အောင် က ကေသီတာ့ အကြောင်း ကို မေမေ့ အား မလိမ်မညာပဲ အမှန်အတိုင်း ပြောပြထား ပြီး ဖြစ်သောကြောင့် သူ ကလည်း မေမေ ပြောပြ ၍ အားလုံး သိပြီး ဖြစ်သည် ။

သူ့ အတွက်တော့ ကေသီတာ့  ဘဝ သည် မည်သို့ပင် ဖြစ်စေကာမူ အရေး မကြီးလှပါ ။ ကေသီတာ သည် ခဏကလေး ဆက်ဆံရုံ မျှ နှင့် ပင် အရည်အချင်း ရှိပြီး မိန်းမ ပီသသော မိန်းမ တစ်ယောက် ဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပါသည် ။ ပြီးတော့ ကေသီတာ သည် သူ့ ကိုယ် သူ အထိန်းသိမ်း လွန်လွန်းသည် ဟု သူ ထင် သည် ။ ကေသီတာ သူ့ ကိုယ် သူ ထိန်းသိမ်းပုံ က တစ်ဖက်သား က မရိုးသား လို့ ဟု ထင်ချင်စရာ ဖြစ်အောင်ကို ထိန်းသိမ်း လွန်းသည် ဟု သူထင်သည် ။

မေမေ က ကေသီတာ နှင့် သဘော တူသည် ဟု သူ့ ကို ပြောခဲ့တုန်း က လည်း သူ မအံ့သြပါ ။ ဒီလို မိန်းကလေးမျိုး ကို သား ရှိသော မိခင် တိုင်း က သဘော တူ မှာ သေချာသည် ဆိုတာ တစ်သန်းကြေး လောက် သူ လောင်း ရဲ ပါသည် ။ “ အချစ် ” ဆိုတာ နှင့် ပတ်သက်ပြီး သူ သည် သိပ် ကျွမ်းကျင်တာ တို့ ၊ ရင် နင့် ခဲ့ရတာ တို့ သိပ် မရှိခဲ့ပါ ။ ကျောင်း တက် တုန်း က တော့ ကောင်မလေး တစ်ယောက် နှင့် သူ တွဲခဲ့ ဖူးသည် ။

ကောင်မလေး နာမည် က မြသင်းကြည် ဟုခေါ်သည် ။ ကောင်မလေး က လည်း သူ နှင့် တပူးတွဲတွဲ နေပြီး သူ့ စိတ်ကြိုက် အတိုင်း နေပါသည် ။ သူတို့ နှစ်ယောက် ကို ချစ်သူတွေ ဟု ထင်သူ တွေ ကထင်နေကြသည့် အတွက် ထို ကောင်မလေး ကို သူ အားနာ နေပြီး ရည်းစား စကား မပြောခဲ့မိခဲ့ပါ ။နောက် ကျတော့ ကောင်မလေး က တစ်ခြား တစ်ယောက် နှင့် ချစ်သူတွေ ဖြစ်သွား ကြသည် ။ သူ့ ကို တမင် ကျော သွားတာ ဟု ပြော သူ တွေ က ပြော ကြသည် ။

သူ့ ဘက် က နာ ကြသည့် လူတွေ က နာကြသည် ။

သူ့ ရင် ထဲ မှာ တစ်ကယ် ခံစားရတာ က တော့ ထို ကောင်မလေး ကို တွေ့တိုင်း အားနာ နေ မိခြင်းပင် ဖြစ်သည် ။ ဘာဖြစ်လို့ မှန်းတော့ ကိုယ့် ဘာသာ ကိုယ် ပင် မသိ ။ အခု
ကေသီတာ နှင့် ပတ်သက်၍ လည်း အဲဒီလို မျိုးကြီး ဖြစ် ၍ နေသည် ။ လူကြီးတွေ က သဘောတူ ထားသည် ဟု သိရပြီး သည့် နောက်ပိုင်း ကေသီတာ့ ကို တွေ့လျှင် သူ ဘာကို မှန်း မသိ အားနာ နေမိသည် ။ ဒီနေ့ သွားရမည့် ပွဲ အတွက် လည်း ဘာမှန်း မသိသော အားနာ စိတ်ကြီး နှင့် သွားရမှာကို တွေးပြီး သွားရန် ဝန်လေး နေမိတာ အမှန်ပင် ဖြစ်သည် ။

ထို စိတ်များကြောင့် သူ သည် မတက်ကြွ မရွှင်လန်းပဲ လေးလံထိုင်းမှိုင်း နေရခြင်း ဖြစ်သည် ။ သူ့ စိတ် ထဲ က အားနာစိတ် က ဆန်းတော့ ဆန်းကြယ်သည် ။ ကေသီတာ့ ကို တစ်ချိန် ချိန် မှာ သူ က လက်ထပ်ရတော့ မှာ ဆိုတော့ သူ ကေသီတာ့ ကို မြင် လျှင် ကြည့် လျှင် တဏှာစိတ် နှင့် ကြည့်သည် ဟု ကေသီတာ ထင်မှာ ကို သူ ရှက်နေခြင်း ဖြစ်သည် ။ ထို ကိစ္စ ကို
သူငယ်ချင်း ဖြစ်သူ ကို ပြောပြတော့ သူငယ်ချင်း ဖြစ်သူက အားရပါးရ ရယ် လေသည် ။

“ ဟကောင်ရ ယောက်ျားလေး တစ်ယောက် က မိန်းကလေး တစ်ယောက် ကို ကြည့်တာ ဟိုစိတ် ဒီစိတ် ဘယ်သူ မပါပဲ နေမလဲကွ ၊ ကိုယ့် ဆွေမျိုးသားချင်း က လွဲလို့ ကျန်တာ ဒီလိုပဲပေါ့ကွ ”

“ သူတို့ က မသေချာဘူးလေကွာ ၊ ငါ က စေ့စပ် မှာ ၊ ပြီးရင် လက်ထပ် မှာ ဆိုတော့ ငါ သူ့ ကို ကြည့်တာ ကို သူ အဲလို ထင်မှာပဲ ၊ ဒါ့ကြောင့် သူတို့ အိမ် သွားဖို့ ကိစ္စဆို ကွေ့ပတ် ရှောင်နေတာ မရပါဘူးကွာ ”

“ သူငယ်ချင်း အလေးနက် မထားသင့်တဲ့ အရာတွေကို အလေးနက် သိပ် မထားပါနဲ့ ၊ အခု မင်း ပြော နေတာ က သဘာဝ ကိစ္စတွေပါ ၊ လူ့ လောက အသိုင်းဝိုင်း မှာ ဖြစ်နေကျ ကိစ္စတွေ ပါ ၊ အရေးကြီးတာ က မင်း ဟာ သူ့ အတွက် ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ဖို့ပဲ လိုတာပါ  ”

သူငယ်ချင်း ဖြစ်သူ က ဥပမာပေါင်း များစွာ ဖြင့် သူ့ ကို ရှင်းပြသွားခဲ့သည် ။

သူငယ်ချင်း ပြောတာ လည်း ဟုတ်တုတ်တုတ် ရှိသည် ။ သို့သော် တစ်ယောက် တည်း စဉ်းစား သော အခါ ဒီ ဘူတာ သို့ ပင် ပြန်ဆိုက် လေသည် ။ သူ့ ကို ကေသီတာ့ ကို လိုချင်သလား ဟု မေးလျှင် “ လိုချင်ပါသည် ” ဟုပင် ပြန် ဖြေရမည် ဖြစ်သည် ။

သို့သော် သူ လိုချင်သည့် နည်းက အခုလို ပုံစံမျိုး နှင့် တော့ မဟုတ် ။ ဘယ်လို ပုံစံမျိုးနှင့် လဲ ဆိုလျှင်လည်း သူ ပြော မပြတတ် ။

ဥပမာ ယခု သူ့ ကို ရှင်းပြ နေသော သူ့ သူငယ်ချင်း နှင့် သူ့ ဇနီး တို့ မှာ သင်တန်း တစ်ခု ကို အတူ တက်ကြရင်း တွေ့ကြပြီး ချစ်သူ တွေ ဖြစ်ကြ ၊ လက်ထပ်လိုက်ကြ ခြင်း ဖြစ်သည် ။ သူတို့ လင်မယား ကို ကြည့်ရသည်မှာ လင်မယား ဆိုသည့် သတ်မှတ်ချက် အပြင် အပို ခံစားမူ တစ်ခု ရှိ နေကြောင်း သူသိသည် ။ အဲဒီ ခံစားမူ ကို သူ ပြော မပြတတ် ။ သူ နှင့် ကေသီတာ ကြား ထဲ တွင် ထို ခံစားမူ မရှိ ။ ထို့ကြောင့် သူ သည် ကေသီတာ့ ကို တွေ့တိုင်း အားနာ နေရခြင်း ဖြစ်ပါသည် ။

“ ကဲ .. သား .. ရေချိုး တော့လေ ၊ သွားဖို့ အချိန် က နီးပြီ ဥစ္စာ .. ”

“ သား မလိုက်လို့ မရဘူးလား ”

“ အမလေး ကိုရွှေနိုင်ဝင်းထွန်း ရေ .. ပွဲ က ရှင့် ပွဲလေ ၊ ရှင် မပါပဲ သွား တော့ အလကား သွား စော်ကား နေတာနှင့် မတူဘူးလား ၊ ဘာလဲ သား က ကေသီတာ့ ကို မကြိုက်ဘူးလား ၊ လက် မထပ်ချင်ဘူးလား  ”

ဒေါ်မြနွယ် သည် ခါး ကို အားနှင့်ထောက် ၍ အသံ ကို မြှင့်ပြီး အော် လိုက်၏ ။

“ အဲဒီလိုလည်း မဟုတ်ပါဘူး ၊ စေ့စပ်တာ မဟုတ်သေးတော့ သား မလိုက်ရင်လည်း ရ မလားလို့ မေးကြည့်တာပါ ”

“ မရဘူး ၊ ရေ သွား ချိုးတော့  ၊ ကိုးနာရီ လေးဆယ် မှာ ထွက်မယ် ၊ ဒါပဲ ”

“ အံမလေး .. စောင့်လိုက်ရတာ မြရယ် ၊ တကယ့်ကိုပဲ ..”

“ ဟိတ် .. ထက် ၊ ကိုးနာရီ နဲ့ ငါးဆယ့်ငါး ပဲ ရှိသေးတာ ၊ တို့ က ငါးမိနစ်ကြီးများ တောင် စောသေးတယ် ”

“ ဟုတ်ပါတယ် .. ဟုတ်ပါတယ် ၊ ဒါပေမယ့် လာရတဲ့ လူ နဲ့ မျှော်ရတဲ့ လူ ဘယ်သူ က ပို ပင်ပန်းတယ် ဆိုတာ မြ မသိတောင် ကိုစောမောင် ကတော့ သိမှာပေါ့ ”

ဒေါ်ထက်မေအောင် က ဒေါ်မြနွယ် လက် ကို ဆွဲ ထားရင်း မထိုင်ကြသေးပဲ အားရပါးရ ရယ်လိုက်ကြသည် ။ ဘေးလူတွေ အတွက် က တော့ ထို စကားသည် ဘာမျှ ထူးဆန်းလှသော စကား မဟုတ်သော်လည်း သူတို့ သူငယ်ချင်းတွေ ကြား ထဲ မှာတော့ အခုလို ရယ်ရသော စကား တစ်ခွန်း ဖြစ်သည် ။ ကိုစောမောင် က ဒေါ်မြနွယ် ကို
ကျောင်းသူ ဘဝ က ချစ် ၍ လိုက်တုန်းက မမြနွယ် က တစ်နှစ် စောင့် ပါ ၊ ပြီးမှ အဖြေ ပေးမည် ဟု ပြန် ပြောစဉ် က ကိုစောမောင် က ဝမ်းနည်းစွာ ဖြင့် ပြောခဲ့သော စကား ဖြစ်သောကြောင့် သူတို့ ရယ်ကြခြင်း ဖြစ်သည် ။ ထို ရယ်သံ သည် ကျောင်းသား ဘဝ သို့ သူတို့ ကို ပြန်ပို့ ပေးပြီး နုပျို လန်းဆန်း လာ စေသည် ။

◾နီကိုရဲ

📖 မွေးစားသမီး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment