( ၁၈ )
“ ဦးဘော် ရေ ”
အဝေး က လှမ်း အော် လိုက်တဲ့ အသံကြောင့် ကျောင်း နောက်ဖက် အဖီကလေး ထဲ ရေနွေးအိုး တည် နေတဲ့ စံလှဘော် တံစက်မြိတ် အပြင် ဘက် ထွက် လိုက်တယ် ။
မြချစ် အသံ ။ စံလှဘော် နတ်လမ်း ဘက် မျှော်ကြည့် လိုက်တယ် ။ ကျောင်းဝ က နေ လင်ပန်းကြီး တစ်ချပ် ရွက် လို့ ဝင် လာတဲ့ မိန်းကလေး တစ်ယောက် ။ မြချစ် များ လား ။ ဟုတ်ပါ့ ။
“ ဦးဘော် ”
စံလှဘော် ပြေးထွက် သွားရ မလား ။ စုံရပ် နေရ မလား ။ သူ က ချစ်ခင် မြတ်နိုးခဲ့တဲ့ မြချစ် ။ သူ့ အပေါ် စိမ်းစိမ်းကားကား ရှိခဲ့တဲ့ မြချစ် ။ စံလှဘော် ကျောင်း မှာ ရှိနေ သရွေ့ ကျောင်း ကို မလာတော့ဘူး ဆိုတဲ့ မြချစ် ။ မိခင် ကို အိမ် အရောက် ပွေ့ယူ ပြီး အသက် ကယ်ခဲ့တာ တောင် ကျေးဇူး စကား မဆိုခဲ့သော မြချစ် ။ ခုတော့ ဦးဘော် ရေ တဲ့ ။ ခေါင်း ပေါ် မှာ လည်း လှူဖွယ်တွေ တနင့်ကြီး နဲ့ ။ မဖြစ်သေးပါဘူးလေ ။
“ မြချစ် လာပြီ ဟေ့ ။ နင် လေး နေရော့မယ် ”
စံလှဘော် နတ်လမ်း ဆီ ကို အပြေး သွားတယ် ။ မြချစ် က ရွက် ထားတဲ့ ဗျပ် ကို စံလှဘော် ခေါင်း ပေါ် အတင်း ထိုး ပေးတော့ စံလှဘော် က ပြုံးပြုံးကြီး ။ အခု တော့ လည်း မြချစ် က အရင် လို ပါ ပဲလား ။ မြချစ် မျက်နှာ က ပြုံး သလိုလို တည် သလိုလို ။ မချိုမချဉ် မျက်နှာကလေး နဲ့ စံလှဘော် ကို အကဲခတ် နေတယ် ။ စံလှဘော် ခါတိုင်း လိုပဲ စကားတွေ ဖောင်လို့ ။
“ မြချစ် ကျောင်း မလာတော့ဘူး ထင် နေသာ ဟ ။ ငါ က လည်း နင်တို့ အိမ် မလာဝံ့ပေါင် ဗျာ ၊ များလှချေလား ။ ပဲပွဲစားလေး ရောက်နေသယ် ထင်သယ် ”
စံလှဘော် က ရိုးရိုး ပြော လိုက်တာပါ ။ မြချစ် က တော့ ရှက်သွားပုံ ရတယ် ။ စံလှဘော် ကျော ကို ထုတယ် ။
“ မြချစ် က လာ ကန်တော့သာပါ ဦးဘော် ရယ် ။ ဆရာတော့် ကို လည်း ကန်တော့မယ် ။ ပြီးရင် ဦးဘော် ကို လည်း ကန်တော့ ရ မှာ လေ ”
“ အလိုဗျာ .. ဦးဘော် ကို ကန်တော့စရာ မရှိပါဘူး အေ ”
“ ကန်တော့ရမှာ ပေါ့ ဦးဘော်ရယ် ၊ မြချစ် တို့ က သူတော်ကောင်း ပြစ်မှား မိတာကိုး ၊ ကပ္ပိယ သူတော်ကောင်းကြီး စော်ကား မိတာ မြချစ် တို့ မှာ အပြစ် ရှိပါ သယ် ၊ သည်တော့ ရှိခိုးဦးတင် ကန်တော့ မှ အပြစ် ကျေမှာပေါ့ ဦးဘော် ရဲ့ ”
“ ငါ က ကျေပြီးသားပါ မြချစ် ကယ် ။ တို့လို ဆင်းရဲသားများ ဟာ သည်လို ပါပဲ ။ အချေ ခံရတာ နဲ့ ကျေနှင့်ရသာ ချည်းပါဟာ ”
“ အဲသလို မပြောပါနဲ့ ဦးဘော် ရယ် ။ မြချစ် စိတ် မကောင်းလိုက်သာ တော် ”
မြချစ် က မျက်ရည်ကလေး ဝိုင်း သွားတော့ စံလှဘော် မနေသာတော့ ပါ ဘူး ။ ပျာပျာသလဲ အရွှန်း ဖောက် ရတော့တာပါ ။
“ နင့် ကို ပြောသာ မဟုတ်ပါဘူး ဟ ။ ဆင်းပြီ ဆိုရင် အလိုလို နေရင်း အထု အထောင်း ခံရပြီးသား ။ အထောင်း ခံရမှ တော့ ကျေပြီပေါ့ ဟ ။ ငရုတ်ဆုံ ထဲ ထည့် ထောင်း တဲ့ ငရုတ်သီး ကြည့်ပါလား ။ ငါ ဖြင့် ပြောရင်း နဲ့ တောင် စပ် လာပြီ ”
မြချစ် က မျက်ရည်တွေ နဲ့ ပဲ စံလှဘော် ကျော ကို အုန်းကနဲ တစ်ချက် ထု ပြန် ရော ။ သရက်ကင်းလှေကား က တက်ကြတော့ စံလှဘော် က ရှေ့ က ၊ မြချစ် က စံလှဘော် ခါးစ ဆွဲပြီး နောက် က ။ ကျောင်း ပေါ်ရောက် တော့ မြချစ် က ဆရာတော် ရှေ့ လှူဖွယ်တွေ ချပြီး ကန်တော့ တယ် ။ ဗန်းတစ်ချပ် နဲ့ သပ်သပ် ခွဲထားတဲ့ ပစ္စည်း တချို့ နဲ့ စံလှဘော် ကို ကန်တော့တယ် ။ ဆရာတော့် ရှေ့ မှာ အကန်တော့ ခံ ရတဲ့ စံလှဘော် က ပြုံးတုံးတုံး ရှက်အမ်းအမ်း နဲ့ ။ မြချစ် က ဆုပေးဦး မှ ပေါ့ ကပ္ပိယကြီး ရဲ့ဆိုတော့ ဆု မပေးတတ် ပြန်ဘူး ။ ဆရာတော့် ရှေ့ မှာ ဆိုတော့ ပိုဆိုး တာပေါ့ ။ သူ့ ဘဝ မှာ သည်လို တူတူတန်တန် အကန်တော့ မခံခဲ့ဘူးတာ ကိုလည်း စံလှဘော် အမှတ်ထား မိသွားတယ် ။
“ အေးဟာ .. မြချစ် ၊ ငါ့ နှမ ကန်တော့ ရသော အကျိုး အားကြောင့် ရပ်ပြစ် ရှစ်ပါး ၊ ရန်သူမျိုး ငါးပါး ၊ ဝိပ္ပတ္တိတရားလေးပါး ၊ ဗျသနတရား ငါးပါး တို့ မှ အခါ ခပ်သိမ်း ကင်းလွတ် ငြိမ်းသည် ဖြစ်၍ မဂ်တရား ၊ ဖိုလ်တရား ... ”
“ ဦးဘော် က လည်း အဲဒါ ဘုရားရှိခိုး ဟာ ကို ”
“ လာမှာပေါ့ ဟ ၊ အဲ ကျန်းမာချမ်းသာပါစေ ဗျား ”
ပြီးတာ နဲ့ စံလှဘော် က လှူဖွယ် ဗျပ် ကို မ , ပြီး အနောက်ဆောင် ကို ကူးလာ တော့ မြချစ် လည်း လိုက် လာတယ် ။ မြချစ် က တောင်းပန်ချင်တာ နဲ့ လိုက်လာ တာပါ ။ စံလှဘော် ပစ္စည်းတွေ သိမ်း နေတာ ကို စောင့် ကြည့်ရင်း စကားစ ရှာတယ် ။ စံလှဘော် က တော့ ပိုးဟပ် ရှာ နေတာပါ ။ တစ်ခါက မြချစ် ထ ဖက် တာကို ခုထိ သတိ ရ တုန်း ။
“ ဦးဘော် ”
“ ဟေ ... ”
“ ဦးဘော် ကျောင်း က ဘာလို့ ထွက်သွားသာလဲ ။ ဘယ်သွား နေသာလဲ ၊ မြချစ် ကြားပါသယ် ”
“ မိဘများ ရွာ ရွှေလှေကျောင်း မှာ ပါဟာ ”
“ ရွှေလှေရွာ မှာ ဦးဘော် ဘာလုပ် စား နေသာတုန်း ”
“ ကပ္ပိယ လုပ်နေသာပေါ့ဟ ၊ ငါ ဘာ လုပ်တတ်သာ မှတ်လို့ ”
“ ကောင်းသာပေါ့ ဦးဘော် ရယ် ။ ကုသိုလ် ရသာပေါ့ ။ ဘုရားရိပ် တရားရိပ် သံဃာရိပ် က အေးမြပါဘိသနဲ့ ။ နေပါဦး ဦးဘော် မြချစ် ကို စိတ် မဆိုးဘူးလား ”
“ မဆိုးပါဘူးဟာ ၊ စိတ် မကောင်းတော့ ဖြစ်မိသာပေါ့ ။ ဦးဘော်က တစ်သက် မန်ကျည်းစု က မခွာတော့ဘူး ထင် သာလေ ။ တကယ်တော့ ဘယ် ဟုတ်မလဲ ။ ကံကြမ္မာ က နှင်ရင် လေ လို လွင့်ရသာ မျိုးပါလား လို့ ဦးဘော် ဆင်ခြင်မိပါရဲ့ ”
“ မြချစ် က တော့လေ ဦးဘော် ကို ကျေးဇူးရှင် အဖြစ် သတ်မှတ် ပြီးပါပြီ ။ အမေ့ အသက် ကို ဦးဘော် ကယ်လိုက်သာ မှုတ်လား ။ အမေ က သူတော်ကောင်း ကပ္ပိယကြီး ကို အမေ တို့ စော်ကားမိကြပြီ တဲ့ ။ သွား ကန်တော့လိုက် တဲ့ ”
“ ငါ က ခွင့်လွှတ်ပြီးသားပါ ဟာ ။ တခြား ဘယ်သူ့ ကို မှ ဦးဘော် သည်းခံ မှာ မဟုတ်ပေသိ မြချစ် ကို တော့ ဦးဘော် သည်းခံသယ် ။ စိတ် လည်း မဆိုးဘူး ။ ဘာဖြစ်လို့ လည်း ဆိုတော့ ... ”
စံလှဘော် ဘာ စကား ဆက် ရမှန်း မသိဘူး ။ သူ့ စကား ကို သူလည်း ဘယ် စကား ဘယ်ရောက်မှန်း မသိဘူး ။ သည်တုန်း မှာ ပဲ ပိုးဟပ် တစ်ကောင် က စံလှဘော် ကုပ်ပိုး ထဲ တရွရွ ဝင် လာ လေရဲ့ ။
“ ဟ ... မြချစ် ၊ ဟ ... မြချစ် ၊ ပိုးဟပ် ... ပိုးဟပ် ”
စံလှဘော် က ကုပ်ပိုး ထဲ က ပိုးဟပ် ကို ခါ ထုတ် လိုက်တော့ မြချစ် အပေါ် လွင့် သွား ရော ။ မြချစ် က လန့် သွား ပေမယ့် သည်တစ်ခါ တော့ စံလှဘော် ကို ထ မဖက်တော့ပါဘူး ။ ပိုးဟပ် ကို တဘက် နဲ့ ရိုက်ချ ပြီး စံလှဘော် ကျော ကို တစ် ချက် ထု လိုက်တယ် ။ သည်လို ဆိုပြန်တော့ လည်း စံလှဘော် မှာ ကြည်နူးဝမ်းသာ ရှိရပြန်ပါရော ။
ရွှေလှေကျောင်း မှာ တစ်သက် နေရတော့မယ် ထင်ရာ က ခုတော့ မန်ကျည်းစု ကို ရောက် ရပြီ ။ မြချစ် တို့ က တောင်းပန် ကြပြီ ။ သည်ရွာ သည်ကျောင်း မှာ အရိပ် ပြန် ခို ရပြီ ။ မြချစ်မျက်နှာကလေး ကို ခိုး ကြည့်တော့ ကြည့်လို့ လဲ မဝနိုင်ဘူး ။ မဖြစ်နိုင်မှန်း သိပေမယ့် စံလှဘော် မြချစ် ကို မြတ်နိုးတာတော့ အမှန်ပဲ ။ စိတ်ကူး ယဉ် မိတာလည်း အမှန်ပဲ ။ နှစ်ဦး တစ်ဘဝ မဆုံရ တောင် မှ မြချစ် ကို အရိပ် တကြည့်ကြည့် စောင့်ရှောက်ခွင့် ရရင် ကျေနပ်ပြီ ကိုး ။ စံလှဘော် က မြချစ် ရဲ့မျက်နှာ ဝင်းဝင်းကလေး ကို တစ်ချက် လှမ်း ကြည့်တော့ မြချစ် နဲ့ မိ သွားတယ် ။ မြချစ် က ပြုံး ပြ တော့ စံလှဘော် က လည်း ဘာမှန်း မသိ ပြုံးဖြီးဖြီးကြီး လုပ်ပြ လိုက်တယ် ။
မြချစ် ပြန် တော့ စံလှဘော် က ကျောင်း အောက် အထိ ဆင်း ပို့တယ် ။ သရက်ကင်း လှေကား အဆုံး ဖိနပ်ချွတ် ရောက် တော့ မြချစ် က တုန့်ခနဲ ရပ်ပြီး စံလှဘော် ကို မျက်နှာချင်း ဆိုင် လိုက်တယ် ။
“ ဦးဘော် ... မြချစ် အိမ်ထောင် ပြု တော့မယ် ။ မြချစ် ကတော့ မပြုချင် သေး ပါဘူး ဦးဘော် ရယ် ။ အမေ က မိန်းကလေး ဆိုသာ အရွယ် မလင့်ရဘူး တဲ့ ။ ပြီးတော့ မြချစ် ကို ဟိုလူ က ပိုး သည်လူ က ပိုး နဲ့ ဆိုတော့ မတော်တရော် လူ နဲ့ ဝါးလုံး နင်း ဝါးခြမ်း နင်း ဖြစ်မှာ စိုးသတဲ့ ။ မြချစ် လက်ခံ လိုက်ပါသယ် ။ အမေ က လည်း အသက် ရရှာပြီ မဟုတ်လား ”
မြချစ် စကား ကြောင့် စံလှဘော် တုန် သွားရတယ် ။ မြချစ် မျက်နှာ ကို လှမ်း ကြည့်တော့လည်း ခပ်အေးအေး ပါပဲ ။ စံလှဘော် က စကားလုံး ခပ်ထွေးထွေး နဲ့ ပြန် မေးတယ် ။
“ မြချစ် အိမ်ထောင် ပြု တော့မယ် ... ဟုတ်လား ၊ ဘယ်သူနဲ့ တုန်း မြချစ် ၊ ရွာ က လား ”
“ မြို့ က ပဲပွဲစားကလေး နဲ့ ပါ ဦးဘော် ရယ် ။ ဟိုဘက် မိဘတွေ က စကား ကမ်း တော့ အမေ ကလည်း ခွင့်ပြုသယ် ”
“ အေးဟာ ... ကောင်းသာပေါ့ ”
ဒါပါပဲ ။ မြချစ် ပြန် သွားတော့ စံလှဘော် နတ်လမ်း တစ်လျှောက် လိုက် ငေး နေမိတယ် ။ မြချစ် အိမ်ထောင် ပြုတော့ မှာ ပါလား ။ အေးလေ သည်လိုပဲ ဖြစ် ရမှာပေါ့ ။ မြချစ် ရဲ့ အိမ်ထောင်ဖက် ဟာ ကပ္ပိယ တစ်ယောက် ဘယ် ဖြစ်နိုင်ပါ့မလဲ ။ မြချစ် အမေ ပြောသလို မတော်မရော် ထဲ က ဘယ် ဖြစ်နိုင်ပါ့မလဲ ။ မြို့ က ပဲပွဲစား လေးလို သက်တူ ရွယ်တူ တင့်တောင့်တင့်တယ် ထဲ က ပဲ ဖြစ်ရမှာပေါ့ ။ မြချစ် ဝေး သွားတဲ့ အထိ စံလှဘော် ရပ်နေမိတုန်း ။
“ အဖေ ဘာ လုပ်နေသာတုန်း ”
“ မြချစ် ကို ကြည့်နေသာ ၊ အဖေ့ ကို လာ ကန်တော့သာ ကွ ”
“ အဖေ့ ကို ကန်တော့တယ် ဟုတ်လား ”
“ အေးပေါ့ကွ ... ၊ သူတို့ အထင် မှား မိသာ ကို ကန်တော့ပြီး တောင်းပန်သာ ။ အဖေ တို့ ဘဝ က သည်လို ကန်တော့ တောင်းပန် ခံရသာ က ပဲ ဂုဏ်မြင့် လှပါပြီကွာ ။ မတောင်းပန် လည်း ခွင့်လွှတ် ကျေနပ်ကြရမယ့် သူတွေပါ ။ ဘဝ က နေရာ ချပြီးသား ပဲ ငါ့ သား ရ ။ အခုဟာ က တော့ မြချစ် က အဖေ့ ကို အပြီးအပိုင် ကန်တော့ သွား သာပါကွာ ”
စံလှဘော် မျက်နှာ ညိုမှိုင်းမှိုင်း ကို ကြည့်ရင်း ကောက်ဆွ က နား မလည်နိုင် ဘူး ။ အပြီးအပိုင် ကန်တော့တယ် ဆိုတာ ဘာ ပြောမှန်း မသိပေမယ့် အဖေ ဝမ်းနည်း နေ မှန်း တော့ ကောက်ဆွ အသိသား ။ စံလှဘော် မျက်လုံး မှာ တစ်ခါမှ မသီခဲ့ ဖူး တဲ့ မျက်ရည်တွေ ဝေ့လို့ လေ ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment