❝ ဝက်ကုန်း အသုံးမတည့်ပါ ❞
လှလှနွယ် နှင့် မေသဇင် ကို ငေး ကြည့် ရင်း က ရီးဆေးရိုး မှာ ရင်တွင်း သို့ ဆို့တက် လာ သယောင် ခံစား ရသည် ။ မြေးမကလေး မိမိထွေး ၏ ရှားပါးသော မိန်းကလေး သူငယ်ချင်းများ ကို မြင်ရသောကြောင့် ဖြစ်ချေသည် ။ မြေးမကလေး သည် ကျောက်ပြုတ်ကုန်းရွာ တွင် မာမာချာချာ မှ ရှိပါလေစ ။ ကလေး နှစ်ယောက် နှင့် နှမ်းဖတ်ခဲ ထမင်း သော် မှ နပ်မှန် အောင် ချက်နိုင်ပါလေစ ။ မြေးမကလေး တွင် မိန်းကလေး သူငယ်ချင်း ရှားပါး ငြား ယောက်ျားကလေး သူငယ်ချင်း မူ ပေါများသည် ။ ယခု သူ့ ဘေး တွင် ဆောင့်ကြောင့် တစ်သွယ် ၊ ခြေဆင်း လဲ လု တစ်ဖုံ ထိုင် နေကြသူများ ပင် ငါးယောက် ရှိ၏ ။ ငတောက် ၏ သား လှမောင် နှင့် လှဆောင် ။ တင်မောင်မြင့် ၏ သား ဖိုးအေး ၊ စံရ ၏ သား ၄ ဦး ၊ သန်းထူး ၏ သား ကျော်မြသောင်း ။
သူတို့ ကို စေ့စေ့စပ်စပ် ကြည့် မိသော အခါ ရီးဆေးရိုး မျက်ရည် ဝေ့ ချင်သည် ။ သို့သော် ပင်ကို က သီဝေ သော အဘိုးကြီးအို တစ်ယောက် ၏ မျက်လုံး တွင် တော် ရုံ မျက်ရည် ဝေ့ကာ မျှ ဖြင့် မသိသာ ။ သူတို့ ထဲ မှ ကျော်မြသောင်း သည် သူ့ လက်ဖျံ ရှိ ဆေးထိုး ရုပ် နှင့် ရီးဆေးရိုး.ရင်ဘတ် ရှိ နတ်ကြီးငါးပါး ကို ယှဉ် ကြည့် နေ၏ ။ ကောင်းစွာ ဖြန့်ခါခြင်း မရှိဘဲ ပစ်တင် လှန်းထားသော ရေစို အဝတ် တစ်ထည် အလား ရီးဆေးရိုး ၏ ရင်ဘတ် နှင့် ကျောပြင်များ ရှုံ့တွ နေသည် ။ ကြိုးလွန်းတောင့် ကို မြှောက်ကာ မြှောက်ကာ ‘ လွန်း ’ လိုက်တိုင်း လက် မောင်းကြွက်သားကြီး က ခါ ယမ်း နေသည် ။
ရင်ဘတ် ရှိ နတ်ကြီးငါးပါး မှာ ဟင်္သပဒါး ဖြင့် ထိုး ထားသည် ။ နှစ်ပေါင်း ငါးဆယ် ကျော် ခဲ့ပြီ ။ အရေခွံ ကို ဆွဲဖြန့် ကြည့် မှ ရေးရေး သာ မြင်ရသည် ။ သို့အတွက် ကျောဘက် သို့ ကျော်မြသောင်း စောင်း ကြည့် သည် ။ ဝက်ကုန်း ဆီမင် ဖြင့် ထိုးနှံ ထားသည့် အနက်ရောင် ။
“ ကျောဘက် က အရုပ် ကျ တော့ အပီ ပါ လား ဘ ရဲ့ ၊ ဘာကြီးပါလိမ့် ”
“ ဝက်ကုန်း ခေါ်သကွယ့် ”
သွားဖုံးများ ပေါ် လာသည် အထိ ရီးဆေးရိုး ပြုံး မိ သည် ။ ပြုံးရာ က အသံ ပါ ထွက် လာပြီး ရယ်သံစွက် လျက် “ သည် ဝက်ကုန်း ပေါ့ ကွာ ” ဆိုရင်း ရယ်မော မိ ပြန်သည် ။ သည် ဝက်ကုန်း နှင့် နတ်ကြီးငါးပါး မှာ တော်ရိရော်ရိ မဟုတ် ။ ပေါင် နှင့် ခါး တွင် ထိုးသည့် ထိုးကွင်းများ ကား အလှ သက်သက် ဖြစ်သည် ။ ကျောင်း မှ ထွက်ပြီး နှစ် အနည်းငယ် ကြာ မှ ထိုးနှံသော နတ် နှင့် ဝက်မှာ ကန်တော့ပွဲပေး ၊ ဆေးကျူး မန္တန် စုပ်ပြီး မှ ထိုးရ သည့် ‘ ပြီး ’ ဆေးများ ဖြစ်သည် ။
“ တကယ် ကော ပြီး သလား ဘ ”
ကျော်မြသောင်း နည်းတူ ပင် လှဆောင် က လည်း စိတ်ဝင်တစား ရှိ လာ ကာ ဝင် မေးသည် ။
“ ပြီးလား မပြီးဘူးလား စမ်းခန်း တောင် မရောက် ပါဘူးလကွယ် ၊ သွေးကြီး က နှစ်လုံးပြူး နဲ့ လိုက် ပစ်လို့ ပြန်လာခဲ့ရပါကော ”
ရီးဆေးရိုး မှာ ပြောပြီးခါ မှ “ သွေးကြီး ” ဟူသည် အဘယ်သို့ ဟူသည် ကို မရှင်းမိပါ တကား ဟု သတိ ရ သည် ။ သို့အတွက် ရယ်သံသဲ့သဲ့ ဖြင့် စကား ဆက်သည် ။
“ သည်လို ကွ ၊ အရပ်အုပ် ဆယ်အုပ် ကို ‘ တစ် သွေး ’ ခေါ် သကွယ့် ။ မြို့သူကြီး အောက် က ပေါ့ကွယ် ။ ရပ်ကွက်အုပ် ဆယ်ယောက် အပေါ် က ပေါ့ ”
‘ သွေးကြီး ’ ဟူသော ဝေါဟာရ ကို မကြားဖူးသော လူငယ်များ မှာ မျက်လုံးပြူး ၊ ပါးစပ်ဟ နေရာ မှ ညင်သာစွာ သက်ပြင်း ချ ၏ ။
“ ဘ တို့ က ဘာ သွား လုပ်တာတုံး ”
ဖိုးအေး ၏ ပြူးကြောင်ကြောင် အကြည့် နှင့် ယှဉ် သည့် အမေး ။
“ သူပုန် ထ တာပေါ့ လကွာ ”
“ သူပုန် ”
သုံးယောက်ခန့် သည် အံ့ဩသံ ၊ တုန်လှုပ်သံ ဖြင့် မေး၏ ။
“ ဂဠုန်ဆရာစံ သာယာဝတီ မှာ ထ တုန်းက ပေါ့ ။ သရက် တို့ ၊ ပြည် တို့ ၊ အောင်လံ တို့ ၊ တောင်တွင်း ၊ ပခုက္ကူ ၊ မြင်းခြံ ဘက် လည်း ကူးစက် လာ တော့ ရမ်းဘိုကုန်း က ဘ တို့ ကော ဘာသား နဲ့ လုပ်ထားသမို့ နေနိုင် မှာတုံး ထကြတော့တာ ပေါ့ ကွာ ”
ရီးဆေးရိုး မှာ ထိုအချိန် က ကာလသား ဘဝ သာ ရှိသေး၏ ။ အတိတ် ကို ပြန်လည် စဉ်းစားငြား မှိုင်း ယဲ့ယဲ့ သာ ပေါ် သည် ။ အဖေ နှင့် မကြာခဏ ခေါင်းချင်း လာ ရိုက်သော ရီးစံအေး ၊ ရီးကံရ ၊ ငှက်ကြီးတောင်ဓား ကို တသွေးတည်း သွေး လိုက် ၊ ခြေသလုံးမွှေး “ ကျ မကျ ” စမ်း လိုက် လုပ် နေသည့် အဖေ ဦးကျန်ကြီး ။
ထို လ ထို ရာသီ သည် ထိုးကွင်း မင်ကြောင်ဆရာ များ နယ်လှည့်သည့် ရာသီ လည်း ဖြစ်ရာ ထိုးနေကျ မင်ကြောင် ထက် ပြီးဆေး ထိုး လိုသူ က များ နေသည် ။ သို့အတွက် မင်ကြောင်ဆရာ များ မှာ နှစ်တိုင်း ထက် ပိုပြီး လာဘ် ရွှင်သည် ။ တစ်ဖက်တွင် လည်း ပုလိပ် နှင့် သူကြီး ၏ ရန် ပေါ်ပေါက်လာ သောကြောင့် ကျီးလန့် စာစား ဆေး ထိုး ကြ ရသည် ။
“ ဘ ဟာကလဲ ဟုတ်မလို နဲ့ အဖျား ရှူးသွားတာပါကလား လို့ ”
ကျော်မြသောင်း ၏ အားမလို အားမရ စကား ။
“ မင်းတို့ က သာ အဖျား ရှူးတယ် ထင်တာကိုး ကွ ၊ ငါတို့ မှာ တော့ တစ်သက်လုံး က မျက်လုံး လှန် မကြည့် ရဲ တဲ့ သွေးကြီး တို့ ၊ ပုလိပ် တို့ ကို ဓား နဲ့ ဝင် ခုတ် ရတာ နည်းနည်း နောနော စွန့်စားရတာ မှတ်သလား ”
“ ဘ ပြောတာကလဲ ဗျာ ၊ ဘိုင်စကုပ် ကို ဟိုနား တစ် ဖြတ် ၊ ဒီနား တစ်ဖြတ် ကြည့်ရလား မှတ်ရသဗျ ၊ ဆံ့တငံ့ငံ့ နဲ့ ”
ရီးဆေးရိုး သည် “ ဝမ်းစာ ” ထန်းအူလျှော်များ ကို ဖနောင့် ဖြင့် ခြစ်လျက် စုရုံး ဆွဲငင် ရင်း ပြုံး ပြန်သည် ။
“ ဟ ... မင့်ဖေ ကလွှား ၊ ငါ မှတ်မိတာ က လည်း ဟို တစ်စ ၊ သည်တစ်စ ပဲ ကိုးကွ ။ အဲသည်တော့ အဲ .. အဲ ၊ အဲသည် ည က လကွယ်ည ကွ ”
အရေးတော်ပုံ ည သည် နှင်းမှုန် ထဲ မှ မှိုင်းရီဝေဝါး စွာ ပေါ်လာ ပြန်၏ ။ ခုတင်ကြီးစု အနီး ကွမ်းခြံစပ် တွင် တစ်စု ၊ ယာထဲ တွင် တစ်အုပ် ၊ သာဒွန်းဝ မြောင်းပေါင် တွင် ကား လူ အတော် များ ဟန် တူသည် ။ ကြယ်ရောင် ဖြင့် လက်ခနဲ လက်ခနဲ ပေါ် လာသည့် ငှက်ကြီးတောင် ဓားရောင် ဖြင့် ပင် အနည်းဆုံး လူ တစ်ရာ ခန့် ရှိမည် ထင် ရသည် ။
ရမ်းဘိုကုန်း တစ်ရွာ တည်း မှ မဟုတ် ။ ခုတင်ကြီးစု ၊ ပုရပိုက်တန်း သာ မက ချောင်း ဟိုဘက်ရွာများ ရော တောင်ဖျား မှ ရွာများ ပါ ပါဝင်သည် ။ သူ့ အစု သူ့ ခေါင်းဆောင် နှင့် လာကြခြင်း လည်း မဟုတ် ။ စိတ်တူ သဘောတူ လေးယောက် တစ်ခု ၊ ငါးယောက် တစ်စု ထွက် လာ ကြရာ က သည် မှာ ဆုံမိကြခြင်း ဖြစ်သည် ။
“ ကဲ ... ကဲ အားလုံး နားထောင်ကြပါ ။ သည်လူ တွေ တစ်စည်း သွား ရင် ဂတ်တဲ မရောက်ခင် ပုလိပ် တွေ သိ ကုန် လိမ့်မယ် ။ အဲဒါကြောင့် ချောင်း ထဲ က တစ်စု သွားမယ် ၊ အဲသည် အစု ကို ကျုပ် ခေါင်းဆောင် မယ် ။ ခေါင်းဆောင် ရဲ့ စကား ကို လိုက်နာကြပါ ”
အစီအစဉ် ကို သစ်ငုတ်တို ပေါ် မှ မတိုးမကျယ် ပြော သူ မှာ မောင်ဆေးရိုး ဖခင် ဦးကျန်ကြီး ပေတည်း ။
“ ကျန် တစ်စု ကို ကိုစံအေး ခေါင်းဆောင် ပြီး ကုန်းပေါ် က သွားမယ် ။ ကားလမ်း ပေါ် က မတက်ဘဲ လမ်းဘေး လှည်းလမ်း က သွားကြပါ ။ ချစ်တီးတိုက် ကို ရောက် မှ အသံ ပြု ကြပါ ”
အစီအစဉ်ကို လူများ သဘော ကျ ကြသည် ။ လယ်သမား အများစု မှာ ချစ်တီး ကို နာ ထားသူများ ဖြစ်သည် ။ ထို ချစ်တီး နောက် မှ ပါလာ နေ ကျ ပုလိပ် ကို လည်း လယ်သမားများ က ရွံမုန်းကြောက်ကြီး ဖြစ် နေ သဖြင့် ဂတ်တဲ ကို တိုက်မည် ဆိုသော အခါ ဝမ်းသာ နေ ကြ သည် ။ လကွယ်ည ၏ ကြယ်ရောင် အောက် တွင် ငှက်ကြီးတောင်ဓား နှင့် မှိန်းကိုင် ၊ လှံကိုင် လယ်သမားများ သည် တိတ်ဆိတ်စွာ အစု ခွဲ ကြသည် ။ မောင်ဆေးရိုး မှာ ကုန်းကြောင်းချီ အဖွဲ့ တွင် ပါဝင်သည် ။ သူ့ ဘေး တွင် ကိုသာဒွန်း ၊ ကိုပိတ်စ တို့ ပုဆိုးခြုံ ထဲ ဓား ထည့်လျက် ကုပ်ကုပ်ကလေး ပါလာကြ၏ ။ သူတို့ သည် မြို့ အဝင် မြောင်း နှင့် ‘ ပေါင်း ’ ကို တိတ်ဆိတ်စွာ ဖြတ်ကျော် ခဲ့ကြ သည် ။ အချိန်မှာ သန်းခေါင်ဘက် သို့ နီး နေပြီ ။ အိမ် အများ တံခါးပိတ် ကာ အိပ်ကြပြီ ဖြစ်ငြား မီးတလက် လက် နှင့် စကား ကောင်း နေသော အိမ်များ လည်း ရှိနေ သေးသည် ။ ‘ ချင်းမပေါင်း ’ သို့ အရောက် တွင် ဓာတ်စက်သံ တညံညံ ၊ အောက်လင်းဓာတ်မီး တထိန်ထိန် နှင့် တိုက်တစ်လုံး အနီး တွင် ရပ်တန့် မိ ကြသည် ။ မီးရောင် က လမ်း ပေါ်အထိ ရောက် နေသည် ။ သည် လူအုပ် မည်သို့ ဖြတ်သန်း မည်နည်း ။
“ ဘုန်းကြီးကျောင်း ဘက် လှည့် သွားကြရအောင် ဟေ့ ”
ဦးစံအေး တီးတိုး ပြောစဉ် အော်ကျယ် အော်ကျယ် အသံ တစ်သံ ထွက်ပေါ်လာ ချေ တော့သည် ။
“ ဘာပြုလို့ နောက်ပြန် ဆုတ်ရမှာတုံး ဆရာကြီး ရဲ့ ။ နိမိတ် မကောင်းပါဘူး ၊ ဝပ်ပြီး သွားကြတာပေါ့ ”
“ အောင်မာ သည် တိုက် ဟာ လက်စ သတ်တော့ ဦးသာဒင် တိုက် ။ စပါး နှစ်တောင်း ချေး ပြီး စာရင်းစာအုပ် ထဲ မှာ ငါးတောင်း လို့ မှတ်တဲ့ လူလိမ် လူယုတ် မာကြီး ။ ကျုပ် ကို ဒုက္ခ ပေးတဲ့ လူကြီး ။ လာကြ သူ့ ဓာတ်မီး ကို ရိုက်ခွဲ ပစ် ရအောင် ”
ဒိုင်းခေါင်းကုန်း ရွာသား ငပွင့် ဖြစ်သည် ။
“ ဟဲ့ ငပွင့် မလုပ်နဲ့ ။ ချစ်တီးတိုက် ကို မရောက်ဘဲ နေ တော့မယ် ”
ဦးစံအေး က အသံအုပ် လျက် တားမြစ်သည် ။ ငပွင့် ကား သူ့ ဘက် သို့ လူ နှစ်ဆယ် ခန့် ပါလာသည့် အတွက် အားတက် သွားသည် ။ “ လာကြဟေ့ .. လာ ကြ ” အော်လျက် ပြေး ကပ်သည် ။
သစ်သား ဝင်းထရံ ကို ကျော် တက် သူ က တက် ၊ မီးအိုး ကို ခဲ ဖြင့် ထုသူ က ထု ၊ ဝင်းထရံ ကို ဖျက် သူ က ဖျက်ဖြင့် တစ်မဟုတ်ချင်း ဆူညံ သွားလေ၏ ။
မီးရောင်ပျပျ ရှိ သော အိမ်များ လည်း ချက်ချင်း မီးငြိမ်း သွား တော့သည် ။ ဦးစံအေး ၏ အစီအမံ အောက် တွင် ငြိမ်ဝပ်စွာ ရှိနေသူများ လည်း ယောင်ချာချာ ဖြစ် နေ ကြသည် ။ ငပွင့် တို့ မှာ လည်း တိုက်တွင်း သို့ မဝင်နိုင်ပေ ၊ သံတိုင် တပ် ထားသည့် ကျွန်းတံခါး ကို သူတို့ မဖျက်နိုင်ကြ ။ သို့အတွက် စပါးကျီများ ရှိသည့် ဘက် သို့ လှည့်သွား ကြစဉ် နှစ်လုံးပြူး သေနတ်သံ တစ်ချက် ကျယ်လောင်စွာ မြည်ဟိန်း သည် ။
“ ဟေ့ တစ်ယောက် မှ မလှုပ်နဲ့ ။ အားလုံး မြေကြီး ပေါ် မှာ မှောက်နေကြ ”
သွေးကြီး ဦးဖိုးဆိုင် ၏ အသံ ဖြစ်သည် ။
“ လူစု ခွဲပြီး မှောင်ရိပ် ခိုကြ ဟေ့ ။ မပြေးနဲ့ .. မပြေးနဲ့ ”
ဦးစံအေး မှာ တီးတိုး မျှ သာ သတိ ပေး နိုင်၏ ။ သူ့ ဘေး တွင် လူ မည်မျှ ၊ သူ့ နောက်တွင် လူ မည်မျှ ကျန် သေးသည်ကို သူ မသိ ။ လမ်းစောင်း တွင် ပေါက် နေ သော ဝက်ချေးပနဲ ပင် ရိပ် တွင် ပုဝပ် လျက် ပုန်းခို သည် ။ မောင်ဆေးရိုး နှင့် မောင်ပိတ်စ သာ လျှင် ဦးစံအေး နောက် ၌ ရှိသည် ။ ကျန် လူများ မှာ မြောင်း ထဲ ဆင်း သည် ။ ဘုန်းကြီးကျောင်း ထဲ ဝင် ကြသည် ။ တာစောင်း တွင် ဦးစံအေး က တရွေ့ရွေ့ ရွှေ့သည် ။ မောင်ပိတ်စ နှင့် မောင်ဆေးရိုး လည်း ရှေ့ရွေ့ ရွေ့ရွေ့ ဖြင့် ကပ်လိုက် သွားကြသည် ။ သွေးကြီး ဦးဖိုးဆိုင် နှင့် တပည့်တပန်း များ သည် မီးစည်း တယမ်းယမ်း တမြှောက်မြှောက် ဖြင့် လျှောက် လာ ကြရာ ဦးစံအေး တို့ နှင့် ဝါး တစ်ရိုက် မျှ သာ ကွာ တော့သည် ။ သင်္ဘောမန်ကျည်းပင် နှင့် ပဒိုင်းပင် များ က အကာအကွယ် ပေး ထားသည် ။
“ ဟေ့ .. ရပ်လိုက်ကြ ၊ ရပ်ဆို မရပ်ဘူးလား ”
တိုက်ဝင်း ထဲ မှ လူတချို့ ပြေးထွက် သွားသဖြင့် သွေးကြီး လှမ်း အော် ရင်း နှစ်လုံးပြူးသေနတ် ဖြင့် လှမ်း ပစ်သည် ။ ထိုအချိန် တွင် ဦးစံအေး ခုန် ထွက်၏ ။ ကျားခနဲ အော်ရင်း သွေးကြီး ကို ဝင် ခုတ်သည် ။ သွေးကြီး မှာ ရုတ်တရက် မင်တက် မိ သွား ရာ က နှစ်လုံးပြူး ဖြင့် ဆီးခံ သည် ။ မောင်ဆေးရိုး နှင့် မောင်ပိတ်စ လည်း မနေသာ ပြေးဝင် ခုတ်သည် ။
“ ခုတ်ကုန်ပြီဟေ့ ။ ချကြ ... ချကြ ခုတ်လဟ ”
မြောင်းထဲ မှ ၊ ချုံထဲ မှ မှောင်ရိပ် မှ လူ သုံးဆယ် ခန့် ထွက် လာသည် ။ သွေးကြီး နှင့် တပည့်လေးဦး မှာ သေနတ် ကို အရ လု လျက် မီးစည်းများ ချ ကာ ထွက် ပြေး တော့သည် ။
“ လိုက်ဟ .. လိုက်ဟ ၊ ချ ... ခုတ်ဟ ”
ဦးသာဒင့် တိုက်ရှေ့ တွင် သာ ဆူညံ နေရာ က ပြည်စိုးကုန်း ရပ်ကွက် တစ်ခုလုံး ပါ အော်ဟစ် ကြုံးဝါး သံများ ဖြင့် ပွက်လော ရိုက် သွား တော့သည် ။
“ အဲဒါပဲကွ ၊ ငပွင့် နှောက် လိုက်တာ တစ်ခါတည်း ဘယ်မှာ ချစ်တီးတိုက် ကို ရောက်တော့လို့တုံး ၊ သွေးကြီး နောက် ကို ဝိုင်း လိုက်ရင်း နဲ့ လူစု ကွဲ သွားပါရောလား ။ ဝက်ကုန်း နဲ့ နတ်ကြီးငါးပါး လည်း စမ်းခန်း မရောက် တော့ပါဘူး ”
“ အရီး သာ ရှိတာ မဟုတ်ပါဘူး ဗျာ ။ ကျုပ် လည်း ဂျပန်ခေတ် တုန်း က ထိုး ထား တာ ရှိပါတယ် ”
စကားဝိုင်း ဘေး သို့ တိတ်ဆိတ်စွာ ရောက်ရှိ နေသူ မှာ ငါးယောက် ဖြစ်၏ ။ သူ့ သား ကိုဘညိန်း နှင့် ရွယ် တူတွေ ။ အေးအောင် ၊ စိန်အုပ် ၊ ထွန်းမှုန် ၊ ကြင်မောင် နှင့် ခင်မောင်လေး စသည် တို့ ။ ရင်ဘတ်ကြီး တကော့ ကော့ ဖြင့် ဝင်ရောက် ဝင့်ကြွားသူ မှာ ကိုထွန်းမှုန် ဖြစ် သည် ။ သူ့ ရင်ဘတ် ပုတီးဆွဲလမ်း တွင် ဆီမင် ဖြင့် ထိုး ထားသော နတ်ခေါင်းငါးလုံး ။
“ ဘဒွေး အရုပ်တွေ ခဏ နေပါဦးဗျာ ”
ကျော်မြသောင်း က ဝင်ပြီး ကန့်ကွက်သည် ။
“ အဘ ဟို ချောင်း ထဲ က သွားတဲ့လူ တွေ ကော ဘာ လုပ် ကြသတုံး ဘ ” ဟု လိုရင်း ကို မေးသည် ။ ထိုအခါ ရီးဆေးရိုး ရယ်မော ပြန်သည် ။ “ အေး ဟုတ်သဟ ” ပြောရင်း က ခြေမ ကြား မှ ကြိုးစ ကို ဖြတ်သည် ။ လွန်း တောင့် တွင် ရစ်သည် ။ ရေနွေးကြမ်း အေးအေး ကို မော့သည် ။ ဆေးလိပ်တို ကို ကောက်ကိုင် မိ မှ စကား ပြန် ဆက်သည် ။
“ ချောင်း ထဲ က သွားတဲ့ လူစု မှာ အဖေ က လူကြီး ကွ ။ သူတို့ ဟာ စာတိုက်ဆိပ် က တက် ပြီး ဂတ် ကို စီး ဖို့ ဟာ ပတ်တရောင် တွေ နဲ့ တိုး နေပါလေရော ဟေ့ ။ အဲဒါ နဲ့ ဈေးဆိပ် က တက် ပြီး တိုက်ကြားတွေ က မှောင်ရိပ် ခို အလာ မှာ ဘိန်းစားပုလိပ် ကြောင့် ခွကျ ကုန်တာပေါ့ လကွာ ”
နောက် ရောက်လာသူများ ရော ၊ ရှိ နှင့် ပြီးသော လူငယ်လေးများ ပါ မျက်တောင် မခတ်ဘဲ ရီးဆေးရိုး ကို ကြည့် နေ ကြ၏ ။ ရီးဆေးရိုး သည် ဆေးလိပ် ကို နှစ်ဖွာ သုံးဖွာ ဖွာရှိုက် ပြီး ငြား အာသာ မပြတ်နိုင်ဘဲ ထပ်မံ ဖွာ နေသည့် အတွက် လှဆောင် မနေသာတော့ချေ ။
“ ဘ ကလဲဗျာ ၊ ပွဲ တောင်းမှန်း သိတာနဲ့ ပဲ ”
“ ဘိန်းစား ပုလိပ် ကြောင့် ဘယ်လို ဖြစ်တုံး ဘ ”
ဖိုးအေး မူ မေး လည်း မေး ၊ ဆေးလိပ် ကို လည်း လှမ်း ဆွဲသည့် အတွက် ရီးဆေးရိုး တိမ်းငဲ့ ဖယ်ရှားရင်း စကား ဆက် ရ၏ ။
“ အဲ မြောက်ရှားတိုက် နဲ့ မနီးမဝေး မှာ ဘိန်းခန်း ရှိ သကွ ။ သည် ဘိန်းခန်း ထဲ ကို ပုလိပ်ဘိန်းစား တစ်ယောက် ဝင် သွားတာ လှစ်ခနဲ လည်း မြင် လိုက် ရော ဖိုးဇုန် ပေါ့ ကွာ အာဠာဝက ထ ပါလေရော ဟေ့ ”
“ အာဠာဝက ဆေး ထိုးထားလို့ လား ဘ ”
“ ဟ ကောင်လေး ရ ... သတ်မယ် ဖြတ်မယ် ကြုံး ဝါးတာ ကို အာဠာဝ က ထ တယ် ခေါ်သာဟ ။ နားဝေးပါ့ ကွာ ”
ကိုကြင်မောင် သည် ရီးဆေးရိုး ကိုယ်စား ဝင် ရောက် ဖြေကြား သည် ။ မေးသူ ၏ ထိပ် ကို လည်း ပုတ်သည် ။
“ အဖေ က မဟုတ်ဘူး ၊ တို့ အကြံ ပျက်မယ် ၊ သွား မလုပ်နဲ့ တား သကွ ။ သာပေမဲ့ မဟုတ်ဘူး ။ ငတောက် တို့ အိမ် ချစ်တီး သိမ်း တုန်း က ငတောက် ကို သေနတ် ဒင် နဲ့ ဆောင့်သာ သည် ဘိန်းစားပဲ ၊ အခု လက်စား ချေရမယ် ပေါ့ ။ သည်တော့ အဖေ က ဖျောင်းဖျတယ် ၊ သည် ပုလိပ် ကို အခု မသတ်နဲ့ ။ အရှင် ဖမ်း ၊ ဓားစာခံ လုပ် ပြီး ဂတ် ကို စီးမယ် ဆိုတော့ ဖိုးဇုန် သဘောကျ သွားသကွ ။ သည် အကြံ ကောင်းသယ်ပေါ့ ”
“ ဘိန်းစားပုလိပ် မှာ သေနတ် မပါဘူးလား ဘ ”
“ မပါပါဘူးကွာ ၊ ဖိုးဇုန်တို့ လည်း အဲသည် ဘိန်းစားပုလိပ် ကို ဖမ်းဖို့ တိုက်ထဲ လည်း ဝင် သွားရော ဘိန်းခန်း အပေါက်စောင့် ကု,လား က သူခိုး သူခိုး ထ အော် ပါလေရော ဟေ့ ၊ ဖိုးဇုန် လန့်ပြီး ဓား နဲ့ တွက် ပစ်ခဲ့သာ လူ ကို မထိပေလို့ပေါ့ကွာ ၊ ခန်းဆီးအဝတ် ထက်ပိုင်း ပြတ် ကျန်ခဲ့သတဲ့ ”
“ ဂတ် က မကြားဘူးလား ဘ ”
“ ဂတ် က ကြား ၊ မကြား တော့ မသိဘူးလေ ၊ တိတ်တိတ်ကလေး သွားရမယ့် ဥစ္စာ ၊ အရပ် ထဲ က လူတွေ ထွက်လာ သဲ့ နောက်တော့ ဘယ်မှာ ကောင်းတော့ မှာ လဲ ။ အကြံ ပျက်တော့တာ ပေါ့ကွာ ။ အဖေ ပြန် ပြောလို့ သိရသာ က တော့ အဲသာပဲ ကွ ”
ရီးဆေးရိုး သည် စကားအဆုံး ၌ မီးခြစ် ကို လှမ်းယူသည် ။
“ ဘ တို့ က ချစ်တီးတိုက် ကို ဘာ လုပ်မယ် စိတ် ကူး နဲ့ သွားကြတာလဲ ဘ ”
ကိုထွန်းမှုန့် အမေး ဖြစ်သည် ။
“ မီးခံသေတ္တာ ထဲ မှာ လယ်ပေါင်စာချုပ် ၊ သီးစား စာချုပ်တွေ ရှိ သကွ ။ အဲသာတွေ ယူဖို့ကွ ။ သာပေမယ့် ငပွင့် ကြောင့် အကြံ ပျက်သာပဲ ကောင်းပါ သကွာ ။ နို့ မို့ရင် ချစ်တီးတိုက် ကို စောင့်ဖို့ လွှတ် လိုက်တဲ့ အမ်း ပုလိပ်တပ် နဲ့ တိုး မှာ ”
“ အံမာ ဝက်ကုန်း နဲ့ နတ်ကြီးငါးပါး ဆေး ထိုးထား တယ် မဟုတ်လား ”
“ ဟာ .. အဲသည် ဆေးတွေက ခဲ ၊ အုတ် ၊ ကျောက် ၊ တံတောင် ၊ တုတ် ၊ ဓား ၊ လှံ ၊ ဖနောင့် ၊ လက်သီး ၊ တင်းပုတ် ဘာညာ ပေါ့ကွာ ။ အဲသာတွေ ပဲ ပြီးသာ ကွ ။ အား နဲ့ ပြေးလာသဲ့ ကျည်ဆန် ၊ အဲအဲ နှစ်လုံးပြူး ၊ “ စရိတ် ” ကျဲ သာတော့ ပြီး သကွ ၊ ရိုင်ဖယ်ကျည်ဆန် ကျတော့ မခံနိုင်ဘူး ၊ အရိုးကျိုး သတဲ့ ”
ကိုထွန်းမှုန်တို့ လူလတ်ပိုင်း မှာ တွေ ပြီး ကြည့်နေ ကြငြား ကျော်မြသောင်း တို့ လူငယ်များ ကား ဝါးခနဲ ရယ်မော လိုက်ကြလေ၏ ။
◾ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment